Ch-21
Viewers 5k

Ch-21 Unicode 


သို့သော် သူကိုယ်၌က ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို မသိသလို၊ ဖမ်းမိထားသည့် သားကောင်ကို မြို့မှာ ပိုက်ဆံနှင့် သွားလဲဖို့ကလည်း နည်းပါးလွန်းလှ၍ သားကောင်များကို ချန်ချင့်တို့အိမ်ဆီသာ ယူလာကာ ချက်ပြုတ်ပေးရန် အကူအညီတောင်းခဲ့လေသည်။ 


အကူအညီတောင်းပြီးနောက် ကျိုးယွမ်က သူတို့အတွက်ပါ ဝေစုသိမ်းထားခိုင်းကာ ဘယ်သောအခါမှ အားလုံးကို အိမ်ပြန်မယူသွားခဲ့ချေ။ စွင်းတာ့ညန်လည်း ရွေးချယ်စရာမရှိ၍ ကျည်ဆံကိုကိုက်ကာ သိမ်းထားလိုက်ရတော့သည်။ 


ထို့ကြောင့် နောက်ပိုင်း ချန်ချင့်နှင့် လီရှင်းတို့ မြစ်မှာ ငါးသွားဖမ်းသည့်အခါ သူတို့လည်း ငါးစွပ်ပြုတ်ချက်ပြီး ကျိုးယွမ်ဆီ တစ်ပန်းကန်ပေးပို့​လေ့ရှိသည်။ 


ဒီလိုနဲ့ မိသားစုနှစ်စုကြား ဆက်ဆံရေးဟာ အတော်လေး တိုးတက်လာချေပြီ။ အနည်းဆုံးတော့ ယခု ချန်ချင့်ဟာ ကျိုးယွမ်ကို တွေ့လိုက်သည်နှင့် ဆွံ့အနေသလို မဖြစ်တော့ပါချေ။ 


"အိုး... ဝဖြီးလိုက်တဲ့ယုန်ပဲကွယ်" 


စွင်းတာ့ညန်က မီးခိုးရောင်ယုန်ကို ကြည့်ရင်း 


"ဒီနေ့ ကောင်းကောင်းကြီး ရိတ်သိမ်းခဲ့တာပေါ့လေ" 


ကျိုးယွမ် ခေါင်းညိတ်ပြလာ၏။ သူသည် အမဲလိုက်ခြင်း၏ အနှစ်သာရနှင့် ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိသွားသည့်နောက် ဒီရက်တွေထဲမှာ တောင်တွေဆီ အမြဲသွားနေခဲ့လေသည်။ 


"ဒီနှစ်ရက်အတွင်းမှာ ရိတ်သိမ်းတာ သိပ်မဆိုးပါဘူးဗျာ"  


ကျိုးယွမ်က စွင်းတာ့ညန်ရှေ့မှာ သားကောင်များကို ယူလာပြကာ 


"ရစ်ငှက် ၃ကောင်နဲ့ တောယုန် ၂ကောင်" 


စွင်းတာ့ညန် လက်ခုပ်လက်ဝါးတီးလျက် : "ဒါတွေကို မြို့ထဲမှာ ရောင်းလို့ရလောက်တယ်" 


ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် မနက်ဖြန်ကျမှ ဒါတွေကို ဘယ်စျေးနဲ့ရောင်းရမလဲဆိုတာကြည့်ဖို့ မြို့တက်ဖို့ စီစဥ်ထားတယ်" 


သူသည် ယုန်တစ်ကောင်ကို စွင်းတာ့ညန်ဆီ ကမ်းပေးလာကာ 


"ဒီကောင်က ခြေထောက်ကျိုးနေတော့ ဈေးကောင်းကောင်းနဲ့ မရောင်းရနိုင်လောက်ဘူး... ချက်ပြီး စားလိုက်ကြမလား" 


အနှီသူဟာ လောဘကြီးလွန်းတယ်လို့ ချန်ချင့် တွေးနေမိရင်း နှုတ်ခမ်းတွန့်သွားသော်လည်း အကျယ်ကြီးထုတ်မပြောဝံ့ပါချေ။ 


စွင်းတာ့ညန် စကားပြောလိုက်ပြန်သည်။ 


"မင်း မကြာခဏ စီးပွားရေးမလုပ်ဘူးမှန်း ငါပြောနိုင်တယ်... ခြေထောက်ကျိုးနေတဲ့ ယုန်တစ်ကောင်ကို လက်ဆောင်အဖြစ် ပေးလို့ရတယ်လေ... ဒီလိုနည်းနဲ့ လူတွေက မင်းရဲ့ ကြင်နာမှုကို သတိရကြလိမ့်မယ်... လိမ္မာတယ် ပြန်ယူသွားလိုက်ပါကွယ်" 


ချန်ချင့်လည်း တစ်ဖက်မှ ခေါင်းညိတ်ပြနေလေသည်။ 


ကျိုးယွမ်လည်း အတင်းအကျပ်မပြောတော့ဘဲ : "ကောင်းပါပြီ ဒါဆို ကျွန်တော် ပြန်ယူသွားလိုက်မယ်" 


စွင်းတာ့ညန်သည် ကျိုးယွမ်ကို ခေါ်လိုက်ပြီး 


"မနက်ဖြန် မင်း မြို့တက်မှာမလား... အားချင့်နဲ့ သူ့သူငယ်ချင်းလဲ မနက်ဖြန် မြို့တက်ကြမလို့တဲ့... မင်းနဲ့အတူတူ ခေါ်သွားရင်ရော" 


ကျိုးယွမ် ခေါင်းညိတ်ကာဖြင့် "ရတာပေါ့ဗျာ" 


ချန်ချင့်သည် မူလက ငြင်းဆိုချင်သော်လည်း သူ ငြင်းပင်မငြင်းရသေးခင်မှာပင် ကျိုးယွမ်က အမြန်ထွက်သွားခဲ့လေသည်။ 


စွင်းတာ့ညန် သူ့ကို ရယ်မောလျက်။ 


"အရင်တုန်းက မင်းက သံသယတွေကို ရှောင်ချင်လို့ ကျိုးယွမ်နဲ့ ပိုနီးစပ်ဖို့ ငြင်းဆန်နေခဲ့တာလေ... မနက်ဖြန်ကျ မင်းနဲ့အတူ လီရှင်းလဲရှိနေတာပဲ... ဒီတော့ တခြားသူတွေ အတင်းအဖျင်းပြောမှာကို မင်းစိတ်ပူစရာမလိုဘူး... နောက်ပြီးတော့ လီရှင်းရဲ့အဖေက လီရှင်းကို ကျိုးယွမ်နဲ့ လက်ထပ်စေချင်နေတာလို့ ငါကြားမိတယ်... မင်းက သူတို့ကို အောင်သွယ်ပေးလို့ရတာပေါ့" 


"အာ?" ချန်ချင့် ကြောင်အသွားရလျက် ဆုံးရှုံးသွားသလို ခံစားလိုက်ရလေ၏။ 


"ဘာအာနေတာတုန်း... လီရှင်းက အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပြီပဲလေ... သူ ကျိုးယွမ်ကို လက်ထပ်လိုက်ရင် ငါတို့ရဲ့ အိမ်နီးချင်းတွေဖြစ်လာလိမ့်မှာ... မင်း ပိုပြီးမပျော်သင့်ဘူးလား" 


စွင်းတာ့ညန်သည် ချန်ချင့်က စိတ်ရှုပ်နေသောအခြေအနေမှာ ရှိနေသေးမှန်း တွေးမိသွားပြီး 


"ငါပြောတာနားထောင်အုံး... သူတို့က လိုက်ဖက်တဲ့အတွဲတွေလို့ မင်းမထင်ဘူးလား" 


ချန်ချင့် ရူးမိုက်စွာ ခေါင်းညိတ်ပြလာသည်။ "ဟုတ် ကျွန်တော်သိပါပြီ" 


နောက်တစ်နေ့မနက်၌ ချန်ချင့် စောစောထလိုက်၏။ မနေ့ညက ဝေါ်းထို(ပြောင်းဖူးမုန့်)အကျန်တွေကို သူ့အတွက် စွင်းတာ့ညန်က ပေါင်းထားပေးခဲ့သည်။ သူ နှစ်ခုယူလိုက်ပြီး နောက်မှ လီရှင်းနှင့် ဝေမျှရန် စီစဉ်ထားလေသည်။ 


လီရှင်း၏အိမ်ဟာ မြို့သွားရာ လမ်းမကြီးနှင့် ပိုနီးသောကြောင့် ချန်ချင့်လည်း သူ့နောက်ကျောတွင် တောင်းကိုသယ်ကာ စွင်းတာ့ညန်အား နှုတ်ဆက်လိုက်ပြီး ရွာအဝင်ဝသို့ သွားလိုက်သည်။ 


ကျိုးယွမ်၏အိမ်ကို ဖြတ်သွားသည့်အခါ ကျိုးယွမ်က လှည်းကို ကြိုးဆွဲပြီးသွားပြီမှန်း တွေ့ရှိလိုက်ရ၏။ ချင်ချင့်သည် ကျိုးယွမ် သူ့ကို မတွေ့အောင် ရှောင်ရှားရန် ပြင်ဆင်ထားခဲ့သည်။ ကျိုးယွမ် သူ့ကို မတွေ့အောင်လို့ သူ ကုန်းပေါ်ကနေဆင်းပြီး လယ်ကွင်းထဲ လမ်းပင်လျှောက်ချင်နေသေးသည်။ 


သို့ရာတွင် သူ ကုန်းအောက်ခုန်မဆင်းနိုင်ခင်မှာပင် ကျိုးယွမ်က သူ့ကို လှမ်းခေါ်လိုက်လေ၏။ 


"မင်းရောက်လာပြီလား... ခဏစောင့်အုံးနော်" 


ချန်ချင့်လည်း သူ့၏ ခြေလှမ်းကျဲကျဲများကို နောက်ပြန်ဆုတ်ကာ သူ့အိမ်တံခါးဝမှာ ရပ်နေရင်း "အွန်း" 


သိပ်မကြာခင်မှာပဲ ကျိုးယွမ်က နွားလှည်းကိုဆွဲလာကာ ချန်ချင့်၏ နံဘေးသို့ လျှောက်လာခဲ့သည်။ 


"သွားကြစို့" 


"အွန်း" ချန်ချင့် သူ့နောက်လိုက်သွားခဲ့သည်။ 


ကျိုးယွမ် လှည့်ကြည့်လိုက်သည့်အခါ "လာထိုင်လေ" 


ချန်ချင့်လည်း လက်ထဲမှာ ဝေါ်းထိုနှစ်ခုကို ကိုင်ထားလျက် နွားလှည်းပေါ်သို့ တက်လိုက်၏။ ကျိုးယွမ်က သူ့လက်ထဲမှာ ကိုင်ထားတာကို တွေ့လိုက်ရသည့်အခါ သူ့ကို မေးလိုက်သည်။ 


"ကိုယ့်အတွက်လား" 


ချန်ချင့်သည် 'ဒါက ငါနဲ့ ငါ့သူငယ်ချင်းအတွက် ငါ့အမေ ပြင်ဆင်ပေးထားတာ၊ မင်းအတွက်မပါဘူး'လို့ ပြောမထွက်ခဲ့တာကြောင့် ခါးသီးသောမျက်နှာထားနှင့် သူ့ဆီ တစ်ခုကမ်းပေးလိုက်သည်။ 


ကျိုးယွမ် ယူလိုက်ကာ နှစ်ကိုက်နှင့် စားပစ်လိုက်သည်။ ချန်ချင့်လည်း အဝေးကိုလှမ်းကြည့်ကာ ဖြူဖွေးလာပြီဖြစ်သော ကောင်းကင်ကြီးကို မော့ကြည့်နေလိုက်သည်။ 


လီရှင်းသည် ရွာအ၀င်ဝ၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရပြီး နွားလှည်းလာနေသည်ကို မြင်လိုက်ရသည့်အခါ သူ အံ့အားသင့်သွားရ၏။ ထို့နောက် ပြောစရာပင်မလိုဘဲ လီရှင်းက နွားလှည်းပေါ်သို့ တက်လာခဲ့သည်။ သူ ထိုင်ချလိုက်ပြီးနောက် ပြောလာ၏။ 


"ငါက ဒီနေ့ လမ်းလျှောက်ရတော့မယ် ထင်ထားတာလေ... နွားလှည်းထိုင်စီးရတာ အရမ်းကောင်းတာပဲ" 


ချန်ချင့်ခမျာ သူ့၏ ပေါင်းသင်းဆက်ဆံရလွယ်ကူသော အကျင့်စရိုက်ကို သဘောကျနေမိသည်။ သူသာဆိုရင် တခြားအရာတွေအများကြီး လျှောက်တွေးနေမိမှာပဲ... 


လီရှင်းက ချန်ချင့်၏ လက်ကို ဆွဲလိုက်ရာ ကျန်နေသော ဝေါ်းထိုတစ်ခုအား တွေ့သွားချေပြီ။ သူ့ဆီကနေ ယူလိုက်ရင်း 


"ဒေါ်ဒေါ်က ငါ့အတွက် ယူလာခိုင်းခဲ့တာလား... ဒေါ်ဒေါ်လုပ်ထားတဲ့ ဒီဝေါ်းထိုတွေကို ငါအကြိုက်ဆုံးပဲ... အထူးသဖြင့် လတ်လတ်ဆတ်ဆတ်ပြောင်းဖူးနဲ့ လုပ်ထားတဲ့ ဒီဟာလေးတွေပေါ့" 


ဤဝေါ်းထိုကို စွင်းတာ့ညန် မနေ့ညက ပြုလုပ်ထားခြင်းဖြစ်သည်။ သူမက မနေ့က ပြောင်းဖူးခင်းကို သွားကြည့်ရင်း နှစ်ဖူးလောက် ချိုးယူလာခဲ့ပြီး လတ်လတ်ဆတ်ဆတ်ပြောင်းဖူးများကို ကြိတ်ချေကာ အိမ်ရှိ ဂျုံမှုန့်အရောနှင့် ပေါင်းထားခြင်းပင်။ အနှီဝေါ်းထိုတွင် ပြောင်းဖူးမွှေးရနံ့ရှိကာ အလွန်လန်းဆန်းစေသည်။ 


ချန်ချင့်သည် ပျော်ရွှင်စွာ စားသောက်နေသော သူ့ကို ကြည့်ပြီး သက်ပြင်းချမိလျက်။ သိပ်မကြာခင် သူ့ဗိုက်လေးမဆာဖို့ပဲ မျှော်လင့်မိပါရဲ့... 


မြို့သို့ နွားလှည်းဖြင့်သွားရသည်မှာ အရှိန်သိပ်မမြန်သော်ငြား အားသာချက်ကတော့ သိပ်မပင်ပန်းပါချေ။ လမ်းခရီးတွင် အနည်းငယ်ငြီးငွေ့ဖွယ်ကောင်းသောကြောင့် လီရှင်းလည်း ကျိုးယွမ်နှင့် စကားစမြည် စပြောတော့သည်။ 


လီရှင်း မေးလိုက်သည်။ "ခင်ဗျားက ငါတို့မြို့ကမဟုတ်ဘူး ဟုတ်တယ်မလား" 


"ငါ့ဘိုးဘွားအိမ်က ရီကျိုးမှာ" 


ချန်ချင့် နားစွင့်နေလျက်။ ရီကျိုးက သူ့မွေးရပ်မြေနဲ့ သိပ်ဝေးပုံမရဘူးပဲ... ဒါ့ကြောင့် ကျိုးယွမ်ရဲ့ လေယူလေသိမ်းကို ရင်းနှီးနေတာ မထူးဆန်းတော့ပါဘူးလေ... 


"ဒါဆို ခင်ဗျားက ဘာလို့ဒီကိုလာတာလဲ" 


"အိမ်မှာ ဘယ်သူမှမရှိတော့ဘူး... ငါ့ရဲ့နေထိုင်မှုပတ်ဝန်းကျင်ကို ပြောင်းချင်လို့ပဲ" 


ကျိုးယွမ်သည် လွန်စွာစိတ်ရှည်နေပုံရပြီး လီရှင်း မေးသမျှကို အားလုံးပြန်ဖြေပေးခဲ့သည်။ 


"အမ် အားလုံးမရှိတော့ဘူးလား" လီရှင်း အံ့သြသွားရလျက်။ ကျိုးယွမ်က အရမ်းလဲ အသက်ကြီးပုံမရတာကို... သူ့မိဘနှစ်ပါးလုံးက ဘယ်လိုဖြစ်ပြီး ဆုံးပါးသွားကြတာလဲ... 


"ဟုတ်တယ်... ငါ စစ်ထဲမဝင်ခင်တုန်းက ငါ့အဖွား အသက်ရှင်နေသေးတယ်... ဒါပေမဲ့ ငါ အိမ်ပြန်ရောက်လာတော့ သူမ ဆုံးပါးသွားပြီ... သူမရဲ့ အကြီးမားဆုံးဆန္ဒက တောတောင်ရေမြေရှိတဲ့အရပ်မှာ နေထိုင်ချင်တာလေ... လော့ဟယ်ရွာက အရမ်းကောင်းတဲ့နေရာပဲ" 


ချန်ချင့်လည်း တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေပြီး သူ့နှလုံးသားထဲကနေ လီရှင်းအား ပိုလို့တောင် အားကျနေမိသည်။ သူက တစ်ယောက်ယောက်နဲ့ ပထမဆုံးအကြိမ် တွေ့တာတောင် ဒီလိုအေးအေးဆေးဆေး စကားစမြည်ပြောနိုင်တယ်... သူ့လို ကိုယ့်ပါးစပ်တောင်မဖွင့်နိုင်တဲ့သူနဲ့ မတူဘူးပဲ... 


သူတို့နှစ်ဦး စိတ်အားထက်သန်စွာ စကားစမြည်ပြောနေကြတာကို ကြားနေရပြီးသူတို့ပြောနေသော အကြောင်းအရာများမှာ လူသစ်တွေ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးလာချိန်မှ ပြောသည့်အကြောင်းအရာများဖြစ်ပုံရ၏။ 


အမေက အရမ်းစိုးရိမ်နေမိတာပဲ... သူတို့နှစ်ယောက်ကို အောင်သွယ်ပေးဖို့ သူ့ကိုတောင် မလိုပါဘူးနော်... 


သူလည်း ရွေးချယ်စရာမရှိတော့ဘဲ လီရှင်းပေါ်မှီကာ အိပ်ချင်ယောင်ဆောင်လိုက်တော့သည်။ 


ချန်ချင့် မျက်စိမှိတ်သွားတာကို မြင်သည်နှင့် ကျိုးယွမ်လည်း စကားပြောတာကို ရပ်လိုက်တော့သည်။ 


လီရှင်းက သူ့ကို မေးခွန်းတွေဆက်မေးနေသည့်အခါ သူသည် "အင်း" "အမ်"စသဖြင့် တိုတိုတုတ်တုတ်သာ ပြန်ဖြေပြီး သူ့စိတ်နေသဘောထားဟာ မျက်နှာပြောင်းသွားသကဲ့သို့ မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲသွားလေ၏။ 


လီရှင်းသည် သူ့ပခုံးပေါ်က ချန်ချင့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည်းမောင်းနေသော ကျိုးယွမ်ကို ကြည့်လိုက်သည်။ ဒီနှစ်ယောက်ကြားမှာ တစ်ခုခုမှားနေတယ်လို့ ထင်မိတဲ့ သူ့အတွေးတွေဟာ မမှားယွင်းကြောင်း၊ သူ အတွေးလွန်နေတာမဟုတ်ကြောင်း သိရှိသွားချေပြီ။ 


ချန်ချင့် ဘယ်တုန်းက အိပ်ပျော်သွားမှန်း မသိလိုက်ပေ။ သူ နိုးလာသောအခါ သူတို့ မြို့ထဲသို့ရောက်နေပြီဖြစ်သည်။ 


လီရှင်းက သူ့ပခုံးကို ပွတ်နေပြီး လှည်းနောက်ဘက်မှာ ကျိုးယွမ် တင်ထားသော ရစ်ငှက်များနှင့် ယုန်များကို ကြည့်နေခဲ့သည်။ 


"ခင်ဗျား ဒါတွေကို အခုသွားရောင်းမှာလား... ဘယ်မှာရောင်းရမလဲဆိုတာသိလား" လီရှင်း မေးလိုက်၏။ 


ကျိုးယွမ် ခေါင်းခါလိုက်ပြီး "ဈေးထဲမှာပဲပေါ့" 


"ဈေးထဲက လူတိုင်းက ဈေးဆစ်ဖို့ ကြိုးစားကြမှာပဲ... ခင်ဗျားကို တစ်နေရာခေါ်သွားပေးမယ်လေ" 


လီရှင်းသည် ကျိုးယွမ်နှင့် ချန်ချင့်ကြားက သဲလွန်စများကို တွေ့ရှိသွားပြီဖြစ်၍ သူတတ်နိုင်သလောက် ကူညီချင်မိပါသည်။ ဘာပဲပြောပြော ချန်ချင့်က သူ့သူငယ်ချင်းကောင်းလေးလေ... 


ချန်ချင့် သူ့လည်ချောင်းကို ရှင်းကာ တိုးတိုးလေးပြောလိုက်၏။ 


"ဒါဆို ငါ ပစ္စည်းတွေ အရင်သွားဝယ်လိုက်ဦးမယ်... ငါတို့ နောက်မှဆုံကြမယ်နော်" 


သူ့အမေ၏ စကားကို သူ သတိရသွားပြီး သူတို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးချင်ခဲ့သည်။ 


ထိုသို့ပြောပြီးနောက် သူတို့အဖြေကို မစောင့်တော့ဘဲ တစ်ယောက်ယောက်က လိုက်ဖမ်းနေသကဲ့သို့ အမြန်ထွက်ပြေးသွားတော့သည်။ 


"အားချင့် ဟေး..." 


လီရှင်းလည်း ချန်ချင့်ကို ပြန်မခေါ်နိုင်တော့တာကို သိ၍ လက်လျှော့လိုက်ကာ 


"ခင်ဗျားကို သား​ကောင်တွေရောင်းဖို့ ခေါ်သွားပေးမယ်" 


သူ ခေါင်းမော့လိုက်သည့်အခါ ချန်ချင့်၏ နောက်ကျောကို စိုက်ကြည့်နေသေးသော ကျိုးယွမ်အား တွေ့လိုက်ရ၍ 


"စိုက်ကြည့်မနေနဲ့တော့! မြန်မြန်ပိုက်ဆံရှာလေ... ခင်ဗျား ငွေမရှာရင် ဖူးလန်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်မှာလဲ!"


xxx