အပိုင်း ၁၄
Viewers 1k

အပိုင်း (၁၄) ဆိုင်ငှားခြင်း

ဖေ့ရုန်ဖူသည် ဆိုင်တန်းခင်း၍ရောင်းခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ ဖောက်သည် အများအပြားလည်း ရရှိပြီးဖြစ်၏။ သူက အခြားနေရာသို့ မပြောင်းချင်ပေ။ ထို့ကြောင့် တုံဆိုင်းစွာပြော၏။

"မနက်ဖြန်မှ တခြားသူတွေကို ဘာအစီအစဉ်ရှိလဲ မေးကြည့်ရအောင်"

သူ့မျက်စိဖြင့် တပ်အပ်မမြင်ရပါက ဆိုင်ငှားရန် သဘောတူမည်မဟုတ်ပေ။ ဖေ့လီသည်လည်း ဖြစ်ပျက်နေသော ကိစ္စများကို စုံစမ်းချင်သည်။ ထို့ကြောင့် သူမက အကူအညီမဲ့စွာ ပြောလိုက်သည်။

"ဒါဆို မနက်ဖြန်သွားကြည့်ကြတာပေါ့"

ဖေ့စုံတွဲက အဆက်မပြတ် ခေါင်းညိတ်ကြသည်။ ဆိုင်အကြောင်း ဆွေးနွေမှုသည် ပြီးဆုံးသွား၏။ ဖေ့လီက သူမဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသော ကျိုးရှန်ချီကို ကြည့်ကာ အခြားအကြောင်းအရာတစ်ခုကို စကားစသည်။

"ကျောင်းကျွယ်က သမီးကို ကြိုတင်လစာပေးတယ်။ နှစ်ရက်လောက်နေလို့ အိမ်ကကိစ္စတွေ ပြီးပြတ်သွားရင်  ခြေထောက်ကုဖို့ ကျိုးရှန်ချီကို မြို့ခေါ်သွားမယ် "

"သူက ဘယ်လောက်ပေးတာလဲ"

၀မ်ချွေလန်၏ မျက်လုံးတို့က သိချင်စိတ်ဖြင့် တောက်ပနေသည်။

ဆေးကုသရာ၌ ငွေကုန်ကျမည်မှာ မလွဲဧကန်ပင်။ ကျိုးရှန်ချီအတွက် ယွမ်၁၀၀သုံးမည်ကို သိပါက ဖေ့စုံတွဲသည် သဘောတူကြမည် မဟုတ်ပေ။ ထို့ကြောင့် ဖေ့လီက အတိအကျမပြောဘဲ လျှော့ပြောသည်။

"ယွမ်၅၀"

"မြို့ကို သွားဖို့က တော်တော်လေးကုန်မှာ"

ထိုစကားကို ကြားပြီးနောက် ဖေ့ရုန်ဖူသည် ငွေကို နှမြောသွား၏။

ဖေ့လီက အလျှော့မပေးပေ။ 

"သမီးတို့ အနှေးနဲ့အမြန် ပိုက်ဆံရှာလို့ရတယ်လေ။  ကျောင်းကျွယ်ရဲ့ စက်ရုံဖွင့်ရင် သမီးတို့မိသားစု ပိုပိုပြီး အဆင်ပြေလာတော့မှာ"

ကျိုးရှန်ချီက ဖေ့လီကို မျက်လုံးပင့်ကြည့်ကာ ညင်သာစွာပြောသည်။

"ခုတလော ကိုယ့်ခြေထောက်က ပိုသက်သာလာပါပြီ။ နည်းနည်းလောက် စောင့်ရလည်း အ‌ဆင်ပြေတယ်"

"တစ်သက်လုံး ဘီးတပ်ကုလားထိုင်ပေါ်ပဲ ထိုင်နေလို့မရဘူးလေ"

ဖေ့လီက ဆုံးဖြတ်ပြီးဖြစ်၏။ 

"မြန်မြန်ကုလေ မြန်မြန်ပိုကောင်းလေပဲ"

သူပြန်ကောင်းလာပါက ကွာရှင်းကြမည်ဟူသော စကားများကိုတော့ မပြောလိုက်ပေ။

၀မ်ချွေလန်က ဖေ့လီနှင့် ကျိုးရှန်ချီကို ကြည့်လိုက်သည်။ ဤရက်များ၌ ကျိုးရှန်ချီနှင့် အတူနေခဲ့သည် ဖြစ်သောကြောင့် သမက်တစ်ယောက်အဖြစ် လက်ခံပြီးဖြစ်၏။ ထို့ကြောင့် သူမက ဆုံးဖြတ်ချက် ချလိုက်သည်။

"လီလီပြောတာ မှန်တယ်။ ဒီတိုင်းကြီး အချိန်ဆွဲထားရင် မကောင်းဘူး။ နွေဦးရောက်ရင် လယ်ထဲမှာ လုပ်စရာအလုပ်တွေလည်း အများကြီးရှိသေးတယ်။ ငါတို့မှာ သူကလွဲပြီး လုပ်ပေးမဲ့သူမရှိဘူး"

ဖေ့ရုန်ဖူသည်လည်း ငြင်းဆန်ခြင်းမပြုပေ။ သို့သော် ခြေထောက်မသန်သည့်လူတစ်ယောက်နှင့် မြို့ကို သွားခြင်းကို စိတ်မချပေ။

"မြို့ကို အဖေရောလိုက်ခဲ့ရမလား"

ဖေ့လီက ခေါင်းယမ်းပြသည်။

"စိတ်မပူပါနဲ့။ အဖေ့က အိမ်မှာပဲနေခဲ့ပြီး ပေါက်စီရောင်းပါ။ စီးပွားရေးကိုလည်း ဆက်လုပ်ရဦးမယ်လေ"

ဖေ့မိသားစုသည် သဘောတူညီမှုပြုလုပ်ပြီးဖြစ်ကာ အိပ်ရာ၀င်ရန် ပြင်ဆင်ကြတော့သည်။

ကျိုးရှန်ချီက ဘီးတပ်ကုလားထိုင်ကို ကိုင်ထားကာ လှုပ်ရှားခြင်းမပြုပေ။ သူက ဖေ့လီကို ကြည့်ကာ ပြောသည်။

"အိမ်ရဲ့ အခြေအနေက သိပ်မကောင်းမှန်း ကိုယ်သိတယ်။ ရက်နည်းနည်းလောက် နှောင့်နှေးလည်း ဘာမှမဖြစ်ပါဘူး"

မရည်ရွယ်ပါဘဲနှင့် သူ့ကိုယ်သူ ဖေ့မိသားစု၀င်တစ်ယောက်အဖြစ် စဉ်းစားနေမိသည်။

"အဆင်ပြေပါတယ်။ ငွေကိစ္စကို ခေါင်းထဲမထည့်နဲ့"

ဖေ့လီက ပြုံးပြကာ ပြောသည်။

"ရှင့်ခြေထောက်တွေ ပြန်ကောင်းရင် ကွာရှင်း‌ပေးမယ် ပြောထားတာကို ဖြစ်အောင် လုပ်ပေးမှာပါ"

ကျိုးရှန်ချီ၏ မျက်နှာတွင် အဆင်မပြေမှုတို့ ပေါ်လာ၏။ 

ဖေ့လီက ရှုပ်ထွေးနေသော သူ့မျက်နှာကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး သူမ သိထား‌သည်များကို ပြောပြသည်။

"ကျိုးရှန်ချီ ရှင်က ပေကျင်းက ပညာရှင်တစ်ယောက်။ နယ်ဘက်မှာ သုတေသနတစ်ခုလုပ်ဖို့ လာရင်း မတော်တဆ ဖြစ်ခဲ့တာ"

"ဘယ်လိုလုပ် သိတာလဲ"

ကျိုးရှန်ချီက သူ့တွင်ကျန်ခဲ့သော ပစ္စည်းများကို ရှာဖွေပြီးဖြစ်သည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြသည့် မှတ်စုစာအုပ်တစ်အုပ်မှ လွဲ၍ ဘာမျှမရှိပေ။ 

"ကျွန်မ ထူးဆန်းတဲ့အိပ်မက်တစ်ခု မက်ခဲ့တယ်။ အဲဒီထဲမှာ ရှင့်ရဲ့အနာဂတ်ကို မြင်ခဲ့တယ်" 

ဖေ့လီက အိပ်ရာခင်းလိုက်ကာ ဆက်မပြောတော့ပေ။

ကျိုးရှန်ချီက သူမကျောပြင်ကို ကြည့်ကာ ခံစားချက်တို့ တိုးပွားလာသည်။ သူက တစ်ခဏမျှ တိတ်ဆိတ်နေကာ ဘီးတပ်ကုလားထိုင်ကိုလှည့်၍ ထွက်သွားသည်။

နောက်တစ်နေ့ နံနက်တွင် ဖေ့လီက ချင်းစိမ်းများ ၀ယ်ရန် တတိယဘိုးလေးအိမ်သို့သွားသည်။ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးသောကြောင့် ချင်းစိမ်းချိုချဉ်ကို များပြားစွာ မပြုလုပ်ပေ။ သားဖနှစ်ဦး အိမ်မှ ထွက်လာသောအခါ အရုဏ်တက်ပြီဖြစ်၏။ သူမတို့ ဆိုင်ဖွင့်သည့်နေရာသို့ ရောက်သောအခါ ဖေ့ရုန်ဖူ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ လမ်းပေါ်တွင် မည်သည့်‌ပျံကျဈေးသည်မျှ မရှိပေ။ အလုပ်ချိန် မကျသေးသော်လည်း လမ်းသွားလမ်းလာအနည်းငယ်သာရှိ၏။ 

ဖေ့လီသည်လည်း ထူးဆန်းနေမှုကို တွေ့လိုက်ရသည်။ တစ်ညပင် ရှိသေးသော်လည်း မည်သည့် ပျံကျဈေးသည်မျှ ဆွေးနွေးညှိနှိုင်းခြင်းမပြုကြဘဲ လာရောက်ရောင်းချခြင်းမပြုကြ‌တော့ပေ။

'မနေ့ညက တစ်ခုခုဖြစ်သွားလို့လား?' 

ဖေ့လီက အဖြစ်အပျက်များကိုမေးရန် ဘေးပတ်၀န်းကျင်ကိုကြည့်ကာ သူမအသိများကို ရှာသည်။ ခပ်ဝေးဝေးတွင် သူမထံလာနေသည့် တုန်တုန်ယင်ယင်ဖြစ်နေသော ပုံရိပ်တစ်ခု‌ကို တွေ့လိုက်သည်။ ထိုပုံရိပ်သည် ဟင်းသီးဟင်းရွက်ခြင်းတောင်ကို လွယ်ထားသော အဘွားလျူပင်။

ဖေ့လီက သူမထံသွားကာ မေးမြန်းသည်။

"အဘွားလည်း လာတယ်လား"

အဘွားလျူက လမ်းပေါ်တွင် သူမတို့သာ ရှိသည်ကို တွေ့ရသောအခါ ပါးရေတွန့်နေသောမျက်နှာသည် ပို၍ပင် သနားဖွယ်ကောင်းသွား၏။

"ငါ ဒီလိုမျိုး ဆက်ပြီး မရှင်သန်နိုင်တော့ဘူး" 

ဖေ့လီက အမြန်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"မနေ့ညက မသမာတဲ့လူတွေက ငါတို့ကို ငှားရမ်းခ တောင်းတယ်။ မပေးရင် ဆိုင်ဖွင့်ခွင့်မပြုဘူးတဲ့။ သူတို့ကို ကျော်ဖြတ်ပြီးမှပဲ ရမယ်တဲ့"

အဘွားလျူသည် ပြောနေလျက်ပင် မျက်ရည်များကျလာသည်။

"ဘယ်လို စားသောက်နေထိုင်ရတော့မလဲ"

ဖေ့လီက သူမကို နှစ်သိမ့်သည်။

"ဘာမှမဖြစ်ပါဘူး။ တခြားနည်းလမ်းရှိမှာပါ။ သမီးတို့ တခြားနေရာ သွားရောင်းလို့ရတာပဲလေ"

ဖေ့ရုန်ဖူသည် သူလွယ်ထားသော ခြင်းတောင်းကို မချရဲပေ။ သူသည် စာရေးကိရိယာဆိုင်သို့ သွား၍ တံခါးခေါက်ကာ အော်လိုက်သည်။

"ဟိုက်ယန် ဟိုက်ဟန် မင်းရှိနေလား"

၀မ်ဟိုက်ယန်က တံခါးဖွင့်လိုက်ပြီး အိပ်မှုန်စုံမွှားမျက်လုံးများဖြင့် စိတ်မရှည်စွာ မေးသည်။

"ဘာကိစ္စရှိလို့လဲ"

ဖေ့ရုန်ဖူက ပြုံးကာ မေးမြန်းသည်။

"ဒီနေ့ ဘာတွေဖြစ်နေကြတာလဲ" 

၀မ်ဟိုက်ယန်က သူ့ကိုအာရုံစိုက်ရန် အလွန်ပင် ပျင်းနေကာ တံခါးပိတ်ရန် ပြင်သည်။

"အိပ်နေတာကို လာမနှောင့်ယှက်နဲ့။ ငါ ခွင့်မပြုရင် ဆိုင်မဖွင့်ရဘူး"

ဖေ့လီက အဘွားလျူကို အိမ်ပြန်ရန် ဖျောင်းဖျလိုက်သည်။ ၀မ်ဟိုက်ယန်၏ အပြုအမူကိုကြည့်၍ သူမကတစ်ခုခုကို ခန့်မှန်းပြီးဖြစ်သည်။ ယမန်နေ့ညက ဤလမ်းရှိဆိုင်ကြီးများအားလုံးသည် တစ်သံတည်းထွက်ပြီး ဖြစ်လောက်မည်။

အရာအားလုံးသည် နောက်ကွယ်တွင်ရှိ‌သောလူထက် ငှားရမ်းခပိုပေးနိုင် မပေးနိုင်အပေါ်မူတည်သည်။ ဆိုင်ရှင်များသည်လည်း အကျိုးအမြတ်အများဆုံးကိုသာ ရွေးချယ်ကြမည်ဖြစ်၏။

ဖေ့ရုန်ဖူက အလျှော့မပေးဘဲ တံခါးပေါင်ကိုဆွဲထားသည်။

"ငါတို့ ပိုက်ဆံပေးမယ်ကွာ။ တစ်ယွမ်ဆိုရင်ရော ဘယ်လိုလဲ"

၀မ်ဟိုက်ယန်သည် ပိုက်ဆံပေးမည်ဟု ကြားသောအခါ ဖေ့ရုန်ဖူက ဉာဏ်ကောင်းသည်ဟု တွေးတောလိုက်သည်။ သို့‌သော် 'တစ်ယွမ်'ဟု ကြားသောအခါ ဒေါသတကြီးပြောလိုက်သည်။

"ထွက်သွားကြ"

ဖေ့ရုန်ဖူက လျင်မြန်စွာမေးလိုက်သည်

"နှစ်ယွမ်ဆိုရင်ရော"

မြို့ထဲရှိ ကျောင်းဆရာများပင် တစ်လ၁၇ယွမ်သာ ရသည်။ သူတို့သည် ဆိုင်ငှားခြင်း မဟုတ်ဘဲ ‌မနက်နှင့် ညနေ၌ ဆိုင်ရှေ့တွင် ဆိုင်တန်းခင်းခြင်းသာ ဖြစ်သည်။ မျှမျှတတပြောရလျှင် ဖေ့ရုန်ဖူပေးသော ပိုက်ဆံသည် မြင့်မားနေပြီဖြစ်၏။

၀မ်ဟိုက်ယန်သည် ဖေ့ရုန်ဖူကို ဈေးမြှင်ခွင့် မပေးတော့ပေ။ 

'တစ်နေ့ ၇ယွမ် ၈ယွမ်၀င်နေတာကို တစ်လငှားခကျ နှစ်ယွမ်ပဲပေးချင်တယ်ပေါ့'

သူက လက်ခါပြကာ တံခါးပိတ်လိုက်သည်။

ဖေ့ရုန်ဖူသည် ဒေါသထွက်သွားကာ အထဲကို လှမ်းအော်သည်။

"နှစ်ယွမ်နဲ့ မကျေနပ်နိုင်ရင် ဓားပြသာ သွားတိုက်ချည်"

‌ဖေ့လီက အချိန်ကျပြီမှန်း သိ‌သောကြောင့် မီးထဲသို့ ဓာတ်ဆီထပ်လောင်းသည်။

"တစ်လနှစ်ယွမ်နဲ့ ဆိုင်တစ်ဆိုင် ငှားလို့ရတယ်။ မိုးထဲလေထဲ ဘယ်သူက ဆိုင်တန်းခင်းနေမှာလဲ။ အဖေ ငှားဖို့ သင့်တော်တဲ့ဆိုင်ရှိမရှိသွားရှာကြရအောင်"

ဖေ့ရုန်ဖူသည် တုံးအ၏။ သူက အထဲသို့လှမ်းအော်ပြန်သည်။

"ဘယ်သူ့လာပြီး အထင်သေးနေတာလဲ။ ငါအခုချက်ချင်း ဆိုင်ငှားပြမယ်"

ဆိုင်ငှားရမ်းခြင်းဖြစ်သော်လည်း ပုံမှန်ဝယ်သူများက ဤရပ်ကွက်တဝိုက်တွင် ရှိသည်။ ထို့ကြောင့် ဤနေရာနှင့် နီးသော ဆိုင်ကိုရှာရန် ဦးစားပေးရမည်ဖြစ်သည်။ ဖေ့လီက ကျောင်းအိမ်နှင့် ဈေးသို့သွားသောလမ်းတွင် ဆိုင်ငှားကြော်ငြာဆိုင်းဘုတ်များကို တွေ့ဖူးသည်။ ထို့ကြောင့် သူမက ဖေ့ရုန်ဖူကို ထိုနေရာများသို့ ခေါ်သွားလိုက်သည်။

မသွားမီ ဖေ့လီက လမ်းသွားလမ်းလာအများစု ၀င်သွားသော နေရာသို့လိုက်ကြည့်သည်။ ထိုနေရာသည် နံနက်စာရောင်းသည့်ဆိုင်ဖြစ်သည်။ ‌‌ဈေးထဲတွင် ပျံကျဈေးသည်များ မရှိကြပေ။ မျက်နှာချင်းဆိုင်ရှိ နံနက်စာရောင်းသောဆိုင်သည် ရောင်းကောင်းပုံပေါ်သည်။ စားသုံးသူများအတွက် ဆိုင်ထဲတွင် နေရာမကျန်သောကြောင့် ဆိုင်ပြင်တွင် ထိုင်ခုံများနှင့်စားပွဲများကို ခင်းကျင်းထားသည်။

ဖေ့ရုန်ဖူက ရေရွတ်ပြောဆိုနေဆဲဖြစ်ကာ ဖေ့လီ ခေါ်ရာနောက်သို့လိုက်သွားသည်။ ၅မိနစ် ၆မိနစ်မျှ လျှောက်ပြီးသောအခါ ဆိုင်လွတ်တစ်ဆိုင်ကို တွေ့၏။ ဖေ့လီသည် ယခင်နေ့က ဤဆိုင်ကို အမှတ်တမဲ့ ကြည့်ဖူးသည်။ ယခုသေချာကြည့်သောအခါ ပြီးဆုံးအောင် မဆောက်ရသေးသော နှစ်ထပ်အိမ်တစ်လုံး ဖြစ်နေသည်ကို တွေ့ရ၏။

အိမ်အရှေ့နှင့် အနောက်သည် တံခါးမတပ်ရသေးသောကြောင့် တစ်ဆက်တည်းဖြစ်နေသည်။ အထဲတွင်ရှိသော စားပွဲနှင့် ထိုင်ခုံများကို မြင်နိုင်ရုံမက အနောက်တွင်ရှိသော‌ နှင်းများဖုံးနေသည့် ဂျုံခင်းကိုပင် တွေ့နိုင်သည်။

သူမ ယခင်ကတွေ့ခဲ့သော အငှားဆိုင်းဘုတ်မှာ မရှိတော့ပေ။ ငှားပြီးသွားသလားဆိုသည်ကိုတော့ သူမလည်း မသိပေ။ ထို့ကြောင့် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမက တံခါးရှေ့၌ရပ်ကာ အော်ခေါ်သည်။

"လူရှိလား"

ဖေ့ရုန်ဖူကလည်း လိုက်အော်၏။ နှစ်‌ယောက်အော်သောအခါ ကျယ်လောင်လာသည်။ အပေါ်ထပ်တွင် ရှိသောလူသည် အော်သံများကိုကြားသွားပြီး ပြတင်းပေါက်ဖွင့်ကာ မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ" 

ပြတင်း‌ပေါက်တွင် ငယ်ရွယ်ကာ ချောမောသည့် ယောက်ျားတစ်ယောက် ပေါ်လာသည်။

ဖေ့လီက အိမ်ကို ညွှန်ပြ၍ မေးသည်။

"ဒီအိမ်က ငှားလို့ရသေးလားရှင့်"

ယောက်ျားပျိုသည် အံ့အားသင့်သွား၏။ သူက အ၀တ်အစားများထပ်၀တ်သည်။

"ခဏစောင့်ပေးပါဦး"

တစ်ခဏကြာသောအခါ အနက်ရောင်ကုတ်အင်္ကျီကို ၀တ်ထားသော ယောက်ျားတစ်ယောက် ဆင်းလာသည်။ သူက လက်ဆန့်ထုတ်ကာ အထဲသို့ဖိတ်ခေါ်သည်။

"အထဲ၀င်ပြီး ထိုင်ကြပါဦး။ ဒီအိမ်က ငှားလို့ရပါသေးတယ်"

ဤအိမ်တွင် တံခါးပေါက်မရှိပေ။ ထို့ကြောင့် အထဲ၀င်လျှင်ပင် အေးနေသေးသည်။ ဖေ့လီက ၀င်ထိုင်ကာ ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်သည်။

"ဘာလို့ ဒီအိမ်မှာ တံခါးပေါက်မရှိတာလဲ"

"ကျွန်တော်က ဒီမှာအကြာကြီးမ‌နေဘူးလေ။ အဲ့ဒါကြောင့် အမိုးအကာလောက်ပဲ လုပ်ထားတာ"

ယွမ်ရှောက်က ပြုံးကာပြောသည်။

"ဒီအိမ်က နေရာကောင်းလေ။ မြို့ထဲနဲ့လည်း နီးတယ်။ အနှေးနဲ့အမြန် ‌ဈေးတတ်လာမှာ"   

ရှေ့ရေးကို ကြိုမြင်တတ်သောလူနှင့် တွေ့ဆုံရန်ရှားပါးသည်။ ဖေ့လီက သူ့ကို လေးစားသွားကာ ပြောလိုက်သည်။

"ဒီမှာအကြာကြီး မနေဘူးဆိုတာ ဘာကိုပြောတာလဲ တစ်နေရာရာသွားမလို့လား"

"ကျွန်တော်က မင်ဟွာအလယ်တန်းကျောင်းက ဆရာပါ။ နွေဦးရောက်ရင် ခရိုင်မြို့ကို ပြောင်းရမှာ။ ပြန်လာဖြစ်မှာလည်း မဟုတ်တော့ဘူး။ အဲဒါကြောင့် ဒီအိမ်တစ်၀က်ကို ငှားတာပါ"

ဖေ့လီက သူ၏အခြေအနေကို သဘောပေါက်သွားသည်။

"တစ်လကို ဘယ်လောက်နဲ့ ငှားမှာလဲ"

"၆ယွမ်ပါ"

ယွမ်ရှောက်က ရေနွေးအိုးမှ ရေနွေးနှစ်ခွက် ထည့်ပေးသည်။ 

"အပေါ်ထပ်ကိုလည်း ငှားဖို့စိတ်ကူး ရှိပါတယ်။ ကျွန်တော်က နောက်နှစ်လဆို သွားတော့မှာလေ။ အဲ့ဒီဈေးနဲ့ပဲ ငှားပေးမှာပါ။ ခင်ဗျားကို အလကားပေးသလိုပါပဲ"

"ဒါပေမဲ့ ဒီမှာက တံခါးပေါက်တောင် မရှိဘူးလေ။ ကျွန်မတို့ပြောင်းလာရင် တံခါးတပ်ရဦးမှာ။ အဲ့ဒီအတွက် ငွေကုန်ရဦးမှာ"

ဤနေရာသည် ဈေးနှင့် မီတာ၆၀၀သာဝေးသည်။ စက်ဘီးဖြင့်သွားလျှင် မိနစ်အနည်းငယ်သာ ကြာမည်ဖြစ်သည်။ ဤအိမ်သည် အလွန်ကောင်း၏။ ၆ယွမ်ဖြင့် နှစ်ထပ်အိမ်တစ်လုံးကို ငှားနိုင်မည်။ အလုပ်များသောနေ့များ၌ အပေါ်ထပ်တွင် အိပ်နိုင်သည်။ ဖေ့လီ၏ စိတ်ထဲတွင် ကျေနပ်နေမိသည်။ သို့သော် သူမက ထုတ်မပြဘဲ မလိုချင်သည့်ဟန်ပြုမူလိုက်သည်။

"ပြီးတော့ ကျွန်မတို့က ဆိုင်ဖွင်ဖို့ ပြင်နေတာဆိုတော့ ငွေပြတ်နေလို့ပါ။ ဈေးနည်းနည်းလောက် လျှော့ပေးလို့ရမလား" 

ယွမ်ရှောက်သည်လည်း ပါးနပ်သည့်လူဖြစ်၏။ သူက အသက်ပြင်းပြင်းရှူကာ အခက်တွေ့ဟန် ပြောလိုက်သည်။

"ဈေးလျှော့လို့မရတော့လို့ပါ။ ကျွန်တော်ကလည်း ခရိုင်မြို့ရောက်ရင် အိမ်တစ်လုံးဝယ်ရဦးမှာ။ ပြီးတော့ ကျွန်တော်လည်း ငွေပြတ်နေတာမို့ပါ။ ဒီလိုဆိုရင်ရော၊ နောက်နှစ်ရက်လောက်နေရင် တစ်ယောက်ယောက်ကို တံခါးတပ်ခိုင်းလိုက်မယ်။ အဆင်ပြေလား၊ အိမ်ရဲ့အနောက်မှာ မြစ်ရှိတယ်။ အဲ့ဒီသွားပြီး ငါးမျှားလို့လည်းရတယ်။ ရှုခင်းတွေကလည်း လှတယ်။ ငှားရတာတန်ပါတယ်ဗျာ"

သူ၏ မယိမ်းယိုင်‌သော သဘောထားကိုတွေ့သောအခါ ဖေ့လီက ညှိနှိုင်းရန် ခက်ခဲမည်ဟု တွေးတောကာ အငြင်းမပွားတော့ပေ။ သူမက ဖေ့ရုန်ဖူကို ကြည့်လိုက်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။

"ကောင်းပါပြီ။ ရှင့်မှာ စာချုပ်စာတမ်း‌တွေရှိတယ်မလား"

ယွမ်ရှောက်ကပြုံးကာ ပြန်ပြောသည်။

"ရှိပါတယ် ရှိပါတယ်။ ငှားခကိုလည်း တစ်လတစ်ကြိမ်‌ ပေးလို့ရပါတယ်"

ထိုသို့‌ပြောပြီးနောက် သူက အပေါ်ထပ်သို့တတ်ကာ စာချုပ်စာတမ်းများယူသည်။ ‌ဖေ့ရုန်ဖူသည် စိုးရိမ်စိတ် ၀င်နေသော်လည်း အခြားရွေးချယ်စရာမရှိပေ။ ဘာမျှမဟုတ်သော နေရာကို တစ်လ ၂ယွမ်ပေးကာငှားခြင်းထက် တစ်လ ၆ယွမ်ဖြင့် နှစ်ထပ်အိမ်တစ်လုံး ငှားခြင်းသည် ပိုကောင်း၏။

ယွမ်ရှောက်သည် ကျောင်းဆရာဖြစ်‌သောကြောင့် စာချုပ်ရေးရာတွင် မြန်၏။ သူက ဖေ့လီကို သူ၏ကျောင်းဆရာလက်မှတ်နှင့် မှတ်ပုံတင်ကိုပါ ပြ၏။ အကြောင်းအရာအားလုံးကို စစ်ဆေးပြီးနောက် ဖေ့လီက စရန် ပေးချေသည်။ ထို့နောက် အိမ်၀၌ ဖေ့ရုန်ဖူနှင့်အတူ ပေါက်စီနှင့်ချိုချဉ်တို့ကို နံနက်ခင်းတစ်ခုလုံး ရောင်းချကာ နေ့လယ်၌ အိမ်ပြန်ကြလေသည်။

ယခုအခါ ရွာထဲတွင် သတင်းအသစ်တစ်ခု ပျံ့နှံ့နေသည်။ လူတိုင်းသည် တတိယဖေ့(တတိယဘိုးလေး)သည် ကံကောင်းကြောင်း ပြောဆိုနေကြသည်။ အကြောင်းရင်းမှာ သူစိုက်ပျိုးထားသော ချင်းစိမ်းများကို စက်ရုံမှ၀ယ်သွားသောကြောင့်ပင်။

...