နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၁၅
တဖက်မှာတော့ ကျန်းလော့ကျစ်သည် နှုတ်ဆက်သည့်ရန်အလို့ငှာ ပိုင်ယွဲ့ကွမ်းဘက်သို့ အေးစက်စွာ ခေါင်းလှည့်လိုက်သည်။ သို့သော် သူ့မျက်နှာပေါ်တွင် ကြိုဆိုလိုသည့် အရိပ်အယောင်စိုးစင်းမျှ မရှိပေ။
ပိုင်ယွဲ့ကွမ်း၏ မျက်လုံးများသည် ချက်ချင်း မှိန်ဖျော့သွားပြီး အနည်းငယ် စိတ်ထိခိုက်သွားသယောင်ပင်။
ပိုင်ယွဲ့ကွမ်းနောက်တွင် ရပ်နေသော အိုးရန်မင်က အဲ့တာကို မြင်လိုက်သည်။ သူချက်ချင်း ရှေ့ထွက်လာပြီး ကျန်းလော့ကျစ်ကို မျက်စိတဖက်မှိတ်ပြကာ " ငါပြောမယ် လောင်ကျန်း၊ မင်းက တအားပျင်းစရာကောင်းတာပဲ၊ ငါတို့လို သူငယ်ချင်းတွေကိုကျ မခေါ်ဘဲ တယောက်ထဲဒီမှာလာစားနေတယ်။ ပိုင်ယွဲ့ကွမ်းက သူငယ်ချင်းဟောင်းတွေနဲ့ တူတူပြန်ဆုံမယ်လို့ အကြိမ်ပေါင်းများစွာပြောနေတာကို။ ပြောခါမှ ပြီးခဲ့တဲ့ တစ်ခေါက်ငါတို့တွေ့ကြတုန်းက လူတိုင်းက အလျင်သလို နှုတ်ဆက်သွားကြတာ သူမ မင်းကို စကားသေချာပြောဖို့က ခေါ်ထုတ်ဖို့အချိန်တောင်မရှိလိုက်ဘူးလေ။ ဒီနှစ်တွေထဲ အခြေအနေတွေကိုပြောဖို့ မင်းအားမယ့်အချိန်လောက် မင်းကို ချိန်းဖို့ တောက်လျှောက်စဥ်းစားနေတာ။ ဒါပေမယ့် မင်းကအမြဲ အလုပ်ရှုပ်နေတော့ သူမ မင်းကို မနှောင့်ယှက်ရဲဘူးလေ။ အဲ့လောက် ပြည့်ကြပ်နေတဲ့အချိန်ဇယားထဲကနေ မင်း အချိန်ခိုးပြီး ဒီမှာ လာစားသောက်နေမယ်လို့ မထင်ထားဘူး။ "
" လောင်ကျန်း၊ ဒါမင်းပြောဖူးတဲ့ မစ္စချောင်းဆိုတာလား။ တကယ်ပဲ လောင်ကျန်း၊ မင်းကတော့ အကုန်လုံးနဲ့ မိတ်ဆက်ပေးရမယ်ဆိုတာကို မသိဘူးလား။ ဟယ်လို မစ္စချောင်း၊ ငါတို့က လောင်ကျန်းရဲ့ သူငယ်ချင်းတွေပါ။ ဒါကတော့ ကျောင်းတုန်းက လောင်ကျန်း နှလုံးသားထဲက နတ်ဘုရားမ မစ္စပိုင်ပေါ့။ ဟေး မင်းတို့ နှစ်ယောက်က တစ်အားလှတာ ပန်းလေးနှစ်ပွင့်လိုပဲ၊ နှစ်ယောက်တူတူသာထိုင်လိုက်ရင် သေချာပေါက် ပန်းချီကားတချပ်လို ဖြစ်သွားမှာ။"
အိုးရန်မင်က ပိုင်ယွဲ့ကွမ်းကို ချောင်းမိုဘေးမှာ ထိုင်ခိုင်းရင်း ရင်းနှီးသော အမူအရာဖြင့် ပြောဆိုနေခဲ့သည်။ နှစ်ယောက်လုံးက အမျိုးသမီး အိုမီဂါများဖြစ်သောကြောင့် ခုလိုဘေးချင်းကပ်ထိုင်ရင်လည်း မရိုင်းစိုင်းပါပေ။
ပိုင်ယွဲ့ကွမ်းသည် အစပိုင်းတွင် အနည်းငယ် ချီတုံချတုံ ဖြစ်နေသော်လည်း အိုးရန်မင်က သူမကို တွန်းလိုက်သောအခါ သူမ နှုတ်ခမ်းကို တခဏလောက်ကိုက်လိုက်ပြီး နောက်ဆုံးတွင်တော့ မလိုလားစွာ ထိုင်ချလိုက်သည်။
နောက်ဆုံးတစ်ခေါက်က သူမ ချောင်းမိုနဲ့ လူချင်းတွေ့လိုက်ရပြီးနောက် သေချာမသိနိုင်သော ကျပ်တည်းမှုကို ခံစားခဲ့ရသည်။ အခုပုံအတိုင်းဆို ချောင်းမိုက ကျန်းလော့ကျစ်အတွက် အထူးတလည်ဖြစ်ပုံရသည်။ မဟုတ်လို့ကတော့ ကျန်းလော့ကျစ်ရဲ့ အကျင့်စရိုက်နဲ့သာဆို သူမကို ညစာစားဖို့ အချိန်ယူပြီး ခေါ်လာမှာကိုမဟုတ်ဘူး။
တကယ်လို့ သူမ ဒီတိုင်း မာနကိုဆုပ်ကိုင်ထားပြီး ရှေ့မတိုးလို့ကတော့၊ ကျန်းလော့ကျစ်ရှေ့မှာ သူမအတွက် ဘာမျှော်လင့်ချက်မှ ရှိမှာ မဟုတ်တော့ဘူး။
ပိုင်ယွဲ့ကွမ်းက အမျိုးသမီးဇာတ်လိုက်ဖြစ်ပြီး ကျန်းလော့ကျစ်ကလည်း အမျိုးသားဇာတ်လိုက်ဖြစ်သည်။ သူမတို့နှစ်ယောက်ကြား ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်လို့ ချောင်းမို ငြင်းဆန်စရာအကြောင်းမရှိဘူး။
အဲ့တာကြောင့် အိုးရန်မင်က ပိုင်ယွဲ့ကွမ်းကို တွန်းလိုက်တဲ့အချိန် ချောင်းမို သူမကို ပြုံးပြလိုက်ပြီး သူမခုံကို လက်လျော့လိုက်သည်။
အိုးရန်မင်နဲ့ ပိုင်ယွဲ့ကွမ်းထိုင်ချပြီးမှတော့ အခြားသူတွေလည်း ထိုင်စရာအကြောင်းပြချက်ရသွားပြီဖြစ်သည်။
ရှီးချန်က ဘယ်သူမှ ကျန်းလော့ကျစ်၊ ပိုင်ယွဲ့ကွမ်းနဲ့ သူ့ချစ်သူလေးကို မကြားဖူးသူမရှိပေ။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကသူ သုံးယောက်လုံးကို သူတို့တွေ့လိုက်ရချိန်မှာတော့ သူတိူ့နှလုံးသားထဲက အတင်းအဖျင်းပြောလိုစိတ်များ စတင်လောင်မြိုက်လာတော့သည်။ ဒါကြောင့် သူတို့ထိုင်ချပြီး ကျန်းလော့ကျစ် (*)အိမ်နောက်ဖေး မီးလောင်နေတာကိုသာ စောင့်ကြည့်နေလိုက်ကြတော့သည်။
*( T/N အိမ်နောက်ဖေးမီးလောင်တာက နန်းတွင်းဇာတ်လမ်းတို့လို ရှေးဝတ္ထုတွေမှာလေ ဘုရင်နှစ်သက်တာခံရဖို့ အနောက်ဆောင်မှာ အချင်းချင်း ယှဥ်ပြိုင်ကြတာမျိုးတွေဆို အဲ့လိုသုံးကြတယ်)
သူတို့အားလူံးထင်ထားတာက ချောင်းမို စိတ်မထိန်းနိုင်တော့ဘဲ နှုတ်စစ်ဆင်တော့မယ်ပေါ့။ ကျန်းလော့ကျစ် ရဲ့ အချစ်ကလေးက ဆိုးရွားတဲ့ ဒေါသရှိတယ်လို့ ကောလဟာလတွေထွက်ထားတာပဲလေ။ သူမက ပိုင်ယွဲ့ကွမ်း တရုတ်ကို ပြန်ရောက်ရောက်ချင်း သတိပေးတာတောင်လုပ်ခဲ့သေးသည်။
သို့သော် ချောင်းမို ခုလိုအခြေအနေကို စိတ်ထဲမထားဘဲနေမယ်လို့ သူတို့မမျှော်လင့်ခဲ့ပေ။ သူမက မျက်နှာပေါ်အပြုံးလေးဆင်ပြီး နေရာမှာပဲ ကျက်သရေရှိရှိထိုင်နေခဲ့သည်။ ပြောင်းပြန်ပဲ မစ္စပိုင်ရဲ့ မျက်နှာကတော့ သိပ်မမှန်တော့ပေ။
သူတို့ အချင်းချင်းကြည့်လိုက်မိကြကာ နှလုံးသားထဲတွင် အတင်းပြောလိုသောဆန္ဒများ တဖွားဖွားမြင့်တက်လာတော့သည်။
အစကတော့ သူ ချောင်းမိုနဲ့ တိတ်တဆိတ် တူတူထိုင်စားချင်ပေမယ့် ဒီလူစုက ရုတ်တရက်ကြီးရောက်လာကြသည်။ ဒီလူတွေထိုင်လိုက်ပြီးနောက် မသိလိုက်ပဲ ထွက်ပေါ်နေသော ဖယ်ရိုမုန်းများ ရောယှက်သွားကာ ကျန်းလော့ကျစ်နှလုံးသားထဲ အဆင်မပြေမှုများ ဖြစ်ပေါ်စေခဲ့သည်။
သူ့မျက်နှာက နှင်းဖုံးနေသလို အေးစက်နေပြီး ထရပ်ကာ " ခွင့်ပြုပါဦး၊ လက်ဆေးဖို့ တစ်ချက်သွားလိုက်ဦးမယ် "
ပြောပြီးတာနဲ့ ကျန်းလော့ကျစ်သည် ထွက်သွားကာ တယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသော လူအုပ်ကြီးကို ဒီတိုင်းထားခဲ့လိုက်သည်။
လေထုကချက်ချင်းပင် နေရခက်လာခဲ့သည်။ ပိုင်ယွဲ့ကွမ်းသည် သူမနှုတ်ခမ်းကို ကိုက်ကာ ငိုတော့မည့်သဖွယ်ဖြစ်လာသည်။
အိုးရန်မင်သည် သူမကို စိုးရိမ်တကြီးဖြစ်ကာ စိတ်ထဲတွင် ကျန်းလော့ကျစ်ကို တစ်ဖက်သူက မစ္စပိုင်ဖြစ်နေတာတောင်မှ တချက်ကလေးမှ မျက်နှာသာ မပေးသည့်အတွက် ကြိမ်းမောင်းနေခဲ့သည်။
ချောင်းမိုလည်း နည်းနည်းတော့ရှက်သွားမိသည်။ သူမခေါင်းကိုကုတ်လိုက်ကာ သူမလည်း စောစောထွက်သွားတာကောင်းမလားဟု မရေမရာဖြစ်နေတော့သည်။
ဒါပေမယ့် ကျန်းလော့ကျစ်က သူမသူဌေးလေ။ ပြီးတော့ သူမကို ညစာ စားဖို့ဖိတ်ထားတာ။ သူမ ခုထိ သေချာမစားရသေးပေ။
ကြည့်ရတာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကြားက ဇာတ်ကွက်က ပြောင်းသွားပုံပဲ။ သူမဆက်နေရင် ပိုဆိုးသွားမလား?
ချောင်းမိုက စားပွဲထိုးကို ခေါ်ပြီး ကျန်တဲ့အစားအသောက်တွေကို မထုတ်ပိုးခိုင်းခင် ပိုင်ယွဲ့ကွမ်းသည် ထရပ်လိုက်ပြီး အတင်းပြုံးကာ " ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မလည်း သွားလိုက်ပါဦးမယ် "
တစ်ခြားသူတွေက ပိုင်ယွဲ့ကွမ်းကို ဖျောင်းဖျဖို့ကြိုးစားနေစဥ် အိုးရန်မင်က " လောင်ကျန်းမှာ ခုလို မကောင်းတဲ့ စိတ်နေစိတ်ထားရှိတယ်။ မင်းသူ့ကို နှစ်ချီပြီး မတွေ့တာကြာသွားလို့ သူ့ရဲ့လက်ရှိအခြေအနေကို မသိတာဖြစ်မယ်။ "
ပိုင်ယွဲ့ကွမ်းက အပြုံးတခုကို ဖျစ်ညှစ်ပြုံးပြပြီးနောက် အလျင်စလိုပဲ ထွက်ခွာသွားတော့သည်။
ချောင်းမိုသည် တခြားသူတွေရဲ့ ထူးဆန်းသော အမူအရာများ အောက်တွင် စားပွဲထိုးကို ခေါ်ပြီး စားပွဲပေါ်ရှိ ဈေးကြီးသော အစားအသောက်များကို ထုတ်ပိုးခိုင်းခဲ့သည်။
" ဘာဖြစ်ဖြစ် ဒီဟာက ငါ့လုပ်အားခ အစားအသောက်ပဲလေ။ အဲ့တာမလို့ ငါထုတ်ပိုးပြီး ယူသွားတော့မယ်။ သူဌေးကို ရှင်တို့အတွက် နောက်ထပ်စားပွဲမှာပေးဖို့ တောင်းဆိုလို့ရတယ်။ "
အိူးရန်မင်နှင့် အခြားသူများ - " … "
သူမက တကယ်ကြီး ချမ်းသာတဲ့ မိသားစုက လူကို လက်ထပ်ဖို့ကြိုးစားနေတာလား၊ အဲ့တာက နောက်နေတာပဲမဟုတ်ဘူးလား?
ကျန်းလော့ကျစ်သည် နားနေခန်းရှေ့ မတ်တပ်ရပ်ပြီး သူ့လက်ထဲက စီးကရက် မီးငြိမ်းသွားသည်ကို ကြည့်နေစဥ် ချောင်းမိုကတော့ တခြားသူများ၏ ထူးဆန်းသော အကြည့်များကြား အစားအသောက်များကို ထုတ်ပိုးနေလေသည်။
အခုမှ မျက်နှာသစ်ထားသည့်အတွက် ရေစက်များက မျက်ခုံးကြားမှတဆင့် နှာဖျားထိပ်သို့ စီးကျနေကာ သူ့မျက်လုံးခုံးများမှာလည်း ကျောက်မီးသွေးပမာ မဲနက်နေပြီး ညအမှောင်ထဲ အေးစက်မှုဖျော့ဖျော့ထုတ်လွှတ်နေသော ရေခဲကြာပွင့်ကဲ့သို့ ဖြစ်နေတော့သည်။
စီးကရက်အနံ့က ကျန်းလော့ကျစ်၏ ထိန်းသိမ်းမရသည့် စိတ်အခြေအနေကို ငြိမ်သက်သွားစေသည်။
ဆရာဝန်ပြောတာ မှန်ပုံပဲ။ သူ့ဖယ်ရိုမုန်း ဖိနှိပ်ပစ္စည်းကို အခေါက်ပေါင်းများစွာ အတင်းအကျပ်သုံးပြီးနောက် သူ့ ဖယ်ရိုမုန်းတွေက ထိန်းမနိုင်သိမ်းမရ ပရမ်းပတာ ဖြစ်စေသည်။
အသက် ဆယ့်ခြောက်နှစ်ကနေ နှစ်ဆယ့်ရှစ်နှစ်အထိ ဆယ်နှစ်ကျော်လုံးဆိုတော့ သူ့ ခန္ဓာကိုယ်ကလည်း ပျက်စီးတော့မည့် အခြေအနေထိ ရောက်လာတာပင်။ တကယ်လို့သာ သူဂလင်းတွေကို မဖြတ်ထုတ်ဖို့ ရွေးချယ်လိုက်မယ်သာဆိုရင် ပြန်ပြင်လို့မရနိုင်တဲ့ အကျိုးဆက်တွေဖြစ်သွားလိမ့်မယ်။
ဆိုးတာက ဂလင်းထုတ်ဖို့ ခွဲစိတ်ရေးကို နောက်လရောက်တဲ့အထိ မလုပ်နိုင်သေးတာပဲ။ ခွဲစိတ်ဖို့ ပြင်ဆင်နေတဲ့ ကာလအတွင်း သူ သူ့ခန္ဓာကိုယ်ကို ထိန်းထားရမယ်၊ ဖယ်ရိုမုန်းဖိနှိပ်ပစ္စည်းတွေ သုံးတာ လျော့ရမယ့်အပြင် heat ကာလကိုတားဆီးတဲ့ ဆေးတွေလည်း လျော့ပစ်ရမည်။
အခုလို ရောထွေးရှုပ်ပွနေတဲ့ ဖယ်ရိုမုန်းတွေနဲ့ ရင်ဆိုင်ရတာက သူ့ယိုယွင်းနေသော ခန္ဓာကိုယ်ကို ထိခိုက်စေသည်။
သူ ချောင်းမိုကို သူနဲ့အတူ ပြန်ဖို့ မက်ဆေ့ချ်ပို့တော့မယ့် အချိန် သူ့နောက်မှ ဝမ်းနည်းမှုအနည်းငယ်နှင့် အသံတသံထွက်လာခဲ့သည်။ " အားလော့၊ နင် ငါ့ကို မတွေ့ချင်တာ အဲ့တုန်းက ငါ ငြင်းခဲ့လို့လား? "
ကျန်းလော့ကျစ်၏ လက်သည် ရပ်တန့်သွားကာ သူ့နှလုံးသားထဲမှ အဆင်မပြေမှုက တဖန်မြင့်တက်လာပြန်သည်။
သူ့လက်ထဲက စီးကရက်ကို တချက်ရှိုက်လိုက်ပြီး ထူးမခြားနားအမူအရာဖြင့် ပိုင်ယွဲ့ကွမ်းကို ပြန်ကြည့်ကာ " ပိုင်ယွဲ့ကွမ်း၊ မင်းနဲ့ငါက အဲ့တုန်းထဲက နားလည်မှုလွဲခဲ့ကြာတာပဲ။ ကောလဟာလေတွေကို ပြန်မဖြေရှင်းမိတာက ငါအမှားပါ။ ဒါပေမယ့် ငါနဲ့ မင်းက မဖြစ်နိုင်ဘူး။ "
သို့သော်ငြား ပိုင်ယွဲ့ကွမ်းသည် ကျန်းလော့ကျစ်မှာ သူ့မျက်နှာကိုအဖတ်ဆယ်ချင်၍ ထိုသို့ ခပ်ရင့်ရင့် ပြောသည်ဟုသာ အထင်မှားနေခဲ့သည်။ အဲ့တုန်းက သူမရဲ့ အကြင်နာမဲ့ရက်စက်မှုက သူ့နှလုံးသားထဲမှာ အထုံးဖြစ်နေစေလို့သာ ကျန်းလော့ကျစ်က သူမကို ခုလို အေးစက်စက် ပြုမူနေတာဖြစ်လိမ့်မည်။
ပိုင်ယွဲ့ကွမ်း ငိုနေရင်း သူမအောက်နှုတ်ခမ်းကို ကိုက်ပြီး ကျန်းလော့ကျစ်ကို လှမ်းဖက်လိုက်ကာ " အားလော့၊ ငါမှားပါတယ်။ ငါနိုင်ငံခြားမှာရောက်နေတုန်း ငါတော်တော်များများ နားလည်ခဲ့တယ်။ တကယ်တော့ ငါလည်း နင့်ကို ကြိုက်တယ်။ "
ကျန်းလော့ကျစ် ခန္ဓာကိုယ်က ချက်ချင်း အေးခဲသွားပြီး သူ့မျက်လုံးထဲတွင် ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်လာသည်။ သူ့လက်ထဲမှ စီးကရက်သည် မြေပြင်သို့ မထိန်းနိုင်ပဲ ပြုတ်ကျသွားကာ သူ့ဝမ်းဗိုက်အောက်ပိုင်းမှ နွေးထွေးသောခံစားမှု တခုစတင်လာခဲ့သည်။
သူမရဲ့ ရည်ရွယ်ချက်တွေကို သက်သေပြဖို့အတွက် ပိုင်ယွဲ့ကွမ်းက သူ့စိတ်ခံစားမှုတွေကို လွှမ်းမိုးပြီး သွေးဆောင်ရန် သူ့မရဲ့ အိုမီဂါ ဖယ်ရိုမုန်းတွေကို ထုတ်လွှတ်လိုက်တော့သည်။
သို့သော်၊ ကျန်းလော့ကျစ်အတွက်တော့ ထိုကဲ့သို့ အိုမီဂါမှ ဖျားယောင်းရန် ထုတ်လွှင့်လိုက်သော အိုမီဂါ ဖယ်ရိုမုန်းသည် သူ့ခန္ဓာကိုယ်အတွင်း ဝှက်ထားသော ဗုံးကို ဖောက်ထုတ်နိုင်သည့် အဆိပ်နှင့် တူညီသည်။
ကျန်းလော့ကျစ်၏ အသက်ရှုသံသည် ရုတ်တရက် လေးလံလာပြီး သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်လှုပ်သွားကာ နဖူးတွင် ချွေးအေးများ ချက်ချင်းဖုံးလွှမ်းသွားသည်။
ပိုင်ယွဲ့ကွမ်းသည် သူမ ဖြားယောင်းသွေးဆောင်မှုတွင် အောင်မြင်သည်ဟု ထင်ပြီးနောက် သူမ၏ ဖယ်ရိုမုန်းက ကျန်းလော့ကျစ်၏ အယ်ဖာ ဖယ်ရိုမုန်းနှင့် ပဲ့တင်ထပ်ကာ သူမ၏ မကျေနပ်ချက်များနှင့် ချစ်ခြင်းမေတ္တာများအတွက် တောင်းဆိုတော့မည့်ဟန်ဖြစ်လာခဲ့သည်။