မနက်အရုဏ်တက်ချိန်သည် မိုးကုပ်စက်ဝိုင်းကြီးအား ဖြူဖျော့ဖျော့ပါးလျလျ အလင်းတန်းလေးဖြင့် ဆေးခြယ်နေလေတော့သည်။တစ်ဖက်တစ်ချက်စီ၌ စီတန်းနေသည့် စိမ်းသက်သော ရှေးခေတ်ပုံစံဆိုင်ငယ်လေးများမှာ ရှင်သန်သက်ဝင်မှုဖြင့် လှုပ်လှုပ်ရွရွစတင်နေစဉ် လမ်းမများထက်တွင်တော့ ပါးလွှာသောမြူထုလေးမှ ရစ်သိုင်းနေလေ၏။ဆိုင်ဝန်ထမ်းလေးများ၏ အသံများမှာလေထုထဲပြည့်နှက်သွားခဲ့ပြီး မနက်ခင်းကိုဆူဆူညံညံနိုးထစေလိုက်သည်။
စူးယွင်သည် လမ်းမကြီးအား စိုက်ကြည့်နေရင်း လေထုထဲလွှင့်ခါနေသောဝင့်ကြွားသည့်ဆိုင်းဘုတ်များမှာ သူမ၏မျက်လုံးများကို ဖမ်းစားလိုက်ကာ တစ်ခုချင်းစီသည် သူမအား ဤနေရာမှာငြင်းဆန်မရသော အစစ်အမှန်ဖြစ်သည်ကို သတိပေးနေတော့၏။
သူမ၏အတိတ်ဘဝတွင် သူမမှာ၂၁ရာစုတရုတ်ရိုးရာချုံဆမ်းလက်မှုပညာ၏ အမွေဆက်ခံသူတစ်ဦးဖြစ်ခဲ့သည်။ပြီးခဲ့သည့်နှစ်ရက်လောက်၌ သူမသည် ပရောဂျက်ကြီးတစ်ခုအား လက်ခံခဲ့ပြီးနေ့ရှိသ၍ အလွန်အကျွံအလုပ်,လုပ်ခဲ့ရာ အလုပ်,လုပ်လွန်ခြင်းဖြင့် ရုတ်ချည်းသေဆုံးခဲ့ရ၏။သူမထင်မထားမိသည်မှာတော့ မိဘမရှိ ဆွေမျိုးများ၏စွန့်ပစ်ခံခဲ့ရပြီး ဆာလောင်မှုဖြင့်သေဆုံးသွားရသည့် နာမည်တူမိန်းကလေးတစ်ဦး၏ကိုယ်ထဲတွင် ပြန်လည်နိုးထလာရသည်ကိုပင်။
သို့သော်ငြား ဝိညာဉ်ကူးပြောင်းခြင်း၏ စဦးထိတ်လန့်မှုကိုတော့ အချိန်အတော်ကြာခံစားခဲ့ရလေသည်။ယခုတွင်တော့ သူမသည် တည်ငြိမ်သောဆုံးဖြတ်ချက်ဖြင့် သူမ၏ သစ်လွင်သောစစ်မှန်မှုကို မျက်နှာချင်းဆိုင်နိုင်ခဲ့လေပြီ။
စူးယွင်သည်သက်ပြင်းချကာ သူမနောက်ကျောထက်ရှိ အထုပ်အားချိန်ညှိလိုက်သည်။
ကံကောင်းထောက်မစွာပင် သူမ၏ပိုင်ဆိုင်မှုများထဲ တန်ဖိုးရှိသောအရာများအနည်းငယ်ရှိနေသေးသည်ပင်။
ဤအရာများမှာ မူလကိုယ်၏မိခင်မှ ချန်ရစ်ခဲ့သောပစ္စည်းများဖြစ်လေ၏။မလူးသာမလွန့်သာအခြေအနေမှာပင် မူလစူးယွင်သည် သူမမိခင်၏အမှတ်တရပစ္စည်းများအား ပေါင်နှံရန်ငြင်းဆန်ခဲ့ပြီး ဆာလောင်ခြင်းထက် ပစ္စည်းများအားကိုင်ဆောင်ထားခြင်းကို ရွေးချယ်ခဲ့သည်။
ယခုတော့ စူးယွင်မှာ သူမနေရာတွင် ဝိညာဉ်ကူးပြောင်းခြင်းဖြင့်ရောက်ရှိလာခဲ့လေရာ အသက်ရှင်သန်ဖို့ကိုပဲ ဆုံးဖြတ်ချက်ချခဲ့၏။
ထိုသို့ပြုလုပ်ရန် သူမသည် ချုံဆမ်းဆိုင်တစ်ဆိုင်ဖွင့်ဖို့ ဤပစ္စည်းများအား ပေါင်နှံကာ ငွေအချို့အဖြစ်ပြောင်းလဲရန်ဆုံးဖြတ်လိုက်သည်။
သူမသည်ဟိုဟိုဒီဒီလှည့်ပတ်မေးပြီး ကျောက်ခင်းလမ်းအတိုင်း လမ်းမကြီး၏အဆုံးဆီလျှောက်လာလိုက်၏။
အပေါင်ဆိုင်တစ်ခုထဲရောက်သည်နှင့် သူမသည်ကောင်တာပေါ်တွင် လက်ဝတ်လက်စားများအား ချလိုက်သည်။
"ဆိုင်ရှင် ဒီဟာတွေအတွက် ကျွန်မငွေဘယ်လောက်ရနိုင်မလဲ"
ဆိုင်ရှင်ကျောက်သည် ပစ္စည်းများအား တစ်ခုပြီးတစ်ခု ဂရုတစိုက်လှန်လှောစစ်ဆေးတော့သည်။နောက်ဆုံး သူ၏အကြည့်မှာ ကျောက်စိမ်းလက်ကောက်တစ်ခုထံ ဆိုက်ရောက်သွားလေ၏။
ပစ္စည်း၏ပုံစံမှာ ကျစ်လစ်ကာ အရောင်အသွေးမှာလည်း ကြည်လင်တောက်ပနေသည်။မြစိမ်းရင့်ရောင်မှာ အလင်းရောင်အောက်တွင် ပြောင်လဲ့နေကာ သူ၏သွင်ပြင်အား ပိုလို့တောင် တောက်ပသွားစေ၏။
ဆိုင်ရှင်ကျောက်မှာ ကျောက်စိမ်းလက်ထောက်ထံမှ သူ၏အကြည့်ကို တွန့်ဆုတ်စွာ ဖယ်ခွာလိုက်ပြီး သူမအားကြည့်လိုက်သည်။သူမမှာ မည်မျှငယ်ရွယ်နေသည်ကိုတွေ့လိုက်သည်နှင့် အတွေးတစ်ချက်က သူ့စိတ်ထဲဖြတ်သွားတော့၏။
"ဒီလက်ကောက်အတွက် မင်းကိုငွေဆယ်တေးပေးနိုင်မယ် ပြီးတော့ ကျန်တာတွေအတွက်က စုစုပေါင်းသုံးတေးရမယ်"
စူးယွင်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာရယ် ဒါကအရမ်းနည်းလွန်းမနေဘူးလား"
"ဒီဈေးကရက်ရက်ရောရောပေးထားပြီးသားဈေးပဲ"
ဆိုင်ရှင်ကျောက်မှာ ပြန်ချေပရင်း ဆံထိုးတစ်ခုအားကောက်ယူကာ ဆံထိုးထိပ်ရှိပုလဲအား ငြင်သာစွာထိတွေ့လိုက်၏။
"ဒီပုလဲကိုကြည့်လိုက် ဒါကအတုကြီးပဲ။ဒါကိုမင်းဆီေရာင်းလိုက်တဲ့လူက မင်းကငယ်ရွယ်ပြီး ခြားနားချက်ကိုမသိတဲ့လူဆိုတာသိနေလို့ဖြစ်ရမယ်"
စူးယွင်သည် သူ့လက်ထဲရှိဆံထိုးအား ဆွဲလုလိုက်သည်။
"ကျွန်မကတုံးအပြီး အစစ်လား အတုလားတောင် မပြောနိုင်တဲ့လူလို့ ရှင်ထင်နေတာလား"
"ဒီပုလဲရဲ့တောက်ပမှုကိုကြည့်လိုက် လုံးဝန်းပြီးလင်းလက်နေတာပဲ။အပေါ်ယံမျက်နှာပြင်ကလည်း သဘာဝကျတယ် ပစ္စည်းကမာကျောပြီး အထိအတွေ့ကအေးမြတယ်။ဒီအရည်အသွေးတွေက အတုတွေမှာမရှိဘူး"
ဆိုင်ရှင်ကျောက်မှာ မထီမဲ့မြင်ဖြင့်
"နည်းစနစ်အသစ်အဆန်းနဲ့ဆို ဒီလိုမျိုး အပေါ်ယံပြီးပြည့်စုံတဲ့ပုံပေါက်အောင် ဖန်တီးတာက မလောက်လေးမလောက်စားနည်းပါပဲ"
"ရှင်က လမ်းဆုံးရောက်တဲ့အထိ အမှန်တရားကိုဝန်မခံပဲ ဖင်ပိတ်ငြင်းနေမှာလေ ဟုတ်တယ်မလား"
စူးယွင်မှာ ထက်မြိသောလေသံနှင့် မယိမ်းမယိုင်ပြန်ပက်လိုက်၏။
စူးယွင်သည် သူမ၏ဆိုင်ဖွင့်ရန်အတွက် ပြင်ဆင်မှုလုပ်ရာတွင် ကျောက်မျက်ရတနာအကဲဖြတ်နည်းအား သီးသန့်သင်ယူဖူးသည်ကို အမှတ်ရသွားသည်။
သူမသည် ဆံထိုးအားကောက်ယူကာ ဆိုင်ရှင်၏မျက်လုံးများရှေ့ လှည့်ပြလိုက်၏။
သက်တန့်တစ်ခုကဲ့သို့ ရောင်ပြန်ဟပ်ခြင်းမှာ သူမတို့ကြားပေါ်ထွက်လာသည်။
"ပုလဲအတုတွေက ဒီလိုရလဒ်မျိုးထွက်လာနိုင်မယ်လို့ ရှင်ထင်လား"
ဆိုင်ရှင်ကျောက်မှာ သူ့အားမိသွားပြီဆိုသည်ကို သဘောပေါက်ကာ အယောင်ယောင်အမှားမှားဖြင့် ထစ်ငေါ့စွာဆိုလာ၏။
"ငါကအသက်ကြီးလာပြီဆိုတော့ ငါ့အမြင်အာရုံတွေကလည်း အရင်လိုမဟုတ်တော့ဘူးလေ။မှန်ပါတယ် ငါ့အမှားပါ"
"ရှင်ကတစ်ကယ်ကိုတစ်ခုခုတော့တစ်ခုခုပဲ"
စူးယွင်သည် သူမ၏ပစ္စည်းများစုဆည်းနေရင်း ခပ်ရွဲ့ရွဲ့ပြုံးကာ ပြောလိုက်သည်။
"ဆိုင်ရှင်ရေ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ထွန်းရခြင်းရဲ့ အရေးကြီးဆုံးအချက်က ရိုးသားဖြောင့်မတ်ခြင်းပဲ"
"ရှင့်ရဲ့စိတ်နေစိတ်ထားနဲ့ဆိုလို့ကတော့ ရေရှည်ခံပါ့မလားလို့ ကျွန်မသံသယဝင်မိတယ်"
"မင်း...."
ဆိုင်ရှင်ကျောက်မှာ ဒေါသတကြီးဖြင့် သူမအားကြည့်ကာ
"မင်းကငါ့ကို ကျိန်ဆဲရဲတယ်ပေါ့လေ"
"ကျိန်ဆဲနေတာမှမဟုတ်တာ အချက်အလက်တွေကို ထောက်ပြရုံပဲလေ"
စူးယွင်သည် သူမဖိနပ်အားလှည့်ကာ အထုပ်အားသယ်ရင်း ပြန်လှည့်မကြည့်ပဲ ထွက်လာလိုက်၏။
စူးယွင်မှ လမ်းမကြီး၏ထောင့်ကိုရောက်သည်နှင့် မိုးပေါက်အချို့မှာ ကောင်းကင်ယံမှ စတင်ကျဆင်းလာပြီး သူမအပေါ် တစ်ပေါက်ပေါက်နှင့် ငြင်သာစွာဆင်းသက်လာသည်။
သူမသည်အထုပ်အား ခေါင်းပေါ်တင်၍ ရှေ့ကိုအမြန်ပြေးတော့၏။
"ငါအိမ်ကထွက်လာတုန်းက သာယာနေတာကို ဒီဆိုးဝါးတဲ့ရာသီဥတုကတော့ သူရွာချင်တာနဲ့ပဲ ဘယ်အချိန်မဆိုထရွာတော့တာပဲ"
တံစက်မြိတ်အမိုးတစ်ခုကိုရှာကာ သူမသည်မြေကြီးပေါ် ဖြစ်သလိုထိုင်ချရင်း မိုးရေထဲ ပြေးလွှားနေကြသည့် ဖြတ်သွားဖြတ်လာများကို ကြည့်နေလိုက်သည်။
ဆယ့်ငါးမိနစ်ကြာသော် မိုးမှာစဲသွားသော်လည်း ရပ်တန့်မည့်ပုံမပေါ်ပေ။စူးယွင်သည် လေးလံစွာပင်သက်ပြင်းမောချမိလိုက်၏။
"ကောင်းတယ် ကြည့်ရတာ ငါတော့ဒီည လမ်းပေါ်မှာအိပ်ရတော့မယ့်ပုံပဲ"
"သနားစရာကောင်းလိုက်တဲ့ ဒီဘဝကြီးက မပြီးဆုံးနိုင်သေးဘူးလား။ငါ့မှာအနားယူခွင့်လေးတောင် မရနိုင်ဘူးပေါ့လေ"
သူမသည် ဒေါသူပုန်ထကာ သူမ၏မေကျမချမ်းမှုအား ထုတ်လွှတ်နေတော့၏။
"ငါအိမ်ပြန်ချင်တယ်!ငါအစားကောင်း အသောက်ကောင်းတွေကိုလိုချင်တယ်!ဒီဆိုးဝါးတဲ့နေရာကို လိုချင်တဲ့လူ ဘယ်သူမဆို ဒီမှာနေနိုင်တယ် - ငါတော့မနေနိုင်တော့ဘူး"
သူမဒေါသထွက်နေစဉ် မတော်တဆအထုပ်အား လှန်မိသွားရာ ကျယ်လောင်သော ဘုတ်ကနဲအသံဖြင့် အထုပ်ကပြုတ်ကျသွားတော့သည်။
"ငါ့ကိုလာနောက်နေတာလား တစ်ကယ်ပါပဲ"
တွေးတောမနေပဲ သူမသည်မိုးရေထဲပြေးသွားကာ ဗွက်ထနေသောမြေကြီးထက်မှ ပြန့်ကျဲနေသော သူမပစ္စည်းများကို ခပ်သွက်သွက်ကောက်လိုက်တော့၏။
စူးယွင်သည် မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ကာ သူမအနေဖြင့် ဘာမှကျန်မနေခဲ့သည်မှာသေချာစေရန် ပတ်ပတ်လည်အား စစ်ဆေးကြည့်လိုက်သည်။ရုတ်ချည်းဆိုသလို သွယ်လျကာ အလွန်ကြည့်ကောင်းသော လက်တစ်စုံက သူမေရှ့ပေါ်ထွက်လာ၏။
"မိန်းကလေး ဒါကမင်းပစ္စည်းလား"
မိုးရေက သူမ၏အမြင်အားဝေဝါးစေရာ သူမသည် အနည်းငယ်ဝါးတားတားဖြစ်နေသည့် အမျိုးသားတစ်ဦးပုံရိပ်ထံမော့ကြည့်လိုက်သည်။လက်အားဆန့်ထုတ်ကာ သူမသည်ပစ္စည်းအား ယူလိုက်ရင်းပြန်ဖြေလိုက်၏။
"ကျေးဇူးတင်ပါတယ် ရှင်ကစာနာတတ်တာပဲ"
နက်စွေးသည့် ဆီစိမ်စက္ကူထီးအားသူမအပေါ် အုပ်မိုးပေးထားရင်း နဉ်ကျင်းသည် ငုံ့ကိုင်းကာ သူ၏အခြားလက်တစ်ဖက်ဖြင့် လက်ကိုင်ပုဝါတစ်ထည်ကို သူမထံကမ်းပေးလာသည်။
"မိုးကသည်းတယ်။ကျွန်တော်နဲ့အတူမိုးခိုဖို့ အထဲကိုဘာလို့မလာရမှာလဲ"
စူးယွင်သည် လက်ကိုင်ပုဝါအား ဆုပ်ကိုင်ကာ သူမမျက်လုံးများမှ မိုးရေတို့ကို စုပ်ယူသွားစေ၏။
သူ၏အသံအတိုင်း သူမရှေ့ရှိအမျိုးသားအားကြည့်ရန် ခေါင်းမော့လိုက်သည်။သူ၏ဆံပင်မှာ သပ်သပ်ရပ်ရပ်ဖြီးသင်ထားပြီး သူ၏မျက်ခုံးများမှာ ချွန်မြနေကာ မျက်ဝန်းများမှာလည်း ကြယ်တာရာများအလား တောက်ပလင်းလက်နေ၏။သူ့တွင် ကြည့်ကောင်းသော နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းပါးလေးများရှိနေပြီး ပလက်တီနမ်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ကျောက်စိမ်းဖြူခါးပတ်မှာ သူ၏ခါးပတ်လည်တွင် တင်ရှိနေပြီး သိမ်မွေ့သော ဂုဏ်သရေနှင့် သီးခြားဆန်သည့်အေးစက်မှုလေထုကို ထုတ်လွှတ်နေ၏။
သူ၏အလှတရားမှာ အသက်ရှူမှားစေပြီး စူးယွင်၏ဦးနှောက်မှာ လုံးဝရပ်တန့်သွားတော့သည်။တွေးတောခြင်းမရှိတော့ပဲ သူမသည် နဉ်ကျင်းနောက်မှလိုက်ရင်း သူမှနေသူမအားအထဲသို့ဦးဆောင်ခေါ်သွားစေတော့၏။
"လက်ကိုင်ပုဝါကို လျှော်ဖွပ်ပြီးတဲ့အခါ ရှင့်ဆီကျွန်မပြန်ပေးပါ့မယ်"
ရေတစ်စက်စက်ကျေနေသးသည့် စူးယွင်၏ဆံပင်များအားကြည့်ကာ နဉ်ကျင်းသည် မျက်ခုံးများအား ပင့်၍အသာပြုံးလာ၏။
"မလိုပါဘူး ဒါကလက်ကိုင်ပုဝါတစ်ခုပါပဲ"
"မိန်းကလေး ဖြစ်နိုင်ရင် အပေါ်ထပ်သွားပြီး အဝတ်ခြောက်အချို့လဲသင့်တယ်နော်"
"အဆင်ပြေပါတယ်"
ရှေးခေတ်ဝတ်ရုံများမှာ သူမမှမိုးအများကြီးမမိခဲ့သည်ကိုပင် လေးလံနေလေတော့၏။သူမပုံစံမှာ အနည်းငယ်စုတ်ချာပုံပေါက်နေသော်လည်း သူမသည် အမှန်ကိုစိုရွှဲမနေပါပေ။
နဉ်ကျင်းသည် မတိုက်တွန်းတော့ပဲ သူ၏အစေခံကို အမိန့်ပေးလိုက်၏။
"တုန့်စန်း ရေနွေးတစ်အိုးယူခဲ့လိုက်"
"ဟုတ်ကဲ့ သခင်လေး"
တုန့်စန်းသည် မီးဖိုချောင်ဘက် ရေနွေးအိုးယူရန်မသွားခင် စားပွဲပေါ်၌ ကြေညာစာကို ပြီးစလွယ်ထားခဲ့လိုက်၏။
စူးယွင်သည် သူမ၏ခုံပေါ်ထိုင်လိုက်သည်နှင့် ကြေညာစာထက်ရှိ ရေးသားထားသော ငှားရမ်းရန် ဟူသည့်စာလုံးကြီးလေးလုံးကို သတိပြုမိလိုက်သည်။
"ခဏလေးပါ"
တုန့်စန်းမှာ ရပ်တန့်သွားပြီး သူမထံကြည့်လာ၏။
"ဘာများလဲ"
"ကျွန်မတစ်ချက်ကြည့်လို့ရနိုင်မလား"
တုန့်စန်းသည် ခေါင်းအသာငြိမ့်၍ ခွင့်ပြုချက်ပေးလိုက်သော နဉ်ကျင်းထံအလိုလိုကြည့်လိုက်မိ၏။
"ရပါတယ် မိန်းကလေး"
စူးယွင်၏မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး ကြေညာစာကိုအမြန်ကောက်ယူကာ စစ်ဆေးလိုက်သည်။
ချန်းရှီလမ်းမ
ထိုနေရာသည် မြို့တော်ထဲရှိ လူနေအထူထပ်ဆုံးနှင့် အကျော်ကြားဆုံးစီးပွားရေးလမ်းမကြီးများထဲရှိ တစ်ခုဖြစ်လေသည်။
သူမလည်း ဆက်ဖတ်ကြည့်လိုက်ရာ ; ရှစ်ဆယ်စတုရန်းမီတာ
အရွယ်အစားမှာ သင့်လျော်လေ၏။
စူးယွင်သည် တုန့်စန်းရှေ့သို့ ကြေညာစာကိုချလိုက်ပြီး
"ဒါကဘယ်နေရာကနေရောက်လာတာလဲ"
"အဲ့ဒါကျွန်တော့်သခင်နဲ့သက်ဆိုင်တာပါ"
"ရှင့်ရဲ့သခင်..."
စူးယွင်သည် ပါးစောင်အားကိုက်လိုက်ပြီး နဉ်ကျင်းထံမော့ကြည့်လိုက်၏။
"သခင်လေး ဒါကရှင့်ဟာလား"
တုန့်စန်းသည် သူ့လက်အောက်တွင်အလုပ် လုပ်နေ၍ သူ၏သခင်မှာ နဉ်ကျင်းဖြစ်ပုံပင်။
"ဟုတ်ပါတယ်"
နဉ်ကျင်းသည် သူ၏ရေနွေးခွက်အား အသာထိရင်းပြန်ဖြေလာ၏။
"မိန်းကလေးက စိတ်ဝင်စားသွားလို့များလား"
"ဟုတ်ပါတယ်"
စူးယွင်မှာ ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်မကမြို့ထဲမှာ တရုတ်ရိုးရာပုံစံ ချုံဆမ်းဆိုင်လေးတစ်ဆိုင် ဖွင့်ချင်လို့ပါ"
နဉ်ကျင်းမှာ မျက်ခုံးအားအသာပင့်ကာ
"ဟမ်"
စူးယွင်မှာ ဤခေတ်ကာလရှိ လူတို့သည် ချုံဆမ်းများနှင့် ရင်းနှီးမှုမရှိသည်ကို မေ့သွားခဲ့ကြောင်း နားလည်လိုက်၍ အမြန်ရှင်းပြလိုက်သည်။
"အဲ့ဒါက ကျွန်မတို့အခုဝတ်နေကြတဲ့ ပုံစံနဲ့ခြားနားတဲ့ အမျိုးသမီးအဝတ်အစားတစ်မျိုးပါ"
"မိန်းကလေး မင်းမှာစိတ်ကူးစိတ်သန်းကောင်းတစ်ခု တစ်ကယ်ရှိနေတာပဲ"
"ရှင်ကကြင်နာလွန်းနေပါပြီ"
စူးယွင်သည် နဉ်ကျင်းရှေ့သို့ ကြေညာစာအားချကာ
"အဲ့နေရာဆီ ကျွန်မကြည့်ဖို့ခေါ်သွားဖို့ကို ရှင့်မှာအချိန်ရှိမလား ကျွန်မသိချင်တယ်"
"ကျိန်းသေရတာပေါ့"