အပိုင်း ၂၈၉-၂၉၀
Viewers 23k

Part 289


စိတ်အားထက်သန်မှုပြင်းပြနေသောအချိန်တွင် ယွဲ့စုန့်က ဒုတိယအကြိမ်မြောက် လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်လိုက်တော့၏။


ကျွမ်းကျင်သူများက အချစ်သည် ဆယ့်တစ်လမျှသာ တည်တံ့နိုင်သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် ဟော်မုန်းများ ရှိနေသရွေ့ အချစ်သည် တည်ရှိနေနိုင်သေးသည်။


ချစ်ရသူသည် အနားနားကပ်ကာ ချစ်စကားများကို နားထဲသို့ တီးတ်ိုးပြောနေလေ၏။


ကျန်းယန်ရှန့်သည် သူမ၏မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။


 အချစ်ဒီရေက တရိပ်ရိပ်တက်လာလေသည်။ 


ထိုအခိုက်အတန့်တွင် ယွဲ့စုန့်က သူမ၏နားရွက်ဖျားကို ခပ်ဖွဖွနမ်းလျက်  " ယန်ရှန့်....လက်ထပ်ကြရအောင်..."


ကျန်းယန်ရှန့်လည်း ခေါင်းငြိမ့်မိလုနီးပါးပင်။


 ထိုအချိန်၌ အရေးကောင်း ဒိန်းဒေါင်းဖျက်ဆိုသလို ဆဲလ်ဖုန်းက အသံထမြည်လာသည်


အလွန်နောက်ကျနေပြီဖြစ်သော အချိန်ဖြစ်၏။


 လူအများစုမှာ ဤကဲ့သို့သောအချိန်မျိုး၌ ဖုန်းမဆက်တတ်ကြပေ။ဆက်ခဲ့လျှင်လည်း လွန်စွာအရေးကြီးသော ကိစ္စကြောင့်သာဖြစ်ရမည်။


 မြည်လာသည်မှာ ကျန်းယန်ရှန့်၏ဖုန်းဖြစ်၏။ 


ယွဲ့စုန့်သည် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေပြီးနောက်ဆဲလ်ဖုန်းကို သွားယူပြီး ကျန်းယန်ရှန့်ကိုပေးလိုက်သည်။


" ဟယ်ဟယ့်ဆီကပဲ "


ကျန်းယန်ရှန့် ဖုန်းကိုင်လိုက်‌သောအခါ တစ်ဖက်မှ ကျန်းဟယ်လင်း၏အသံက ကျယ်လောင်စွာထွက်ပေါ်လာ၏။


 “ မမ ! မမ ! အိမ်အမြန်ပြန်လာပါ "


" ဘာဖြစ်တာလဲ " ကျန်းယန်ရှန့်က လေးနက်စွာမေးသည်။


" အဖေက အမေနဲ့  ကွာရှင်းမယ်တဲ့..."


သူမ၏ပြန်လည်မွေးဖွားမှုအတောအတွင်း၌ ကိစ္စ တော်တော်များများဖြစ်ပျက်သွားခဲ့သော်လည်း


ဤကဲ့သို့သော ရုတ်တရက်ပြောင်းလဲမျိုးကို မမျှော်လင့်ထားသည်မှာတော့ အမှန်ပင်ဖြစ်သည်။


ကျန်းဟွမ်က လျန့်ယင်းယင်းနှင့် အဘယ်ကြောင့် ကွာရှင်းလိုရသနည်း။


ယခုအချိန်တွင် ကျန်းယန်ရှန့်၏စိတ်သည် လျင်မြန်စွာပြောင်းလဲသွားသည်။ကျန်းဟွမ် နှင့် လျန့်ယင်းယင်း ကွာရှင်းလိုက်ကြလျှင် နောက်ဆက်တွဲအနေဖြင့် မည်သည့်အရာများဖြစ်လာနိုင်မည်နည်း။


" မမ ..... "


ကျန်းဟယ်လင်းသည် များသောအားဖြင့် အစ်မဖြစ်သူကဲ့သို့ အေးစက်တည်ငြိမ်ဟန် ဆောင်နေတတ်သော်လည်း ဤသို့သော အခြေအနေမျိုးနှင့် ကြုံလာရသည့်အခါ သူမ၏ပုံစံအစစ်အမှန်က ထွက်ပေါ်လာသည်။ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်လောက်စိတ်မမာနိုင်ပေ။


ကျန်းယန်ရှန့်က သက်ပြင်းချလျက်ပြောသည်။


 " သိပြီ အခုချက်ချင်းလာခဲ့မယ် "


သူမဖုန်းချပြီးနောက်တွင် ယွဲ့စုန့်က သူ့ဘောင်းဘီကို ပြန်ဝတ်ထားပြီးပြီ ဖြစ်သည်။


 " ကိုယ် လိုက်ပို့ပေးမယ်"


" ရပါတယ် " ကျန်းယန်ရှန့် က သူမ၏အဝတ်အစားများကို ကောက်စွပ်နေလျက်ပြောသည်။


" အဖေလည်း ဒီအချိန်မှာ ရှင့်ကိုတွေ့ချင်မှာ မဟုတ်ဘူး "


" အင်းပါ... ပြီးတာပါပဲ... ကားဂရုစိုက်မောင်း "


ထို့‌နောက်ကျန်းယန်ရှန့်သည် ယွဲ့စုန့်၏လည်ဂုတ်ကိုသိုင်းဖက်ပြီး  ခြေဖျားထောက်ကာ ခပ်ဖွဖွတစ်ချက်နမ်းသည်။


ထို့နောက် အိတ်ကိုလွယ်ပြီး အမြန်ထွက်သွားတော့၏။


ခန္ဓာကိုယ်အပေါ်ပိုင်းဗလာဖြစ်နေသောယွဲ့စုန့်သည် ပြတင်းမှန်တံခါးကို တွန်းဖွင့်လိုက်သည်။  K မြို့ ၏ ညမြင်ကွင်းကို အပေါ်စီးမှ မြင်နေရ၏။


ဇွန်လ၏ ညလေညင်းသည် အနည်းငယ်အေးသော်လည်း ယွဲ့စုန်၏ဆန္ဒမီးမှာ မငြိမ်းသေးဘဲ ရေငတ်နေသလိုခံစားရသည်။


ယွဲ့စုန့်က စီးကရက်တစ်လိပ်ကို မီးညှိလျက်ခဲပြီး ဝရံတာလက်ရန်းမှ အောက်သို့ ငုံ့ကြည့်လိုက်၏။


ခဏအကြာတွင် မြေအောက်ကားပါကင်မှ


ကားတစ်စီးထွက်လာသည်ကို မြင်လိုက်ရသည်။ 


ကျန်းယန်ရှန့်၏ကားအင်ဂျင်သံ ပင်ဖြစ်၏။


သူ အဖြူရောင်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။


......


တစ်ဖက်တွင်လည်း အခြေအနေမှာ ဆိုးရွားနေပြီဖြစ်၏။


ကျန်းယန်ရှန့် အိမ်ပြန်ရောက်သောအခါ တစ်အိမ်လုံးဗြောင်းဆန်လျက်ရှိနေသည်ကို တွေ့လိုက်ရသည်။


တံခါးဝမှ ဝင်လိုက်သည်နှင့် ဧည့်ခန်းကြမ်းပြင်တွင် အမျိုးသားတစ်ဦးမှာ လဲလျောင်းလျက်ရှိနေပြီး

ဦးခေါင်းနှင့် မျက်နှာ၌ သွေးများအလိမ်းလိမ်းနှင့် နာကျင်စွာ အော်ဟစ်နေ၏။


ကျန်းဟွမ်၏ ကိုယ်ရံတော်နှစ်ယောက်က လက်သီးဆုပ်လျက် ထိုနေရာတွင်ရပ်နေသည်။


ကျန်းယန်ရှန့် အံ့သြသွားစသည်။


 အနီးကပ်ကြည့်မိသောအခါမှ ထိုလူမှာ ဒရိုင်ဘာကျိုးဖြစ်ကြောင်းသိလိုက်ရ၏။


ထို့နောက် ကျန်းဟယ်လင်းလှမ်း‌ခေါ်ရသည့် အကြောင်းရင်းကို သတိရသွားသည်။


 " အဖေဘယ်မှာလဲ " ကျန်းယန်ရှန့်က သက်တော်စောင့်များကိုမေးလိုက်၏။


" စာကြည့်ခန်းထဲမှာပါ "


ကျန်းယန်ရှန့်သည် ဒရိုင်ဘာကျိုးကို တစ်ချက်ကြည့်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားသည်။


စာကြည့်ခန်းအပြင်ဘက်တွင် ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့က တံခါးကိုကပ်၍နားစွင့်နေကြပြီး အထဲမှ လျန့်ယင်းယင်း၏အော်ဟစ်သံနှင့် ကျန်းဟွမ်၏ကျိန်ဆဲသံတို့ ထွက်ပေါ်လာ၏။


" ကျန်းဟယ်လင်း " ကျန်းယန်ရှန့်က လှမ်းခေါ်လိုက်သည်။


ထိုအခါကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့ နှစ်ယောက်စလုံးသည် အားကိုးရာရသွားသည့်သဖွယ် သူမကိုလှည့်ကြည့်ပြီးပြေးလာကြ၏။


" မမ "


ကျန်းရှို့ချန်၏မျက်နှာတွင်လည်း စိုးထိတ်နေသော အငွေ့အသက်ရှိနေသည်။ရှို့ချန်သည် ကလေးမဟုတ်တော့သော်လည်း ၅တန်းအရွယ်သာရှိသေး၏။


ဤကဲ့သို့သော ကြီးကြီးမားမား အဖြစ်အပျက်ကို ကြုံတွေ့ရ၍ အကူအညီမဲ့နေရှာသည်။


 "ဘာဖြစ်တာလဲ?" ကျန်းယန်ရှန့်က မေး၏။


ကျန်းဟယ်လင်းက ငိုမဲ့မဲ့ဖြင့် ပြောပြသည်။


 


“အန်တီဝမ်က အဖေ့နာရီကို ခိုးသွားလို့ပါ... ဒါပေမဲ့ အမေ့ကိုပြောတာတော့ သူ ခိုးတာမဟုတ်ဘူးတဲ့...


သမီးက ရဲကိုဖုန်းဆက်လိုက်တာ...… ရဲတွေက အားလုံးကို စခန်းခေါ်သွားတယ်...အဖေလည်း ကုမ္ပဏီကနေ လိုက်လာတယ်....ပြန်ရောက်လာတော့ အဖေက အမေနဲ့ ကွာရှင်းမယ်တဲ့… ပြီးတော့ ဒရိုင်ဘာကျိုးကိုလည်း ဝိုင်းရိုက်ခိုင်းတယ် "


အခြေအနေမှာရှုပ်ယှက်ခတ်နေ၏။


အန်တီဝမ်က မည်သည့်နေရာမှ ပါလာသနည်း။


" မငိုပါနဲ့...ရှင်းအောင်ပြောစမ်းပါ ... ဘာဖြစ်တာလဲ "


ကျန်းဟယ်လင်းက မျက်ရည်များကို သုတ်လိုက်ပြီး ခံစားချက်များကို ထိန်းချုပ်ကာ စကားပြန်ပြောလိုက်သည်။ 


နောက်ဆုံးတော့ ကျန်းယန်ရှန့်မှာ အခြေအနေအမှန်ကို နားလည်လာပြီဖြစ်၏။


ပထမဦးစွာ လျန့်ယင်းယင်းသည် ကျန်းဟွမ်၏ ယွမ်တစ်သန်းတန်နာရီ ပျောက်ဆုံးသွားကြောင်း အော်ကြီးဟစ်ကျယ်လုပ်ခဲ့သည်။


လျန့်ကျန်းသည် ကျန်းဟွမ်၏ နာရီကို ယခင်ဘဝက တစ်ကြိမ် ခိုးယူခဲ့ဖူး၏။


ထိုဖြစ်ရပ်မှာ ဤဘဝတွင် ဖြစ်ပျက်ခဲ့သည်မဟုတ်ပေ။


အလားတူဖြစ်ရပ်ဖြစ်လာမည်ဟု ကျန်းယန်ရှန့် တွေးမထားခဲ့။


လျန့်ယင်းယင်းသည် နာရီပျောက်သွားသောကြောင့်  အိမ်အကူအန်တီများကို သံသဃဝင်ကာ ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့သည်။ 


အန်တီများ၌ ဥပဒေအသိမရှိပေ။ 


အပြစ်ကင်းကြောင်း သက်သေပြရန်အတွက် လူတိုင်း၏ အိပ်ရာများနှင့် ဗီဒိုများကို တစ်ခုပြီးတစ်ခု ရှာဖွေခဲ့ကြသည်။ 


ထိုအခါ  အန်တီဝမ်၏ ခေါင်းအုံးစွပ်ထဲတွင် နာရီကို ပြန်တွေ့ခဲ့၏။


အန်တီဝမ်က လေးနက်သောမျက်နှာအမူအရာဖြင့် သူ မခိုးခဲ့ကြောင်း အကြောက်အကန်ငြင်းသည်။


လျန့်ယင်းယင်းသည် အန်တီဝမ်အား ကျန်းရှို့ချန်ကို  နှစ်‌ပေါင်းများစွာကြာအောင် ပြုစုစောင့်ရှောက်ခဲ့သည့်အတွက် လိုလေသေးမရှိ ထားပေးခဲ့သည်ဟု အသံကောင်းဟစ်ခဲ့၏။


ထို့နောက် နှစ်ကိုယ်တည်းသီးသန့်စကားပြောရန် အန်တီဝမ်ကို ခေါ်သွားသည်။


လျန့်ယင်းယင်းက အခြားသူများအား ရှောင်စေပြီး အန်တီဝမ်နှင့်သီးသန့်စကားပြောရန် တံခါးကိုပိတ်လိုက်၏။


သို့သော် အလယ်တန်းကျောင်းသူ ကျန်းဟယ်လင်းက နိုင်ငံကြီးသားပီသစွာဖြင့် ရဲခေါ်လိုက်သည်။


အခိုးခံရသည့်ပမာဏမှာ တစ်သန်းအထိဖြစ်နေသည့်အ‌လျောက် ရဲများလည်း အမြန်ရောက်လာကြတော့၏။


ရဲများကိုတွေ့သောအခါ လျန့်ယင်းယင်း၏အမူအရာမှာ ပြောင်းလဲသွားပြီး အရာအားလုံးအဆင်ပြေကြောင်း ပြောတော့သည်။


သို့သော်ဤအမှုသည် ငွေပမာဏများရုံသာမက အလုပ်ရှင်နှင့်အလုပ်သမားကြားတွင် ဖော်ထုတ်စရာကိစ္စများရှိနေနိုင်သောကြောင့် ရဲများက အလွတ်ပေးမည်မဟုတ်ပေ။ 


နောက်ဆုံး၌ ကျန်းဟယ်လင်းအပါအဝင် အားလုံး ရဲစခန်းသို့ လိုက်သွားခဲ့ရသည်။


 ခိုးရာပါနာရီပိုင်ရှင်တစ်ဖြစ်လဲ တိုင်ကြားသူ၏အုပ်ထိိန်းသူဖြစ်သော ကျန်းဟွမ်သည်  ရဲစခန်းထံမှ ဖုန်းလက်ခံရရှိခဲ့ပြီး ကုမ္ပဏီမှ တိုက်ရိုက်လိုက်သွားခဲ့၏။


ကျန်းဟယ်လင်းသည် ရိုးရှင်းသော ခိုးမှုတစ်ခုဟုသာ တွေးခဲ့သော်လည်း နောက်ပိုင်း၌ ကိစ္စများက ရှုပ်ထွေးကုန်သည်။


အန်တီဝမ်က နာရီခိုးခဲ့ခြင်းမဟုတ်ပေ။


လျန့်ယင်းယင်းက အန်တီဝမ့်ကို ချောက်ချခြင်းဖြစ်သည်။


ထို့နောက် အန်တီဝမ်က လျန့်ယင်းယင်းကို သူမ၏

လူသိမခံနိုင်သောအချက်ဖြင့်ကိုင်ပေါက်ကာ ငွေညှစ်တော့၏။


Xxxxxxx


Part 290


လျန့်ယင်းယင်းသည် သူမ၏ဗလာကျင်းနေသော အိပ်ခန်းထဲတွင် အမြဲလိုလို အထီးကျန်နေရပြီး ဒရိုင်ဘာကျိုး၏အိမ်ထောင်ရေးမှာလည်း ကတောက်ကဆများလွန်း၏။


ထိုအခါ သူတို့နှစ်ယောက်တွင် မကြာခဏတွေ့ဆုံကြသော ဆက်ဆံရေးတစ်ခုရှိလာသည်။


လျန့်ယင်းယင်းက သူမတို့နှစ်‌ယောက်တွေ့ကြသည်ကို မသိသာစေရန်အတွက် ကျန်းရှို့ချန်ကို အပြင်သို့ တစ်ခါခေါ်ထုတ်သွားဖူး၏။


သို့သော် အိမ်ပြင်၌ ကျန်းရှို့ချန်အား တကယ်တမ်းဂရုစိုက်ပေးရသည်မှာ အန်တီဝမ်သာဖြစ်သည်။


လျန့်ယင်းယင်းသည် အကြောင်းမျိုးစုံပြ၍ ဒရိုင်ဘာကျိုးနှင့်အတူ တစ်နာရီ နှစ်နာရီခန့် ပျောက်သွားလေ့ရှိ၏။


တစ်ကြိမ်ပေါ်နှစ်ကြိမ်ဆင့်လာသောအခါ 

အန်တီဝမ်ကလည်း အခြေအနေကို ရိပ်မိလာသည်။အန်တီဝမ်က ထိုကိစ္စကိုဗန်းပြပြီး လျန့်ယင်းယင်းထံမှ ပိုက်ဆံတောင်းခဲ့၏။


လျန့်ယင်းယင်းသည် အစောပိုင်းတွင် ပိုက်ဆံပမာဏအနည်းငယ်ကိုသာ ပေးခဲ့သည်။

သို့သော်လည်း ပုထုဇဥ်လူသားတို့၏လောဘမှာ အတောမသတ်နိုင်သည်မဟုတ်ပါလော။အန်တီဝမ်သည် တစ်ကြိမ်ထက်တစ်ကြိမ် ပိုများသော ပမာဏကို တောင်းလာသည်။


အချိန်ကြာလာသည်နှင့်အမျှ လျန့်ယင်းယင်းမှာ သည်းခံနိုင်စိတ်ကုန်ဆုံးလာပြီး အန်တီဝမ်နှင့် ကိစ္စပြတ်ချင်နေပြီဖြစ်၏။


ထို့ကြောင့် အန်တီဝမ်ကို သူခိုးဟုစွပ်စွဲပြီး ပထုတ်ရန် အကွက်ချကြံစည်ခဲ့သည်။


နှစ်ကိုယ်ကြား စေ့စပ်ညှိနှိုင်းရန်အတွက် လျန့်ယင်းယင်း က တံခါးကို ပိတ်လိုက်၏။လျန့်ယင်းယင်းက အန်တီဝမ်နှင့် နောက်ဆုံးအပေးအယူတစ်ခုလုပ်သည်။


ရွေးချယ်စရာနှစ်ခုရှိ၏။


သူမ ပေးသော ပိုက်ဆံပမာဏတစ်ခုကိုလက်ခံပြီး အလုပ်မှ နုတ်ထွက်ကာ ပျောက်သွားပေးမည်လော။ထိုသို့မဟုတ်ပါက သူခိုးတစ်ဦးအနေဖြင့် ထောင်ထဲဝင်ကာ ပဲထမင်းစားမည်လော။


အန်တီဝမ်က ပထမအချက်ကိုရွေးချယ်ခဲ့သည်။


လျန့်ယင်းယင်းက ဥပဒေနှင့် ကိုင်ပေါက်သောကြောင့် အန်တီဝမ်က ကြောက်စိတ်ဝင်ခဲ့၏။

ရပ်တန့်ရမည့်အချိန်ရောက်ပြီဟု သူမ ခံစားခဲ့ရသည်။


တံခါးပိတ်ဆွေးနွေးပြီးနောက် သူတို့နှစ်ဦး သဘောတူညီမှုရသွား၏။ ကျန်းဟယ်လင်း ရဲခေါ်သည်ကို နှစ်ဦးစလုံးက လိုလားကြမည်မဟုတ်ပေ။


ဤအမှု၌ ပတ်သတ်နေသည့် ငွေပမာဏမှာ အလွန်များသည်။


ရဲစခန်းသို့ ရောက်သွားသောအခါ အန်တီဝမ်က အကြောက်လွန်ပြီး ရဲများအား အိတ်ဖာသွန်မှောက် တစ်စိမကျန်အကုန်ပြောပြတော့၏။


" လျန့်ယင်းယင်း အကုန်ကြံစည်တာ! အဲ့ဟာမက အရှက်မရှိဘူး.... ဒရိုင်ဘာနဲ့ဖောက်ပြန်တာကို သူ့ယောက်ျားသိသွားမှာကြောက်လို့ ကျွန်မကိုချောက်ချတာ "


အန်တီဝမ်က နှစ်ကြိမ် သုံးကြိမ်မက သူ့ဘာသူဝန်ခံခဲ့သည်။


လျန့်ယင်းယင်း အကွက်ချစီစဉ်ခဲ့သည်မှာ မှန်သော်လည်း သူမသည် နှုတ်ဆိတ်နေထိုင်ရန်ကိုသာ ရွေးချယ်ခဲ့ပြီး ရဲကို မခေါ်ခဲ့ပေ။ 


ရဲစခန်းသို့ မဟုတ်မမှန် သတင်းပို့ပြီး တစ်စုံတစ်ယောက်ကို ထောင်နန်းစံရအောင်ပြုလုပ်ရန် မလွယ်ကူပါ။


ကျန်းဟယ်လင်းသည် အ‌ခြေအနေအမှန်ကို မသိသောကြောင့် သာမန်လုပ်ထုံးအတိုင်း ရဲခေါ်မိခဲ့သည်။


ဤသည်မှာ မှားယွင်းသောအရာမဟုတ်ပေ။


 ခြိမ်းခြောက်ငွေညှစ်မိသည်မှာ အမှန်ဖြစ်ကြောင်း အန်တီဝမ်က ကိုယ်တိုင်ကိုယ်ကျ ထွက်ဆိုခဲ့သည်။


အဆုံးသတ်၌ ကျန်းဟွမ်သည် လျန့်ယင်းယင်း နှင့် ကျန်းဟယ်လင်းကို အိမ်ပြန်ခေါ်သွား၏။


ပြန်ရောက်သောအခါ ကျန်းဟွမ်က သက်တော်စောင့်များအား ဒရိုင်ဘာကျိုးကို ပညာပေးရန် ခိုင်းစေသည်။


လျန့်ယင်းယင်းက ဒူးထောက်ကာ စာနာထောက်ထားမှုကို တောင်းဆိုသော်လည်း အသုံးမဝင်ပေ။ 


ကျန်းဟွမ်က သူမကို ကွာရှင်းချင်နေသည်။


ကျန်းဟယ်လင်းက ထိတ်လန့်သွားပြီး ကျန်းယန်ရှန့်ကို လှမ်းခေါ်၏။


ကြားဝင်ဖြန်ဖြေမည့်သူကို အရေးပေါ်လိုအပ်နေ၍ စဉ်းစားရန် အချိန်မရှိပေ။


ဤမိသားစု၌  လျန့်ယင်းယင်းကို အမုန်းဆုံးသူမှာ ကျန်းယန်ရှန့်ပင်ဖြစ်သည်။


သို့သော် ကျန်းယန်ရှန့်သည် ယခုဘဝတွင် ဤကဲ့သို့သောပြောင်းလဲမှုမျိုးကို မမျှော်လင့်ထားပေ။ 


ယခင်ဘဝကလည်း ကျန်းဟွမ်တွင် 

အိမ်ပြင်၌ ပွေရှုပ်ထားသော လိုက်ပွဲများစွာရှိခဲ့သည်။


သို့သော် လျန့်ယင်းယင်းအပေါ် အရမ်းမခါးသီးခဲ့။


လျန့်ယင်းယင်းသည်လည်း အိမ်တွင်သာ ကြော့ကြော့မော့မော့နေခဲ့ပြီး အန်တီဝမ်နှင့်ဖြစ်သော ကိစ္စမျိုးပင်မဆိုထားနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် ဆင်တူသော ဖြစ်ရပ်မျိုးပင် မဖြစ်ခဲ့ဖူးပေ။


ဤအရာများသည် ချည်မျှင်မွှားတစ်ခုချင်းစီမှ ကြိုးတစ်ချောင်းအသွင်သို့ ကူးပြောင်းလာခြင်းနှင့်တူသည်။


"နင်တို့နှစ်ယောက် အခန်းပြန်ကြတော့ "


ကျန်းယန်ရှန့်က ကြောက်ရွံ့ထိတ်လန့်နေသော ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြော၏။


ကျန်းဟယ်လင်းက တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ကျန်းယန်ရှန့်က စကားပိတ်ပြောသည်။


 


 " နင်တို့အရွယ်နဲ့ ဒီမှာရှိနေလည်းအပိုပဲ...လူကြီးတွေကိစ္စကို ဝင်ပါလို့မရဘူး...သွားကြတော့ "


ကျန်းယန်ရှန့်က ရှေ့ဆက်သွားပြီး တံခါးခေါက်သည်။


" ဘယ်သူလဲ " ဆိုသည့် ကျန်းဟွမ်ထံမှမေးခွန်းကို မဖြေဘဲ 


ကျန်းယန်ရှန့်က တံခါးဖွင့်ဝင်သွား၏။


 "အစ်မအကြီးဆုံးက အဖေနဲ့ အမေ ကွာမရှင်းအောင် တားပေးနိုင်မှာလား "  ကျန်းရှို့ချန်က ကျန်းဟယ်လင်းအား မေးသည်။


" ငါလည်းမသိဘူး "


ကျန်းဟယ်လင်း ယခု၌ အနည်းငယ် စိတ်ကြည်လာ၏။


သို့သော်လည်း အစ်မအကြီးဆုံးက သူမတို့၏အမေဘက်မှ ကာကွယ်ပြောဆိုပေးမည်ဟု မသေချာသေးပေ။


ကျန်းဟယ်လင်း၏ မျက်နှာပေါ်၌ စိုးရိမ်နေသောအငွေ့အသက် ပေါ်ပေါက်လာသည်။


ကျန်းယန်ရှန့် တံခါးကိုဖွင့်လိုက်၏။

စားပွဲ ၊ကုလားထိုင် သို့မဟုတ် ဆိုဖာပေါ်တွင် ထိုင်နေရမည့်အစား ကျန်းဟွမ်သည် ရွှေရောင်ဓားကိုကိုင်လျက် ကော်ဖီစားပွဲပေါ်တွင် ထိုင်နေသည်။ 


လျန့်ယင်းယင်း၏မျက်လုံးအိမ်များ၌  မျက်ရည်များဖြင့်ပြည့်နှက်နေပြီး ကျန်းဟွမ်၏ ခြေထောက်ကိုဖက်ကာ အသည်းအသန်တောင်းပန်‌နေ၏။


 “ တစ်ခါတော့ ခွင့်လွှတ်ပေးပါ…..... ”


" ဘာလို့ပြန်လာတာလဲ...ဒီနေ့ပြန်မလာဘူးဆို " ကျန်းဟွမ်က ကျန်းယန်ရှန့်အား လှမ်းမေးသည်။


" ပြန်မလာလို့မှ မရတာကို....အခုမှပြန်သွားစေချင်လို့လား "


ကျန်းဟွမ်က တောက်ခေါက်၏။


လျန်းယင်းယင်းသည် ကျန်းယန်ရှန့်အား လွန်စွာ လွမ်းဆွတ်နေပုံရသည်။သူမက ကုန်းရုန်းထပြီး ကျန်းယန်ရှန့်ဆီသို့ ပြေးလာ၏။


" ယန်ယန်ရေ ယန်ယန် ! "


ကျန်းယန်ရှန့်ထံ၌ လျန့်ယင်းယင်းနှင့် အသားချင်းထိလိုစိတ် မရှိပေ။ ကျန်းယန်ရှန့်က လျန့်ယင်းယင်းအလာကို ရှောင်လိုက်သည်။


ထို့နောက် အရှိန်လွန်သွားသောလျန့်ယင်းယင်း၏ လက်မောင်းအားဖမ်းဆွဲလျက်ထိန်းပေးကာ သူမနှင့်ခပ်ဝေးဝေးသို့ တွန်းလိုက်၏။


သို့သော်လည်း လျန့်ယင်းယင်းက ကျန်းယန်ရှန့်ကို ခွစီးမတတ် ဖြစ်ပျက်နေသည်။


" ယန်ယန် ! ယန်ယန် ! သမီးအဖေကိုပြောပေးပါဦး မဟုတ်ရင်  ဟယ်ဟယ့်မှာ အမေရှိတော့မှာ မဟုတ်ဘူး "


" သောက်ပေါက်ပိတ်ထား! ယန်ယန့်ကိုဆွဲမထည့်နဲ့!” ကျန်းဟွမ်က မတ်တပ်ထရပ်ပြီး ‌လက်ညိုးငေါက်ငေါက်ထိုးလျက် ဒေါသတကြီးကျိန်ဆဲသည်။


 " ဟယ်ဟယ့်အကြောင်းကို ဘယ်လိုမျက်နှာနဲ့ပြောရဲသေးတာလဲ ! "


လျန့်ယင်းယင်း က ပိုပြောချင်သေးသည်။


သို့သော်ကျန်းယန်ရှန့်က သူမ၏လက်မောင်းကိုလှမ်း‌ဆွဲပြီးတား၏။


လျန့်ယင်းယင်းမှာ ဟန်ချက်ပျက်သွားပြီး ဖင်ထိုင်ရက်လဲကျတော့မတတ်ဖြစ်သွားသည်။


" မင်း ....ထွက်သွားစမ်း " 


 " စကားနည်းနည်းပြောကြည့်မယ် " ကျန်းယန်ရှန့်က လျန့်ယင်းယင်းအား ပြော၏။


လျန့်ယင်းယင်းက အောက်နှုတ်ခမ်းကို တစ်ချက်ကိုက်ပြီး ကျန်းဟွမ်ကိုလှမ်းကြည့်သည်။


ကျန်းဟွမ်က လက်တစ်ဖက်ဖြင့် ခါးထောက်ထားလျက် ကျန်လက်တစ်ဖက်အား တံခါးပေါက်ဘက်ကို အပြင်းအထန်ဝှေ့ယမ်းကာ လျန့်ယင်းယင်းကို‌ မောင်းထုတ်နေ၏။


  “သွား! ထွက်သွား!"


လျန့်ယင်းယင်းသည် တရွေ့ရွေ့ဖြင့် ထွက်သွားနေရင်း လည်ပြန်ကြည့်ကာ မကြားတကြားပြောနေသည်။


   "ဟယ်ဟယ့်အတွက် စဉ်းစားပါဦး "


လျန့်ယင်းယင်းထွက်သွားသောအခါ ကျန်းဟွမ်က နက်ကတိုင်ကို ဆွဲလျှော့လိုက်ပြီး ရေရွတ်၏။


" သောက်ရေးမပါတာတွေ ! "


 “လျန့်ယင်းယင်းနဲ့ ကွာရှင်းပြီး ဘယ်သူနဲ့ ယူမလို့လဲ.... နာမည်မကြီးသေးတဲ့ ရွက်ပုန်းသီး ကြယ်ပွင့်လေးနဲ့လား "


ကျန်းယန်ရှန့်က  အေးစက်စွာမေးသည်။


ကျန်းဟွမ်သည် သူသတိမထားမိချိန်မှာပင် အရှက်ရနေပြီဖြစ်၏။


Xxxxxxxx