အပိုင်း (၂၇) မုန်တိုင်း
ဖေ့လီက သူမ၏အကြည့်တို့ကို ရုပ်သိမ်းလိုက်ပြီး သူတို့ကိုထိုင်ရန် ဖိတ်ခေါ်သည်။ သူမက ယဉ်ကျေးစွာ မေး၏။
"ရှင်တို့ ဘာမှာချင်ကြလဲ"
တင်းဖန်က နံရံပေါ်ကအစားအသောက်စာရင်းကို ကြည့်လိုက်ပြီး ယွမ်ရှောက်ကိုသာ လက်လွှဲပေးလိုက်သည်။
"ဆရာယွမ် မင်းက ရင်းနှီးတယ်ဆိုတော့ မင်းပဲ မှာလိုက်ပါ”
ယွမ်ရှောက် ဟင်းပွဲအမည်များကို ထုတ်ပြောသည်။
"တို့ဟူးပေါက်စီနှစ်လုံး၊ အသားပေါက်စီနှစ်လုံး၊ လက်ဖက်ကြက်ဥနှစ်လုံးနဲ့ မုန်လာဥစွပ်ပြုတ်နှစ်ပွဲ ပေးပါ"
"ဟုတ်ကဲ့။ ခဏစောင့်ပေးပါ"
ဖေ့လီက မီးဖိုခန်းသို့ ပြန်လာကာ အစားအသောက်များကို လျင်မြန်စွာ ပြင်ဆင်၍ ယူလာခဲ့သည်။
"အေးအေးဆေးဆေး စားကြပါ"
ယွမ်ရှောက်က တင်းဖန်ကို တူတစ်စုံပေးလိုက်သည်။
"ဒီက ပေါက်စီနဲ့ စွပ်ပြုတ်က တော်တော်စားကောင်းတယ် စားကြည့်"
တင်းဖန်က ပေါက်စီတစ်လုံးကိုယူကာ ကိုက်သည်။ ပါးစပ်ထဲတွင် တို့ဟူးတို့က နူးညံ့ပျော့ပျောင်းနေသည်။ ကြာဇံတို့သည်လည်း နူးနူးညံ့ညံ့နှင့် မွှေးပျံ့နေသည်။ သူ့ပါးစပ်ထဲတွင် အမွှေးရနံ့တို့ စွဲကျန်ပြီး အနည်းငယ် စပ်နေ၏။ တစ်ကိုက်စားပြီးနောက် နောက်တစ်ကိုက် စားချင်လာ၏။ သူ့မျက်လုံးတို့ တောက်ပလာကာ အကြိမ်အနည်းငယ် ကိုက်လိုက်ပြီးနောက် ကုန်သွားသည်။ သူက ချီးကျူးလိုက်သည်။
"စားကောင်းလိုက်တာ"
ဤအကြိမ်သည် ယွမ်ရှောက်အတွက် ပထမဆုံးစားဖူးသည့် အကြိမ် မဟုတ်ပေ။ ပေါက်စီအရသာသည် မပြောင်းလဲသော်လည်း မှော်ဖြင့် ပြုလုပ်ထားသကဲ့သို့ စားပြီးရင်းစားချင်နေသည်။ သူက ပြုံးကာပြောလိုက်သည်။
"စားကောင်းရင် များများစား။ ငါရှင်းမယ်"
တင်းဖန်က အသားပေါက်စီတစ်လုံးကို ထပ်ယူကာ စားသည်။
ဖေ့လီက ကောင်တာတွင်မှီနေ၏။ သူမက တင်းဖန်ကို ခိုးကြည့်ပြီး ကျိုးရှန်ချီကို တိုးတိုးပြောလိုက်သည်။
"သူက ရှင်နဲ့ တူတယ်လို့ မထင်ဘူးလား"
ကျိုးရှန်ချီက ခေါင်းမော့ကာ ကြည့်သည်။
"အင်း နည်းနည်းပေါ့"
"ဖေ့ယွမ်ကျဲက သူ့ကို ရှင်နဲ့တူလို့ ရွေးလိုက်တာနေမယ်"
ကျိုးရှန်ချီက နားမလည်ဘဲဖြစ်သွားကာ
"ဘာလို့လဲ"
ဖေ့လီက သူ့ကိုတွန်းတိုက်လိုက်ပြီး ရိုးသားဖြောင့်မတ်သည့်လူဟု တွေးလိုက်သည်။
"သူက ရှင့်ကိုကြိုက်နေတာလေ မသိဘူးလား။ အရင်တစ်ခါ ကျွန်မ ရှင့်လက်ကို ကိုင်တုန်းကတောင် ဒေါသတွေထွက်ပြီး မျက်နှာတွေနီနေတာ"
ကျိုးရှန်ချီက စိတ်မပါသည့်အမူအရာဖြင့် "အိုး"ဟုသာ ပြန်ဖြေသည်။
ဖေ့လီက နှုတ်ခမ်းတို့ကို ကွေးလိုက်ပြီး တင်းဖန်ကို ဆက်လက်လေ့လာသည်။ သူမက အကြံတစ်ခု ရသွားပြီး ၀မ်ချွေလန်ကို အမြန်သွားရှာသည်။
တင်းဖန်က စွပ်ပြုတ်သောက်နေသည်။ သူ၏မျက်လုံးထောင့်မှ ဖေ့လီတို့နှစ်ယောက် စနောက် ကျီစယ်နေခြင်းကို မြင်လိုက်ရသည်။ သူက ယွမ်ရှောက်ကို မေးသည်။
"သူတို့က မောင်နှမတွေလား"
ယွမ်ရှောက်က ကျယ်လောင်စွာ ရယ်ပြီး
"မင်းစာဖတ်လွန်ပြီး တုံးအသွားတာလား။ သူတို့က လင်မယားတွေ"
တင်းဖန်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ထို့နောက် လက်ဖက်ကြက်ဥကို တိတ်တဆိတ် အခွံနွှာကာ စားသည်။
သူတို့ စားသောက်တာ တစ်၀က်ကုန်သွားပြီဖြစ်သောကြောင့် ဖေ့လီက ၀မ်ချွေလန်ကို လျင်မြန်စွာ ခေါ်လိုက်သည်။
"အမေ အမေနဲ့ ဖေ့ယွမ်ကျဲက တစ်ရွာတည်းသားချင်းတွေမို့ သူရွာလာတုန်းက တွေ့လိုက်ကြောင်း သွားပြောလိုက်ပါလား။ ပြီးရင် ခဏလောက်စကားပြောပြီး သူ့ဆီက သတင်းလေး၊ ဘာလေး ယူခဲ့လို့ရတယ်"
၀မ်ချွေလန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။ သူမက မုန်လာဥခြောက်တစ်ပန်းကန်ကို ယူကာ သူတို့နှစ်ယောက်ကြားတွင် ချလိုက်သည်။
"ဆရာယွမ် ဆရာ့အတွက် မုန်လာဥခြောက်အပို ပေးတာပါ။ ဒါနဲ့စားရင် ပိုစားကောင်းတယ်"
ယွမ်ရှောက်က ကျေးဇူးတင်စကားပြောလိုက်သည်။ တင်းဖန်ကလည်း မော့ကြည့်ကာ ကျေးဇူးတင်ကြောင်း ပြောသည်။
၀မ်ချွေလန်က တင်းဖန်သည်လည်း ဆိုင်ထဲတွင်ရှိကြောင်းကို ယခုမှ သတိထားမိဟန် ပြုမူလိုက်သည်။ သူမက အလွန်အံ့အားသင့်စွာ ပြောလိုက်သည်။
"ကောင်လေး မင်းက ယွမ်ကျဲရဲ့ရည်းစားမလား။ မင်းငါတို့ ရွာကိုလာတုန်းက တွေ့လိုက်မိသေးတယ်"
တင်းဖန်က ထိုအမည်ကို ကြားသောအခါ မှင်တက်သွားသည်။ သူက ငြင်းဆန်ရမည်လော သဘောတူရမည်လောဖြင့် ဝေခွဲမရဖြစ်နေသည်။ ထို့ကြောင့် အင်တင်တင်နှင့် ပြောလိုက်သည်။
"မင်္ဂလာပါ"
၀မ်ချွေလန်က တုံ့ဆိုင်းခြင်းမရှိဘဲ ထိုင်လိုက်ကာ ချီးမွမ်းပြောဆိုသည်။
"မင်းက အတော်လေး ချောတာပဲ။ မင်းနဲ့ ယွမ်ကျဲတို့ လက်ထပ်တော့မှာဆို"
တင်းဖန်က ကပျာကယာဖြင့် ငြင်းဆိုသည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး"
"ဘာလို့ မဟုတ်တာလဲ"
၀မ်ချွေလန်က အကြောင်းအရာကို ဆက်လက်တွန်းပို့လိုက်သည်။
"အဒေါ်ကြားတာတော့ ယွမ်ကျဲအမေက သူ့သမီးအတွက် စောင်ချုပ်ပေးနေပြီတဲ့"
တင်းဖန်က တူကိုချကာ အလေးအနက်ရှင်းပြလိုက်သည်။
"သူမအစ်ကိုနဲ့ ကျွန်တော်က အလယ်တန်းတုန်းက ကျောင်းနေဖက်တွေပါ။ သူ မိတ်ဆက်ပေးပြီးတဲ့နောက် လေး၊ ငါးခါတော့ တွေ့ဖူးပါတယ်။ ဒါပေမဲ့ ချစ်သူရည်းစားဆက်ဆံရေးမျိုး မဟုတ်လို့ လက်ထပ်ဖို့ကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး"
၀မ်ချွေလန်က ၀မ်းသာစွာ ပြုံးလိုက်သည်။
"မင်းတကယ် မစဉ်းစားတော့ဘူးလား။ ယွမ်ကျဲက ငါတို့ရွာရဲ့ အကောင်းဆုံးမိန်းကလေးနော်။ အောင်သွယ်တော်တွေဆို တစ်လမှာ ရက်သုံးဆယ်လုံး စီတန်းနေရတာ"
ထိုစကားကို ကြားသောအခါ တင်းဖန်သည် သူ့တွင် ထိုအတွေးမျိုး မရှိကြောင်း စဉ်းစားလိုက်သည်။ သူသည် မိန်းကလေးတစ်ယောက်၏ ကံကြမ္မာကို နှောင်းနှေးစေ၍ မဖြစ်ပေ။
"တကယ် အဲ့လိုဆက်ဆံရေး မဟုတ်ပါဘူး။ ကျွန်တော် မနက်ဖြန်သွားပြီး ရှင်းရှင်းလင်းလင်း လုပ်လိုက်ပါ့မယ်"
၀မ်ချွေလန်က ၀မ်းနည်းဟန် ပြုမူလိုက်ပြီး ထရပ်သည်။ ထို့နောက် မီးဖိုခန်းသို့ ပြန်သွားကာ ပြင်းပြင်းထန်ထန် ရယ်သည်။
"ယွမ်ကျဲဆိုတဲ့ကောင်မလေးကပဲ စိတ်၀င်တစား ဖြစ်နေရှာတာပါ။ ရယ်ရလွန်းလို့ သေတော့မှာပဲ ငါတော့"
ဖေ့လီကလည်း နှုတ်ခမ်းတို့ကို ကွေးလိုက်သည်။ လက်ထပ်ပွဲ ပျက်သွားပါက ဖေ့ယွမ်၀န်သည် ညီမဖြစ်သူအတွက် ကျိုးရှန်ချီနှင့် တူသောလူ နောက်တစ်ယောက်ကို ဘယ်ကရှာပေးဦးမည်မသိပေ။
ယနေ့တွင် ပေါက်စီအများအပြား မပြုလုပ်သောကြောင့် ညစာစားပြီးချိန်လောက်တွင် အစားအသောက်များ ရောင်းကုန်သွားသည်။ ဖေ့လီက ငွေများကို ရေတွက်သည်။ ယမန်နေ့ကထက် ၆ယွမ်နှင့် ပြား၅၀လျော့ သော်လည်း ဆိုးရွားနေသည် မဟုတ်ပေ။ သူတို့မိသားစုသည် ရိုးရှင်းသော ခေါက်ဆွဲပြုတ်ပူပူလေးကိုသာ စားလိုက်ကြပြီး နောက်တစ်နေ့အတွက် လိုအပ်သည်များကို ပြင်ဆင်ကြသည်။
အလုပ်ခေါ်စာအတွက် လာလျှောက်သူ မရှိပေ။ ဤမြို့လေးတွင် စာမတတ်သူ များပြားသောကြောင့် နားမလည်ကြခြင်း ဖြစ်လောက်သည်။ ဖေ့လီက မနက်ဖြန်တွင် ကြော်ငြာရန် စီစဉ်လိုက်သည်။
တစ်လ၂၅ယွမ်သည် စက်ရုံတွင်လုပ်သော ကျွမ်းကျင်အလုပ်သမားတို့ထက် ၈ယွမ်ပိုများသည်။ အနည်းငယ် ကြော်ငြာလိုက်လျှင် တစ်ယောက်ယောက်တော့ သေချာပေါက် လာလျှောက်မည်ပင်။
အစားအသောက်များကို ငါးရက်တစ်ကြိမ် ပြောင်းလဲရောင်းချမည်ဖြစ်ရာ အစားအသောက် စာရင်းအသစ်ကို စဉ်းစားရန်နှင့် သူမ ၀ယ်ယူခဲ့သည်များကို အသုံးပြုရန် အချိန်ကျပြီဖြစ်သည်။
ဖေ့လီက မှိုနှင့် အသီးအရွက်ပေါက်စီ၊ ၀က်သားနှပ်ပေါက်စီနှင့် ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်ကို ပြောင်းလဲရောင်းချရန် စီစဉ်သည်။ အချိုပွဲအဖြစ် ခရမ်းရောင်ကန်စွန်းဥမုန့် လုပ်မည်ဖြစ်သည်။
လက်သမားဆရာကို ပြုလုပ်ခိုင်းခဲ့သောပန်းပွင့်ပုံများကို ပဲနီကိတ်လုပ်ရာတွင် အသုံးပြုရန် စီစဉ်သည်။
ညစာစားပြီးနောက် သူတို့မိသားစုသည် အိမ်ပြန်ကြသည်။ ဖေ့လီနှင့်၀မ်ချွေလန်သည် မနက်ဖြန်၌ ပြုလုပ်မည့်အရာများကို ဆွေးနွေးနေကြစဉ် ဖေ့ရုန်ဖူက တွန်းလှည်းကို အခက်အခဲမရှိ ဆွဲနေသည်။ နှင်းများပေါ်သို့ ဖြတ်သွားသည့် လှည်းဘီးသံများလည်း ထွက်ပေါ်နေသည်။
လမ်းမကြီးပေါ်တွင် တစ်ချက်မျှကြည့်ရုံဖြင့် လူမည်မျှသွားလာနေသည်ကို သိနိုင်၏။ ဖေ့လီတို့သည် သူမတို့ရှေ့သို့ ရောက်လာသော လူနှစ်ယောက်ကြောင့် ရုတ်တရက် ရပ်တန့်သွားကြသည်။ ဖေ့လီက ကြည့်လိုက်သောအခါ ထိုလူများကို ရှင်းရှင်းလင်းလင်းမြင်လိုက်၏။ ဖေ့ရုန်ရှင်းနှင့် သူ့ဇနီးပင်။
ဖေ့ရုန်ရှင်းက တွန်းလှည်းကို ကူတွန်းရန် ဟန်ပြင်လိုက်သည်။ သူက လှည်းပေါ်က ကျိုးရှန်ချီကို ကြည့်ကာ လှည်းပေါ်ခင်းထားသောစောင်ကို ကိုင်ကြည့်လိုက်သည်။ သူသည် စိတ်ထဲတွင် မကျေမနပ် ပြောလိုက်သည်။
'လူခြုံရုံတင်မကဘဲ လှည်းပေါ်မှာတောင် ခင်းထားသေးတယ်ပေါ့။ ငါတို့မှာတော့ အိပ်ရာခင်းဖို့နဲ့ ခြုံဖို့လောက်ပဲရှိတယ်'
သူက မနှစ်မြို့မှုတို့ကို ဖုံးကွယ်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
"နေ့တိုင်း တွန်းလှည်းဆွဲရတော့ ပင်ပန်းနေမှာပေါ့"
ဖေ့ရုန်ဖူက စိတ်ထဲမထားပေ။
"အဆင်ပြေပါတယ်။ သိပ်မလေးပါဘူး။ အစ်ကိုတို့လည်း အိမ်ပြန်ကြမလို့လား"
ဖေ့ရုန်ရှင်း၏အသံသည် မကြည်မသာဖြစ်နေသည်။
"ဟုတ်တယ် ပြန်ကြတော့မလို့။ စီးပွားရေးကတော့ မင်းတို့လောက်မကောင်းပါဘူးကွာ"
ဖေ့လီက ဖေ့ရုန်ရှင်း မျက်ဖြူလှန်လိုက်သည်ကိုမြင်သောကြောင့် ကောင်းသည့်အကြောင်းအရာ မဟုတ်မှန်း သိလိုက်သည်။ သူမသည် သူ၏စကားများကို သဘောမကျပေ။ လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်စွမ်းရည်ကို အသုံးပြုကာ ငွေရှာကြခြင်းဖြစ်သည်။ သူမတို့မိသားစုသည် ယခင်ကကဲ့သို့ ပေါက်စီ မရောင်းတော့သော်လည်း ဖေ့ရုန်ရှင်းက မနာလိုနေဆဲ ဖြစ်သည်။ ဖေ့လီက ချက်ချင်း ပြန်ပြောလိုက်သည်။
"သမီးတို့ကသာ ဦးလေးတို့လောက် ရောင်းမကောင်းတဲ့သူတွေပါ"
ဖေ့ရုန်ရှင်းက ဖေ့လီကို လှည့်ကြည့်လိုက်သည်။
ဖေ့ရုန်ဖူက တုံးအသည့်လူတစ်ယောက် ဖြစ်သည်။
"ဘာမဖြစ်ပါဘူး။ မိသားစုကို ထောက်ပံ့နိုင်ရင် တော်ရောပေါ့"
တုန်းယွင်က ၀မ်ချွေလန်၏လက်မောင်းကို ဖက်ကာ ပြောသည်။
"ချွေလန် နင်တို့ဆိုင်က ဘယ်လောက်နဲ့ ငှားထားတာလဲ"
၀မ်ချွေလန်သည် ဖေ့မိသားစုသို့ ရောက်လာကတည်းက ဤစုံတွဲကို ဆန့်ကျင်ခဲ့ခြင်း မရှိပေ။ သူမက ဖေ့လီထံမှ အကြည့်တစ်ချက် ရသောအခါ မဖြေမီ အချိန်ခဏယူလိုက်သည်။
"ငါတို့လည်း သူတို့ငှားတဲ့ဈေးနဲ့ ငှားလိုက်တာပါပဲ"
ဤသည်မှာ ပြန်မဖြေခြင်းနှင့် တူ၏။
'ဒီငတုံးမက ဘယ်တုန်းက ဉာဏ်ကောင်းသွားတာလဲ'
တုန်းယွင်က ၀မ်ချွေလန်၏လက်များကို ဆွဲကာ ဆက်မေးသည်။
"ဆိုင်ဖွင့်တာက အမြတ်အများကြီး ရတာလား။ ငါတို့လည်း ရှောင်ရှန်ကို လက်ထပ်ပေးဖို့ လုပ်နေတာ။အဲ့ဒါကြောင့် နင်တို့ဆီက အကူအညီလေး တောင်းမလို့။ ကြည့်လေ နင်တို့လီလီက လက်ထပ်ပြီးပြီဆိုတော့ ပိုက်ဆံကုန်စရာ မလိုတော့ဘူး"
၀မ်ချွေလန်က မပျော်တော့ပေ။
"အရင်နှစ်က ချေးသွားတဲ့ ငါးယွမ်ကိုတောင် အစ်မတို့ ပြန်မပေးသေးဘူးလေ"
တုန်းယွင်က စိုးရိမ်တကြီး ရှင်းပြသည်။
"ငါတို့လည်း ဘာမှမတတ်နိုင်ဘူး။ လက်ထဲ ငွေမှ မရှိတာ"
ဤအမျိုးသမီးက အဓိပ္ပာယ်မရှိပြောနေခြင်းပင်။ ဖေ့လီက ထိုကဲ့သို့သောလူမျိုးကို အမုန်းဆုံးဖြစ်သည်။ သူတို့သည် အများတကာထက် စကားပြောချိုကြပြီး လက်တွေ့အလုပ်လုပ်ရပါက တွန့်ဆုတ်နေကြသည်။
အခြေအနေကို ဆုံးဖြတ်ရလျှင် ဤနှစ်ယောက် ဖေ့ရုန်ဖူတို့ထံမှ မကြာခဏ ပိုက်ဆံချေးဖူးပုံ ရ၏။ သူတို့သည် သမီးတစ်ယောက်ထဲ ရှိသောကြောင့် ငွေကုန်ကျရန်မလိုဟု ပြောဆိုကာချေးငှားခဲ့ပုံပင်။
ဖေ့လီက ချက်ချင်း ခွန်းတုံ့ပြန်လိုက်သည်။
"သမီးတို့ မကူညီနိုင်ဘူး။ လက်ထပ်တယ်ဆိုတာ ငွေကုန်ခြင်းရဲ့အစပဲ။ ကြည့်လိုက်လေ ဒေါ်လေးတို့ တစ်ထပ်အိမ်လေးဆို လှပနေတာပဲ။ သမီးတို့ဆို ခုထိရွှံ့အိမ်နဲ့ပဲ နေရတာ။ ဟိုနားကျိုးလိုက် ဒီနားပဲ့လိုက်နဲ့"
ဖေ့ရုန်ဖူက တစ်ခုခု မှားနေသည်ကို နားလည်သွားသည်။
'ဟုတ်တယ် သူတို့ကသာ ပိုက်ဆံမရှိဘူးပြောနေတာ သူတို့အိမ်က တခြားအိမ်တွေထက် ပိုကောင်းနေရောပဲ'
သူက တစ်ဖက်သို့လှည့်ကာ မေးသည်။
"အစ်ကို ငွေငါးယွမ်ကို ဘယ်ချိန်ပြန်ပေးမှာလဲ"
'အစ်ကို ပိုက်ဆံချေးမဲ့အစား ပြန်ဆပ်ရမှာလေ'
ဘာကိုမျှ မရသောကြောင့် ဖေ့ရုန်ရှင်း၏ အမူအရာသည် ပို၍အကျည်းတန်လာသည်။
"ရှောင်ရှန်ရဲ့ လက်ထပ်ပွဲအတွက် ငွေလိုနေလို့ပါကွာ။ ငါတို့လည်း တကယ်မရှိသေးလို့ပါ"
ဖေ့လီက ထပ်ပြောသည်။
"အဲ့ဒီငွေကိုသာ ဘဏ်ထဲ ထည့်ထားရင် အတိုးရနေလောက်ပြီ။ ငွေဈေးက တဖြည်းဖြည်းကျနေတာ။ အရင်က ခေါက်ဆွဲတစ်ထုပ် ပြား၅၀နဲ့ရပေမဲ့ အခုဆို ပြား၆၀ဖြစ်နေပြီ"
ဆိုလိုသည်မှာ ယခင်နှစ်က ငါးယွမ်ဖြင့် ၀ယ်နိုင်သော ပစ္စည်းသည် ဤနှစ်တွင် ငါးယွမ်ဖြင့် ၀ယ်မရတော့ပေ။
ထိုစကားကိုကြားလျှင် ၀မ်ချွေလန်က သတိပေးလိုက်သည်။
"ငွေကို တတ်နိုင်သမျှ မြန်မြန်လေး ပြန်ပေးပါ။ အစ်မတို့မိသားစုလည်း ပေါက်စီရောင်းတာကနေ ငွေတော်တော် ရလောက်ရောပေါ့။ ဒီငါးယွမ် မရှိတော့တာနဲ့ ရှောင်ရှန်ရဲ့ မင်္ဂလာပွဲက ပျက်သွားမှာမှမဟုတ်တာ"
တုန်းယွင်၏ သွားများ ကျိုးမတတ်ဖြစ်သွားသည်။ သူတို့စဉ်းစားသည့်အတိုင်းဆိုရလျှင် ဤငါးယွမ် မရှိသည်နှင့် သူတို့မိသားစု သေမသွားနိုင်ပေ။ သို့သော် ထိုမိသားစုသည် သူမတို့ကို ဖြည်းဖြည်းချင်း သတ်နေကြသည်။
ဖေ့ရုန်ရှင်းက သည်းမခံနိုင်ဘဲ ပြောလိုက်သည်။
"ဘာလို့ အတင်းပြန်တောင်းနေတာလဲ"
၀မ်ချွေလန်က ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားပြီး တုန်းယွင်ကို တွန်းဖယ်လိုက်သည်။
"အစ်ကိုကြီးက ဘာကိုပြောချင်တာလဲ။ ပိုက်ဆံချေးပြီး ပြန်မပေးဘဲ ဒီတိုင်းထားချင်တာလား"
ဖေ့ရုန်ရှင်းက ဒေါသထွက်သွားသည်။
"စကားကို ကောင်းကောင်း ပြောလို့မရဘူးလား"
၀မ်ချွေလန်က သူ့ကိုရိုက်ရန် ရှေ့သို့လှမ်းလိုက်သည်။ ဖေ့ရုန်ဖူက လှည်းဆွဲနေခြင်းကို ရပ်ကာ အစ်ကိုဖြစ်သူကို ကြည့်လိုက်သည်။သူက ရိုက်နှက်လိုက်မည်ကို စိုးရိမ်နေ၏။ ကျိုးရှန်ချီက လှည်းပေါ်က သစ်သားချောင်းကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ပြီး အခြေအနေကို လေ့လာနေသည်။
ဖေ့လီက ပျော်မြူးသောအမူအရာဖြင့် ကြည့်လိုက်သည်။
လေထုသည် တင်းမာနေပြီး ပေါက်ကွဲရန် အသင့်ဖြစ်နေသည်။ နောက်တစ်စက္ကန့်အတွင်း ရန်ဖြစ်ကြတော့မည့်ပုံပင်။
တုန်းယွင်က အခြေအနေ မကောင်းသည်ကို တွေ့လိုက်သည်။ သူမက အကြွေးပြန်မဆပ်လျှင် မည်သည့်အကျိုးအမြတ်မှ ရမည်မဟုတ်ကြောင်းကို သိ၏။ နှစ်ယောက်နှင့် သုံးယောက် ဖြစ်နေသောကြောင့် အမှန်တကယ် ရန်ဖြစ်ပါက သူမတို့အနိုင်ရမည်မဟုတ်ပေ။ သူမက ယောက်ျားဖြစ်သူကို အလျင်အမြန်ဆွဲကာ ၀မ်ချွေလန်ကို ဖျောင်းဖျသည်။
"စိတ်မဆိုးပါနဲ့ စိတ်မဆိုးပါနဲ့နော်"
၀မ်ချွေလန်က ဖေ့ရုန်ရှင်း၏ လက်သီးဆုပ်ကို မြင်လိုက်သည်။ တုန်းယွင်သာ မဆွဲပါက ပြင်းထန်သည့် ထိုးချက်တစ်ခုသည် သူမအပေါ် ကျရောက်လာမည် ဖြစ်သည်။ အားကောင်းမောင်းသန် ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ရိုက်နှက်မည့်အကြောင်း တွေးလိုက်သောအခါ သူမက ဒေါသခြောင်းခြောင်းထွက်လာပြီး အော်ပြောလိုက်သည်။
"ဒီအပတ် ငွေငါးယွမ် ပြန်ပေးရင်ပေး၊ မပေးရင် ရွာလူကြီးကိုဖြေရှင်းခိုင်းမှာ"
တုန်းယွင်က ပြန်ပြောသည်။
"ငါတို့သေချာပေါက် ပြန်ပေးမှာပါ။ ငွေအလုံအလောက်စုပြီးရင် ပြန်ပေးပါ့မယ်"
ထိုသို့ပြောပြီးနောက် ဖေ့ရုန်ရှင်းကို ဆွဲခေါ်ကာ ထွက်သွားသည်။
အပြန်လမ်းတွင် ၀မ်ချွေလန်က ဖေ့မိသားစုအတွက် ပြုလုပ်ပေးခဲ့သည်များကို တွေးတောက ဒေါသထွက်နေ၏။ သူမက အဘွားဖေ့ကိုပင် ကြိမ်းမောင်းလိုက်သည်။
"အကုန်လုံး အဘွားကြီးကြောင့်ပဲ။ သူအဆုံးစွန်ထိ ဘက်လိုက်လို့ဖြစ်တာ။ သူတို့က အမြဲတမ်း မလေးမစားနဲ့"
အဘွားဖေ့သည် ဖေ့ရုန်ဖူ၏ ပျော့ကွက် ဖြစ်သည်။ သူက သက်ပြင်းချလိုက်ပြီး လျင်မြန်စွာ ပြောသည်။
"အခုဆို အဘွားဖေ့က ဘယ်ကိစ္စကိုမှ ၀င်ပါတော့တာ မဟုတ်ဘူး။ ဘာလို့ သူ့သွားပြောနေတာလဲ"
၀မ်ချွေလန်က ဒေါသတကြီး ပြောနေခြင်းကို ရပ်တန့်လိုက်သည်။
စာအုပ်ထဲကို ရောက်လာကတည်းက ဖေ့လီသည် အဘွားဖေ့နှင့် မတွေ့ရသေးပေ။ သူမသည် လူကောင်း မဟုတ်မှန်း သိသာလှသည်။
ဖေ့ရုန်ရှင်းနှင့်ဇနီးတို့ အိမ်ပြန်ရောက်လျှင် တိုင်တန်းပြောဆိုကြမည်မှာ မလွဲဧကန်ပင်။
ဖေ့လီက မည်သူ့ကိုမျှ ကြောက်ရွံ့ပေ။ ထိုအရာသည် သူမအတွက် အဘွားဖေ့၏နည်းလမ်းများကို သိနိုင်သည့် အခွင့်အရေး ဖြစ်သည်။
ဤနေ့သည် ဆိုင်ဖွင့်သည့် သုံးရက်မြောက်နေ့ဖြစ်ပြီး ဖေ့လီက အလွန်အလုပ်များနေသည်။ ဟင်းပွဲများ တည်ခင်းပြီးလျှင် အလုပ်သမားအသစ်ရရန် မျှော်လင့်ချက်ဖြင့် စားသုံးသူများကို ဆိုင်၏ အလုပ်သမား လစာအကြောင်း ပြောရန် အားလပ်ချိန်တစ်ခုရှာရမည်ဖြစ်သည်။
အားလပ်ခြင်းမရှိသောမနက်ခင်းတစ်ခု ကုန်ဆုံးပြီး မကြာမီတွင် နေ့လယ်ခင်းသို့ ရောက်လာသည်။ ဖေ့မိသားစုသည် ဆိုင်သန့်ရှင်းရေး လုပ်နေကြသည်။
ဖင်းနန်ရွာရှိ ဖေ့တာ့ဖေး၏အိမ်သို့ တင်းဖန်က လက်ဆောင်ပစ္စည်းများနှင့် ရောက်လာသည်။ ထိုပစ္စည်းများသည် တစ်မိသားစုလုံးကို ပြုံးရွှင်စေ၏။ သူတို့သည် မင်္ဂလာကိစ္စ ဆွေးနွေးရန် လာသည်ဟု တွေးထင်နေကြသည်။
ဖေ့ယွမ်ကျဲက ပျော်ရွှင်စွာ မျက်နှာသစ်ပြီးနောက် ဖြီးလိမ်းပြင်ဆင်ရန် မှန်ရှေ့ထိုင်လိုက်သည်။သူမက အနီရောင်ဂွမ်းသားအနွေးထည်ကို ၀တ်လိုက်ပြီး ဖွတ်မြီးကျစ်ထားသောဆံပင်များကို ဖြေချလိုက်သည်။ ထို့နောက် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
သူမ၏ စိတ်ကူးထဲတွင် တင်းဖန်၏မျက်လုံးများကို တောက်ပအောင်လုပ်မည်ဟု တွေးလိုက်သည်။
...