အခန်း _၃၂
Viewers 3k

    ဇာတ်လိုက်မ၏အမူအကျင့်ကိုနားလည်ထားသူပီပီ သူမမှာအလွန်အရေထူသူဖြစ်ကြောင်းသိထား၏။ထို့ကြောင့်သူမ၏အလှရသခံစားမှုအမြင်ကိုပါဖွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။


  "မိန်းကလေးဟူကိုကြည့်ရတာ ဖိနှိပ်ခံထားရတဲ့မိသားစုထဲကြီးပြင်းလာပုံလည်းမရပါဘူး။ဒါကိုတောင်ဘာလို့ မိန်းကလေးဟူက ထစ်ခနဲရှိငိုဖို့ပဲစဉ်းစားနေရတာလဲ။မိန်းကလေးတစ်ယောက်အနေနဲ့ ချွဲ့နွဲ့နူးညံ့တာကမလွန်ပေမယ့် ကိုယ့်ရဲ့အခြေအနေအကြောင်းလေးလည်းသိဦးမှပေါ့။ချွဲ့နွဲ့တာကို နားလည်ပေးလို့ရပေမယ့် ပြောတဲ့လူရဲ့အသံကချိုမြိန်နေမှ နားထောင်ရတဲ့လူလည်း သဘောကျမှာလေ။


  မိန်းကလေးဟူလုပ်နေတာတွေက နားထောင်နေရတဲ့လူက မသိရင်ကိုယ့်အသုဘဆီကိုယ်ပြန်ရောက်သွားရတဲ့အတိုင်းပဲ။မိန်းက‌ေလးဟူအနေနဲ့ အဲ့လိုကြီးဝတ်စားပြီး ငိုယိုပြဖို့ကို ဘယ်လိုလုပ်ပြီးများတွေးမိသွားရတာလဲ။မိန်းကလေးဟူ ရှက်နေမှာစိုးလို့ ထုတ်မပြောတော့ဘူးလို့တွေးထားပေမယ့် ဘယ်လိုမှခံစားလို့မရတော့လို့ ထုတ်ပြောရတာ။


  ပြီးတော့ ခေတ်လူငယ်တစ်ယောက်ရဲ့အမြင်မျိုး မိန်းကလေးဟူဆီမရှိတာလား။မိန်းကလေးဟူအနေနဲ့ အခုလိုဆံပင်ကိုအပြောင်သိမ်းထားမယ့်အစား ဆံမြိတ်လေးချထားတာက ကြည့်တဲ့လူအမြင်မှာပိုပြီးကြည့်ပျော်သေးတယ်။အခုလိုကြီးကျ မိန်းကလေးဟူ နဖူးပြောင်နေတာပိုသိသာတယ်လေ။ဒါပေမယ့် မျက်ခုံးအထက်ပဲထားနော် မဟုတ်ရင် မိန်းကလေးဟူကနဂိုထဲမှမျက်လုံးမှေးပါတယ်ဆို ဆံမြိတ်ကအုပ်သွားရင် သွားတာလာတာဒုက္ခကများနေပါဦးမယ်။


  နှုတ်ခမ်းနီကိုလည်းရဲတောက်နေအောင်ဆိုးဖို့ ဘယ်သူကမြှောက်ပေးလိုက်တာလဲ။မိန်းကလေးဝတ်တဲ့အဝတ်အစားနဲ့ နီရဲနေတဲ့နှုတ်ခမ်းက ကြည့်တဲ့လူကို ကျောချမ်းစေတယ်နော်။တစ်ကယ်ဆို ကျွန်တော်ကယောင်္ကျားလေးတန်မဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့မင်းကိုဒီလိုတွေမပြောသင့်ဘူးဆိုပေမယ့် မင်းလိုလူကိုကျပွင့်ပွင့်လင်းလင်းပြောမှသိမှာမလို့လေ။မဟုတ်လို့ ကွေ့ဝိုက်ပြောမိရင် မင်းကိုကြိုက်နေလို့ပါဆိုပြီး ထပ်တွေးနေပြန်ရင်ဘယ်လိုလုပ်မလဲ။ပြောလို့သာပြောရတာ မိန်းကလေးဟူကရော ကျွန်တော်အကြံပေးတဲ့အချက်တွေကို နားလည်ပါရဲ့လား။မိန်းကလေးဟူ ရှက်နေမှာစိုးလို့ မပြောတော့ဘူးဆို...."


  ယီချန်၏စကားများမှာ ငိုရန်ပြင်နေသောဟူလီနအားရပ်တန့်သွားစေသည့်အပြင် သူမမျက်နှာအားပြာရာမှစိမ်း၊စိမ်းရာမှမည်းသွားကာ ဒေါသတကြီးအော်၍တားရတော့သည်။ထို့နောက်တော့ ဟူလီနမှာတစ်ကယ်ကြီးငိုချမိပါတော့၏။


  "တော်ပါတော့ တော်ပါတော့။ရှင်ကကျွန်မရှက်မှာစိုးလို့သာ ပြောနေတာ ကျွန်မမွေးစကတည်းက‌ေနခုချိန်ထိရှိသမျှ ချို့ယွင်းချက်တွေကို တစ်ခုချင်းထောက်ပြနေတော့တာပဲ။ယီချန် ရှင်လူယုတ်မာ.....အူးဝါး....."


  ယီချန်မှာဟူလီနက တစ်ကယ်ကြီးထငိုလာသောကြောင့် စကားထပ်ပြောရန်ပြင်လိုက်စဉ် ထိုသည်ကိုရိပ်မိလိုက်သော ဟူလီနမှာ ယီချန်မှပါးစပ်ဖွင့်လိုက်သည်နှင့် လူနာခန်းထဲမှဝရောသောပါးထွက်ပြေးသွားတော့၏။အလျင်လိုလွန်းသောကြောင့် တံခါးပေါက်နှင့်တိုက်မိသံ အကျယ်ကြီးကိုပင် ယီချန်ကြားလိုက်ရကာ သူမအစားနာကျင်သွားရသည်။တိတ်ဆိတ်သွားသော လူနာခန်းထဲတွင်တော့ ယီချန်မှာဇာတ်လိုက်မအား တစ်ခါတည်းK.Oလိုက်နိုင်၍ အောင်ပွဲခံနေတော့၏။


  မိန်းကလေးတစ်ယောက်အား နာကျင်အောင်ပြောလိုက်၍ အပြစ်ရှိသလိုခံစားရလားဟုမေးလာလျှင်တော့ ယီချန်မှာဇာတ်လိုက်မနှင့်ပက်သက်၍ မရှိပါဟုဖြေရပေလိမ့်မည်။သူသည်မိန်းကလေးများအား ညှာတာတတ်ပေသည့် ဟူလီနလိုအမျိုးအစားများကိုတော့ မိန်းကလေးတစ်ယောက်ဆိုသည့်အစား လူတစ်ယောက်ဟူသောအနေအထားသုံးကာ နှိပ်ကွပ်ရမည်ဖြစ်၏။အမျိုးသမီးဖြစ်‌ေစ အမျိုးသားဖြစ်စေ အချို့လူများမှာ သာသာနှင့်နာနာနှက်မှတော်ကာကျလေသည်။


  ယီချန်မှာနားအေးသွားခဲ့ပြီဖြစ်သော်လည်း မအိပ်ချင်တော့ရာ ဆေးရုံတွင်းဟိုဟိုဒီဒီလျှောက်ကြည့်ရန်ပြင်လိုက်၏။ထိုစဉ် ဆေးရုံထဲမှငိုယိုပြီးပြေးထွက်လာသော ဟူလီနမှာ လမ်းကြားတစ်ခုအရောက်တွင် တောင့်တင်း‌ေသာကိုယ်ထည်တစ်ခုနှင့်တိုက်မိသွား၍ အော်လိုက်မိသည်။တစ်ဖက်ရှိလူမှာ နောက်သို့လဲကျသွားသော ဟူလီနအားခါးမှထိန်းကာ ဖမ်းဆုပ်ထား၏။ထိတ်လန့်သွားသောဟူလီနမှာ အငိုရပ်သွားရပြီး သူမအားပွေ့ဖက်ထားသောလူဆီမော့ကြည့်လိုက်သည်။တစ်ဖက်ရှိလူမှာလည်း ဟူလီန၏နီရဲနေသောမျက်လုံးများနှင့် ပါးပြင်ပေါ်တင်ကျန်နေသေးသောမျက်ရည်စများကြောင့် လေသံတင်းတင်းဖြင့်မေးလာ၏။


  "မင်းကိုဘယ်သူအနိုင်ကျင့်လိုက်တာလဲ။ရာရာစစ မင်းကိုငိုအောင်လုပ်လိုက်တယ်ပေါ့လေ။အဲ့လောက်သတ္တိကောင်းနေတဲ့ဘယ်သူများလဲ"


  ဟူလီနမှာ သူမရှေ့ရှိအန်းဝေအားကြည့်ကာ သူ့လက်ထဲမှရုန်းထွက်လိုက်သည်။အန်းဝေမှာဟူလီနအားပို၍တင်းကြပ်အောင်ဖက်ထားလိုက်ပြီး ဆက်မေးလာ၏။


  "ကိုယ်မေးတာဖြေလေ။မင်းဘာလို့ငိုနေရတာလဲလို့။ကိုယ့်ကိုပျာယာခတ်ပြီးစိတ်ပူအောင်လုပ်ရတာ ပျော်စရာကောင်းနေလား ဟမ်.."


  ဟူလီနမှာ အန်းဝေထံမှရုန်းမရတော့ရာ ပို၍ဒေါသထွက်လာပြီး သူ့ရင်ဘတ်အားရိုက်ရင်းပြောလိုက်သည်။


  "ဟုတ်တယ် ကျွန်မအတွက်အဲ့ဒါကပျော်စရာကောင်းတယ်။အန်းဝေ ရှင့်ကိုဒေါသထွက်ရအောင်လုပ်လိုက်နိုင်လို့ တစ်ကယ်စိတ်ထဲကျေနပ်သွားရတာ။အခုရှင်ကျေနပ်သွားပြီလား။အဖေနဲ့ရှင့်ရဲ့ဆန္ဒတွေပြည့်ဝ‌သွားရတာဆိုတော့ တစ်ကယ်ပျော်နေကြမှာပေါ့။ဂုဏ်ပြုပါတယ်နော် ခုလိုကျွန်မကိုနှိပ်ကွပ်လိုက်နိုင်တာဆိုတော့လေ ...."


  အန်းဝေမှာဟူလီနကသူ့အားရိုက်ပုတ်ရင်းထပ်ငိုလာပြန်တာကြောင့် သူမမလှုပ်နိုင်တော့အောင် တင်းတင်းဖက်၍သူမခေါင်းကိုသူ့ရင်ခွင်ထဲထည့်ပေးကာ နှစ်သိမ့်လိုက်သည်။


  "နန မင်းစိတ်ကိုလျှော့လိုက်ပါဦး။ကိုယ်အားလုံးကိုနားထောင်ပေးမှာမလို့ ဖြည်းဖြည်းချင်းပြောပြနော်။မင်းဘာဖြစ်လာတာလဲ။ကိုယ်တို့ကဘာလို့ မင်းငိုနေရတာကိုပျော်ရမှာလဲကွာ"


  ဟူလီနမှာ ယီချန့်၏စကားများအားပြန်ကြားယောင်ကာ ဒေါသမီးမငြိမ်းနိုင်ဖြစ်နေလေ၏။ထို့ကြောင့် ထိုဒေါသကိုအန်းဝေအပေါ်ပုံချလိုက်တော့သည်။


  "အခုမှမသိချင်ယောင်ဆောင်မနေပါနဲ့။ရှင်နဲ့အဖေသာယီချန်ကောကောကို တအားမဖိနှိပ်ခဲ့ရင် သူလည်းဒီလိုဖြစ်သွားရမှာမဟုတ်သလို ကျွန်မအပေါ်လည်းစိမ်းကားသွားခဲ့မှာမဟုတ်ဘူး။အန်းဝေ ရှင်အရမ်းတော်ပါတယ်။အခုဆိုရှင်ဖြစ်စေချင်သလို ယီချန်ကောကောက ကျွန်မကိုစွန့်ပစ်လိုက်ပြီလေ။ကျွန်မအပေါ် စာနာနားလည်ပြီး ကြင်နာပေးမယ့်လူမရှိတော့ဘူးလို့ ပြောနေတာ နားလည်ရဲ့လား"


  အန်းဝေမှာ ဟူလီန၏စကား‌ေကြာင့် မျက်လုံးများစူးရှလာကာ ထပ်မေးလိုက်၏။


  "အဲ့တော့ မင်းအခုငိုနေတာ ယီချန့်ကြောင့်ပေါ့လေ။ဟုတ်လား နန သူကမင်းကိုငိုအောင်လုပ်လိုက်တာလား"


  ဟူလီနမှာ သူမစကားကြောင့်ယီချန်ဒုက္ခရောက်သွားနိုင်သည်ကိုသိသော်လည်း မသိစိတ်အရ အန်းဝေစကားကိုထောက်ခံလိုက်ရန် ရွေးချယ်ထား၏။ယီချန့်အနေဖြင့် သူမအားရက်စက်သောစကားများဖြင့် နှိပ်ကွပ်နိုင်မှတော့ ပြန်ရလာမည့်ရလဒ်ကိုလည်း လက်ခံနိုင်ရ‌ေပမည်။


  "ယီချန်ကောကောက ကျွန်မကိုငိုအောင်လုပ်လည်းဘာဖြစ်လဲ။သူ့အနေနဲ့ ကျွန်မအပေါ်နာကျည်းသွားလည်း အပြစ်မဆိုနိုင်ပါဘူး"


  "ယီ.ချန်!ဒီကောင်က တစ်ကယ်လုပ်ရဲတယ်ပေါ့လေ။သူကမိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တဲ့အထိ စိတ်ဓာတ်တွေပျက်စီးနေပြီလား"


ဟူလီနမှာ ဒေါသတကြီးရန်ဖြစ်ရန်သွားဟန်ပြင်‌ေန‌ေသာ အန်းဝေအားလှမ်းဆွဲလိုက်ပြီး အော်ပြောလိုက်သည်။

  

  "ဘာလဲ ရှင်ယီချန်ကောကောဆီသွားပြီး ထိုးကြိတ်ဖို့စီစဉ်နေတာလား။ရှင်ဘာတွေတွေးနေတာလဲ။အခုယီချန်ကောကောက နေမကောင်းဖြစ်နေမှန်းသိနေတာတောင် ရှင်ကသွားပြီးရန်ဖြစ်ဖို့စိတ်ရှိသေးတယ်ပေါ့လေ"


  အန်းဝေနှင့်ဟူလီနတို့ရုန်းရင်းကန်ရင်းဖြစ်ပျက်နေကြသည်ကို တွေ့နေရသောလမ်းသွားလမ်းလာများမှာ ခေါင်းတယမ်းယမ်းဖြင့် စိတ်ပျက်လက်ပျက်ပြောသွားကြ၏။


  "အခုလူငယ်တွေများ ကိုယ်ကျင့်သိက္ခာကိုမရှိကြတော့ပါဘူး။နေ့ခင်းကြောင်တောင် လမ်းလည်ခေါင်ကြီးမှာ ဆွဲလားရမ်းလားလုပ်နေကြသေးတယ်။သူတို့ကမရှက်ကြပေမယ့် မြင်ရတဲ့လူကရှက်လိုက်တာအေ"


  "ဟုတ်ပါ့ သူတို့မိဘတွေကပဲ သေချာဆိုဆုံးမမှုမရှိတာလား သူတို့ကိုကစည်းလွတ်ဝါးလွတ်ဖြစ်နေကြတာလားတော့ မသိပေမယ့် ကြည့်ရတာစိတ်ပျက်စရာပဲ"

  

  မိန်းမကြီးတစ်ဦးကတော့ မျက်မှောင်ကြုတ်ရင်း ဟူလီနတို့နားသွားကာဒေါသတကြီးဆူငေါက်တော့သည်။


  "ဟဲ့ နင်တို့နှစ်ယောက်ဒီလို ကိုယ်ကျင့်တရားပျက်ယွင်းနေတဲ့လုပ်ရပ်တွေဆက်လုပ်ချင်နေကြသေးရင် လူမမြင်ကွယ်ရာတွေဆီသွားလုပ်ချေ။ငါတို့အိမ်က သားပျိုသမီးပျိုတွေကိုလမ်းမှားရောက်အောင် လုပ်ပြမနေကြနဲ့တော့။တစ်ကယ်တည်း ဖြစ်ပျက်နေကြတာ မြင်လို့မှမကောင်း"


  တစ်ယောက်ကစပြောလာသည်နှင့်ကျန်အမျိုးသမီးကြီးများကလည်း ဝင်ပြောလာတော့၏။

  

  "ဟုတ်ပါ့ ကောင်မလေးကြည့်တော့ဖြင့်ရိုးသားမယ့်ပုံလေးနဲ့ကို ဒီလိုလူစားမျိုးဖြစ်နေမယ်လို့ထင်မထားမိဘူး"


  "ဟဲ့ရေ အဲ့လိုမိန်းမစားတွေကပိုကြောက်ဖို့ကောင်းတာအေ့။လူကြည့်တော့အိညှက်အိညှက်နဲ့တစ်ကယ့်အတွင်းထဲကျ ပုတ်ပွနေတာလေ"


  "ဟိုအစ်မကြီးပြောတာမှန်တယ်။မင်းတို့နှစ်ယောက်ဒီနေရာမှာဆက်ရှိနေရင် ရဲအမှုထမ်းကိုသွားခေါ်လိုက်တော့မယ်နော်။မင်းတို့ကြောင့် ငါတို့အိမ်က ကလေးတွေလမ်းမှားမရောက်စေချင်ဘူး"


  "သူတို့ရုပ်တွေကိုသေချာမှတ်ထားရမယ်။ဒီလိုအရှက်မရှိတဲ့လူတွေက ငါတို့ပတ်ဝန်းကျင်က ရိုးသားတဲ့ကလေးတစ်ယောက်ယောက်နဲ့ဇယားလာရှုပ်‌ေနခဲ့ရင် ဘယ်လိုလုပ်မလဲ"


  "ဟုတ်သားပဲ ယောင်းမတို့သူတို့မျက်နှာတွေကိုသေချာမှတ်ထားကြ"