Chapter 20
Viewers 4k

👱‍♀️Chapter 20



 

ဘုရားပွဲနေ့ မနက်တွင် လီမော့တို့အဖွဲ့သည် လင်းကြက်မတွန်မီ အမှောင်အတွင်း၌ ထပြီး အိမ်နီးချင်းရွာကို ထွက်လာခဲ့လိုက်သည်။ ကလေးနှစ်ယောက်ကမူ လူကြီးများ၏ လက်ထဲတွင် ပွေ့ချီခံရပြီး အိပ်ပျော်နေ၏။

 

သူတို့၏ အိမ်နီးချင်းရွာက သကြားလောင်းထားသော အသီးချောင်း ရောင်းသောသူ၏အိမ်ကို အမြန်သွားကြသည့်အခါ လင်းကြက်တွန်သံ ကြားရုံသာ ရှိသေးသည်။ သို့သော် မှောင်နေတုန်းပင် ဖြစ်သည်။ ထို့ကြောင့် သူတို့က နွားလှည်းပေါ်တက်ထိုင်ပြီး ဖာဟွာတောင်ဘက်သို့ ထွက်လာခဲ့ကြသည်။

 

သူတို့ ဖာဟွာတောင်ကို ရောက်သည့်အချိန်တွင် မိုးလင်းကာစသာ ရှိသေးသည်။ ထိုအချိန်တွင် ဈေးဆိုင်တော်တော်များများက ရောက်နှင့်နေပြီဖြစ်သည်။ လူတိုင်းက သူတို့ကုန်ပစ္စည်းများကို ချရန် သင့်တော်သော နေရာကို ရှာနေကြသည်။

 

လီမော့က လှည်းပိုင်ရှင်မိသားစုကို ၁၀ ဝမ် ပေးပြီး နေရာကောင်းတစ်ခု အမြန်ရှာကာ အိမ်ကယူလာသော အဝတ်စတစ်ထည်ကို မြေပေါ်တွင် ဖြန့်ခင်းလိုက်သည်။ သူမက ရေမွှေးဆီများကို အဝတ်စပေါ်တွင် သပ်သပ်ရပ်ရပ် တင်လိုက်ပြီး ရှေ့တွင် ဘူးနှစ်ဘူးကို ဖွင့်ထားလိုက်သည်။ ရေမွှေးဆီကို ဖြတ်သွားဖြတ်လာသူများ မြင်နိုင်အောင် ပြထားသည်။

 

ထိုအချိန်တွင် မေ့ကျီက လီမော့ကို မေးသည်။

"ယောက်မ… ဒီရေမွှေးဆီကို ဘယ်လောက်နဲ့ ရောင်းမှာလဲ…"

 

လီမော့က ခဏစဉ်းစားလိုက်သည်။ ပုံမှန်အားဖြင့် ဘုရားပွဲက ပစ္စည်းများက သာမာန်အချိန်များထက် ဈေးပိုကြီးတတ်သည်။ ပုံမှန် သူမ၏ ရေမွှေးဆီက တစ်ဘူး ငါးဝမ်သာ ဖြစ်သည်။

 

"ဒီနေ့ တစ်ဘူးကို ရှစ်ဝမ်နဲ့ ရောင်းကြစို့…"

 

မေ့ကျီက တစ်ဘူး ရှစ်ဝမ်ဆိုသည်က အလွန်ဈေးပေါလွန်းသည်ဟု ထင်သည်။ 

"ယောက်မ… မြို့ထဲမှာ ကျွန်မတွေ့ဖူးတဲ့ဟာတွေဆို အနည်းဆုံး တစ်ဘူး ၁၅ ဝမ်လောက်ရှိတယ်… ဘူးကလည်း သေးသေးလေး… ကျွန်မတို့ဟာက ပိုကြီးတယ်… ရှစ်ဝမ်နဲ့ ရောင်းတာက အရမ်းဈေးပေါလွန်းတယ်…"

 

လီမော့က ပြုံးလိုက်ပြီး ပြောသည်။

"ကျွန်မက တခြားသူတွေနဲ့ ဈေးနှုန်း မယှဉ်ဘူး… ကျွန်မက ဈေးပေါပြီး တန်တဲ့ လမ်းကြောင်းကိုပဲ သွားချင်တာ… ပုံမှန်အားဖြင့် အလှကုန်ဆိုင်က ရေမွှေးဆီကို မတတ်နိုင်တဲ့သူတွေ ဒါမှမဟုတ် ဝယ်ဖို့ဆန္ဒမရှိတဲ့သူတွေကို ရောင်းချင်တာ… ဒီလူတွေက ရေမွှေးဆီ မကြိုက်တာမဟုတ်ဘူး… သူတို့က ဝယ်ဖို့ လက်တွန့်နေတာ… ကျွန်မက ဈေးပေါပေါနဲ့ အရေအတွက်များများ ရောင်းရင် ဒီလူတွေက သေချာပေါက် ဝယ်ချင်ကြမှာပဲ…"

 

မေ့ကျီက စဉ်းစားကြည့်သည့်အခါ သူမ ယောက်မ၏ အပြောက မှန်သည်ဟု ထင်လိုက်သည်။ ရေမွှေးဆီ ဘူးအကြီးကြီးကို ပုံမှန်ဈေး၏ ထက်ဝက်လောက်နှင့် ရခြင်း ဖြစ်သဖြင့် သူတို့က ဈေးတန်သောပစ္စည်းနှင့် ကြုံရသည်ဟု ခံစားရမည်က သေချာသည်။ ထို့ကြောင့် ဘူးတစ်ဘူး အမြန်ဝယ်ပြီး သိမ်းထားကြလိမ့်မည် ဖြစ်သည်။ မဟုတ်လျှင် နောက်တစ်ကြိမ် ယခုလောက်ဈေးပေါသော ရေမွှေးဆီကို ဝယ်လို့ရမည်လားဆိုသည်က အတတ်မပြောနိုင်တော့ပေ။

 

ယခုလိုတွေးမိသည့်အခါ မေ့ကျီက ရုတ်တရက် သူမ၏ ‌ယောက်မကို လေးစားသွားလေသည်။ သူမ၏ ယောက်မက စီးပွားရေးတွင် အလွန်တော်သူဖြစ်ပြီး ဈေးကွက်ဦးနှောက်ကို ပိုင်ဆိုင်ထားသည်။ 

 

ဤနေရာကိုလာစဉ်ကတည်းက လီမော့က နောက်ပိုင်း အလုပ်ခွဲဝေမှုအကြောင်းကို စဉ်းစားပြီးသား ဖြစ်သည်။ နောက်ပိုင်းတွင် သူမက ဧည့်သည်များကို ရေမွှေးဆီများအကြောင်း မိတ်ဆက်ခြင်းနှင့် အကြံပြုခြင်းကို တာဝန်ယူမည်။

 

မေ့ကျီက ပစ္စည်းယူပေးခြင်းနှင့် ပိုက်ဆံသိမ်းခြင်းကို လုပ်မည်။ တရှန်က ဘေးမှ ပစ္စည်းများကို သူခိုး အခွင့်အရေးယူခြင်းမျိုး မဖြစ်ရ‌စေရန် စောင့်ကြည့်မည်။ ကလေးနှစ်ယောက်ကိုမူ ယနေ့ ထျဲကျီကို တာဝန်ပေးထားမည်။

 

အားလုံးက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကြပြီး ဤအစီအစဉ်အပေါ် သဘောထားကွဲလွဲကြခြင်း မရှိချေ။

 

မကြာမီ ကောင်းကင်က လုံးဝ လင်းသွားပြီ ဖြစ်သည်။ ဤအချိန်တွင် ဘုရားပွဲကိုလာကြသောသူများက တစ်ယောက်ပြီးတစ်ယောက် ရောက်နှင့်နေပြီ ဖြစ်သည်။ တချို့လူများက တောင်ပေါ်ကို တတ်နိုင်သမျှ စောစောသွားလိုကြသဖြင့် လမ်းဘေးက ဈေးဆိုင်များကို ဂရုမစိုက်ဘဲ အမြန်လျှောက်သွားကြသည်။ အချို့လူများကမူ ဘုရားပွဲ လျှောက်ပတ်ကြည့်ချင်ရုံသက်သက် ဖြစ်သဖြင့် တောင်ပေါ်ကို အသည်းအသန် မတက်ဘဲ လမ်းလျှောက်ရင်း လည်ပတ်ကြသည်။ စိတ်ဝင်စားသောဆိုင်များတွင် ရပ်ပြီး ကြည့်ကြသည်။

 

ဈေးသည်များက ဤအချိန်တွင် စပြီး အော်ဟစ်ရောင်းနေကြပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးက ခဏအတွင်း၌ ဆူညံပွက်လောရိုက်ပြီး စည်ကားနေကြသည်။

 

မေ့ကျီက အနီးအနားက အကျယ်ကြီး အော်ဟစ်ရောင်းနေသည့် ဈေးသည်များကို ကြည့်ပြီး စိတ်ပူလာသည်။ သူမက လီမော့ကို လှမ်းကြည့်ပြီး ပြောသည်။

"ယောက်မ… လူတိုင်း အော်နေကြပြီ… ကျွန်မတို့ မအော်ရင် ဝယ်သူတွေ လာမှာမဟုတ်ဘူး… ကျွန်မတို့လည်း အော်ကြရအောင်…"

 

လီမော့က စဉ်းစားလိုက်သည်။ 

တခြား ဈေးသည်တွေလိုပဲပေါ့… 


သူတို့ လေးယောက်ကလည်း အော်ဟစ်လိုက်ကြသည်။ သူတို့က ဤအတိုင်း ရပ်နေလျှင် ထူးဆန်းနေလောက်မည် ဖြစ်သည်။ ထို့ကြောင့် သူတို့ကလည်း အော်ဟစ်နေသော ဈေးသည်များထံက သင်ယူပြီး အော်လိုက်သည်။


"ရေမွှေးဆီ ရောင်းတယ်ဗျို့… ဈေးပေါပြီး တန်တဲ့ ရေမွှေးဆီ… တစ်ဘူး ရှစ်ဝမ်တည်းပဲဗျို့…"

 

မေ့ကျီက သူမ ယောက်မ အော်သည်ကို တွေ့သည့်အခါ လီမော့ နောက်မှ လိုက်အော်သည်။

 

ပြောရမည်ဆိုလျှင် ဤအော်သံကြောင့် လူတော်တော်များများ၏ အာရုံစိုက်မှုကို ရလိုက်သည်။ ရေမွှေးဆီအကြောင်း ကြားသည့်အခါ လူများက ယနေ့ ရေမွှေးဆီက မည်မျှ ဈေးကြီးကြီးနှင့် ရောင်းမည်ကို သိလိုကြသည်။ လိုက်ကြည့်သူများက တစ်ဘူး ရှစ်ဝမ်သာ ဖြစ်ကြောင်း ကြားသည့်အခါ ရှစ်ဝမ်က သာမန်လူများအတွက် နည်း‌သောပမာဏ မဟုတ်သော်လည်း ဝမ်ဆယ်ဂဏန်း ရှိသော ရေမွှေးဆီဘူးများနှင့် ယှဉ်လျှင် ဤရှစ်ဝမ်က အလွန်နည်းလွန်းသည်။ ထို့ကြောင့် ကြားသောသူများက စိတ်ဝင်စားပြီး လီမော့၏ ဆိုင်ထံသို့ လာကြသည်။

 

ဆိုင်ကို ပထမဆုံး ရောက်လာသူများက သားအမိတစ်တွဲ ဖြစ်သည်။ အမေက အသက်သုံးဆယ်ကျော်၊ သမီးက ဆယ်ကျော်သက်အရွယ် ဖြစ်ပြီး ဤခေတ်တွင် အိမ်ထောင်ပြုသင့်သောအရွယ် ဖြစ်သည်။ သားအမိနှစ်ယောက်က ရှေ့ကိုရောက်လာပြီး ရေမွှေးဆီကို ကြည့်ကြသည်။ ပါဝင်ပစ္စည်းများကို ကြည့်ပြီး အံ့ဩသွားကြသည်။ အမေဖြစ်သူက ဈေးနှုန်းကို သေချာအောင် မေးလိုက်သည်။

"ဒီရေမွှေးဆီက တကယ် တစ်ဘူး ရှစ်ဝမ်လား…"

 

လီမော့က ပြုံးပြီး ခေါင်းညိတ်ပြသည်။

"အစ်မ… ကျွန်မ ရေမွှေးဆီက တစ်ဘူး ရှစ်ဝမ်တည်းပါပဲ…"

 

အမျိုးသမီးက သံသယဝင်သွားသည်။

ဒီရေမွှေးဆီမှာ တစ်ခုခု ချို့ယွင်းနေလို့လား… မဟုတ်ရင် ဘာလို့ ဒီလောက်ဈေးပေါရတာလဲ…

 

အမျိုးသမီး၏ တုံ့ဆိုင်းမှုကို မြင်သည့်အခါ လီမော့က ရှေ့တစ်လှမ်းတိုးပြီး နှင်းဆီရနံ့ ရေမွှေးဆီဘူးကို ကောက်ကိုင်ပြီး ဖွင့်ပြလိုက်ကာ ပြောလိုက်သည်။ 

"အစ်မ… ဒါက ကျွန်မရဲ့ လျှို့ဝှက်နည်းနဲ့ လုပ်ထားတာပါ… အရည်အသွေးက ပထမတန်းစားပါ… ဈေးပေါပေါနဲ့ ရောင်းတာက အမြတ်နည်းနည်းပဲ ယူပြီး ရောင်းတာပါ… အစ်မ စိတ်ပူစရာမလိုပါဘူး… အရင်ဆုံး စမ်းကြည့်လို့ရပါတယ်… လာပါ… အစ်မကြီး၊ လက်ကောက်ဝတ်လေး ပေးပါဦး… ကျွန်မ စမ်းပေးမယ်…"

 

အမျိုးသမီးက စမ်းကြည့်လိုသောကြောင့် အလျင်အမြန် လက်ကောက်ဝတ်ကို ထုတ်ပေးလိုက်သည်။ လီမော့က လက်ညှိုးနှင့် ရေမွှေးဆီ အနည်းငယ်ယူပြီး အမျိုးသမီး၏ လက်ကောက်ဝတ်ပေါ်တွင် ညင်သာစွာ သုတ်လိမ်းပေးလိုက်သည်။

 

"အစ်မ… နမ်းကြည့်လိုက်ပါ… ပတ်ဝန်းကျင်က လူတွေကိုလည်း နမ်းခိုင်းကြည့်… မွှေးမမွှေး ကြည့်လိုက်ပါ…"

 

အမျိုးသမီးက ချက်ချင်း သူမ၏ လက်ကို နှာခေါင်းရှေ့ ကပ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် မွှေးပျံ့သော ရနံ့တစ်ခုက သူမ၏ နှာခေါင်းအတွင်းသို့ ဝင်လာသည်။ ရနံ့က အလွန်သာယာပြီး လူကို သက်တောင့်သက်သာ ဖြစ်စေသည်။

 

အမျိုးသမီး၏ သမီးကလည်း နမ်းကြည့်ပြီး သူမ မျက်လုံးများက ချက်ချင်း အရောင်လင်းလက်သွားသည်။ 

"အမေ… သမီး အနားကပ်စရာမလိုဘဲ အနံ့ရတယ်… အမေ့ တစ်ကိုယ်လုံး မွှေးနေတာပဲ…"

 

လီမော့က အချိန်ကိုက် စကားတစ်ခွန်းကို ထပ်ဖြည့်လိုက်သည်။

"အစ်မ… ဒီရနံ့က ခဏလေးတင် မဟုတ်ဘူး… တစ်နေကုန် ခံတယ်… လက်ကောက်ဝတ် ဒါမှမဟုတ် လည်ပင်းမှာ နည်းနည်းလေး လိမ်းထားရုံနဲ့ ရနံ့က တစ်နေကုန် ခံတယ်… ဒီလိုဘူးမျိုးက နေ့တိုင်း နည်းနည်းစီ လိမ်းရင်တောင် သုံးလလောက် အသုံးခံတယ်… ဒီလိုဘူးမျိုးကို ကျွန်မက ၈ ဝမ်နဲ့ပဲ ရောင်းတာ… ဒီထက် ပိုတန်တာ မရှိတော့ဘူး… ကျွန်မ ဒီမှာ သုံးရက်ပဲ ရောင်းမှာ… ပြီးရင် ဒီမှာ မရောင်းတော့ဘူး…"

 

အစ်မကြီးက ထိုစကားကို ကြားလိုက်သည့်အခါ သူမက လုံးဝ စိတ်ပါသွားပြီး ချက်ချင်း ၈ ဝမ် ထုတ်ကာ တစ်ဘူး ဝယ်လိုက်သည်။

 

လီမော့က လှည့်ပြီး မေ့ကျီကို အမျိုးသမီးအတွက် တစ်ဘူးယူပေးပြီး ရှစ်ဝမ် လက်ခံလိုက်ရန် ပြောလိုက်သည်။

 

လီမော့ စကားပြောနေချိန်တွင် လူတော်တော်များများက ဝိုင်းကြည့်နေကြသည်။ လူတိုင်းက လီမော့ ယခုနက ပြောသည်များကို ကြားလိုက်ရသည်။ အမျိုးသမီးထံက ရနံ့ကိုလည်း ပတ်ဝန်းကျင်က လူများက ရကြ၏။ ယခု လူတော်တော်များများကလည်း ရေမွှေးဆီဝယ်ရန် တိုးဝှေ့လာကြလေသည်။

 

လီမော့က ပတ်ဝန်းကျင်က လူများကို ချက်ချင်း ပြောလိုက်သည်။

"ကျွန်မဆီမှာ ရေမွှေးဆီ ရနံ့နှစ်မျိုး ရှိပါတယ်… တစ်မျိုးက နှင်းဆီရနံ့ နဲ့ နောက်တစ်မျိုးက ဂန္ဓမာရနံ့ ပါ… အစ်မကြီး ခုနက လိမ်းသွားတာ နှင်းဆီရနံ့ပါ… အနံ့ကို နမ်းကြည့်လို့ရပါတယ်… ဘယ်သူ ဂန္ဓမာရနံ့ ရေမွှေးဆီကို စမ်းသုံးကြည့်ချင်လဲ… ကျွန်မ အလကား စမ်းသုံးကြည့်ခွင့် ပေးပါ့မယ်… ပြီးတော့မှ ဝယ်ချင်တဲ့ ရနံ့ကို ရွေးချယ်လို့ရပါတယ်…"

 

ဤသို့ပြောလိုက်သည်နှင့် အနီးအနားက အမျိုးသမီးငယ်လေးများအားလုံးက စမ်းကြည့်ချင်ကြပြီး ရှေ့တိုးလာကြသည်။

 

လီမော့က စိတ်ရှည်ရှည်နှင့် စမ်းကြည့်လိုသော အမျိုးသမီးများကို တစ်ယောက်ချင်းစီ ရေမွှေးဆီ လိမ်းပေးလိုက်သည်။

 

သူတို့၏ လက်ကောက်ဝတ်များပေါ် လိမ်းပြီးသည့်နောက်တွင် စမ်းကြည့်‌သောသူများက ရနံ့ကို အလွန်ကျေနပ်ကြပြီး ရှစ်ဝမ်ပေးကာ တစ်ဘူးစီ ယူသွားကြသည်။ အချို့က နှင်းဆီပန်းရနံ့ ကြိုက်သောကြောင့် နှင်းဆီရနံ့ ဝယ်သွားကြပြီး၊ အချို့က ဂန္ဓမာရနံ့ ကြိုက်သောကြောင့် ဂန္ဓမာရနံ့ တစ်ဘူး ဝယ်သွားကြသည်။ အချို့က နှစ်မျိုးလုံးကြိုက်ကြပြီး ပိုက်ဆံတတ်နိုင်သူများက တစ်မျိုးကို တစ်ဘူးစီ ဝယ်သွားကြသည်။


 

ဘုရားပွဲနှင့် ကြုံတောင့်ကြုံခိုက်ခြင်းကြောင့်လေလား ဘုရားပွဲ၏ အငွေ့အသက်က လူများကို လွှမ်းမိုး၍လား မသိပေ။ ယနေ့လာသောသူများက သူတို့ မိသားစုဝင်များအတွက် တစ်ခုခုဝယ်ရာတွင် ပိုက်ဆံသုံးရန် ဝန်မလေးကြပေ။ ထို့ကြောင့် ရေမွှေးဆီ ဝယ်ချင်သောလူမျာ၊က ခဏအတွင်း မပြတ်မလပ် ရှိနေလေသည်။

 

သူတို့အားလုံး အလုပ်ရှုပ်နေလေသည်။ မေ့ကျီက ပိုက်ဆံသိမ်း၊ ရေမွှေးဆီဘူး ပေးရသည်။ ပြထားသော ရေမွှေးဆီများ နည်းလာသည်နှင့် စုန့်တရှန်က တောင်းအတွင်းမှ ချက်ချင်း ထပ်ယူဖြည့်သည်။ လီမော့ကမူ မေးမြန်းရန် လာသောသူများကို မိတ်ဆက်ပေးလိုက်၊ စမ်းလိမ်းပေးလိုက်နှင့် လုပ်နေရသည်။

 

နေ့လည်ခင်းရောက်သည့်အခါ ဆိုင်တွင် လူအနည်းငယ် ပါးသွားပေပြီ။ အချို့က သူတို့ ယူလာသော အခြောက်အခြမ်း အစားအစာများကို စားရန် နေရာရှာကြသည်။ အချို့ကမူ အစားအသောက်ဆိုင်တန်းများထံ သွားပြီး တစ်ခုခု စားကြသည်။ ဤအချိန်က အစားအသောက်ဆိုင်တန်းများ အလုပ်အရှုပ်ဆုံးအချိန်ပင်။ လီမော့တို့ကလည်း နောက်ဆုံးတွင် အသက်ရှူချောင်သွားသည်။

 

စုန့်တရှန်က တောင်းအတွင်းက ယူလာသော ရေဘူးကို ထုတ်လိုက်သည်။ လူအချို့က ရေအနည်းငယ်စီ သောက်လိုက်ကြသည်။ မနက်ခင်းတစ်ခုလုံး အလုပ်များပြီးနောက် ပါးစပ်များက အမှန်တကယ် ခြောက်ကပ်နေပြီး ဗိုက်ဆာနေကြပြီ ဖြစ်သည်။

 

ကလေးငယ်နှစ်ယောက်က စောစောကတည်းက ဗိုက်ဆာနေလေပြီ။ လီမော့က ပိုက်ဆံယူပြီး ထျဲကျီကို သူတို့အတွက် အစားအသောက်တစ်ခုခု ဝယ်ကျွေးရန် ခိုင်းလိုက်သည်။ သူတို့နှစ်ယောက်က စားရ၍ အလွန်ပျော်နေကြသည်။ လူကြီးလေးယောက်ကမူ အလုပ်များပြီး ယခုထိ ဝမ်းဗလာနှင့် အလုပ်လုပ်နေကြရတုန်းပင်။

 

လီမော့က မေ့ကျီကို ဆိုင်စောင့်ခိုင်းလိုက်သည်။ သူမက အစားအသောက်ဆိုင်တန်းကို သွားပြီး အသားမုန့် အနည်းငယ်နှင့် အသားပေါက်စီ အနည်းငယ်ကို ဝယ်လာခဲ့သည်။ တစ်ယောက်ကို အသားမုန့်နှစ်ခုနှင့် အသားပေါက်စီနှစ်လုံးပေးလိုက်ပြီး သူတို့ ဆိုင်ရှေ့မှာပင် ထိုင်ချပြီး စားကြသောက်လိုက်ကြသည်။ ရေအနည်းငယ်နှင့် သူတို့က ဗိုက်ပြည့်သွားပြီး တစ်ကိုယ်လုံးက သက်တောင့်သက်သာ ဖြစ်သွားလေသည်။

 

စားပြီးချိန်တွင် ဆိုင်၌ ခဏမျှ ဝယ်သူမရှိပေ။ လီမော့က လူတိုင်းကို ဖြန့်ခင်းထားသော အဝတ်စပေါ်တွင် ထိုင်ပြီး ခြေထောက်များကို အနားပေးရန် ပြောလိုက်သည်။ တစ်မနက်ခင်းလုံး မတ်တတ်ရပ်နေရသည့်အတွက် သူတို့၏ ခြေထောက်များက အလွန်ညောင်းနေပေပြီ။

 

အလွန်ပင်ပန်းနေသော်လည်း လူတိုင်းက အလွန် ပျော်နေကြသည်။ မမျှော်လင့်ဘဲ ယနေ့ စီးပွားရေးက ယခုလောက်ကောင်းလိမ့်မည်မှန်း မထင်ထားကြပေ။ ဝယ်သူများက မပြတ်ပေ။ မေ့ကျီက ပိုက်ဆံသိမ်းရသည်မှာ လက်ပင် မလည်ပေ။ စုန့်တရှန်ကလည်း ဆိုင်ကို ပစ္စည်း အကြိမ်ပေါင်းများစွာ ထပ်ဖြည့်ပေးခဲ့ရသည်။

 

ထိုအချိန်တွင် မေ့ကျီက လီမော့ကို မနေနိုင်ဘဲ မေးလိုက်သည်။

"ယောက်မ… ဒီမနက် ရေမွှေးဆီဘူး ဘယ်လောက် ရောင်းလိုက်ရလဲ မသိဘူး… ရေတွက်ကြည့်ကြရအောင်…"

 

လီမော့ကလည်း ဤမနက် ဘူးပေါင်း မည်မျှ ရောင်းလိုက်ရကြောင်းကို သိချင်သောကြောင့် တောင်းကို ယူလာခဲ့သည်။ ဆိုင်ခင်းပေါ် သွန်ချပြီး လက်ကျန် ရေမွှေးဆီဘူးများကို ရေတွက်လိုက်ကြ၏။

 

ရေတွက်ပြီးသည့်အခါ ရေမွှေးဆီဘူး လေးဆယ့်ရှစ်ဘူး ကျန်သေးသည်။ သူတို့ ယနေ့ ရေမွှေးဆီဘူး တစ်ရာ ယူလာခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်က ဤမနက်တွင် ငါးဆယ့်နှစ်ဘူး ရောင်းလိုက်ရသည်။ အစမ်းဖွင့်ပြထားသော နှစ်ဘူးကို ဖယ်လိုက်လျှင် ရေမွှေးဆီဘူး အတိအကျ ၅၀ ရောင်းလိုက်ရသည်။

 

မနက်ခင်းတွင်ပင် ဘူးငါးဆယ် ရောင်းလိုက်ရသဖြင့် သူတို့၏ ပါးစပ်များက စိတ်လှုပ်ရှားမှုနှင့်အတူ အလိုလို ပြုံးဖြီးဖြီး ဖြစ်သွားကြလေသည်။

 

လီမော့က မနက်ခင်းလေး တစ်ခုတည်းနှင့် ဘူး ၅၀ ရောင်းရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ပွဲပြီးရန် နောက်ထပ် နှစ်ရက်ခွဲကျန်သေးသည်။ အိမ်တွင် ဘူး ၁၁၀ ကျော်သာ ကျန်တော့သည်။ ဤနှုန်းအတိုင်းသာဆိုလျှင် အိမ်က လက်ကျန်ပစ္စည်းများက လောက်မည်မဟုတ်ပေ။

 

"အစ်ကို တရှန်… အိမ်မှာ ဘူး ၁၁၀ ကျော်ပဲ ကျန်တော့တယ်… လောက်မှာ မဟုတ်ဘူး… ကျွန်မတို့ ပိုလုပ်ဖို့ နည်းလမ်းရှာရမယ်…"

 

စုန့်တရှန်ကလည်း အနည်းငယ် စိုးရိမ်သွား၏ 

"အရင်က ဘူးတွေမှာတုန်းက အရေးအကြောင်း ပေါ်ရင်ဆိုပြီး ဦးလေးကျန်းကို ဒီရက်ပိုင်းအတွင်း သူလုပ်နိုင်သလောက် များများ လုပ်ထားဖို့ ပြောခဲ့တယ်… အရင်က သွားမယူအားလိုက်တာ…"

 

လီမော့က စဉ်းစားပြီး ကျန်သော ရေမွှေးဆီဘူးများကို ကြည့်လိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်သည်။ 

"ရေမွှေးဆီဘူးတွေ အများကြီး မကျန်တော့ဘူး… ကျွန်မတို့ နေ့လည်ခင်းမှာ ဒါတွေကို စောစော ရောင်းကုန်အောင် ကြိုးစားမယ်… ပြီးတော့ လှည်းပိုင်ရှင်မိသားစုနဲ့ သူတို့ နွားလှည်း ငှားပြီး စောစောပြန်ဖို့ တိုင်ပင်ရမယ်… ကျွန်မတို့ နေရောင်ရှိနေတုန်းကို အခွင့်ကောင်းယူပြီး ပန်းတွေ ထပ်သွားခူးမယ်… ညဘက်မှာ ရေမွှေးဆီဘူးတွေ အမြန်လုပ်ရမယ်… ဒါက အစ်ကို တရှန်အတွက် ပင်ပန်းမယ့်အလုပ်ပဲ… ဒါပေမယ့် အစ်ကို နွားလှည်းနဲ့ အရင်ပြန်နှင့်လိုက်လို့ရပါ့မလား…”


စုန့်တရှန်က ထိုစကားကို ကြားသည့်အခါ ဤကဲ့သို့သာ လုပ်ရတော့မည်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။


"ဒါဆို ကိုယ်လုပ်လိုက်မယ်… နေ့လည်ခင်းမှာ ကိုယ်တို့ ရေမွှေးဆီဘူးတွေကို စောစော ရောင်းကုန်အောင် ကြိုးစားမယ်… ပြီးတော့ ပြန်ပြီး နည်းနည်း ထပ်လုပ်ကြမယ်… ဦးလေးကျန်း ဘူးအသစ်တွေ လုပ်ပြီးလောက်ပြီ… ကိုယ်ပြန်ရောက်ရင် သွားယူလိုက်မယ်… ရသလောက် အကုန်သုံးမယ်…"

 

သူတို့အားလုံးက နေ့လည်ခင်းတွင် အားတက်သရော အော်ဟစ်ရောင်းချလိုက်လေသည်။ ကျန်သော ပစ္စည်းများကို အချိန်တိုအတွင်း ရောင်းချလိုက်ပြီး အခြားဈေးသည်တွေ ရောင်းနေတုန်းမှာပင် ပစ္စည်းများကို သိမ်းဆည်းလိုက်ကြ၏။ ငှားလာသော နွားလှည်းပိုင်ရှင်နှင့် စောစောပြန်ရန် တိုင်ပင်ပြီး အိမ်ကို အမြန်ပြန်လာလိုက်လေသည်။



👱‍♀️👱‍♀️