Part 243
တရားခွင်တွင်ပြန်လည်ချေပရန် လရောင်ဖြူတို့ သားအမိက ရှေ့နေတစ်ဦးရှာဖွေခဲ့သည်။
သို့သော် အထောက်အထားများက မခိုင်လုံပေ။
ထို့ကြောင့် လရောင်ဖြူဘက်မှ ပိုင်ဆိုင်မှုအားလုံး ကို ပြန်လည်ပေးအပ်ရန် တရားရုံးက အမိန့်ချမှတ်လိုက်လေသည်။
ဤကဲ့သို့သော အမှုမျိုးသည် ပုံမှန်အားဖြင့် လပေါင်းများစွာ သို့မဟုတ် တစ်နှစ်ပင် ကြာတတ်သော်လည်း မစ္စရှု၏ စစ်ဆင်ရေးအောက်တွင် လျင်မြန်စွာ အပြီးသတ်သွား၏။
လရောင်ဖြူတို့သားအမိသည် သူတို့၏ အိမ်နှင့်ကားကို ဆုံးရှုံးသွားသည်။စုဆောင်းငွေများသည်လည်း သိမ်းယူခံရလိုက်၏။ယခု၌သူတို့တွင် မည်သည့်အရာမှ မရှိတော့ချေ။အချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြသည့် တန်ဖိုးကြီးအိမ်ယာမှလည်း ရှက်ရှက်နှင့် စွန့်ခွာခဲ့ကြရပေသည်။
လရောင်ဖြူသည် ချုံးချုံးကျနေသည့် အငှါးခန်းလေးထဲတွင် လှဲလျောင်းကာ ရက်အနည်းငယ်မျှ ငိုကြွေးခဲ့လေသည်။
ထို့နောက် ရုတ်တရက် ထလာကာပြော၏။
"မဟုတ်သေးဘူး…နင်က သူ့ရဲ့သားပဲ…နင့်မှာ သူ့ရဲ့အမွေတွေကို ဆက်ခံပိုင်ခွင့်ရှိတယ် …နင် သူ့ပိုင်ဆိုင်မှုတစ်ဝက် ရနိုင်တယ်…"
သူတို့သည် ရှေ့နေဆီသို့ တစ်ခေါက်ပြန်သွားကာ ပိုင်ဆိုင်မှု အတွက် တိုက်ခိုက်ကြပြန်သည်။ ရှေ့နေသည် ချက်ချင်းပင် ငြင်းဆန်ခဲ့၏။
"အစ်မကြီးရဲ့ကလေးက အမွေဆက်ခံပိုင်ခွင့် ရှိပါတယ်…ဒါပေမဲ့ အခုချိန်မှာ သူ့အဖေက အသက်ရှင်နေသေးတာကြောင့် အမွေခွဲဝေတာမျိုး ရှိမလာနိုင်ပါဘူး
…ပိုင်ဆိုင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရှိပါသေးတယ်…ပြီးတော့ ဒီအမွေဆက်ခံပိုင်ခွင့်ကလည်း တရားမဝင်သေးပါဘူး…"
လရောင်ဖြူသည် ဒုတိယအကြိမ်အဖြစ် ရွှံ့နွံထဲသို့ ထပ်မံ ကျခဲ့ပြန်လေသည်။ ဤတစ်ကြိမ်တွင်မူ ရှုမူလင်အား အမွေဆက်ခံစေလိုသောကြောင့် မစ္စတာရှုအား ယခုချက်ချင်းပင် သေဆုံးသွားပါစေဟု ဆုတောင်းမိ၏။ သို့သော် သူမ၏အိမ်မက်များအား ကွဲကြေစေခဲ့သောရှေ့နေက အကြံတစ်ခုပေးခဲ့သည်။
"ခင်ဗျားရဲ့ဘဝအတွက်စောစောစီးစီးကြိုတင်ပြင်ဆင်ထားတာကောင်းလိမ့်မယ်…မစ္စတာရှု ဘယ်အထိအသက်ရှင်ဦးမလဲဆိုတာကို အသာထား…မစ္စရှု လုပ်ပုံကိုင်နေပုံနဲ့သာဆိုရင် ခင်ဗျားတို့အတွက် အမွေဆိုတာမျိုးတောင် ရှိလာမှာမဟုတ်ဘူး…"
ရှေ့နေသည် ပိန်လှီဖျော့တော့နေသော အမျိုးသမီးအား ကြည့်ကာ ခေါင်းရမ်းလိုက်လေသည်။
ရှုမိသားစု၏ သတင်းသည် အသိုင်းအဝိုင်းများကြားထဲတွင် အလျင်အမြန်ပျံ့နှံ့သွား၏။
လရောင်ဖြူသည် အိမ်မက်ဆိုးမက်နေသကဲ့သို့ ခံစားရလေသည်။ သူမနောက်ဆုံးအကြိမ် အိမ်မက်ဆိုးမက်ခဲ့သောအချိန်မှာ ကုမ္ပဏီဒေဝါလီခံလိုက်ရသဖြင့် ခင်ပွန်းသည်ဟောင်းတစ်ယောက် ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့စဉ်က ဖြစ်၏။
သူမသည်ထိုအချိန်က ချမ်းသာသည့်မိန်းမဘဝမှ
ကုန်းကောက်စရာမရှိသောမိန်းမအဖြစ်သို့နေ့ချင်းညချင်း ရောက်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမအား ကယ်တင်ရန် လူတစ်ယောက် ပေါ်လာခဲ့၏။သို့သော် ယခုအချိန်တွင် ထိုလူကလည်း သူမကိုကယ်တင်နိုင်ပါဦးမည်လော။
သူမ၏ သားသည်လည်း ကလေးသာသာအရွယ်ဖြစ်၍ ဘာမှတတ်နိုင်ဦးမည်မဟုတ်ချေ။
လရောင်ဖြူတစ်ယောက် မျှော်လင့်ချက်မဲ့လေပြီ။
သူမသည် အထပ်မြင့်အဆောက်အဦးပေါ်မှ ခုန်ချကာ ထိုအိမ်မက်ဆိုးအား အဆုံးသတ်ခဲ့လေသည်။
ရဲများနှင့် မှုခင်းကျွမ်းကျင်ပညာရှင်များသည် ရှုမူလင်၏ မိခင်အား ခံစားချက်မဲ့စွာဖြင့် ကြည့်ရှုနေကြ၏။
အိမ်နီးချင်းများကလည်း သက်ပြင်းချနေကြပြီး ကလေးမှာ သနားစရာကောင်းသည့်အကြောင်းကို ပြောဆိုနေကြသည်။ အိမ်ထောင်ဦးစီးအကြောင်းကို တီးတိုးတီးတိုးစပ်စု နေကြသော်လည်း တစ်ယောက်မှ မသိကြချေ။
ထိုအချိန်တွင် လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီအမျိုးသမီးက မယားငယ်…မယားကြီးနဲ့ တရားခွင်တက်တာမှာ သူကရှုံးသွားတာ …အဲ့ဒါကြောင့်ပဲ တိုက်ပေါ်ကခုန်ချသွားတာ…ကလေးကလည်း တရားမဝင်သားပဲ …"
ရှုမူလင်သည် ထိုအသံပိုင်ရှင်အားရှာဖွေလိုက်၏။
သို့သော် လူအုပ်ကြားတွင် ကွယ်နေသောကြောင့်
မည်သည့်တစ်ယောက် ပြောဆိုနေမှန်း မသိရပေ။
"ဪ … အဲ့လိုကိုး "
အားလုံး၏လေသံများက ပြောင်းလဲသွားကြသည်။
သူ့အား ကြည့်နေသော မျက်ဝန်းများတွင်လည်း စာနာစိတ် နှင့် သနားညှာတာမှုများ ပျောက်ကွယ်ကုန်ကြ၏။
လူတချို့မှာ ရယ်လျက် တချို့သည် တံတွေးနှင့် မသိမသာ ထွေးကြသည်။
ယခုမြင်နေကြားနေရသည့်အရာများက ရှုမူလင်၏
လက်စားချေချင်စိတ်ကို လှုံ့ဆော်ပေး၏။
ရှုမူလင်သည် အံကိုတင်းတင်းကြိတ်ထားသည်။
သူသည် ကုန်းကောက်စရာမရှိသော တစ်ကောင်ကြွက်အမွဲအတေကောင်ဖြစ်သွားလေပြီ။
ထိုမျှသာမက အငယ်အနှောင်း၏သားဖြစ်ကြောင်းကိုပါတစ်လောကလုံး သိကုန်ကြပြီဖြစ်သည်။
လူတိုင်း၏အကြည့်များက ယခင်ကကဲ့သို့ မဟုတ်တော့ချေ။
သူသည် စိတ်ဓာတ်ကျကာ ကျောင်းပင်မသွားနိုင်။
တစ်ရက်တွင် ရှုမူလင်သည် သစ်သီးလှီးသည့်ဓားအား ယူဆောင်ကာ ရီအထက်တန်းကျောင်းရှေ့၌ ရစ်သီရစ်သီ လုပ်နေလေသည်။
စာမေးပွဲကြီးနီးနေပြီဖြစ်သောကြောင့် စာကိုအသည်းအသန်လုပ်ရ၏။
ရှုလီချန်သည် အချိန်အတော်ကြာစာလေ့လာခြင်းကြောင့် မူးဝေနေသည်။ ည (၁၀)နာရီအချိန်၌ သူက ကျောင်းထဲမှ ထွက်လာ၏။ရှုလီချန်သည် ထိုအချိန်ထိ နုံးချိနေဆဲပင်။
ကားထဲသို့ ဝင်ခါနီးတွင် ရုတ်တရက် ဆူညံ့သံများအား ကြားလိုက်လေသည်။ရှုလီချန်သည် အသံလာရာဘက်
သို့တစ်ချက်လှမ်းကြည့်၏။ထိုနေရာသည် သူနှင့်သိပ်မဝေးသည်ကို တွေ့ရလေသည်။
လူများသည် ထိုနေရာသို့ပြေးသွားကာ တစ်စုံတစ်ဦးအား မြေပြင်သို့ဆွဲလှဲပြီးချုပ်ထားကြ၏။
ထိုသူ၏လက်ထဲတွင် ဓာတ်မီးတစ်လက်နှင့် ဓားတစ်ချောင်းပါ ရှိလေသည်။
ရှုလီချန်သည် ထိုနေရာသို့သွားရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင် "ဘာကိစ္စရှိလို့လဲဗျ…"
ကားဆရာက ပြောပြောဆိုဆိုနှင့် သူ့အားဖမ်းဆွဲထားသည်။
"အဲ့ဒီကိုမသွားပါနဲ့…ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ…ကျောင်းဆင်းရင် အိမ်တန်းတန်းပြန်လာဖို့ လူလေးအမေက မှာထားတယ် … အိမ်စာပြီးအောင်လုပ်ပြီး အိပ်ရာစောစောဝင်ဖို့ပါပြောလိုက်တယ်…စာမေးပွဲကြီးနီးနေပြီနော်…"
ရှုလီချန်သည် စိတ်ပျက်အားလျော့သွားကာ အခင်းနေရာအား နောက်တစ်ကြိမ်ထပ်ကြည့်လိုက်လေသည်။
ဤတစ်ကြိမ်တွင် ထိုလူအား ဗန်ကားထဲသို့ပင် ဆွဲခေါ်သွားကြပြီဖြစ်၏။
ထို့နောက် ကားတံခါးပိတ်ပြီးသည်နှင့်တစ်ပြိုင်နက် အဝေးကို မောင်းထွက်သွားသည်။ မြေပြင်ပေါ်၌ ဓားလည်း မရှိတော့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် စိတ်လှုပ်ရှားစရာများ ပျောက်ရှသွားလေသည်။
ဒရိုင်ဘာသည် ရှုလီချန်အားချော့မော့ကာ ကားထဲသို့ ဝင်စေပြီး တံခါးအား ပိတ်သည်။ ထို့နောက် လမ်းဘေးမှ ဖြတ်သွားဖြတ်လာ ဟန်ဆောင်ထားသော သက်တော်စောင့်အား လက်ကိုဝိုင်းကာ " ok " သင်္ကေတ လုပ်ပြလိုက်၏။ ထိုသက်တော်စောင့်မှလည်း အလားတူ သင်္ကေတအား ပြန်ထောင်ပြလေသည်။
ကိစ္စပြီးစီးသွားကြောင်းကို ရည်ညွှန်းခြင်းဖြစ်၏။
ရှုလီချန်အား ဓားနှင့်ထိုးသတ်ကာ အတူသေရန် ကြံစည်ထားသည့် ရှုမူလင်သည်လည်း စိတ်ကျန်းမာရေးဆေးရုံသို့ကြွရတော့၏။ဆေးစစ်ချက်များအရ ပြင်းထန်သည့်လှုံဆော်မှုကြောင့်ဖြစ်သော စိတ်ကြွရောဂါ ဟု အမည်တပ်လိုက်ကြသည်။
ယခုတွင် ရှုမူလင်သည် အဖေဖြစ်သူအား နေ့တိုင်းတွေ့နိုင်သွားပြီဖြစ်၏။
သူသည်ငယ်စဉ်ကတည်းက အဖေဖြစ်သူမှာအိမ်မပြန်ဘဲ နေ့တိုင်းသူတို့နှင့်အတူနေလျှင် ကောင်းမည်ဟူ၍စိတ်ကူးယဥ်ခဲ့ရသည်။ ထိုအိမ်မက်သည် စိတ်ကျန်းမာရေးဆေးရုံတွင် ပြည့်ဝခဲ့၏။
ယခင်ဘဝတွင် ထိုအမုန်းတရားအားပိုက်ထွေးခဲ့ရသူမှာ ရှုလီချန်သာဖြစ်သည်။သူသည် မကြာခဏဆိုသလို ရှုမူလင်အား နှောင့်ယှက်ခဲ့၏။ ထို့ကြောင့်ပင် စာသေချာမလုပ်နိုင်ဘဲ ကောလိပ်ဝင်ခွင့် စာမေးပွဲအား ကျရှူံးခဲ့လေသည်။
ယခုဘဝတွင် မစ္စရှုသည် "ကြူပင်ခုတ် ကြူငုတ်မကျန်စေရ" ဟူသည့်စကားပုံအတိုင်း
ရှုလီချန်အား အန္တရာယ်ဖြစ်စေနိုင်မည့် ကိစ္စများအား မိုးကြိုးအလျင်ဖြင့် ရှင်းထုတ်ခဲ့၏။
ထိုအရာများအား ရှုလီချန်က မသိပေ။
သူသည် အမေဖြစ်သူအား ထိုနှစ်ယောက်၏အခြေအနေကိုမေးသောအခါ မစ္စရှုသည် ကျောင်းယူနီဖောင်းကော်လံအားပြင်ပေးရင်း ငြင်သာစွာ ပြောခဲ့လေသည်။
" စိတ်မပူပါနဲ့…စာသာ သေချာလုပ်…"
ယခုဘဝတွင် ပိုင်ဆိုင်မှုလုခြင်း ကဲ့သို့သော စိတ်ပင်ပန်းစရာကိစ္စများမရှိပေ။မစ္စရှုတွင် သူမ၏သားနှင့်အချိန်ကုန်ဆုံးရန် ခွန်အားအပြည့်ရှိနေသည်။
အချိန်ဇယားချင်းမတူညီသော်လည်း နေ့တိုင်းမနက်စာ အတူစားကြ၏။
ထို့ကြောင့် ကျန်းယန်ရှန့်မှ ထိုကိစ္စများကို မေးမြန်းလာသောအခါတွင် ရှုလီချန်က စိတ်မပူရန် ပေါ့ပေါ့ပါးပါးပြောနိုင်ခဲ့ခြင်းဖြစ်သည်။
ကျန်းယန်ရှန့်က ခေါင်းငြိမ့်၏။
ယခုဘဝတွင် မစ္စရှုသည် ပူပင်စရာမလိုတော့ချေ။
သူမသည် အနိုင်ရရှိခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ကျန်းဟယ်လင်းသည် တံခါးခေါက်ပြီး သူမ၏ခေါင်းလေးအား တံခါးကြားမှ တိုးဝင်ကာပြော၏။
"အစ်မ…အဖေက အောက်ထပ်ကို အရင်ဆင်းသွားတယ်…ခဏလောက်ကြာရင် စားသောက်ဆိုင်မှာ သူ့ကိုလာရှာဖို့ ပြောသွားတယ်…"
ကျန်းယန်ရှန့် အံ့ဩသွားသည်။
"သူက ဘာလို့ အရင်ဆင်းသွားရတာလဲ…"
" မသိဘူးလေ "
ကျန်းဟယ်လင်းက ပခုံးတွန့်ကာပြန်ဖြေ၏။
"ညီမလေးဧည့်ခန်းမှာ သွားစောင့်နေနှင့်ပါလား…အစ်ကိုတို့ အခုပဲ အဲ့ဒိီကို လိုက်လာခဲ့မယ်…"
Xxxxxx
Part 244
ကျန်းဟယ်လင်း အခန်းထဲမှ ပြန်ထွက်လာစဉ်တွင်ကျန်းယန်ရှန့်၏ စကားပြောသံအား ကြားလိုက်ရလေသည်။
"ငါ့ညီမကို အဲ့လိုမကြည့်စမ်းနဲ့…ငါ့ညီမက ငယ်သေးတယ် နော်…နင့်ညီနဲ့ တစ်နေရာမှ မတူဘူး…"
ကျန်းယန်ရှန့်က ပြော၏။
"ဟင့်အင်း…ငါ့မှာ အဲ့လိုညီမျိုးမရှိဘူး…
အမေကသာ သူရှင်းမယ်ဆိုပြီး ငါ့ကိုအာရုံမစိုက်ဖို့
ပြောမထားရင် နေ့တိုင်းကောင်းကောင်းမအိပ်နိုင်အောင် လုပ်ပစ်လိုက်မှာ…"
"ဘာပဲဖြစ်ဖြစ်…သေချာတွေးပါဦး…ကလေးတွေဆိုတာ အရမ်းထိလွယ်ရှလွယ်တယ်…"
" ဟာကွာ…နင့်ညီမလေးက ချစ်ဖို့ကောင်းလို့ ငါက ဒီတိုင်းကြည့်မိတာပါ… အရမ်းအထိမခံဖြစ်နေတာပဲ …"
ရှုလီချန်က ပြောလေသည်။
ထိုစကားများအား တံခါးအပြင်ဘက်မှ နားထောင်ပြီးသောအခါ ကျန်းဟယ်လင်းသည် အနည်းငယ်စိတ်ရှုပ်ထွေးသည့်အမူအရာသို့ ပြောင်းလဲသွားလေသည်။
ထိုစကားများသည် သူမအကြောင်းပြောဆိုနေခြင်းဖြစ်လောက်သော်လည်း နှစ်ဦးသား၏စကားများထဲတွင် အဓိပ္ပါယ်တစ်ခုခုပါဝင်နေ၏။
ကျန်းဟယ်လင်းက အနည်းငယ်မျှ စဉ်းစားပြီးနောက် ဧည့်ခန်းဘက်သို့ ထွက်သွားလေသည်။
ကျန်းယန်ရှန့်နှင့် ရှုလီချန်တို့သည် စကားပြောပြီးကြသောအခါ ထိုအခန်းမှ အတူထွက်လာခဲ့လိုက်၏။
သူတို့နှစ်ယောက်သည် ဧည့်ခန်းသို့သွားကာ ကျန်းဟယ်လင်းအား သွားခေါ်ခဲ့သည်။
ထို့နောက် စားသောက်ဆိုင်သို့ အတူသွားကြ၏။
စားသောက်ဆိုင်သို့ ရောက်သောအခါ ကျန်းဟွမ် စောထွက်သွားရသည့်အကြောင်းရင်းကို သိလိုက်ရသည်။
သူသည် တစ်စုံတစ်ဦးနှင့်ထိုင်ကာ စကားပြောနေ၏။
ကျန်းဟွမ်က ရှုလီချန်တို့အား လက်မြှောက်ပြလိုက်သောအခါ ထိုသူကလည်း လှည့်ကြည့်လာသည်။
ထိုသူသည် အခြားမဟုတ်ပေ။
သူတို့နှင့် လေယာဉ်တစ်စီးတည်း အတူစီးခဲ့ကြသည့် ယွဲ့စုန် ပင်ဖြစ်လေသည်။ ကျန်းယန်ရှန့် အံ့ဩသွား၏။
" ရှောင်ယွဲ့က ညစာအတူစားဖို့ပြောလို့ သူဘယ်မှာလဲလို့ ငါမေးလိုက်တာ…သူက ငါ့ဘေးဝိုင်းမှာ ရောက်နေရောလေ…"
ကျန်းဟွမ် စကားပြောနေခိုက်တွင် ယွဲ့စုန်၏ အကြည့်သည် ရှုလီချန်ထံသို့ နှစ်စက္ကန့်မျှ ရောက်သွားလေသည်။
ကျန်းဟွမ် စကားပြောပြီးသောအခါ ယွဲ့စုန့်က ရှင်းပြ၏။
"ကျွန်တော်တို့မိသားစုက မြောက်ပိုင်းမှာလုပ်ငန်းတွေ အများကြီးရှိလို့ ဒီကို မကြာခဏ လာဖြစ်တယ်…ဒီမှာ အိမ်လည်းရှိပါတယ်…"
ကျန်းယန်ရှန့်နှင့်အခြားသူများ လာရောက်နေထိုင်ကြသည့် ဟိုတယ်သည် ဒုတိယမြောက် ယင်လမ်းမကြီးတွင် တည်ရှိသည်။
၎င်းသည် ကြီးမားသော ဗိသုကာလက်ရာမြောက်သည့် အဆောက်အဦးကြီးတစ်ခုဖြစ်၏။
ထိုအရပ်တွင် ရုံးခန်းများ ၊ စျေးဆိုင်ခန်းများ၊ ဟိုတယ် နှင့် လူနေအိမ်များ ရှိကြသည်။
ထို့ကြောင့် ယွဲ့စုန့်၏အိမ်သည်လည်း ဗိသုကာလက်ရာမြောက်သည့် အဆောက်အဦးများထဲမှ တစ်ခုဖြစ်လိမ့်မည်။
ယွဲ့စုန်သည် စကားပြောပြီးသည့်နောက်တွင် ရှုလီချန်ဆီသို့ လက်ကိုဆန့်တန်းပေး၏။
"ယွဲ့စုန်ပါ…"
ရှုလီချန်သည်လည်း လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
"ရှုလီချန်လို့ခေါ်ပါတယ်…"
ယွဲ့စုန်သည် အလွန်သန်မာသောသူဖြစ်ကြောင်း ရှုလီချန် ခံစားမိသည်။သို့သော် သူသည်လည်း အားနည်းသော သူ မဟုတ်ချေ။ တုံ့ပြန်သည့်အနေဖြင့် ရှုလီချန်သည်လည်း တစ်ဖက်လူ၏လက်အား အလွန်ပြင်းထန်စွာ ပြန်လည်ဆုပ်ကိုင်လိုက်လေသည်။
အားလုံးနေရာယူပြီးသောအခါ ကျန်းဟွမ်သည်ထိုနှစ်ယောက်အား အသီးသီး မိတ်ဆက်ပေးခဲ့၏။
"ရှောင်ယွဲ့နဲ့သူ့မိသားစုက ချင်းထင်အုပ်စုက …ရှောင်ရှုနဲ့သူ့မိသားစုက ဒိုင်ချမ်အုပ်စုက…သူက ယန်ရှန့်နဲ့ ကျောင်းအတူတူတက်တဲ့ အတန်းဖော်လေ…"
မကြာသေးမီကစ၍ ရှုမိသားစုနှင့် ဒိုင်ချမ်အုပ်စုအကြောင်းကို လူတိုင်းက ပြောနေခဲ့ကြသည်။
ကွာရှင်းပြတ်စဲမှု အရှုပ်အထွေးများကြောင့် မစ္စတာရှုအား စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်လိုက်ရသည့်သတင်းက အသိုင်းအဝိုင်းတစ်ခွင် ပွထလျက်ရှ်ိ၏။
ယွဲ့စုန့်က ခေါင်းငြိမ့်လျက် ပြောသည်။
"နောက်ဆုံးတွေ့ရပြီပဲ... တွေ့ရတာ ဝမ်းသာပါတယ်…"
ရှုလီချန်က ကြောင်တောင်တောင်ဖြစ်သွားသော်လည်း ခေါင်းပြန်ငြိမ့်ပြလိုက်လေသည်။
ယွဲ့စုန့်က ဘာဆက်ပြောရမှန်းမသိဖြစ်နေ၏။ "ငါမင်းအကြောင်းတွေအများကြီး ကြားထားတယ်…"ဟူသော
စကားကိုလည်း မပြောအပ်ပေ။
ယွဲ့စုန်သည် မည့်သည့်ခေါင်းစဉ်အား အစပျိုးရမည်ကို မသိသောကြောင့် သူ၏မျက်ခုံးအား အသာပင့်လိုက်လေသည်။
ကျန်းယန်ရှန့်က ရှုလီချန်အားပြော၏။
" ဒါရိုက်တာရှယ်ဆီမှာ သန်းတစ်ရာရင်းနှီးမြုပ်နှံတဲ့ ချင်းထင်အုပ်စုဆိုတာလေ...သူကအဲ့ဒီမိသားစုကပဲ …"
ရှုလီချန်သည် ရုတ်တရက်မှတ်မိသွားကာ စားပွဲခုံအားပုတ်ရင်း ပြောလေသည်။
"အဲ့ဒီမိသားစုကလား…"
"ကျွန်တော်ပြောပြမယ်…"
ရှုလီချန်တစ်ယောက် စိတ်လှုပ်ရှားလာ၏။
သူသည် စားပွဲဝိုင်းတစ်ဖက်ရှ်ိယွဲ့စုန့်နှင့် တတ်နိုင်သမျှ နီးအောင် ကပ်သွားလိုက်သည်။
" ကျွန်တော်တို့ရုပ်ရှင်ကို ယုံကြည်လိုက်...အာမခံနိုင်တယ်…သေချာပေါက် အကျိုးအမြတ်ရမှာ …ကျိန်းသေပေါက်ပဲ…"
ရှုလီချန်၏မျက်လုံးများက တောက်ပနေသည်။
သူ၏အပြုံးတွင် ယုံကြည်မှုနှင့် စိတ်အားထက်သန်မှု အပြည့် ရှိ၏။ ယွဲ့စုန်က အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
ရှုလီချန်ထံတွင် မက်မွန်ပွင့်ပုံစံ မျက်ဝန်းတစ်စုံ ၊ စိတ်ကူးယဉ်ဆန်ပြီး သေးသွယ်သည့်မျက်နှာနှင့် ခိုင်မာသော ကိုယ်ရည်ကိုယ်သွေးတို့ရှိ၏။သူသည် အလွန်ထူးခြားသည်။
တစ်ခါမြင်ပြီးလျှင်မမေ့နိုင်လောက်သည့် ရုပ်ရည်မျိုးဖြစ်၏။
ထို့ကြောင့် ကျန်းယန်ရှန့်နှင့် ဘေးချင်းယှဉ်ရပ်ကာ ပေါ်လာသည့်အချိန်တွင် ယွဲ့စုန့် သူ့အား သတိထားမိခဲ့သည်။
ရှုလီချန်၏နောက်ခံအသိုင်းဝိုင်းအကြောင်းကို သိပြီးဖြစ်သော ယွဲ့စုန့်သည် သူ၏စိတ်ထဲတွင် ရှုလီချန်၏ အမူအကျင့်အား တွက်ချက်ထားပြီးပြီဖြစ်၏။
သို့သော်လည်း ယခုတွင်မူ ရှုလီချန်သည် သူ၏ရွယ်တူများထက် ပို၍ရင့်ကျက်သင့်သည်ဟူသော အတွေးဝင်မိသည်။
ထိုသို့ရင့်ကျက်မှသာ ကျန်းယန်ရှန့်နှင့် လိုက်ဖက်ညီပေမည်။ယွဲ့စုန်၏ တွက်ချက်မှုမှာ မှားယွင်းခဲ့သည်။
ရှုလီချန်သည် ရှေ့သို့တိုးကာ ရုပ်ရှင်အကြောင်း စိတ်အားထက်သန်စွာ ပြောဆိုနေသည်ကို ယွဲ့စုန့်တွေ့လိုက်ရ၏။
သူ၏ပုံစံမှာ မတည်ငြိမ်ဘဲ တက်ကြွကြက်ဖဖြစ်နေသည်။
ကျန်းယန်ရှန့်၏ ကောင်လေးဟုထင်ရသူသည် အနည်းငယ်ကြောင်တောင်တောင်နိုင်ပြီး ချစ်ဖို့ကောင်း၏။
ယွဲ့စုန်၏ ခံစားချက်သည် အနည်းငယ် ရှုပ်ထွေးသွားလေသည်။ စားပွဲဝိုင်းမှ အခြေအနေအရပ်ရပ်သည် ကောင်းမွန်လျက်ရှိ၏။ရှုလီချန်နှင့် ကျန်းဟွမ်တို့သည် ယွဲ့စုန့်နှင့် စကားစမြည်ပြောစရာ အကြောင်းအရာခေါင်းစဉ်များအား အသာလေးပင် ရှာဖွေနိုင်လေသည်။
သူတို့နှစ်ယောက်လုံးက ယွဲ့စုန် နှင့် စကားပြောဆိုရသည်ကို နှစ်သက်ကြ၏။
အနည်းငယ်ရင်းနှီးလာကြသောအခါ ရှုလီချန်သည် ယွဲ့စုန့်အား စုံစမ်း မေးမြန်းလေတော့သည်။
" အခုထဲက မိသားစု လုပ်ငန်းတွေ ဦးစီးနေပြီလား…"
"အခုထိတော့ တရားဝင်မဟုတ်သေးပါဘူး… ကျောင်းတက်နေတုန်းပဲရှိသေးတယ်…"ယွဲ့စုန်က ပြန်ဖြေ၏။
ထိုအခါ ကျန်းဟွမ်က အံ့ဩသွားလေသည်။
" မင်းကကျောင်းတက်နေတုန်းလား…"
ယွဲ့စုန်သည် မည်သည့်စကားအကြောင်းအရာကိုမဆို လိုက်ပါပြောဆိုနိုင်၏။
ကျန်းဟွမ်သည် ယွဲ့စုန့်အားမိသားစုလုပ်ငန်းများကိုဦးစီးရန် လုပ်ငန်းထဲသို့တရားဝင် ဝင်ရောက်လာသည်ဟုပင် ထင်ခဲ့သည်။
သို့သော် သူသည် ကျောင်းတက်နေဆဲအရွယ်ဟု ကျန်းဟွမ်ထင်မထားခဲ့ပေ။
"ဟုတ်ပါတယ်…" ယွဲ့စုန်က ပြန်ပြောလိုက်သည်။
"ကျွန်တော်က တတိယနှစ် တက္ကသိုလ်ကျောင်းသားပါ…ကျောင်းပြန်ဖွင့်ရင် စတုတ္ထနှစ်ဆက်တက်ရမှာပါ…"
" သိပ််မကွာဘူးပဲ .... အသက်အများကြီး ကြီးမယ်လို့ ထင်နေတာ…"ရှုလီချန်က ဝင်ပြောလိုက်၏။
"မဟုတ်ပါဘူး…လေးနှစ်ထဲပဲကြီးတာပါ…"
ယွဲ့စုန်က ကျန်းယန်ရှန့်အား တစ်ချက်လှမ်းကြည့်ကာ ပြောသည်။
"အကုန်လုံး အသက်အတူတူလောက်ပါပဲ…"
Xxxxxx