Chapter 5
Viewers 6k

🍉 Chapter 5

အားလုံး ပြီးသွားပြီ



အပေါ်ထပ်မှ ရုန်းရင်းဆန်ခတ်ဖြစ်သံကို အောက်ထပ်တွင် သဘာဝကျကျပင် ကြားနေရသည်။


စုလွေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ရိုးသားခဲ့သော်လည်း မာမားဟော်က သက်တော်စောင့်များပင် ခေါ်လာခဲ့သည်။ သူက လှောင်ပြောင်လိုက်သည်။

"ခင်ဗျား သတိ အရမ်းကြီးလွန်းတယ်..."


မာမားဟော်က သူ့ကို ဆက်သွယ်သောအခါ ကိစ္စများက သူ့ထိန်းချုပ်မှုအောက်မှ လွတ်သွားကြောင်း စုလွေ့က သိလိုက်သည်။


ဟော်မိသားစုက အခြား ချမ်းသာသောမိသားစုများနှင့် မတူဘဲ ဟယ်မိသားစု ပြုလုပ်သကဲ့သို့ လူတစ်ယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကန့်သတ်လိမ့်မည် မဟုတ်ဟု ယူဆခဲ့သည်။


ဒါပေမယ့် နောက်ဆုံးတော့လည်း ချမ်းသာတဲ့ မိသားစုတွေ အားလုံးက အတူတူပါပဲ...


ဟယ်မိသားစုရော ဟော်မိသားစုရော အတူတူပါပဲ...


မာမားဟော်က သူ့ထံသို့ ဦးစွာ လာရောက်ခဲ့ခြင်းဖြစ်သောကြောင့် ဟော်ယန်နှင့် ရှုပ်ထွေးနေစရာ အကြောင်း မရှိတော့ပေ။ စောစီးစွာ ရှင်းရှင်းလင်းလင်း လမ်းခွဲလိုက်ခြင်းက ပို၍ ကောင်းသည်။


စုလွေ့က နောင်တရနေသော်လည်း သူ၏ သဘောထားကို အလျင်အမြန် ပြုပြင်ပြောင်းလဲလိုက်ပြီး တွေ့ဆုံမှု မစတင်မီမှာပင် သူ၏အကျိုးစီးပွားကို မည်သို့ မြင့်မားစေရမည်ကို စီစဉ်ထားပြီး ဖြစ်သည်။


ဟော်မိသားစုတွင် တောင်းဆိုချက်တစ်ခုသာ ရှိကာ ၎င်းက ဟော်ယန်ကို ထားခဲ့ရန် ဖြစ်သည်။


ဟော်မိသားစုက ပိုက်ဆံ အလုံအလောက် ပေးမည်ဆိုလျှင် ဟော်ယန်ကို သူကိုယ်တိုင် ထားခဲ့ရန် အဆိုပြုခြင်းက ပို၍ ကောင်းသည်။


စုလွေ့ မမျှော်လင့်ထားသည်မှာ သူက ဤမျှ ရိုးသားခဲ့သော်လည်း မာမားဟော်က သတိကြီးကြီး ထားနေဆဲ ဖြစ်သည်ကိုပင်။ ကံကောင်းထောက်မစွာဖြင့် သူက ယနေ့ ပြင်ဆင်လာခဲ့သည်။


စုလွေ့က ချက်ချင်း အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော် ပိုက်ဆံ ရပြီ ဆိုတာနဲ့ ဟော်ယန်ကို အနှောင့်အယှက် မပေးတော့ဘူး...ဒါပေါ့၊ ကျွန်တော့်ကို ဒီနေ့ သွားခွင့်မပြုခဲ့ရင်တော့..."


သူက ခေတ္တမျှ ရပ်ပြီး ပြုံးလိုက်သည်။

"ဒီည ဖျော်ဖြေရေးကဏ္ဍတွေအားလုံးမှာ ကျွန်‌တော်နဲ့ ဟော်ယန်ရဲ့ သတင်းကောင်းကို ကြေညာလိုက်မယ်..."


မာမားဟော်က သူမ၏ ပါးစပ်ထောင့်ရှိ အပြုံးကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။


စုလွေ့က ဟန်ဆောင်ဖို့တောင် စိတ်မ၀င်စားတော့ဘူး...ငါ့ကိုများ လာခြိမ်းခြောက်နေတယ်...


ယဲ့လဲ့ယောင် ပြောတာက အမှန်ပဲ...စုလွေ့က ဟော်ယန်ကို ပ်ိုက်ဆံကြောင့် ချဉ်းကပ်ခဲ့တာ...


စုလွေ့ သီးသန့်ခန်းထဲကို စ၍ ဝင်လိုက်ချိန်မှစ၍ ယခုအချိန်အထိ နှစ်မိနစ်သာ ရှိသေးသည်။ မာမားဟော်က အစီအစဉ်အတိုင်း မတူးဖော်ရသေးမီမှာပင် စုလွေ့က သူကိုယ်တိုင် တွင်းကြီးတစ်ခုတူးကာ ခုန်ချသွားသည်။


မာမားဟော်က သူမ၏ ရှေ့မှ စုလွေ့ကို မော့ကြည့်လိုက်ပြီး စိတ်အေးလက်အေး ခံစားလိုက်ရသည်။ သူမက ပြုံးလိုက်သည်။

"ဒါဆို ငါ မင်းကို ပိုက်ဆံပေးရင် ငါတို့ရှေ့မှာ မင်း ထပ်ပေါ်လာမှာ မဟုတ်ဘူးမလား..."


စုလွေ့က တုံ့ဆိုင်းမနေပေ။

"အမှန်ပါပဲ...ဒါပေမယ့် အဲ့ဒါကို စေတနာလက်ဆောင်အနေနဲ့ပဲ မှတ်ထားလိုက်ပါ..."


သူက ဥပဒေရေးရာ အငြင်းပွားမှုများတွင် မပါဝင်လိုပေ။


မာမားဟော်က ကျယ်လောင်စွာ ရယ်မောမိတော့မည် ဖြစ်ပြီး သူ့အပြုံးကို ဖုံးကွယ်ရန် လက်ဖက်ရည်ခွက်ကို အလျင်အမြန် ကောက်ယူလိုက်သည်။


ဟော်ယန်က ဆက်၍ ထိုင်မနေနိုင်တော့ဘဲ ထရပ်ကာ အောက်ထပ်သို့ အမြန် ဆင်းသွားသည်။


ယဲ့လဲ့ယောင်က ထိတ်လန့်သွားသည်။

"ဒုတိယအစ််ကို...မင်း..."


[ဒီလိုပဲ ဆင်းသွားတာလား...နည်းနည်း ထပ်ပြီး နားမထောင်တော့ဘူးလား...]


[အဖေက ဘာလို့ မတားတာလဲ...ငါလည်း သူ့ကို မတားနိုင်ဘူး...]


သူ့ကို မတားသည်က ပိုကောင်းမည်ဟု မာမားဟော်က ထင်ခဲ့သည်။


ဟော်ယန်က ကိုယ်တိုင် ဆင်းလာပြီး စုလွေ့နှင့် စကားပြောသင့်သည်။


အောက်ထပ်ကို ဆင်းလာသည့် ဟော်ယန်၏ အသံမှာ ကျယ်လောင်လှသောကြောင့် စုလွေ့က လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။


ဟော်ယန်က သီးသန့်ခန်း၏ နောက်ကွယ်မှ လျှို့ဝှက်တံခါးကို ရုတ်တရက် ဆွဲဖွင့်လိုက်သည်။ စုလွေ့က ဟော်ယန်ကို မြင်လိုက်သည့် အခိုက်တွင် သူ၏ သူငယ်အိမ်များက သိသိသာသာ ပြူးကျယ်သွားပြီး သူ့အမူအရာကို မထိန်းနိုင်တော့ပေ။


ဟော်ယန်က ဘာလို့ ဒီကို ရောက်နေတာလဲ...


စုလွေ့က ဟော်ယန်ကို မယုံကြည်နိုင်စွာ ကြည့်ကာ သူ့မျက်နှာအမူအရာမှာ ချက်ချင်း အရောင်စုံ ပြောင်းသွားသည်။ သူက စားပွဲအောက်တွင် လက်ကို ဆုပ်ထားပြီး လက်ဆစ်များက ဖြူဖျော့လာသည်။


စုလွေ့ကို စဉ်းစားရန် အချိန် ပို၍ မပေးတော့ဘဲ ဟော်ယန်က သူ့ဆီ အမြန်သွားလိုက်သည်။


ထိုလူ၏ မျက်လုံးများက နီရဲနေပြီး၊ မျက်နှာမှာ စိတ်ပျက်လက်ပျက် ပုံစံနှင့် ပြည့်နှက်နေကာ သူ၏အမူအရာမှာ ဖုံးကွယ်မထားနိုင်လောက်အောင်ပင် ဝမ်းနည်းနေပုံပေါ်သည်။ သူက စုလွေ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး မေးလိုက်သည်။

"ဒါဆို မင်း မျက်လုံးထဲမှာ မင်းအပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို ပိုက်ဆံနဲ့ တိုင်းတာလို့ရတယ်ပေါ့..."


စုလွေ့၏ နဖူးတွင် ချွေးများ ထွက်လာသည်။ သူက ပါးစပ်ကို ဖွင့်ထားသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ပေ။


အောက်ထပ်သို့ ပါပါးဟော်နောက်မှ လိုက်လာသည့် ယဲ့လဲ့ယောင်က သူ့စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်နေသည်။


[ဟုတ်တာပေါ့၊ အဲဒါကို ငွေနဲ့ တိုင်းတာလို့ ရတယ်...အဲဒါက ငါးသန်းပဲ...]


[ဒါက အဖေနဲ့အမေ မျှော်မှန်းထားတာရဲ့ တစ်ဝက်လောက်ပါပဲ...ဒါက ဈေးဆစ်ထားတာ မဟုတ်ဘူးလား...]


ပါပါးဟော်က မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။


မာမားဟော်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး သူ့အပြုံးကို အချိန်မီ ထိန်းလိုက်နိုင်သည်။


ဟော်ယန်က သူ့နှလုံးသား စုတ်ပြဲသွားကာ သွေးများ တစက်စက် ယိုစီးကျလာသကဲ့သို့ နာကျင်နေသည်။

"ငါးသန်း..."


ဟော်ယန်က အံကြိတ်လိုက်သည်။

"ငါးသန်းကြောင့် ငါ့အနားမှာ ရှိနေခဲ့တာလား...မင်းအတွက် ငါ့ခံစားချက်အားလုံးက တန်ဖိုးရှိခဲ့ရဲ့လား..."


ယဲ့လဲ့ယောင်က ပြင်ပြောလိုက်သည်။

[အဲ့ဒါက ဒီလောက်မတန်ပါဘူး...ဖမ်းမိသွားလို့သာ ဒီလောက်ပဲ ရနိုင်ခဲ့တာ...]


ထိုအချိန်တွင် စုလွေ့က နားလည်သွားသည်။


ယနေ့တွေ့ဆုံမှုက ထောင်ချောက်တစ်ခုသာ ဖြစ်သည်။


သူက ဘာကိုမှ မသိလိုက်ဘဲ ခုန်ဆင်းသွားမိသည်။


ဟော်ယန်၏ မေးခွန်းကို ရင်ဆိုင်ကာ စုလွေ့က ထိတ်လန့်သွားသော်လည်း သူ့ကိုယ်သူ တည်ငြိမ်‌စေရန် ထိန်းထားကာ သူ့စိတ်က ရှင်းပြရန် အပြိုင်အဆိုင် ဖြစ်နေသည်။

ရှင်းရှင်းလင်းလင်း ရှင်းပြရမယ်...


မဟုတ်ရင် ပိုက်ဆံရော အချစ်ရော ဆုံးရှုံးသွားနိုင်တယ်...


ဟော်ယန်က စုလွေ့အတွက် ခံစားချက်များ ရှိနေဆဲဖြစ်၍ သူ့ကို ပြင်းပြင်းထန်ထန် ဖိအားမပေးလိုပေ။ သူက အဖြေကို စောင့်လျက် ထိုနေရာတွင် ခေါင်းမာစွာ ရပ်နေသည်။


သို့သော် ယဲ့လဲ့ယောင်တွင် ထိုကဲ့သို့ စိုးရိမ်ပူပန်မှု မရှိပေ။ စုလွေ့ အချိန်အတော်ကြာ စကားမပြောဖြစ်သည်ကိုမြင်လျှင် သူက စိတ်ထဲမှ ရေရွတ်လိုက်သည်။


[အကြောင်းပြချက် တစ်ခု ရဖို့ စုလွေ့က ဘယ်လောက်တောင် ကြာနေတာလဲ...]


[စဉ်းစားကြည့်ရအောင်...စုလွေ့က သူ့မှာ ရွေးချယ်စရာမရှိလို့ ဒီလိုလုပ်တာလို့ မပြောနိုင်လောက်ပါဘူး ဟုတ်တယ်မလား...]


ယဲ့လဲ့ယောင်က ဇာတ်ကွက်ကို ပြန်စဉ်းစားလိုက်ပြီး အွန်လိုင်းတွင် တွေ့ခဲ့သည့် ဇာတ်ကွက်ကို ပြန်သတိရကာ ထင်ထင်ရှားရှား အတုခိုးလာသည်။


[စုလွေ့က ကိုယ်ဝန်ရှိနေတုန်း ဖြစ်ပြီး အေဂျင်စီက အပြင်းအထန် ဖိအားပေးနေတုန်းပဲ...ဒီဗိုက်ပူပူနဲ့ သူက ရှိုးတွေ မတက်နိုင်တော့ဘူး...ဒါပေမယ့် သူက လျော်ကြေးကိုလည်း မတတ်နိုင်ခဲ့ဘူး...ဒီအချိန်မှာ အမေက စုလွေ့ကို ခေါ်လိုက်တာက အသက်ကယ်ကြိုးတစ်ခုလိုပဲ...]


[ဒါပေါ့...ဟော်ယန်ဆီက ထွက်သွားဖို့ စုလွေ့ တောင်းတဲ့ ငါးသန်းက နောက်ဆုံးနည်းလမ်းပဲ...သူ ပြင်ဆင်နေတဲ့ နည်းလမ်းလည်း ဖြစ်တယ်...]


[ဘာပဲဖြစ်ဖြစ် စုလွေ့က ပြီးပြည့်စုံတဲ့ နစ်နာသူပါ...အပြစ်အကင်းဆုံးလူ...]


ယဲ့လဲ့ယောင်၏ အတွင်းစိတ်မှ ပြောပြီးသွားသောအခါ စုလွေ့က မျက်ရည်စက်လက်ဖြင့် ပြောလာသည်။

"ယန်ကော...ကျွန်တော့်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး...ကိုယ်ဝန်ရှိနေတာကြောင့်..."


ယဲ့လဲ့ယောင်: [ဖူးး...]


မာမားဟော်က ပါးစပ်ကို အုပ်လိုက်သည်။


ပါပါးဟော်က မျက်ရည်များ ထွက်လုမတတ် မရယ်မောမိစေရန် ကြိုးစားကာ ခေါင်းကို လှည့်လိုက်သည်။


ယဲ့လဲ့ယောင်ရဲ့ စကားက တကယ်ကို ကွက်တိပဲ...


ဟော်ယန်က သူ့စိတ်ပျက်မှုကို ထိန်းမထားနိုင်တော့ဘဲ ၎င်းက ပို၍ ရယ်စရာကောင်းသည်ဟု ခံစားရသည်။

"လုံလောက်ပါပြီ...ငါ့ကို ထားခဲ့ဖို့ ငါးသန်း တောင်းဆိုတာက ပြင်ဆင်ထားတဲ့ နည်းဗျူဟာပဲလို့ မပြောပါနဲ့တော့..."


စုလွေ့က အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

ဟော်ယန်က ငါ ဘာပြောမယ်ဆိုတာ ဘယ်လိုသိနေတာလဲ...


စုလွေ့၏ အမူအရာက သူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ဟော်ယန်က ပို၍ပင် ဒေါသဖြစ်ကာ ရင်ဘတ်အောင့်လာသည်။ သူ့ရှေ့မှ စုလွေ့မှာ သူစိမ်းတစ်ယောက်ဖြစ်ပြီး ဤနေ့မှ စတွေ့ဖူးသကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် သူ ခံစားလိုက်ရသည်။


ဤအခိုက်အတန့်တွင် စုလွေ့က အမှန်တကယ်ပင် ထိတ်လန့်သွားသည်။


ဟော်ယန်က ငါ့ကို ထိုးဖောက်ပြီး မြင်နေရတာလား...


ငါ ဘာဆက်လုပ်ရမလဲ...


စုလွေ့၏ မသိစိတ်က သူ့ဝမ်းဗိုက်ကို ထိရန် လက်လှမ်းလိုက်ပြီး သူ့မျက်လုံးများက ချက်ချင်း တောက်ပလာသည်။


သို့သော် ယဲ့လဲ့ယောင်က သူ့အစား ကြိုပြောထားသည်။


[အတုအယောင် ဗိုက်နာတာ လာတော့မှာလား...]


စုလွေ့က မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။

"ယန်ကော...ကျွန်တော့် ဗိုက်..."


မာမားဟော်က လည်ချောင်းကို ရှင်းထုတ်ပြီး စားပွဲပေါ်ရှိ ခလုတ်ကို နှိပ်လိုက်သည်။ တံခါးနားမှ ဆရာဝန်က ချက်ချင်း ဝင်လာသည်။


မာမားဟော်က စုလွေ့ကို ကြည့်ကာ ဆရာဝန်ကို ခေါင်းညိတ်ပြလိုက်သည်။

"လူကြီးမင်း...ကျွန်တော့် အကူအညီ လိုသေးလား..."


စုလွေ့က ဆရာဝန်ကို ကြည့်လိုက်သည်။ သူက ဒေါသကြောင့် မျက်လုံးများ နီရဲလာသည်။


အကယ်၍သာ ယခင်က စုလွေ့ကို ဤသို့ မြင်လျှင် ဟော်ယန်က စိတ်မကောင်းဖြစ်နေမည် ဖြစ်သည်။


ယခုမူ ဟော်ယန်က စုလွေ့ကို နှစ်သိမ့်ရန် ရည်ရွယ်ချက်မရှိဘဲ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေသည်။


စုလွေ့က တည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ ဗိုက်နာဟန်ဆောင်ခြင်းကို ရပ်လိုက်သည်။ သူက ဟော်ယန် ဘက်လှည့်ကာ မျက်ရည်များစီးကျလာသည်။

"ယန်ကော...ဒါဆို ဒီနေ့ တွေ့ဆုံမှု အကြောင်း ခင်ဗျား သိနေတာလား..."


စုလွေ့က နှုတ်ခမ်းကို ကိုက်လိုက်ပြီး အလွန်အမင်း မှားယွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။

"...ဟုတ်တယ်...ထွက်သွားဖို့ ပိုက်ဆံတောင်းတာက ကျွန်တော့် အမှားပဲ...ဒါပေမယ့် ခင်ဗျားကို နှစ်ရက်ကြာအောင် မဆက်သွယ်နိုင်ခဲ့ဘူး...ကျွန်တော်ကိုယ်တိုင်ရော ကလေးအတွက်ပါ မစဉ်းစားသင့်ဘူးလား..."


[ကလေးကို ဆင်ခြေအဖြစ် မသုံးပါနဲ့...ကလေးက ငါ့အစ်ကိုရဲ့ ကလေးတောင် မဟုတ်ဘူး...]


မာမားဟော်က အချိန်ကိုက် ပြောလာသည်။

"စစ်ဆေးတာ လုပ်ကြရအောင်..."


စုလွေ့၏ငိုသံက ရုတ်တရက် ရပ်သွားသည်။


မိသားစုဆရာဝန်က အချိန်ကိုက် ရှင်းပြသည်။

"DNA ကို စမ်းသပ်လို့ ရတယ်..."


စုလွေ့၏ နှုတ်ခမ်းများက လှုပ်သွားကာ ငိုရန်ပင် မေ့သွားပြီး ဟော်ယန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"ယန်ကော...ခင်ဗျား ကျွန်တော့်ကို သံသယဝင်နေတာလား..."


[အဲဒါ မမှန်ပါဘူး...ဒုတိယအစ်ကိုက မင်းကို လုံးဝ သံသယ မရှိပါဘူး...]


ယဲ့လဲ့ယောင်က ဟော်ယန်အတွက် ပြောပေးသည်။

[စုလွေ့...မင်းက ကိုယ့်ကိုယ်ကိုယ် အထင်သေးနေတာပဲ...]


[မင်းက အမှားကြီးကို လုံးဝ အာရုံစိုက်နေတာ...ဒုတိယအစ်ကိုလို အချစ်ရေးမှာ အစွဲအလမ်းကြီးတဲ့ တစ်စုံတစ်ယောက်အတွက် ပြဿနာက ငွေအကြောင်း လုံးဝ မဟုတ်ဘူး...မင်း သူ့ကို တကယ် ချစ်သည် ဖြစ်စေ၊ မချစ်သည်ဖြစ်စေ သူက ဂရုစိုက်ပေးနေဦးမှာပဲ...]


[မင်း သူ့ရှေ့မှာ လိမ်လည်လှည့်စားနေရင်တောင်မှ မင်းရဲ့အချစ်ကို ရိုးရိုးသားသား ဝန်ခံထားသရွေ့တော့ သူက ခွင့်လွှတ်ပေးပြီး ကလေးအကြောင်းကို မေ့ထားပြီး ဦးထုပ်စိမ်းအဆောင်းခံလိုက်မှာ...]


မာမားဟော်နှင့် ပါပါးဟော်က ဟော်ယန်ကို ချက်ချင်း ကြည့်လိုက်သည်။


တကယ်လား...


ဟော်ယန်က အံကြိတ်လိုက်သည်။


ငါက ဒီလောက် သနားစရာကောင်းတဲ့ လူလား...


ငါ့ရှေ့မှာ လိမ်လည်လှည့်စားနေတဲ့သူတစ်ယောက်ကို ခွင့်လွှတ်ဖို့လား...


ဒါပေမယ့်...


ယဲ့လဲ့ယောင် ပြောတာ တစ်ခုပဲ မှန်တယ်...ဟော်ယန်က သူ့ကို စုလွေ့က ကြိုက်မကြိုက်ကို တကယ်ပဲ ဂရုစိုက်တယ်...


ဟော်ယန်က စုလွေ့၏ အတိတ်ကို ဂရုမစိုက်သကဲ့သို့ စုလွေ့၏ လျှို့ဝှက်ချက်များကိုလည်း စိတ်မ၀င်စား‌ပေ။ စုလွေ့က သူ့ကို သဘောကျမည်ဟုသာ နှိမ့်ချစွာ မျှော်လင့်ခဲ့သည်။


ကံမကောင်းစွာပင် ယခု နောက်ဆုံးမျှော်လင့်ချက်လေးကိုပင် စုလွေ့ကိုယ်တိုင်က ဖြိုဖျက်သွားသည်။


ဟော်ယန်က အလွန် စိတ်ပျက်သွားပြီး စုလွေ့က သူ့ကို အမှန်တကယ် ဂရုမစိုက်ကြောင်း ကောက်ချက်ချလိုက်သည်။


ဟော်ယန်၏နှုတ်ခမ်းက ခါးသီးသော အပြုံးများဖြင့် ပြည့်နေသည်။


အချစ်က ပိုနက်ရှိုင်းလေလေ၊ အချစ်ရူးများက သူတို့ နိုးထလာသည့်အခါ ပို၍ ဆင်ခြင်တုံတရား ရှိလာလေလေပင်။


"စုလွေ့..."

ဟော်ယန်၏ အသံက အနည်းငယ် ကွဲအက်နေပြီး သူ့ရှေ့မှ စုလွေ့ကို တည်ငြိမ်စွာ ကြည့်နေသည်။


စုလွေ့က သူ့အကြည့်အောက်တွင် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားရပြီး သူ့မျက်လုံးများကို အနည်းငယ် ရှောင်လိုက်သည်။

"ယန်ကော..."


"လမ်းခွဲရအောင်..."

နောက်ဆုံးစကားလုံးကို ပြောပြီးနောက် ဟော်ယန်က အသက်ပြင်းပြင်းရှူကာ စုလွေ့၏ တုံ့ပြန်မှုကို မမြင်လိုဘဲ သီးသန့်ခန်းမှ ထွက်ခွာသွားသည်။


စုလွေ့၏ နှလုံးသားက ခုန်ထွက်သွားပြီး သူ့အလိုလို အသံထွက်လာသည်။

"ယန်ကော..."


သူက ဟော်ယန် နောက်မှ လိုက်ရန် ခြေကို ကြွလိုက်သည်။


မာမားဟော်က သူ့ကို အချိန်မီ တားဆီးလိုက်သည်။

 "စုလွေ့..."


စုလွေ့၏ ကျိုးကြောင်းဆီလျော်နိုင်မှုက အနည်းငယ်မျှသာ ပြန်ရောက်လာပြီး သီးသန့်ခန်းထဲသို့ ပထမဆုံး ဝင်လာသောအခါကကဲ့သို့ သူ့တွင် အေးဆေးတည်ငြိမ်မှု မရှိနေပေ။


ငါးသန်းကို ငါ အဆုံးရှုံးမခံနိုင်ဘူး...


"အန်တီ...ကျွန်တော်တို့ အရင်က သဘောတူထားတာက..."


မာမားဟော်က ကျေနပ်အားရစွာဖြင့် မေးစေ့ကို အနည်းငယ် မြှောက်လိုက်သည်။

"ကောင်းပြီ...DNA စစ်ကြည့်ရအောင်...ကလေးက ဟော်ယန်ရဲ့ ကလေးလို့ အတည်ပြုပြီးတာနဲ့ မင်းကို ငါးသန်း လွှဲပေးမယ်..."


မာမားဟော်က မျက်တောင်ခတ်ပြီး ထပ်ပေါင်းပြောလိုက်သည်။

"မေတ္တာလက်ဆောင်အနေနဲ့..."


စုလွေ့က သူ၏ပါးစပ်ကို ဖွင့်လိုက်သည်။

"ကျွန်တော်..."


"လုပ်လို့ မရဘူးလား..."

မာမားဟော်က ပြုံးပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါဆို ပိုက်ဆံမရဘူး..."


စုလွေ့၏ မျက်နှာမှာ အရောင်ဖျော့သွားသည်။


မာမားဟော်က ယဲ့လဲ့ယောင်ကို လက်ယမ်းပြလိုက်ပြီး သူ့ပခုံးပေါ် လက်တင်ထားကာ သီးသန့်ခန်းထဲမှ ထွက်လာသည်။


ပါပါးဟော်က စုလွေ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

"မင်း စဉ်းစားဖို့ အချိန်သုံးရက် ရမယ်...သုံးရက်အတွင်း DNA စစ်ဆေးမှု မလုပ်ရင် ဒီကလေးက ဟော်မိသားစုက မဟုတ်ဘူးလို့ ဆိုလိုတာပဲ..."


စကားပြောပြီး‌နောက် ပါပါးဟော်လည်း အမြန် ထွက်သွားသည်။


မိသားစုဆရာဝန်က မထွက်ခွာမီ စုလွေ့ကို စီးပွားရေးကဒ်တစ်ခု ပေးခဲ့သည်။

"သုံးရက်အတွင်းမှာ မင်း စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လို့ရတယ်..."


သီးသန့်အခန်း၏ တံခါးက ညင်သာစွာပိတ်သွားပြီးနောက် စုလွေ့၏ ခြေထောက်များက ကြမ်းပြင်ပေါ်သို့ တိုက်ရိုက် ပြိုလဲကျသွားသည်။


ပြီးသွားပြီ... အားလုံး ပြီးသွားပြီ...


...


ယဲ့လဲ့ယောင်က ကားထဲသို့ ဝင်လိုက်သည်။ သူ ထိုင်ချလိုက်ပြီးသည်နှင့် မာမားဟော်က သူ့ကို ချက်လက်မှတ် တစ်စောင် ပေးလာသည်။


ယဲ့လဲ့ယောင်က တစ်ချက် ကြည့်လိုက်ပြီး သူ့မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားသည်။

"ငါး...နေပါဦး...ငါးသန်း..."



🍉🍉🍉