အပိုင်း ၂၀၀ ( Demon Sect Leader 2 )
Viewers 25k

ယန်ကျင်းဇီသည် အရိပ်တစ်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားမှာ တဒုတ်ဒုတ် မြည်လျက် ကိုက်ခဲသွားသော်ငြား အရိပ်တစ်က ပြောလာခဲ့သည် : “ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ သခင် ”


ယခင်က မူလပိုင်ရှင်၏ မှတ်ဉာဏ်မရှိခဲ့သော အချိန်တွင် ယန်ကျင်းဇီသည် ဤလူက သူ့ထံမှ တစ်ညလုံး လူးလှိမ့်ခံခဲ့ရသော်လည်း အိပ်ယာထကာ ပေါ့ပေါ့ပါးပါး အလုပ်လုပ်နိုင်သည်မှာ ဒဏ်ရာမရထားသောကြောင့်ဟု ထင်ခဲ့သည်။ သူက လုံလုံလောက်လောက် အလုပ်မကြိုးစားခဲ့ဘူးလားဟုပင် တွေးမိသည်။ သို့သော် ယခုမူ ၎င်းက ကွဲပြားသွားပြီဖြစ်သည်။

ဤလူက ဒဏ်ရာမရထားခြင်းမဟုတ်ဘဲ ဒဏ်ရာကို အလေးအနက် မထားခြင်းသာ ဖြစ်သည်။

မူလဇာတ်ကြောင်းထဲတွင် ဤလူ တွေ့ကြုံခံစားရမည့် ဒဏ်ရာများနှင့် မတော်တဆမှုများ မည်မျှများပြားသည်ကို မဆိုထားနှင့်။ ဥပမာဆိုရသော် ဤလူဟာ ယနေ့အထိ မရေမတွက် နိုင်သော ဒဏ်ရာများကို တွေ့ကြုံခံစားခဲ့ရသော်ငြား သူ သေတော့မည်ဆိုလျှင်တောင်မှ စကားတစ်ခွန်းပင် မပြောခဲ့ပေ။

“ ထပြီး ငါ့အနားမှာ လှဲနေ။ ” ယန်ကျင်းဇီသည် စကားပြောပြီးနောက် ဒူးထောက်နေသော အရိပ်တစ်က မတ်တပ်ထ၍ သူ့ထံသို့ လာပြီး သူ့ဘေးတွင် လှဲကာ သစ်သားရုပ်ကဲ့သို့ လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။ 


ယန်ကျင်းဇီသည် သူ့ကို ဖက်လိုက်ပြီး သူ့ ခန္ဓာကိုယ်မှာမူ မထိန်းချုပ်နိုင်စွာ တုန်ယင်နေသည်။


သူသည် နတ်ဆိုးဂိုဏ်း၏ အရိပ်သက်တော်စောင့်များကို လေ့ကျင့်ပေးနည်းအား မှတ်မိသည်။


ကောင်းမွန်သော ပင်ကိုအရည်အချင်းများ ပါရှိသည့် အသက်ငါးနှစ်အောက် ကလေးများ အားလုံးကို အရိပ်သက်တော်စောင့်များအဖြစ် လေ့ကျင့်ပေးရန် ဂိုဏ်းက နေရာပေါင်းစုံမှ ခေါ်လာသည်။ 


ဤကလေးများကို နတ်ဆိုးဂိုဏ်းသို့ ခေါ်လာပြီးနောက် သူတို့ကို လေ့ကျင့်ပေးမည့် အထူးတာဝန်ခံ ရှိမည်ဖြစ်သည်။ ဤလူများ ပထမဆုံး ပြုလုပ်သော ကိစ္စမှာ ကလေးများကို လုံးဝဥဿုံ ကျွန်ပြုရန်ဖြစ်သည်။


စားသောက်ရန်အတွက် ကလေးများသည် ဒူးထောက်ကာ စားရသည်။ သူတို့မစားမီ သူတို့သည် “လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် သခင်” ဟု ပြောရသည်။


အိပ်သောအခါ လှောင်အိမ်တစ်ခုထဲတွင် လှဲရမည်ဖြစ်ပြီး အနေအထားပြောင်းလျှင် အရိုက်ခံရနိုင်သည်။ အိပ်ရာမဝင်မီ “လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် သခင်” ဟုလည်း ပြောရသေးသည်။

အိမ်သာသို့ ပုံမှန်သွားနိုင်ပြီး ရေချိုးရန်အတွက်မူ တွေးပင်မတွေးနှင့်။ ထိုကဲ့သို့သော ကောင်းမွန်သည့် အခြေအနေများ လုံးဝ ရှိမည်မဟုတ်ချေ။


ထို့အပြင် သူတို့သည် အချင်းချင်း စကားပြောဆက်သွယ်ခွင့်မရှိဘဲ ဘယ်သူကမှလည်း သူတို့ကို စကားမပြောပေ။ 

သိုင်းပညာလေ့ကျင့်ချိန်မှလွဲ၍ သူတို့သည် လှောင်အိမ်များထဲတွင် နေရကာ တစ်နေ့တာလုံး တစ်ဦးတည်း နေရသည်။


သူတို့၏ပိုင်ရှင် သူတို့ကို လာရောက်လည်ပတ်သည့်အချိန်မှသာ သူတို့သည် လှောင်အိမ်ထဲမှ အပြင်ထွက်ရပြီး အနည်းငယ် အရသာရှိသော စားစရာအနည်းငယ်ကို ရရှိနိုင်သည်။ 


ဤသခင်မှာ သေချာပေါက်ပင် နတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်။ 


ဥပမာအားဖြင့် မူလပိုင်ရှင် မွေးဖွားပြီးနောက် အရိပ်တစ်နှင့် အခြားသူများကို ယခင်ခေါင်းဆောင်ဟောင်းက ခေါ်လာခဲ့ခြင်းဖြစ်သည်။ မူလပိုင်ရှင်သည် အလွန်ငယ်ရွယ်သော အသက်ကတည်းက သူတို့ထံသို့ မကြာခဏ သွားရောက်လည်ပတ်မည်ဖြစ်သည်။ မူလပိုင်ရှင်နှင့် သက်တူရွယ်တူ ဤကလေးတစ်စုက မူလပိုင်ရှင်၏ရှေ့တွင် ဒူးထောက်ကာ မူလပိုင်ရှင်ကို သခင်ဟု ခေါ်မည်ဖြစ်ပြီး မူလပိုင်ရှင်က သူတို့ကို အစားအစာကောင်းအချို့ ပေးမည်ဖြစ်၏…

နတ်ဆိုးဂိုဏ်းတွင် ဤကလေးများကို ပျိုးထောင်ခြင်းမှာ တိရစ္ဆာန်မွေးမြူခြင်းနှင့် မခြားနားချေ။ ဤကလေးများသည် ဤကဲ့သို့ ပျိုးထောင်ခံရသောအခါ သဘာဝကျစွာပင် တိရစ္ဆာန်ကဲ့သို့ ခံစားကြရသည်။


သူတို့အတွက်မူ သူတို့၏ဘဝမှာ “သခင်“အတွက်သာ ဖြစ်သည်။ သူတို့သည် သခင့်အတွက် မွေးဖွားလာခဲ့ရုံသာမက သခင့်အတွက်လည်း သေဆုံးမည်ပင်။


ဥပမာအားဖြင့် ယခင်ခေါင်းဆောင်ဟောင်းကို သခင်အဖြစ် အသိအမှတ်ပြုထားသော အရိပ်သက်တော်စောင့်တစ်ဦးသည် ယခင်ခေါင်းဆောင်ဟောင်း သေဆုံးပြီးနောက် အခြေခံအားဖြင့် ကိုယ့်ကိုကိုယ် သတ်သေသွားမည်ဖြစ်သည်။


သူ မြင်မြင်ချင်း ချစ်မိသွားသူမှာ အရိပ်သက်တော်စောင့်တစ်ဦး ဖြစ်သည်။ 


ယန်ကျင်းဇီသည် ဤအခိုက်အတန့်တွင် ဤသောက်ကျိုးနည်း နတ်ဆိုးဂိုဏ်းကိုသာ ဖျက်ဆီးပစ်လိုက်ချင်သည်။


အရိပ်တစ်ဟာ ငယ်စဉ်က အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးသာ ဖြစ်ခဲ့လိမ့်မည်။ ဒါပေမယ့် ဘာဖြစ်ခဲ့လဲ? နတ်ဆိုးဂိုဏ်းမှ လူများသည် သူ့ကို သူ့မိဘများထံမှ ခေါ်လာကာ သူ့ကို ဤကဲ့သို့ဖြစ်အောင်‌ လေ့ကျင့်ပေးခဲ့သည်…

ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူကာ အရိပ်တစ်ကို ထပ်ကြည့်လိုက်ပြန်သည်။


အရိပ်တစ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး စလှဲကတည်းက မလှုပ်ရှားသေးပေ။


သူသည် မူလပိုင်ရှင်၏စကားကို အမှန်တကယ် နားထောင်သည်။ သူသည် မူလပိုင်ရှင် သူ့ကို ခိုင်းစေသော အရာမှန်သမျှကို လုပ်ဆောင်မည်ဖြစ်သည်။ သူသည် မည်သို့ခုခံငြင်းဆန်ရမည်ကို ဘယ်တော့မှ မသိခဲ့ဘဲ မူလပိုင်ရှင်က သူ့ကို လုံးဝ အလေးအနက် မထားခဲ့ချေ…


ထိုမျှသာမက မူလပိုင်ရှင်သည် လျိုကျိချင်းက သူ့ကို ထမင်းတစ်ပန်းကန် ပေးခဲ့သောကြောင့် လျိုကျိချင်းက သူ့ကို ကယ်ခဲ့သည်ဟု ခံစားရကာ ၎င်းကြောင့်လေးနှင့်တင် လျိုကျိချင်းကို ချစ်မိသွားခဲ့သည်… လျိုကျိချင်းနဲ့ မတွေ့ခင်တုန်းက သူ့နောက်လိုက်နေတဲ့ လူတွေကို အရိပ်တစ်နှင့် အခြားအရိပ်သက်တော်စောင့် ငါးယောက်က အသက်နဲ့ရင်းပြီး ဟန့်တားကာကွယ်ပေးခဲ့တဲ့ ကိစ္စကို ဘာလို့များ မူလပိုင်ရှင်က မတွေးမိရတာလဲ?


ထို့နောက်…


လျိုကျိချင်းက မူလပိုင်ရှင်ကို ထမင်းကျွေးခဲ့ပြီးမကြာမီ ဒဏ်ရာများနှင့် အရိပ်တစ်က ကျန်ရစ်သော အရိပ်သက်တော်စောင့်နှစ်ဦးကို ခေါ်လာကာ မူလပိုင်ရှင်ကို ရှာတွေ့ခဲ့သည်။ ပြင်းထန်သော ဒဏ်ရာများကြောင့် ထိုအရိပ်သက်တော်စောင့်နှစ်ဦးမှ တစ်ဦးသည် မူလပိုင်ရှင်၏ရှေ့တွင်ပင် သေသွားခဲ့သေးသည်။ 


အဲ့အချိန်မှာ မူလပိုင်ရှင်က ဒီလူတွေ သူ့ကို ကယ်ခဲ့တယ် ဆိုတာကို ဘာလို့ လုံးဝ မခံစားရတာလဲ? အရိပ်တစ်က သူ့ထံသို့ ရောက်လာသည်မှာ နောက်ကျလွန်းပြီး သူ့ကို အစာငတ်စေသည်အား မကျေနပ်သောကြောင့် မူလပိုင်ရှင်သည် အရိပ်တစ်ကို ကြိမ်ဒဏ်ပင် ပေးခဲ့သေး၏။

ယန်ကျင်းဇီသည် တွေးမိလေလေ စိတ်ဆိုးလာလေလေ ဖြစ်သည်။ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က တကယ့်တိရစ္ဆာန်ကောင်ပဲ!


သူကိုယ်တိုင်ကလည်း သိပ်မကောင်းပေ။

သူသည် ရောက်လာလာချင်းပင် အရိပ်တစ်ကို နာကျင်စေခဲ့သည်။


သက်ပြင်းချပြီးနောက် ယန်ကျင်းဇီသည် ထထိုင်ကာ အဝတ်အစားဝတ်ရန် ပြင်ဆင်သည်။


ဤသည်ကိုတွေ့သော် အရိပ်တစ်သည် ထပြီး ကျွမ်းကျင်စွာဖြင့် ယန်ကျင်းဇီဘေးတွင် ဒူးထောက်လိုက်သည်။


ယန်ကျင်းဇီက ဆိုသည် : “ လှဲနေ၊ မလှုပ်နဲ့။ ” 


ယန်ကျင်းဇီ၏စကားများကို ကြားရသော် အရိပ်တစ်သည် လျင်မြန်စွာ ပြန်လှဲလိုက်သည်။  


ယန်ကျင်းဇီသည် သူ့အဝတ်အစားများကို ဝတ်ဆင်ပြီးနောက် ပြောလိုက်သည် : “ အရိပ်နှစ် ”

အခန်းတံခါး ပွင့်သွားပြီး မျက်နှာကာထားသော အမျိုးသားတစ်ဦးသည် အပြင်ဘက်မှ လွှားခနဲ ခုန်ဝင်လာကာ ယန်ကျင်းဇီရှေ့တွင် ဒူးထောက်လာသည်။


ယန်ကျင်းဇီသည် ခဏတာ အဆင်မပြေဖြစ်သွားသည်။


သူသည် မကူးပြောင်းခင်က သူ့ကိုယ်ပိုင်မှတ်ဉာဏ် မရှိဘဲ မူလပိုင်ရှင်၏ မှတ်ဉာဏ်သာ ရှိသည်။ သို့သော် သူသည် ဤကဲ့သို့ ဒူးထောက်ခံရသည်အား အမှန်တကယ် ကျင့်သားမရပေ။


“ ရွှေအနာကျက်ဆေးတချို့ သွားယူလာခဲ့။ ” ယန်ကျင်းဇီ ခိုင်းလိုက်သည်။  


ယန်ကျင်းဇီရှေ့တွင် ဒူးထောက်နေသော အရိပ်နှစ်သည် လျင်မြန်စွာ မက်တပ်ရပ်ကာ ထွက်သွားသည်။ ခဏကြာပြီးနောက် သူက ပြန်လာကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး ယန်ကျင်းဇီကို ရွှေအနာကျက်ဆေး တစ်ပုလင်း ပေးခဲ့သည်။ 


“ စားစရာတချို့ ပြင်ခိုင်းလိုက်ပါ။ အပြင်မှာ အရင်ထား၊ ငါ့အမိန့်ရမှ အထဲကို ပို့ခိုင်းလိုက်။ ” ယန်ကျင်းဇီ ထပ်ခိုင်းလိုက်သည်။


အရိပ်နှစ်က လွှားခနဲဖြင့် ထပ်မံထွက်သွားပြန်သည်။


မူလပိုင်ရှင်၏ ဖခင်သည် မူလပိုင်ရှင်အတွက် အသုံးဝင်သော အရိပ်သက်တော်စောင့်များ အုပ်စုနှစ်စုကို လေ့ကျင့်ပေးခဲ့သည်။ ယင်းကား စုစုပေါင်းလူဦးရေ လေးဆယ့်နှစ်ဦး ဖြစ်သည်။


နတ်ဆိုးဂိုဏ်းတွင် ကိစ္စများကို စီမံခန့်ခွဲသူမှာ နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်ပြီး အစေခံမိန်းကလေးများနှင့် အစေခံယောကျာ်းလေးများမှာ ခေါင်းဆောင်ကို ပြုစုခစားသူများ ဖြစ်ကြသည်။ အရိပ်သက်တော်စောင့်များမှာ ခေါင်းဆောင်ကို ကာကွယ်ရသည့်အပြင် ခေါင်းဆောင်၏ ညွှန်ကြားချက်များကို လိုက်နာ၍ ကိစ္စငယ်များကိုလည်း လုပ်ဆောင်ကြသည်။ သူတို့သည် အများအားဖြင့် အခြားကိစ္စများကို မလုပ်ကြ‌ပေ။ အခြားကိစ္စများကို လုပ်လည်း မလုပ်တတ်ကြချေ။


အရိပ်သက်တော်စောင့်များသည် သိုင်းပညာများမှလွဲ၍ ဘာကိုမှ မသင်ယူခဲ့ကြပေ။ သူတို့သည် စာဖတ်နည်းကို မသိရှိကြဘဲ စကားလုံးများကိုပင် အပြည့်အဝ မပြောတတ်ကြချေ။ ဤနည်းဖြင့်သာလျှင် သူတို့သည် သူတို့၏ အကြွင်းမဲ့သစ္စာရှိမှုကို အာမခံနိုင်မည်ဖြစ်သည်။


နတ်ဆိုးဂိုဏ်း၏ အဖွဲ့ဝင်များမှာ သွေးစွန်းထားသော လူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်သော လူများ ဖြစ်ကြ၏။ ခေတ်အဆက်ဆက် ခေါင်းဆောင်များသည် သူတို့ကို ဖိနှိပ်နိုင်သည်မှာ ခေါင်းဆောင်ကိုယ်တိုင်၏ သန်မာသော အင်အားကြောင့်သာမက ခေါင်းဆောင်ကို ခစားနေသော အရိပ်သက်တော်စောင့်များ များစွာရှိသောကြောင့်လည်း ဖြစ်သည်။ ဤအရိပ်သက်တော်စောင့်များသည် သန်မာရုံသာမက သစ္စာရှိကာ ကြမ်းတမ်းကြပြီး သူတို့က သေရမည်ကို မကြောက်ကြခြင်းနှင့်လည်း များစွာသက်ဆိုင်သည်။ 


အရိပ်သက်တော်စောင့်များ လေးဆယ့်နှစ်ဦးသည် မူလပိုင်ရှင်ကို သိုင်းလောကထဲတွင် လမ်းဘေးတိုက်လျှောက်ခွင့် ပေးနိုင်လောက်သည့်အထိ လုံလောက်သည်။


မူလပိုင်ရှင်က မယုံကြည်အားမကိုးရသည်မှာ စိတ်မကောင်းစရာပင်။


နတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်အကြောင်း‌ ပြောရမည်ဆိုလျှင် နတ်ဆိုးဂိုဏ်းခေါင်းဆောင် ပိုင်ဆိုင်သည့် ပြိုင်ဘက်ကင်းသိုင်းပညာကျမ်း ဖြစ်သော ငရဲဘုံအံ့ဖွယ်သိုင်းကျမ်း အကြောင်းကို ပြောရမည်ဖြစ်သည်။



ငရဲဘုံအံ့ဖွယ်သိုင်းကျမ်းတွင် အဆင့်ကိုးဆင့် ရှိသည်။ အစပိုင်းတွင် နတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့သူ၊ မူလပိုင်ရှင်၏ အဖိုးက ဤအံ့ဖွယ်သိုင်းကျမ်းကို မတော်တဆ ရရှိခဲ့သည်။ သူသည် တစ်ခါတည်းနှင့် အဆင့်ရှစ်အထိ လေ့ကျင့်ခဲ့ပြီး ထို့နောက် သိုင်းလောကထဲရှိ အစွမ်းထက်ဆုံးများထဲမှ တစ်ဦး ဖြစ်လာခဲ့ပေသည်။ ဤအကြောင်းကြောင့်သာ‌လျှင် သူသည် ရက်စက်ကြမ်းကြုတ်သော ဗီလိန်တစ်စုကို အကာအကွယ်ပေးနိုင်ခဲ့ပြီး နတ်ဆိုးဂိုဏ်းကို တည်ထောင်နိုင်ခဲ့သည်။ 


ကံမကောင်းစွာဖြင့် သူ၏ နောင်လာမျိုးဆက်များမှာ ပထမမျိုးဆက်ကဲ့သို့ မတော်ကြချေ။ 


ငရဲဘုံအံ့ဖွယ်သိုင်းကျမ်းမှာ အလွန်အမင်း အစွမ်းထက်သော်ငြား ၎င်းတွင် သေစေနိုင်လောက်သော ပြစ်ချက်တစ်ခုလည်း ရှိပြီး ယင်းကား ချီဖောက်ပြန်ရန် အလွန်လွယ်ကူခြင်း ဖြစ်သည်။


ငရဲဘုံအံ့ဖွယ်သိုင်းကျမ်းကို အဆင့်ရှစ်အထိ လေ့ကျင့်ခဲ့သော နတ်ဆိုးဂိုဏ်း၏ တည်ထောင်သူမှလွဲ၍ ကျန်နတ်ဆိုးဂိုဏ်းခေါင်းဆောင်များသည် အလွန်ဆုံး အဆင့်ခုနစ်အထိသာ လေ့ကျင့်နိုင်ခဲ့ကြပြီး မကြာခဏပင် သူတို့သည် အသက်ငါးဆယ် သို့မဟုတ် အသက်ခြောက်ဆယ်တွင် ချီဖောက်ပြန်မှုကြောင့် သေဆုံးခဲ့ကြသည်။ 


မူလပိုင်ရှင်၏ဖခင်သည် တစ်ခါမှ ကလေးမရှိခဲ့ဖူးချေ။ မူလပိုင်ရှင် မွေးဖွားချိန်တွင် သူသည် အသက်‌လေးဆယ်နီးပါး ဖြစ်နေပြီဖြစ်သည်။ သူသည် သူ သေဆုံးသောအခါ မူလပိုင်ရှင်က နတ်ဆိုးဂိုဏ်းကို မဖိနှိပ်နိုင်မည် သို့မဟုတ် ဖြောင့်မတ်မှန်ကန်သော သိုင်းလောကသားများ၏ လိုက်ဖမ်းခြင်းကို ခံရမည်အား စိုးရိမ်ခဲ့သည်။ မူလပိုင်ရှင်သည် ငယ်စဉ်ကလေးဘဝကတည်းက လေ့ကျင့်ရန် ဖိအားပေးခံရခဲ့သော်လည်း သူ့တွင် သိုင်းပညာအတွက် ကောင်းမွန်သော ပင်ကိုအရည်အချင်း မရှိပေ။ ယခုအချိန်အထိ လေ့ကျင့်ခဲ့သော်ငြား သူသည် ငရဲဘုံအံ့ဖွယ်သိုင်းကျမ်း၏ အဆင့်လေးအထိသာ ရောက်ရှိသေးသည်။


မူလပိုင်ရှင်၏ ဖခင်သည် မူလပိုင်ရှင်အတွက် အရိပ်သက်တော်စောင့်များကိုသာ များများလေ့ကျင့်ပေးနိုင်တော့သည်။ ယခင်ခေါင်းဆောင်ဟောင်းတွင် အရိပ်သက်တော်စောင့်များမှာ အများဆုံး ဆယ့်နှစ်ဦးသာ ရှိခဲ့ပြီး မူလပိုင်ရှင် ခေါင်းဆောင်ဖြစ်လာသောအခါ လူလေးဆယ်ထက်ပင် ကျော်နေပြီဖြစ်သည်။


သို့သော် မူလပိုင်ရှင်သည် အင်အားနည်းသော်လည်း ပြဿနာရှာရသည်ကို သဘောကျဆဲဖြစ်သည်။ ယနေ့အထိ သိုင်းလောကထဲတွင် ပထမတန်းစားပညာရှင်များဟု ခေါ်ဆိုနိုင်သော အရိပ်သက်တော်စောင့်များ လေးဆယ့်နှစ်ဦးမှာ ရှစ်ဦးကို ဆုံးရှုံးခဲ့ရပြီး သုံးဆယ့်လေးဦးသာ ကျန်ရှိတော့သည်။

ယန်ကျင်းဇီသာ ရောက်မလာခဲ့လျှင် မူလပိုင်ရှင်က ဤအရိပ်သက်တော်စောင့်များ သုံးဆယ့်လေးဦးကို ခေါ်ပြီး နတ်ဆိုးဂိုဏ်းမှ ထွက်ခွာကာ နေရာတိုင်းတွင် ပြဿနာလိုက်ရှာတော့မည်ဖြစ်သည်။


ဖြောင့်မတ်မှန်ကန်သော သိုင်းပညာရှင်များသည် နတ်ဆိုးဂိုဏ်းကို အသေမုန်းသည်။ သူတို့သည် နတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော မူလပိုင်ရှင်ကို လျင်မြန်စွာ သတ်ဖြတ်ရန် စီစဉ်ကြံစည်ထားကြသည်။ ဒါပေမယ့် နတ်ဆိုးဂိုဏ်းကရော ဘယ်လိုလဲ? သူတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်သော ဗီလိန်များ ဖြစ်ကြသည်။ ခေါင်းဆောင်က ခေါင်းဆောင်ဖြစ်လာသော အဓိကအကြောင်းအရင်းမှာ သူတို့က လုံလုံလောက်လောက် သန်မာသောကြောင့် ဖြစ်ပြီး ထို့ကြောင့် သူတို့ဟာ သဘာဝကျစွာပင် ကိုးကွယ်ခံရသည်။ သို့သော် ခေါင်းဆောင်က လုံလုံလောက်လောက် မသန်မာလျှင်... သူတို့ကလည်း ခေါင်းဆောင်ကို ဖယ်ရှားကာ သူ့နေရာကို ယူချင်ကြပေသည်။


ထို့ကြောင့် နှစ်နှစ်သာကြာပြီးနောက် မူလပိုင်ရှင်အနားရှိ အရိပ်သက်တော်စောင့်များသည် တစ်ဦးပြီးတစ်ဦး သေဆုံးကုန်ကြကာ သူတို့အားလုံး သေဆုံးသွားသောအခါ မူလပိုင်ရှင်သည်လည်း သနားစရာကောင်းစွာ အဆုံးသတ်သွားခဲ့သည်။ 


ယန်ကျင်းဇီသည် အရိပ်တစ်ထံသို့ ပြန်ကာ ရွှေအနာကျက်ဆေးကို ကိုင်ကာ ထိုင်လိုက်သည်။


ခုတင်ဟာ အပြည့်အဝ ပြိုကျသွားပြီးဖြစ်သည်။ ယခုမူ ကြမ်းပြင်ပေါ်တွင် ခုတင်အောက်ခံအခင်းပြားတစ်ခုသာ ရှိတော့သည်။ ကံကောင်းစွာဖြင့် ၎င်း၏အပေါ်တွင် ထူထဲသော စောင်တစ်ထည် ရှိနေပြီး လှဲရသည်မှာ သက်တောင့်သက်သာ ရှိနေသေးသည်။

ဤအနီရောင်ခုတင်ကို မူလပိုင်ရှင်က သူနှင့် လျိုကျိချင်းအတွက် စီစဉ်ထားခဲ့သည်။ ယခု ၎င်းခုတင် မရှိတော့သည်မှာလည်း မဆိုးချေ…


ယန်ကျင်းဇီသည် သူ့လက်ကို ဆန့်ထုတ်ကာ အရိပ်တစ်၏ ဘောင်းဘီကို ချွတ်လိုက်သည်။


အရိပ်တစ်က လုံးဝ မခုခံချေ။


ယန်ကျင်းဇီ၏ နှလုံးသားသည် ပို၍ပင် မသက်မသာ ဖြစ်သွားသည်။ အရိပ်တစ်၏ အနောက်မှ ဒဏ်ရာကို မြင်သည့်အခါ သူသည် ပို၍ပင် ဆွံ့အသွားရသည်။


“ မင်း ဗိုက်မှောက်လှဲနေ၊ ငါ မင်းကို ဆေးလိမ်းပေးမယ်။ “ ယန်ကျင်းဇီ ပြောလိုက်သည်။ သူ စကားပြောပြီးပြီးချင်းမှာတင် အရိပ်တစ်က ချက်ချင်း လှည့်ကာ လှဲပေးသည်။ 


ယန်ကျင်းဇီသည် ဖြည်းညှင်းစွာ ဆေးလိမ်းပေး၏။


အရိပ်တစ်က စကားတခွန်းမှ မပြောဘဲ ယန်ကျင်းဇီကို ဆေးလိမ်းခွင့်ပြုထားသည်။


ယန်ကျင်းဇီသည် သူက အရိပ်တစ်ကို ဆေးလူးပေးသည်မဟုတ်ဘဲ အဆိပ်ပေးလျှင်တောင်မှ အရိပ်တစ်က သူ့ကို ခွင့်ပြုနေဦးမည်ဟု ခံစားရသည်။


ဒါက တကယ်ပဲ... သူ့ကို ကျိန်ဆဲစေချင်တယ်!


ယန်ကျင်းဇီသည် အရိပ်တစ်ကို ဖြည်းညှင်းစွာ ဆေးလိမ်းပေးသည်။ ဆေးလိမ်းပေးနေစဉ် သူသည် အရိပ်တစ်၏ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော အမာရွတ်များ အထပ်ထပ်ရှိနေသည်ကိုလည်း သတိပြုမိသည်။


အရိပ်သက်တော်စောင့် အုပ်စုတစ်စုတွင် အစပိုင်း၌ ကလေးများ ဦးရေတစ်ရာ သို့မဟုတ် နှစ်ရာခန့် ရှိခဲ့သော်ငြား လေ့ကျင့်ရေး ပြီးဆုံးပြီးနောက် ဦးရေနှစ်ဆယ်သာ ကျန်တော့သည်။ ဤလေ့ကျင့်ရေး မည်မျှရက်စက်သည်ကို ခန့်မှန်းကြည့်နိုင်သည်။ အရိပ်တစ်အတွက် အသက်ရှင်သန်ရန်မှာ အမှန်တကယ် မလွယ်ကူခဲ့ချေ။


ဒီသောက်ကျိုးနည်း နတ်ဆိုးဂိုဏ်းခေါင်းဆောင်! ဒီသောက်နတ်ဆိုးဂိုဏ်း!


အခိုက်အတန့်တစ်ခုကြာသည့်အထိ ယန်ကျင်းဇီသည် အရိပ်တစ်ကို ကောက်ချီပြီး အရိပ်သက်တော်စောင့်များကို လေ့ကျင့်ပေးသော တွင်းကို ကန်ထုတ်ပြီးနောက် ဤအရိပ်သက်တော်စောင့်များနှင့်အတူ နတ်ဆိုးဂိုဏ်းမှ ထွက်သွားကာ ဤနေရာကို အပြီးအပိုင် ထားပစ်ခဲ့ချင်စိတ်ကို မထိန်းနိုင်လုနီးပါး ဖြစ်သွားရသည်။


သို့ရာတွင် သူသည် လျင်လျင်မြန်မြန်ပင် စိတ်တည်ငြိမ်သွားခဲ့သည်။


နတ်ဆိုးဂိုဏ်းထဲမှ လူအများအပြားသည် မူလပိုင်ရှင်က လုံလုံလောက်လောက် မသန်မာမှန်း သိကြကာ သိုင်းလောကထဲမှ လူတိုင်းလည်း သိကြသည်။ အုပ်စုနှစ်စုက မူလပိုင်ရှင်ကို သတ်ချင်နေကြရာ ယခုအခါ သူ့တွင် အရှေ့၌ ဝံပုလွေများ ရှိနေပြီး အနောက်၌မူ ကျားများ ရှိနေသည်။


သူကသာ သတိမထားဘဲ တိုက်ရိုက်ထွက်ခွာသွားမည်ဆိုလျှင် သူ ကောင်းမွန်စွာ အဆုံးမသတ်နိုင်လောက်ပေ။


ထို့ကြောင့် သူသည် ဖြည်းညှင်းစွာ အဖြေရှာရန် ကြိုးစားနေဆဲဖြစ်ပြီး အရင်ဆုံး သူ၏ ခွန်အားကို မြှင့်တင်ကာ ပိုင်ဆိုင်မှုအချို့ကို လွှဲပြောင်းပြီးမှ ဤသောက်ကျိုးနည်း နတ်ဆိုးဂိုဏ်းကို ကန်ထုတ်ရန် စဉ်းစားရမည်ပင်။


ယန်ကျင်းဇီသည် အရိပ်တစ်ကို ကူညီဆေးလိမ်းပေးပြီးနောက် အပြင်ဘက်မှ လူငယ်၏အသံကို ကြားလိုက်ရသည် — သူ လိုချင်သော စားစရာမှာ ဤနေရာသို့ ရောက်လာပြီဖြစ်သည်။


ယန်ကျင်းဇီသည် မူလက အခန်းထဲသို့ လူများကို တိုက်ရိုက်ခေါ်ချင်ခဲ့သော်ငြား ထို့်နောက် တစ်ခုခုကို တွေးမိပြီး မူလပိုင်ရှင်၏ မျက်နှာဖုံးကို ရှာကာ တပ်လိုက်သည်။


မူလပိုင်ရှင်၏ မျက်နှာဖုံးမှာ သူ့ကို သူ့ဖခင်က ပေးခဲ့ခြင်းဖြစ်သည်။


မူလပိုင်ရှင်၏ဖခင်ဟာ မူလပိုင်ရှင်အတွက် လွန်စွာစဉ်းစားပေးခဲ့သည်။ သူသည် မူလပိုင်ရှင်ကို တစ်နှစ်ပတ်လုံး မျက်နှာဖုံးတစ်ခုအား ဝတ်ဆင်စေပြီး မူလပိုင်ရှင်ကို တခြားလူများရှေ့တွင် မျက်နှာပြရန် ခွင့်မပြုခဲ့ချေ။ တကယ်တော့ ဤနေရာတွင် ထည့်သွင်းစဉ်းစားရန် အချက်နှစ်ချက် ရှိသည်။  


ပထမတစ်ချက်မှာ မူလပိုင်ရှင်က နူးညံ့သိမ်မွေ့သော မျက်နှာနှင့် မွေးဖွားခဲ့သည်။ သူသည် ယခုအခါ အသက်နှစ်ဆယ်ကျော်ပြီဖြစ်သော်လည်း ဆယ်ကျော်သက်တစ်ဦးနှင့် တူနေဆဲပင်။ လူအများရှေ့တွင် သူ့မျက်နှာကို သူ ထုတ်ပြလျှင် လူအများအပေါ်တွင် သက်ရောက်မည့် ဖိအားမှာ အလွယ်တကူ လျော့နည်းသွားနိုင်သည်။


အခြားတစ်ဖက်တွင်မူ… မည်သူကမှ မူလပိုင်ရှင်ကို မမြင်ဖူးထားခဲ့လျှင်၊ အနာဂတ်တွင် တစ်ခုခုဖြစ်ခဲ့ပါက မူလပိုင်ရှင်သည် မူလပိုင်ရှင်၏မျက်နှာဖုံးကို ချွတ်လိုက်သည်နှင့်တပြိုင်နက် သာမန်လူတစ်ဦး၏ ဘဝကို နေထိုင်နိုင်နေဆဲဖြစ်သည်။


စိတ်မကောင်းစရာမှာ မူလပိုင်ရှင်က သူ့ဖခင်၏ ဝီရိယအားထုတ်ခြင်းများကို နားမလည်ဘဲ နောက်ပိုင်းတွင် လျိုကျိချင်းရှေ့၌ သူ့မျက်နှာအစစ်အမှန်ကို ထုတ်ဖော်ပြခဲ့သည်...


သူ ဖြစ်လာသောအခါ… ယခုအခါ သူသည် မသန်မာသေးသောကြောင့် ဤမျက်နှာကို ကောင်းမွန်စွာ သိုဝှက်ထားရန် ရည်ရွယ်သည်။ သူသည် သူ၏ အရိပ်သက်တော်စောင့်များမှလွဲ၍ အခြားသူများကို မြင်ခွင့်မပေးနိုင်ပေ။


မျက်နှာဖုံးကောင်းနှင့်အတူ ယန်ကျင်းဇီသည် လူများကို အခန်းထဲသို့ အစားအစာများ သယ်လာစေသည်။


အစေခံများ လေးဦး၊ငါးဦးတို့က မွှေးပျံ့နေသော စားစရာများနှင့် ဝင်လာကြသည်။ သူတို့အားလုံးမှာ တုန်ယင်နေကြပြီး ခေါင်းမဖော်ရဲကြချေ။ သူတို့သည် စားပွဲပေါ်တွင် စားစရာများ တင်ပြီးနောက် တလေးတစားဖြင့် နောက်သို့ပြန်ဆုတ်သွားကြသည်။ 


နတ်ဆိုးဂိုဏ်း၏ စားစရာများမှာ အလွန်ကောင်းမွန်သည်။ သူ၏ အရိပ်သက်တော်စောင့်များက အစေခံများ သူ့ထံသို့ ပို့ဆောင်သော စားစရာကို မျက်ခြေမပြတ် စောင့်

ကြည့်နေကြသဖြင့် ၎င်းမှာ အကြွင်းမဲ့ ဘေးကင်းသည်။


ယန်ကျင်းဇီသည် အရိပ်တစ်ကို သူနှင့်အတူစားရန် မေးတော့မည်ဖြစ်သော်ငြား အရိပ်တစ်က ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။


____