ရှောင်စန်းမှာ ဆရာရှာဖို့လာသောခရီးတွင် ခေါင်းကိုင်အဖေအသစ်တစ်ယောက်ပါရလာမည်ဟု ထင်မထားရာဘာဆက်လုပ်ရမည်ကိုပင်မသိတော့ချေ။ထို့ကြောင့် ကျားလိကိုသာမျက်နှာငယ်လေးဖြင့် အကူအညီတောင်းလာတော့၏။
"ကျားလိကျဲ...."
ရှောင်စန်းမှကျားလိအား အလေးထားသည်ကိုသိထား၍ ကောင်းယုံမှာကျားလိထံကြည့်ကာ လေးလေးနက်နက်ကတိပေးလာသည်။
"မိန်းကလေးကျား ငါ့အနေနဲ့ရှောင်စန်းကိုဒုက္ခရောက်အောင်မလုပ်ပါဘူးလို့ကတိပေးတယ်။ငါစကားကိုလှလှပပဖြစ်ေအာင်ဖွဲ့နွဲ့ပြီးပြောတတ်သူမဟုတ်ပေမယ့် ရှောင်စန်းကငါ့ရဲ့အမွေဆက်ဆံသူဖြစ်လာရင် ငါတတ်နိုင်သလောက်ဖြည့်ဆည်းပေးမှာပါ"
ကျားလိလည်း ကောင်းယုံ၏အလေးအနက်ရှိမှုကို မြင်မိပါသည်။ထို့ပြင် ကောင်းယုံအနေဖြင့်ရှောင်စန်းအား လမ်းမှားရောက်အောင် လုပ်ခဲ့ပါလျှင်လည်း ထိုကလေး၏နောက်တွင် သူမရှိနေရာ စိုးရိမ်စရာမရှိချေ။ထို့ကြောင့်သေသေချာချာစီစစ်ကာ ရှောင်စန်းအားပြောလိုက်သည်။
"ဒါကို အစ်မသေချာရှင်းပြပေးမယ်။ဆရာကောင်းက အနာဂတ်မှာကလေးမရနိုင်တော့ သူ့ရဲ့အနာဂတ်မှာဖေးမပြုစုဖို့အပြင် ချက်ပြုတ်နည်းအမွေအနှစ်တွေကိုဆက်ခံဖို့ လူမရှိဖြစ်နေတာ။ဒါပေမယ့် မင်းကလိုအပ်ချက်တွေနဲ့ကိုက်ညီနေလို့ မင်းဆီလက်ဆင့်ကမ်းပေးချင်တယ်တဲ့။အစ်မအမြင်ကတော့ ဒါကနှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့ကမ်းလှမ်းချက်ပါပဲ။ပြီးတော့ မင်းအနောက်မှာ အစ်မရှိနေမှာမလို့ ဘာမှစိုးရိမ်နေစရာမရှိပါဘူး။မင်းဆန္ဒရှိသလိုသာလုပ်ပါ"
ရှောင်စန်းမှာတော့ ဆရာတစ်ယောက်ရသည်နှင့်တပည့်ဖြစ်သူမှာ ဆရာဖြစ်သူအား ဝတ်ကြီးဝတ်ငယ်ပြုရမည်မှာ မထူးဆန်းသလို ခေါင်းကိုင်အဖေအဖြစ်လက်ခံလိုက်ပါကလည်း ဘာမှထူးထူးခြားခြားပြောင်းလဲမှုရှိလာမည်မဟုတ်ေချ။ထို့အပြင် အဓိကမှာသူသည်ကျားလိကိုယုံကြည်လေ၏။သူမသည်သူ့အားဒုက္ခရောက်အောင်ပစ်ထားမည်မဟုတ်ချေ။ထို့ကြောင့်သူသည် ရေနွေးတစ်ခွက်ထည့်ကာ ကောင်းယုံထံကမ်းပေးလိုက်သည်။
"ခေါင်းကိုင်အဖေကိုနှုတ်ဆက်ပါတယ်"
ရှောင်စန်း၏မြန်ဆန်သောဆုံးဖြတ်ချက်ကြောင့် စကားများဖြင့်ေဖျာင်းဖျရန် ပြင်ဆင်နေသော ကောင်းယုံမှာ ကြောင်အမ်းသွားရတော့၏။သို့သော်လည်းစိတ်လှုပ်ရှားပျော်ရွှင်မှုက လှိုက်တက်လာကာ ရှောင်စန်းကမ်းပေးသော ရေနွေးအားယူ၍ တစ်ငုံသောက်ကာ အခန်းတစ်ခန်းထဲပြေးဝင်သွားပြီး စာအိတ်နီတစ်လုံးအား ရှောင်စန်းထံပြန်ပေးလိုက်သည်။
"လိမ္မာတဲ့ကလေး လက်ခံလိုက်နော်။မင်းအားတဲ့နေ့တွေဆို မနက်ကတည်းက ဒီကိုလာခဲ့။ခေါင်းကိုင်အဖေက မင်းကိုပညာကုန်သင်ပေးမယ်"
ရှောင်စန်းမှာစာအိတ်နီအားရွှင်မြူးစွာဖြင့်ယူလိုက်ပြီး ကောင်းယုံ၏စကားကို ခေါင်းငြိမ့်လက်ခံလိုက်၏။ကျားလိလည်း ကိစ္စများပြေလည်သွားပြီဖြစ်ရာ ရှောင်စန်းအားခေါ်၍ ကောင်းယုံအားနှုတ်ဆက်ကာ ထွက်လာခဲ့တော့သည်။
လမ်းတစ်လျှောက်တွင် ရှောင်စန်းမှာစာအိတ်နီထည့်ထားသောအင်္ကျီရင်ဘတ်ပေါ်လက်တင်ကာ တဟီးဟီးရယ်ရင်းမြောက်ကြွမြောက်ကြွဖြစ်နေတော့၏။ယခုဆိုလျှင်သူသည်ဟင်းချက်နည်းပေါင်းများစွာအားသင်ပေးမည့်လူရှိလာသည်ဖြစ်၍ အနာဂတ်တွင်ငွေများအားစိတ်တိုင်းကျရှာဖွေနိုင်တော့မည်။ကျားလိမှာရှောင်စန်း၏မျက်နှာပေးကြောင့် သတိပေးလိုက်ရသေးသည်။
"ရှောင်စန်း မင်းဟင်းချက်သင်တာပိုက်ဆံရှာချင်လို့သင်တာလို့ ဆရာကောင်းကိုမပြောနဲ့နော်ကြားလား ဟင်းချက်ရတာဝါသနာပါလို့ပါဆိုပြီးပဲပြော မဟုတ်ရင်မင်းကန်ထုတ်ခံနေရမယ်"
သူမသည်ကောင်းယုံအား အမြင်စောင်းခဲ့သော်လည်း သူ၏နှလုံးသားအိုကြီးကို မထိုးနှက်ချင်ပေ။ထိုလူအိုကြီးမှာ ချက်ပြုတ်ရသည်ကို အလွန်တန်ဖိုးထားမှန်း သူမနှင့်ရှောင်ဟွေ့တို့သွားတွေ့စဉ်ထဲမှ သတိပြုမိ၏။ရှောင်စန်းမှာတော့ ကျားလိမှဘာကြောင့်ထိုကဲ့သို့ပြောခိုင်းသည်ကိုနားမလည်ပါချေ။
"ဘာလို့လဲ ကျားလိကျဲ။ကျွန်တော်ကလိမ်ပြောလိုက်ရင် မရိုးသားသလိုဖြစ်သွားမှာပေါ့"
"ဘာကြောင့်လဲဆိုတော့ သူကချက်ပြုတ်တာကို အရမ်းတန်ဖိုးထားတဲ့လူမလို့လေ။မင်းသာသူ့ဆီပညာလာသင်တာ ငွေရှာချင်ရုံသက်သက်ကြောင့်ပါဆိုပြီးပြောလိုက်ရင် သူစိတ်ကောင်းမှာမဟုတ်ဘူး။ပြီးတော့ အစ်မကမင်းကို တစ်သက်လုံးလိမ်ခိုင်းထားတာမဟုတ်ပါဘူး။မင်းသူ့ကို နည်းနည်းချင်း သိအောင်လုပ်သွားလည်းရတာပဲ။မင်းဖားကိုရေနွေးနဲ့ပြုတ်သလိုလေ ဖြည်းဖြည်းချင်းသွားလိုက် ကြားလား"
ကျားလိမှာတော့ သူမအကြံမှာမဆိုးဘူးဟု ထင်လေသည်။ရှောင်စန်းမှာတော့ ထိုစကားကိုသဘောပေါက်သွားသော်လည်း ကောင်းယုံအားနားမလည်နိုင်သေးပေ။
"ဘာလို့သူကပိုက်ဆံကိုမကြိုက်ရတာလဲ။ပိုက်ဆံကဒီလောက်ကောင်းတာကို"
ကျားလိမှာေတာ့ ကောင်းယုံလိုလူများကိုနားလည်လေသည်။သူတို့မှာ သူတို့တန်ဖိုးထားသောအရာများအား တန်ဖိုးဖြတ်ခြင်းကို လက်မခံနိုင်သည့်လူစားမျိုးပင်။သို့သော်လက်ရှိတွင် အစ်မရုံစကားအရ ကောင်းယုံမှာအိုစာမင်းစာအတွက် မုန့်လေးများရောင်းနေသည့်အပြင် အနည်းငယ်ဂျီးများနေသော်လည်း ငွေကြေးအတွက်တပည့်တစ်ယောက်ပါလက်ခံနိုင်ေလသည်။
ထိုသို့ဆိုလျှင်သူသည်ရှောင်စန်း၏ရည်ရွယ်ချက်အားသိသွားတောင် သိပ်နာကျင်ခံစားနေရမည်မဟုတ်ပေ။မည်သည့်ေခတ်ကာလဖြစ်ဖြစ် အဓိကမှာကောင်းကောင်းမွန်မွန်နေထိုင်စားသောက်နိုင်ဖို့သာပင်မဟုတ်ပါလော။ကုန်သည်မျိုးရိုးအားအထင်ဆက်သေးနေ၍ မရတော့ပေ။ချင်မင်းဆက်မှာကုန်သွားပြီဖြစ်သလို ငွေကြေးသာမဓာနဖြစ်သော ခေတ်ကာလဆီချီတက်နေပြီဖြစ်၍ အမြင်ကိုသေချာဖွင့်ထားရပေမည်။လက်ရှိတော့ ရှောင်စန်းအားအရင်အမြင်ဖွင့်ပေးရမည်ဖြစ်ရာ
"ဒါဆိုဒီလိုစဉ်းစားကြည့်။လူစိမ်းတစ်ယောက်ကမင်းလုပ်ထားတဲ့မုန့်ကိုပိုက်ဆံမပေးဘဲယူစားရင် မင်းဘယ်လိုလုပ်မလဲ"
"ကျွန်တော်သူနဲ့တိုက်ခိုက်ပစ်မယ်။ကျွန်တော့်ရဲ့ငွေရှာမယ့်လမ်းကိုဘယ်သူမှပိတ်ပင်ခွင့်မရှိဘူး"
"အင်း ဒါဆိုအစ်မတို့ အန်တီယီတို့က ပိုက်ဆံမပေးဘဲယူစားရင်ရော"
"ဒါကပြောစရာမလိုတဲ့ကိစ္စလေ ကျားလိကျဲတို့ကကျွန်တော့်မိသားစုကို ဘာမှမဖြစ်ပါဘူး"
"အင်းအဲ့လိုပဲလေ။မင်းကအခုသူ့ကိုချက်ချင်းကြီးငွေရှာရအောင်ဟင်းချက်ကြမယ်လို့ပြောရင် သူကဘယ်လိုလုပ်လက်ခံနိုင်မှာလဲ။မင်းကသူ့ကို ဟင်းချက်ရင်းငွေရှာရတဲ့ခံစားချက်ကိုခံစားနိုင်အောင်အရင်လုပ်ပေးရမှာပေါ့"
ရှောင်စန်းမှာကျားလိပြောသည်ကိုနားလည်သလိုလိုရှိလာသော်လည်း ရုတ်တရက်အရေးကြီးသည့်အရာကိုသတိရကာ အလောတကြီးမေးလိုက်သည်။
"ဒါဆိုကျားလိကျဲကကျွန်တော့်ကိုစားသောက်ဆိုင်ဖွင့်မပေးတော့ဘူးလား"
ကျားလိမှာရှောင်စစ်ကိုပင်သနားမိသွား၏။ငဒူလေးရှောင်စန်းနှင့်ေန့တိုင်းနီးပါး ရန်ဖြစ်ကြသော်လည်း အတူဆက်ကစားနိုင်သေးသည့်ရှောင်စစ်လေးမှာ အလွန်အင်မတန်စိတ်ရှည်တတ်လွန်းသူဖြစ်ကြောင်း သတိထားမိလိုက်သည်။
"ဒါကမတူဘူးလေ။ကျဲတို့အခုပြောနေကြတာက မင်းရဲ့ဆရာကိုစိတ်ဒဏ်ရာမရအောင်လုပ်ကြဖို့ ဆွေးနွေးနေကြတာလေ ဟုတ်ပြီလား"
"အား!!ကျားလိကျဲ ကျွန်တော်ခေါင်းခြောက်လာပြီ။ဘာလို့ကျွန်တော့်ကို ဒါတွေလာပြောနေရတာလဲ"
နောက်ဆုံးကျားလိမှာ ဤငတုံးလေးအားဆက်ရှင်းပြမနေတော့ဘဲ လိုရင်းသာသတိပေးထားလိုက်တော့သည်။
"ထားလိုက်တော့ ကျဲအခုပြောတာကိုသာမှတ်ထားလိုက်။မင်းဟင်းချက်ေနရင် ဘယ်လိုခံစားရလဲလို့ မေးလာရင်မင်းပြန်ဖြေရမှာက ဟင်းချက်ရင်းခံစားရတဲ့အငွေ့အသက်ကို သဘောကျပါတယ်ဆိုပြီးသာဖြေလိုက်တော့"
ရှောင်စန်းမှာခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်ပြောလာ၏။
"ဪ အဲ့ဒါတော့ဟုတ်တယ်။ကျွန်တော်ကမီးဖိုချောင်ထဲဝင်ရတဲ့ခံစားချက်ကို ကြိုက်တယ်လေ။ကျားလိကျဲကလည်း အစောကြီးကတည်းကဒီလိုပြောလိုက်ရင်ပြီးနေတာကို"
ကျားလိမှာထိုစကားကြောင့် မျက်လုံးများအားမှေးကျဉ်းကာ ရှောင်စန်းအားမေးလိုက်သည်။
"မင်းမီးဖိုချောင်ထဲဝင်ရတာကိုပျော်နေတာက အဲ့မီးဖိုချောင်ကနေ အစားအသောက်တွေလုပ်ရင်းရမယ့်ငွေကိုတွေးနေမိလို့မဟုတ်ပါဘူးဆိုပြီး မင်းကျိန်ရဲလား"
"အာ..."
ကျားလိမှာရှောင်စန်းနဖူးလေးအားပုတ်၍ သက်ပြင်းချကာပြောလိုက်၏။
"ထားလိုက်ပါတော့ မင်းကြိုက်သလိုသာလုပ်တော့။အရူးတွေကကံကောင်းတယ်ဆိုတဲ့စကားပုံကို ယုံကြည်ထားလိုက်တော့မယ်"
ရှောင်စန်းမှာ ဒုတိယစကားကိုေတာ့ ကျားလိမှတိုးတိုးလေးပြောလိုက်သဖြင့် မကြားရာခေါင်းအားကုတ်ရင်း တဟီးဟီးရယ်ပြလာသည်။ထို့နောက် ကျားလိကြည့်ကာ မေးလိုက်၏။
"ကျွန်တော်တို့အိမ်ကို ဘာနဲ့ပြန်မှာလဲ ကျားလိကျဲ။စက်ဘီးကိုတစ်ကယ်ဝယ်ကြမှာလား"
ကျားလိလည်း သူမလွယ်လာသော သားရေအိတ်လေးအား ရှောင်စန်းရှေ့ယမ်းပြကာ
"ဒီထဲမှာလိုတာတွေအကုန်ပါတယ်နော်။တစ်ကယ်ဝယ်ပေးမှာပါဆို ဘာတွေမယုံနိုင်ဖြစ်နေရတာလဲ။လာမြန်မြန်သွားကြစို့"
ကျားလိမှာစက်ဘီးရောင်းသည့်နေရာအား အစ်မရုံဆီမေးခဲ့ပြီးဖြစ်ရာ အရောင်းဆိုင်ဆီတန်းသွားလိုက်၏။စက်ဘီးအရောင်းဆိုင်ဟုခေါ်ဆိုကြသော်လည်း အထဲရှိစက်ဘီးမှာ ဆယ်စီးသာသာပဲရှိနေသည်။ရှောင်စန်းမှာတော့ စက်ဘီးဆိုင်ရောက်သည်နှင့် မျက်လုံးများတောက်ပလာကာ သူ့အနားရှိဘီးအား ပွတ်သပ်ကြည့်တော့၏။
ကောင်တာတွင်ထိုင်ကာငိုက်မျည်းနေသော အရောင်းဝန်ထမ်းမှာ ရှောင်စန်း၏အဝတ်အစားအားကြည့်ကာ မိသားစုနှင့်ပါလာသော ကလေးတစ်ယောက်က လက်ဆော့နေသည်ဟု ထင်သွားကာ မျက်လုံးများပြူးကျယ်သွားပြီး ဆူဆဲရန်ပြင်လိုက်စဉ် ထိုကလေးနောက်မှလိုက်လာသော အလှလေး၏ပုံစံကြောင့် အဆဲစကားလုံးများကို ပြန်မျိုချလိုက်ရသည်။
ထိုမိန်းမလှလေးဝတ်ဆင်ထားသော သားရေဖိနပ်နှင့် စီရင်စုထဲတွင်ပင် တွေ့ရခဲယဉ်းလှသော သားရေဆလွယ်အိတ်လေးအပြင် အဝတ်များမှာလည်း လွယ်လွယ်ပေးချေ၍ရမည့်ပုံစံမျိုးမဟုတ်ရာ စက်ဘီးတစ်စီးဝယ်ဖို့ရန် တတ်နိုင်မည့်အမျိုးအစားထဲကပင်။ထို့ကြောင့် မျက်နှာချိုသွေးသောအပြုံးတစ်ခုဖြင့် ကျားလိတို့ဘက်လျှောက်လာကာ မေးလိုက်၏။
"မင်္ဂလာပါ မင်္ဂလာပါ ရဲဘော်တို့စက်ဘီးတစ်စီးလောက်ဝယ်ချင်လို့ပါလား"
ရှောင်စန်းမှာ ကျားလိအစားအရောင်းဝန်ထမ်းထံခေါင်းငြိမ့်ပြလိုက်ရာ သူ့အထင်မှန်သည်မှန်းသိလိုက်၍ ရှောင်စန်းကိုပါ ပြုံးပြလာသည်။