Part 279
အချို့သော နစ်နာမှုများသည် လက်စားချေရန်လိုအပ်သည်။
ဥပမာဆိုရသော်
ဘဝ၏အမုန်းတရားနှင့် သေခြင်းများအတွက်ဖြစ်၏။
ကျန်းယန်ရှန့်သည် အချိန်မတန်သေးသောကြောင့် မလှုပ်ရှားနိုင်ခဲ့ပေ။
သူမရှာနေသောသူကို မည်သည့်နေရာတွင် သွားရှာရမှန်းမသိဖြစ်နေခဲ့သည်။
သူမကောလိပ်တက်နေသော ဤခရစ္စမတ်အကြိုနေ့အထိ ဖြစ်၏။
ခရစ္စမတ်အကြိုသည် ထူးခြာသောအချိန်ကာလဖြစ်၍မှတ်သားရလွယ်ကူသည်။
အတိတ်ဘဝတွင် သူမနှင့်သူမ၏အတန်းဖော်များသည် ခရစ္စမတ်အကြိုနေ့တွင် ဤဘားသို့ ပျော်ပါးရန်လာခဲ့ကြပြီး ဟွမ်ကျဲ နှင့်တွေ့ဆုံခဲ့ရ၏။
နောက်ပိုင်းတွင် ယွဲ့စုန့် သည် သီးသန့်ခန်းထဲသို့ ဖောက်၀င်လာပြီး ဟွမ်ကျဲ ကို အနိုင်ပိုင်းကာ ကျန်းယန်ရှန့်ကို ကယ်တင်ခဲ့သည်။ ထိုအချိန်က ယွဲ့စုန့်၏ရှပ်အင်္ကျီအဖြူပေါ်တွင် ဟွမ်ကျဲ၏သွေးများဖြင့် ပေပွနေခဲ့၏။
ကျန်းယန်ရှန့်သည် အမှောင်ကျနေသောထောင့်စွန်းဝိုင်းတစ်ခုတွင် ထိုင်ကာ သူမ၏ယခင်ဘဝက အတန်းဖော်များကို စိုက်ကြည့်နေသည်။
သူတို့ထဲမှ အများစုမှာ ဓနငွေကြေးပြည့်စုံသည့်အိမ်မှ သားသမီးများဖြစ်ကြ၏။
သို့သော်လည်း တက္ကသိုလ်မတက်နိုင်ကြပေ။
ထို့ကြောင့် ဒီပလိုမာတစ်ခုကို ပိုက်ဆံနှင့်လဲလှယ် ယူထားကြ၏။
အနည်းဆုံးတော့အထက်တန်းအောင်လက်မှတ် တစ်ခုတည်းသာရှိသည်ဟုပြောစရာမလိုတော့ပေ။
ဤနေရာတွင် လူဆိုးစစ်စစ်များမရှိ။၎င်းတို့သည် မိသားစုအခြေအနေကြောင့် ဖောက်ပြန်ပျက်စီးသွားသော ကလေးများသာဖြစ်သည်။ အနည်းငယ်တုံးပြီး တစ်စွတ်ထိုးဆန်သည့် အငွေ့အသက်ရနေ၏။
သူမနှင့်အတန်းဖော်မဟုတ်သော လူအနည်းစုလည်း ရှိသည်။ထိုသူတို့သည် အတန်းဖော်အသီးသီး၏သူငယ်ချင်းများ ဖြစ်ကြ၏။
ဟွမ်ကျဲ လည်း ရောက်လာမည်ဖြစ်သည်။
ကျန်းယန့်ရှန့်၏အတန်းဖော်များထဲမှ တစ်ယောက်သည် ဟွမ်ကျဲ နှင့် ခင်မင်ရင်းနှီး၏။
ထိုနေရာသို့သွားထိုင်ကာ စကားဝိုင်းထဲသို့ဝင်ရောနှောရမည်လော။
သို့မဟုတ် ဟွမ်ကျဲ ပေါ်လာသည့်အချိန်အထိ တိတ်တိတ်လေးထိုင်စောင့်ရမည်လော။
ကျန်းယန်ရှန့် ဝေခွဲမရဖြစ်နေသည်။
ပထမတစ်ချက်အတိုင်းပြုမူပါက ဟွမ်ကျဲ ရောက်လာသည့်အခါ သူမ၏ဖြစ်တည်မှုက ပို၍သဘာဝကျသွားမည်ဖြစ်၏။
သို့သော်လည်း သူမ၏ စိတ်ထဲတွင် ယခင်ဘဝက ဤအတန်းဖော်များနှင့် မပတ်သတ်ချင်တော့ပါ။
ထို့ကြောင့် နောက်ဆုံးတွင် ကျန်းယန်ရှန့်က ငြိမ်ငြိမ်သာထိုင်နေလိုက်တော့သည်။
ထို့နောက်တွင် ဟွမ်ကျဲ နှင့် ဝမ့်ချမ်တို့က အတူရောက်လာကြ၏။
သူတို့နှစ်ဦးအတူပေါ်လာမည်ဟု ကျန်းယန်ရှန့် မထင်ထားခဲ့ပေ။
အတိတ်ဘဝတွင် သူမသည် အထက်တန်းကျောင်းပြီးကတည်းက ဝမ့်ချမ်နှင့် အဆက်အသွယ်ကောင်းကောင်းမရှိတော့။
စိတ်ကောင်းဝင်ချိန်တွင် ဝမ့်ချမ်၏ပို့စ်များကို
Likeနှိပ်ရုံသာရှ်ိခဲ့သည်။ ကျန်းယန်ရှန့်သည် တဖြည်းဖြည်း သူမတို့နှင့် ခပ်ခွာခွာနေခဲ့၏။
ကျန်းယန်ရှန့် အချိန်အတော်ကြာ စိုက်ကြည့်နေမိသည် ။ ဝမ့်ချမ် နှင့် အတူလိုက်ပါလာသူမှာ ဟွမ်ကျဲ ဖြစ်ကြောင်းကျိန်းသေ၏။
ဟွမ်ကျဲသည်ဆံပင်ကို အရောင်တောက်တောက်ဆိုးထားပြီး သူ၏လည်ပင်းတွင် သိသာထင်ရှားသောတက်တူးကို ထိုးထားသည်။
ကျန်းယန်ရှန့်၏အာရုံကို ပထမဆုံးဆွဲဆောင်နိုင်ခဲ့သည်မှာလည်း ဤတက်တူးပင်ဖြစ်သည်။
လက်ရာကအမှန်တကယ် ပြောင်မြောက်လွန်း၏။
ကျန်းယန်ရှန့်သည် ဤခရစ်စမတ်အကြိုနေ့တွင်တွင် ဟွမ်ကျဲနှင့်တွေ့ခဲ့သည်။
တက်တူးအကြောင်း ချီးမွမ်းပြီးနောက်ပိုင်းတွင် နှစ်ယောက်သား ခင်မင်ရင်းနှီးသွား၏။နောက်ပိုင်းတွင် ဟွမ်ကျဲသည် ကျန်းယန်ရှန့်ကို သူ၏တက်တူး artistနှင့် မိတ်ဆက်ပေးခဲ့ပြီး ကျန်းယန်ရှန့်သည်လည်း တက်တူးများကို တဖြည်းဖြည်း စွဲလန်းလာခဲ့သည်။
ဟွမ်ကျဲသည် အလွန်ပျော်တတ်ပြီး သူမရှေ့ရှိ ဤကောလိပ်အတန်းဖော်များထက်ပင် ပေါင်းသင်းဆက်ဆံရေးပိုကောင်းသေး၏။
ကျန်းယန်ရှန့်သည် ဟွမ်ကျဲနှင့်အရင် ရင်းနှီးခဲ့ပြီး ထို့နောက်ပိုင်းမှသာ အခြားလူများအား ပလေးတတ်သွားခြင်းဖြစ်သည်။
သူမသေဆုံးချိန်အထိပင်။
သို့သော် ကျန်းယန်ရှန့်သည် ဟွမ်ကျဲ နှင့် ဝမ့်ချမ်တို့ အချင်းချင်း ခင်မင်ရင်းနှီးကြကြောင်းမကြားဖူးပေ။
သူမကို သတ်ခဲ့သူမှာ ဟွမ်ကျဲဖြစ်သည်။
ဝမ့်ချမ်သည် ရယ်မောလျက် စကားဝိုင်းထဲသို့ လျင်မြန်စွာပင် ဝင်ရောလိုက်နိုင်ပုံကို ကျန်းယန်ရှန့်က ထိုင်ကြည့်နေ၏။
ဝမ့်ချမ်သည် ရှုလီချန်ကဲ့သို့ပင် ဆိုရှယ်ကောင်းပြီး မိတ်ဆွေအမြန်ဖွဲ့နိုင်သူဖြစ်သည်။
သို့သော် ကျန်းယန်ရှန့်မှာမူ ထောင့်တစ်နေရာတွင် ထိုင်နေလျက် သူမ၏ လက်ဖျားခြေဖျားများက အေးစက်လာတော့၏။
သူမ အဖြေမထုတ်နိုင်သည့် အရာအချို့ရှိသည်။
ထိုအရာများအကြောင်း သူမစဉ်းစားမိချိန်တွင်
တွေးနေဖို့မတန်ကြောင်း သူမ၏ဦးနှောက်က သတိပေး၏။
ကျန်းယန်ရှန့်သည် သူမ၏ ကုတ်အင်္ကျီနှင့် ဦးထုပ်ကို ဆွဲယူလိုက်ပြီး သူတို့၏စားပွဲရှေ့မှ အမြန်ဖြတ်သွားလိုက်သည်။
သူမ၏ပိန်သွယ်ပြီး အနေတော်ရှိသည့်ကောက်ကြောင်းနှင့် ကြည့်ပျော်ရှုပျော်ရှိသော ကျောပြင်ပုံစံကို
တစ်စုံတစ်ယောက်က သတိထားမိသွား၏။
သို့သော် ခရစ္စမတ်အကြိုနေ့တွင် ဘားလမ်း၌ လှပပြီး ဖက်ရှင်ကျသည့် မိန်းကလေးများ ပြည့်နှက်နေသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။
ထို့ကြောင့် အတန်းဖော်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ကျန်းယန်ရှန့်သည် အပြင်သို့မရောက်မချင်း အသက်ဝဝမရှူနိုင်ခဲ့ပေ။
အေးစက်ခြောက်သွေ့သောလေထုက သူမ၏မျက်နှာပေါ်သို့ ရိုက်ခတ်နေသည်။
အသက်ရှူကြပ်ခြင်းမှ အနည်းငယ်သက်သာရာရသွားသော်လည်း သူမ၏ရင်ထဲတွင် ကျောက်တုံးထည့်ထားသကဲ့သို့ လေးလံနေပြီး စိတ်ခံစားချက်လည်း မကောင်းတော့ပေ။
မွေးဖွားခြင်း၏အစသို့ ပြန်ရောက်သွားသကဲ့သို့
စိတ်တိုဒေါသထွက်လာသည်။ပြည့်နှက်လာသောရန်ငြိုးက သူမ၏ နှလုံးသားထဲအထိ ပျံ့နှံ့သွား၏။
သူမ အတွေးလွန်နေပြီဖြစ်သည်။
ကျန်းယန်ရှန့် ခရစ္စမတ်အကြိုနေ့တွင် လမ်းပေါ်၌ရှိနေကြသော လူများကို ကြည့်ပြီး သူမကိုယ်သူမ ပြန်သုံးသပ်ကြည့်၏။
သူမ၏ ယခင်ဘဝက သူငယ်ချင်းဆက်ဆံရေးသည် အပေါ်ယံအခွံသပ်သပ်သာဖြစ်ခဲ့သည်။
ဆယ်ကျော်သက်အရွယ် မိန်းကလေးများတွင် ဖြူစင်ပြီးနက်ရှိုင်းသည့်စိတ်ရင်းရှိကြသည်ဟု ဆိုကြ၏။
ဤစကားမှာ လုံးဝမမှန်ပေ။
လမ်းပေါ်တွင် သွားလာနေကြသောလူအုပ်ကြီးကို သူမ အကြာကြီး ရပ်ကြည့်နေမိသည်။
ထို့နောက် သူမသည် ခရစ္စမတ်အကြိုနေ့ဖြစ်ကြောင်းကို သတိရလိုက်ပြီး သူမ၏ဖုန်းကို ထုတ်ကာ ရှုလီချန်ကို ဆက်သွယ်လိုက်သည်။
သူလည်း အပြင်ရောက်နေနိုင်၏။
ကျန်းယန်ရှန့်က ဖုန်းမခေါ်ဘဲ မက်ဆေ့ခ်ျသာပို့သည်။
' မက်ဆေ့ခ်ျမြင်ရင် ဖုန်းပြန်ခေါ် '
အချိန်အတော်ကြာမည်ဟု သူမ ထင်ခဲ့သော်လည်း နှစ်မိနစ်အတွင်း၌ပင် ရှုလီချန်ထံမှ ဖုန်းဝင်လာခဲ့၏။
ရှုလီချန်သည် အရက်သောက်နေရင်း ဟန်းဖုန်း၌ပေါ်လာသော ကျန်းယန်ရှန့်၏ မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။
ကျန်းယန်ရှန့်သည် ခရစ္စမတ်အကြိုနေ့ တွင်
' မယ်ရီခရစ္စမတ် ' ဟုလှမ်းပြောမည့်သူတော့မဟုတ်ပေ။
ဉာဏ်ကြီးရှင်ရှုလီချန်က ကိစ္စတစ်ခုခုရှိနေမည်ကို သေချာသိသည်။
မကောင်းသောကိစ္စ ဖြစ်နိုင်ခြေက ပိုမြင့်မား၏။
ရှုလီချန်က တိတ်ဆိတ်သောနေရာကို အမြန်ရှာပြီး
ကျန်းယန်ရှန့်ထံ ဖုန်းဆက်သည်။
" ဟယ်လို ကျန်းယန်ရှန့် ဘာဖြစ်လို့လဲ "
ခန့်မှန်းချက်မှာ မှန်ကန်၏။
ကျန်းယန်ရှန့်၏ပါးစပ်မှ " မယ်ရီခရစ္စမတ် " နှင့် ဆင်တူသောစကားမျိုးပင် ထွက်မလာချေ။
ကျန်းယန်ရှန့်က ချက်ချင်းဆိုသလိုမေးသည်။
" အရင် အတန်း(၈)က လူတွေနဲ့ အဆက်အသွယ်ရှိသေးလား"
“အင်း...ဘာကိစ္စရှိလို့လဲ အတန်း(၈) ကို ဘာလို့ ရုတ်တရက်ကြီး သတိရသွားတာလဲ "ရှုလီချန်ကမေးသည်။
" ဝမ့်ချမ် ရဲ့ လတ်တလော အခြေအနေကို စုံစမ်းပေးပါ "
ဝမ့်ချမ်သည် ဤဘဝတွင် ရှုလီချန် ၊ ကျန်းယန်ရှန့်တို့နှင့် ခေတ္တသာ ပတ်သတ်ခဲ့ပြီး အားလုံးက ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြသည်။
ကျန်းယန်ရှန့်သာ အစမဖော်ပါက ရှုလီချန်သည် ဝမ့်ချမ်အား မေ့လုနီးနီးပင်ဖြစ်နေမည်ဖြစ်၏။
ကျန်းယန်ရှန့်ထံမှ ထိုနာမည်ကို ကြားလိုက်ရသောအခါ ရှုလီချန်၏ခေါင်းထဲသို့ဝင်လာသည်က ဝမ့်ချမ်၏အကြောင်းမဟုတ်ပေ။
Hမြို့တွင်ရှိနေစဉ်က မက်ခဲ့သည့် ထူးဆန်းသည့်အိပ်မက်အကြောင်းသာဖြစ်သည်။
" အေးပါ... ငါစုံစမ်းကြည့်မယ် "
ရှုလီချန်က မဆိုင်းမတွပင် သဘောတူသည်။
“ ဒါနဲ့ မင်းက ဘယ်မှာလဲ "
ကျန်းယန်ရှန့်ဘက်မှ ကားသံနှင့် ဆူဆူညံညံ
အသံများကို ဖုန်းထဲမှတစ်ဆင့်ကြားနေရသည်။
" ငါအပြင်ရောက်နေတာ " ကျန်းယန်ရှန့်က ဖြေ၏။
" လောင်ယွဲ့က ဘယ်မှာလဲ"
"သူ ဒီနေ့ လုပ်စရာရှိတယ်"
" မင်းအဆင်ရောပြေရဲ့လား " ရှုလီချန်ကမေးသည်။
" ငါလား... ပြေတယ်လေ ... ပြေတာပေါ့ "
ကျန်းယန်ရှန့်၏လေသံက နှေးကွေးနေပြီး အမှန်တကယ်အဆင်ပြေပုံမရပေ။
Xxxxxxxx
Part 280
ကျန်းယန်ရှန့် အဆင်မပြေဖြစ်ကြောင်း ရှုလီချန် လောင်းကြေးထပ်ရဲသည်။
" အေးပါ ဂရုစိုက် "
ရှုလီချန်ကဖုန်းချလိုက်ပြီး ယွဲ့စုန့်ဆီချက်ချင်း ဖုန်းခေါ်၏။
" ဘယ်မှာလဲ ယန်ရှန့်သိပ်မူမမှန်ဘူး "
" ဘာဖြစ်လို့လဲ " ယွဲ့စုန့်က အနည်းငယ် အံ့ဩသွားသည်။
" မသိဘူး ဖုန်းပြောကြည့်တော့ တစ်ခုခုဖြစ်နေသလိုပဲ...ကြားရသလောက်တော့ အပြင်ရောက်နေတာထင်တယ် "
"သိပြီ ငါသွားရှာလိုက်မယ် " ယွဲ့စုန့်က ဖြေ၏။
ထို့နောက်သူက ကျန်းယန်ရှန့်ကို ချက်ချင်းဖုန်းလှမ်းဆက်သည်။
" ကိုယ်လာခေါ်မယ် ဘယ်ရောက်နေလဲ "
အချိန်မှာ အနည်းငယ်စောနေသေး၍ ကျန်းယန်ရှန့် အံ့ဩသွား၏။
“ အလုပ်က ပြီးသွားပြီလား " ကျန်းယန်ရှန့်က မေးသည်။
“ ဟင့်အင်း...ဒါပေမဲ့ ကိစ္စမရှိဘူး... ကိုယ်မင်းကိုလာခေါ်မယ် "
ကျန်းယန်ရှန့်သည် ခဏတာ ငြိမ်သက်သွား၏။
" အင်းပါ...ကျွန်မရောက်နေတာက..." သူမက ယွဲ့စုန့်အား တည်နေရာကို ပြောပြလိုက်သည်။
ရှုလီချန်၏ စကားမှာ မှန်ကန်၏။
ကျန်းယန်ရှန့်ထံတွင် အခြေအနေတစ်ခုခုရှိနေသည်မှာကျိန်းသေသည်။ပုံမှန်အားဖြင့် ယွဲ့စုန့်ဤကဲ့သို့ပြောသောအချိန်များ၌ သူမသည် သဘောမတူတတ်ချေ။
" အလုပ်ပဲအာရုံစိုက်ပါ ကျွန်မက အဆင်ပြေတယ် "
ဤသည်က ကျန်းယန်ရှန့်၏ လက်သုံးစကားပင်။
ယွဲ့စုန့်သည် ဖုန်းချလိုက်ပြီး သီးသန့်ခန်းဆီသို့ အမြန်ပြန်သွားသည်။
ထို့နောက် အဘိုးကြီးယွဲ့၏ နားနားသို့ကပ်၍ တီးတိုးပြောလိုက်၏။
အဘိုးယွဲ့ က အံ့အားသင့်သွားသော်လည်း
“သွား... သွား” ဟု ပြောရှာသည်။
ယွဲ့စုန့်သည် လူကြီးများကို တောင်းပန်ပြီး အမြန်ထွက်သွားတော့၏။
“ ရှောင်ယွဲ့က ဘာဖြစ်တာလဲ "
"သူ့သူငယ်ချင်းတစ်ယောက်နဲ့ တစ်ခုခုလုပ်စရာရှိလို့တဲ့... ဘာကိစ္စမလို့ ဒီလောက်ထိဖြစ်နေရတာလဲတော့ မသိဘူးကွာ " အဘိုးကြီးယွဲ့ချီဖုန်းက ခပ်ပေါ့ပေါ့သာပြောလိုက်သည်
မြေးဖြစ်သူမှာ အမြဲလိုတည်ငြိမ်သော်လည်း
ဤကဲ့သို့ အခြေအနေမျိုးလည်းရှိတတ်သေး၏။
တစ်စုံတစ်ယောက်က ရုတ်တရက် ရယ်မောလိုက်သည်။
“အဟက် ...ဟက်.... အရမ်းတုံးတာပဲ ငါ့ကောင်ရာ "
" တုံးတာက မင်း " အဘိုးကြီးယွဲ့က ပြန်ပက်၏။
"ဟားဟား...ငါက တုံးတယ်လို့ပြောရင် တကယ်ကိုတုံးလို့ပဲ...ဒီနေ့ ဘာနေ့လဲ သိလား...ခရစ္စမတ်အကြိုကွ! "
အဘိုးကြီးယွဲ့မှာ ဆိုလိုရင်းကို နားမလည်နိုင်သေး။
" အနောက်တိုင်းပွဲတော်တွေနဲ့ မရင်းနှီးဘူးကွ ငါက ! "
" တုံးလိုက်တာ မင်းမြေးက အရွယ်ရောက်လာပြီလေ "
ခေတ်သဘောသဘာဝကို လိုက်မမီသည့် အဘိုးကြီးယွဲ့တစ်ယောက် အလှောင်ခံလိုက်ရသည်။
" ခရစ္စမတ်နေ့နနဲ့ ခရစ္စမတ်အကြိုနေ့က ချစ်သူများနေ့လိုပဲကွ ! ငါ့မြေးမလေးကတော့ ဒီနေ့ သူ့ရည်းစားနဲ့ လျှောက်လည်ဖို့ ထွက်သွားပြီ "
“မင်းဆိုလိုတာက.…” အဘိုးကြီးယွဲ့ ၏စကားလုံးများ ပျောက်ရှကုန်သည်။
တခြားအဘိုးကြီးများက တဟားဟားရယ်ကြတော့၏။
“ ရည်းစားလေ...ရည်းစားဆီသွားတာပေါ့ကွ !"
ထိုအခါအဘိုးကြီးယွဲ့က မျက်ခုံးကိုပင့်ကာ စားပွဲခုံကို ဝမ်းသာအားရ လက်ဖြင့်ထုသည်။
" ဒီကောင်လေးပြန်လာရင် မေးပြီပဲ စောင့်နေလိုက်ကြတော့ကွာ ! "
ယွဲ့စုန့် ကျန်းယန်ရှန့်ကိုရှာတွေ့သောအခါ သူမသည် လမ်းမပေါ်၌ ကားများပိတ်ဆို့နေသည်ကို ထိုင်ကြည့်လျက်ရှိ၏။
ကျန်းယန်ရှန့်၏အမူအရာမှာ မူမမှန်ပေ။
"ယန်ရှန့်"
ယွဲ့စုန့်က ကားပေါ်မှဆင်းကာ ကျန်းယန်ရှန့်ဆီ အမြန် လျှောက်သွားသည်။
ခေါ်သံကြောင့် သတ်ိပြန်ကပ်လာသော ကျန်းယန်ရှန့်က ယွဲ့စုန့်အား လှည့်ကြည့်လိုက်၏။
ကျန်းယန်ရှန့်၏လက်များကို ဆုပ်ကိုင်လိုက်သောအခါ အေးစက်နေကြောင်း ယွဲ့စုန့်သိလိုက်ရသည်။
သူမအပြင်၌ မည်သည့်အချိန်ကတည်းက ရပ်နေခြင်းဖြစ်မည်နည်း။
ယွဲ့စုန့်က ကားတံခါးကိုဖွင့်ပြီး ကျန်းယန်ရှန့်ကို ဝင်စေသည်။ထို့နောက် သူကိုယ်တိုင်အပူပေးစက်ကိုဖွင့်လိုက်၏။
" ကား ဘယ်မှာလဲ" ယွဲ့စုန့်က မေးသည်။
" ဒီနေ့ ကားယူမလာဘူး "
ယွဲ့စုန်က ကျန်းယန်ရှန့်၏လက်များ နွေးထွေးစေရန် သူ့လက်များဖြင့် အုပ်မိုးပေးထား၏။
"ဒီနေ့ ဘာဖြစ်လို့လဲ အတန်းဖော်တွေနဲ့ အပြင်မသွားဘူးလား"
ကျန်းယန်ရှန့် မျက်လွှာချ၍ တိတ်ဆိတ်နေလေသည်။
"ယန်ရှန့်..."
ယွဲ့စုန့်က သူမ၏လက်များကို ပို၍ပင်တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာတော့၏။
"ဘာဖြစ်တာလဲ ကိုယ့်ကို ပြော... "
“ဒီနေ့ တစ်ခုခု ကို အမှတ်မထင်သိလိုက်ရတယ်...အချိန်တွေအကြာကြီး သိလာတဲ့သူတစ်ယောက်က ကျွန်မကို ထိခိုက်အောင်လုပ်ခဲ့တယ်ထင်တယ် "
ယွဲ့စုန့်က အတည်အတန့် မေးလိုက်သည်။
"ဘယ်လိုမျိုးလဲ ဘယ်လောက်ထိလဲ "
ကျန်းယန်ရှန့်က အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေသည်။
" တခြားတစ်ယောက်ကိုဆေးပေးပြီး ဆေးစွဲအောင် လုပ်ခိုင်းတာမျိုး "
ကျန်းယန်ရှန့် ပြောလိုက်သည်နှင့်ကားထဲမှ အပူချိန်မှာ ရုတ်တရက် အေးစက်သွားသည်။
သူမလက်ကို ဆုပ်ကိုင်ထားသော ယွဲ့စုန့်၏လက်များ ခပ်တင်းတင်းဖြစ်လာသည်ကို ကျန်းယန်ရှန့် ခံစားလိုက်ရပြီး ယွဲ့စုန်၏မျက်လုံးထဲ၌လည်း ဒေါသမီးများတောက်လောင်နေ၏။
" ဘာမှမဖြစ်ဘူး... ကျွန်မ အဆင်ပြေတယ် "
သူမက ယွဲ့စုန့်၏လက်ကိုအုပ်ပြီး နှစ်သိမ့်ပေးသည်။ တကယ်တမ်းတော့ အဆင်မပြေပေ။
အတိတ်ဘဝ၌ အသက်ပေးရသည်အထိဖြစ်ခဲ့၏။
ကျန်းယန်ရှန့်၏စကားများသည် ယွဲ့စုန့်၏ဒေါသကို ပြေလျော့စေသည်မဟုတ်။
" ဘယ်သူလဲ ... နာမည်ပြော "
" ဒေါသမထွက်ပါနဲ့ "
ကျန်းယန်ရှန့်က ယွဲ့စုန့်၏လက်များကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။
" ကျွန်မဖြေရှင်းနိုင်ပါတယ် "
" ဒီတော့ တစ်ယောက်ယောက်ကြောင့် စိတ်မသက်မသာဖြစ်နေတာပေါ့ "
ယွဲ့စုန့်က မျက်မှောင်ကြုတ်သည်။
" အင်း...ဒီနေ့ မှရုတ်တရက် သိလိုက်ရတာ... အဲ့လူနဲ့တွေ့ဖို့ မမျှော်လင့်ထားဘူး... သူတို့ တစ်ယောက်ကို တစ်ယောက် သိနေကြမယ်လို့ မထင်ထားဘူး… တကယ်ဆိုရင်…”
ကျန်းယန်ရှန့်က သူမ၏လက်ဆစ်များကို ဖိနေသည်။
အမုန်းတရားက အလွန်အေးစက်၏။
ကျန်းယန်ရှန့်က သူမ၏လက်ဆစ်များကို အကြိမ်အနည်းငယ် ဖိနေရင်းက တစ်ခုခုကိုတွေးမိသွားသည့်ပုံစံဖြင့်ရုတ်တရက်ထပြောသည်။
" ကျွန်မမှားနေပြီ ထင်တယ် "
"ယွဲ့စုန့်...ကျွန်မမှာ သက်သေမရှိဘူး...သူတို့နှစ်ယောက်ကို အတူတွဲတွေ့မိလိုက်တာနဲ့ လိုရာဆွဲတွေးမိသွားတယ်..ကျွန်မ အထင်လွဲတာပဲဖြစ်မှာပါ "
ကျန်းယန်ရှန့်က ဆက်ပြောသည်။
" တိုက်ဆိုင်တာပဲဖြစ်မှာပါ... နောက်မှ အချင်းချင်းသိသွားကြတာနေမှာပါ "
ယွဲ့စုန့်က ကျန်းယန်ရှန့်ကို စိုက်ကြည့်နေသည်။
"ယန်ရှန့် ...အဲ့ဒီတစ်ယောက်က မင်းကို ချောက်တွန်းတယ်ဆိုတဲ့ အမှန်တရားကို လက်မခံချင်ဘူးမလား "
“ကျွန်မတို့က သူငယ်ချင်းဖြစ်ခဲ့ဖူးတာကြောင့်လေ...ဒါသာအမှန်ဆိုရင်တော့ အငြိုးကတကယ်ကြောက်စရာကောင်းတယ် "
" အင်းပါ သက်သေမရှိရင်တော့ ကျော်သွားလိုက်လို့ရတယ်" ယွဲ့စုန့်က အေးစက်စွာပြောသည်။
"ဒါပေမဲ့ မင်းကိုဆေးစွဲအောင်ကြံစည်တဲ့သူကိုတော့ လွှတ်မပေးဘူး "
"ဟုတ်ပါပြီ" ကျန်းယန်ရှန့်က ယွဲ့စုန့်၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဒါပေမယ့် စိတ်မပူပါနဲ့...အချိန်မကျသေးဘူး"
ကျန်းယန်ရှန့်၏လက်စားချေခြင်း နိယာမမှာ " တစ်ချက်တည်း အလဲထိုးမည် " ဟူ၍ဖြစ်သည်။
Xxxxxxxx