အပိုင်း ၁၈
Viewers 1k

အပိုင်း (၁၈) ဆေးကုသမှုခံယူခြင်း

ဖေ့လီ နားရွက်တို့မှာ ချက်ချင်းပင်နီရဲသွားသည်။ သူမက ကြက်ဥကို အမြန်ယူကာ နှစ်ကိုက် ကိုက်လိုက်သောကြောင့် အစာနင်လုနီးပါး ဖြစ်သွားရသည်။ ကျိုးရှန်ချီက အမြန်ပင် ရေဘူးလှမ်းပေးကာ ညင်သာစွာဖြင့် သတိပေးသည်။

"ဖြည်းဖြည်းစား"

ဖေ့လီက လည်ချောင်းစိုစွတ်စေရန်  အနည်းငယ်ယူသောက်သည်။ သူမက ထစ်ငေါ့စွာဖြင့်

"အဆင်ပြေပါတယ် အဆင်ပြေပါတယ်"ဟူ၍လည်းပြောလိုက်၏။

ထို့နောက် သူမက လေးကောင်းလေသန့်ရှူရန် ကားတံခါးကိုဖွင့်၍ အပြင်သို့ထွက်သည်။

သူမစိတ်ကို ရှင်းလင်းခြင်း မပြုပါက ကျိုးရှန်ချီ၏ အကြည့်များအောက်တွင် နစ်မြုပ်သွားပေလိမ့်မည်။

ဖေ့လီက ကားထဲရှိ သူ့ထံသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သန့်စင်ခန်းသွားကာ မျက်နှာသစ်သည်။ ရေအေးများက သူမကို လန်းဆန်းစေသည်။

သူမ ကားထဲသို့ ပြန်ရောက်သောအခါ ချန်ကျင်းမင်ကလည်း ပြန်ရောက်နေပြီဖြစ်ကာ မုန်လာဥပန်ကိတ်များကို စားနေသည်။ သူက တစ်ကိုက်ကိုက်ကာ ပြော၏။

"သိလား သမီးလုပ်တဲ့ပန်ကိတ်က တကယ်စားကောင်းတယ်။ အနံ့လေးကလည်း မွှေးနေရော"

"စားကောင်းရင် များများစားပါ"  

ဖေ့လီက ယဉ်ကျေးစွာ ပြန်ပြောလိုက်ပြီး စကားပြောနေလျက်ပင် ကျိုးရှန်ချီကိုခိုးကြည့်လိုက်သည်။ ယခုချိန်၌ သူထံတွင် စိတ်အားတတ်ကြွမှုတို့ပျောက်ဆုံးနေကာ မုန်လာဥပန်ကိတ်ကိုသာ တိတ်တဆိတ် စားနေသည်။ သူမက လက်ဖက်ကြက်ဥကိုယူကာ တစ်ဖက်သို့လှည့်၍ အခွံခွာသည်။

ချန်ကျင်းမင်က မုန်လာဥပန်ကိတ်သုံးခု စားကာ ခဏနားပြီးနောက် ကားစက်နှိုး၍ နဉ်မြို့တော်သို့ မောင်းသည်။

ဖေ့လီက အပြင်ရှူခင်းကို ကြည့်လိုက်သည်။ ခပ်ဝေးဝေးနေရာတွင် မြင့်မားသောအဆောက်အဦများနှင့် လူနေရပ်ကွက်များ ရှိသည်။ လမ်းမပေါ်တွင် ကားများလည်း များပြားလာသည်။ လူများက အရောင်အသွေး စုံလင်သော အ၀တ်အစားများ ၀တ်ထားကြပြီး မျှော်လင့်ချက် ပြည့်နေသော အပြုံးများပန်ဆင်ထားကြသည်။

ချန်ကျင်းမင်က မြို့တော်မြောက်ပိုင်းရှိ အသီးခြောက်ဆိုင်သို့ သွားချင်၏။ ပထမအသင်း၀င်ဆေးရုံမှာ မြို့လယ်တွင် ရှိသောကြောင့် ပိုဝေး၏။ သို့သော် သူသည် ဖေ့လီ၏ ပန်ကိတ်များကို စားထားရုံမျှမက တစ်နယ်တည်းသားချင်းများလည်း ဖြစ်ကြသေးသည်။ ထို့ကြောင့် သူက ဖေ့လီကို မေးမြန်းခြင်း မပြုတော့ဘဲ ပထမအသင်း၀င်ဆေးရုံသို့မောင်းလိုက်သည်။

"ရှောင်လီ ဦးလေး သမီးတို့ကို ဆေးရုံလိုက်ပို့ပေးမယ်။ သမီးက ဆင်းပြီး တည်းစရာနေရာ ရှာလိုက်ပေါ့။ မနက်ဖြန်မှ ဆေးရုံသွားကြ။ ပစ္စည်းတွေ အများကြီး သယ်နေရရင် အဆင်ပြေမှာမဟုတ်ဘူး"

ဖေ့လီသည် နဉ်မြို့တော်သို့ ပထမအကြိမ်လာခြင်းဖြစ်သည့်အတွက် လမ်းများ မသိပေ။ မြို့ထဲသို့ ၀င်လာပြီး ဖြစ်သည်ကိုသာ သိ၏။ ဦးလေးချန်၏ စကားများကိုကြားပြီးနောက် သူ၏ကြင်နာမှုကို နားလည်ကာ ကျေးဇူးတင်စကားကို ထပ်တလဲလဲပြော၏။

"ကျေးဇူးတင်ပါတယ် ဦးလေးချန်"

ချန်ကျင်းမင်က ပြန်ပြောသည်။

"ရပါတယ်။ ရောက်တဲ့အခါ ဟိုတယ်အရင်သွားရှာလိုက် ဦးလေးစောင့်နေပေးမယ်"

ကျိုးရှန်ချီက သူ့မျက်စိရှေ့တွင် လျင်မြန်စွာ ဖြတ်သွားသော လမ်းမြင်ကွင်းကို ကြည့်လိုက်သည်။ သေသပ်ကာ စနစ်တကျ ဆောက်ထားသည့်အိမ်များပင်။ သူက တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။ ကားက ရပ်တန့်ခြင်းမရှိသေးသော်လည်း ဆေးရုံသို့ သွားနေကြောင်း ဇဝေဇဝါ ခန့်မှန်းလိုက်သည်။ ဤလမ်းဆုံကို ဖြတ်ပြီးနောက် ဆေးရုံသို့သွားရန် ဆယ်မိနစ်မျှ လမ်းလျှောက်ရန်သာ လို၏။ ကားဖြင့်သွားပါက နှစ်မိနစ် သုံးမိနစ်သာ ကြာ၏။ 'ဒီလမ်းဆုံကနေ  ဆေးရုံကို ရောက်မဲ့ ကြာချိန်ကို ဘာလို့ပြောနိုင်နေရတာလဲ' ကျိုးရှန်ချီက သူ့အတွေးများကြောင့် ထိတ်လန့်သွားသည်။

နှစ်မိနစ်အတွင်း၌ ချန်ကျင်းမင်က ကားရပ်ကာ ဖေ့လီကို လှည့်ပြော၏။

"ဦးလေးတို့ ရောက်တော့မယ်"

"ဟုတ်ကဲ့ သမီးကို ခဏလောက်စောင့်ပေးပါဦး"

ဖေ့လီက သူမအိတ်ကို ကျောတွင်လွယ်ကာ ကားပေါ်မှ ဆင်းသည်။ နေရာတွင် ကောင်းစွာ မတ်တတ်ရပ်လိုက်သောအခါ ပထမအသင်း၀င်ဆေးရုံကို၏ ၀င်ပေါက်ကို တွေ့လိုက်ရသည်။ သူမက ရှေ့သို့လျှောက်သွားလိုက်ကာ အဆောက်အဦတစ်ခုချင်းစီကို လိုက်လံကြည့်ရှုသည်။

ကျိုးရှန်ချီသည် ဘီးတပ်ကုလားထိုင် အသုံးပြုရသောကြောင့် ဆေးရုံနှင့်နီးသောနေရာတွင် တည်းခိုရမည်ဖြစ်သည်။ ဆေးရုံအနီးတွင် စားသောက်ဆိုင်များစွာ ရှိ၏။ ဆိုင်များနှင့် နီးကပ်လာလေလေ အမွှေးရနံ့များ ရလေလေပင်။ ဖေ့လီက ငါးမိနစ် ခြောက်မိနစ် လျှောက်ပြီးနောက် 'ချစ်ခြင်းမေတ္တာ'ဟုခေါ်သော ဟိုတယ်ကို မြင်လိုက်ရသည်။ ထိုဟိုတယ်သည် သေးငယ်သော နှစ်ထပ်တိုက်ငယ်လေး ဖြစ်ကာ တံခါးပေါက်တွင် အမြဲစိမ်းပင်များစိုက်ပျိုးထားသည်။ ဟိုတယ်သည် အလွန်ပင် သန့်ရှင်းသပ်ရပ်၏။

ဖေ့လီက ထိုဟိုတယ်သို့ သွားလိုက်သောအခါ ကောင်တာတွင် ကျစ်ဆံမြီးကျစ်ထားသော မိန်းမပျိုလေးတစ်ဦး ရပ်နေသည်ကို တွေ့ရသည်။ ဖေ့လီကို တွေ့သောအခါ သူမက ပြုံးပြကာ တတ်ကြွစွာ မေးလာ၏။

"ဒီမှာ တည်းခိုမှာလားရှင့်"  

ဖေ့လီက ခေါင်းညိတ်ပြကာ 

"တစ်ယောက်ခန်း နှစ်ခန်းရှိလား"

"ရှိပါတယ်။ ရက်ဘယ်လောက် နေမှာလဲရှင့်"

ကျိုးရှန်ချီသည် ဆေးရုံတက်ရပါက သူမသည်လည်း သူနှင့်နေရမည်ဖြစ်သည်။ ဟိုတယ်တွင် ရက်မည်မျှ နေနိုင်မည်ကို သူမလည်း မသိပေ။ တစ်ခဏမျှတွေးပြီးနောက် ပြန်ဖြေလိုက်သည်။

"နှစ်ရက်ပဲ အရင်နေပါမယ်။ ရက်ထပ်တိုးမတိုးဖို့က ကျွန်မလည်းမသိသေးလို့ပါ။ မတည်းတော့ဘူးဆိုရင်လည်း အသိပေးပါ့မယ်"

"ကောင်းပါပြီ အခန်းကြည့်ဖို့ လိုက်ပြပေးပါ့မယ်"    

မိန်းမပျိုလေးသည် ကောင်တာနောက်မှ ထွက်လာပြီးနောက် လှေကားဆီသို့ ဦးဆောင်ခေါ်သွားသည်။ ဖေ့လီက သူမတို့သည် အပေါ်ထပ်သို့ သွားရမည်ကို တွေ့သောအခါ ကျိုးရှန်ချီက ဘီးတပ်ကုလားထိုင် သုံးရမည်ကို သတိရသွားသည်။ ထို့ကြောင့် သူမက ချက်ချင်းလိုက်မသွားပေ။ သူမက ပထမထပ်ရှိ အခန်းကို ညွှန်ပြကာ မေးလိုက်သည်။

"ပထမထပ်မှာရော အခန်းရှိလား"

"ပထမထပ်မှာက နှစ်ယောက်ခန်းတွေပဲ ရှိပါတယ်။ တစ်ယောက်ခန်း မရှိပါဘူး"

ယန်ကျန့်၏ မျက်နှာအမူအရာသည် ရှုပ်ထွေးသွားသည်။

"ဒါပေမဲ့ အိပ်ရာက တော်တော်လေးကြီးတယ်။ ရှင်သာ စိတ်ထဲမထားရင် ရှင်နဲ့ ရှင့်သူငယ်ချင်း အတူတူနေလို့ရတယ်"

 ဖေ့လီက အိပ်ရာတစ်ခုတည်းတွင် မအိပ်ချင်ပေ။ သူမတို့နှစ်ယောက်သည် တစ်ယောက်က အပေါ်ထပ်တွင် နေကာ တစ်ယောက်က အောက်ထပ်တွင် နေရမည်ဖြစ်သည်။ ထိုသည်မှာ ပြဿနာမရှိပေ။ ဖေ့လီက သူမကို ပြုံးလိုက်ကာ ပြော၏။

"အခန်းအရင်သွားကြည့်ရအောင်"

ယန်ကျန့်က သူမကို အနီးဆုံးအခန်းကို ခေါ်သွားသည်။ သူမက ဖေ့လီကို ပြောပြလျက် တံခါးဖွင့်သည်။ 

"လေ၀င်လေထွက်လည်း အရမ်းကောင်းတယ်။ အခန်းထဲမှာ ဖုန်းလည်းရှိတယ်။ တစ်ခုခုမေးစရာရှိရင် ဖုန်းဆက်မေးလို့ရတယ်"

 တယ်လီဖုန်းရှိခြင်းသည် အလွန်ပင်အဆင်ပြေ၏။

ဖေ့လီက အခန်းထဲ၀င်ကာ ဂရုတစိုက် ကြည့်လိုက်သည်။ ရေချိုးခန်းသည် အခန်း၏ညာဘက်တွင်ရှ်ိ၏။ ကြမ်းပြင်တွင် ဘိလပ်မြေခင်းထားတာ မှန်တစ်ချပ်နှင့် လက်ဆေးကန်တစ်ခုရှိသည်။ ပင်မခန်းတွင် ကြီးမားသောအိပ်ရာတစ်ခု ရှိကာ ခုတင်ခေါင်းရင်းဘေးတွင် တယ်လီဖုန်းတင်ထားသော စားပွဲငယ်တစ်လုံး ရှိသည်။ ခန်းဆီးများဖွင့်ထာသောကြောင့် အခန်းသည် လင်းလင်းထင်းထင်းရှိကာ သပ်ရပ်နေသည်။

အရေးကြီးသည့်အရာမှာ ကျိုးရှန်ချီအတွက် ဘီးတပ်ကုလားထိုင်ရွေ့ရန် ကျဉ်းကျဉ်းကျုတ်ကျုတ် ဖြစ်မနေခြင်းပင်။ 

ဖေ့လီက ကျေနပ်သွားကာ အပေါ်ထပ်ရှိတစ်ယောက်ခန်းသို့ သွားလိုက်သည်။

ပရိဘောဂများသည် ပထမထပ်က အခန်းနှင့် အလားသဏ္ဌာန်တူ၏။အခန်းမှာ အနည်းငယ် ကျဉ်းသော်လည်း တစ်ယောက်တည်း နေရန်အတွက် အဆင်ပြေ၏။

ယန်ကျန့်က သူမကိုအောက်ထပ်ခေါ်သွားကာ မေး၏။

"အခန်းတွေကို ကြိုက်ရဲ့လား"

 ချန်ကျင်းမင်က စောင့်နေသည်ဖြစ်သောကြောင့် ဖေ့လီသည် အချိန်အများကြီး မဖြုန်းချင်ပေ။ ပတ်၀န်းကျင် အနေအထားသည်လည်း အဆင်ပြေသောကြောင့် ဖေ့လီက ကြိုတင်စာရင်းသွင်းရန် ပြုလုပ်သည်။

"တစ်ယောက်ခန်းနဲ့ နှစ်ယောက်ခန်း နှစ်ခန်းအတွက် နှစ်ရက်ကို ဘယ်လောက်ကျလဲ"

"တစ်ရက်ကို တစ်ယောက်ခန်းက ပြား၅၀ နှစ်ယောက်ခန်းက တစ်ယွမ်ပါ။ နှစ်ရက်အတွက်ဆို သုံးယွမ်ကျပါတယ်ရှင်"

ဖေ့လီက သုံးယွမ်ထုတ်ပေး၏။ 

ယန်ကျန့်က ပြုံးလိုက်ကာ အခန်းသော့များပေးသည်။ 

"မေးစရာရှိရင် အရှေ့ကောင်တာကို အချိန်မရွေး လာလို့ရပါတယ်ရှင်"

ဖေ့လီက သော့များယူကာ ကျေးဇူးတင်စကားဆို လိုက်သည်။ ထို့နောက် ချန်ကျင်းမင်ကို ရှာရန် လျင်မြန်စွာ ပြန်သွားလိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကားဆီသို့ရောက်ရှိလာသည်။

"ဦးလေးချန် သမီတို့ နေစရာနေရာရှာတွေ့ပြီ။ နည်းနည်းလောက်တော့ မောင်းရဦးမယ်"

ချန်ကျင်းမင်က ကားမှန်ချ၍ ဖေ့လီနောက်သို့ ဖြည်းဖြည်းမောင်းကာ လိုက်ခဲ့သည်။ သူသည် ဖေ့လီ လက်ဝှေ့ယမ်းပြသည်ကိုမြင်သောအခါ ရပ်လိုက်ကာ ကားထဲမှထွက်လာသည်။

ဖေ့လီက ကားနောက်ခန်းသို့သွားကာ ဘီးတပ်ကုလားထိုင်ကိုယူ၍ တွန်းလာသည်။ ချန်ကျင်းမင်က ကျိုရှန်ချီကို ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်ရန် ကူညီပေးပြီးနောက် မျက်နှာချင်းဆိုင်ရှိ ဟိုတယ်ကို ညွှန်ပြကာမေးသည်။

"အဲဒီ ဟိုတယ်လား။ ဦးလေး သူ့ကိုကူတွန်းပေးလိုက်မယ်"

"ကျေးဇူးပါ ဦးလေးချန်"

ဖေ့လီက ကျန်သည့်ပစ္စည်းများကိုသယ်ကာ ကောင်တာတွင် ရှိသော ယန်ကျန့်ကို နှုတ်ဆက်လိုက်သည်။

"ကျွန်မတို့ရောက်ပါပြီ"

ဟိုတယ်သို့ လာရောက်တည်းခိုသူများကို မှတ်မိရန်မှာ သူမတို့တာ၀န် ဖြစ်သည်။  ယန်ကျန့်၏ အကြည့်သည် ကျိုးရှန်ချီနှင့် ချန်ကျင်းမင်ထံသို့ ဖြတ်ပြေးသွားကာ ကျိုးရှန်ချီထံတွင်လည်း စက္ကန်အနည်းငယ်ကြာ ရပ်တန့်နေသည်။ သူမသည် ဤမျက်နှာကို ထူးထူးခြားခြား ရင်းနှီးနေသော်လည်း မမှတ်မိပေ။ စက္ကန့်အနည်းငယ်မျှ ခက်ခက်ခဲခဲ စဉ်းစားပြီးနောက် သူမက ဖေ့လီကို အမြန်ပြုံးပြကာ ပြောသည်။

"အားလုံး ပြင်ဆင်ထားပါတယ်။ အနားယူလို့ရပါပြီရှင်"

ဖေ့လီက ကျိုးရှန်ချီတို့ကို သူမငှားထားသည့် အခန်းသို့ခေါ်သွားသည်။

"အခန်းနံပါတ် ၁၀၅"

ကျိုးရှန်ချီက အခန်းကို သိချင်စိတ်ပြင်းပြစွာကြည့်သည်။ ဖေ့လီက ပစ္စည်းများကို စားပွဲပေါ် ထားပြီးနောက် သူ့ကိုပြော၏။

"ရှင် အရင်နေခဲ့ဦး။ ကျန်တဲ့ပစ္စည်းတွေ သွားယူဦးမယ်"

ထို့နောက် သူမတို့နှစ်ယောက်သည် ထွက်သွားကြသည်။ ကိစ္စအားလုံးပြီးသောအခါ နေ့လယ်သုံးနာရီပင် ရှိပြီဖြစ်၏။ ဖေ့လီက ဦးလေးချန်ကို အားနာသွားရကာ တစ်ယွမ် ပိုပေးလိုက်သည်။

"ဦီးလေးချန် ဦးလေး ဒီနေ့ပြန်မှာလား"

ချန်ကျင်းမင်က ပိုက်ဆံကိုယူကာ ပြုံး၍ဖြေသည်။

"မပြန်တော့ဘူး။ ဦးလေး ဒီညအိပ်ဖို့ ဈေးမှာ အခန်းတစ်ခန်း ရှာလိုက်တော့မယ်။ မနက်မှပြန်မှာ"

 ဖေ့လီက ကျန်ရှိနေသော အိတ်နှစ်လုံးကိုယူကာ ချန်ကျင်းမင်ကို နှုတ်ဆက်၍ ဟိုတယ်ထဲသို့ ပြန်လာခဲ့သည်။

သူမ အခန်းထဲသို့ ရောက်သောအခါ ကျိုးရှန်ချီက ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်၍ ပစ္စည်းများ ထုတ်နေသည်။

သူက တစ်ကိုယ်ရေသုံး ပစ္စည်းများကို စားပွဲပေါ်တွင် စီစီရီရီထားကာ ခေါက်ထားသော အ၀တ်များကိုလည်း အတူတကွ ပုံထားသည်။ ဖေ့လီက စနောက်လိုက်သည်။

"ရှင် အရင်က စစ်သားများလား"

ကျိုးရှန်ချီက နားရွက်ကိုကုတ်လိုက်ပြီးနောက် ပြန်ပြော၏။

"ကိုယ်လည်းမသိဘူး။ ကိုယ်အတိတ်မေ့နေတာကို မင်းလည်းသိတာပဲ"

"ကျွန်မအတွက် အခန်းက ဒုတိယထပ်က အခန်း၂၀၁မှာ။ တစ်ခုခုလိုတာရှိရင် အခန်းနံပါတ်ကို ဖုန်းခေါ်ပြီး မေးလို့ရတယ်"

ဖေ့လီက သစ်သားခုံပေါ်တွင် ထိုင်လိုက်သည်။

"ပြီးရင် ညစာသွား၀ယ်လိုက်မယ်။ ဒီည စောစောအိပ်လိုက်။ သတိရှိရှိနဲ့တော့ နေဦး"

ကျိုးရှန်ချီက သူမကို အံ့အားသင့်မှုအချို့နှင့် ကြည့်သည်။ သို့သော် အခန်း ထပ်ငှားသည့်ကိစ္စကို မမေးပေ။ သူကခေါင်းငုံ့ထားကာ ခေါင်းညိတ်ပြလိုက်သည်။

ယောက်ျားတစ်ယောက်နှင့် မိန်မတစ်ယောက် အခန်းထဲတွင် အတူတူရှိနေခြင်းက အမှန်ပင် အနေရခက်၏။ ဖေ့လီက နေရကျပ်လျက် ရှိသည်။ သူမသည် ခဏမျှထိုင်ပြီးနောက် ပစ္စည်းများယူကာ သူမအခန်းသို့တတ်လာခဲ့သည်။

 ညနေခင်းတွင် ဖေ့လီက အနီးနားရှိစားသောက်ဆိုင်ကိုသွားကာ အစားအသောက်အချို့ ၀ယ်ခဲ့သည်။

သူမတို့ ညစာအတူတကွစားပြီးနောက်

ဖေ့လီက ကျိုးရှန်ချီ၏ သန့်ရှင်းရေးလုပ်ခြင်း၊ အိပ်ရာ၀င်ရန်ပြင်ဆင်ခြင်းနှင့် အိပ်ရာပေါ် လှဲချလိုက်ခြင်းတို့ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူမသည် စိတ်သက်သာရာရသွားကာ သူမအခန်းဆီသို့ ပြန်လာခဲ့သည်။

အလုပ်များသော နေ့တစ်နေ့က လျင်မြန်စွာကုန်ဆုံးသွားမြဲဖြစ်သည်။ ကျိုးရှန်ချီက ကုသရမည့်ရက်သည် မကြာမီရောက်လာမည်ဟု မျှော်လင့်မထားပေ။

သူသည် စိတ်လှုပ်ရှားမှုတစ်၀က် စိုးရိမ်မှုတစ်၀က်နှင့် အိပ်ရာပေါ်တွင် အတွေးများပြီးနောက် အိပ်ပျော်သွားသည်။

ဖေ့လီက အိပ်ရာပေါ်သို့လှဲလိုက်သည်။ သူမစိတ်ထဲတွင် ပျော်ရွှင်မှုတို့ ကြီးစိုးနေသည်။ သူမသည် ကျိုးရှန်ချီ၏ ခြေထောက်ကို တတ်နိုင်သမျှ အမြန်ဆုံးကုသပေးမည်။ သို့မှသာ စက်ရုံလုပ်ငန်းကို အာရုံစိုက်နိုင်မည်ဖြစ်သည်။ မူလပိုင်ရှင်ကို သတ်ခဲ့သည့်လူကိုလည်း ရှာရဦးမည်ဖြစ်ကြောင်း သတိရသွားသည်။ ထို့နောက် သူမသည် ကားတစ်စီး၀ယ်မည်။ ရေပူနှင့် လျှပ်စစ်မီးများရှိသော အိမ်တွင်နေထိုင်မည်။ ကြည့်ရှုရန် တီဗွီတစ်လုံးလည်း ၀ယ်မည်။ ဘ၀သည် ပျော်ရွှင်ဖွယ်ကောင်းနေမည် ဖြစ်သည်။

လှပသောအနာဂတ်မျှော်မှန်းချက်တို့ကို တွေးတောကာ ဖေ့လီက အိပ်ပျော်သွားသည်။

သူမသည် အရုဏ်တတ်ချိန်တွင် နိုးလာခဲ့သည်။ ရိုးရှင်းသည့်ပစ္စည်းများကို ထုတ်ပိုးပြီးနောက် ကျိုးရှန်ချီကို ခေါ်ဆောင်ကာ ပထမအသင်း၀င်ဆေးရုံသို့ သွားသည်။

ချမ်းအေးသည့် နံနက်ခင်း၌ ဆေးရုံရှေ့တွင် ပျံကျဈေးသည်များက ပေါက်စီနှင့် ဆန်ပြုတ်များကို အော်ဟစ်ရောင်းချနေကြသည်။

လူနာမိသားစု၀င်များသည် နံနက်စာ၀ယ်ရန် ရောက်ရှိလာကြသည်။

သူတို့သည် လျင်မြန်စွာ ၀ယ်ယူ၍ လျင်မြန်စွာ ပြန်သွားကြသည်။ သူတို့၏မျက်နှာပေါ်တွင် ၀မ်းနည်းသည့် အမူအရာတို့ မကြာခဏပြသနေသည်။

ကျိုးရှန်ချီက အနည်းငယ် စိတ်လှုပ်ရှားကာ ဘီးတပ်ကုလားထိုင်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

၀မ်ယန်ဖျင်က လင်းခယ်ဝေ့ကို အကျိုးအကြောင်းပြောပြီး ဖြစ်သောကြောင့် ဖေ့လီက အရိုးဌာန၏ ဒါရိုက်တာလင်းခယ်ဝေ့နှင့် တိုက်ရိုက်ချိန်းဆိုမှု ပြုလုပ်နိုင်လိုက်သည်။ သူမတို့သည် အစောဆုံး ရောက်ရှိသူများ ဖြစ်သောကြောင့် တိုကင်နံပါတ်သည်လည်း နံပါတ်တစ်ဖြစ်သည်။

အရှေ့စားပွဲမှ သူနာပြုသည် သူမတို့ကို စားရင်းသွင်းပေးပြီးနောက် အခြားသော ဆံပင်တိုတိုနှင့် သူနာပြုတစ်ယောက်ကိုစေလွှတ်ကာ သူမတို့ကို ဒေါက်တာလင်း၏ ဆေးခန်းသို့ လိုက်ပို့စေသည်။

ဆံပင်တိုတိုနှင့် သူနာပြုဆရာမလေးသည် ဖေ့လီနှင့် စကားစမြည် ပြောနေ၏။

"ဒေါက်တာလင်းလည်း ခုလေးတင် ရောက်လာတာ။ တိုက်ဆိုင်ချက်ပဲ"

ဖေ့လီက သူမကို ပြုံးပြလိုက်သည်။

သူနာပြုဆရာမလေးသည် တံခါးခေါက်လိုက်သည်။

"ဒေါက်တာလင်း ပထမဆုံးလူနာရောက်ပါပြီ"

"၀င်လာပါ"  

ဖေ့လီက စိတ်လှုပ်ရှားကာ တံတွေးမြိုချလိုက်သည်။ သူမက ကျိုးရှန်ချီကို တွန်းသွားကာ ဒေါက်တာ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဒေါက်တာလင်း။ ကျွန်မက ဖေ့လီပါ" 

ကျိုးရှန်ချီကလည်း နှုတ်ဆက်၏။

"ကျွန်တော်က ကျိုးရှန်ချီပါ"

လင်းခယ်ဝေ့၏ ဆံပင်တစ်၀က်မှာ ဖြူနေပြီဖြစ်၏။ သူက မျက်မှန်တပ်ထားကာ အလွန်ကြင်နာပုံ ပေါ်၏။

"မင်းတို့အတွက် ဒီကိုလာဖို့ မလွယ်ဘူးလို့ ယန်ဖျင်ပြောတယ်"  

မေးမြန်းစုံစမ်းမှုအချို့ ပြုလုပ်ပြီးနောက်လင်းခယ်ဝေ့က သူ့ကို စတင်စမ်းသပ်သည်။ ခဏကြာပြီးနောက် ဓာတ်မှန်ရိုက်ပေးရန် သူနာပြုတစ်ယောက်ကို ညွှန်းကြားသည်။

 ကျိုးရှန်ချီကို ခေါ်သွားသောကြောင့် ဖေ့လီသာလျှင် ကျန်ခဲ့သည်။ လင်းခယ်ဝေ့က အသက်ပြင်းပြင်းတစ်ချက် ရှူကာ သူမကို ပြော၏။

"အဖြေက ခဏနဲ့ ထွက်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒေါက်တာ့အထင် အခြေအနေက သိပ်ကောင်းမှာ မဟုတ်ဘူး။ အရိုးကျိုးတာက တော်တော်လေး များပြီး ခွဲစိတ်မှုလည်း လုပ်ရလောက်တယ်"

"ကုလို့ရနိုင်လား ဒေါက်တာ" 

"ပြောလို့ မရနိုင်ဘူး။ နောက်ပိုင်းကို စောင့်ကြည့်ရမှာပေါ့"

ကျိုးရှန်ချီက လျင်မြန်စွာ ပြန်ရောက်လာပြီး ဖေ့လီနှင့်အတူ စင်္ကြံန်တွင်ထိုင်၍ အဖြေကို စောင့်နေကြသည်။  

လင်းခယ်ဝေ့သည် အရိုးဌာန၏ ဒါရိုက်တာ တစ်ယောက်ဖြစ်သည်။ သူသည် နိုင်ငံခြားတွင် ပညာသင်ကြားခဲ့ကာ အတွေ့အကြုံများစွာ ရှိ၏။ သူ၏ ဆေးခန်းတွင် နံနက်ခင်းတစ်ခုလုံး လူပြတ်လပ်သည်ဟူ၍ မရှိပေ။ ရှေးလူကြီးများ ပြောကြားသည်မှာ အရိုးကို ကုသရန် ရက်တစ်ရာမျှ ကြာသည်။ ထို့ပြင် အရိုးဒဏ်ရာများသည် လွယ်ကူစွာ ကုသ၍မရပေ။ အချိန်နှင့်အမျှ လူနာရှင်တို့၏ ငိုကြွေးသံများကို ကြားနေရသည်။

ဖေ့လီ၏ စိတ်လှုပ်ရှားမှုတို့ များပြားလာသည်။ နံနက်ပိုင်း ကုန်ခါနီးတွင် ဓာတ်မှန်အဖြေထွက်လာ၏။

သူမတို့သည် ဆေးခန်းထဲသို့ တစ်ဖန် ပြန်သွားလိုက်သည်။ လင်းခယ်ဝေ့က ကျိုးရှန်ချီကိုကြည့်ကာ ဓာတ်မှန်ကို ပြသည်။ သူက ကျိုးနေသည့်အပိုင်းကို ထောက်ပြပြီးနောက် ခြေချင်း၀တ်ကို ပြသည်။ သူ၏အသံသည် ၀မ်းနည်းပူဆွေးနေ၏။

"အခြေအနေက မျှော်လင့်ထားတာထက် ပိုဆိုးနေတယ်။ ညို့သကျည်းရိုးနဲ့တံကျင်ရိုးက ကျိုးနေတယ်။ ခွဲစိတ်မှပဲ ရမယ်။ ပြီးတော့ ခြေချင်း၀တ်မှာ ပြည်တည်နေတယ်။ ပွားနေပြီလား မပွားသေးဘူးလားဆိုတာတော့ မသေချာသေးဘူး။ 

နောက်ထပ် စစ်ဆေးရဦးမယ်ထင်တယ်။ ဒီနေ့ပဲ ဆေးရုံတတ်လိုက်တော့"

သူမတို့နှစ်ယောက်သည်  အတော်လေးစိတ်မချမ်းမသာဖြစ်သွားကြသည်။

...