အပိုင်း (၂၁) ရက်စက်ကြမ်းကြုတ်သော
နှမ်းယိုကို ဈေးကွက်တွင် ဖြန့်ချိတော့မည်ဖြစ်သောကြောင့် ဤရက်များအတွင်း ကျောင်းကျွယ်က အလွန်အလုပ်များနေသည်။ သူသည် နေ့လယ်စာပြန်လာစားရန်ပင် အချိန်မရှိပေ။ ဖေ့လီက အကြာကြီး မနေတော့ဘဲ သူ့အတွက် စာချန်ခဲ့ကာ ပြန်လာသည်။
ကျောင်းမိသားစု၏အိမ်မှ ထွက်ခွာလာပြီးနောက် ဖေ့လီက လက်သမားဆရာဆီသွားကာ ဆိုင်၏နာမည်ကို ထွင်းထုခိုင်းသည်။ စာလုံးများကို ရွှေရောင်ဖြင့် ရေးပေးရန်လည်း မှာကြားခဲ့သည်။ ဆိုင်အမည်ကို 'ရွှမ်းလီစားသောက်ဆိုင်'ဟုတရား၀င် ခေါ်တွင်စေသည်။
လက်သမားဆရာ၏ အမည်သည် တိန့်ဖုန်းဖြစ်သည်။ သူသည် လက်သမားအလုပ်ကို ဆယ်စုနှစ်များစွာ လုပ်ကိုင်လာသည်ဖြစ်ရာ ဖေ့လီ၏ဆိုလိုရင်းကို လျင်လျင်မြန်မြန် သဘောပေါက်၏။
"စရံက ပြား၅၀ပါ"
ဖေ့လီက မေးလိုက်၏။
"ဘယ်ချိန်လောက်ရနိုင်မလဲ ဆရာ"
"အနည်းဆုံးကတော့ သုံးရက်လောက်နေရင်ပေါ့"
"မြန်မြန်လေး လုပ်ပေးလို့ရမလား။ သန်ဘက်ခါလောက် လိုချင်လို့ပါ။ ကျွန်မ ပြား၂၀ ပိုပေးမှာပါ"
တိန့်ဖုန်က ချောင်းဟန့်ကာ ဤညတွင် အချိန်ပိုဆင်း၍ရသည်ဟု တွေးလိုက်ပြီးနောက် သဘောတူလိုက်သည်။
"ကောင်းပြီလေ"
ဖေ့လီက ခေါင်းညိတ်ပြကာ စရန်ပေးချေသည်။ ထို့နောက် ဆိုင်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူမက သစ်သားဖြင့် ပြုလုပ်ထားသော ခွေးရုပ်တစ်ခုကို မြင်လျှင် ရုတ်တရက် စိတ်ကူးတစ်ခုရသွားသည်။
"ဆရာ ကျွန်မကို ပန်းပွင့်ပုံစံလေးတွေ လုပ်ပေးလို့ရမလား"
"ဟမ်"
တိန့်ဖုန်းက နားမလည်သည့်ပုံ ပေါက်နေ၏။
ဖေ့လီက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း စာရွက်နှင့်ဘောပင်ကို မတွေ့ချေ။ ထို့ကြောင့် သူမက တုတ်ချောင်းတစ်ခုကောက်ကာ မြေပြင်ပေါ် ဆွဲပြလိုက်သည်။
တိန့်ဖုန်း၏ခြံ၀င်းသည် သာမန်ရွှံ့မြေပြင် ဖြစ်သည်။ ဖေ့လီက မြေပြင်ပေါ်တွင် အခြစ်အနည်းငယ် ခြစ်လိုက်သည်။ မကြာမီတွင် ပွင့်ချပ်ငါးခုပါသော ပန်းပွင့်ပုံလေးပေါ်ပေါက်လာသည်။ သူမက ဖြည်းညင်းစွာ ရှင်းပြ၏။
"ဒီလိုပုံစံရအောင် ပုံဖော်လိုက်။ ပြီးရင် ပွင့်ဖတ်အနားတွေကိုချန်ပြီး အလယ်က သစ်သားတွေကို ဖယ်ထုတ်ပစ်လိုက်။ ၁၀စင်တီမီတာလောက်ဆို လုံလောက်ပါတယ်"
တိန့်ဖုန်းသည် အသစ်အဆန်းများ ပြုလုပ်ရသည်ကို နှစ်ခြိုက်၏။ သူက ဖေ့လီကို ထပ်မံမေးလိုက်ပြီးနောက် နားလည်သွားသည်။
"လွယ်ပါတယ်။ မင်းဘယ်နှစ်ခုလောက်လိုချင်လဲ"
"အရင်ဆုံး သုံးခုပဲယူဦးမယ်"
"ကောင်းပြီလေ"
ဖေ့လီက သူ့ကိုကျေးဇူးတင်စကားဆိုပြီးနောက် ဆိုင်သို့ပြန်လာခဲ့သည်။
တံခါးရှေ့ရှိ ဆိုင်တန်းမှာ အထဲသို့ရွှေ့ပြီးဖြစ်၏။ ဖေ့လီက ဖေ့ရုန်ဖူကို မမြင်မိပေ။ တံခါးဖွင့်၍ အထဲ၀င်လိုက်သောအခါတွင်မှ မုန်လာဥများ ထိုင်ဆေးနေသော ဖခင်ဖြစ်သူကို တွေ့လိုက်ရသည်။ ဆောင်းရာသီ၌ ရေသည် အလွန်အေး၏။ အကြိမ်အနည်းငယ်ဆေးကြောပြီးနောက် ဖေ့ရုန်ဖူ၏ လက်တို့သည် အနည်းငယ်နီရဲနေ၏။
မုံ့ရှန်ဟွေ့ လာပို့သော အသီးအရွက်များသည် အနီရောင်ပိုက်ကွန်အိတ်ဖြင့်ထည့်ကာ နံရံတွင်မှီထား၏။
ဖေ့စုံတွဲသည် အခြားအရာများ၌ ကျွမ်းကျင်ခြင်း မရှိကြသော်လည်း သမီးဖြစ်သူအပေါ်တွင်တော့ အလွန်ကောင်းကြသည်။ သူတို့သည် ပျင်းရိနေခြင်း မရှိသကဲ့သို့ တွက်ကတ်ခြင်းလည်းမရှိကြပေ။
ဖေ့လီ၏ နှလုံးသားမှာ အလွန်ခံစားမိသွားပြီး အလျင်အမြန် ရေနွေးအိုးတည်ရန် ပြင်သည်။
"အဖေ ရေက တော်တော်အေးနေတာကို ရေနွေးလေး ရောလိုက်ရောပေါ့"
ဖေ့ရုန်ဖူက အလွန်အေးသောရေကိုလည်း ဂရုမထားဘဲ မုန်လာဥကို အဆက်မပြတ် ပွတ်တိုက်ကာ သွားများပေါ်အောင် ပြုံးပြ၏။
"အဖေပြီးခါနီးနေပါပြီ ဘာလို့ရေနွေးတည်နေမှာလဲ"
ဖေ့လီက ဘာမျှမတုံ့ပြန်ဘဲ မီးမွှေးလိုက်သည်။ ရေနွေးသည် သောက်သုံးရန်မဟုတ်သောကြောင့် ဆူပွက်သည်ထိစောင့်ရန်မလိုပေ။ အနည်ငယ်ပူလျှင် လုံလောက်ပြီဖြစ်သည်။ ဒုတိယအသုတ်ကို မဆေးကြောမီ ရေပူပြီဖြစ်သောကြောင့် ဖေ့လီက ယောက်ချိုဇွန်းကြီးဖြင့် ခပ်ထည့်ပေးလိုက်သည်။
ဇလုံထဲရှိရေများသည် တဖြည်းဖြည်းနှင့် နွေးလာသည်။ ဖေ့ရုန်ဖူက ပိုမိုတတ်ကြွလာသည်။
"သမီးတစ်ယောက်မွေးထားရတာကောင်းလိုက်တာ"
ဖေ့လီက ကူဆေးရန် ထိုင်လိုက်၏။
"ရှေ့လျှောက်ပိုတောင် ကောင်းဦးမှာ"
သားဖနှစ်ယောက်သည် စကားပြောကြ၊ရယ်ကြဖြင့် မုန့်လာဥအားလုံးကို ဆေးကြောကာ ဇလုံထဲ ထည့်ကြသည်။ မကြာမီ နေ့လယ်စာစားချိန် ရောက်လာ၏။ ကံမကောင်းစွာဖြင့် ဆိုင်တွင် မည်သည့်ဟင်းခတ်အမွှေးအကြိုင်မျှ မရှိပေ။ ထို့ကြောင့် ချက်ပြုတ်၍မစားနိုင်ပေ။
ဖေ့လီက ဆိုင်တွင်နေခဲ့ကာ ဖေ့ရုန်ဖူက နေ့လယ်စာ ထွက်၀ယ်၏။ သူမက အိုးထဲတွင်ကျန်ရှိသော ရေနွေးများကို ဆူပွက်သည်အထိ ကြိုလိုက်သည်။ ထို့နောက် ရေနွေးအိုးထဲသို့ထည့်သည်။ လက်ဖက်ရည်ခွက်ထဲသို့ လောင်းထည့်ပြီးနောက် ရေနွေးအိုးကို စားပွဲပေါ်တင်သည်။ ဘာမျှလုပ်စရာ မရှိသောကြောင့် ခုံတစ်လုံး ဆွဲထုတ်ကာ ထိုင်လိုက်ပြီး မနက်ပိုင်းက သူမ ရေးထားသော အစားအသောက်စာရင်းကို ထပ်စစ်ဆေးလိုက်သည်။
ခဏမျှသာ ကြည့်ရသေးချိန်၌ အပြင်ဘက်မှ အသံတစ်ခုကိုကြားလိုက်ရသည်။
"သူဌေးဖေ့တို့ကတော့ စီးပွားရေးတွေကောင်းနေရောပဲ"
ကွမ်းချမ်ချန်းက ဆိုင်ထဲသို့ ၀င်လာသည်။
ဖေ့လီက အစားအသောက်စာရင်းကို ဘေးပို့လိုက်ကာ ခပ်ငေါ့ငေါ့ ပြောလိုက်သည်။
"သူဌေးကွမ်းလောက် မကောင်းသေးပါဘူး"
လူတို့သည် ကောင်းမွန်သည်ကိစ္စများကို ကြုံတွေ့ရလျှင် စိတ်ပျော်နေတတ်သည်။ ကွမ်းချွမ်ချန်းသည် ချင်းစိမ်းချိုချဉ်မှ အကျိုးအမြတ် အနည်းငယ် ရထားသောကြောင့် သူ့မျက်နှာတွင် ပျော်ရွှင်မှုတို့ ပြည့်နေ၏။
သူက ဉာဏ်ကောင်းသည့်လူ ဖြစ်သည်။ မြို့ထဲတွင် ဖေ့လီရောင်းချသည်ကို သိကြသော ဖောက်သည် အနည်းငယ်ရှိခြင်းကိုလည်း သိ၏။ ထို့ကြောင့် စက်ရုံမှ ထုတ်လုပ်ပြီးသောအခါ ထုပ်ပိုးပြီး မြို့တော်ကြီးများတွင် ရောင်းချသည်။
သူ့အဆက်အသွယ်များ၏ ကူညီမှုကြောင့် ဆိုင်ကြီးများသို့ လျင်မြန်စွာ တင်ပို့နိုင်ခဲ့သည်။ ဖေ့လီ၏ နည်းပညာဖြစ်သော မ၀ယ်မီ အမြည်းစားစေခြင်းကိုလည်း သင်ယူခဲ့သည်။ မျှော်မှန်းထားသည့်အတိုင်း ပစ္စည်းသည် အလွန် ရောင်းအားကောင်းသည်။ ယခုအခါ၌ ဆိုင်တော်တော်များများသည် တတ်နိုင်သမျှ အမြန်ဆုံး ပို့ပေးရန် ဆက်သွယ်လာကြသည်။
ပြုလုပ်နည်း သိရန် အချိန်တစ်ပတ်ကျော်မျှ ကုန်ဆုံးခဲ့ခြင်းသည် အကျိုးအမြတ် အလွန်ကောင်းသောကြောင့် ထိုက်တန်လှပေသည်။ ချိုချဉ်၏အရသာသည် ဖေ့လီပြုလုပ်သည်လောက် မကောင်းသော်လည်း ၈၀ရာခိုင်နှုန်း တူ၏။
ကွမ်းချွမ်ချန်းက ရယ်လိုက်သည်။
"သူဌေးဖေ့က ယဉ်ကျေးလွန်းနေပါပြီ။ စီးပွားရေးလုပ်တယ်ဆိုတာ အခြေအနေကို သုံးသပ်တတ်ဖို့ အရေးကြီးဆုံးပဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ မင်းငါနဲ့ ပူးပေါင်းမလား။ ငါ့စက်ရုံမှာ နည်းပညာရှင်အဖြစ် ငှားမယ်လေ တစ်လကို ယွမ်၃၀ပေးမယ်"
ဖေ့လီက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်၏။ သူမက မထီမဲ့မြင် ကြည့်လိုက်ကာ တည်ငြိမ်စွာ ငြင်းဆန်လိုက်သည်။
"မလိုပါဘူး"
ကွမ်းချွမ်ချန်းက နှာမှုတ်လိုက်သည်။
"သူဌေးဖေ့က တကယ်ခေါင်းမာတဲ့လူပဲ။ ဈေးမှာ ဆက်ရောင်းခွင့်မရှိတော့ ဆိုင်တစ်ဆိုင်တောင် ငှားလိုက်သေးတယ်"
ဖေ့လီက ထိုစကားကို ကြားသောအခါ ဈေးမှ နှင်ထုတ်သည့်အကြံသည် သူ့အကြံဖြစ်သည်ကို သိလိုက်၏။ ထို့ကြောင့် ဗြောင်ကျကျ ပြန်ပြောလိုက်သည်။
"ရှင့်လောက်တော့ ဘယ်သူမှမယုတ်မာဘူး။ ပြုလုပ်နည်းလေး ရချင်တာနဲ့ လူပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ကုန်ရတာ"
ထိုကိစ္စသည် အရှက်ကွဲမည်စိုးသောကြောင့် ပြုလုပ်ခြင်းဖြစ်သည်။
"အဲဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့"
ကွမ်းချွမ်ချန်းက မျက်လုံးများမှေးကာ ကြမ်းတမ်းသည့်စကားတို့ ပြောလိုက်သည်။ ထို့နောက် ထရပ်လိုက်ပြီး စိတ်ဖောက်နေသည့်လူကဲ့သို့ ဖေ့လီကို အလေးပြုလိုက်သည်။
"အရောင်းအ၀ယ်ကောင်းပါစေ"
ဆုတောင်းစကားသံသည် ရက်စက်သောကြောင့် ဖေ့လီက အကြည့်တစ်ချက်မျှ မပေးဘဲ ရေနွေးကိုသာ သောက်လိုက်သည်။ ဖေ့ရုန်ဖူက ခေါက်ဆွဲပြုတ် ပူပူနွေးနွေးနှစ်ပွဲ၀ယ်လာသည်။ သူတို့သည် နေ့လယ်စာ စားပြီးနောက် တံခါးပိတ်ကာ ၀ယ်စရာရှိသည်များကို သွား၀ယ်ကြသည်။
ဖေ့လီက တစ်ခုခု မေ့ကျန်ခဲ့မည်စိုးသောကြောင့် ၀ယ်ရမည့်ပစ္စည်းများကို စာရင်းရေးထားသည်။ သူမက စာရင်းထဲကအတိုင်း အိုး၊ ဒယ်အိုး၊ ဟင်းခတ်အမွှေးအကြိုင်များ၊ သန့်ရှင်းရေးပစ္စည်းများ အစရှိသည်တို့ကို ၀ယ်ယူသည်။ ဤအကြိမ်တွင် ဖေ့ရုန်ဖူက ငွေပေးချေသည်။
ဖေ့လီက ဖွင့်ပွဲနေ့တွင် ပို၍ပွဲတိုးစေရန် ဗျောက်အိုးများကိုလည်း ၀ယ်ယူသည်။
သူတို့သည် ပစ္စည်းများကိုသယ်ကာ ဆိုင်သို့ပြန်လာကြပြီးနောက် ဆိုင်ကို သန့်ရှင်းရေး လုပ်ကြသည်။ အိမ်သို့ ပြန်ရန်အလျင်မလိုကြဘဲ ညနေရောက်မှသာ ပြန်ခဲ့ကြသည်။
အိမ်၌ ၀မ်ချွေလန်က ညစာချက်ပြုတ်နေသည်။ ကျိုးရှန်ချီက မီးဖိုရှေ့ထိုင်ကာ ထင်းထည့်နေသည်။ ဖေ့လီက နွေးထွေးစေရန် မီးဖိုနား ခဏထိုင်လိုက်သည်။ ထို့နောက် သူမက ဧည့်ခန်းတွင် အပေါက်ရှိနေသည်ကို သတိရသွားသည်။ ဖေ့လီက ဖေ့ရုန်ဖူကို လှည့်၍ပြောလိုက်သည်။
"အဖေ ဧည့်ခန်းနံရံမှာ အပေါက်တစ်ခု ရှိနေတယ်။ ဖာရမဲ့နည်းကိုသိလား။ မဖာရင် ပိုပိုကြီးလာမှာ ကြောက်ရတယ်"
ဖေ့ရုန်ဖူက ထိုစကားကိုကြားသောအခါ မတ်တတ်ရပ်ကာ မေး၏။
"ဘယ်နေရာမှာလဲ"
ဖေ့လီက သူ့ကိုကြည်လိုက်သည်။ ထိုအပေါက်မှ လေအေးများ ၀င်လာတတ်သည်။ ဖေ့ရုန်ဖူက ခေါင်းကုတ်ကာ ပြော၏။
"အဖေလည်း အပေါက်ရှိနေတယ်လို့ ထင်ပါတယ်။ ခုတလော အိပ်ရတာဘာလို့ နွေးနွေးထွေးထွေးမရှိလဲ စဉ်းစားနေတာ"
ဖာထေးခြင်းသည် မခက်ခဲပေ။ ဖေ့ရုန်ဖူက သူမကို ကောက်ရိုးတစ်ထုံး ယူခဲ့ခိုင်းသည်။ ထို့နောက် ရွှံ့အချို့ကို ဂေါ်ဖြင့်ကော်ကာ ကောက်ရိုးနှင့်ရွှံ့ကို ရောနယ်သည်။ ညနေပိုင်း၌ တိုက်ခတ်သော လေသည် အေးစက်၏။ ဖေ့လီ ခဏမျှ ရပ်ကြည့်ပြီးနောက် အိမ်ထဲသို့ ပြန်၀င်ချင်နေသည်။ သူမက အ၀တ်အစားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ မိန်းကလေးအသံတစ်ခုက သူမအမည်ကို ခေါ်လိုက်သောအခါ ဖေ့လီက လှည့်ကြည့်၏။
"ရှောင်လီ"
ဖေ့ယွမ်ကျဲက သူမနှုတ်ခမ်းကိုကိုက်ကာ ဖေ့လီကို ထပ်ခေါ်သည်။ သူမ၏ကျစ်ဆံမြီးများသည် ရင်ဘတ်ပေါ်တွင် တွဲလောင်းကျနေပြီး မျက်နှာတွင် ရှက်ရွံ့မှုတို့ရှိနေကာ ခြေထောက်များကလည်း ပူးကပ်နေသည်။ ချည်ဖိနပ်သည် သေသေသပ်သပ် ချုပ်ထားကာ အနီရောင်မဒရင်းဘဲတစ်ကောင်၏ ပုံလည်း ပါရှိသည်။
ကျယ်ပြန့်သည့်ပခုံး၊ သန်မာသည့် ခန္ဓာကိုယ်ရှိကာ လွန်ခဲ့သည့်ရက်အနည်းငယ်က မူလပိုင်ရှင်နှင့်ပင် နှိုင်းယှဉ်၍ရ၏။ ဖေ့လီက သူမရှေ့က လူကို မည်သူမည်ဝါ ဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။ ဤမိန်းကလေးသည် မူလပိုင်ရှင်၏ အခင်ဆုံးသူငယ်ချင်း၊ အကောင်းဆုံးညီအစ်မ ဖေ့ယွမ်ကျဲ ဖြစ်ပုံရ၏။ ရွာထဲတွင် မူလပိုင်ရှင်နှင့်အတူ ဖတ်တီးနှစ်ယောက်ဟူ၍လည်း လူသိများသည်။
သို့သော် ဖေ့ယွမ်ကျဲသည် စိတ်ထားကောင်းမွန်ကာ အချုပ်အလုပ်လည်း ကျွမ်းကျင်သည်။ သူမ၏ ဂုဏ်သတင်းသည် မူလပိုင်ရှင်ထက် ပိုမွှေး၏။
ညီအစ်မကောင်းဆီမှ ဓားချက်တစ်ချက်က ပိုမိုသေစေနိုင်၏။ ဖေ့ယွမ်ကျဲ၏ခွန်အားနှင့် သူမတို့၏ ခင်မင်မှုဆက်ဆံရေးကို အခြေခံရလျှင် မူလပိုင်ရှင်ဘက်မှ ဘာမျှပြင်ဆင်ထားခြင်း မရှိပါက ရေထဲ အလွယ်တကူ တွန်းချ၍ ရနိုင်သည်။
ဖေ့လီက "အင်း"ဟုသာဖြေ၏။ သူမသည် မရည်ရွယ်ဘဲ သတိရှိရှိ ဖြစ်နေမိသည်။
"ဒီလောက်နောက်ကျနေပြီကို ဘာလို့လာတာလဲ"
ဖေ့ယွမ်ကျဲက နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ် ကိုက်ကာ သူမဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
"နင့်ကို မတွေ့ရတာကြာနေပြီမို့လေ။ ငါလာတိုင်း နင်က အိမ်မှာမရှိဘူး။ ဘာတွေအလုပ်များနေတာလဲ"
"အလုပ်မများပါဘူး ငွေရှာဖို့ တွေးနေလို့ပါ"
ဖေ့ရုန်ဖူက နံရံပေါ်သို့ ရွံ့များ ကော်ပတ်လိုက်သည်။ သူ့နဖူးတွင် ချွေးများ ထွက်နေပြီဖြစ်၏။
"ယွမ်ကျဲက အိမ်ကိုလာခဲတယ်။ သမီးတို့နှစ်ယောက်အိမ်ထဲမှာသွားပြောကြလေ ဒီမှာက အေးတယ်"
ဖေ့လီက သူမကို စောင်းငဲ့ကြည့်ကာ မီးဖိုချောင်ထဲသို့ တိတ်ဆိတ်စွာ ခေါ်သွားသည်။ ၀မ်ချွေလန်က ပန်ကိတ်များ ပြုလုပ်နေပြီး ဖေ့ယွမ်ကျဲကိုမြင်သောအခါ ၀မ်းသာသွား၏။
"ခုတလော သမီးကို မမြင်မိပါလား။ လီလီ လက်ထပ်သွားတာနဲ့ အိမ်လာရမှာ ကြောက်မနေပါနဲ့ကွယ်"
ဖေ့ယွမ်ကျဲက အနည်းငယ်ပြုံးပြကာ ပြောသည်။
"မဟုတ်ပါဘူး။ ခုတလော အရမ်းအေးနေတော့ အပြင်မထွက်ရဲဘူး ဖြစ်နေလို့ပါ"
ဖေ့လီက စားပွဲအနီးတွင် ထိုင်လိုက်သည်။ သူမက ဖေ့ယွမ်ကျဲ၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
'ဒီကောင်မလေးမှာ ဘာလို့မျက်နှာနှစ်ဖက် ရှိနေတာလဲ။ ပြောတော့ အိမ်ကိုလာတယ်ဆို'
၀မ်ချွေလန်က ပန်ကိတ်ကို တစ်ဖက်သို့ လှန်ကာ ကျိုးရှန်ချီကို ပြော၏။
"မီးနည်းနည်းလောက် လျှော့ပေး"
ကျိုးရှန်ချီက ထင်းအနည်းငယ်ကို ဆွဲထုတ်လိုက်သည်။
၀မ်ချွေလန်က ဖေ့ယွမ်ကျဲကို ဆက်ပြောသည်။
"သမီး အမေ ပြောတာတော့ လက်ထပ်ဖို့စီစဉ်နေပြီဆို၊ ကောင်လေးကဘယ်လိုလဲ"
"သမီးတို့ လူချင်းတွေ့ပြီး အဆက်အသွယ်လုပ်ကြတုန်းဘဲရှိပါသေးတယ်"
ဖေ့ယွမ်ကျဲက ရှက်ရွံ့စွာ ပြန်ဖြေသည်။ သူမ၏အကြည့်များက ကျိုးရှန်ချီပေါ်တွင် နက်နက်ရှိုင်းရှိုင်း တွယ်ကပ်နေ၏။
၀မ်ချွေလန်က ထပ်ပြောသည်။
"လက်ထပ်လိုက်ပြီဆိုရင် အလုပ်ကြိုးစားရမယ်။ ရည်မှန်းချက်ကြီးကြီး ထားရမယ်။ လင်ယောက်ျားအပေါ် ချစ်ခင်မြတ်နိုးရမယ်"
ဖေ့ယွမ်ကျဲက အလွန်ကျိုးနွံစွာ ခေါင်းညိတ်၏။
ဖေ့လီက ခေါင်းမော့ကာ သူမကို ကြည့်လိုက်သည်။ ဖေ့လီ၏မျက်လုံးတို့သည် နက်ရှိုင်းလာသည်။ ဤမိန်းကလေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးဆန်းသည်ဟု ခံစားမိနေသည်။ အထူးသဖြင့် ကျိုးရှန်ချီထံသို့ မကြာခဏ ကြည့်နေသည့် အကြည့်များ။
ဖေ့လီက တမင်တကာ ထရပ်ပြီး မီးဖိုနားသို့ သွားသည်။ ကျိုးရှန်ချီဘေးတွင် ထိုင်ရန် ခုံနိမ့်တစ်လုံးကို ရွှေ့လိုက်သည်။ သူမ၏ ပခုံးများကို နှိမ့်လိုက်ပြီး ကျိုးရှန်ချီကို တီးတိုးပြောသည်။
"ကျွန်မကို ကူပြီးသရုပ်ဆောင်ပေး"
ကျိုးရှန်ချီက သူတို့နှစ်ယောက်သာ ကြားနိုင်သည့်အသံဖြင့် "အင်း"ဟုဖြေသည်။ သူ၏ သဘောတူညီချက်ကို ရပြီးနောက် ဖေ့လီက လက်ကို ဆန့်ထုတ်ကာ သူ့ပေါင်ပေါ်တင်လိုက်သည်။ အလွန်ရင်းနှီးဟန် ပေါက်စေရန် သူ့ပေါ်မှီကာ ကြင်နာစွာ ကြည့်လိုက်သည်။
ကျိုးရှန်ချီက အနည်းငယ် တောင့်တင်းသွားကာ တံတွေးမျိုချလိုက်၏။
ဖေ့လီက ဖေ့ယွမ်ကျဲကို တိတ်တဆိတ် ကြည့်လိုက်လျှင် သူမတို့နှစ်ယောက်ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဖေ့လီက ပြုံး၍ပြောသည်။
"မင်္ဂလာဆောင်ရင် ဖိတ်ဖို့ မမေ့နဲ့နော်"
ဖေ့ယွမ်ကျဲ၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိပေ။
"ဖိတ်မှာပေါ့"
'ငါးစာကို မဟပ်ဘူးပေါ့လေ'
ဖေ့လီက ရဲတင်းစွာဖြင့် ကျိုးရှန်ချီ၏လက်ကို ကိုင်ကာ ပွတ်သပ်နေသည်။ သူသည် မီးဖိုရှေ့တွင် ထိုင်နေသောကြောင့် သူ့လက်ဖဝါးများမှာ အလွန်နွေးထွေးနေသည်။ အကြိမ်အနည်းငယ် ထိပြီးနောက် ဖေ့လီက ပြန်မလွှတ်ချင်တော့ပေ။
ဖေ့ယွမ်ကျဲ၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွားသည်။ သူမ၏မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်တို့ လွှမ်းခြုံနေသည်။
ဖေ့လီက စိတ်ဝင်စားစရာတစ်ခုကို တွေ့လိုက်ရသည်။ သူမက အတော်လေးကို ဖုံးကွယ်ထားခြင်း ဖြစ်၏။ ဖေ့လီက သတိအနေအထားသို့ ရောက်သွားသည်။
"ငါ့မင်္ဂလာပွဲပြီးတော့ မြစ်ဘေးမှာ ငါတို့တွေ စကားပြောခဲ့ကြတာကို မှတ်မိသေးလား။ မှတ်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တွေ ကုန်တာ မြန်လိုက်တာ။ ငါနဲ့ ရှန်ချီ လက်ထပ်တာတောင် တစ်လ ပြည့်တော့မယ်"
သူမထံမှ 'ရှန်ချီ'ဟုခေါ်သံထွက်လာသောအခါ ၀မ်ချွေလန်နှင့် ကျိုးရှန်ချီတို့သည် မှင်တက်သွားကြသည်။
ဖေ့ယွမ်ကျဲက အံကြိတ်ကာပြန်ဖြေသည်။
"မှတ်မိတာပေါ့။ မင်္ဂလာဦးညမှာ ခုတင်ပေါ်က ကန်ချခံရတယ်ဆိုပြီး ပြောပြနေတာလေ။ တစ်လလောက်ကြာတော့ နင်တို့နှစ်ယောက် ဒီလောက်ရင်းနှီးသွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ"
ဖေ့လီက ပြောသည်။
"နင်မသိလို့နော် အဲ့နေ့က ငါရေထဲတွန်းချခံရတာလေ။ တွန်းတဲ့လူက နောက်ကနေ တွန်းတာဆိုတော့ သူ့မျက်နှာကို သေချာမမြင်လိုက်ရဘူး"
ဖေ့ယွမ်ကျဲ အံ့အားသင့်သွားသည်။
"ဟမ်၊ နင်အဆင်ပြေရဲ့လား"
ဖေ့လီက ဆက်ပြောသည်။
"ငါ ကယ်ဆယ်ခံရပြီးတဲ့နောက် ပြုတ်ကျတဲ့နေရာကနေ ပစ္စည်းတစ်ခု ကောက်ရတယ်။ ဘယ်သူဟာရယ်တော့ မသိဘူး။ နှစ်သစ်ကူးမရောက်ခင် ရွာထဲလှည့်မေးကြည့်မလို့ စီစဉ်ထားတာ"
ဖေ့ယွမ်ကျဲ၏မျက်လုံးတို့ အရောင်တောက်လာသည်။
"ဘာပစ္စည်းလဲ"
ဖေ့လီက သူမနှုတ်ခမ်းများကို အုပ်ကာ ပြုံးသည်။
"သာမန်ပစ္စည်းလေးပါဘဲ။ ရွာသားတစ်ယောက် မတော်တဆကျကျန်ခဲ့တာ နေမှာပါ"
ဖေ့ယွမ်ကျဲ၏ နှုတ်ခမ်းတို့ခြောက်သွေ့လာသည်။
"ငါ့ကို ပြကြည့်လေ ဘယ်သူ့ဟာလဲဆိုတာ ငါသိချင်သိနေမှာ"
...