အခန်း ၁၆ ကျားရဲတွင်းမှသည်...
ဟွမ်းယန်က အမှန်တကယ် မြို့တော်ဖြစ်ရန် ထိုက်တန်လှပေသည်။ ညနေစောင်းအချိန်တွင်ပင်
လမ်းမကြီးများ မဟုတ်သည့် လမ်းသွယ်များပေါ်၌ လူများ သွားလာနေကြသည်။
လမ်းတစ်လျှောက်တွင် ဈေးဆိုင်များစွာ ရှိနေပြီး ကျွော့ချင်းက
ရှေးဟောင်းမြို့တော်ပုံသဏ္ဍာန်ကို ကောင်းစွာတန်ဖိုးထားတတ်သူ ဖြစ်သည်။
သေချာတာတစ်ခုက
သူမရဲ့ခြေလှမ်းတိုင်းကို နောက်ယောင်ခံလိုက်နေတဲ့သူ မရှိဘူးဆိုရင် အရာအားလုံးက ပိုပြီးပြည့်စုံနေမှာပေါ့လေ။
သူမ၏ပုံရိပ်ကို လုံးဝ ဂရုမစိုက်သည့် ကျွော့ချင်းက ထောင့်မှာ
ထိုင်ချလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်သည်။ သူမ လှမ်းကြည့်လိုက်ချိန်တွင်
သူမနှင့် ခြေဆယ်လှမ်းလောက်အကွာတွင် ရှိနေသည့် မျက်နှာဖြူဖျော့ဖျော့လူ၏မျက်နှာကတော့
နီပင်မလာဘဲ ဖြူဖွေးနေဆဲဖြစ်ကာ အသက်ကို ခပ်အေးအေးသာ ရူနေလေသည်။ သို့သော်လည်း သူ့၏ကောင်းကင်ပြာရောင်မျက်လုံးများက
ဘာကိုမှ ဂရုမစိုက်ဘဲ ကျွော့ချင်းကိုသာ
စိုက်ကြည့်နေခဲ့သည်။ သူက ရှေ့တိုးမလာသော်လည်း သူမနှင့် ခပ်ဝေးဝေးကိုလည်း ထွက်မသွားခဲ့ပေ။
ကျွော့ချင်းက စိတ်တိုနေပြီဖြစ်သည်။
နင် ငါ့နောက်ကို
လိုက်နေတာ လမ်းသွယ် လေးခု ကျော်ဖြတ်ပြီးလို့ ငါးခုမြောက်ကို ရောက်နေပြီဟ....
ငါက
ဘာလို့ ခွေးတစ်ကောင်လို ပင်ပန်းနေရတာလဲ? ဒါပေမယ့် တခြားသူကတော့ ဘာလို့ ဆံပင်မွေးတောင်
မထောင်နေရတာလဲ?
နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသော ကျွော့ချင်းက
ပြေးနေခြင်းကို ရပ်တန့်လိုက်ကာ မော့ပိုင်ဆီသို့ လျှောက်သွားလိုက်ပြီး "ဟေ့ မျက်လုံးပြာ၊
မင်းက ဘာလိုချင်တာလဲ?"
မော့ပိုင်၏ လျစ်လျူရှုသောမျက်နှာက ဘာအမူအရာမှ မရှိသလို တုံ့ပြန်မှုလည်း
မရှိပေ။
ကျွော့ချင်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြန်သည်။
ငတုံးကောင်!
ငါက အဲ့လိုအေးစက်တဲ့
ငတုံးတွေကို အမုန်းဆုံးပဲ!
ကျွော့ချင်းက မော့ပိုင်အနီးသို့ ရုတ်တရက် သွားရပ်လိုက်ပြီး
စိတ်ကောင်းဝင်နေပုံဖြင့် "မင်း ငါနဲ့ အတူမလိုက်ချင်ဘူးလား? မင်း ငါ့နောက်ကနေ လိုက်နေလို့ ငါ
ပျောက်သွားရင် ခက်ပြီပဲ"
ကျွော့ချင်း၏ ရုတ်တရတ်ပြောင်းလဲမှုကြောင့် မော့ပိုင်က အနည်းငယ်
အံ့အားသင့်သွားသော်လည်း အမူအရာကို ထုတ်ဖော်မပြသော မျက်နှာမှ သူ့ခံစားချက်များကို
မြင်ရန် ခက်ခဲလှသည်။
လမ်းဘေးရှိ ဆိုင်များကြားတွင် ပိုးထည်များနှင့် အလွန်အမင်း
ခမ်းနားစွာ အလှဆင်ထားသည့် ပိုးထည်ဆိုင်တစ်ဆိုင် ရှိသည်။ ကျွော့ချင်း၏ မျက်လုံးများက
တောင်ပြောင်လာသော အရိပ်အမြွက်ကို ပြနေကာ သူမက အပြုံးဖြင့် ပြောလိုက်သည်။
"ဒီအဝတ်ဟောင်းတွေက နံစော်နေပြီ၊ အသစ်သွား ဝယ်လိုက်ဦးမယ်”
ကျွော့ချင်းက
မော့ပိုင်၏အင်္ကျီလက်ကိုဆွဲကာ သူ့ကို ပိုးထည်ဆိုင်ဆီသို့ ဆွဲခေါ်သွားသည်။ မော့ပိုင်က
သူ့အင်္ကျီလက်ကို အေးတိအေးစက် ပြန်ဆွဲလိုက်သော်လည်း သူမနောက်သို့ လိုက်လာနေဆဲပင်။
တံခါးဝသို့ ဖောက်သည်တစ်ယောက် လာနေသည်ကို တွေ့သည်နှင့်
ဆိုင်ရှင်က ချက်ချင်း နှုတ်ဆက်လာခဲ့သည်။
"သခင်လေး
နှစ်ယောက်ကို..."
မော့ပိုင်၏
နှင်းကဲ့သို့ မျက်နှာဖြူဖြူနှင့် အပြာရောင်မျက်လုံးများကို မြင်လိုက်ရတာကြောင့်
ဆိုင်ရှင်က ထိတ်လန့်သွားပြီး နောက်သို့ အမြန် ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။ မော့ပိုင်က
ကျင့်သားရနေပုံပေါ်ပြီး သူ့၏အေးစက်သောမျက်နှာထားက ပုံမှန်အတိုင်း ဖြစ်နေဆဲပင်။
ကျွော့ချင်းက အဝတ်ဟောင်းများကို တစ်ကိုယ်လုံး လုံနေအောင် ဝတ်ဆင်ထားပြီး
အနည်းငယ် ထူးဆန်းနေပုံသော်လည်း ဆိုင်ပိုင်ရှင်က သူမကို မော့ပိုင်ထက်ပိုပြီး
စကားပြောလို စိတ်ပိုပြင်းပြနေသည်။ ဆိုင်ပိုင်ရှင်က ကျွော့ချင်း၏နောက်မှ
လိုက်လာပြီး “ငါတို့ရဲ့ပိုးထည်က ချုံယွဲ့မှာ အရမ်းနာမည်ကြီးတယ်၊ မင်း ကြိုက်တာရွေးလို့ရပါတယ်..
ဒီမှာ စာသင်သားတွေအတွက် ဝတ်စုံကောင်းတွေလဲရှိတယ်။ မင်း ကြိုက်တဲ့ပုံစံ မတွေ့ရင်လည်း
အရေးမကြီးဘူး။ ဆိုင်မှာလည်း စိတ်ကြိုက်ပုံစံကို ပြောပြီး ချုပ်လို့ရပါတယ်"
ကျွော့ချင်းက ဆိုင်၏ဘေးမှ အခန်းကျဉ်းလေးဆီသို့ လျှောက်သွားလိုက်ပြီး
အသံကျယ်ကျယ်ဖြင့် "ငါ အဝတ်အစားလဲတာကို ကူညီဖို့ လူနှစ်ယောက် ရှာချင်တယ်"
ဆိုင်ရှင်က ထပ်ခါတလဲလဲ ခေါင်းငြိမ့်ရင်း ပြန်ဖြေလိုက်သည်။
“ရပါတယ်...
ကျေးဇူးပြုပြီး....”
ကျွော့ချင်းက
လက်ပိုက်ထားသည့် မော့ပိုင်နှင့် ပခုံးချင်းယှဉ်ရပ်လိုက်ကာ ထေ့ငေါ့ချင်သည့် အရိပ်အယောင်ဖြင့်
ပြုံးနေရင်း "မျက်လုံးပြာ၊ မင်းရော ငါတို့နဲ့ အတူလိုက်ချင်လား?"
မော့ပိုင်က သူမကို ရိုးရှင်းစွာ လျစ်လျူရှု ထားပြီး အေးစက်နေမြဲဖြစ်ကာ
သူမဘက်သို့ ကျောခိုင်းလိုက်ပြီး လမ်းဘက်သို့ ပြန်စိုက်ကြည့်နေလေသည်။ ကျွော့ချင်းက တိတ်တဆိတ်
သက်ပြင်းချလိုက်သည်။
သူသာ တကယ် လိုက်လာရင် ငါတော့ ဒုက္ခရောက်ပြီ။
အမွှေးတိုင်တစ်ချောင်းကုန်သွားပြီးသော
အချိန်တွင်...
"အား"
ရုတ်တရက် အခန်းထဲမှ ကျယ်လောင်သော အမျိုးသမီး အသံတစ်ခု
ထွက်ပေါ်လာပြီး စူးရှသော ဆူညံသံများ ထွက်ပေါ်လာသည်။ မော့ပိုင်၏မျက်လုံးပြာများက
ဖြူဖျော့သွားပြီး ထိုကောင်လေးက အမှန်ပင် လှည့်ကွက်များ ဆော့ကစားနေသည်ဟု တွေးကာ
အခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။ သေးငယ်သော နေရာက ရှုပ်ပွနေသော အဝတ်များ
ပြန့်ကျဲရှုပ်ထွေးနေသည်။ ကြမ်းပြင်ပေါ်တွင် အစေခံကဲ့သို့ ၀တ်ဆင်ထားကာ မိန်းခလေးငယ်တစ်ဦးက
ပက်လက်အနေအထားဖြင့် လဲလျောင်းနေပြီး သူမ၏မျက်နှာနှင့် နဖူးက အောက်ဘက်ကို စောင်းကျနေသည်။
မော့ပိုင် လှည့်ပတ်ကြည့်လိုက်ရာ မျက်စိဖြင့် မြင်ရသလောက် ထိုနေရာတွင် ပုန်းစရာ နေရာမရှိပေ။
.
ပိတ်ထားသော ပြတင်းပေါက်သေးသေးလေး၏အောက်တွင် ခြေနင်းခုံပါသည့်
သစ်သားကုလားထိုင်တစ်လုံး ရှိနေပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် ဆိုင်၏နောက်ဖေးလမ်းကြားကို
လှမ်းမြင်လိုက်ရသည်။ မော့ပိုင်က အခန်းကျဉ်းလေးထဲမှ အမြန်ခုန်ဆင်းပြီး နောက်ဖေးလမ်းကြားဆီသို့
ပြေးထွက်သွားခဲ့သည်။
ဆိုင်ပိုင်ရှင်ကလည်း အထဲသို့ ပြေးဝင်လာပြီး အခန်းအတွင်းမှ
အရှုပ်အထွေးများကြောင့် လန့်ဖျပ်သွားခဲ့သည်။ သူ လှမ်းကြည့်လိုက်ရာ မော့ပိုင်က
ပြတင်းပေါက်မှ ခုန်ထွက်သွားပြီး အနောက်ဖေးလမ်းကြားသို့ ပြေးသွားသည်ကို
တွေ့လိုက်သဖြင့် သူက “ဒီဟာ၊ ဒါ... ဒါက ဘာလဲ?”
ဘာတွေ ဖြစ်နေတာလဲ?!
ဆိုင်ရှင်က တစ်စုံတစ်ယောက်ကို ခေါ်ရန် အလောတကြီး
ကြိုးစားနေချိန်တွင် ကြမ်းပြင်ပေါ်၌ လဲလျောင်းနေသည့် အစိမ်းရောင်အဝတ်အစားများ ဝတ်ဆင်ထားသောအမျိုးသမီးက
ရုတ်တရက် ထထိုင်လိုက်သည်။
သူ့ဆိုင်မှာ
ဘာတွေဖြစ်နေတာလဲ? သူ့ဆိုင်မှာ ဒီလိုမိန်းမချောလေးတစ်ယောက်ပေါ်လာလိမ့်မယ်လို့ သူ တွေးတောင်
မတွေးဖူးဘူး။ သူက ယောက်ျားလေးတစ်ယောက် အဝတ်အစားတွေ လဲဝတ်ဖို့ ကူညီပေးဖို့ ကောင်လေးတစ်ယောက်ကိုပဲ
လွှတ်ပေးခဲ့တာလေ။
ဆိုင်ပိုင်ရှင်၏အတွေးမဆုံးခင်မှာပင်
အမျိုးသမီးက ထရပ်ပြီးနေပြီ ဖြစ်ကာ ဆိုင်ပိုင်ရှင်နှင့် ဆန့်ကျင်ဘက်မှာ မတ်တပ်ရပ်လိုက်သည်။
ဆိုင်ပိုင်ရှင်က ထပ်ပြီး အံ့သြသွားပြန်သည်။
မိုးနတ်မင်းကြီးရေ... ဒီလို
လှပတဲ့ ကောင်မလေးရဲ့ မျက်နှာတစ်ဖက်က ပျက်ဆီးနေတာ သနားစရာကောင်းလိုက်တာ! စိတ်မကောင်းစရာပဲ!!
ဆိုင်ရှင်က သူမအကြောင်းကို တွေးရင်း ရင်ဘတ်ကို ဖိချင်နေသော်လည်း
ကျွော့ချင်းက အခွင့်အရေးကို ဆုပ်ကိုင်ရန် စိတ်အားထက်သန်နေပြီး မြေပြင်ပေါ်ကျနေသည့်
သူမ၏စကတ်ကို မြှောက်ကာ အခန်းထဲမှ အမြန်ပြေးထွက်လာခဲ့သည်။ ဆိုင်ရှင်က အစိမ်းရောင်အရိပ်ကိုသာ
မြင်လိုက်ရပြီး ဘာဖြစ်နေသည်ကို နားမလည်နိုင်ဘဲ တွေဝေနေဆဲပင်။ သူ သတိဝင်လာချိန်တွင်မှ
ထိုမိန်းခလေး ဝတ်ဆင်ထားသည့် အဝတ်များက သူ့ဆိုင်မှ အဝတ်များဖြစ်သည်ကို သူ တွေးမိသွားခဲ့သည်။
ထိုအချိန်တွင် ကျွော့ချင်းက ဆိုင်ထဲမှ အလောတကြီး
ပြန်ထွက်သွားပြီ ဖြစ်သည်။
ခဏအကြာတွင် ပိုးထည်ဆိုင်အတွင်းမှ ဆိုင်ပိုင်ရှင်၏ထိတ်လန့်တကြား
အော်ဟစ်သံများ ထွက်လာပြီး ဆူညံပွတ်လောရိုက်လာတော့သည်။
“သူခိုးကို ဖမ်း… အဲ့ဒါက သူခိုးပဲ!!”
ကျွော့ချင်းက လမ်းကို ဖြတ်ကူးပြီး လူနည်းသည့်လမ်းကြားလေးတစ်ခုထဲသို့
ပြေးဝင်သွားခဲ့သည်။ လမ်းများက ကွေ့ကောက်နေပြီး ရှုပ်ထွေးလွန်းနေကာ သူမထံတွင် ထူးခြားသည့်
မှတ်ဥာဏ်မျိုးမရှိလျှင် လမ်းပျောက်သွားတော့မည် ဖြစ်သည်။
အခုတော့
မျက်လုံးပြာက ငါ့ကို လွယ်လွယ်နဲ့ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး။
ကျွော့ချင်းတစ်ယောက်
ရွှင်မြူးနေလို့မှ မပြီးဆုံးခင် သူမနောက်မှ ရှုပ်ထွေးသောခြေသံများစွာ
ထွက်ပေါ်လာသည်။ သူမက စူးစမ်းရန် လှည့်ကြည့်တော့မည်ဖြစ်သော်လည်း သူမမျက်လုံးများရှေ့တွင်
အနက်ရောင်အရိပ်တစ်ခုကို မြင်လိုက်ရပြီး အေးစက်သော ဓားတစ်ချောင်းက သူမလည်ပင်းပေါ် ရောက်နေပြီးသား
ဖြစ်နေတော့သည်။
သူမ ကံဆိုးနေတာ မဟုတ်ဘူးလား... နောက်ဆုံးမှ အမြီးလေးကို
ဖြုတ်ချချန်ခဲ့နိုင်တာကို စွန့်စားခန်းမှာ ပြန်ဝင်ပါရတော့မယ်!
သူမရှေ့မှ လူက မုတ်ဆိတ်မွေးများ ရှိနေပြီး သူမ သူ့အသက်အရွယ်ကို
လုံးဝမခန့်မှန်းနိုင်သော်လည်း သူ့မျက်လုံးများတွင် ကြောက်လန့်စရာ ရူးသွပ်မှုများ
ပြည့်နှက်နေသည်ကို သူမ တွေ့လိုက်ရသည်။ ထို့အပြင် သူ ထပ်ခါထပ်ခါ ရေရွတ်နေသေးသည်။
"မင်း၊ မင်း... မင်း ရူးရူးမိုက်မိုက်တွေ မလုပ်နဲ့!"
ရူးရူးမိုက်မိုက်တွေ မလုပ်ရဘူးလား!
ကျွော့ချင်းက စိတ်ရှုပ်ထွေးသွားကာ တစ်ချိန်တည်းမှာပင်
ထိတ်လန့်သွားခဲ့သည်။ ထိုအချိန်တွင် လှောင်ပြောင်သယောင်ယောင်နှင့် ဈေးသည်ဖြစ်နိုင်သည့်
အရိပ်အမြွက်အသံများပါဝင်နေသည့် ယောက်ျားအသံတစ်ခုက သူမတို့နောက်မှ ထွက်ပေါ်လာပြန်သည်။
"မင်း
ငါ့လက်ကနေ ဘယ်လိုမှ မလွတ်နိုင်ဘူး၊ ဒါကြောင့် ငါ ဘာမှ မလုပ်မိအောင် မင်း
နာခံသင့်တယ်!"
မုတ်ဆိတ်နှင့်ယောက်ျားကြီးက
ပို၍ပင် ထိတ်လန့်သွားပုံရသည်။ သူက ကျွော့ချင်း၏ ပခုံးကို လက်တစ်ဖက်ဖြင့်
ဆုပ်ကိုင်ကာ သူ့ရှေ့တွင် ပိတ်ကွယ်ထားလိုက်သည်။
ကျွော့ချင်းလည်း မလှုပ်ဝံ့ပေ။ သူမလည်ပင်းမှ ဓါးက
လှုပ်ယမ်းနေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ထို့ကြောင့် သူမတကိုယ်လုံး
တောင့်တင်းလာပြီး "မင်း လှုပ်နေတာကို ရပ်ပေးနိုင်မလား?"
မုတ်ဆိတ်မွေးနှင့်ယောက်ျားကြီးက အသက်ကို ပြင်းပြင်းရှုနေပြီး
ကျွော့ချင်း ပြောနေသည်ကိုပင် သတိမထားနိုင်ပေ။ သွေးများ ပေါက်ထွက်လာလုနီးပါး နီရဲနေသည့်
သူ့၏မျက်လုံးတစ်စုံက ထိတ်လန့်တကြားဖြင့် ရှေ့ကို စိုက်ကြည့်နေပြီး ခပ်တိုးတိုး
လှောင်ပြောင်သံက အရှေ့မှ ထွက်ပေါ်လာပြန်သည်။
ကျွော့ချင်း မော့ကြည့်လိုက်ချိန်တွင် မလှမ်းမကမ်း လမ်းအဝင်ဝ၌
အမျိုးသားတစ်ဦး ပျင်းတိပျင်းတွဲ လက်ပိုက်ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူက အပြာရောင်အင်္ကျီကို
၀တ်ဆင်ထားပြီး ပေါ့ပေါ့ပါးပါးဖြင့် သူ့ခြေချောင်းများဖြင့် မြေပြင်ကို ပုတ်ခတ်ဆော့ကစားနေခဲ့သည်။ ထိုလူက
အသက်နှစ်ဆယ်ကျော်အရွယ်ခန့်ရှိပြီး ငယ်ရွယ်ပုံပေါက်နေကာ သူ့၏ရုပ်ရည်က
ပြေပြစ်ချောမောသည့်အပြင် သူ့နဖူးအောက်တွင် ချွန်ထက်သော မျက်ခုံးများ ရှိနေသည်။ အနည်းငယ်ကျဉ်းမြောင်းသော
ဖီးနစ်မျက်လုံးများက ဘာကိုမှ ဂရုမစိုက်တက်သည့် ပေါ့ပေါ့ပါးပါး သဘောထားကို ပြသနေသည်။
ထိုလူက မတ်မတ် ပြန်ရပ်လိုက်သည်နှင့် တပြိုင်နက် မုတ်ဆိတ်နှင့်လူက
ထိတ်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ ချက်ချင်းပင် "ဒီကို မလာနဲ့၊ မဟုတ်ရင်
ငါ... သူ့ကို သတ်ပစ်မယ်!"
ထိုလူက ကျွော့ချင်း၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး
သူ၏ဖီးနစ်မျက်လုံးများက အနည်းငယ်မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားကာ မျက်နှာပေါ်တွင်
ရိုင်းစိုင်းသော အပြုံးတစ်ခု ပေါ်လာသည်။
"သူက
ငါနဲ့ ဘာဆိုင်လို့လဲ။ မင်း ကြိုက်သလိုလုပ်၊ ဘာပဲဖြစ်ဖြစ် ငါ့ရည်ရွယ်ချက်က မင်းပဲ။
မင်းသတ်ခဲ့တာ ငါးယောက်ရှိပြီ နောက်တစ်ယောက်ထပ်ပိုလာလည်း မဆိုးပါဘူး၊ အဲ့ဒါဆို ငါ
ငွေတစ်ရာလောက် ထပ်ရနိုင်မယ်!"
ဟုတ်တယ်! ဒီလူက ပိုက်ဆံနောက်ကို လိုက်နေတဲ့ ကြေးစားပဲ မဟုတ်လား။
မုတ်ဆိတ်နှင့်ယောက်ျားကြီးက ရှင်သန်ရန် မျှော်လင့်ချက်ကို တွေ့သွားပုံရပြီး
စိတ်အားထက်သန်စွာဖြင့် "ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ၊ မင်း လိုချင်တဲ့
ငွေပမာဏကို ငါ ပေးမယ်။ အဲဒါက အစိုးရပေးတဲ့ ဆုကြေးထက် နှစ်ဆ၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊
သုံးဆ!"
အပြာရောင်ဝတ်လူက စိတ်မရှည်သောအကြည့်ဖြင့် သူ့နားရွက်ကို ပွတ်သပ်နေပြီး
"ငါ့ကို မိုက်မဲတဲ့စကားတွေ ပြောနေတာကို ရပ်လိုက်တော့၊ မင်းသတ်ချင်ရင်
မြန်မြန်သတ်လိုက်။ ငါ ဗိုက်ဆာနေသေးတယ်! ဆုလာဘ်ကို မြန်မြန်သွားထုတ်ရမယ်“
သူ၏သွေးဆောင်မှု မအောင်မြင်သည်ကို နားလည်သွားသည့် မုတ်ဆိတ်နှင့်
ယောက်ျားကြီးက ဓားကို ကျွော့ချင်း၏လည်ပင်းဆီသို့ ပိုကပ်လိုက်ပြီး "မင်း...မင်း
ထပ်တိုးလာရင် ငါ... တကယ်သတ်မှာနော်!"
ကျွော့ချင်းက ထိုလူ သူမကို မကယ်တင်သော်လည်း အမှန်တကယ် မသေစေချင်ကြောင်း
ခံစားနိုင်သေးသည်။ သို့မဟုတ်ပါက သူက သူမ၏အသက်နှင့်သေခြင်းကို လျစ်လျူရှုပြီး ထိုလူကို
ဖမ်းဆီးရန် ခြေလှမ်းပြင်လိုက်မည် ဖြစ်သည်။ သူက ထိုလူကို ရက်ရက်စက်စက် ရန်စနေခြင်းပင်။
"ကျစ်" ကျွော့ချင်းက သူမ၏လည်ပင်းမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ဓားရာက
နက်ရှိုင်းခြင်းမရှိသော်လည်း သွေးများက တဖြည်းဖြည်း စိမ့်ထွက်လာပြီး
သွေးနံ့သင်းသင်းလေးက လေထဲတွင် လွင့်နေသည်။ ကျွော့ချင်းက အသက်ကို
ပြင်းပြင်းရှုလိုက်သည်။
အိုးးးး...နာတယ်ဟ!
လူမိုက်အစ်ကိုကြီးရေ... ကျေးဇူးပြုပြီး ညှိနှိုင်းလို့ရမလား? မဟုတ်ရင်လည်း
ညှိနှိုင်းပေးနိုင်မယ့်သူကို လွှတ်ပေးနိုင်မလား?!