အခန်း _ ၃
Viewers 1k

    ကျားလိမှာလမ်းတစ်လျှောက်မြင်ကွင်းများအား ဂရုတစိုက်ကြည့်နေမိ၍ ကားမောင်းနေသောစစ်သားကြီး၏ ချီတုံချတုံဖြစ်နေဟန်ကို အတော်ကြာမှသတိထားမိလိုက်သည်။ထို့ကြောင့် သူမဘက်ကသာစ၍စကားကြောင်းပေးလိုက်၏။ 


  "ဦးလေး ပြောစရာတစ်ခုခုရှိရင်ပြောလို့ရပါတယ်"


  သူမဘက်မှလမ်းကြောင်းပေးလာ၍ စစ်သားကြီးမှာစိတ်သက်သာရာရသွားဟန်ပေါ်သည်။


  "ဒါကဒီလိုပါ။မိန်းကလေးတည်းရမယ့်အိမ်ကတစ်ကယ်တော့ ကျွန်တော့်မိတ်ဆွေရဲ့အိမ်ပါ။သူကလည်းကျွန်တော့်လိုစစ်သားဆိုပေမယ့် တပ်ခွဲမှူးအဆင့်ဆိုတော့ ကျွန်တော့်ထက်နည်းနည်းရာထူးမြင့်တာပေါ့။သူ့နာမည်က ယီချန်ပါ သူ့အသက်၁၅နှစ်မှာ ဖခင်ဖြစ်သူဆုံးပါးသွားတော့ စစ်ထဲဝင်ပြီးအိမ်ကိုထောက်ပံ့ပေးတယ်လေ။သူ့မှာမုဆိုးမမိခင်နဲ့ညီ၃ယောက်ရှိပါတယ်။သူ့လစာကလည်း တစ်မိသားစုလုံးစာ ကောင်းကောင်းမထောက်ပံ့နိုင်ပေမယ့် အမျိုးသမီးယီက ထုတ်လုပ်ရေးမှာအလုပ်လည်းဝင်လုပ်တော့ ပြေလည်တယ်ပြောရမှာပေါ့။ကျန်တဲ့ကလေး၃ယောက်ကိုတောင် ကျောင်းပိတ်ရက်တွေကလွဲလို့ ကျန်တဲ့ရက်တွေမှာ လယ်ထဲမဆင်းခိုင်းဘူးလေ။ကျန်တဲ့ကလေးတွေကလည်း ငယ်ကြသေးပေမယ့် လိမ္မာရင့်ကျက်ကြတော့ အမေဖြစ်သူအလုပ်သွားရင် ချက်တာပြုတ်တာနဲ့အိမ်ကိစ္စတွေမှာ လှည့်ကြည့်စရာမလိုအောင် ကူညီပေးကြတယ်။တစ်မိသားစုလုံးက ‌ေနွးထွေးတဲ့လူတွေမလို့ မိန်းကလေးစိတ်မထင့်ဘဲနေလို့ရပါတယ်"


  ကျားလိမှာစစ်သားကြီး ချုံလိုက်ရိုက်နေသည်ကိုဖြတ်မပြောဘဲ ဆက်နားထောင်နေလိုက်သည်။စစ်သားကြီးမှာလည်း သူမမျက်နှာတွင် စိတ်မရှည်ဖြစ်ဟန်တို့ရှိနေပုံမရသည်ကို သတိပြုမိ၍ ဆက်ပြောလာ၏။


  "ကျွန်တော်တည့်တိုးပြောရရင် ဆောင်းဦးလယ်ပွဲပိတ်ရက်ပြီးသွားတာနဲ့ စစ်တပ်ကရာထူးအပြောင်းအလဲလုပ်ကြမှာပါ။ယီချန်လည်း တပ်မှူးနေရာဝင်အရွေးခံရမယ့်ထဲစာရင်းပါလာပါတယ်။ဒါပေမယ့် ယီချန်ရဲ့အသက်ငယ်‌ေသးတာကို ခုတုံးလုပ်ပြီးပြဿနာရှာချင်ကြတဲ့ သက်ကြီးပိုင်းစစ်သားတွေရှိနေတယ်လေ။အခုဆို ယီချန်ကမသိသေးပေမယ့် ရှန်ဟိုင်းကအရာရှိတစ်ယောက်ရဲ့ အမျိုးကသူ့အိမ်မှာတည်းမှာကို သိတဲ့သူသိကုန်ကြပြီ။အဲ့တော့ မိန်းကလေးသာ ယီမိသားစုနဲ့ ပလဲပနံမသင့်တာ ဖြစ်လိုက်တာနဲ့ ယီချန့်ရဲ့ရာထူးတိုးကိစ္စက ပလုံပြီပဲ။ဒါကြောင့်မိန်းကလေးကို ကျွန်တော်တောင်းဆိုချင်တာက ယီမိသားစုနဲ့ အဆင်မပြေခဲ့ရင်‌တောင် ယီချန့်ကိုအပြစ်မမြင်ပေးဖို့ပါပဲ"


  စစ်သားကြီးမှာရေပက်မဝင်အောင်ပြောသွားပြီး နောက်တစ်ချက်ထပ်ထည့်လာသည်။


  "ကျွန်တော်ပြောခဲ့တာတွေက ယီချန်ပြောခိုင်းတာ မဟုတ်ပါဘူး။တစ်ကယ်ကို မိန်းကလေးကသူတို့အိမ်တည်းမယ့်အကြောင်းကို သူမသိသေးတာပါ။ဒီစကားတွေပြောရတာက ကျွန်တော့်တာဝန်နဲ့ဆီလျော်မှုမရှိတာလည်း သိပေမယ့် မပြောလိုက်ရလို့ ရမယ့်နောင်တထက် ပွင့်ပွင့်လင်းလင်းရင်ဆိုင်လိုက်တာကောင်းမယ်ထင်လို့ပါ"


  ကျားလိမှာစစ်သားကြီး၏စကားကြောင့် အနည်းငယ်ရှိန်သွားရသည်။သူမအနေအထားမှာ ဤမျှအရေးပါနေမည်ဟု ထင်မထားမိပါချေ။ဤစစ်သားကြီး၏စကားများမှာလည်း ခြိမ်းခြောက်နေဟန်မရှိဘဲ လေးလေးနက်နက်ပြောနေသည်ကို ခံစားမိပါ၏။စစ်သားကြီး၏ မျက်လုံးများထဲမှ တောင်းဆိုနေဟန်တို့ကို တွေ့နေရ၍ သူမမှာထုတ်မေးလိုက်မိတော့သည်။


  "ယီချန်ဆိုတဲ့လူက ဦးလေးအပေါ်ကျေးဇူးကြွေးတစ်ခုခုတင်နေတာများရှိနေလို့များလား"


  ကျားလိစကားကြောင့် စစ်သားကြီးမှာ တစ်စုံတစ်ရာအားတွေးတောနေဟန်‌ေပါ်ကာ လေးစားမှုတို့ပြည့်လျှံနေသည့်အသံဖြင့်


  "ဟုတ်ပါတယ်။သူ‌နဲ့ကျွန်‌ေတာ်သာမန်စစ်သား‌ေလး‌ေတွအချိန်တုန်းက မစ်ရှင်တစ်ခုမှာ အရေးပေါ်ဆုတ်ခွာကြတဲ့အချိန် ဒဏ်ရာရနေတဲ့ကျွန်တော့်ကို လက်မလျှော့ဘဲသူကသာပြန်ခေါ်လာပေးခဲ့တာပါ။အဲ့တုန်းကသူနဲ့ကျွန်တော်ဆိုတာ စကားတစ်ခွန်းတောင်ပြောဖူးကြတဲ့သူတွေမဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်ကလည်း သာမန်နောက်ခံနဲ့စစ်သားတစ်ယောက်သာသာမို့ ကျေးဇူးရှင်ဖြစ်တဲ့သူ့ကို ဖြစ်ဖြစ်မြောက်မြောက်ဘာမှမကူညီပေးနိုင်ခဲ့ဘူးလေ။ဒါပေမယ့် မိန်းကလေးကိုခရီးစဉ်တစ်လျှောက်ကူညီပေးဖို့တာဝန်ပေးလာတော့ ကျွန်တော်လုပ်ပေးနိုင်တဲ့အရာတစ်ခုရှိတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ကျွန်တော်ကလူကဲမခတ်တတ်ပေမယ့် မိန်းကလေးကကောင်းမွန်တဲ့လူဆိုတာ ခံစားမိလို့ ထုတ်ပြောလိုက်တာပါ။မဟုတ်ရင် ကျွန်တော့်ကြောင့် ယီချန့်ကိုပါ သွားပြဿနာတက်နိုင်တာမလို့ ကျွန်တော်ပြောမိမှာမဟုတ်ဘူး"


  စစ်သားကြီး၏ ကြည်လင်သောမျက်လုံးများအားကြည့်ကာ သူအမှန်အတိုင်းပြောနေသည်ဟု ကျားလိယုံကြည်လေသည်။စိတ်ထဲတွင်လည်း သူစိမ်းတစ်ဦးအား တာဝန်ဝတ္တရားမပါဘဲ အသက်စွန့်ကယ်ရလောက်အောင် လူသားဆန်သောနှလုံးသားနှင့်သတ္တိရှိသော ယီချန်ဆိုသူအကြောင်းကို  စိတ်ဝင်စားမိသွား၏။


  "စိတ်မပူပါနဲ့ ကျွန်မမှာဘာလိုအပ်ချက်မှသိပ်မရှိပါဘူး။ကျွန်မရဲ့အောက်ခြေစည်းကိုလာမထိသရွေ့ ကျန်တာကနားလည်ပေးလို့ရပါတယ်"


  ကျားလိစကားကြောင့်စစ်သားကြီးမှာဝမ်းသာအယ်လဲဖြင့် ကျေးဇူးအထပ်ထပ်တင်နေတော့သည်။


  "အဲ့လိုဆို သိပ်ကောင်းတာပဲ။ကျေးဇူးတင်ပါတယ် မိန်းကလေး။သူတို့ကလည်း ကြင်နာတတ်တဲ့လူတွေမလို့ မိန်း‌ကလေးအနေနဲ့ အဆင်မပြေတာကို ပွင့်ပွင့်လင်းလင်းထုတ်ပြောလိုက်လို့ရပါတယ်။ကျွန်တော့်တုတ်ထိုးအိုးပေါက်စကားကိုလည်း ခြိမ်းခြောက်နေတယ်တို့ နေရာတကာဝင်ပါတာတို့လို မထင်ဘဲလေးလေးနက်နက်ပြောဆိုပေးလို့ ကျေးဇူးထပ်တင်ပါတယ်နော်"


  စစ်သားကြီးမှာ ခုမှသာသက်ပြင်းမောချမိတော့သည်။သူ့ခမျာစကားစပြောလိုက်မိကတည်းမှနောင်တရနေပြီဖြစ်၏။သူကိုယ်၌ကလည်း ကြမ်းကြမ်းရမ်းရမ်းစစ်သားတစ်ဦးသာမို့ စာတစ်တန်ပေတစ်တန်မပြောတတ်ဘဲ တည့်တိုးသာပြောတတ်ပေရာ သူပြောလိုက်သည့်စကားများမှာ ကြားရသူမည်သူမဆို ခြိမ်းခြောက်အကြပ်ကိုင်သည်ဟု ထင်သွားနိုင်သည်။ထိုအခါမှာတော့ သူ၏ကျေးဇူးရှင်ကို အကူအညီမပေးမိသည့်အပြင်ဒုက္ခပါအဆစ်ထည့်ပေးလိုက်မိမည်ဖြစ်၏။သို့သော်ဤမိန်းကလေး၏ တည်ကြည်နားလည်မှုအပြည့်ဖြင့်အကြည့်များကြောင့်သာ စကားကိုအဆုံးသတ်လိုက်နိုင်ခြင်းဖြစ်သည်။သူ၏စိတ်ထဲ၌လည်း သူမအားကျေးဇူးတင်‌ေနမိတော့၏။


  စစ်တပ်သုံးဂျစ်ကားလေးမှာ မကြာမီတွင်ပင် ဦးတည်ရာသို့ရောက်ရှိ‌လာတော့၏။အချိန်မှာညနေခင်းချိန်ဖြစ်၍ လယ်လုပ်ငန်းခွင်မှပြန်လာသူများအပြင် ရွာရိုးကိုပေါက်လျှောက်ဆော့နေကြသောကလေးများကပါ ရွာထဲဝင်လာသောဂျစ်ကားအားစူးစမ်းလိုစိတ်ဖြင့် လိုက်ကြည့်ကြတော့သည်။ကားမှာ တစ်ဖက်တစ်ချက်၌ သစ်တော်ပင်ကြီးနှစ်ပင်ရှိသောခြံဝင်းပေါက်၌ရပ်လိုက်မှသာ မည်သူများဖြစ်သည်ကို ရွာသားများနားလည်သွားကြကာ အနီးကပ်မလာကြတော့ပဲ ခပ်လှမ်းလှမ်းမှသာကြည့်နေကြ၏။လွန်ခဲ့သောရက်များတည်းမှ ရွာခေါင်းဆောင်မှာရွာသားများအား အရာရှိတစ်ဦးအမျိုးရွာ၌လာပြီး ခဏတာတာဝန်ထမ်းဆောင်မည်ကို သတိပေးထားပြီးဖြစ်ကာ သူမအားအနှောင့်အယှက်မပေးကြဖို့နှင့် ပေးမိပါကဖြစ်လာမည့်ဒုက္ခကိုသူတို့ထမ်းထားနိုင်မည်မဟုတ်သည်ကို အလေးထားပြောခဲ့၍ ရွာသားများမှာ သူမအားရှိန်နေကြတော့သည်။စီရင်စုမြို့ကိုပင် တစ်နှစ်တစ်ခါမရောက်ဖြစ်ကြသောရွာသားများအဖို့ မြို့တော်ရှိအရာရှိဆိုသည်မှာ သူတို့ဆောင်းထားသော ကောက်ရိုးဦးထုတ်ကျွတ်ကျအောင် မော့ကြည့်တောင် မြင်နိုင်မည်မဟုတ်လောက်အောင် မြင့်မားသည့်သူဖြစ်၍ ရွာခေါင်းဆောင်စကားအား အလေးအနက်နားထောင်ကြလေ၏။


  ခြံဝင်းရှေ့တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့်အမျိုးသမီး၂ဦးအပြင် ခြံဝင်းထဲမှပြူထွက်ကာမဝံ့မရဲကြည့်နေသော ခေါင်းလေးသုံးလုံးကိုပါတွေ့လိုက်ရသည်။ကားရပ်သွားသည်နှင့် သက်လတ်ပိုင်းအမျိုးသားကြီးမှာ အပြုံးကြီးဖြင့်ကားပေါ်မှဆင်းလာသည့် စစ်သားဦး‌ေလးထံ ဆေးလိပ်တစ်လိပ်ကမ်းကာနှုတ်ဆက်လိုက်၏။


  တစ်ဖက်မှ ကျားလိဆင်းလာသည်နှင့် တီးတိုးတွတ်ထိုးနေကြသောရွာသားများမှာ မီးကိုရေနှင့်ငြိမ်းလိုက်သကဲ့သို့ ဟုတ်ခနဲငြိမ်သက်သွားကြသည်။သူမဝတ်ဆင်ထားသော အဝတ်အစားများနှင့်‌ေဒါက်ဖိနပ်တို့အပြင် ‌ဆံပင်ပုံစံတို့ကပါ ရွာတွင်းရှိလူတို့ထက် အဆတစ်ရာမကသာလွန်ကြောင်းပြနေသည့်အပြင် နေလောင်ခံထားရသည့်သူတို့အသားအရေနှင့်ဆန့်ကျင်စွာ ကြည်လင်ဖွေးဖြူသောအသားအရေနှင့် တုနှိုင်းမဲ့ချောမောလှပသည့်ရုပ်ရည်တို့မှာ သူတို့အားပါးစပ်ပင်ပြန်မပိတ်နိုင်လောက်အောင် အံ့ဩငေးမောသွားမိသည်။


  ကျားလိမှခြံရှေ့ဆီတစ်လှမ်းချင်းလှမ်းလာသည်မှာ သူတို့မြင်ကွင်းထဲ အနှေးပြကွက်ဖြင့်ပြနေသည့် ရင်သပ်ရှုမောဖွယ်ပန်းချီကားတစ်ချပ်အလားပင်။


  "ဝါး....နတ်သမီးလေးကျနေတာပဲ ချောလိုက်တာ"


  ကြွပ်ဆတ်ဆတ်ကလေးသံလေးမှ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်မှသာ လူအုပ်ကြီးလည်းအသိပြန်ဝင်လာပြီး ကြောက်စိတ်ပင်ခေတ္တမေ့လျော့သွားခဲ့ကာ ဆူညံပွက်လောရိုက်ကုန်ကြတော့သည်။ရွာခေါင်းဆောင်မှာလည်း ထိုဆူညံသံများကြောင့် ရွာသားများအားဆူလွှတ်ကာ ကိုယ့်အိမ်ကိုယ်ပြန်ခိုင်းလိုက်တော့၏။ရွာသားများမှာလည်း ထိုခါမှအသိဝင်ကာ ချက်ချင်းလူစုခွဲသွားကြတော့သည်။


  အေးချမ်းတည်ငြိမ်သော ရုပ်ရည်ဖြင့်ခြံ‌ေရှ့ရှိအမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးမှာခုနက‌ေအာ်လိုက်သောကလေးအား အသာပုတ်ကာ တီးတိုးဆူလိုက်သည်။ကျားလိလည်း ထိုကလေး၃ယောက်အားပြုံးပြလိုက်ရာ အငယ်လေး၂ဦးမှာ အမျိုးသမီးနောက်သို့ ရှက်ရွံ့စွာဝင်ပုန်းလိုက်ကြသည်။


  "ဒီကမိန်းကလေးက ဒေါက်တာကျားလိထင်တယ်။မင်္ဂလာပါ ဒေါက်တာ ကျွန်တော်ကကျိရွာထုတ်လုပ်ရေးအဖွဲ့ရဲ့ခေါင်းဆောင် ကျိဝေပါ။ဒီဘက်ကတော့ အမျိုးသမီးဒါရိုက်တာ ဝမ်ရှို့ရင်းပါ။ဒီကလေးတွေနဲ့အမျိုးသမီးကတော့ ဒေါက်တာတည်းရမယ့်အိမ်ပိုင်ရှင်မိသားစုကအမျိုးသမီးယီပါ။ဒေါက်တာ့အတွက် အစစအရာရာစီစဉ်ပေးပြီးသားပေမယ့် စိတ်တိုင်းမကျတာရှိရင် တန်းပြောလို့ရပါတယ်"


  ခေါင်းဆောင်ကျိမှာ သူကိုယ်တိုင်နှင့်ကျန်လူများကိုမိတ်ဆက်ပေးလိုက်ပြီး ကျားလိနေရမည့်အခန်းနှင့် သူမအတွက်သီးသန့်ပြင်ပေးထားသည့် ရေချိုးခန်း အိမ်သာစသည်တို့ကိုပြသပေးလိုက်သည်။အိမ်ဝင်းမှာနှစ်ဝင်းတွဲဖြစ်သည့်အတွက် ယီမိသားစုမှာ အရှေ့ဘက်အဆောင်များနှင့် အိမ်မကြီးတွင်နေထိုင်ကြပြီး ကျားလိအတွက် အနောက်ဘက်မှ သီးသန့်အိမ်လေးကိုပေးထား၏။ရေပူတို့ကို အိမ်မကြီးဘက်မှ အချိန်တိုင်းထည့်ပေးမည်ဖြစ်သည်။မီးဖိုဆောင်ကတော့ တွဲသုံးမည်ဖြစ်သာ်ငြား ကျားလိမှာမီးဖိုချောင်ဝင်တတ်သူမဟုတ်၍ ပွင့်ပွင့်လင်းလင်းပြောလိုက်ရာ အချက်အပြုတ်ကို ယီမိသားစုကတာဝန်ယူပေးနိုင်သည်ဟုပြောလာ၏။


  " ခေါင်းဆောင်ကျိနဲ့အန်တီယီတို့ကို ကျေးဇူးပါနော်။ကျွန်မတစ်ကယ်စိတ်တိုင်းကျပါတယ်"


  ကျိဝေမှာ သူမအဖြေကြားမှ ပေါ့ပါးသွားဟန်ဖြင့် စိတ်လွတ်ကိုယ်လွတ်ရယ်မောလိုက်၏။သူ့အားအရင်အပတ်ကတည်းမှ အထက်ကညွှန်ကြားနေသည်ဖြစ်၍ ထိုတာဝန်မှာစိတ်ထဲခဲဆွဲထားသလိုဖြစ်နေသည်။ခုမှသာ စိတ်ဖြောင့်ဖြောင့်အသက်ရှူကာ အိပ်နိုင်တော့မည်ဟု တွေးနေမိ၏။ရွာသားများကိုလည်း ပြဿနာမီးထွန်းမရှာရန် သတိထပ်ပေးရပေဦးမည်။


  ဘေးရှိကြံ့ခိုင်သည့်အသွင်ဖြင့် ဝမ်ရှို့ရင်းမှာ ခေါင်းဆောင်ကျိအား သတိပေးစကားပြော၏။


  "ခေါင်းဆောင်ကျိရေ ဒေါက်တာလည်းပင်ပန်းလာမှာဆိုတော့ အနားယူပါစေ။နောက်နေ့မှစကားဆက်ပြောလည်း ရပါတယ်"


  ခေါင်းဆောင်ကျိလည်းထိုခါမှ သူ့နဖူးအားသူပြန်ရိုက်ကာတောင်းပန်လာသည်။


  "ဟုတ်ပါရဲ့ ကျွန်တော်စိတ်လောနေတာနဲ့ ဒေါက်တာခရီးပန်းတာကို မေ့နေတယ်။ကျွန်တော်မိတ်ဆက်ပေးခဲ့ပါဦးမယ်။သူကခုနကပြောခဲ့တဲ့ အိမ်ပိုင်ရှင်အမျိုးသမီးယီလေ။သူ့ခင်ပွန်းဆုံးသွားတော့ မိသားစု၅ယောက်ပဲရှိတော့တယ်။သားအကြီးဆုံးယီချန်က စစ်တပ်ထဲမယ် သူကအားလပ်ရက်ရမှပြန်လာရတာ။အဲ့တော့အမြဲနေလူဦးရေက ၄ယောက်ထဲပဲ။ဒီကလေးတွေက ကျန်တဲ့ညီအစ်ကို၃ယောက်လေ။အရပ်အရှည်ဆုံးက လောင်အာ့(ဒုတိယမြောက်)ယီဟွေ့ သူ့ထက်နည်းနည်းပုတာက လောင်စန်း(တတိယ)ယီကျင်း ဟိုပေါက်စ‌ကလောင်စစ်(စတုတ္ထ)ယီဇီတဲ့။ဒေါက်တာတစ်ခုခုလိုတာရှိရင် အမျိုးသမီးယီဆီမဟုတ်တောင် ဒီကလေးတွေကိုခိုင်းလို့ရတယ်"


  ရွာခေါင်းဆောင်မှာ ယီမိသားစုအားမိတ်ဆက်ပေးပြီး ကျားလိအားအနားယူရန်ပြောကာ ဝမ်ရှို့ရင်းနှင့်ခပ်သုတ်သုတ်ပြန်သွားကြတော့သည်။ကျားယိလည်း သူမနာမည်အား ယီမိသားစုထံပြန်မိတ်ဆက်လိုက်ရာ အမျိုးသမီးယီမှာလည်း ပြန်နှုတ်ဆက်လာ၏။အမျိုးသမီးယီ၏ မျက်နှာမှာ အလုပ်လုပ်နေရသည့်လူဖြစ်သည့်အတွက် အနည်းငယ်ချို့ယွင်းချက်လေးများရှိနေပါသော်လည်း ကြည်လင်တောက်ပသောမက်မွန်ပွင့်လွှာမျက်ဝန်းအစုံမှာ စွဲမက်ဖွယ်ကောင်းလွန်းလှပြီး သူမသာသက်တောင့်သက်သာဘဝတွင်နေရပါက မျက်စိမလွှဲနိုင်လောက်သော မိန်းမချောတစ်ဦးဖြစ်မည်မှာသေချာလေသည်။ကျန်ကလေး၃ဦးမှာလည်း ပိန်ပိန်ပါးပါးဖြင့် အဖာအစပ်များပါသည့်အဝတ်အစားများသာ ဝတ်ဆင်ထားကြပါသော်ငြား သန့်ရှင်းသပ်ရပ်နေကြ၍ အမျိုးသမီးယီမှာ သန့်ရှင်းမှုကိုအလေးထားမှန်းသတိထားမိလိုက်သည်။ကောင်လေး၃ဦး၏ရုပ်ရည်သွင်ပြင်များမှာလည်း ငယ်ရွယ်နေ၍ အပြည့်အဝမဖွံ့ဖြိုးသေးပါသော်ငြား မိခင်ထံမှအမွေရထားကြသည့် မက်မွန်ပွင့်လွှာများဖြင့် ချောမောကြည့်ကောင်းနေကြ၏။သူတို့အားကြည့်ရင်း ကျားလိမှာ ယီချန်တွင်လည်း သူတို့လိုမက်မွန်ပွင့်လွှာမျက်ဝန်းတို့ပိုင်ဆိုင်ထားလောက်မည်လားဟုပင် မဆီမဆိုင်တွေးနေမိတော့သည်။