Chapter 1
Viewers 1k

🏫 Chapter 1



"ချီဖန့် အဖြေက ဘာလဲ..."


ချီဖန့် သတိပြန်ဝင်လာပြီးနောက် သူက စာသင်ခန်းထဲ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးနားရှိအတန်းဖော်များက သူ့ကို တိတ်ဆိတ်စွာကြည့်နေကြပြီး စကားမပြောဝံ့ကြချေ။ စင်မြင့်ပေါ်တွင် ရပ်နေသောဆရာက သူ့ကို ဒေါသတကြီးကြည့်နေခဲ့သည်။


ငါ ဘယ်ရောက်နေတာလဲ...


ချီဖန့် ခဏခန့် ဘာလုပ်ရမည်မသိ ဖြစ်သွားပြီး မသိစိတ်အရ သူ့စားပွဲခုံပေါ်ရှိ တရုတ်စာရွက်ကို ငုံကြည့်လိုက်သည်။ သို့သော် ဆရာမေးနေသည့် မေးခွန်းကို သူ မသိချေ။


ထိုအချိန်တွင် သူ့ဘေးရှိ ကောင်မလေးက သူ့ဘက်သို့ တိတ်တဆိတ် စာရွက်တွန်းပို့လာပြီး ခုနှစ်ခုမြောက်မေးခွန်းတွင် စက်ဝိုင်းကြီးတစ်ခုဝိုင်းပေးထားခဲ့သည်။


တရုတ်စာဆရာက စာရွက်ကိုတင်ကာ စကားပြောတော့မည့်အချိန်တွင် ချီဖန့်ပြောလာသည်ကို ကြားလိုက်ရသည်။ 

"B ပါ..."


တရုတ်စာဆရာ၏ကြိမ်းမောင်းမှုရပ်သွားပြီး သူ့မျက်နှာပေါ်ရှိအမူအရာက ပြေလျော့သွားသော်လည်း မျက်မှောင်ကြုတ်နေဆဲဖြစ်သည်။ 

"ကောင်းပြီ...ငိုက်မနေနဲ့ ပြန်ထိုင်တော့..."


ချီဖန့်က နာခံစွာပြန်ထိုင်ပြီး သူ့ဘေးရှိ ကောင်မလေးကို အသံတိုးတိုးဖြင့် ကျေးဇူးတင်လိုက်သည်။ 


ထိုကောင်မလေးမှာ စာရွက်တွန်းပေးသည်မှာ သူမ မဟုတ်သကဲ့သို့ စာရွက်ကိုသာ တည့်မတ်စွာကြည့်နေခဲ့သည်။


ချီဖန့်က အပြုံးတစ်ခုဖြင့် အကြည့်လွှဲပြီး သူ့အရှေ့ရှိ စားပွဲခုံကိုကြည့်လိုက်သည်။ စားပွဲက သန့်ရှင်းနေပြီး ဘောပင်အိတ်နှင့် စာအုပ်အချို့ရှိနေကာ ဘေးနားတွင် တရုတ်စာစာရွက်ရှိနေသည်။


ချီဖန့်က စာရွက်ကိုကောက်ကိုင်ပြီး သံသယစိတ် အနည်းငယ်ဖြင့် ကြည့်လိုက်သည်။ စာမေးပွဲစာရွက်ပေါ်တွင် ရေးထားသောနာမည်က ချီဖန့်ဖြစ်ပြီး သူ့လက်ရေးနှင့် ဆင်သော်လည်း သူ့ထက် များစွာ မရင့်ကျက်သေးပုံရသည်။


သို့သော် သူအောက်သို့ဆက်ကြည့်ပြီးနောက် မနေနိုင်ဘဲ နှုတ်ခမ်းများတွန့်သွားခဲ့သည်။


ဒီစာရွက်က... စုစုပေါင်းမှ ၃၆ မှတ်ပဲရှိတယ်...အဖြေမှန်ရွေးအတွက် ၄ မှတ်... အလွတ်ဖြေအတွက် ၁၂ မှတ်... စာစီစာကုံးအတွက် ၁၈ မှတ်... 


ဆရာက ခေါင်းစဉ်မဟုတ်သော စကားလုံးနှစ်လုံးရေးထားခဲ့သည်။


ဒီလူက အရမ်းသနားစရာကောင်းတာပဲ...


ချီဖန့် အပြုံးတစ်ခုဖြင့် ခေါင်းခါကာ စာရွက်ပြန်ချ၍ ဘေးနားတစ်ဝိုက်ကို ကြည့်လိုက်သည်။ သူက စာသင်ခန်းထဲ ရောက်နေပုံရပြီး တတိယတန်းတွင် ထိုင်နေသည်။ ကျောက်သင်ပုန်းပေါ်တွင် ဆရာရေးထားသောစာလုံးများရှိနေပြီး ချီဖန့်ခေါင်းလှည့်၍ အရှေ့တံခါးကို ကြည့်လိုက်သည်။ 


အတန်း ၁-၂...


နည်းနည်းတော့ ရင်းနှီးနေသား...


ချီဖန့်၏သံသယများက ကြီးထွားလာပြီး သူ၏အဖြူအပြာကျောင်းဝတ်စုံနှင့် သူ့ခြေထောက်ပေါ်ရှိဖိနပ်အဖြူကို ငုံ့ကြည့်လိုက်သည်။ 


ဒါက နောက်ပြောင်မှုတစ်ခုလား...


သူ ခေါင်းကိုက်မှုဖြင့် နဖူးပွတ်လိုက်စဉ် မျက်လုံးထောင့်မှ လူတစ်ယောက်ကို တွေ့လိုက်ရသည်။


သူ မယုံကြည်နိုင်စွာ နောက်လှည့်ပြီး နောက်ဆုံးတန်းတွင် နံရံမှီကာထိုင်နေသော ပုံရိပ်ကိုစိုက်ကြည့်လိုက်သည်။ သူ့အာရုံငါးပါးက မပွင့်သေးသော်လည်း ထိုကလေးမှာ သူ သိသူတစ်ယောက်နှင့် တူနေသည်ကို မြင်နိုင်၏။


မဟုတ်သေးပါဘူး...ဂျေမှာ သားတစ်ယောက်ရှိတာလား...


ချီဖန့်၏မျက်လုံးများ ဝိုင်းသထက်ဝိုင်းလာပြီး သူပိုကြည့်လေလေ ထိုသူက ဂျေ၏သားဖြစ်မည်ဟု ခံစားရလေလေဖြစ်သည်။


မီဒီယာတွေရှေ့မှာ အေးစက်ပြီး အပျော်အပါးရှောင်တဲ့သူက... တကယ်တမ်းကျ သူ့သားတောင် ဒီအရွယ်ရောက်နေပြီဆိုတာ မမျှော်လင့်ထားဘူး...


ချီဖန့် အိမ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။


"ဟေး ဟေး..." 

သူ့ဘေးနားရှိကောင်မလေးက ချီဖန့်ကို ခပ်တိုးတိုးခေါ်လာခဲ့သည်။ ချီဖန့်က နောက်လှည့်ကြည့်နေဆဲဖြစ်သည်ကို မြင်ချိန်တွင် ချီဖန့်ကို တံတောင်ဆစ်ဖြင့် ထိုးလိုက်သည်။ ချီဖန့် ရုတ်တရက် ပြန်လှည့်လိုက်ရာ တရုတ်စာဆရာက သူ့အား တည့်တည့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ တရုတ်စာဆရာ၏လက်ထဲရှိစာရွက်က ကြေမွနေပြီဖြစ်သည်။  


ချီဖန့် : ဆိုးလိုက်တာ...


ဤတစ်ကြိမ်တွင် ဆရာက သူ့ကို အခွင့်အရေးအနည်းငယ်မပေးဘဲ ဒေါသတကြီးဖြင့် အနောက်တွင်သွားရပ်နေရန် ချက်ချင်းညွှန်ကြားခဲ့သည်။ ချီဖန့် သူ့ပါးပြင်ကို ကူကယ်ရာမဲ့စွာကုတ်ပြီး စာရွက်ယူကာ အတန်းနောက်ဆုံးသို့ သွားခဲ့သည်။


သို့သော် အတန်းနောက်ဆုံး၌ ရပ်ခြင်းက ထိုကလေးနှင့် ပိုနီးသွားစေခဲ့သည်။


ချီဖန့် ထိုကလေးကို စူးစမ်းစွာကြည့်လိုက်သည်။ ထိုကလေးက နောက်ဆုံးတန်း အနောက်တံခါးနား၌ထိုင်နေပြီး ချီဖန့်က သူ့ဘယ်ဘက်ဘေးတွင် မတ်တတ်ရပ်နေသည်။ ထိုကလေးက ထိုင်ခုံဖော်မရှိဘဲ တစ်ယောက်ထဲထိုင်နေပြီး ချီဖန့်၏ ရှုထောင့်မှကြည့်လျှင် သူ့ခေါင်းနောက်နှင့် အာရုံစိုက်မှုမရှိသော ညာမျက်လုံးကိုသာ မြင်နိုင်လေသည်။


အနီးကပ်ကြည့်လျှင် ထိုကလေး၏ မျက်ခုံးများက ဂျေနှင့် တစ်ထပ်တည်းတူလုနီးပါးဖြစ်နေ၍ ချီဖန့်အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ 


ဒါက အရမ်းတူတာပဲ...ဒီကလေးကနေ ကလေးအမေဘယ်သူလဲဆိုတာ ရှာဖို့ခက်တယ်...


ဂျေ... 


ချီဖန့် ထိုနာမည်ကို စိတ်ထဲမှ ဖြည်းညင်းစွာ ခေါ်လိုက်ပြီး သူ့ခံစားချက်များကို ခဏခန့်မဖော်ပြနိုင်ဖြစ်သွားသည်။


ဂျေက ဒဏ္ဍာရီလာလူတစ်ယောက်ဖြစ်ပြီး သူ့နာမည်နှင့် မိသားစုကို မည်သူမှမသိချေ။ သူက ရုတ်တရက် ပေါ်လာသကဲ့သို့ပင်။ သူ ယွီချီအုပ်စုကို တည်ထောင်ပြီး ငါးနှစ်အတွင်း အခြားကုမ္ပဏီများကို လွှမ်းမိုးကာ တရုတ်နိုင်ငံ၌ အကြီးမားဆုံးအုပ်စုသစ်ဖြစ်လာခဲ့သည်။


ချီဖန့် ဂျေကို လွန်ခဲ့သောသုံးနှစ်က ပါတီပွဲတစ်ခု၌သာ လူချင်းတွေ့ခဲ့ဖူးသည်။ ဂျေက ရုပ်ရည်သာမက အရှိန်အဝါအရ တစ်ခါတွေ့ဖူးရုံဖြင့် ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်သူဖြစ်သည်။


အမှန်တွင် ချီဖန့် ဂျေကို အလွန်လေးစားအားကျသော်လည်း ပါတီပွဲပြီးကတည်းက ဂျေကိုထပ်မတွေ့ရသောကြောင့် ချီမိသားစုက စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ 


မဟုတ်သေးပါဘူး...ခဏလေး... 


ချီဖန့် အေးခဲသွားပြီး ဂျေနှင့် တစ်ပုံစံတည်းနီးပါးတူသော ကလေးကိုထပ်ကြည့်လိုက်သည်။


ဒါက အထက်တန်းကျောင်းစာသင်ခန်းဆို‌တော့ အဲဒီကလေးက ဆယ့်ငါးနှစ်ကျော်လောက်ရှိပြီလို့ဆိုလိုတာပေါ့...ဒါဆို ဂျေက အနည်းဆုံး သုံးဆယ့်ငါးနှစ်ရှိတာလား... မဖြစ်နိုင်တာ...


ချီဖန့် အံ့အားသင့်သွားခဲ့သည်။


ချီဖန့် အကျင့်အရ သူ့လက်အိတ်များကိုဆွဲရန် ကြိုးစားလိုက်သော်လည်း ဗလာဖြစ်နေသည်ကို ခံစားလိုက်ရသည်။


ချီဖန့် ခေါင်းငုံ့ကာ အင်္ကျီလက်ထိပ်ဖျားမှ ဆန့်ထွက်လာသော ဖြူဖြူသွယ်သွယ်လက်များကိုကြည့်ပြီး အတွေးများသွားခဲ့သည်။


ဘာဖြစ်နေတာလဲ...


ဘာမှ မမှန်နေသလိုပဲ...


ချီဖန့် သူ၏ ဖြူဖွေးသွယ်လျသောလက်ကို နောက်ဆုံးမြင်ခဲ့ရချိန်မှာ ဘွဲ့မရမီ အထက်တန်းကျောင်းတက်ချိန်တုန်းကဖြစ်သည်။ ထိုအချိန်တွင် သူက ချမ်းသာသော ဒုတိယမျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သည်။ အထက်တန်းကျောင်းပြီးနောက် သူ့မိဘများက စျေးကြီးသောတက္ကသိုလ်တစ်ခုရှာပေးခဲ့သည်။ ၎င်းက အလွန်စျေးကြီးသော်လည်း ပိုက်ဆံပေးနိုင်သရွေ့‌ကောလိပ်တက်နိုင်သည်။ ချီမိသားစု၏ဒုတိယသားက သူ့အငယ်ဆုံးသားကို အနည်းဆုံး ဘွဲ့ကြိုဘွဲ့တစ်ခုလောက်‌ ရစေချင်သည်။


သို့သော် ချီဖန့်က စာသင်ရသည်ကို မကြိုက်ပေ။ သူတက်ရောက်မည့် တက္ကသိုလ်က တစ်လခန့်မသွားလျှင်ပင် ရှာမတွေ့နိုင်သော နေရာဖြစ်သည်။ ထို့ကြောင့် တက္ကသိုလ်စတက်ပြီးနောက် ချီဖန့်က လှောင်အိမ်ထဲမှ လွတ်လာသော ငှက်တစ်ကောင်ကဲ့သို့ သေခြင်းတရားနောက်သို့ ပျော်ရွှင်စွာလိုက်ခဲ့သည်။


အရက်သောက်ခြင်း၊ ဖဲရိုက်ခြင်း၊ ကားပြိုင်မောင်းခြင်း စသဖြင့် ချီဖန့်အိမ်မပြန်မီ ညတိုင်းကစားခဲ့သည်။


ထို့နောက် တစ်ခုခုမှားသွားပြီး ကားက မီးလောင်သွားခဲ့သည်။


သူ့ခန္ဓာကိုယ်အနှံ့ရှိ မီးလောင်ဒဏ်ရာကြီးများနှင့် ပိုးဝင်ခြင်း နောက်ဆက်တွဲပြဿနာများကြောင့် ချီဖန့် ဆေးရုံတွင် ခြောက်လခန့်လှဲနေခဲ့ရပြီး မရေမတွက်နိုင်သောခွဲစိတ်မှုများလုပ်ခဲ့ရသည်။ ချီဖန့် ခွဲစိတ်ပြီးနောက် သူ့လက်မောင်း၏ အသွင်အပြင်ကိုမြင်ခဲ့ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်က သူမြင်လိုက်တိုင်း သူ့ကို ကြောက်လန့်သွားစေခဲ့သည်။ ထို့နောက်တွင် ချီဖန့် ဘယ်သောအခါမှ အင်္ကျီလက်တိုထပ်မ၀တ်တော့ဘဲ သူ့လက်အိတ်ကို အခြားအချိန်များတွင် မချွတ်တော့ချေ။


ဒါပေမယ့် ငါအခု သက်သာသွားပြီလား...


ချီဖန့် သူ့လက်များကို သေချာကြည့်ပြီး နာ၊ မနာစမ်းကြည့်ရန် ကိုက်ချင်လာခဲ့သည်။ သို့သော် အချိန်အတန်ကြာတုံ့ဆိုင်းပြီးနောက် လက်လျှော့လိုက်သည်။ 


ကိုယ့်ကိုယ်ကိုယ် ကိုက်ဖို့တွေးတာက ရူးမိုက်တာပဲ...


သင်ခန်းစာပြီးဆုံးသွားပြီးနောက် တရုတ်စာဆရာက ဒေါသတကြီးထွက်သွားခဲ့သည်။ ချီဖန့်၏စိတ်ထဲတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အမှန်တွင် အနောက်၌ ရပ်နေရခြင်းက မပင်ပန်းသော်လည်း ရှက်ဖွယ်ကောင်းလှသည်။ ချီဖန့် စိတ်သက်သာရာရသွားပြီး ဘာဖြစ်နေသည်ကိုနားလည်ရန် တစ်ယောက်ယောက်ကိုမေးချင်ခဲ့သည်။ 


"ကောင်းပြီ မင်း ဒီနေ့ဘာတွေဖြစ်နေတာလဲ ချီရှောင်ဖန့်..."  

ချီဖန့်၏နားထဲတွင် ရုတ်တရက် ရှင်းလင်းသောအသံတစ်ခု ထွက်လာခဲ့သည်။ ချီဖန့် အနည်းငယ်ရင်းနှီးသည်ဟု ခံစားနေရစဉ် သူ့ပခုံးက ပြင်းထန်စွာ ပုတ်ခံခဲ့ရသည်။


ချီဖန့် ရှေ့သို့ငိုက်ကျသွားသော်လည်း စားပွဲပေါ် အမြန်လက်ထောက်လိုက်သဖြင့် လဲကျမသွားချေ။ သို့သော် သူ အလွန်စိုးရိမ်နေသောကြောင့် စားပွဲပေါ်ရှိကောင်လေး၏တံတောင်ဆစ်ကိုဖိမိသွားပြီး တစ်ဖက်လူ၏အရေပြားပေါ်ရှိ အပူချိန်ကိုပင် ခံစားမိခဲ့သည်။


ချီဖန့်က သူ့လက်ကိုပြန်ရုတ်လိုက်၏။


ဂျေ၏အသန့်ကြိုက်မှုက လူသိများပြီး သူ့ကလေးတွင်လည်း အလားတူအကျင့်မျိုးရှိပေလိမ့်မည်။


ထိုကလေးက သူထိမိသည်ကို ရိပ်မိသွားပုံရပြီး အေးစက်သောအမူအရာဖြင့် ခေါင်းလှည့်ကာ ချီဖန့်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လာခဲ့သည်။ ချီဖန့် မတုန်လှုပ်မိဘဲ မနေနိုင်ချေ။ ထိုကလေးက ဆယ်ကျော်သက်အရွယ်ဖြစ်သည်မှာ ထင်ရှားသော်လည်း အရှိန်အဝါက အားပျော့မနေချေ။ ချီဖန့် မတုံ့ပြန်နိုင်မီ ခဏခန့် ဖိနှိပ်ခံခဲ့ရသည်။


"တောင်းပန်ပါတယ်..."  

ချီဖန့် တောင်းပန်လိုက်သည်။


ထိုကလေး၏အမူအရာက အုံ့မှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းကာ သူ့မျက်လုံးများက ရေသေကန်ကဲ့သို့တည်ငြိမ်နေ၏။ ထို့နောက် ချီဖန့်ထံမှအကြည့်လွှဲသွားပြီး နံရံကိုစိုက်ကြည့်ပြန်သည်။


ချီဖန့်က ပြုံးလိုက်မိသည်။


"မင်း ဘာလို့ သူ့ကိုတောင်းပန်နေတာလဲ..." 

သူ့ကို ပုခုံးပုတ်လိုက်သော ကောင်လေးက သူ့ပုခုံးပေါ် လက်တင်ပြီး ခပ်တိုးတိုးပြောလာခဲ့သည်။ 

"သွားရအောင်...မဟုတ်ရင် ကန်တင်းမှာ စားစရာကျန်တော့မှာမဟုတ်ဘူး..."


ချီဖန့် အတွန်းခံလိုက်ရပြီး ရှေ့မှသွားခဲ့ရသည်။ သူ နောက်တံခါးမှ ထွက်လာပြီး လမ်းလျှောက်နေစဉ် ဘေးသို့ခေါင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် သူ အသက်ပြင်းပြင်းရှုမိသွားပြီး သူ့ဘေးမှကောင်လေးကို တွန်းထုတ်လိုက်သည်။


 "ဖန်းဇီဖေး မင်းမသေဘူးလား..."


ဖန်းဇီဖေးက သူ့ရှေ့၌ အသက်ရှူကျပ်သေသွားသည်ကို သူ ရှင်းလင်းစွာမြင်ခဲ့ရသည်။ လူကို မြေမြှုပ်သင်္ဂြိုဟ်ပြီးနောက် သူ့တိုက်ခန်းတွင် သူတစ်ယောက်တည်း သုံးရက်ခန့် အရက်ထိုင်သောက်ခဲ့ပြီး နောက်ဆုံးတွင် အမူးလွန်ကာ ဆေးရုံတက်ခဲ့ရသည်။ သို့သော် ယခု ချီဖန့်က သူ့ရှေ့မှ ရင်းနှီးသော ခပ်ဝဝလူကို ကြည့်ပြီး ထိုသုံးရက်အတွင်း သူကျခဲ့သောမျက်ရည်များက ခွေးကျွေးပစ်လိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။


"မင်း ဘာတွေပြောနေတာလဲ...ငါက ဘာလို့သေရမှာလဲ..." 

ဖန်းဇီဖေး ဒေါသထွက်သွားခဲ့သည်။ 


တခြားတစ်ယောက်သာ ဒီလိုလာပြောရဲရင် ငါ သေချာပေါက် မျက်ခွက်ထိုးပစ်မှာ...ဒါပေမယ့် ချီဖန့်က ပုံမှန်ဆို အရမ်းနူးညံ့တဲ့သူပါ...ဒီနေ့မှ ဘာလို့ အရမ်းစိတ်တိုစရာကောင်းနေရတာလဲ...လူပျိုဖော်ဝင်နေလို့များလား...


"ခဏ ခဏလေး..." 


ချီဖန့် သူ့လက်များကိုငုံ့ကြည့်ပြီး သူ့ရှေ့၌ ဖြစ်ပျက်နေသည့်အရာများက ပို၍ ပို၍မထင်မှတ်ဖွယ်ကောင်းလာသည်ဟု ခံစားရခဲ့သည်။ သူ့စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ဘာမှနားမလည်နိုင်ဖြစ်နေသည်။

"ခဏ...ဒီနေရာက...ဘယ်နေရာလဲ..."


"မြို့ရဲ့ အမှတ် ၁ အထက်တန်းကျောင်းက ပထမဆုံး သင်ကြားရေးအဆောက်အဦးနဲ့ အတန်း ၁ -၂ ရဲ့ အနောက်တံခါးလေ..." 

ဖန်းဇီဖေးက မျက်လုံးလှိမ့်ပြပြီး ပြောလာခဲ့သည်။


မြို့ရဲ့အမှတ် ၁ အထက်တန်းကျောင်း... ဒါ ငါ့ရဲ့အထက်တန်းကျောင်းမလား...  


ချီဖန့် အေးခဲသွားပြီး အတန်း၏အရှေ့တံခါးကိုကြည့်လိုက်သည်။  


တကယ်ကို ...ငါ ပထမနှစ်တုန်းက အတန်း ၂မှာ တက်ခဲ့တာ...


ဒုတိယနှစ်အပြီးမှာ စာပေအနုပညာကို ရွေးချယ်လိုက်လို့ အတန်း ၂ ကနေ ၁၂ ရောက်သွားခဲ့တာ...


တစ်နည်းပြောရရင်... 


ချီဖန့်၏စိတ်ထဲတွင် ထင်မြင်ယူဆချက်တစ်ခုပေါ်လာပြီး သူ့ရင်ဘတ်ထဲရှိ နှလုံးခုန်သံက အရှိန်မြင့်လာကာ သူ့နားထဲ အသံများကြားလာခဲ့ရသည်။ ချီဖန့် အသက်ပြင်းပြင်းရှူပြီး တုန်ယင်နေသောလက်ဖြင့် သူ့ဖုန်းကိုထုတ်ကာ ဖွင့်ကြည့်လိုက်သည်။


နောက်တစ်စက္ကန့်တွင် ချီဖန့် အနောက်သို့တစ်လှမ်းဆုတ်ပြီး လူတစ်ကိုယ်လုံး နံရံပေါ်မှီချလိုက်သည်။ ဖန်းဇီဖေးက သူ့အနားသို့ အမြန်ရောက်လာသော်လည်း သူ ဘာမှမကြားနိုင်တော့ချေ။


သူ လွန်ခဲ့သောဆယ်နှစ်သို့ ပြန်ရောက်လာခဲ့ပေသည်။



🏫🏫🏫