အပိုင်း (၃၀)
ညစာစားပြီးနောက် ရွာသူရွာသားများသည် ဆေးကြောသန့်စင်ကာ အိပ်ရာ ၀င်လေ့ရှိကြသည်။ ဆောင်းရာသီ ဖြစ်သောကြောင့် ည၈နာရီထိုးလျှင် အိမ်တိုင်း မီးမှိတ်ကြပြီဖြစ်သည်။
ဖေ့ရှီသည် ကိုယ်၀န်လွယ်ထားသောကြောင့် သူမ၏၀မ်းဗိုက်က အနည်းငယ်စူဖောင်းနေကာ အဖိုးထိုက်တန်ပုံ ပေါ်နေသည်။ သူမ၏ယောက္ခမများသည် ကောင်းကောင်းမစားမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် လွန်ခဲ့သည့်ရက်များက အသားအများအပြားနှင့် ကြက်ဥများကို ပို့ပေးခဲ့ကြသည်။ အစားအသောက် အများအပြား စားပြီးနောက် သူမသည် အလွန်ပြည့်ဖြိုးလာသည်။ ဗိုက်ထဲက ကလေး၏ ကျေးဇူးများပင်။
ညစာစားပြီးနောက် ဖေ့ရှီက သွားနေကျအတိုင်း အိမ်ထောင့်သို့သွားသည်။ သစ်သားသေတ္တာက မရှိတော့ဘဲ စာတစ်စောင်ကိုသာတွေ့လိုက်ရသည်။
ည၉နာရီတွင် ရွာရှေ့ကောက်ရိုးပုံသို့လာခဲ့ရန် ပြောထား၏။
'ဒီလောက်အေးတဲ့နေ့ကြီးကို ဘာလို့ ရွာအရှေ့စွန်ကို လာခိုင်းတာလဲ'
ဖေ့ရှီက ထူးဆန်းသည်ဟုခံစားမိသော်လည်း ဖေ့ယွမ်၀န်နှင့် မတွေ့ရသည်မှာ နှစ်ရက်မျှ ရှိပြီဖြစ်သည်။ ထပ်ပေါင်းထည့်ရလျှင် ရွာထဲတွင် ဖေ့ယွမ်ကျဲ၏လက်ထပ်ပွဲပျက်သည့်ကိစ္စကို ပြောဆိုနေကြ၏။ သူမက သူတို့မောင်နှမ အငြင်းအခုံဖြစ်ကာ သူမတို့ ဖောက်ပြန်သည့်ကိစ္စ ပေါ်သွားမည်ကိုစိုးရိမ်၏။ ဖေ့ရှီက ဘာကိုမျှ သံသယမ၀င်တော့ဘဲ မိသားစု၀င်တို့၏အကြည့်ကို ရှောင်ရှားရန် အိပ်ရာ၀င်ဟန် ပြုသည်။ ထို့နောက် သူမက ချည်အနွေးထည်ထူထူကို၀တ်ကာ အပြင်သို့ထွက်သည်။
ဖေ့မိသားစုတွင် ဖေ့ယွမ်၀န်ကို တားဆီးနိုင်သည့်လူ မရှိပေ။ ထို့ကြောင့် သူက ပို၍ စိတ်သက်သာရာရသွားပြီး ထောင်ထောင် ထောင်ထောင်နှင့် အိမ်ပြင်ထွက်သွားသည်။ ဖေ့ယွမ်ကျဲက သူမ၏ လက်နက်များကိုယူကာ အခြားလမ်းမှတဆင့် ကောက်ရိုးပုံဆီသို့သွားသည်။
ဓာတ်ဆီလောင်စာများသည် ကျေးလက်တွင် ဈေးကြီးလွန်း၏။ အချို့မိသားစုများသာ သုံးနိုင်ကြသည်။ ကောက်ရိတ်သိမ်းသည့်ကာလတွင် အိမ်တိုင်း အိမ်တိုင်းသည် ပြောင်းရိုးများကို လောင်စာအဖြစ်သုံးရန် အပုံများပုံ၍ သိုလှောင်ထားကြသည်။ သူတို့သည် အိမ်ရှေ့တွင် တစ်ပုံပုံ၍ မြက်ခင်းပြင်တွင် တစ်ပုံပုံကြ၏။ ဂျုံရိုး၊ နှမ်းရိုးများကိုပါ သိုလှောင်ထားသည့်အတွက် တစ်နှစ်စာအတွက် လုံလောက်ကြသည်။
ဂျုံရိုး၊ နှမ်းရိုး၊ ကောက်ရိုး အစရှိသည်တို့ကို ပုံရသည်မှာ လုပ်အားသုံးရသောအလုပ်ဖြစ်သည်။ ပထမဆုံးအနေဖြင့် လယ်ကွင်းထဲတွင် အရှည်လိုက်ထုံးထားသည်။ ခြောက်သည့်အခါတွင် သယ်ယူ၍ တစ်ထုံးချင်း အဆင့်ဆင့်စီသည်။ ဖေ့ရှီငယ်စဉ်က သူမဖခင်နှင့်အတူ ကောက်ရိုးပုံလေ့ရှိသည်။ ကောက်ရိုးပုံသည် သူမအရပ်တမျှ ရှိလာလျှင် ဖခင်ဖြစ်သူက ထိုအပုံပေါ်တတ်ကာ သူမက အောက်မှ ကောက်ရိုးထုံးများကို ပေးရ၏။
ထို့ကြောင့် ကောက်ရိုးပုံများသည် တစ်ပုံထက်တစ်ပုံပိုမြင့်ကြပြီး ရဲတိုက်ငယ်လေးများကဲ့သို့ ဖြစ်နေသည်။ ထိုကောက်ရိုးပုံများကြားသို့ လူ၀င်သွားပါက မြင်နိုင်မည်မဟုတ်ပေ။
ပတ်၀န်းကျင်က တိတ်ဆိတ်လျက်ရှိသည်။ ဖေ့ရှီက မြေပြင်ပေါ်ရှိ ကောက်ရိုးပြတ်များပေါ် နင်းလျှောက်မိသောအခါ တဖြောက်ဖြောက်အသံတို့ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ နေရာတိုင်းတွင်လည်း ထိတ်လန့်ဖွယ်ကောင်းသော ထူးဆန်းမှုတို့ရှိနေ၏။
ဤနေရာသို့ အလွန်နောက်ကျမှလာခြင်းသည် ဖေ့ရှီ၏ပထမဆုံးအကြိမ်ဖြစ်သည်။ သူမက စိတ်တထင့်ထင့်လည်း ဖြစ်နေ၏။ သူမကိုယ်သူမ သတ္တိရှိစေရန် ချောင်းဟန့်ဟာ ညင်သာစွာ ခေါ်လိုက်သည်။
"လူရှိလား"
ပြန်ဖြေသူ မရှိပေ။ အနောက်ဘက်မှလာသော ခပ်ဖျော့ဖျော့အသံတစ်ခုကိုကြားလိုက်ရသည်။ ဖေ့ရှီက အသံလာရာကို လျှောက်သွား၏။ သူမ နီးကပ်လာလေလေ လေထုကပို၍ပြင်းထန်လာလေလေပင်။ သူမက ထပ်အော်လိုက်သည်။
"လူရှိလား"
ဖေ့ရှီက တစ်ခုခုမှားနေမှန်း သဘောပေါက်သွားကာ လှည့်ပြန်ရန်ပြင်သည်။ သို့သော် နောက်တစ်စက္ကန့်၌ လက်တစ်စုံက သူမကို အနောက်မှ သိုင်းဖက်လာ၏။
"ကိုယ်ရှိတယ်"
ဖေ့ယွမ်၀န်ပင်။
ဖေ့ရှီက စိတ်သက်သာရာရသွားသည်။
"ဘယ်သူ့ကို လှန့်မလို့လဲ ခွေးကောင်ရဲ့"
ဖေ့ယွမ်၀န်က သူမမျက်နှာကို ဆွဲဖဲ့လိုက်ကာ အပြုံးတစ်ခုနှင့် ပြောသည်။
"မင်းလာတာကို အဝေးကြီးကတည်းက မြင်တယ်။ မခေါ်ရဲလို့သာ"
ဖေ့ရှီသည် ကိုယ်၀န်ရပြီးကတည်းက သူ့ကို ကိုယ်လက်နှီးနှောခွင့် မပြုတော့ပေ။ ထို့ကြောင့် ဖေ့ယွမ်၀န်က သည်းခံနိုင်ခြင်း မရှိတော့ပေ။ သူမကို ဆွဲလှည့်လိုက်ကာ ဖိ၍ နမ်းသည်။
"ကိုယ့်ကို ကောင်းကောင်းနမ်းခွင့်ပေးဦး"
ဖေ့လီက သူ၏အနမ်းကြောင့် မူးမေ့ သွားရကာ မေးလိုက်သည်။
"ဘာလို့ ယွမ်ကျဲရဲ့စေ့စပ်ပွဲက ပျက်သွားရတာလဲ"
"တင်းဖန်က သူ့ကိုမကြိုက်လို့"
ဖေ့ယွမ်၀န်က သူမကို နီးစပ်ရာကောက်ရိုးပုံဆီသို့ ဆွဲခေါ်သွားကာ အင်္ကျီကြယ်သီးများကိုဖြုတ်သည်။ ရာသီဥတုသည် အလွန်အေးနေပြီး ဖေ့ရှီက ဆန္ဒမရှိသော်လည်း ဖေ့ယွမ်၀န်ကို ရှောင်တိမ်းရန် ကြိုးစားနေသောကြောင့် ပရောပရည်လုပ်နေသည့်ပုံ ပေါက်လာ၏။ ဖေ့ယွမ်၀န်က ပိုမိုစိတ်လှုပ်ရှားလာကာ အပြုအမူများသည်လည်း ပိုမိုကြမ်းတမ်းလာသည်။
အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် ဖေ့ရှီသည်လည်း တဖြည်းဖြည်း ပါ၀င်လာ၏။ သူတို့နှစ်ယောက်သည် နစ်၀င်သည်ထက် နစ်၀င်လာသည်။ သူတို့ဘေးတွင် ဓာတ်ဆီများ ပျံ့နှံ့လာသည်ကိုပင် သတိမထားမိကြချေ။
ဖေ့ယွမ်ကျဲက ကစားပွဲကို စီစဉ်ပြီးနောက် လက်ထဲတွင်မီးခြစ်ကို ကိုင်ထားလျက် အေးစက်စွာ ကြည့်နေ၏။ သူမက ခေါင်းစောင်းကာ ထိုနှစ်ယောက်၏ နောက်ကျောပြင်များကို ဝှေ့ ယမ်းပြလိုက်သည်။ သူမက မပြုံးဘဲ မနေနိုင်ဘဲ ပြုံးလိုက်၏။ ဤအရာသည် သူမဘက်မှ ထောက်ထားညှာတာချက်တစ်ခု ဖြစ်သည်။
မဟုတ်လျှင် သူများကလေးကို ပျိုးထောင်ပေးရမည့် ဖေ့ရှီ၏ ခင်ပွန်းအတွက် ၀မ်းနည်းဖွယ်ပင်။
မီးခြစ်မှ မီးတောက် ထွက်လာပြီးမကြာမီ ကောက်ရိုးခြောက်များ မီးစွဲလောင်သွားတော့သည်။ ဓာတ်ဆီ၏ အကူအညီဖြင့် မီးတောက်များက ချက်ချင်းစတင်လာတော့သည်။
ဖေ့ယွမ်ကျဲက မီးခြစ်ကို မီးထဲပစ်ထည့်ပြီးနောက် အိမ်အမြန်ပြန်လာခဲ့သည်။
ကောက်ရိုးများ မီးလောင်ကျွမ်းရာမှထွက်ပေါ်လာသောအသံများက အလုပ်ရှုပ်နေသောနှစ်ယောက်ကို ရုတ်တရက် ထိတ်လန့်သွားစေသည်။ ဖေ့ယွမ်၀န်က ထကာ ဘောင်းဘီ၀တ်လျက် ပြေးလွှားသည်။
"မီးလောင်နေပြီ"
ဖေ့ရှီ၏ တုံ့ပြန်မှုသည် သူ့လောက်မမြန်ပေ။ သူမ ပထမဆုံးတွေးမိသည့်အရာမှာ အ၀တ်အစားများ ပြန်၀တ်ရန်ဖြစ်သည်။ ရလဒ်အနေဖြင့် နောက်တစ်စက္ကန့်အတွင်း မီးတောက်များက မှိုလိုပေါက်လာသည်။
ဖေ့ယွန်၀န်က လျင်မြန်စွာ ပြေးသည်။ သို့သော် သူ့အ၀တ်အစားများပေါ်သို့ ဖေ့ယွမ်ကျဲ ကြိုတင်လောင်းချထားသော လောင်စာများကို ခံနိုင်ရည်မရှိပေ။ မီးတောက်များက ကောင်းကင်သို့ ပေါ်ထွက်နေသည်။ ရာသီဥတုက ခြောက်သွေ့ကာ လေများကပူနွေးနေ၏။ မီးပွင့်တစ်ပွင့်တောက်လောင်လျှင်ပင် ငြှိမ်း၍ရမည်မဟုတ်ပေ။
မြေပြင်တွင်ရှိသော ကောက်ရိုးများသည်လည်း မီးစွဲလောင်နေသောကြောင့် အ၀တ်အစားများပေါ်ရှိ မီးကို ငြှိမ်းသတ်နိုင်ခြင်းမရှိပေ။ သူသည် ဘယ်ပြေးရမှန်းမသိ ဖြစ်နေကာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မီးထဲတွင်ပိတ်မိနေသည်။
ပြင်းထန်သောမီးတောက်သည် ညအမှောင်ကို လင်းလက်စေ၏။ ကင်းလှည့်နေသော ဖေ့ရုန်ပင်းနှင့် သူ့ဖခင်သည် လျင်မြန်စွာ သတိထားမိလိုက်ကြသည်။ သူတို့မျက်နှာများ ဖြူဖျော့သွားကြ၏။ ဖခင်ဖြစ်သူက သူ့သားကို မီးငြှိမ်းသတ်ရန် ရွာသားများကို အကြောင်းကြားခိုင်းလိုက်၏။ သူသည်လည်း ခပ်မြန်မြန် ပြေးသွားလိုက်သည်။
ဖေ့ရုန်ပင်ကလည်း ထိတ်လန့်နေ၏။ ဖေ့တာ့၀မ်၏အိမ်သည် ကောက်ရိုးပုံနှင့်အနီးဆုံးဖြစ်သော်လည်း သတိမထားမကြပေ။ သို့သော် မီး စတင်လောင်ကျွမ်းသောအခါ ညှော်နံ့များနှင့် ဆူညံသံများကို ကြားလိုက်ကြသည်။ သူတို့မိသားစုတစ်ခုလုံး ထိတ်ထိတ်ပျာပျာဖြစ်သွားကြကာ မီးစတင် ငြှိမ်းသတ်ကြတော့သည်။
ဖေ့လီက ဆိုင်တွင် အစားအသောက်စာရင်းအသစ်ကို ပြုလုပ်နေသည်ဖြစ်ရာ အိမ်သို့ နောက်ကျမှပြန်ရောက်ခဲ့ကြသည်။ သူတို့က ဆေးကြောသန့်စင်ကာ အိမ်ရာ၀င်မည်ပြုလိုက်၏။ ထိုအချိန်တွင် ကျယ်လောင်ကာ အရေးကြီးသုတ်ပျာနိုင်သည့် တံခါးခေါက်သံကို ကြားလိုက်ကြသည်။
"ချွေလန် မြန်မြန်ထွက်လာခဲ့ဦး တစ်ခုခုဖြစ်နေပြီ”
"ရွာမှာမီးလောင်နေပြီ"
ဖေ့ယွမ်ကျဲ ရှို့လိုက်ခြင်းဖြစ်ပုံ ပေါ်သည်။
မီးလောင်နေသည်ဟု ကြားသောအခါ ဖေ့လီက အ၀တ်အစားများကို မြန်မြန်၀တ်သည်။ တံခါးဖွင့်ပြီးနောက် အော်ပြောနေသော ကျိုးရှောင်မေကို ဆွဲမေး၏။
"ဘယ်မှာ လောင်နေတာလဲ"
၀မ်ချွေလန်နှင့် ဖေ့ရုန်ဖူကလည်း အ၀တ်အစားများ၀တ်ကာ ထွက်လာကြသည်။
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"
ကျိုးရှောင်မေက ရွာရှေ့ပိုင်းကို လက်ညှိုးညွှန်ပြသည်။ ဖေ့မိသားစုက ကြည့်လိုက်သောအခါ မီးတောက်များကို မြင်လိုက်ကြရသည်။ သူတို့က အခြေအနေအားလုံးကို နားလည်သွာကြသည်။ ကျိုးရှောင်မေက ကျီစယ်လိုသောသဘောဖြင့် ပြောလိုက်သည်။
"မီး ဒီလောက်လောင်နေတာတောင် ကောင်းကောင်းအိပ်ပျော်ကြသေးတယ်ပေါ့။ မြန်မြန် မီးသွားငြှိမ်းကြရအောင် ဖေ့တာ့ဖေးရဲ့ တံခါးတောင် မီးစွဲနေပြီတဲ့။ ဘယ်ကောင်စုတ်က ကောက်ရိုးပုံတွေ နား ဆေးလိပ်သောက်တယ်မသိ"
ကျိုးရှန်ချီကလည်း ဘီးတပ်ကုလားထိုင်ကိုတွန်းကာ ထွက်လာသည်။ ဖေ့လီက မီးထဲတွင် ဖေ့ယွမ်၀န် ရှိနေမည်ကို သိ၏။ ထို့ကြောင့် သူမက ကျိုးရှန်ချီဆီသွားကာ တိုးတိုးပြောလိုက်သည်။
"ရှင် အိမ်မှာပဲ နေခဲ့ဦး။ ကျွန်မ အမေတို့နဲ့ သွားစစ်ဆေးကြည့်လိုက်ဦးမယ်"
ကျိုးရှန်ချီက ခေါင်းညိတ်ပြကာ သူမကို စိုးရိမ်သည့်အကြည့်ဖြင့် ကြည့်၏။
"ဂရုစိုက်ဦး"
ဖေ့လီက ခေါင်းညိတ်ပြ၏။ ထို့နောက် သူမ မိဘများနှင့်အတူ ရေပုံးများယူ၍ မီးလောင်သည့်နေရာသို့ မြန်မြန်ဆန်ဆန် သွားကြသည်။ ရွာသူရွာသားအများအပြား နိုးလာကြပြီး ပစ္စည်းပစ္စယများကိုသယ်ယူ၍ မီးငြှိမ်းဖို့ အပြေးအလွှား သွားကြသည်။ တိတ်ဆိတ်နေသောရွာလေးသည် ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။
ကောက်ရိုးများကို တစ်လွှာချင်းစီဆင့်၍ ပုံထားသောကြောင့် လုံးလုံးလျားလျား မီးငြိမ်းရန်မှာ အလွန်ခက်ခဲ၏။ ထိုနေရာသည် မြစ်နှင့်လည်းမနီးသောကြောင့် လက်နှိပ်ရေတွင်းများမှရေကိုသာ အသုံးပြုနိုင်သည်။ သို့သော် အကျိုးသက်ရောက်မှုမှာ နည်းပါးသည်။
ဖေ့ခွင်းက သူ့နဖူးပေါ်ရှိချွေးများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ သူက ရွာဘက်သို့ မီးမကူးစေရန်အတွက် မီးစများကိုဖြတ်တောက်ပစ်ရန် လျင်မြန်စွာညွှန်ကြားသည်။
ထိုအခိုက်အတန့်တွင် လူကယ်ရန်အကြောင်းကို မည်သူကမှ မတွေးမိကြပေ။ သဘာ၀ဘေးကြောင့်ဖြစ်သော မတော်တဆမီးလောင်မှုဟုသာ ထင်ကြ၏။ ဖေ့လီက ဖေ့တာ့၀မ်တို့ မိသားစုဘေးတွင် ရပ်လိုက်သည်။ ရွာထဲမှ သက်ကြီးရွယ်အို အဘွားကြီးများပါ ရောက်ရှိနေကြသည်။ ဖေ့တာ့၀မ်၏သားနှင့် သမီးသည် ကြောက်ရွံ့နေကြသောကြောင့် မိခင်ဖြစ်သူက နှစ်သိမ့်ပေးနေ၏။
ဖေ့လီက မြင့်တက်နေသော မီးတောက်များကို ကြည့်လိုက်သည်။ အပူလှိုင်းများက ည၏ အအေးဓာတ်ကို လွင့်ပျယ်စေသည်။ ဤကဲ့သို့ကြီးမားသောမီးတောက်များသည် ဆေးလိပ်အကြွင်းအကျန်ဆီမှ မည်ကဲ့သို့ လာနိုင်မည်နည်း။
ဖေ့ယွမ်ကျဲ ခုခံမည်မှာ သေချာပေါက် ဖြစ်သော်လည်း အလွန်ရက်စက်မည်ဟု မထင်ခဲ့ပေ။ တင်းဖန်သည် ယမန်နေ့ကမှ လက်ထပ်ပွဲဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး သည်ကနေ့တွင် သူမက ဖေ့ယွမ်၀န်ကို မီးရှို့သတ်၏။
ဖေ့ယွမ်၀န်သည် လွယ်လွယ် သေ၍မရ။ သူသေသွားပါက ဖြေရှင်း၍ရမည်မဟုတ်ပေ။ ဖေ့လီက ခပ်လှမ်းလှမ်းတွင် ဖေ့ခွင်းရေပုံးသယ်လာသည်ကို မြင်လိုက်၏။ သူမက သူ့ဆီသွားကာ မေးလိုက်သည်။
"ရွာလူကြီး မီးလောင်ရတဲ့ အကြောင်းအရင်းကို ရှာတွေ့ပြီလား"
ဖေ့ခွင်းက မျက်မှောင်ကြုတ်သည်။
"မတွေ့သေးဘူး"
ဖေ့လီက ထပ်မေးသည်။
"မီးထဲမှာရော လူရှိနေသေးလား။ ညဘက်ကြီး ရုတ်တရက် ဝင်မိသွားပြီး ပြန်မထွက်နိုင်တာမျိုးပေါ့"
"အဲ့လိုမျိုး ရှိနိုင်ပါ့မလား"
ထိုသို့ပြောလိုက်သော်လည်း သံသယမကင်း ဖြစ်နေဆဲဖြစ်၏။ ထို့ကြောင့် ရေများပက်ဖြန်းပြီးနောက် ကျန်သည့်လူများကို ပြောလိုက်သည်။
"လူတိုင်းပဲ မီးထဲတစ်ယောက်ယောက်ရှိနေလားဆိုတာ သေချာကြည့်ကြဦး"
လူအများအပြား မီးငြှိမ်းသတ်နေကြသည်။ အပြင်ဘက်ရှိ မီးတောက်များကို ငြှိမ်းပြီးနောက် လူတိုင်းက လမ်းကြောင်းတစ်ခုကို ရှင်းလင်းလိုက်ကာ မီးငြှိမ်းလျက် စူးစမ်းရှာဖွေကြသည်။ ရုတ်တရက် အရှေ့ဘက်မှ အော်သံတစ်ခုထွက်လာသည်။
"ရွာလူကြီး မြန်မြန်လာဦး အထဲမှာလူနှစ်ယောက် ရှိနေတယ်"
ဤသတင်းသည် မထင်မှတ်ထားသည့်ဖြစ်ရပ်တစ်ခုကဲ့သို့ ရောက်လာသည်။
ဖေ့ခွင်းသာမက မီးငြှိမ်းသည်ကိုကြည့်နေသော လူအုပ်ကြီးကပါ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ အမြန် တိုးလာကြသည်။
'မီးထဲက မထွက်နိုင်ဘဲတစ်ယောက်ယောက်သေတော့မှာလား'
"ဘယ်သူလဲ"
"ဒီလောက် နောက်ကျနေတာကို ကောက်ရိုးပုံတွေဆီ ဘာလို့လာကြတာလဲ"
"အသက်ရှင်နေသေးလား"
ကြိုတင်ခန့်မှန်းမှုများသည် အမှန်တကယ်ဖြစ်လာခဲ့သည်။ ဖေ့လီကလည်း အခြေအနေကို အမြန်လာရောက်စစ်ဆေးသည်။ ဖေ့ခွင်းနှင့် သက်လတ်ပိုင်းယောက်ျားသုံးယောက်သည် မီးကျွမ်းထားသော လူနှစ်ယောက်ကို ဆွဲထုတ်လာကြသည်။ ရုန်ပင်း၏ဖခင်က တစ်ယောက်ချင်း၏ အသက်ရှုသံကို စမ်းသပ်သည်။ သူက ဒဏ်ရာပြင်းထန်မှုနည်းသောလူကို ညွှန်ပြလိုက်သည်။
"ဒီတစ်ယောက်က အသက်ရှင်နေသေးပုံပဲ"
အခြားတစ်ယောက်သည်ကတော့ မီးသွေးခဲဖြစ်နေကာ သူ၏သေဆုံးမှုကလည်း အလွန်ကြောက်စရာကောင်းသောကြောင့် မည်သူမည်ဝါမှန်း ပြောရန်ခက်၏။
ဖေ့ခွင်းက စိတ်ထိခိုက်သွားသည်။ သူသည် လူတစ်ယောက်က ဤပမာဏအထိ လောင်ကျွမ်းထားပါက ကုသရန် ခက်ခဲမည်ကို သိ၏။ ဖေ့ခွင်းက လူ့ကျင့်၀တ်အရ စီစဉ်လိုက်သည်။
"မျှော်လင့်လို့ရ၊ မရသိရဖို့ ဆရာ၀န်ခေါ်ပြကြည့်ရအောင်"
လူတစ်ယောက်က အမြန်သွားခေါ်သည်။
အလောင်းတစ်လောင်း ကျန်သေး၏။
ဖေ့ခွင်းက လူတိုင်းကို ပြောလိုက်သည်။
"အိမ်ပြန်ပြီး ပျောက်နေတဲ့လူရှိမရှိပြန်ကြည့်ကြ။ ပြီးရင် ပြန်လာပြီး အတည်ပြုကြ"
ဖေ့လီက ရောထွေးနေသော ခံစားချက်များဖြင့် မြေပြင်ပေါ် လဲလျောင်းနေသောလူနှစ်ယောက်ကို ကြည့်လိုက်သည်။ အရပ်ပိုရှည်သောလူက ဖေ့ယွမ်၀န်ဖြစ်ပြီး အခြားလူက ဖေ့ရှီဖြစ်ပုံရ၏။
ကံကောင်းစွာဖြင့် ဖေ့ယွမ်၀န်က အသက်ရှင်နေသေးသည်။ သို့သော် သူနိုးထ၊ မထဆိုသည်မှာ မသေချာပေ။
သူမက လူအုပ်ကြီးဘက်သို့ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ ဖေ့တာ့ဖေး၏ဘေးတွင် တိုးကပ်နေသော ဖေ့ယွမ်ကျဲကို ရုတ်တရက်တွေ့လိုက်၏။ သူမသည် ကြောက်ရွံ့ကာ စက်ဆုပ်ရွံရှာနေသည့်ပုံ ပေါ်နေ၏။
နောက်မိနစ်အနည်းငယ်အတွင်း လူတိုင်းက မီးလောင်သည့်လူများ၏ သရုပ်မှန်ကို သိကြတော့မည်ဖြစ်သည်။ ဖေ့ယွမ်၀န်က မသေသေးသောကြောင့် သူမကို တစ်ဖန်ပြန်တိုက်ခိုက်မည်ကို ကြောက်ရွံ့နေပုံပင်။ ဖေ့လီက ဇာတ်တူသားစားကြသည့်တိုက်ပွဲ၏ အခွင့်အရေးကို လွဲချော်ခွင့်မပြုနိုင်ပေ။
ဖေ့လီက ထိုလူနှစ်ယောက်ကို စောင့်ကြပ်နေသော ရွာသားများဆီသို့သွားကာ တိုးတိုးတိတ်တိတ် ပြောသည်။
"ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်။ ဆရာ၀န်ကလွဲပြီး ဘယ်သူမှ သူတို့နား ကပ်မနေသင့်ဘူး။ မဟုတ်ရင် နောက်ထပ်ဒဏ်ရာ ထပ်ရနေမယ်"
သူတို့ထဲတွင် ဖေ့ရုန်ဖူလည်းပါရှိသည်။ သူက ဦးစွာခေါင်းညိတ်သည်။
"မစိုးရိမ်နဲ့ သေချာပေါက်မကပ်စေရဘူး"
ခဏနေလျှင် ဆရာ၀န်က အပြေးအလွှားရောက်လာကာ သူ့ကိုအမြန်စစ်ဆေးသည်။ ဆရာ၀န်၏ နဖူးက ပိုပိုတွန့်လာ၏။
"မကောင်းတော့ဘူး ဒီလူက အသက်ရှင်နေသေးတာမှန်ပေမဲ့ သူ့ကို ကျွန်တော်မကုနိုင်ဘူး။ မြို့တော်က ဆေးရုံကြီးကို ပို့ရင်တော့ ကယ်လို့ရနိုင်သေးတယ်"
သူ့စကားဆုံးပြီးနောက် အိမ်ပြန်သွားသော်လည်း ဖေ့ယွမ်၀န်ကို မတွေ့ခဲ့သည့် ဖုန်းဟွေ့က အလောတကြီး အော်ခေါ်သည်။
"ယွမ်၀န် ယွမ်၀န် သားဘယ်မှာလဲ"
ဖေ့တာ့ဖေးက ပျော်ပွဲရွှင်ပွဲကို ကြည့်နေ၏။ သို့သော် ဇနီးဖြစ်သူ၏အော်သံကို ကြားသောအခါ စိုးရိမ်သောက ဖြစ်လာသည်။
"ယွမ်၀န် အိမ်မှာမရှိဘူးလား"
ဖုန်းဟွေ့က သားဖြစ်သူ မြေပြင်ပေါ်လဲနေသည်ကို မယုံကြည်နိုင်ဘဲ ပြင်းပြင်းထန်ထန်ငိုကြွေးသည်။ သူမက သူမအနားရှိလူကိုမေးသည်။
"ယွမ်၀န်ကိုများ မြင်မိသေးလား"
သူမ ဆုပ်ကိုင်ထားသောလူသည် စကားသံမထွက်ရဲပေ။
ဒီနေရာတွင် ရွာထဲမှ လူငယ်၊ လူလတ်အားလုံးနီးပါး ရှိကြသည်။ သင် ထိုလူကို ရှာမတွေ့ပါက ထိုလူသည် မြေပြင်ပေါ်လဲနေခြင်း ဖြစ်နိုင်၏။
သူမပြောသံကိုကြားပြီးနောက် ဖေ့ခွင်က မြေပြင်ပေါ်ကလူကို သေချာကြည့်လိုက်သည်။ သူက ထိုလူသည် ဖေ့ယွမ်၀န်နှင့်တူသည်ဟု ထင်သော်လည်း ဖေ့စုံတွဲသည် ၀မ်းနည်းနေကြ၏။ ထို့ကြောင့် အနှောင့်အယှက် မပေးရဲဘဲ အတည်ပြုခိုင်းလိုက်သည်။ သူက ဖေ့ယွမ်ကျဲကို လက်ဝှေ့ယမ်းကာ ခေါ်လိုက်သည်။
"ယွမ်ကျဲ သမီးအစ်ကိုကို ဘယ်ချိန်က နောက်ဆုံးမြင်လိုက်တာလဲ"
ဖေ့ယွမ်ကျဲက ငိုလျက်ရှေ့သို့ထွက်လာသည်။
"ညစာစားပြီးချိန်ကပါ။ သမီးကို သူ သွားအိပ်တော့မယ်လို့ပြောခဲ့တာ။ အဲတည်းက မတွေ့တော့တာပါ"
ဖေ့ခွင်းက သက်ပြင်းချသည်။
"တာ့ဖေး မင်းတို့နှစ်ယောက် အရင်လာခဲ့ဦး။ သူအသက်ရှင်နေသေးတယ်။ ဆေးရုံပို့ရင် အသက်ရှင်နိုင်သေးတယ်"
ဖုန်းဟွေ့က မျှော်လင့်ချက်မှိန်မှိန်လေးကို လက်ကိုင်ထားကာ အတည်ပြုရန် ယောက်ျားဖြစ်သူနှင့်အတူ လျှောက်လာသည်။
ဖေ့လီက သူတို့မိသားစုသုံးယောက် လျှောက်လာသည်ကိုမြင်သောအခါ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
ဖေ့ယွမ်ကျဲက စိတ်ထဲတွင် ဒေါသထွက်နေသည်။ သို့သော် သူမ၏မျက်ရည်များသည် ရပ်တန့်ခြင်း မရှိပေ။ သူမက အလောတကြီးသွားကာ အသုဘပို့သူတစ်ယောက်ကဲ့သို့ ငိုကြွေးသည်။ အစ်ကိုဖြစ်သူကိုလည်း အဆက်မပြတ် ခေါ်နေ၏။
"အစ်ကို အစ်ကိုဘာဖြစ်တာလဲ"
"ဘာလို့ မကောင်းတဲ့ဘက်က တွေးနေတာလဲ"
ဖေ့လီက အချိန်မီမြင်လိုက်သည်။ သူမက ငိုယိုခြင်းကို အကြောင်းပြကာ ဖေ့ယွမ်၀န်ကို သေစေနိုင်သည့်ရိုက်ချက် ပေးမည်ကို စိုးရိမ်၏။ ထို့ကြောင့် ရှေ့သို့သွားကာ သူငယ်ချင်းကောင်းတစ်ယောက်ကဲ့သို့ ဖေ့ယွမ်ကျဲကို ဆုပ်ကိုင်လိုက်သည်။
"အရမ်း၀မ်းနည်းမနေပါနဲ့။ ယွမ်၀န်အသက်ရှင် မရှင်က သေချာသေးတာမှမဟုတ်တာ"
ဖေ့ယွမ်ကျဲက ဆုပ်ကိုင်ထားခံရသောကြောင့် ရှေ့ဆက်သွားမရတော့ပေ။
ဖေ့တာ့ဖေးက ဖေ့လီပြောသည်ကိုကြားသောအခါ ဖေ့ယွမ်ကျဲက သားဖြစ်သူ သေဆုံးသည်ကို ယုံကြည်ကာ ငိုနေသည်ဟု ခံစားလိုက်ရသည်။ သူက ဖေ့ယွမ်ကျဲကို လျင်မြန်စွာ ရိုက်လိုက်သည်။
"နင် ကောင်းတာလေးများ မျှော်လင့်လို့မရဘူးလား"
...