အပိုင်း ၂၄၉-၂၅၀
Viewers 23k

Part 249


"ဟေး…အစ်ကိုကြီး...ညီမရဲ့ ဂိမ်း ID ကို ဘယ်လိုလုပ်သိတာလဲ…" 


ကျန်းဟယ်လင်းက မေးလိုက်သည်။


"ပြုသူမရှက်၊မြင်သူရှက်"ဟူသည့် စကားပုံ ရှိလေသည်။ကျန်းယန်ရှန့်သည် ယခင်ဘဝမှထူးဆန်းသောဆံပင်ပုံစံနှင့်မိတ်ကပ် ပုံစံအတွက် သူမ ဘယ်တော့မှ မရှက်ခဲ့ပေ။ 


ယခုဘဝတွင် ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်းကြောင့် အရှက်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။သို့‌သော်လည်း ထိုရယ်စရာကောင်းသော နာမည်၏ အဓိပ္ပါယ်အား မည်သူမှ ဆက်မပြောတော့သဖြင့် ကျန်းယန်ရှန့်က ပြောလိုက်သည်။


 "အစ်ကိုက ညီမလေးရဲ့ဂိမ်းIDကို ဘယ်လိုသိတာလဲ…"


ယွဲ့စုန်က လက်တစ်ဖက်ဖြင့် သူ့မျက်နှာအား အုပ်ထားလိုက်လေသည် ။  


 "ရှောင်ဟယ်က ဂိမ်းထဲမှာ ညီမအတွက်ဘာလက်ဆောင် ဝယ်သင့်လဲလို့ မေးခဲ့တာလေ…မကောင်းတဲ့လူတစ်ချို့က သူမနဲ့ သူငယ်ချင်းလုပ်ဖို့ကြံနေတော့ …အစ်ကိုက သူမကို သတိပေးခဲ့တာ …ပြီးတော့ ဒီဇိုင်နာကိုလည်း သူမကိုပြောပြလိုက်တာပဲ…"


ကျန်းဟယ်လင်းက ဝမ်းသာအားရ ပြောလိုက်သည်။


 "အစ်ကိုက …အဲ့ဒီအစ်ကိုကြီးပဲ…အစ်မ…အစ်မ…ညီမဂိမ်းထဲမှာ တွေ့ခဲ့တဲ့အစ်ကိုကြီးက …အစ်ကိုကြီးယွဲ့ ဖြစ်နေတာပဲ…သူကအဲ့ဒီလိုပြောပြလို့ ဒီလက်ပတ်လေးကို ဝယ်ခဲ့တာလေ…"   


ထို့နောက် ချက်ချင်းပင် သူမမျက်နှာပျက်သွားရလေသည်။


 "ဒါပေမယ့်လည်း …အစ်မက ဂိမ်းထဲကနေသူ့ကိုဖျက်လိုက်တယ်လေ …ပြီးတော့ သမီးကိုလည်း လိုင်းပေါ်ကလူတွေနဲ့ သူငယ်ချင်း လုပ်ခွင့်မပေးတော့ဘူး…"  


 သူက အဲ့ဒီတစ်ယောက်ပဲ...   


ကျန်းယန့်ရှန် အကြည့်များ ပြောင်းသွားသည်ကို တွေ့ရသောအခါ ယွဲ့စုန့်အလျင်အမြန် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလေသည်။ 


"အစ်ကိုကို ရှောင်ဟယ်က အရင်သူငယ်ချင်း လုပ်ခဲ့တာပါ…ပြီးတော့ သူမနဲ့လည်း သုံးခါလောက်ပဲစကားပြောဖူးတာ…ပထမဆုံးအကြိမ်က အစ်ကိုနဲ့တစ်သင်းထဲကျတုန်းက…ဒုတိယတစ်ခေါက်က ဂိမ်းထဲမှာ သူမကို မကောင်းတဲ့လူတွေက စကားပြောနေမှာစိုးလို့…တတိယတစ်ခေါက်က ညီမအတွက် လက်ဆောင်ဝယ်ပေးဖို့ အစ်ကို့ကိုလာမေးတုန်းက …ပြီးတော့မှ ညီမက အစ်ကို့ကို။ဖျက်ပစ်လိုက်တာမလား…"


 "ဒါနဲ့ အစ်ကိုက ဘာလို့ ဒီအရွယ်ထိ ဂိမ်းကစားနေရသေးတာလဲ..."


ယွဲ့စုန့် ပြောစရာစကားမရှိဖြစ်သွားရသည်။


"အစ်ကိုက ညီမထက် ဘယ်လောက်မှလည်း မကြီးပါဘူး…ပြီးတော့ကျောင်းသားပဲရှိသေးတယ်…လူကို အဖိုးကြီး ထင်နေလား…"


ယွဲ့စုန့်သည် သူ့လည်ပင်းနှင့် အံ့ကိုက်တင်းကျပ်နေသည့် ကော်လာပါရှိသည့် အနုစိတ်ကာ ကြွပ်ရွနေသည့် ဝတ်စုံအား ဖြူဖွေးနေသည့် ရှပ်နှင့် တွဲဝတ်ထားပြီး သူ့ကိုယ်သူ ကျောင်းသားဟု ပြောနေသေးသည်။အချိုပွဲကဲ့သို့ ချိုမြနေသော မျက်ခုံး မျက်လုံးများနှင့် ပြုံးပြလိုက်သောအခါ နွေဦးပန်းကလေးတစ်ပွင့် ဖူးပွင့်လာသကဲ့သို့ ဖြစ်နေပေသည်။ ကျန်းယန်ရှန့် ညာဘက်သို့ တစ်ချက်ကြည့်လိုက်ရာ တစ်စုံတစ်ရာကို သတိပြုမိ သွားလေသည်။


"အစ်မတို့တွေ…အစ်မတို့နှစ်ယောက်…အစ်မတို့ နှစ်ယောက် လူချင်းမတွေ့ဖူးခင်ကတည်းက စကားပြောဖူးကြတာပေါ့…"


ကလေးမလေး၏စကားများသည် တစ်စုံတစ်ခုအား အလင်းပြလိုက်သကဲ့သို့ဖြစ်သွားရသည်။


ယွဲ့စုန့်နှင့် ကျန်းယန်ရှန့်တို့ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ကျန်းဟယ်လင်းက စိတ်လှုပ်ရှားစွာ ထပ်ပြောလိုက်ပြန်သည်။


 "ဝိုး…ချစ်ဖို့ကောင်းလိုက်တာ…"


ဘာက ချစ်ဖို့ကောင်းနေလို့လဲ....


ကျန်းဟယ်လင်းကို ယွဲ့စုန့်ပြောနေသည့်စကားကို ကျန်းယန်ရှန့်ကြားလိုက်လေသည်။ 


"နောက်ဆုံးတော့ အစ်ကိုတို့က တစ်မြို့ထဲမှာပဲ …ငါတို့တစ်ယောက်နဲ့တစ်ယောက်မသိကြပဲနဲ့ ဘယ်နှစ်ခါတောင် ဖြတ်လာ ခဲ့မိကြလဲမသိဘူး…"


 ယွဲ့စုန်သည် မီးရောင်အောက်ရှိ သူမအား လှမ်းကြည့်ကာ ၊ သူ၏ဝမ်းကွဲ အစ်မ၏ လေလံပွဲတွင်  သူမနှင့် မတွေ့ဆုံခဲ့သည့်အတွက် စိတ်ပျက်သွားမိလေသည်။ထို့အပြင် သူကိုယ်တိုင် သူမနှင့် ရင်းနှီးရန်ကိုပင် ငြင်းဆန်ခဲ့မိသော် လည်း ယခုတွင် သူနှင့် စောစောသိခဲ့ပါက ပိုကောင်းမည်ဟု ခံစားနေရလေသည်။ယွဲ့စုန့်၏စကားထဲမှ ဖော်ပြနေသည့် ခံစားချက်ကြောင့် ကျန်းဟယ်လင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ 


"စကားမစပ် …အစ်ကိုကြီးယွဲ့ရဲ့ဂိမ်း IDက ဘာလဲ ပြန်ပြောပါဦး…နာနတ်သီးနာမည်နဲ့ဟာလေ…" 


 "ချောင်းကမ်းပါး၌ ထင်းရှူးသံကိုနားထောင်ခြင်းလေ.."


ကျန်းယန်ရှန့်၏ "ဟာ…"ဆိုသည့်အသံအား ကြားလိုက်ရလေသည်။    ကျန်းယန်ရှန့်သည် သူမညီမလေး၏ ဂိမ်းသူငယ်ချင်းအား ဖျက်ခဲ့သောအခါက ထိုသူ၏ နာမည်အား လုံးဝ မမှတ်မိခဲ့သော်လည်း သူမကြားဖူးသလိုလို ရှိနေလေသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ အတန်းဖော်များသည် မကြာခန ဆိုသိလို ထိုနာမည်အား ရေရွတ်လေ့ ရှိသောကြောင့်ပင်ဖြစ်လေသည်။


 "ဒီ ချောင်းကမ်းပါး၌ထင်းရူးသံကိုနားေထာင်ခြင်း ဆိုတဲ့အကောင့်က တကယ်ကိုကြမ်းတဲ့ကောင်ပဲ…" 


 "ဟုတ်တယ်…သူလက်တစ်ချက်ယမ်းလိုက်တာနဲ့ ယွမ် ၁၀၀,၀၀၀ ပို့နိုင်တယ်…ငါတို့အကောင့်ကို လွှဲလိုက်တုန်းကဆိုကြည့်…တစ်မိနစ် နှစ်မိနစ်ပဲကြာတယ်…"


"ငါအပြင်မှာသူနဲ့တွေ့ချင်လိုက်တာ …သူကတစ်ကယ်ကို ကြီးစိုးတတ်တဲ့ သမ္မတ ပဲ…" 


 "မရူးစမ်းပါနဲ့…အဲ့လောက်ပိုက်ဆံရှိနေမှတော့…ထိပ်ပြောင် ဗိုက်ပူတဲ့ ဦးလေးကြီး။ဖြစ်နေလောက်ပြီ…"


"အိမ်မက်တောင် မက်လို့မရဘူးလား…ဒါပေမယ့် တစ်ကယ့်အပြင်က သူ့ပုံကိုတော့ ဖော်ထုတ်ရမယ်ဟဲ့…" 


 


"အစ်ကိုက...ဗီဒီယို ပလက်ဖောင်းကလား...”


ကျန်းယန်ရှန့် အံ့ဩသွားရသည်။


ယွဲ့စုန့်က စနေမောင်မောင်ကဲ့သို့ နှုတ်ခမ်းအား ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။


 "အစ်ကိုအရင်က ပြောခဲ့သလိုပဲ အစ်ကို ညီမကို အာရုံစိုက်ခဲ့တယ်လေ…"


ကျန်းယန်ရှန့်သည် သူမ ခံစားချက်ကို မည်ကဲ့သို့ ဖော်ပြရမည်ကို မသိသောကြောင့် အတန်ကြာပင် ဆွံ့အနေလေသည်။ကံကောင်းစွာဖြင့် မီးများပိတ်သွားကာ စင်ပေါ်တွင် ဆလိုက်မီးထိုးလိုက်ရာ အားလုံးသည် စင်ပေါ်သို့ အာရုံရောက်သွားလေသည် ။


ထုတ်လုပ်သူသည် စင်ပေါ်သို့တက်ကာ လက်ရှိအခြေအနေနှင့်ပက်သက်၍ မည်သို့ ခံစားရကြောင်းနှင့် ပြည်တွင်းသိပ္ပံတ္ထုများနှင့်ပက်သက်၍ အိမ်မက်ရှိကြောင်းပြောလိုက်သည်။


 "ဒီအိမ်မက်ကို အကောင်အထည်ဖော်နိုင်မယ် မဖော်နိုင်ဘူးဆိုတာကို အားလုံးပဲ ဝေဖန်ကြည့်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျား…"


ထုတ်လုပ်သူ စင်ပေါ်မှ ဆင်းလာသောအခါ ပိတ်ကားအား ဖွင့်လိုက်လေသည်။


  ရှုလီချန်က ပြောလိုက်သည်။


 "တိတ်ကြတော့…တိတ်ကြတော့…စကားမပြောကြနဲ့တော့…" 


 ……….


ရှုလီချန်သည် တိုက်ပွဲမှ ဆုတ်ခွါလာခဲ့ပြီးသည့်နောက် သူ့တွင် လက်မောင်းတစ်ဖက်သာ ရှိလေတော့သည်။


 " သွား…သွား…ငါ့ကိုထားခဲ့ကြ…."    


ရဲဘော်များသည် သိပ္ပံပညာရှင်များအား စောင့်ကြပ်လျက် ဆုတ်သွားကာမျက်လုံးများတွင် မျက်ရည်များဖြင့် ရှုလီချန်အား နောက်ပြန်လှည့်ကြည့်နေကြလေသည်။ရှုလီချန်၏မျက်နှာသည် ပေါက်ကွဲမှုများ ၊ မီးတောက်များကြောင့် မီးခိုးများ၊ ဖုန်များ အလိမ်းလိမ်းဖြစ်နေသည်။ သူ့ရဲဘော်များသည် လျှောက်လမ်းအဆုံးရှိ ဂိတ်ပေါက်ဝအား ဖြတ်သွားသည်ကို သူ ကြည့်နေလေသည်။ ဂိတ်ပေါက်ဝပိတ်သွားသောအခါ သူက ရန်သူများ အတင်းအကျပ် တွန်းဖွင့်နေကြသည့် ဂိတ်ပေါက်ဝဘက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။ ကျည်ဆံများသည်လည်း နောက်ဆုံးတွင် ကုန်သွားသဖြင့် သေနတ်မှာ တချောက်ချောက်အသံသာ ပြုနေလေတော့သည်။ ရှုလီချန်သည် သေနတ်အား ပစ်ချကာ လျှပ်စီးကဲ့သို့ လျှင်မြန်သော အရှိန်နှင့် သူ၏ကျန်သေးသော လက်တစ်ဖက်ဖြင့် ခါးမှ လက်ကိုင်အား ဖြုတ်လိုက်လေသည်။   


"နှုတ်ဆက်ပါတယ် …လောကကြီး…ကျွန်တော် တစ်ကယ်သွားရတော့မယ်…" 


ထို့နောက် သူက လုံခြုံရေး ပလပ်အား ပါးစပ်ဖြင့် ဆွဲကိုက်ဖြုတ်လိုက်ကာ မျက်ရည်များ စီးကျလာလေသည်။    ရန်သူများသည် သူ့အား အရှင်ဖမ်းကာ နှိပ်စက်၍ ကမ္ဘာကြီး၏ ကိုဩဒိနိတ်တည်နေရာအား မေးမြန်းရန် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြလေသည်။ ရှုလီချန်သည် လုံခြုံရေးပလပ်အား ပါးစပ်ဖြင့် ဆွဲဖြုတ်လိုက်သည် နှင့်တပြိုင်နက် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးကာ သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားလေသည်။


ငါတို့သည်အားလုံး အတူသေဆုံးကြကာ ရန်သူအတွက် မည်သည့်အရာမှ မထားပစ်ခဲ့ကြ။


ကျန်းဟွမ်သည် မျက်ရည်များ စီးကျနေကာ ၊ ကျန်းဟယ်လင်းသည်လည်း တကယ့်ခွေးတစ်ကောင်ကဲ့သို့ တအီအီ ငိုကြွေးနေလေသည်။ ဒါရိုက်တာသည် နောက်မှ ရှုလီချန်အတွက် ဇာတ်ဝင်ခန်းပေါင်းထည့်လိုက်သည်ကို ကျန်းယန်ရှန့် သိသော်လည်း ၊ဤအခန်းဟုမမျှော်လင့်ထားပေ။


 ရှုလီချန်အတွက် ဒိုင်ယာလော့ နှစ်ကြောင်းသာ ရှိလေသည်။ ယခုအခန်း မတိုင်မီ သူသည် သာမန်စစ်သားအဖြစ်သာ သရုပ်ဆောင်ရသည်။ ကျန်းယန်ရှန့်မှတ်မိသည်သာ မှန်ကန်သည်ဆိုပါက ထိုအခန်းအား သရုပ်ဆောင်ရန် တခြားသူက သရုပ်ဆောင်ရခြင်း ဖြစ်သည် ။     ထိုအခန်းကြောင့် ထိုသရုပ်ဆောင်သည် လူသိများလာခဲ့သည်။ 


"နေအဖွဲ့အစည်းမှ ထွက်ခွါခြင်း"


ဟူသည့် ဇာတ်ကားသည်လည်း ထိုကဲ့သို့ မျက်နှာသစ် သရုပ်ဆောင်များကြောင့် လူသိများလာခဲ့သည်။    ထိုဇာတ်ကား၏ ဇာတ်လမ်းသည် မူရင်းဝတ္ထု၏ ပထမဆယ်စုနှစ် အနည်းငယ်အတွင်း ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ရှေ့ဆောင်တပ် အာကာသယာဥ်သည် ပျက်စီးသွားကာ အဖွဲ့သားများသည် ရန်သူ၏အာကာသယာဥ်အား သိမ်းပိုက်လိုက်လေသည် ။ အပြင်းအထန်ကြိုးစားခဲ့ပြီးနောက်ဆုံးတွင် သူတို့သည် ဆိုလာစစ်စတမ်သို့ ပြန်သွားခဲ့ကြသည်။


သူတို့မြင်ကွင်းတွင် ကမ္ဘာမြေကြီးပေါ်လာသောအခါ အန္တရာယ်သို့ကျရောက်နေသော ယာယီခေါင်းဆောင်က ဟင်း ချကာ ပြောလိုက်သည်။


"ငါတို့ပြန်ရောက်ပြီ…" 


 "သတင်းဆိုးအတွက် စိတ်မ​ကောင်းပါဘူး…"


"ကျေးဇူးပြုပြီး အသင့်ပြင်ထားပါတော့ ကမ္ဘာမြေကြီး…"


Xxxxxx


Part 250


အားကောင်းလှသော နောက်ခံသီချင်းများနှင့် ရှည်လျားသော စာတန်းထိုးများ ကျလာပြီးနောက် ပြင်းထန်သော လက်ခုပ်သံများ ပေါ်ထွက်လာလေသည်။မီးများဖွင့်လိုက်သောအခါ အမှောင်ထုလည်း ပျောက်ကွယ်သွားလေသည်။အားလုံးသည် သူတို့ မျက်နှာပေါ်မှ မျက်ရည်များအား သုတ်နေကြလေသည်။ ကျန်းဟယ်လင်း တင်သာမဟုတ် ကျမ်းဟွမ်ပင် မျက်လုံးများ နီရဲနေလေသည်။ ရှုလီချန်မှာမူ ခွေးတစ်ကောင်ကဲ့သို့ တောက်လျောက် ငိုနေလေသည်။


ယခင်ဘဝတွင် သူမသည် ထိုကားအား အကြိမ်များစွာ ကြည့်ခဲ့ပြီးနောက် တစ်ကြိမ်သာ ငိုခဲ့လေသည်။ယွဲ့စုန်၏ မျက်လုံးများ သည်ပင် နီရဲနေလေသည်။ကျန်းယန်ရှန့်တစ်ယောက်သာ မငိုထားသည်မှာ သိသာသော်လည်း သူမမျက်နှာမှာ အနည်းငယ် သုန်မှုန်နေလေသည်။ဤသည်မှာ သူမ သွေးအေးခြင်းမဟုတ်။ယခင်ဘဝက သူမ ရှုလီချန်နှင့်  (၁၀)ကြိမ်လုံး လိုက်ကြည့်ဖူးသောကြောင့် ဖြစ်ပေသည်။


ကျမ်းဟွမ်က သူ့မှာ တစ်ရှုး ပါမလာခဲ့သဖြင့် ကျန်းယန့်ရှန်အား တောင်းလိုက်ရာ ကျန်းယန်ရှန့်က အိတ်ထဲမှ ထုတ်ပေးလိုက်လေသည်။ 


ရှုလီချန်က ပြောလိုက်သည်။


 


"အမှန်အတိုင်းပြောရရင် အဲ့ဒီအခန်းမှာတုန်းက ငါမငိုချင်ခဲ့ပါဘူး…ဒါရိုက်တာရှယ့် ရဲ့"ငါသာ သူရဲကောင်းဆန်ပြလိုက်မယ်ဆို သူများတွေမျက်ရည်ကျတဲ့အထိ လုပ်နိုင်ကြလိမ့်မယ်" ဆိုတဲ့စကားကြောင့်သာ…ငါ စိတ်ပါပြီး..မျက်ရည်တွေက သူ့အလိုလိုကျလာတာပဲ…ဒါရိုက်တာရှယ်က တစ်ကယ်ကောင်းကောင်းပြောခဲ့တာပဲ…" 


ကျမ်းဟွမ်က မျက်ရည်များအား သုတ်ပြီးနောက် အမေရှုအား ပြောလေသည်။ 


"ရှောင်ရှု ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ…သူကသရုပ်ဆောင်လုပ်ချင်တယ်လို့ပြောတုန်းက …နောက်နေတာပဲလို့ထင်ခဲ့တာ …အခုတော့ အဆင်ပြေသွားပါပြီ…"    


အမေရှုသည်လည်း သူမ၏ မျက်လုံးအား တစ်ရှုးနှင့်တို့ကာ ပြုံး၍ပြောလေသည်။


 "သူသဘောကျတာကို သူလုပ်လို့ရပါတယ်…ကျွန််မက သူ့ကို ပံ့ပိုးပေးမှာပါ…"


ရုပ်ရှင်ပြီးဆုံးသွားသော်လည်း နောက်ပိုင်းအစီအစဉ်များ ရှိနေသေးသည်။ထုတ်လုပ်သူအပါအဝင် ဒါရိုက်တာနှင့် အဓိက သရုပ်ဆောင်အချို့သည် စင် ပေါ်တွင် နေရာယူလိုက်ကြလေသည်။အများဆုံး ရင်းနှီးမြှုပ်နှံသူသည်လည်း စင်ပေါ်တွင် စကားပြောလေသည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီများသည် ယွမ် (၁၅၀) မီလျံ ရင်းနှီး မြှုပ်နှံကြသည်။


စတိတ်ပေါ်သို့ အပြုံးနှင့်တက်လာသော သူသည် သူ၏ ရင်းနှီးမြှုပ်နှံမှုအား အလွန်ကျေနပ်လျက် ရှိပေသည် ။    ပွဲဦးထွက်ပွဲ လုံးဝပြီးဆုံးသွားသောအခါ ပွဲကြည့်ပရိတ်သတ်များအား မီဒီယာများမှ အင်တာဗျူးကြလေသည် ။ ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့်အတူ ဓာတ်ပုံ တွဲရိုက်ရန် လူပေါင်းများစွာရောက်လာကြလေသည်။ရှုလီချန်သည်လည်း အသိအမှတ်ပြုခံရပြီး လူအများသည် သူနှင့်အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ရန် စိတ်ပါလက်ပါ လာရောက်ကြလေသည်။ ရှုလီချန်သည် ထိုနေရာတွင် ရပ်လိုက်သော်လည်း သူ့တွင် ကြောက်လန့်နေမှု မရှိပေ။ သူ့မျက်လုံးများသည် ပျံဝဲနေလျက်ရှိကာ ကိုယ်နေဟန်ထားသည် တစ်ကယ့် နာမည်ကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။


 ရှုလီချန်မှာ ဖျော်ဖြေရေးနယ်ပယ် နှင့် အထူးသင့်လျော်သည်ဟု ကျန်းယန်ရှန့် ခံစားရလေသည်။ကျန်းဟွမ်က သူမအား မေးလိုက်လေသည်။


 "ခဏနေ ရုပ်ရှင်အဖွဲ့ဝင်တွေနဲ့ ညစာစားမလား…"


 "အဖေပဲ သမီးအစားတက်လိုက်ပါ…ဟယ်ဟယ်ကို သမီး မုန့်စျေးတန်းခေါ်သွားဖို့ ပြောထားတယ်…" 


ကျန်းဟယ်လင်းသည် သူမ၏ နီရဲနေသော နှာခေါင်းအား တစ်ရှုးနှင့် ထပ်သုတ်လိုက်ကာ ပြောလေသည်။ 


"အစ်မ…မြန်မြန်သွားရအောင်…ဗိုက်ဆာလို့သေတော့မယ်…"


ရှုလီချန်သည် ပရိတ်သတ်များအား ရှောင်ရှားကာ သူ့အမေအနားသို့ ကပ်ကာ ပြောလိုက်လေသည်။


 "သားလည်း သွားမှာမဟုတ်ဘူးနော် …သူတို့ညီအစ်မနဲ့လိုက်သွားမလို့…" 


"အေး လိုက်သွားလေ…ကောင်းကောင်း ပျော်ခဲ့ကြ..."


အမေရှု ခေါင်းညိမ့်လိုက်သည်။


ယွဲ့စုန့် ရောက်လာကာ ပြောလိုက်သည်။


"သွားကြစို့…"


"ဟေး…ယွဲ့စုန်…မင်းလည်း အန်ကယ်တို့နဲ့မလိုက်ဘူးလား…"


ကျန်းဟွမ်က လှမ်းမေးလိုက်သည်။ 


"ကျွန်တော်လည်း လီချန်တို့နဲ့ လိုက်သွားမလို့…"


ရှုလီချန် အပေါ် ကျန်းဟွမ်၏ အမြင်သည် ပြောင်းလဲသွားပြီ ဖြစ်​ပေသည်။ 


"အေး…မင်းတို့လူငယ်လေးတွေ သွားပြီးပျော်လာခဲ့ကြ…ဒီစိတ်အနှောင့်အယှက်ဖြစ်တာတွေကို လုပ်ဖို့ မိဘတွေပဲ လုပ်ရတော့မှာပေါ့…"    


ထို့နောက် သူတို့သုံးယောက်သည်  မိဘ နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် ချီးကျူးနေကြသည်ကို ကြားလိုက်လေသည်။သူတို့ထဲမှ တစ်ယောက်က ရှုလီချန်သည် အနာဂတ်တွင် တစ်ကယ့် လက်နက်တစ်ခု ဖြစ်လာနိုင်သည်ဟု ပြောလေသည်။အခြားတစ်ယောက်မှာမူ သမီးလေးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပက်သက်၍အမြင်ရှိသောကြောင့် ထိုသို့သမီး ရှိနေခြင်းကို သဘောကျကြောင်းပြောလေသည်။


ရှုလီချန်က ပခုံးများ လှုပ်ခတ်သွားသည်အထိ ရယ်ကာ ကျန်းယန်ရှန့်အားပြောလိုက်လေသည်။


 "နင့်အဖေကို ဘယ်နည်းနဲ့မှ စိတ်ကျေနပ်အောင် လုပ်ပေးလို့မရဘူး…ဒါပေမယ့် နောက်ဆုံးတော့နင့်အဖေကို သရုပ်ဆောင်ပြီး သိမ်းပိုက်လိုက်ပြီ…"    


ဟော်တယ် တည်ရှိရာအနောက်ဖက်တွင် ဘီမြို့ရှိ နာမည်ကြီး လူကူးမျဉ်းကြားရှိပြီး အထဲတွင် နာမည်ကြီးသော မုန့်စျေးတန်းရှိလေသည်။ယွဲ့စုန်နှင့် ရှုလီချန်တို့သည် သေသပ်သော ဝတ်စုံများ ဝတ်ဆင်ထားခဲ့ကြပြီး အပြင်သို့ရောက်သောအခါ သူတို့နှစ်ယောက်လုံး အပေါ်ကုတ်အား ချွတ်ကာ ရှပ်အင်္ကျီကိုသာ ဝတ်ထားလိုက်လေသည်။


တစ်ယောက်က အဖြူရောင် ရှပ်ကိုဝတ်ကာ ၊ အခြားတစ်ယောက်မှာ  အနက်ရောင် ရှပ်ကို ဝတ်ဆင်ထားလေသည် ။    


ကျန်းယန်ရှန့်သည် ခေါင်းငုံ့ကာ ကျန်းဟယ်လင်းအား တစ်ခုခု တီးတိုးပြောလိုက်ရာ ကျန်းဟယ်လင်း မအောင့်နိုင်တော့ပဲ ရယ်မိလေသည်။ 


"ညီမလေး ဘာတွေရယ်နေတာလဲ…ပြောပါဦး..."


 ရှုလီချန်က မေးလိုက်သည်။


 ကျန်းဟယ်လင်း သူမ၏ပါးစပ်အား လက်ဖြင့်အုပ်ကာ


 "အစ်ကိုကြီးတို့ နှစ်ယောက်က အဖြူနဲ့အမည်း ဖြစ်နေတယ်…အဖြူအမည်း မတည်မြဲခြင်း ဆိုသလိုပဲ…"


(တရုတ်ဟာသ တစ်ခုခုဖြစ်ပေလိမ့်မည်။ ဤကားစကားချပ်) 


ယွဲ့စုန့်နှင့် ရှုလီချန်တို့ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး နှစ်‌ယောက်သား ခပ်ဝေးဝေးသို့ ဖြည်းဖြည်းချင်း ခွါသွားကြလေသည် ။    ကျန်းဟယ်လင်းမှာမူ အူတက်သည်အထိ ရယ်နေလေသည်။


သူတို့ မုန့်စျေးတန်းသို့ ရောက်သောအခါ  ရှုလီချန်နှင့် ကျန်းဟယ်လင်းတို့သည် ဘေးမဲ့တောထဲသို့လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်နေကာ လူထူနေသည့် ဆိုင်တန်းသို့ သွားကြလေသည်။


 ကျန်းယန်ရှန့်က ယွဲ့စုန့်အား မေးလိုက်သည်။


 " ညီမကို ဘာလို့ ယွမ် ၁၀၀,၀၀၀ လက်ဆောင်ပေးလိုက်ရတာလဲ…" 


သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သိကြသည်မှာမကြာသေးသော်လည်း မည်သို့ပင် ကြည့်စေကာမူ ယွဲ့စုန့်သည် ဆုများအတွက် ကြယ်များအား လိုက်ခြင်းကို ငြီးငွေ့တတ်သူမဟုတ်။


 "အားလပ်ရက်တုန်းက ညီမနဲ့ ညီမရဲ့အတန်းဖော်တို့ အပြင်ထွက်ပြီး လူငယ်ဘော်ဒါဆောင် တစ်ခုမှာ တည်းခိုခဲ့ကြတာ အစ်ကိုတွေ့ခဲ့တယ်…အဲ့လို ပတ်ဝန်းကျင်မျိုးက အစ်ကို့အတွက်နည်းနည်းတော့ လက်မခံနိုင်စရာပဲ…"


ယွဲ့စုန်သည် ထိုအချိန်မှ သူ၏ စိုးရိမ်မှုများအား တည်ငြိမ်စွာ ဝန်ခံခဲ့လေသည် 


"အစ်ကိုကလည်း ညီမ မိသားစုထဲမှာမိထွေးရှိနေတော့…သူမက ညီမကို ဆိုးဆိုးဝါးဝါး ဆက်ဆံနေမှာ စိုးရိမ်လို့ အဲ့တာကို စမ်းသပ်ဖို့အတွက် အစ်ကိုပိုက်ဆံနည်းနည်းသုံးခဲ့တာ …"


ကျန်းယန်ရှန့်လည်း ထိုကဲ့သို့ ဖြစ်မည်ဟု မျှော်လင့်မထားသဖြင့် သူမ စိတ်ထဲတွင် လှုပ်ရှားသွားရလေသည် ။  


 "ညီမကအသုံးမကျတဲ့သူ မဟုတ်ဘူး…အဲ့တာကြောင့် မိထွေးက ညီမကို အနိုင်ကျင့်လို့မရဘူး…ပြီးတော့ … ညီမက ဇာတ်ကားထဲမှာ ယွမ် သန်း တစ်ချို့ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ အစ်မမို ဆီကနေ အစ်ကို မသိထားဘူးလား …ညီမမှာ ပိုက်ဆံမရှိဘူးလို့ ဘာလို့ထင်ရတာလဲ…"


"တော်သေးတာပေါ့…” 


ယွဲ့စုန့်က ပြောလိုက်လေသည်။    


ညနေစောင်းပင် ရှိပြီဖြစ်သော်လည်း ၊ မြို့ပြကြီး၏ နှလုံးသားထဲတွင် လရောင်မရှိသည့်အပြင် နီယွန်မီးတိုင်များနှင့် ပြည့်နှက်နေလေသည် ။နီယွန်မီးရောင်များသည် ထိုလူငယ်လေး၏ မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် သူ့မျက်နှာမှာ လိမ္မော်ရောင်ဖြစ်လိုက်၊အနီရောင် ဖြစ်လိုက် ဖြစ်နေလေသည်။ သူက ကျန်းယန်ရှန့်ကို ရွှန်းရွှန်းစားစား စိုက်ကြည့်နေလေသည်။


 "ဒါပေမယ့် စိတ်ပူနေရတာက အစ်ကို့နှလုံးသားကို ရှုပ်ထွေးစေတယ် သိရဲ့လား…"


Xxxxx