Chapter 2
Viewers 376

👱‍♀️Chapter 2



 

မိသားစုသုံးယောက်သား နေ့လယ်စာ အတူစားလိုက်ကြသည်။ နေ့လယ်စာဟုဆိုသော်ငြား အမှန်တကယ်တွင် ကန်စွန်းဥခြောက်အချို့နှင့် ရေများများ၊ ဆန်နည်းနည်းဖြင့် ချက်ထားသော ဆန်ပြုတ်တစ်အိုးမျှသာဖြစ်ပြီး၊  အရံဟင်းအနေဖြင့် အသီးအရွက်ချဉ် တစ်ပန်းကန်သာဖြစ်သည်။

 

လီမော့ မျိုချ၍မရနိုင်ဖြစ်နေ၏။ သူမ လည်ချောင်းကို ပြတ်ရှသော ခံစားမှုကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ မုန်ညှင်းချဉ်ကလည်း ဆားသိပ်ထားသော အဖတ်များဖြစ်ပြီး ဆီမပါသဖြင့် ဖြည်းဖြည်းချင်းသာ မျိုချနိုင်သည်။

 

လီမော့က သူမဘေးတွင် ထိုင်နေသော စုန့်တရှန်ကို ကြည့်လိုက်သည်။ စုန့်တရှန်က လျင်မြန်စွာ စားနေ၏။ တောင်ပေါ်၊ ပင်လယ်ထွက်ပစ္စည်းများကို စားနေသကဲ့သို့ပင် ဖြစ်နေလေသည်။ တစ်ဖက်ရှိ ကလေးငယ်လေးပင်လျှင် သူ၏ ဇွန်းလေးဖြင့် ဆန်ပြုတ်ကို တစ်ဇွန်းပြီးတစ်ဇွန်း ဂရုတစိုက်နှင့် စားနေသည်။ ရှောင်ပေါင်က အစားအစာကို ဝါးပြီး မျိုချကာ အလွန်အလေးအနက်ထား စားနေပြီး ကျေနပ်ပုံရသည်။

 

ဤမိသားစုက အမှန်ပင် ဆင်းရဲပုံရလေသည်။ သူတို့၏ အခြေအနေအရဆိုလျှင် စုန့်တရှန်က သူမအားဝယ်ရန် ငွေနှစ်တေးကိုပင် သုံးစွဲခဲ့သည်။ ထိုငွေနှစ်တေးက သူတို့၌ရှိသော တစ်ခုတည်းသောငွေ ဖြစ်နိုင်သည်။ သူမကသာ ဤကိုယ်အတွင်းသို့ မရောက်လာဘဲ မူလပိုင်ရှင်သာ ထွက်သွားခဲ့ပါက စုန့်တရှန်အတွက် များစွာသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

 

လီမော့က အရသာမရှိသော ဆန်ပြုတ်ကို မစားတော့ပေ။ ပထမအချက်အနေဖြင့် သူမ မစားနိုင်သကဲ့သို့ ဒုတိယအချက်အနေဖြင့် သူမက အစားအသောက် ပျက်နေသည်။

 

စုန့်တရှန်က သူမ သိပ်မစားသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လျက် ပြောသည်။

"မင်း မစားချင်ဘူးလား… အိုးထဲမှာ ကျန်သေးတယ်…" 

 

ရှောင်ပေါင်ကလည်း ထိုအကြောင်းကြောင့် သိလိုစိတ်ဖြင့် ကြည့်လာသည်။

 

လီမော့ ခေါင်းယမ်းလျက် ပြောသည်။

"ကျွန်မ ဗိုက်ပြည့်သွားပါပြီ… ရှင်တို့ ဆက်စားကြပါ…" 

 

စုန့်တရှန်က လီမော့ကို ခဏမျှကြည့်ပြီး ခေါင်းညိတ်ကာ ဆက်စားသည်။

 

သူ၏ဖခင် ဆက်စားနေသည်ကို ကြည့်ကာ ရှောင်ပေါင်လေးက ခေါင်းငုံ့ပြီး ဇွန်းသေးသေးလေးဖြင့် ဆန်ပြုတ်ကို ခပ်ယူပြန်သည်။

 

နေ့လယ်စာက လျင်မြန်စွာ ပြီးဆုံးသွားသည်။ လီမော့က ဤမိသားစုတွင် နေထိုင်ရမည်ဖြစ်ပြီး ဤမိသားစုနှင့် ပေါင်းစည်းရမည်ဟု တွေးကာ ထရပ်ပြီး ပန်းကန်များကို သိမ်းဆည်းလေသည်။

 

စုန့်တရှန်က သူမကို တားလိုက်ပြီး ပြောသည်။

"မင်း နေမကောင်းသေးဘူး… ပြန်သွားပြီး အိပ်နေ… နားလိုက်ပါဦး… ကိုယ်လုပ်လိုက်ပါ့မယ်…" 

 

လီမော့က ခေါင်းယမ်းပြီး ဆက်လက်ရှင်းလင်းသည်။ 

"ကျွန်မ အခု အကုန်နီးပါး ကောင်းနေပါပြီ… ဘာမှ မအီမသာ မခံစားရပါဘူး… ဒီအလုပ်တွေကို လုပ်နိုင်ပါတယ်… ကျွန်မ ရှင်းလိုက်ပါရစေ…"

 

သူမ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်သောအခါ စုန့်တရှန်က သူမကို ဆက်မတားတော့သော်လည်း စိတ်မချသေးပေ။ စုန့်တရှန်က လီမော့နောက်မှ မီးဖိုချောင်သို့ လိုက်ဝင်လာလိုက်သည်။

 

လီမော့က ဤကဲ့သို့သော မီးဖိုချောင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ မီးဖိုချောင်က မကြီးပေ။ နံရံတစ်ခုတွင် မီးဖိုကြီးတစ်ခု ဆောက်ထားသည်။ မီးဖိုပေါ်တွင် အိုးကြီးနှစ်လုံးနှင့် အလယ်တွင် အိုးသေးသေးလေးများရှိသည်။ မီးဖိုချောင်သုံး သစ်ကိုင်းများ၊ ထင်းများနှင့် ကောက်ရိုးများစွာရှိပြီး မီးမွှေးရန်အတွက် သုံးပုံရသည်။

 

မီးဖိုဘေးတွင် သစ်သားဗီရိုတစ်ခုက အရောင်ပင် မမြင်နိုင်ရသည်အထိ မည်းနေသည်။ ခြေထောက်တစ်ဖက်က ပျောက်နေပြီး ကျောက်တုံးများဖြင့် ခံထားရသည်။ ဗီဒိုဘေးတွင် ရေအိုးကြီးတစ်လုံးရှိသည်။

 

လီမော့ မီးဖိုချောင်ရှိ ပစ္စည်းများကို ခန့်မှန်းခြေ နားလည်လိုက်သည်။ သူမ လက်ထဲရှိ ပန်းကန်များနှင့် ဇွန်းခက်ရင်းများကို အိုးအတွင်းသို့ ထည့်လိုက်သည်။ သူမ ရေအိုးအဖုံးပေါ်ရှိ ရေခပ်ရန်အတွက် ဘူးသီးခြောက်ဖြင့် ပြုလုပ်ထားသော ရေခပ်ခွက်ကို ယူကာ ရေအိုးထဲမှ ရေခပ်ယူပြီး အိုးအတွင်းသို့ ထည့်ကာ ရေခပ်ခွက်ကို အဖုံးပေါ် ပြန်တင်လိုက်သည်။ ထို့နောက် အဖုံးပေါ်တွင် အဝတ်စုတ်တစ်ခုကို ရှာတွေ့ပြီး ပန်းကန်များကို တိုက်ဆေးလိုက်သည်။

 

သူမ၏ ယခင်ဘဝတွင် အိမ်မှုကိစ္စ သိပ်မလုပ်ခဲ့ရဘဲ အရာအားလုံးကို အိမ်အကူအဒေါ်တစ်ဦးက လုပ်ပေးခဲ့သော်လည်း အခြေခံ အိမ်မှုကိစ္စများကို မည်သို့လုပ်ရမည်ကို သိရှိထားသည်။ ထို့ကြောင့် သူမ မည်သို့လုပ်ရမည်ကို သိနေသည်။

 

သူမ ပန်းကန်ဆေးသည်ကို မြင်သောအခါ သူမ၏ လှုပ်ရှားမှုများက လျင်မြန်ခြင်းမရှိသော်လည်း အလွန်အလေးအနက်ထား လုပ်ပုံရသဖြင့် စုန့်တရှန် စိတ်သက်သာရာ ရသွားလေသည်။

 

သူမကိုမဝယ်ခင်က ကုန်သည်က သူမသည် နာမည်ကြီးမိသားစုမှ အကြီးအကဲ အစေခံတစ်ဦးဖြစ်ပြီး မြို့ရှိ နာမည်ကြီးမိသားစုမှ အကြီးအကဲ အစေခံဖြစ်ကြောင်း အကြမ်းဖျဉ်း ပြောခဲ့သည်ကို ကြားခဲ့ရသည်။ မြို့ပေါ်ရှိ မိန်းကလေးများထက် ပိုမို ဖက်ရှင်ကျကြောင်းနှင့် ကောင်းမွန်သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာကြောင်း သိခဲ့ရ၏။ ရွာရှိ ချွေးမများနှင့် များစွာ ကွာခြားသဖြင့် သူမက မည်သည့်အရာကိုမျှ မလုပ်နိုင်ကြောင်းသိရသဖြင့် သူက ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ယခုတော့ သူထင်ထားသည်ထက် ပိုကောင်းပုံရသည်။ အနည်းဆုံးတော့ သူမက တစ်ခုခုလုပ်ရန် ဆန္ဒရှိနေသည်။


သူမဘက်တွင် ပြဿနာမရှိသည်ကို မြင်သောအခါ စုန့်တရှန်က ထမ်းပိုးနှင့် ပုံးကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်၏။ 

"ရွာထဲ ရေခဏ သွားခပ်လိုက်ဦးမယ်… ခဏနေ ပြန်လာခဲ့ပါ့မယ်…" 

 

လီမော့က ခေါင်းငြိမ့်လိုက်သော်လည်း ပုံးများကို ထမ်းလျက် ထွက်သွားသော သူ့ကျောကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူ့ခြေထောက်များက အလွန်တောင့်တင်းနေသည်။ 


သူက ရေနှစ်ပုံးကို တကယ် ထမ်းပြန်လာနိုင်ပါ့မလား…

ဟန်ချက်မညီဘဲ လဲကျသွားမလား…

 

သို့သော် စဉ်းစားကြည့်သောအခါ သူက ယခင်ကလည်း ရေအိုးအတွက် ရေခပ်ဖူးသည်။ သူ ရေခပ်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် ပြဿနာမရှိသင့်ပေ။ ထို့ကြောင့် လီမော့က စိတ်လျှော့ပြီး ပန်းကန်များကို ဂရုတစိုက် ဆေးကြောနေလိုက်သည်။

 

ပန်းကန်များနှင့် ဇွန်းခက်ရင်းများကို ဆေးကြောပြီးနောက် လီမော့က ဘေးရှိ ဗီရို၏ အပေါ်ထပ်တွင် ပန်းကန်များကို ထားလိုက်သည်။ အတွင်း၌ ပြန့်ကျဲနေသော ပန်းကန်ပြားအနည်းငယ်သာရှိပြီး ပန်းကန်လုံးသုံးလုံးသာရှိသည်။ ထိုပန်းကန်လုံးများက အပေါက်များရှိပြီး တစ်လုံးမျှ ပြည့်စုံခြင်းမရှိပေ။

 

လီမော့ သက်ပြင်းချလိုက်မိသည်။ ဤအိမ်တွင် အမှန်တကယ်ပင် ကောင်းသည့်အရာ တစ်ခုမျှ မရှိပေ။ ပြောင်းလဲမည်ဆိုလျှင် အရာအားလုံးကို ပြောင်းရမည်။ ယင်းက အရာအားလုံး ငွေကုန်ကြေးကျများမည့်ကိစ္စ ဖြစ်သည်။ ဤမိသားစု၏ လက်ရှိ စီးပွားရေး အခြေအနေအတွက်မူ ယင်းက ဇိမ်ခံပစ္စည်းကဲ့သို့ အနေအထားမျိုးပင် ဖြစ်သည်။

 

လီမော့ ဗီရိုအောက်ရှိ တံခါးကို ထပ်ဖွင့်ကြည့်လိုက်သည်။ အတွင်း၌ အဝတ်အိတ်နှစ်လုံးသာရှိသည်။ တစ်အိတ်တွင် ဆန်လုံးညို ထက်ဝက်ခန့် ပါရှိသည်။ ကျန်တစ်အိတ်တွင် ဂျုံမှုန့် အနည်းငယ်သာ ပါရှိသည်။ တစ်လခွဲစာလောက် လုံလောက်ခြင်း၊ မလုံလောက်ခြင်းကိုမူ သူမ မသိပေ။

 

မီးဖိုချောင်ရှင်းလင်းရေး ပြီးခါနီးတွင် စုန့်တရှန်က ရေနှစ်ပုံးနှင့် ပြန်လာလေသည်။ လီမော့က စုန့်တရှန် ရေကို မည်သို့ သယ်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူ၏ ခြေထောက်က ထော့နင်းထော့နင်းဖြစ်နေပြီး ခန္ဓာကိုယ်က အမှန်တကယ် ဟန်ချက်မညီဖြစ်နေသော်လည်း ပုံးများကို လှုပ်ခါမှု နည်းစေရန် သူက ခန္ဓာကိုယ်အပေါ်ပိုင်းကို တည်ငြိမ်အောင် ကြိုးစားသည်။ ထို့ကြောင့် သူ လှမ်းသော ခြေလှမ်းတိုင်းတွင် ရေများများ မဖိတ်ပေ။ မီးဖိုချောင်သို့ ရောက်သောအခါ ပုံးတစ်ခုစီတွင် ရေတစ်ဝက်စီရှိနေသည်။ ထိုရေအားလုံးကို ရေအိုးအတွင်းသို့ လောင်းထည့်လိုက်သဖြင့် ရေအိုးက ပြည့်သွားသည်။

 

စုန့်တရှန်က နဖူးမှ ချွေးများကို သုတ်လိုက်ပြီး မီးဖိုချောင် သန့်ရှင်းပြီးသည်ကို ကြည့်ကာ လီမော့အား အခန်းသို့ ပြန်သွားနားရန် ပြောသည်။ 

"အဆင်ပြေတယ်… အခန်းထဲ ပြန်သွားပြီး နားလိုက်ပါ…"

 

လီမော့က အခြား လုပ်စရာ မတွေ့သဖြင့် သူ့အား ခေါင်းငြိမ့်ပြသည်။ 

"ဟုတ်ကဲ့… ဒါဆို ကျွန်မ အခန်းထဲ ပြန်သွားပါ့မယ်…" 

သူမက စဉ်းစားပြီးနောက် စုန့်တရှန်ကို လှမ်းကြည့်ကာ မေးသည်။

"ဒါဆို ရှင်ရော ဘာလုပ်မလဲ…"

 

"ကိုယ် အခု လယ်ထဲ ပေါင်းမြက် သွားရှင်းမလို့ ညနေ ပြန်လာခဲ့မယ်…"

 

လီမော့က ကလေးငယ်လေးကို သတိရမိပြီး ဧည့်ခန်းအတွင်းသို့ ဝင်သွားသော်လည်း မည်သူ့ကိုမှ မတွေ့သဖြင့် စုန့်တရှန်ကို မေးသည်။ 

"ရှောင်ပေါင် ဘယ်မှာလဲ…"

 

စုန့်တရှန်က ဂရုမစိုက်ပေ။ 

"သူ အပြင်ထွက် ကစားနေတယ်… စိတ်မပူပါနဲ့… သူ မောရင် ပြန်လာလိမ့်မယ်… မင်း အခု သွားနားလိုက်တော့…"

 

လီမော့က အနည်းငယ် စိတ်ပူသည်။ ကလေးလေးက အပြင်ပြေးထွက်သွားသော်လည်း ယခုက ရှေးခေတ်ဖြစ်ကြောင်း ပြန်သတိရလိုက်မိသည်။ ရွာက ကလေးများက ဤကဲ့သို့သာ နေကြပုံရ၏။ ဂရုမစိုက်သည့် စုန့်တရှန်ကို ကြည့်ကာ သူမက နှုတ်ခမ်းကို ဖိကာ ဘာမှ ဆက်မပြောတော့ဘဲ အခန်းအတွင်း ဝင်သွားလိုက်၏။

 

လီမော့ အိပ်ရာပေါ် လှဲချလိုက်သော်လည်း ဆက်အိပ်လို့မရဘဲ သူမခေါင်းပေါ်ရှိ သက်ငယ်အမိုးကို ကြည့်နေမိသည်။

 

ထိုကဲ့သို့ ထူးဆန်းသောအရာက သူမထံတွင် မည်သည့်အကြောင်းကြောင့် ဖြစ်ပွားရသည်ကို မသိပေ။ ယခင်က သူမက ထိုကဲ့သို့သော အရာများက ဝတ္ထုများတွင်သာ ရှိလိမ့်မည်ဟု ထင်ခဲ့ပြီး သူမကိုယ်တိုင် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် မည်သို့ပင် ဖြစ်စေ သူမ တစ်ဖန် ပြန်လည် အသက်ရှင်ခွင့်ရခဲ့လေရာ တန်ဖိုးထားပြီး ဤဘဝသစ်ဖြင့် ကောင်းစွာ နေထိုင်သင့်သည်။

 

ယခုက ရှေးခေတ်ကာလ ဖြစ်သည်။ တစ်ကိုယ်တည်းဆိုလျှင် မဖြစ်နိုင်ပေ။ လီမော့ လုပ်နိုင်သည်မှာ ဤနေရာတွင် နေထိုင်ပြီး သင့်လျော်သော အထောက်အထား ရှိရန်နှင့် သူမမိသားစု၏ အခြေအနေများကို တိုးတက်အောင် ကြံစည်ရန်သာ ရှိပေသည်။

 

စုန့်တရှန်အတွက်ဆိုလျှင် သူမ ရွေးချယ်စရာ မရှိသော်လည်း သူ၏ လက်ရှိသဘောထားအရ သူက မဆိုးပေ။ သူသာ ဆက်ကောင်းနေမည်ဆိုလျှင် သူမက သူမတို့ကြားက ခံစားချက်များကို ပျိုးထောင်နိုင်ပြီး အမှန်တကယ် အိမ်ထောင်သည် ဘဝကို ရနိုင်မည်ဖြစ်သည်။

 

သူမ၏ယခင်ဘဝ၌ အလုပ်တွင် နစ်မြုပ်ခဲ့ပြီး တစ်ကိုယ်တည်းသမားဖြစ်ရန် ရည်ရွယ်ချက်မရှိသော်လည်း လက်မထပ်ဖြစ်ခဲ့ပေ။ အသက်သုံးဆယ်ကျော်တွင် သူမက မိသားစုတစ်ခု လိုချင်ခဲ့သော်လည်း သင့်လျော်သော အဖော်ကို မတွေ့ရှိခဲ့ပေ။ တစ်ခါတရံ သူမက ပင်ပန်းနွမ်းနယ်နေပြီး မှီခိုအားထားရန် တစ်စုံတစ်ယောက်ကို လိုချင်ခဲ့သော်လည်း မလုပ်နိုင်ခဲ့ပေ။


 နောက်ဆုံးတွင် သူမက မည်သည့်အရာကို အသည်းအသန် လိုချင်နေသည်ကိုပင်မသိခဲ့သော်လည်း ဘဝက သူမကို အသည်းအသန် ရှေ့သို့ တိုးသွားအောင် တွန်းအားပေးခဲ့ပြီး သူမကလည်း ရပ်တန့်နိုင်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်က သူမကို ဤနည်းဖြင့် ရပ်တန့်စေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

 

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူမ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပါက ထိုမျှလောက် ဖိအားများ ခံစားရမည်မဟုတ်ပေ။ အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရမည်မဟုတ်ပေ။ လေဒဏ်မိုးဒဏ်မှ သူမကို ကာကွယ်ပေးမည့် ယောက်ျားတစ်ဦးနှင့် ဘေးတွင် ချစ်စဖွယ် ကလေးငယ်လေး တစ်ဦး ရှိလိမ့်မည်။ ဤသည်က အိပ်မက်ဆန်သော ဘဝနေထိုင်မှု ဖြစ်နေပေလိမ့်မည်။

 

ဤကဲ့သို့ စဉ်းစားကြည့်သည့်အခါ သူမ ထင်ထားသည်လောက် မဆိုးကြောင်း ခံစားရမိသည်။

 

ထိုအချိန်တွင် တရှပ်ရှပ် အသံကို ကြားလိုက်ရ၏။ လီမော့က တံခါးကို ကြည့်လိုက်သည့်အခါ သေးငယ်သော ပုံရိပ်တစ်ခုက အပြင်တွင် တစ်ဝက် ပုန်းနေခြင်းကို တွေ့လိုက်ရသည်။ ခေါင်းလေးကိုသာ ပြနေသည်။ လီမော့က လှမ်းကြည့်လိုက်သည်ကို မြင်သည့်အခါ သူက လျင်မြန်စွာ လှည့်ပြီး ပုန်းလိုက်သည်။

 

လီမော့က ပြုံးလိုက်ပြီး ရှောင်ပေါင် ရှိနေသေးမှန်း သိသဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ရှောင်ပေါင်လား… အထဲကို ဝင်ခဲ့လေ…"

 

ထိုသို့ပြောပြီးနောက် တံခါးဘက်တွင် လှုပ်ရှားမှု မရှိသေးပေ။

 

လီမော့က စိတ်ရှည်စွာ စောင့်နေလိုက်သည်။ ခဏအကြာတွင် ခေါင်းလေး အနည်းငယ် ထွက်လာပြီး ကြောက်ရွံ့စိတ်၊ သိလိုစိတ်၊ လိုအင်ဆန္ဒများနှင့် သူ့မျက်လုံးများက ကုတင်ပေါ်က လီမော့ကို ကြည့်နေသည်။

 

လီမော့က ပိုပြီး နူးညံ့စွာ ပြုံးလိုက်ကာ သူ့ကို ဖိတ်ခေါ်လိုက်သည်။ 

"ရှောင်ပေါင်… အဒေါ်မော့ဆီ လာကြည့်ပါလား… ရမလား…"

 

သူမကို ယခင်ဘဝက သိသည့်သူတိုင်းက သူမကို ကြောက်စရာကောင်းသော မိန်းမဟုသာ သတ်မှတ်ကြသည်။ အမှန်တွင် သူမက ကလေးများကို အလွန်ချစ်တတ်ကြောင်းကို လူနည်းစုကသာ သိကြသည်။ ကလေးငယ်လေးများကို တစ်စုံတစ်ယောက်က ပွေ့ချီထားသည်ကို မြင်တိုင်း တိတ်တိတ်လေး ကြည့်နေမိသည်။ ကလေးငယ်လေးများကို နမ်းချင်၊ ပွေ့ဖက်ချင်သော်လည်း ကံမကောင်းစွာပင် ကိုယ်ပိုင်ကလေး ရရန် အခွင့်အလမ်း မရှိနိုင်ခဲ့ပေ။

 

ယခု ရှောင်ပေါင်ကို မြင်ရသည့်အခါ အမှန်တကယ်ပင် သူ့ကို အလွန်ချစ်မိသည်။ ကိုယ်ပိုင်ကလေး မဟုတ်သော်လည်း ယခုကစပြီး မိမိကလေးကဲ့သို့ သဘောထားမည်။ သူမက အမေရင်း ဟုတ် မဟုတ်ဟူသောပြဿနာကို သူမ ဂရုမစိုက်ပေ။ သူမသာ လုံ့လ ဝီရိယ ရှိမည်ဆိုလျှင် ကလေးက သူမ ကောင်းကြောင်း သိလာပြီး တူညီသော တုံ့ပြန်မှုကို ပေးလိမ့်မည်ဖြစ်သည်။

 

လီမော့၏ စိတ်ရှည်သော ဆွဲဆောင်မှုအောက်တွင် ကလေးလေးက နောက်ဆုံးတွင် ဖြည်းဖြည်းချင်း ရွေ့လျားလာပြီး ခြေလှမ်းသေးသေးလေးများနှင့် လီမော့ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ နောက်ဆုံးတွင် ကုတင်ဘေးကို ရောက်လာပြီး လက်သေးသေးလေးကို လိမ်ပြီး သူ၏ မျက်လုံးဝိုင်းကြီးများနှင့် သူမကို ကြည့်နေသည်။

 

လီမော့က သူ၏ ချစ်စဖွယ် မျက်လုံးများကို မြင်ပြီး ကြွေသွားသည်။ သူမက သူ့ကို ညင်သာစွာ မေးလိုက်သည်။

"ရှောင်ပေါင်… အဒေါ်မော့က သားကို ခုတင်ပေါ် ခေါ်သွားရမလား… အဆင်ပြေမလား…"

 

ကလေးလေးက လီမော့ကို ဘာမှ မပြောဘဲ ကြောင်ကြည့်နေသည်။

 

လီမော့က ထပ်မေးလိုက်သည်။ အကြာကြီးကြာပြီးမှသာ ကလေးလေးက ခေါင်းညိတ်လေသည်။

 

လီမော့က လျင်မြန်စွာ ထိုင်လိုက်ပြီး လက်များ ဆန့်ထုတ်ကာ ခုတင်ဘေးက ကလေးလေးကို ပွေ့ဖက်လိုက်သည်။ သူမ ပွေ့ဖက်လိုက်သည့်အခါ သူ၏ ကိုယ်လေးက တောင့်တင်းနေသော်လည်း သူက မရုန်းကန်ဘဲ လီမော့ ပွေ့ဖက်သည်ကို နာခံနေသည်။

 

လီမော့က သူ၏ ဖိနပ်ကိုချွတ်၊ အပေါ်ဝတ်အဝတ်အစားများကို ချွတ်၊ စောင်အတွင်းထည့်လိုက်ပြီး ကလေးလေးနှင့်အတူ အိပ်လိုက်သည်။ သူမက သူနှင့် အလွန် နီးကပ်နေသည်။

 

လီမော့ ခံစားမိသည်က ရှောင်ပေါင်လေးက သူမထံ ချဉ်းကပ်ချင်သော်လည်း မဝံ့ရဲပေ။ သူမက မစိုးရိမ်ဘဲ သူ့ကို စကားစပြောလိုက်သည်။ 

"ရှောင်ပေါင်… ဒီနှစ် ဘယ်နှနှစ် ရှိပြီလဲ…"

 

ရှောင်ပေါင်လေးက အနည်းငယ် စိတ်လှုပ်ရှားနေပြီး လက်များ ဆန့်ထုတ်ကာ လက်လေးချောင်း ပြလိုက်သည်။ သူက နို့သံလေးနှင့် ပြောသည်။ 

"လေးနှစ်…"

 

လီမော့က ပြုံးပြီး သူ့ကို ချီးကျူးလိုက်သည်။

"ရှောင်ပေါင်လေးက အရမ်းတော်တာပဲ… ဒါက လေးမှန်း သိတယ်… သားက အရမ်းမိုက်တယ်…"

 

ချီးကျူးခြင်းခံရသည့်အခါ ကလေးလေးက ရှက်သွေးဖြန်းသွားပြီး စိတ်လှုပ်ရှားမှုကို လုံးဝ မေ့သွားသည်။ သူ့မျက်လုံးများက မှေးစင်းသွားပြီး ပါးစပ်ကို ဖုံးရန် လက်သေးသေးလေးကို ဆန့်ထုတ်ကာ သူ့လက်အောက်ကနေ လျှို့ဝှက်စွာ ပြုံးလိုက်သည်။

 

လီမော့က သူ၏ လှုပ်ရှားမှုလေးများကြောင့် စိတ်ပျော့သွားသည်။ သူ၏ လက်တစ်ဖက်ကို ကိုင်လိုက်ပြီး အသံကို ပို၍နူးညံ့အောင် လုပ်လိုက်သည်။ 

"ရှောင်ပေါင် အပြင်မှာ ဘာကစားခဲ့လဲ…"

 

ရှောင်ပေါင်က လျင်မြန်စွာ ပြန်ဖြေသည်။

"ပစ္စည်းတွေ သယ်နေတဲ့ ပုရွက်ဆိတ်သေးသေးလေးတွေကို ကြည့်နေတာ… ပုရွက်ဆိတ်လေးက သေးတယ်… သူတို့ သယ်နေတဲ့ အရာက ကြီးတယ်…"


"ဪ… ဟုတ်လား… ပုရွက်ဆိတ်လေးက အရမ်း တော်တာပဲ…" 

လီမော့က သူ၏ စကားများကို တုံ့ပြန်ပြီး သူ၏ အနားသို့ ပို၍ ကပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သေးသေးလေးကို ကိုင်ပြီး သူ့ကျောကို ညင်သာစွာ ပွတ်ပေးသည်။

 

ရှောင်ပေါင်က ဤတစ်ခါတွင် လျင်မြန်စွာ ပြန်ဖြေလာသည်။

"ပုရွက်ဆိတ်လေးတွေက သေးတယ်… ဒါပေမဲ့ တော်တယ်…"

 

လီမော့က သူပြောနေသည်ကို ကြည့်ပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဤကလေးက အမှန်တကယ်ကို ကောင်းသည်။

 

လီမော့၏ အထိအတွေ့အောက်တွင် ရှောင်ပေါင်လေးက စကားပြောနေရင်း အိပ်ပျော်သွားလေသည်။

 

လီမော့က သူ့ကို ကြည့်ပြီး သူ့ကို ဂရုတစိုက် ရင်ခွင်အတွင်း ပွေ့ဖက်လိုက်ပြီး မကြာမီ ကလေးလေးနှင့်အတူ အိပ်ပျော်သွားလေတော့သည်။




👱‍♀️👱‍♀️