အပိုင်း ၅
ကျွန်မ ကျွန်မလက်ကို ဆန့်တန်းပြီး သူမရဲ့လက်ကောက်ဝတ်သေးသေးလေးကို ဆုပ်ကိုင်လိုက်တယ်။ အရမ်းပိန်နေလိုက်တာ။
မိခင်မရှိတဲ့ကလေးလေး ထမင်း ဝဝလင်လင် မစားရနိုင်ဖြစ်နိုင်လား?
ကျွန်မ သူမကို ပြုံးပြပြီး မီးဖိုခန်းဆီသို့ ညွှန်ပြလိုက်တယ်။ ဆိုလိုတာကတော့ ကျွန်မနဲ့အတူတူ လိုက်ခဲ့ပေါ့။
မီးဖိုချောင်က နေရာတိုင်းမှာ အိုးတွေ၊ ပန်းကန်တွေ၊ အိုးတွေနဲ့ ရှုပ်ပွနေတယ်။ အလျင်စလို သန့်ရှင်းရေး လုပ်ထားပုံပဲ။
ရွာသားတွေ မနေ့ညက လာကူညီပေးသွားတာ ဖြစ်နိုင်တယ်။ တစ်ချို့ အိုးတွေ၊ ပန်းကန်တွေ၊ ခုံတွေနဲ့ စားပွဲတွေကတော့ ငှားထားတာ ဖြစ်နိုင်တယ်။ ခြံထောင့်မှာ ရှိနေတဲ့ မီးဖိုကလည်း အသစ်ဆောက်ထားမှန်း သိသားလွန်းတယ်။
အိုးကြီးထဲမှာ ရေနွေးတွေ ရှိနေပြီး အိုးသေးသေးလေးထဲမှာ ဟင်းသီးဟင်းရွက် လက်ကျန်ပန်းကန်လုံးတစ်လုံးနဲ့ မုန့်ပေါင်းဖြူဖြူတစ်လုံးကို ပြန်နွေးထားတယ်။
ရှို့အာက ပန်းကန်လုံးတစ်လုံးကို ကောက်ယူပြီး အိုးကြီးထဲက ရေနွေးကို လှမ်းခပ်နေတယ်။ သူမက အရမ်းသေးငယ်တာကြောင့် မီးဖိုလောက်တောင် အရပ်မမြင့်သေးဘူး။
ကျွန်မ မျက်နှာသစ်ဖို့ တံစက်မြိတ်အောက်မှာ ငုတ်တုတ်ထိုင်လိုက်တယ်။ မျက်နှာသစ်ပြီးတဲ့နောက်တော့ ကျန်နေတဲ့ အသီးအရွက်တွေနဲ့ အိုးထဲက မုန့်ပေါင်းကို လှမ်းယူလိုက်တယ်။
"ရှို့အာ တစ်ဝက်၊ ငါ့အတွက် တစ်ဝက်"
ကျွန်မ မုန့်ပေါင်းကို တစ်ဝက်ခွဲပြီး တစ်ပိုင်းကို ရှို့အာအတွက် လှမ်းပေးလိုက်တယ်။ သူမက သူမရဲ့ခေါင်းနဲ့ လက်ကို ခါယမ်းနေပြီး မယူဖို့ ငြင်းနေတာကြောင့် ကျွန်မ မုန့်ပေါင်းကို သူမပါးစပ်ထဲ ထိုးထည့်ပေးလိုက်ပြီး သူမ လက်ထဲကို တူတစ်စုံပါထည့်ပေးလိုက်တယ်။
ဟင်းသီးဟင်းရွက်ဟင်းက မနေ့ကမှ ချက်ထားတဲ့ အကျန်ဖြစ်လောက်ပြီး အထဲမှာ အသားအရသာ နည်းနည်း ရှိပေမယ့် အသားကတော့ တစ်ပိုင်းတစ်လေတောင် မတွေ့ရတော့ဘူး။
ရွာက လူတွေခမျာ တစ်နှစ်ကို အကြိမ်ရေနည်းနည်းလောက်ပဲ အသားစားခွင့် ရကြတယ်။ အဲ့ဒါကြောင့် ပျော်ပွဲရွှင်ပွဲတွေ ရှိတဲ့အခါ စားပွဲပေါ်မှာ တွေ့တဲ့ အသားကို သေးသေးကြီးကြီး ချက်ချင်း ကောက်ယူကြတယ်။ မဟုတ်ရင် ရွေးနေတုန်းတောင် ကုန်သွားနိုင်သေးတယ်။
ရှို့အာက သူမအတွက် ကျွန်မပေးထားတဲ့ မုန့်ပေါင်းတစ်ဝက်ကို တိတ်တဆိတ် စားနေပေမယ့် အသီးအရွက်ဟင်းကို ထိတောင် မထိဘူး။
သူမက ကျွန်မကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေခဲ့တယ်။
ကျွန်မ ပြောတဲ့အခါ သူမက ကျွန်မအသံကို မကြားနိုင်သလို ကျွန်မကလည်း သူမရဲ့အမူအရာတွေကို နားမလည်နိုင်ဘူး။
ဒါပေမယ့် သူမက အရမ်းထက်မြက်ပုံရတယ်။ ကျွန်မရဲ့ ကြုံရာကျပန်း လက်ဟန်အမူအရာနဲ့ လှုပ်ရှားမှုတွေကို ကြည့်ရုံနဲ့ ကျွန်မ ဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို သူမ သိနိုင်ပုံပဲ။
ကျွန်မ ရေနွေးကျိုဖို့ လိုတဲ့အခါ သူမက ထင်းကောက်ထားပြီးပြီ။ ကျွန်မ ပန်းကန်တွေကို သစ်သားဇလုံထဲ ထည့်လိုက်တဲ့အချိန်မှာ သူမက ရေနွေးလောင်းထည့်ပြီးပြီ။ ကျွန်မ ဆေးကြောတာပြီးသွားတာနဲ့ သူမက ရေနွေးထပ်ကျိုနေပြီ။
အရင်က ဒီလိုအကြိမ်ပေါင်း မရေမတွက်နိုင်အောင် လုပ်ခဲ့သလိုမျိုး သူမက ကျွန်မကို ချောချောမွေ့မွေ့ ကူညီပေးနေခဲ့တယ်။
ကျွန်မ ပန်းကန်တွေနဲ့ တူတွေ အားလုံးကို ဆေးကြောလိုက်ပြီး ရှို့အာနဲ့အတူ ခြံထဲက စားပွဲတွေ၊ ကုလားထိုင်တွေနဲ့ ခုံတန်းတွေကို နှစ်ကြိမ်လောက် လိုက်သုတ်နေခဲ့တယ်။
မီးဖိုချောင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်ဆင်ပြီးတဲ့အချိန်မှာ နေမင်းကြီးက ကောင်းကင်မှာ တော်တော်တောင် မြင့်နေပြီ။
စုန့်ချွမ်နဲ့ တာ့လန် ဘယ်ရောက်သွားလဲ ကျွန်မ မသိသလို ကျွန်မမှာ သူတို့ကို ရှာဖို့ နည်းလမ်းလည်း မရှိဘူး။ ရှို့အာက လက်ဟန်ခြေဟန်နဲ့ ရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်မက သူမလောက် ဉာဏ်မမီတော့ သူမ ပြောချင်တာကို နားမလည်နိုင်ခဲ့ဘူး။
ကျွန်မ ဆန်နဲ့ ဂျုံမှုန့်တွေ ထည့်တဲ့ အိုးတွေကို လိုက်စစ်ကြည့်တော့ ဂျုံမှုန့်ဖြူပန်းကန်နှစ်လုံးစာပဲ ကျန်နေတာကို တွေ့လိုက်ရတယ်။ ဒါက ခေါက်ဆွဲတစ်နပ်စာအတွက်တော့ လုံလောက်နိုင်သေးတယ်။
"ခေါက်ဆွဲစားမလား?"
ကျွန်မ ဂျုံမှုန့်အိုးကို ညွှန်ပြပြီး ခေါက်ဆွဲလှုပ်သလိုမျိုး လက်ကို လှုပ်ရှား ပြလိုက်တယ်။ ရှို့အာက ချက်ချင်း သဘောပေါက်ပြီး ခေါင်းညိတ်ပြလာတယ်။
ကျွန်မ ဂျုံနယ်ပြီး ခေါက်ဆွဲလှိမ့်နေတုန်းမှာ ရှို့အာက မီးပျိုးနေခဲ့တယ်။
နောက်တော့ သူမက သစ်သားထိုင်ခုံလေးပေါ်မှာ ထိုင်ရင်း သူမရဲ့မေးစေ့ကို လက်နှစ်ဖက်နဲ့ ထောက်ထားတယ်။ ပြီးတော့ ကြယ်လေးတွေလို တောက်ပတဲ့ မျက်လုံးလေးတွေနဲ့ ကျွန်မကို ကြည့်နေပြန်တယ်။
နောက်နောင်မှာ ဒီလိုကလေးလေးက ကျွန်မနဲ့အတူ အချိန်အကြာကြီးနေထိုင်ရမှာကို မပြောရင်တောင် သူမရဲ့အကြည့်နဲ့တင် လူတွေရဲ့နှလုံးသားကို ပျော့ပျောင်းစေနိုင်တယ်။
"ဗိုက်ဆာနေပြီလား?"
ကျွန်မ သူမ မကြားနိုင်တာကို မေ့နေပြီး အပြုံးနဲ့ မေးလိုက်မိပြန်တယ်။
သူမကတော့ နားလည်ပုံပေါက်ပြီး ခေါင်းခါပြလာတယ်။
ရှို့အာ သူမရဲ့ခေါင်းကို လှုပ်ခါလိုက်တိုင်း သူမ ခေါင်းပေါ်က ဆံချည်မျှင်လေးတွေ ပြန့်ကျဲကျလာတတ်တယ်။
ခေါက်ဆွဲ လှိမ့်ပြီးတော့ ကျွန်မ သူမရဲ့ဆံပင်ကို ဖြီးပေးဖို့ သူမကို အထဲ ပြန်ခေါ်သွားလိုက်တယ်။
သူမရဲ့ခေါင်းပေါ်မှာ ခေါင်းစည်းကွင်းက အနီရောင်အ၀တ်စလေးတစ်စဖြစ်နေပြီး အနားစွန်းတွေတောင် စုတ်ပြဲနေပြီ။
ကျွန်မ ကျွန်မရဲ့အနီရောင် ယွန်းသေတ္တာကို မွှေနှောက်လိုက်တော့ ကျွန်မ မင်္ဂလာမဆောင်ခင်က ကျွန်မအမေ ကျွန်မအတွက် ဝယ်ပေးခဲ့တဲ့ အနီရောင် ခေါင်းစည်းကွင်း နှစ်ခုကို ရှာတွေ့ခဲ့တယ်။
"ရှို့အာ.... မင်း ဒါလေးတွေကို ကြိုက်လား?"
ကလေးမလေးက သူမရဲ့နှုတ်ခမ်းလေးတွေကို ဖွဖွလေးဖိထားရင်း ခေါင်းခါပြနေပေမယ့် သူမရဲ့မျက်လုံးလေးတွေက သူမ ဒီခေါင်းစည်းကွင်းလေးတွေကို အရမ်းသဘောကျကြောင်း ရှင်းရှင်းလင်းလင်း ပြသနေတယ်။
ကျွန်မ ရှို့အာရဲ့ အဝါရောင်သန်းနေတဲ့ ဆံပင်လေးတွေကို စုစည်းချည်နှောင်လိုက်ပြီး သူမအတွက် ကျစ်ဆံမြီးလေး ကျစ်ပေးလိုက်တယ်။
ပြီးသွားတဲ့အခါမှာတော့ ကျွန်မ သူမကို မှန်ကြည့်ခွင့်ပေးလိုက်တယ်။ သူမက မှန်ထဲမှာ ရောင်ပြန်ဟပ်နေတဲ့ သူမရဲ့မျက်နှာလေးကို အထပ်ထပ်အခါခါ စိုက်ကြည့်နေတယ်။
နောက်တော့ သူမ ပြုံးလာတယ်။ ပြီးတော့ သူမ ငိုနေပြန်တယ်။
စကားမပြောနိုင်တဲ့ ကလေးမလေးက ငိုတာတောင် အသံမထွက်နိုင်ဘဲ မျက်ရည်တွေဘဲ ကျနေရင်း တိတ်တဆိတ် ငိုနေရှာတယ်။ တကယ်တော့ အဲ့ဒါက မြင်ရတဲ့သူကို ပိုပြီး ရင်ကွဲစေတယ်။
နောက်ဆုံးတော့ ကျွန်မ မနေနိုင်တော့ဘဲ ရှို့အာကို ကျွန်မရင်ခွင်ထဲ ဆွဲသွင်းထားလိုက်မိတယ်။
ကျွန်မ နားလည်တယ်။
အားလုံးကို နားလည်ပေးနိုင်တယ်။
အချစ်ခံချင်တဲ့စိတ် ရှိတဲ့အပြင် ဆုံးရှုံးရမှာကိုလည်း ကြောက်တော့ သတိကြီးကြီး ထားနေခဲ့တယ်။ ဒါပေမယ့် ချစ်ခြင်းကို ရုတ်တရက် လက်ခံလိုက်ရတော့ ခံစားချက်တွေက လွှမ်းမိုးသွားပြီး မထိန်းနိုင်တော့ဘူး။
"ရှို့အာ၊ မငိုပါနဲ့။ နောင်မှာ ငါ မင်းကို ဈေးထဲခေါ်သွားပေးမယ်၊ မင်း လိုချင်တဲ့ ဆံပင်စည်းကွင်းလေးတွေလည်း အကုန်ဝယ်ပေးမယ်..."
သူမ မကြားနိုင်မှန်း သိပေမယ့် ကျွန်မ အဲ့စကားလုံးတွေကို မပြောဘဲ မနေနိုင်ခဲ့ဘူး။
“အာ့နျန်းက မင်းအတွက် ဝယ်ပေးမယ်”
(T/n: အာ့နျန်း- ဒုတိယအမေ)
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟