နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၂
ဒီမှာ ချထားပြီးသား ဇာတ်ကွက်လည်း ရှိတယ်၊ ဆိုးသွမ်းတဲ့ အမျိုးသမီး ဇာတ်ပို့ဖြစ်ရတာ ဘာတစ်ခုမှ မမှားပါဘူး၊ ဒီတိုင်းလဲလျောင်းရင်း ဘာမှ မလုပ်ဘဲ သူမ စားနိုင် သောက်နိုင်တယ်။ အမျိုးသမီးဇာတ်ဆောင်ရှေ့မှာ ခုန်ပေါက်ပြီး အပြင်းအထန်တိုက်ခိုက်တာကိုတော့ သူမ စိတ်မဝင်စားဘူး။
“ Host.. Host…”
System က ဒီလိုအဖြေမျိုး ကြားရမယ်လို့ ထင်မထားတဲ့အတွက် အံ့အားသင့်သွားသည်။ ဒါ system အတွက်လည်း ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်တာဖြစ်ပြီး ဘာအတွေ့အကြုံမှလည်းမရှိပေ။ ဒီလိုအခြေအနေမှာ ဘာလုပ်သင့်လဲ။
စီနီယာတွေပြောတာက ချိတ်ဆက်ခံလိုက်ရတဲ့ host တိုင်းက သူတိူ့ရဲ့တည်ရှိမှုကိုသိရတာနဲ့ အရမ်းတွေစိတ်လှုပ်ရှားကြမယ်ဆို။
ဘာလို့ ဒီ host က တအားကွဲပြားနေတာလဲ !!!
System က အကြိမ်အနည်းငယ် ထပ်မံခေါ်ဆိုခဲ့သော်လည်း ချောင်းမိုက လုံးဝတုံ့ပြန်ခြင်းမရှိပေ။ System အနီးကပ်ကြည့်ရှုလိုက်မှ ချောင်းမိုက အမှန်တကယ် အိပ်ပျော်နေကြောင်း တွေ့ရှိခဲ့သည်။
System က အရှက်ကွဲခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကို ခံစားခဲ့ရပြီးနောက် ချောင်းမို၏စိတ်ထဲတွင် ငိုကြွေးသံများဖြင့် မှိန်ဖျော့သွားခဲ့သည်။
“သခင်လေး ပြန်လာပြီ”
ချောင်းမို အပေါ်ထပ်ရှိ king size ကုတင်တွင် ပျော်ပျော်ရွှင်ရွှင် အိပ်နေချိန် အောက်ဖက်ခြံဝင်းထဲသို့ ဇိမ်ခံ မေဘတ်ရှ်ကားတစီး ဆိုက်ရောက်လာခဲ့သည်။
ကားပေါ်တွင်ထိုင်နေတာက သပ်ရပ်တဲ့ အနက်ရောင် ဝတ်စုံပြည့် ၀တ်ဆင်ထားသည့် မပြောင်းလဲတဲ့အမူအရာဖြင့် ချောမောလှသော အမျိုးသားတစ်ဦးဖြစ်သည်။ ကြည့်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ကို သေသေချာချာ ဂရုတစိုက် လေ့ကျင့်ထားကြောင်းတွေ့နိုင်သည်။
သူ ကားပေါ်မှ ဆင်းလိုက်တာနဲ့ပထမဆုံး မြင်လိုက်ရတာက ပြောင်နေအောင်တိုက်ထားတဲ့ သားရေ ဖိနပ်တစ်ရံနဲ့ ဘောင်းဘီရှည် ဝတ်ထားတဲ့ ခြေတံရှည်တစ်စုံ။ ပိုင်ရှင်က လက်ကိုဆန့်ထုတ်လိုက်တာနဲ့ အနောက်ရောင်စိန်ပွင့်ပုံစံ လက်ကြယ်သီးတွေက တလက်လက်တောက်ပနေခဲ့သည်။
မွေးရာပါ ချောမောသိမ်မွေ့တဲ့ မျက်နှာနဲ့ နို့နှစ်ရောင်ဖြူဖွေးတဲ့အသားအရည်အပြင် မျက်ခုံးအနည်းငယ် ပါးလွှာသော်လည်း စူးရှထက်မြက်တဲ့ မျက်ခုံးတစ်စုံက ဆွဲဆောင်မှုအပြည့်ရှိနေခဲ့သည်။
သူ့ရဲ့ ပင်ကိုယ်အရည်အချင်း၊ သွက်လက်မှု၊ နက်နဲမှု၊ လျစ်လျူရှုမှု၊ မောက်မာမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ကြောင့် သူ၏ချောမောလွန်းသော ပုံပန်းသွင်ပြင်က မှေးမှိန်သွားကာ ချဥ်းကပ်ရခက်ခဲပြီး ရန်စဖို့မလွယ်သောသူအဖြစ် အများအပေါ် မြင်သာစေခဲ့သည်။
ကားထဲက ဆင်းလာတဲ့ အမျိုးသားကတော့ ချောင်းမို ရဲ့ အလုပ်ရှင်ဖြစ်ပြီး ချောင်းမို အပြစ်တင် ပြောဆိုခဲ့သော ကျန်းလော့ကျစ် ဖြစ်သည်။
အိမ်ထိန်း၏ နှုတ်ဆက်သံကိုကြားပြီးနောက် ကျန်းလော့ကျစ်က အသိအမှတ်ပြုသောအသံပြုပြီး အပေါ်ကုတ်အကျီကို ဆက်ချွတ်နေခဲ့သည်။
သူက အပေါ်ကုတ်အကျီနှင့် အရောင်တူသော အနောက်တိုင်း ဝတ်စုံကို ဝတ်ထားခဲ့သည်။ ကုတ်အကျီရဲ့ ကြယ်သီးက အချင်းချင်းကိုက်နေကြသော အေးစက်စက်သွင်ပြင်ရှိတဲ့ ရွှေအိုရောင်မြွေနှစ်ကောင် ဖြစ်သည်။
ရိုးရှင်းသော အလှဆင်မှုနဲ့ တပြေးတည်းရှိတဲ့ အရောင်မှိုင်းများက သူ့ကို ချောမောနက်နဲစေပြီး လက်လှမ်းမမှီတဲ့ တော်ဝင် ဘုရင်တပါး ပုံပေါ်စေသည်။
အနောက်တိုင်းစတိုင် အိမ်ထိန်းက ချက်ချင်း နှုတ်ဆက်လိုက်ပြီး ကျန်းလော့ကျစ်ရဲ့ အပေါ်ဝတ်ရုံကို လက်လွှဲယူလိုက်သည်။
ကျန်းလေ့ကျစ်က ဘာမှပြန်မပြောဘဲ ဆိုဖာပေါ်ထိုင်ကာ ကော်ဖီသောက်နေတာကို မြင်လိုက်ရတော့ အိမ်ထိန်းက မစ္စ ပိုင် အတွက် မခံမရပ်နိုင်ဖြစ်ပြီး ပြောလိုက်သည်။
" မစ္စချောင်းက သခင်လေးနဲ့ မစ္စချောင်းရဲ့ ပုံကို မစ္စ ပိုင် ဆီ ရည်ရွယ်ချက်ရှိရှိ ပို့ခဲ့တယ်။ ပြီးတော့ မစ္စ ပိုင်ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ပါသေးတယ်။ သခင်လေး မစ္စ ချောင်းရဲ့ ဖြေရှင်းချက်ကို စောင့်နေတာပဲဖြစ်မယ် "
" ဒါပေမယ့် ဒီ မစ္စ ချောင်းက သခင်လေးကို အလေးမထားတဲ့အပြင် သူမ အခုချိန်ထိလည်း ဆင်းမလာသေးဘူး။ သူမမှာ ကိုယ်တိုင် စဥ်းစားဉာဏ်လေး တော့ရှိသင့်တယ်မလား "
"ကျွန်တော်ထင်တယ် သခင်လေးလည်း သူမကို သည်းမခံနိုင်တော့ဘူးမလား၊ အဲ့တာမလို့ မစ္စ ချောင်းကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာကို အဖြေရှာထားပြီးပြီ"
"ဟင်?"
ကျန်းလော့ကျစ်က မျက်မှောင်တချက် ကြုတ်ပြီး ကော်ဖီခွက်ကို ချထားလိုက်သည်။
အိမ်တော်ထိန်းက စကားအများကြီးပြောနေပေမယ့် ကျန်းလော့ကျစ်က ဘယ်သူက မစ္စ ချောင်း ဘယ်သူက မစ္စ ပိုင် လဲလို့ မမှတ်မိခင် အချိန်အနည်းငယ်လောက် ပြန်တွေးနေခဲ့သည်။
သူ့ရဲ့ ပြတ်သားတဲ့ မျက်ခုံးအစုံက တွန့်ချိုးထားတာ သူ့ အမူအရာမှာ အနည်းငယ်မျှ မှန်းဆ၍ မရပေ။
သို့သော်လည်း အိမ်တော်ထိန်းက ကျန်းလော့ကျစ်ရဲ့ အမူအရာက မစ္စ ပိုင် အတွက် စိတ်မကောင်းဖြစ်နေပြီး ချောင်းမိုကို အပြင်းအထန် အပြစ်ပေးလိမ့်မယ်လို့ အထင်မှားနေခဲ့သည်။
အိမ်တော်ထိန်းက ချောင်းမို၏ ကံဆိုးခြင်းအတွက် ရင်ခုန်နေချိန် ကျန်းလော့ကျစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကိုယ်ပိုင်ဉာဏ်ဆိုတာ ရှားပါးပြီး လူအတော်များများ မှာ မရှိတတ်ကြဘူး "
" အခုလိုပဲပေါ့ ငါ့အိမ်တော်ထိန်းက ငါ့ကိုယ်စား ဆုံးဖြတ်ချက်တိုင်းကို ချထားပြီးသားဆိုတာ ငါတောင် မသိဘူး "
အိမ်တော်ထိန်းရဲ့ ရယ်သံက လည်ပင်းညှစ်ခံထားရတဲ့ ဘဲတကောင်လို ရုတ်တရက် ရပ်သွားပြီးနောက် ကျန်းလော့ကျစ်ကို ရိုးသားတဲ့အကြည့်နဲ့ ကြည့်လာပြီး
" တောင်းပန်ပါတယ် သခင်လေး၊ ငါ ဒါကို မရည်ရွယ်ပါဘူး... "
သို့သော် အိမ်ထိန်း သူနဲ့ဆက်ပြီး မပြောနိုင်ခင် ကျန်းလော့ကျစ်က ကော်ဖီခွက်ကို ပြန်ကောက်ကိုင်လိုက်ပြီး
" မင်း သွားလို့ရပြီ၊ ငါ့အတွက် ဆုံးဖြတ်ချက်တွေ ချပေးဖို့ အိမ်တော်ထိန်းတစ်ယောက်ကို ငါမလိုဘူး "
အိမ်တော်ထိန်းကို အလုပ်ထုတ်ပြီးနောက် ကော်ဖီ တကျိုက်သောက်ပြီး ဘလက်ကော်ဖီရဲ့ ခါးသက်သက် အရသာကို ခံစားနေခဲ့သည်။
ဒီကိစ္စက တကယ့်ကို ဖြေရှင်းဖို့ လိုတယ်။
သူထင်တာပဲ။
..........
ချောင်းမိုက အချိန်အကြာကြီး အိပ်ပျော်သွားခဲ့ပြီး နေဝင်ချိန်မှသာ သူမ အိပ်နေရာမှ လန့်နိုးလာခဲ့သည်။
တကယ်တော့ သူမသာ ဒီခန္ဓာကိုယ်ရောက်ထဲရောက်မနေရင်၊ ဒါမှမဟုတ် ဒီခန္ဓာကိုယ်ရဲ့ ဇီဝနာရီက သူမကို နှိုးဖို့ တွန်းအားမပေးခဲ့ဘူးဆိုရင် သူမ နည်းနည်း အချိန်ပိုကြာအောင် ဆက်အိပ်နေဦးမှာပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အရင်က ဦးနှောက်ပတ်လမ်း နှောင့်ယှက်ရေးပစ္စည်းမအောင်မြင်ပဲ ဇာ့ဂ်ဘုရင်က သူ့တပ်စုနဲ့ လူသားတပ်မဟာထဲ ထိုးဖောက်တိုက်စစ်ဆင်လာမှာကို စိုးရိမ်ရင်း ညဖက်တွေ ကောင်းကောင်းမအိပ်နိုင်ခဲ့ရတာ အနှစ် ၄၀ ကျော်ပြီ ဆိုတာကို ဘုရားသာ သိလိမ့်မည်။
အကယ်၍ စမ်းသပ်ထားတဲ့ နှောင့်ယှက်ရေး ပစ္စည်းသာ အလုပ်မဖြစ်ဘူးဆို ဇာ့ဂ်ဘုရင်က အကုန်လုံးကို ဖျက်ဆီးသွားလိမ့်မယ်၊ မဟုတ်လဲ လူသားအားလုံးကို သုတ်သင်ပစ်လိမ့်မယ်။
ဒီအရာတွေက သူမ နှလုံးသားထဲမှာ နှစ်ပေါင်းများစွာ အရိပ်လို လွှမ်းမိုးထားတဲ့ အတွေးတွေပဲဖြစ်သည်။
အခုတော့ သူမအရာအားလုံးကို စွန့်လွှတ်နိုင်သွားပြီးနောက် စိတ်သက်သာရာရခဲ့ပြီဖြစ်သည်။ အဲ့တာကြောင့် ချောင်းမိုသည် ဘာမှမလုပ်ချင်တော့ပဲ ဦးနှောက်မရှိတဲ့ ငါးဆားနယ်လို ဟိုဟိုဒီဒီ လွန့်လူးချင်နေတော့သည်။
ချောင်းမို နောက်ဆုံးတော့ နိုးလာတာကိုတွေ့ပြီးနောက် system သည် ပျော်ရွှင်မှုကြောင့် မျက်ရည်တွေဝဲတက်လာပြီး အားပေးတော့သည်။
" လုပ်လိုက်ကြရအောက် host၊ ပိုင်ယွဲ့ကွမ်းက တရုတ်ကိုပြန်ရောက်လာပြီ၊ အခု ဇာတ်လိုက်ကလည်း အောက်ထပ်မှာစောင့်နေတယ်၊ ငါတို့အရင် လက်ဦးမှု ယူထားရမယ်။ host ပိုင်ယွဲ့ကွမ်းနဲ့ ဇာတ်လိုက်တို့ မတွေ့ခင် host ဇာတ်လိုက်ရှေ့ ပုံရိပ်ကောင်းကောင်း ရအောင်လုပ်ပြီး အောင်မြင်တဲ့ အလုပ်လမ်းကြောင်းအတွက် လမ်းဖောက်ရမယ်နော်။ တကယ်လို့ host သာနောက်ကျနေပြီး ပိုင်ယွဲ့ကွမ်းက ဇာတ်လိုက်နဲ့ အရင်ဆုံး တွေ့ဖြစ်သွားရင် host နောက်ကျကျန်နေခဲ့လိမ့်မယ်။ အဲ့တာက host အတွက် ကောင်းမှာမဟုတ်ဘူး။ "
* ( ဇာတ်လိုက်မ နာမည်ကိုက ပိုင်ယွဲ့ကွမ်း = လရောင်ဖြူ ဖြစ်နေတာပါ ) *
ချောင်းမိုက ယင်ကောင်မောင်းသလို သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
သို့သော်၊ systemက သူမ ဦးနှောက်ထဲ ရှိနေသောကြောင့် ချောင်းမို မောင်းထုတ်နေတာက အဓိပ္ပါယ်မရှိသလိုပင်။ နောက်ဆုံးတွင် သူမခေါင်းကို စောင်နဲ့ထပ်အုပ်လိုက်ကာ
" တအား စိတ်ရှုပ်စရာပဲ ငါစိတ်မဝင်စားဘူးလို့ ပြောပြီးသားလေ ငါ့ကို ထပ်လာမနှောင့်ယှက်နဲ့တော့ ငါ ငါးဆားနယ် တကောင်ပဲ ဖြစ်ချင်တာ "
System ရဲ့ အပြုံးက အေးခဲသွားခဲ့သည်။
ချောင်းမိုက ပြောလည်းပြီးသွားရော ဆက်လှဲနေခဲ့သည်။
System က အချိန်အတော်ကြာအောင် ငြိမ်သက်စွာ စောင့်ဆိုင်းခဲ့ပြီး နောက်ဆုံးတွင် “ host နိုးနေပြီးတာတောင် ဘာလို့ အိပ်ရာပေါ်မှာ လှဲနေသေးတာလဲ။ ထပြီး လမ်းလေးဘာလေး မလျှောက်တော့ဘူးလား။ "
ဒါကြောင့် ချောင်းမိုက လှုပ်သွားပြီး ဘယ်ဖက်ကနေ ညာဖက်ကို လှည့်လိုက်သည်။
" ငါ ရွေ့ပြီးပြီ "
System - “…”
System က ငိုလိုက်ပြီး " ရှောင်းထုံတော့ host နဲ့ ရှောင်းထုံတို့ အဆုံးသတ်တော့မယ်လို့ထင်တယ်
T_T~~ "
အောက်ထပ်တွင် ကျန်းလော့ကျစ်သည် ကော်ဖီသောက်နေဆဲဖြစ်သည်။ ဆိုဖာပေါ်ထိုင်နေချိန်မှာတောင် မတ်မတ်ထိုင်နေပုံက သူ့စီးပွားရေး အင်ပါယာ အပေါ်ဆုံးထပ်ကရုံးခန်းထဲမှာ လုပ်ငန်းဆွေးနွေးသလို ဖြောင့်တန်းနေခဲ့သည်။
ပြတင်းပေါက် အပြင်ဘက် ညကောင်းကင်ယံက တဖြည်းဖြည်း မှောင်လာခဲ့ပြီး မကြာခင်မှာပဲ ကောင်းကင်ယံ၌ ကြယ်များ အပြည့်ဖြစ်လာခဲ့သည်။
ကျန်းလော့ကျစ်က ကော်ဖီခွက်ကို ချလိုက်ပြီး လက်ထဲက နာရီကိုငုံ့ မကြည့်မီ စာရွက်စာတမ်းအချို့ကို စစ်ဆေးနေခဲ့သည်။
အချိန်ကို မြင်တာနဲ့ သူမျက်မှောင်ကြုပ်လိုက်ကာ၊ မနက် ၁ နာရီဖြစ်နေတာတောင် ချောင်းမိုက အခုထိ ဆင်းမလာသေးပေ။ ဒီအတိုင်းဆို သူ တခြားသူနဲ့ ပြောရမည့် ကိစ္စသည် နောက်တကြိမ်မှ ပြောရတော့မည့်ပုံစံပင်။
ထိုအချိန်တွင် ကျန်းလော့ကျစ်သည် ကျောင်းတုန်းက အကြောင်းအရာများကို ပြန်သတိရသွားခဲ့သည်။
တကယ်တော့ ပိုင်ယွဲ့ကွမ်းက ကျန်းလော့ကျစ်ရဲ့ အချစ်ဦး မဟုတ်သလို နှလုံးသားထဲက နတ်ဘုရားမ ဆိုတာလည်း မဟုတ်ပေ။
အတိအကျဆို ကျန်းလော့ကျစ်နဲ့ ပိုင်ယွဲ့ကွမ်းတို့ရဲ့ ဆက်ဆံရေးက ကြီးမားတဲ့ နားလည်မှု လွဲမှားခြင်း တခုသာပင်။
သူတို့နှစ်ယောက်ကြားထဲက တကယ့် အခြေအနေက ဘာမီးပွားမှ ဖြစ်မလာနိုင်ပေ။
အထက်တန်းတုန်းက မျိူးစိတ်စစ်ဆေးမှုပြီးနောက်တွင် သူသည် သူ့အမေ မမြင်ချင်သော အသုံးမကျတဲ့ omega တစ်ယောက်ဖြစ်လာခဲ့သည်။
သူ့အမေတင် မဟုတ် သူပါ အမြဲတမ်းထင်နေခဲ့တာက မျိုးစိတ်ခွဲခြားမှုတွင် အသန်မာဆုံး alpha တစ်ယောက် ဖြစ်လာမယ်လို့ပင်။
အဲ့တာကြောင့် ရုတ်တရက်ကြီး omega တစ်ယောက်ဆိုတာ သိလိုက်ရချိန် သူ လုံးဝ ဆုံးရှုံးသွားသလို ခံစားခဲ့ရသည်။
အချိန်အတော်ကြာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီးနောက် ကျန်းလော့ကျစ်သည် သူ့ဘေးက omega တွေ ဘယ်လိုနေထိုင်ကြလဲဆိုတာကို မသိစိတ်ကစောင့်ကြည့်နေခဲ့မိသည်။
ပိုင်ယွဲ့ကွမ်း ဆိုတာ အဲ့အချိန်တုန်းက နာမည်အကြီးဆုံးနဲ့ အကောင်းဆုံး omega တစ်ယောက်ဖြစ်တဲ့အတွက် ကျန်းလော့ကျစ်က သူမနောက်ကို နှစ်ရက် သုံးရက်ဆက်တိုက် လိုက်ခဲ့ဖူးသည်။
ကျောင်းတွင် သူတို့နှစ်ယောက်အကြောင်း ကောလဟာလများပြန့်ပြီးနောက် ကျန်းလော့ကျစ် အမေသည် ပြင်းပြင်းထန်ထန် ဆူပူခဲ့ကာ ထိုအချိန်မှ ကျန်းလော့ကျစ် အသိပြန်ဝင်လာခဲ့သည်။ ထိုအဖြစ်အပျက်ပြီးထဲက သူ့ မျိုးဗီဇကို ဖုံးကွယ်ထားပြီး alpha အနေနဲ့သာ ဆက်နေထိုင်ခဲ့သည်။