မုဆိုးမကျိတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိလေသည်။သားအကြီးမှာ အိမ်ထောင်ကျပြီး မိန်းကလေးနှစ်ယောက်မွေးဖွားခဲ့ပြီး လွန်ခဲ့သည့်နှစ်တွင် တောလိုက်ရင်းရခဲ့သည့်ဒဏ်ရာကြောင့် မျိုးပွားနိုင်ခြင်းမရှိတော့ချေ။ဒုတိယသားမှာလည်း အိမ်ထောင်သက်နှစ် နှစ်ပင်ရှိနေပြီဖြစ်သော်ငြား ခုချိန်ထိကိုယ်ဝန်ရမလာသေး၍ မျိုးဆက်ထိန်းပေးရန် မြေးယောင်္ကျားလေးအားမျှော်လင့်နေသော မုဆိုးမကျိမှာ ကြိတ်မနိုင်ခဲမရဖြစ်နေရသည်။
ထိုသို့ဖြင့်ထုတ်လုပ်ရေးအဖွဲ့ထဲရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ကြီးကြီးငယ်ငယ်တို့၏ သတင်းကိုကြားရသည်နှင့် မနာလိုရှုမစိမ့်ဖြစ်နေတတ်၏။အထူးသဖြင့် သူမနှင့်တစ်ချိန်တည်းဆိုသလို ရှေ့ဆင့်နောက်ဆင့်အိမ်ထောင်ရက်သားကျခဲ့သည့် ဝူထုန်ဆိုသည့်အမျိုးသမီးအပေါ်ပိုဆိုးလေသည်။သူမတို့နှစ်ယောက်မှာ ရွာထဲရှိအလှလေးများအဖြစ်တစ်ချိန်ကနာမည်ကျော်ခဲ့ကြပြီး လက်ထက်ယူခဲ့ကြသည့်အမျိုးသားများမှာလည်း ဝင်ငွေဖြောင့်သူများဖြစ်ကြလေ၏။သို့သော် အမေကျန်းမှာသားတစ်ယောက်သာရှိနေချိန်တွင် သူမ၌သားနှစ်ယောက်နှင့် သမီးတစ်ယောက်ပင် ရှိနေပြီဖြစ်သည့်အတွက် သူမကအမေကျန်းထက်သာလွန်သည်ဟု ခံယူထားမိသည်။ထို့ကြောင့် သူမမှာအမေကျန်းအား အထက်စီးမှပြောဆိုဆက်ဆံတတ်ရာ နောက်ပိုင်းအခေါ်အပြောပြတ်သွားကြပြီး သူမခင်ပွန်းဆုံးပါးချိန်တွင်တော့ သူမမှာလက်မခံနိုင်ဖြစ်သွားရတော့၏။ရွာထဲရှိလူများမှာ သူမအားအခြေပြတ်ပြီဟု တီးတိုးပြောဆိုကြသည်ကို သိလိုက်ချိန်တွင်တော့ ပို၍ပင်အမြင်စောင်းတတ်လာသည်။
သို့သော်ရွာရှိလူများပြောသည်မှာအမှန်ပင်။သူမမှာ နဂိုတည်းကငွေသုံးလွယ်သူဖြစ်၍ ခင်ပွန်းဖြစ်သူဆုံးပါးချိန်တွင်တော့ အရာရာခက်ခဲလာတော့၏။ထို့ကြောင့်ပင် သူမရုပ်ရည်ကိုနားလည်သော မုဆိုးမကျိမှာ ခါးပတ်ကိုလျော့၍ မေလျာ်မကန်နည်းဖြင့် ငွေရှာရတော့သည်။ရွာရှိလူများမှာလည်းလက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိ၍အသာငြိမ်နေရလေ၏။ထိုသို့နေ,နေရာမှ သူတို့သားများ အိမ်ထောင်ရက်သားပြုချိန်ကျသော် မုဆိုးမကျိ၏ပြိုင်ဆိုင်ချင်စိတ်ကပြန်ပေါ်လာပြန်သည်။သို့ရာတွင် ကံတရားကမျက်နှာသာပေးမလာ၍ ခုချိန်ထိတိုင်သူမတွင် မြေးယောင်္ကျားလေးရှိမနေသေးချေ။တစ်ဖက်ရှိ အမေကျန်းမှာတော့ သူ့ချွေးမကိုယ်ဝန်ရင့်နေချိန် သွေးကြောစမ်းကြည့်ရာ သားယောင်္ကျားလေးသွေးကြောဖြစ်နိုင်သည်ဟု သမားတော်တစ်ဦးကပြောခဲ့ချိန်တွင်တော့ မုဆိုးမကျိမှာ နေမထိထိုင်မသာဖြစ်လာတော့သည်။ထို့ကြောင့် ယခုချွေးမထံဖြစ်ခဲ့သည့်ကိစ္စမှာလည်း မုဆိုးမကျိနှင့် ပက်သက်မှုရှိမရှိဆိုသည်မှာ အထင်းသားပေါ်လွင်နေပြီမဟုတ်ပါသလော။
"အံ့ဩပါ့ နင့်ချွေးမဗိုက်ထဲကဟာလေးက မြေးေယာင်္ကျားေလးဆိုတာ သေချာလို့လား။မြေးလေးဆိုရင်တော့ ကိစ္စမရှိဘူးပေါ့လေ။ဒါပေမယ့်မြေးမဆိုရင်တော့ သူ့ဗိုက်ထိခိုက်ထားပုံမျိုးနဲ့ဆက်ပြီးကိုယ်ဝန်ရလာမလားဆိုတာကတော့လေ ဟင်းဟင်းဟင်း..."
အမေကျန်းမှာထိုမိန်းမစကားကြောင့် စွေ့ေစွ့ခုန်သွားခဲ့ကာ ပြန်ပြောရန်ပြင်လိုက်စဉ် ဆေးခန်းတွင်းမှကျယ်လောင်လှသည့် ကလေးငိုသံကြောင့် အာရုံပြောင်းသွားခဲ့တော့သည်။ခဏအကြာတွင် စောင်ဖြင့်ပတ်ထားသော မွေးကင်းစကလေးအားတုန်မေ့မှသယ်ကာထွက်လာရာ အမေကျန်းမှာမုဆိုးမကျိအားလျစ်လျူရှု၍ ကလေးဆီပြေးကြည့်လိုက်၏။
"တုန်မေ့ရေ ငါ့မြေးလေးအဆင်ပြေရဲ့လားဟဲ့"
အမေကျန်း၏ပူပန်မှုကိုသိနေသောတုန်မေ့မှာ လှည့်ပတ်ပြောမနေတော့ပဲ အဖြေတန်းပေးလိုက်သည်။
"မြေးဦးလေးမွေးတဲ့အတွက် ဂုဏ်ပြုပါတယ် အဒေါ်ကျန်းရေ။အဒေါ့်မြေးကအဆင်ပြေပါတယ်။တစ်လစောမွေးလိုက်လို့ နည်းနည်းတော့ညှက်နေတယ်။မိခင်နို့ဝဝသောက်ရင်တော့ အဆင်ပြေသွားမှာပါ"
အမေကျန်းမှာတုန်မေ့လက်ထဲရှိ သူမမြေးပေါက်စလေးအားကြည့်ကာ အပျော်လွန်သွားတော့သည်။သူမမြေးလေးစိတ်ချရပြီမှန်းသိလိုက်၍ အမေကျန်းမှာ စောင်းကာချိတ်ကာဖြင့် မုဆိုးမကျိအားပြောလိုက်၏။
"ဘယ်လိုလုပ်ရပါ့နော် တစ်ချို့မစ္ဆရိယစိတ်နဲ့လူတွေများ သူများကောင်းစားမှာကို မနာလိုပြီးဒုက္ခပေးဖို့ကြံပေမယ့် အဲ့ဒုက္ခကသူတို့ဆီပဲပြန်ရောက်မှာကိုတော့ မသိကြပါလားနော်။ဘာမှနားမလည်သေးတဲ့အပြင် မွေးတောင်မလာသေးတဲ့ ကလေးတစ်ယောက်ကိုတောင် ဒုက္ခပေးဖို့တွေးနေတာကို အံ့ဩလို့ကိုမဆုံးဘူး။ဒီလောက်စိတ်ဓာတ်ကညံ့ဖျင်းသိမ်နုပ်နေမှတော့ ဒုံရင်းကဒုံရင်းပဲဖြစ်နေမှာပေါ့"
မုဆိုးမကျိမှာ ပြန်လှန်ပြောလိုက်ချင်သော်ငြား ဒါရိုက်တာဝမ်၏ သတိပေးနေသောအကြည့်ကြောင့် အသာငြိမ်နေလိုက်ရကာ တုန်မေ့လက်ထဲရှိကလေးအားစိုက်ကြည့်၍ တီးတိုးပြောလိုက်သည်။
"သက်ဆိုးရှည်တဲ့အမှိုက်စုတ်လေး"
တုန်မေ့မှာသူတို့၏ရန်ပွဲအားလျစ်လျူရှုကာ
"အဒေါ်ကျန်းနဲ့လောင်ဝေတို့ အထဲဝင်ခဲ့ကြပါဦး။ဒေါက်တာကျားက ဆောင်ရန်ရှောင်ရန်လေးတွေပြောဦးမယ်တဲ့"
အမေကျန်းမှာ ထိုခါမှချွေးမဖြစ်သူအားသတိရကာ ကလေးအားစူးစိုက်ကြည့်ကာ ပြုံးရယ်နေသော အူကြောင်ကြောင်သားဖြစ်သူကိုဆွဲကာ အထဲဝင်သွားလိုက်သည်။ကျားလိမှာ အပြင်ဘက်ရှိပဋိပက္ခတို့ကိုကြားနေရသော်လည်း သူမလိုအပြင်လူတစ်ယောက်အဖို့ ဝင်ပြောလွန်းလျှင်မကောင်းတတ်၍ အသာငြိမ်နေရ၏။အမေကျန်းတို့သားအမိဆေးခန်းထဲဝင်လာချိန်တွင် စားပွဲနောက်ထိုင်နေသောကျားလိမှာ သူတို့နှစ်ယောက်ဝင်လာသည်နှင့် စားပွဲရှေ့ရှိခုံပေါ်ထိုင်ခိုင်းလိုက်ရာ နာနာခံခံဖြင့်ဝင်ထိုင်လိုက်ကြသည်။
"မိခင်ကနဂိုကတည်းက သန်မာတဲ့လူဖြစ်တာအပြင် ကိုယ်ဝန်ဆောင်ချိန်အာဟာရပြည့်ဝခဲ့တာကြောင့်သာ ကလေးရောမိခင်ပါ အသက်အန္တရာယ်မရှိခဲ့တာပါ။မဟုတ်ရင်တော့ သားအမိနှစ်ယောက်အတွက် မလွယ်ကူလောက်ဘူး"
ထို့နောက် ဆေးအချို့အားချရေးကာထိုစာရွက်အားအမေကျန်းထံပေးလိုက်ပြီး
"စီရင်စုဆေးရုံဆီသွားပြီး စာရင်းထဲကဆေးတွေဝယ်လိုက်ပါ။ပြီးရင် အညွှန်းရေးပေးထားတဲ့အတိုင်း ခြောက်လလောက်အချိန်မှန်သောက်ခိုင်းပြီး အာဟာရရှိအောင်များများကျွေးပေးပါ။အခုချိန်မှာကလေးက မိခင်နို့ကိုလိုတာထက်ပိုလိုအပ်နေတာမလို့ မိခင်ကအားရှိမှဖြစ်မှာလေ။ပြီးတော့ သူမသားအိမ်အခြေအနေအရ တစ်နှစ်ခွဲလောက်လိင်မှုကိစ္စတွေရှောင်ကြဉ်ပေးပါ"
ကျားလိ၏စကားကိုအမေကျန်းမှာအသေအချာနားထောင်ကာ တစ်နှစ်ခွဲလောက်ထိုကိစ္စရှောင်ကြဉ်ရမည်ကိုကြားသော် အနည်းငယ်မျက်နှာပျက်သွားသည်ကို တွေ့လိုက်ရ၍ ကျားလိမှထည့်ဖြည့်ပြောလိုက်သည်။
"ဒီဆေးတွေသာမသောက်ရင် သူမသားအိမ်ကအားနည်းသွားပြီး ကလေးရဖို့ခဲယဉ်းသွားလိမ့်မယ်။တစ်ကယ်ဆို သူမသားအိမ်ကအတော်လေး ကျန်းမာနေတာတွေ့ရတော့ သူမအနေနဲ့ကလေးများများယူဖို့က ပုံမှန်အတိုင်းဆိုမခက်ခဲပါဘူး။ဒါပေမယ့် သူမကထိခိုက်မိသွားတယ်လေ။ဒီဆေးတွေသောက်ပြီးသားအိမ်ကိုအနားပေးထားချိန် လိင်ကိစ္စကြောင့် နောက်ကိုယ်ဝန်ထပ်ရသွားလို့ကတော့ ဆေးသောက်သမျှ ငွေကုန်တာသာအဖတ်တင်ပြီး သူမသားအိမ်ကပိုအားနည်းလာမယ်။နောက်ကျ ကိုယ်ဝန်မလွယ်နိုင်တော့တဲ့ထိဖြစ်သွားနိုင်လို့ပါ"
ထို့နောက် ကျားလိမှာ ကျန်းဝေဘက်ကြည့်ကာ တည်တင်းသောမျက်နှာထားဖြင့်ပြောလိုက်၏။
"ရှင့်မိန်းမကျန်းကျန်းမာမာနဲ့ ကလေးတွေထပ်မွေးနိုင်အောင် တစ်နှစ်ခွဲလောက်အောင့်အည်းထားရတာက ပင်ပန်းခက်ခဲတဲ့ကိစွလည်းမဟုတ်ေလာက်ပါဘူး။ကျွန်မအနေနဲ့ သိသင့်သိထိုက်တာတွေပြောပြီးပြီမလို့ လိုက်နာခြင်းရှိမရှိကတော့ ရှင်တို့ပေါ်ပဲမူတည်တော့တယ်နော်"
ကျားလိ၏စကားမှာ အမေကျန်းအား အမှန်ပင်ကိုင်လှုပ်နိုင်လေသည်။အမေကျန်းသည် မိသားစုသိုက်သိုက်ဝန်းဝန်းဖြင့်နေရသည်ကို နှစ်ခြိုက်သူဖြစ်ပေသိ ခင်ပွန်းသည်မှာ အဝေးတွင်စီးပွားရေးလုပ်နေသူဖြစ်၍ သူမတို့တွင် သားလေးတစ်ဦးသာရှိခဲ့၏။အေမကျန်းတို့မှာ စီးပွားရေးလည်းပြေပြေလည်လည်ရှိကြသူတွေဖြစ်၍ ကလေးများအားထိန်းကျောင်းဖို့စိတ်အားထက်သန်နေခြင်းလည်းဖြစ်ပါသည်။သူမအနေနှင့် ကလေးယူနိုင်သည့် အသက်အရွယ်မဟုတ်တော့၍ သားဖြစ်သူထံမျှော်လင့်ချက်ထားကာ သူမစိတ်ကြိုက်ချွေးမတစ်ယောက်ရှာနိုင်ခဲ့၏။ချွေးမဖြစ်သူမှာလည်း သူမအားစိတ်မပျက်စေခဲ့ပေ။အိမ်အတွင်းအပြင်ကိစ္စမှန်သမျှအား လက်ကြောတင်းတင်းဖိဖိစီးစီးလုပ်နိုင်သူဖြစ်သည့်အပြင် နှစ်ဝက်အတွင်းကိုယ်ဝန်သတင်းအား ဆောင်ယူလာသူဖြစ်သည့်အတွက် အမေကျန်းမှာ ချွေးမဖြစ်သူကို သည်းသည်းလှုပ်သူဖြစ်လာတော့သည်။ကိုယ်ဝန်ဆောင်စဉ်အတွင်း သူမတို့ဖြည့်ဆည်းပေးနိုင်သမျှ များများပေးကာ ချွေးမဖြစ်သူအားကျွေးမွေးခဲ့သော်လည်း မုဆိုးမကျိမိသားစု၏ လုပ်ရပ်ကြောင့်ဤကိစ္စများဖြစ်လာရသည်ကို ပြန်တွေးမိသော် အပြင်ထွက်ပြီး ထိုမိန်းမ၏ရှုံ့တွနေသည့်မျက်နှာကိုပြေးကုတ်သွားချင်တော့သည်။သို့သော် ကျားလိ၏စကားကြောင့် တစ်နှစ်ခွဲသာစောင့်ပါက သူမမျှော်လင့်သည့်အတိုင်း ကလေးများများမွေးလို့ရပြီဆိုသောကြောင့် ပျော်ရွှင်သွားမိကာ သားဖြစ်သူ၏ကျောအားရိုက်ချ၍ ကျားလိအားအာမခံလိုက်၏။
"နံစော်နေတဲ့ကောင်စုတ်လေး ခုချိန်ကစပြီးမင်းမိန်းမကို လက်ညိုးနဲ့တောင်ထိဖို့မစဉ်းစားနဲ့။အိုအေ မဖြစ်သေးပါဘူး အခုကစပြီးအားဖန်ကို ငါနဲ့ပဲခေါ်သိပ်တော့မယ်။မင်းတို့ချင်းသာအတူထားခဲ့ရင် မင်းရဲ့အူကြောင်ကြောင်စရိုက်နဲ့တော့ အားဖန်ကိုစိတ်ချလက်ချအပ်ထားလို့မဖြစ်သေးပါဘူး။စိတ်မပူပါနဲ့ ဒေါက်တာကျား ကျွန်မချွေးမကို ဆေးကိုအချိန်မှန်တိုက်မယ့်အပြင် အာဟာရရှိတာတွေလည်းကျွေးမှာပါ"
ကျားလိလည်းအမေကျန်း၏သဘောထားကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။ကျန်းအိမ်မှာ သားဖြစ်သူကနုံအသည်ကိုသိ၍ ချွေးမဖြစ်သူကို အိမ်အာဏာပေးထားသည်ဟုကြားဖူးသည်လေ။ဤသည်မှာအမှန်ဖြစ်ပုံရ၏။ကြည့်ရသည်မှာ ကျန်းဝေသည်ကျန်းမိသားစု၌ အောက်ဆုံးနေရာတွင်ရှိပုံရသည်။ခုမှမွေးထားသည့် ကလေးသည်ပင် သူ့ထက်အာဏာပိုရှိနေလေ၏။
"မိခင်နဲ့ကလေးကို ဒီနေ့တော့ ဆေးခန်းမှာပဲနေခိုင်းလိုက်ပါ။မနက်ဖြန်အခြေအနေထပ်စစ်ဆေးကြည့်လို့ အဆင်ပြေတယ်ဆိုရင်တော့ အိမ်ပြန်ခေါ်သွားလို့ရပါပြီ။ခဏနေရင် ကလေးအမေနိုးလာတော့မှာဆိုတော့ သူမစားဖို့စွပ်ပြုတ်ဖြစ်ဖြစ် တစ်ခုခုပြင်ပေးထားလိုက်ပါ"
အမေကျန်းလည်း ကျားလိစကားနားထောင်ကာ ကျန်းဝေအားေဆးခန်းတွင်စောင့်ခိုင်းထားပြီး သူမကအိမ်ပြန်ကာစွပ်ပြုတ်သွားချက်ရန်လုပ်တော့သည်။