Chapter 14
Viewers 295

🏠 Chapter 14

ကင်မရာများ



အနုပညာရှင်အများစုက သူတို့၏ စတိုင်ကို အလွန်ဂရုစိုက်တတ်ကြသည်။ သူတို့၏ အဝတ်အစားများကလည်း အပြစ်အနာအဆာများကို ဖုံးကွယ်၍ သူတို့၏ လှပသော အစိတ်အပိုင်းများကို ပို၍ ထင်ထင်ရှားရှားပြသပေးနိုင်သော အဝတ်အစားများသာဖြစ်လေ့ရှိကြသည်။


ကင်မရာရှေ့ရောက်ပြီဆိုလျှင် သူတို့ဝတ်ကြည့်ပြီး၍ အဆင်ပြေမှန်းသိသော၊ လှမှန်းသိသော အဝတ်အစားပုံစံများကိုသာ ဝတ်ကြသည်။ မည်သူကမှ တစ်ခါမှ မဝတ်ဖူးသော ပုံစံမျိုးဖြင့် ကင်မရာရှေ့လာရဲကြမည်မဟုတ်ချေ။ 


ထို့အပြင် ဤရှိုးကလည်း နာမည်ကြီးရှိုးဖြစ်သောကြောင့် မျက်လုံးသန်းပေါင်းများစွာက သူတို့ကို ကြည့်နေကြမည်ဖြစ်သည်။ ထို့ကြောင့် ကြယ်သီးလေးတစ်လုံးပြုတ်နေလျှင်ပင် ပရိသတ်များက မြင်၍ အပြစ်ပြောကြမည်ဖြစ်သည်။ ယခုကဲ့သို့ ကျပန်းဘရန်းတစ်ခု၏ အဝတ်အစားများကို ဝတ်ရခြင်းမှာ အခြားအနုပညာရှင်များအတွက်မူ အိပ်မက်ဆိုးတစ်ခုဖြစ်နေတော့မည်ဖြစ်သည်။ 


အဝတ်အစားဘရန်းက မည်မျှပင် နာမည်ကြီးနေပါစေ၊ သူတို့နှင့် မလိုက်ဖက်လျှင် အရှက်ကွဲတော့မည်ဖြစ်သည်။


သို့သော် ကုချင်းချီက သူ့အဝတ်အစားများကို ဂရုစိုက်သူမဟုတ်ချေ။


ကုချင်းချီအတွက်က ယဲ့လီထည့်ပေးလိုက်သော အဝတ်အစားများနှင့် ယခု ရှိုးမှပေးသော အဝတ်အစားများက ဘာမှကွဲပြားနေသည်မဟုတ်ချေ။ ထို့ကြောင့် ယခုကိစ္စကလည်း သူ့အတွက် အပြစ်ပေးခြင်းနှင့် တူမနေပေ။ 


ကုချင်းချီက အဝတ်အစားများကို ဂရုမစိုက်သော်လည်း လက်ဆွဲသေတ္တာ၏ အရွယ်အစားကိုမူ စိတ်ညစ်နေမိသည်။ ရှိုးမှပေးသော လက်ဆွဲသေတ္တာက သူပါလာသည်ထက် ကြီးနေသောကြောင့် သယ်ရခက်တော့မည်ကို တွေးကာ စိတ်ညစ်နေခြင်းဖြစ်သည်။ 


ဝန်ထမ်းလည်း ယခုမှပင် သက်ပြင်းချနိုင်တော့သည်။ ထိုကဲ့သို့သော တောင်းဆိုမှုမျိုးလုပ်ရသည်မှာ မလွယ်ကူလှချေ။ စပွန်ဆာပေးသော ကုမ္ပဏီက ဝမ်းသာသော်လည်း အနုပညာရှင်များက မကျေနပ်တတ်ကြချေ။ အထူးသဖြင့် အမျိုးသမီးသရုပ်ဆောင်များနှင့် အမျိုးသား အဆိုတော်များဆိုလျှင် မဝတ်ဘဲ ငြင်းတတ်ကြသည်။ သူတို့၏ စွမ်းရည်ကိုသာ အမှီပြု၍ ရုပ်ရည်ကို ဂရုမစိုက်တတ်ကြသော အနုပညာရှင်များကသာ ယခုကဲ့သို့ အပြစ်ပေးမှုမျိုးကို လက်ခံတတ်ကြခြင်းဖြစ်သည်။ 


[T/N: တရုတ်အနုပညာလောကမှာ 偶像派(အိုင်ဒေါအမျိုးအစား) နဲ့ 实力 派(တကယ့်စွမ်းရည်အမျိုးအစား) ဆိုပြီး ရှိပါတယ်။ Tony Leung Chiu-wai လိုမျိုး တကယ့်စွမ်းရည်ရှိတဲ့ အနုပညာရှင်တွေကပဲ အနုပညာသက်တမ်းရှည်ပြီး တစ်ကမ္ဘာလုံးကပါ အသိအမှတ်ပြုခံရတာမျိုးပါ။ ယောင်္ကျားလေးအဆိုတော်အဖွဲ့လိုမျိူးက ရုပ်ရည်ကိုပဲ အဓိကထားတဲ့ အိုင်ဒေါအမျိုးအစားလိုမျိုးပါ။]


သို့သော် ရှိုးက တစ်ယောက်ယောက်ကို ရွေးရမည်သာဖြစ်သည်။ 


ထို့ကြောင့် ယခုအပိုင်းအတွက် ဧည့်သည်များကို ရွေးချယ်ပြီးသောအခါတွင် အမျိုးသားအတွက်သာမက အမျိုးသမီးအတွက်ပါ အဝတ်အစားများကို ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် ရှိူးစလျှင် သူတို့‌ခိုင်းသမျှ လုပ်မည့် တစ်ယောက်ယောက်ကို ရွေးလိုက်ရုံသာဖြစ်သည်။ 


ကျိုးယင်းယင်းနှင့် ချန်ယွဲ့ရန်တို့ကမူ ဤကိစ္စကို လုံးဝလက်ခံမည်မဟုတ်ချေ။ ဟွမ်ဟန်ယွီက ပို၍ပင် ငြင်းဆန်ဦးမည်ဖြစ်သည်။ ဟွမ်ဟန်ယွီက စွမ်းရည်ပြိုင်ပွဲမှ ပွဲဦးထွက်လာသည်ဖြစ်ကာ သူ့မန်နေဂျာအဖွဲ့ကလည်း ဟွမ်ဟန်ယွီ၏ ယခုပုံစံကို ထိန်းသိမ်းထားနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြချိန်ဖြစ်သောကြောင့် ထိုအပြစ်ဒဏ်ကို သူ့အား မပေးရန် ပရိုဂရမ်အဖွဲ့ကို ကြိုပြောထားပြီးသားဖြစ်သည်။ 


ရှဲ့လုယွီကမူ ယခုဧည့်သည်များထဲ၌ ရုပ်ရည်ကို ဦးစားမပေးဘဲ သူ့၏ စွမ်းရည်အစစ်အမှန်ဖြင့် နာမည်ကြီးလာသော တစ်ယောက်တည်းသော ဧည့်သည်ဖြစ်သည်။ ရှဲ့လုယွီကို ဤရှိုးသို့လာရန် ဈေးကြီးပေး၍ ခေါ်ထားရခြင်းဖြစ်သည်။ အနုပညာလောက၌လည်း ရှဲ့လုယွီ၏ အရှိန်အဝါက ကြီးမားသောကြောင့် ထိုကဲ့သို့ ကိစ္စမျိုးကိုလည်း ရှဲ့လုယွီကို လုပ်ခိုင်း၍ မဖြစ်ချေ။ 


စပွန်ဆာပေးထားသော ကုမ္ပဏီဘက်ကိုလည်း ငြင်း၍ မရရာ ပရိုဂရမ်အဖွဲ့လည်း လူရှာမရဘဲ နောက်ဆုံးမှ ကုချင်းချီကို သတိထားမိသွားကြတော့သည်။ ကုချင်းချီက ကျောထောက်နောက်ခံတစ်ခုမှမရှိသော လူသစ်တစ်ယောက်ဖြစ်သောကြောင့် ထိုအဝတ်အစားလဲခိုင်းခြင်းမစ်ရှစ်ကို ကုချင်းချီကိုသာ ပေးရန် ဆုံးဖြတ်လိုက်ကြသည်။


ဝန်ထမ်းက ကုချင်းချီကို မသိမသာ လှမ်းကြည့်လိုက်သည်။ 


ကုချင်းချီက သူထိုင်နေသော ဆိုဖာကို ကျောမှီ၍ ပျင်းရိပျင်းတွဲပုံဖြင့် ထိုင်နေသည်။ ဆိုဖာက ကုချင်းချီအရပ်နှင့်စာလျှင် အနည်းငယ်နိမ့်နေသောကြောင့် သူ့ခြေထောက်များက ထိုးထိုးထောင်ထောင်ဖြစ်နေကြသည်။ 


ဆက်တင်ဝန်ထမ်းတစ်ဦးက လက်ဆွဲသေတ္တာအသစ်ကို အနားသို့ တွန်းလာပေးသောကြောင့် ကုချင်းချီက ဆွဲယူလိုက်ရင်း သူ၏ လက်ဆွဲသေတ္တာအဟောင်းကို ဝန်ထမ်းဆီသို့ ပြန်တွန်းပေးလိုက်သည်။ 


ကုချင်းချီက ယခုကဲ့သို့ အဝတ်အစားများလဲလိုက်ရခြင်းကို လုံးဝဂရုမစိုက်သောပုံက သိသာနေသည်။ အခန်းထဲ၌ရှိနေကြသော လူအားလုံး၏ မျက်လုံးများက သူ့ကို မသိမသာကြည့်နေကြသည်ကိုလည်း ကုချင်းချီ သတိထားမိပုံမရချေ။


ရှိုး၏အခန်းကဏ္ဍများကို စီစဉ်သော ဝန်ထမ်းသည်ပင် ကင်မရာမန်းက သာမာန်ထက်ပို၍ ကုချင်းချီဘက်သို့ ကင်မရာလှည့်နေသည်ကို သတိထားမိနေသည်။


ဒီကုချင်းချီဆိုတဲ့ လူသစ်လေးက သူ့ကိုယ်သူ ဒီလောက်ချောနေမှန်းရော သိရဲ့လား...သူ ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေမယ်ဆိုတာသိလို့ ဒီလို အဝတ်အစားလဲလိုက်ရတဲ့ပြစ်‌ဒဏ်ကို ဘာမှမပြောဘဲ လက်ခံလိုက်တာလား...


ဝန်ထမ်းက ထပ်ကြည့်လိုက်သောအခါ ကုချင်းချီက ဆိုဖာ‌ပေါ်၌ တိတ်ဆိတ်စွာ ထိုင်၍ မျက်လုံးများမှိတ်ထားသည်ကို မြင်လိုက်ရသည်။ ဝန်ထမ်းနှင့် ကုချင်းချီထိုင်နေသောနေရာက ဝေးနေသော်လည်း ကုချင်းချီ၏ ရှည်လျားသောမျက်တောင်များကို သေချာမြင်နေကသည်။ ကုချင်းချီက မျက်‌လုံးများကို ပြန်ဖွင့်လိုက်သောအခါ ထိုမျက်တောင်များဖြင့် ကြည့်နေသူများ၏ နှလုံးသားကို ပွတ်တိုက်လိုက်သကဲ့သို့ ဖြစ်သွားကာ နှလုံးသားများ လှုပ်ခါသွားကြသည်။ 


ကုချင်းချီ၏ ပုံစံက သူ၏ ခံစားချက်ကို ရှင်းလင်းစွာ ဖော်ပြနေသည်။

ပျင်းတယ်...ပင်လည်းပင်ပန်းတယ်...ဒါပေမယ့် အလုပ်ဆိုတော့ စိတ်တင်းပြီး လုပ်ရမယ်...


အင်း...ဒီကောင်လေးက တကယ်မသိဘူးပဲ...သူ့ကိုယ်သူ ဒီလောက်ချောပြီး ဆွဲဆောင်မှုရှိနေမှန်းမသိဘူး...သူ့ကိုယ်သူလည်း ဘာပုံပဲပေါက်နေပါစေ ဂရုမစိုက်ဘူး...


ဘာပဲဖြစ်ဖြစ် ဒီအပိုင်းကတော့ လုံးဝပေါက်မှာ အသေအချာပဲ...


ဝန်ထမ်းက လက်ထဲမှ မစ်ရှစ်ကတ်ပြားကို သိမ်းရင်း တွေးနေမိသည်။

"ဒီညတော့ ဒီလောက်ပါပဲ...အားလုံးပဲ ကိုယ့်အခန်းကိုပြန်ပြီး နားနိုင်ပါပြီ..."


တစ်ဖွဲ့လုံးက အပေါ်ထပ်သို့တက်ရန် ပြင်ဆင်ကုန်ကြသည်။ ကျိုးယင်းယင်းက ချန်ယွဲ့ရန်၏လက်မောင်းကို တွဲပြီး ဟွမ်ဟန်ယွီကို ပြုံး၍ လှမ်းခေါ်လိုက်သည်။ ထို့နောက် လက်ဖဝါးနှစ်ဖက်ကို လက်အုပ်ချီသကဲ့သို့ လုပ်ပြီး ပြောလိုက်သည်။


"ဟန်ယွီကော...ကျွန်မနဲ့ ယွဲ့ရန်တို့ရဲ့ အထုပ်တွေကို ကူသယ်ပေးပါဦး..."


ထို့နောက် ရှဲ့လုယွီဘက်သို့ လှည့်ပြီး စနောက်သည့်လေသံဖြင့်ပြောလိုက်သည်။ 

"ရှဲ့ကောကိုတော့ အကူအညီတောင်းလို့မရဘူးထင်တယ်နော်...သူက ကျွန်မတို့ထက်တောင် အထုပ်တွေပိုများတာဆိုတော့လေ...ကျွန်မတို့ အထုပ်တွေ နေရာချပြီးမှ ရှဲ့ကောရဲ့အထုပ်တွေကို လာကူသယ်ပေးမယ်နော်..."


ကျိုးယင်းယင်း၏စကားထဲ၌ ကုချင်းချီကို မရှိသလို တစ်ခွန်းမှပင် ထည့်မပြောသွားပေ။ ထိုနည်းလမ်းက မသိသာသလိုလိုနှင့် ထိရောက်သော တိုက်ခိုက်မှုတစ်မျိုးဖြစ်သည်။ ပထမဆုံးအနေနှင့် ကျိုးယင်းယင်းက အခြားလူများကို စကားနှင့် ဆွဲခေါ်ပြီး တစ်ဖက်လူများက ပြန်တုံ့ပြန်လာပါက သူ့ဘက်ပါလာကြသည်နှင့် အတူတူပင် ဖြစ်သွားသည်။ 


လူဆိုသည်မှာလည်း စိတ်ဓာတ်ခွန်အားနည်းသူများ ဖြစ်ကြသောကြောင့် သူတို့ကို တိုက်ရိုက်မထိခိုက်လာလျှင် ဘာမှမဖြစ်သကဲ့သို့ နေတတ်ကြသူများဖြစ်သည်။ တစ်ဘက်ဘက်မှလူက သူတို့ဘက်ပါအောင်ဆွဲသည်ကိုပင် ကျိတ်၍ ကျေနပ်နေကြတတ်သူများဖြစ်သည်။


ဤရှိုး၌ တစ်စုံတစ်ယောက်ကို ဖယ်ကျဉ်ထားကြမည်က ဖြစ်ကိုဖြစ်လာရမည့် လမ်းကြောင်းတစ်ခုသာဖြစ်သည်။ 


ထို့အပြင် ထိုကဲ့သို့ ဖယ်ကျဉ်ခံထားရသူကလည်း ထိုသို့လုပ်သူကို တိုက်ရိုက်စွပ်စွဲ၍မရချေ။ ထိုလုပ်သူက တစ်ဖက်လူကို ထိခိုက်နာကျင်အောင် လုပ်နေခြင်းမဟုတ်သောကြောင့်ဖြစ်သည်။ ထုတ်ပြောလျှင်လည်း အတွေးလွန်နေသည် ဟုသာ ပြန်အပြောခံရမည်ဖြစ်သည်။


နင့်ဘက်က ဆတ်ဆတ်ထိမခံ ဖြစ်နေတာမဟုတ်ဘူးလား...


ထိုကဲ့သို့ စိတ်ဓာတ်ကို ညှင်းပန်းနှိပ်စက်မှုမျိုးဖြစ်သည်။ 


ထိုကဲ့သို့ကိစ္စမျိုးကို ရှဲ့လုယွီ ရုပ်ရှင်ရိုက်ခဲ့ဖူးသည်။ ထိုရုပ်ရှင်ထဲ၌ ရှဲ့လုယွီက ဘတ်စကတ်ဘောဆော့ရသည်ကို နှစ်သက်၍ စာလည်းတော်ကာ နေကဲ့သို့ လင်းထိန်သော အပြုံးပိုင်ရှင် ကောင်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့သည်။ 


သို့သော် နောက်ဆုံးတွင် ထိုကောင်လေးက တံတားပေါ်မှခုန်ချ၍ သူ၏ တောက်ပသော ဘဝကို အဆုံးစီရင်သွားခဲ့သည်။ 


ထိုဇာတ်ကောင်၏ စိတ်ကို နားလည်ရန် ရှဲ့လုယွီက ထိုကိစ္စနှင့်ပတ်သက်သော စာအုပ်များ၊ အပြင်လောကအဖြစ်အပျက်များ များစွာကို ဖတ်မှတ်လေ့လာခဲ့သည်။ 


ယခု ကျိုးယင်းယင်းလုပ်နေသည်မှာလည်း ထိုကဲ့သို့ စိတ်ဓာတ်ညှင်းပန်းမှု၏ အစဖြစ်သည်။ လူတော်တော်များများက သူတို့၏ လုပ်ရပ်တစ်ခုက ရေပွက်ထကာ အလွန်ကြီးမား၍ အန္တရာယ်ကြီးမားသော ကိစ္စများဖြစ်သွားစေနိုင်သည်ကို သတိမထားမိကြချေ။ 


ရှဲ့လုယွီနားမလည်နိုင်ပေ။

လူတွေက ဘာဖြစ်လို့များ အချင်းချင်း သင့်သင့်မြတ်မြတ်မနေနိုင်ရတာလဲ...ဒီလူငယ်တွေက အမြဲတမ်း တစ်မျိုးမဟုတ် တစ်မျိုး ပြဿနာရှာနေကြတာပဲ...ဒီလိုကလေးမျိုးတွေက သူတို့ကို ထိခိုက်လာတော့မှပဲ မှတ်ကြမှာ...


ရှဲ့လုယွီက မျက်ခုံးတစ်ဖက်ကိုပင့်၍ စကားတစ်ခွန်း နှစ်ခွန်းနှင့်ပင် အနိုင်ကျင့်လုနီးပါးဖြစ်နေသော အခြေအနေကို ဝင်ထိန်းလိုက်သည်။


"မလိုပါဘူး...ငါ့ဘာသာငါ အပေါ်ထပ်ကို သယ်သွားနိုင်တယ်...ပြီးတော့ ရှောင်ချီလည်း ရှိနေတာပဲ...သူ့မှာ ဘာပစ္စည်းမှမှ သိပ်မပါတာ..."


ကျိုးယင်းယင်းက "ဪ" ဟုပြောလိုက်ပြီး နောက်ဆက်‌ပြောသောစကားများက ကုချင်းချီကို ဖိနှိပ်မှုက အတော်အသင့် ပျောက်ကွယ်သွားသည်။ 


"ဒါဆိုရင် ကျွန်မတို့ အရင်သွားနှင့်မယ်နော် ရှဲ့ကော...ဟန်ယွီကော ကူပေးဦးနော်...."


ကုချင်းချီကလည်း သူ့အထုပ်လေးဆွဲ၍ နောက်ဆုံးနားမှ လိုက်လာသည်။ မိန်းကလေးနှစ်ယောက်က အရှေ့မှ သွား၍ သူတို့နောက်မှ ရှဲ့လုယွီက လိုက်လာသည်။ 


ဟွမ်ဟန်ယွီက အစက ကုချင်းချီနားကပ်နေသော်လည်း ကျိုးယင်းယင်းက လှမ်းခေါ်နေသောအခါ ကုချင်းချီကို ပြုံးပြလိုက်သည်။


"တစ်ခုခုလိုရင် ငါ့ကိုခေါ်လိုက်နော်...အခုတော့ မိန်းကလေးတွေကို သွားကူပေးလိုက်ဦးမယ်...မိန်းကလေးတွေဆိုတော့ အားသိပ်မရှိကြဘူးလေ..."


ကုချင်းချီက ခေါင်းပြန်ညိတ်ပြလိုက်သည်။ အခြားဘာမှထူးထူးခြားခြားတော့ မတုံ့ပြန်လိုက်ပေ။ ကုချင်းချီက စရောက်တည်းက မျက်လွှာချထားပြီး အိပ်ချင်နေသောပုံပေါက်နေသည်။


ကုချင်းချီဘဝ၌ နားထောင်ကောင်းသော စကားများစွာကို ကြားဖူးလာရပြီးဖြစ်၍ ထိုဟန်ဆောင်ယဉ်ကျေးမှုများကိုလည်း မယုံပေ။ 


ဟွမ်ဟန်ယွီက ကုချင်းချီနားပြန်ကပ်လာပြီး ခပ်တိုးတိုးထပ်ပြောလိုက်သည်။

"ပြီးတော့ ကင်မရာမန်းတွေက ငါတို့ကို အမြဲရိုက်နေကြတာ...ဒီတစ်အိမ်လုံးမှာလည်း ဝှက်ထားတဲ့ ကင်မရာတွေ နေရာအနှံ့ရှိတယ်..."


ထိုအခိုက်တွင်မူ ကုချင်းချီက မျက်လုံးကိုပင့်၍ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်က ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ စေတနာဖြင့်ပြောလာသည်ကိုမူ ကုချင်းချီ ကောင်းမွန်စွာ လက်ခံရမည်ဖြစ်သည်။ 

"အင်း...ကျေးဇူးတင်ပါတယ်..."


ဟွမ်ဟန်ယွီ၏ မျက်လုံးများက တောက်ပသွားကြသည်။

"အိုကေ...ဒါဆို ငါအရင်သွားနှင့်မယ်..."


ဟွမ်ဟန်ယွီက မိန်းကလေးနှစ်ယောက်ရှိရာသို့ လျှောက်သွားသည်။


ရှဲ့လုယွီက အနောက်၌ ကျန်ရစ်နေခဲ့ပြီး ကုချင်းချီနှင့် ဘေးချင်းယှဉ်လျှောက်လာလိုက်သည်။


ရှဲ့လုယွီတို့ လှေကားနားသို့ ရောက်လာသောအခါ ဟွမ်ဟန်ယွီနှင့် မိန်းကလေးနှစ်ယောက်တို့က အပေါ်သို့တက်သွားကြပြီဖြစ်သည်။ 


ကုချင်းချီက လက်ဆွဲသေတ္တာ၏ လက်ကိုင်ကို အထဲသို့ ပြန်ထည့်၍ မ,လိုက်သည်။ ထို့နောက် ရှဲ့လုယွီကို လှမ်းကြည့်လိုက်သည်။ အစောပိုင်းတုန်းက ရှဲ့လုယွီက ကုချင်းချီကို ကူခိုင်းမည်ဟု ပြောထားသည်ကို ကုချင်းချီ မှတ်မိနေသည်။ 


သို့သော် ရှဲ့လုယွီက သူ၏ လက်ဆွဲသေတ္တာတစ်လုံးကို ပခုံးပေါ်တင်၍ ကျန်တစ်လုံးကို လက်တစ်ဖက်ဖြင့် မထားပြီဖြစ်သည်ကို မြင်လိုက်ရသည်။ ရှဲ့လုယွီက ကုချင်းချီကို ကြည့်နေရင်း ခေါင်းကို ဘေးသို့ အနည်းငယ်စောင်းလိုက်သည်။ ရှဲ့လုယွီက သူ၏ မြင့်မားသောအရပ်ကြီးဖြင့် လက်ဆွဲသေတ္တာတစ်လုံးကို ပခုံးပေါ်တင်ထားသော်လည်း အေးအေးဆေးဆေးပုံစံပေါက်နေသည်။


ရှဲ့လုယွီက ကုချင်းချီကို လှမ်းပြောလိုက်သည်။

"မင်းအရင်သွားလေ..."


...


ကုချင်းချီက အခန်းသို့ရောက်သောအခါ ခဏလှဲနေလိုက်သေးသည်။ ထို့နောက် ထ၍ ကိုယ်လက်သန့်စင်မည်အလုပ်တွင် အခန်းထဲ၌ အိမ်သာရော ရေချိုးခန်းပါ မရှိသည်ကို သတိထားလိုက်မိသည်။


အခန်းအပြင်မှ အများသုံးရေချိုးခန်းကိုသာ သုံးရတော့မည်ဖြစ်သည်။ သို့သော်လည်း ထိုရေချိုးခန်းက ကုချင်းချီနှင့် ဟွမ်ဟန်ယွီတို့နှစ်ယောက်သာသုံးရမည်ဖြစ်သောကြောင့် အလွန်မဆိုးလှချေ။ 


အဝါရောင်နေရောင်ခြည်ဖျော့ဖျော့က အခန်းအပြင်မှ စင်္ကြံလမ်းပေါ်သို့ ဖြာကျနေသည်။ ရေချိုးခန်းက စင်္ကြံလမ်းအစ၌တစ်ခု အဆုံး၌တစ်ခုရှိနေကြသည်။ 


ကုချင်းချီ၏ အခန်းက စင်္ကြံလမ်းအဆုံး၌ ရှိ၍ တစ်ဖက်က ဟွမ်ဟန်ယွီ၏အခန်းရှိ၍ တစ်ဖက်က ရေချိုးခန်းတစ်ခုရှိသည်။ သို့သော် ရေချိုးခန်းများထားထားပုံက အဓိပ္ပာယ်မရှိလှချေ။ ကိုယ်ပိုင်ရေချိုးခန်းမပါသော အိပ်ခန်းနှစ်ခန်းနှင့် နီးသော ရေချိုးခန်း၌ ရေချိုးရမည့်အခန်းမပါဘဲ အိမ်သာ သာပါသည်။ 


စင်္ကြံလမ်း၏အစ၌ရှိသော ရေချိုးခန်း၌သာ ရေချိုးရန်အခန်းပါနေသည်။ 


ကုချင်းချီက ခုတင်ပေါ်၌ လှဲနေလိုက်သေးသောကြောင့် ရေချိုးရန် ထလာချိန်တွင် အချိန်က နောက်ကျနေပြီဖြစ်သည်။


ကုချင်းချီ ရေချိုးပြီးသောအခါ မနက် တစ်နာရီထိုးနေပြီဖြစ်သည်။


ကုချင်းချီ၏ဆံပင်များက အနည်းငယ်ရေစိုနေကြဆဲဖြစ်သည်။ ဆံပင်လေမှုတ်စက်ဖြင့် မှုတ်ထားသော်လည်း လုံးဝခြောက်အောင်မှုတ်ရန် စိတ်မရှည်သောကြောင့် ယခုအတိုင်းသာ ပြန်ထွက်လာခြင်းဖြစ်သည်။ 


ဆံပင်အဖျားများက ရေများ တစက်စက်ကျနေဆဲဖြစ်သည်။ 


ကုချင်းချီက အမည်းရောင်ဘောင်းဘီနှင့် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားသည်။ ရှပ်အင်္ကျီက အတော်အတန်ပါး၍ ကြယ်သီးများကိုလည်း မတပ်ရသေးဘဲ နက်ခ်တိုင်ကိုလည်း လည်ပင်းပေါ်၌သာ တင်ထားသည်။ 


ဘောင်းဘီကလည်း အနည်းငယ်အောက်လျှောနေသောကြောင့် လှပသော V-line ကိုပေါ်နေစေသည်။ 


ထိုအဝတ်အစားကလည်း လက်ဆွဲသေတ္တာထဲပါသော အဝတ်အစားများထဲမှ အခြားအဆင်တန်ဆာများစွာမပါဘဲ အရိုးရှင်းဆုံးဝတ်စုံဖြစ်သည်။ ဧည့်သည်ကို ထိုအဝတ်အစားပုံစံများဖြင့် အသားကျစေရန် ထည့်ပေးထားပုံရသည်။ 


ကုချင်းချီကလည်း ထိုဝတ်စုံကို ချက်ချင်း အိမ်နေရင်းအင်္ကျီအဖြစ် ဝတ်လိုက်သည်။ 


ထိုဝတ်စုံက ကောင်းမွန်စွာချုပ်ထား၍ အသားကလည်း သက်တောင့်သက်သာရှိသောကြောင့် အိမ်နေရင်းဝတ်ရန် သင့်တော်နေသည်။ 


ကုချင်းချီက သူ့အခန်းသို့ ခပ်ဖြည်းဖြည်း ပြန်လျှောက်လာသည်။ 


စင်္ကြံလမ်းတစ်ဝက်ခန့်တွင် ဝရန်တာသို့ထွက်သော တံခါးက ပွင့်နေသည်။ ရှဲ့လုယွီက စီးကရက်ဘူးကို ဘောင်းဘီအိတ်ထဲထိုးထည့်၍ အထဲသို့ ပြန်ဝင်လာလိုက်သည်။ အထဲသို့ ရောက်ရောက်ချင်းမှာပင် ခေါင်းမော့ကြည့်လိုက်သောအခါ ကုချင်းချီကို မြင်လိုက်ရသည်။ 


သေစမ်း...


ရှဲ့လုယွီက ‌ခေါင်းကို ချက်ချင်း လှည့်လိုက်သည်။ ခေါင်းကို အမြန်လှည့်လိုက်သောကြောင့် လည်ပင်းပင် ကျိုးမတတ်ဖြစ်သွားသည်။


ထိုသို့ ခေါင်းကို အမြန်လှည့်ပြီးကာမှပင် စဉ်းစားလိုက်မိသည်။

ငါက ဘာဖြစ်လို့ သူ့ကို မကြည့်ရဲဖြစ်နေတာလဲ...


ကုချင်းချီက အလွန်ပေါ်လျော်နေ၍ မသင့်တင့်သော အဝတ်အစားမျိုး ဝတ်ထားသည်လည်း မဟုတ်ပေ။ 

ဘာလို့ ငါ့ရဲ့ နှလုံးက ဒီလောက် ခုန်နေရတာလဲ...


ရှဲ့လုယွီ ခေါင်းရှုပ်လာမိသည်။


ငါကပဲ အရမ်းကို ယဉ်ကျေးနေမိတာလား...


မဖြစ်နိုင်တာ...


ရှဲ့လုယွီဘဝ၌ မည်သည့်အခါကမှ ယဉ်ကျေးသိမ်မွေ့သည်ဟူ၍ မရှိခဲ့ဖူးပေ။ အခြားလူတစ်ယောက်သာ ထိုကဲ့သို့ဝတ်ထား၍ ရှေ့မှဖြတ်သွားလျှင် ရှဲ့လုယွီက လေချွန်၍ လှမ်းစမိလိုက်မည်သာဖြစ်သည်။ 


ရုတ်တရက် ရှဲ့လုယွီ၏ ခေါင်းထဲ၌ မေးခွန်းများဖြင့် ပြည့်သွားမိသည်။


ကုချင်းချီကမူ ရှဲ့လုယွီကို သတိပင်မထားမိဘဲ ဖြတ်လျှောက်သွားသည်။ 


ရှဲ့လုယွီက ရုတ်တရက် တစ်ခုခုကို စဉ်းစားလိုက်မိသည်။ ထို့နောက် အပေါ်သို့ မော့ကြည့်လိုက်သောအခါ ကင်မရာတစ်ခုကို တွေ့လိုက်ရသည်။ 


ရှဲ့လုယွီက ကင်မရာများကို အလွန်အကျွမ်းတဝင်ရှိသူဖြစ်သည်။ ကင်မရာကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မည်သည့် ရှုထောင့်မှ မည်ကဲ့သို့ပုံထွက်မည်ကို သိနေပြီးသားဖြစ်သည်။ ထို့ကြောင့် ဤအိမ်၌လည်း ကင်မရာများကို မည်သည့်နေရာ၌ ဝှက်ထားမှန်း သိနေသည်။ 


အစောပိုင်းက ရှဲ့လုယွီ ရေထားသည်မှာ စုစုပေါင်း ကင်မရာ ၁၃ လုံး တွေ့ထားပြီးဖြစ်သည်။ 

ဒီရိုက်ကူးရေးအဖွဲ့က ရူးနေပြီလားမသိဘူး...ဒီလောက်ကင်မရာတွေအများကြီးနဲ့ ပိုက်ဆံအကုန်လုံးက တည်းဖြတ်အဖွဲ့ဆီပဲ ရောက်တော့မှာပဲ...


ထိုကိစ္စကို ရှဲ့လုယွီ အစပိုင်းက စိတ်ထဲပင်မရှိချေ။ သူ့ကိုက မည်သည့်ရှုထောင့်မှရိုက်ရိုက် ကြည့်ကောင်းနေသောကြောင့် မည်သည့်နေရာ၌ ကင်မရာရှိနေပါစေ အရေးမကြီးပေ။ 


သို့သော် စင်္ကြံလမ်းအဆုံး၌ ကင်မရာနှစ်လုံးရှိနေသည်ကို ရှဲ့လုယွီ ရုတ်တရက် သတိရသွားသည်။ 

ကုချင်းချီက အဲဒီကင်မရာတည့်တည့်ကို လျှောက်သွားတော့မှာ...


ရှဲ့လုယွီက ကုချင်းချီကို ရုတ်တရက် လှမ်းကိုင်ပြီး အသံကို နှိမ့်ကာပြောလိုက်သည်။ 

ကင်မရာတွေရှိနေတော့ အသံဖမ်းစက်တွေလည်း ရှိနေမှာပဲ...


"ဒီလမ်းအဆုံးနားမှာ ကင်မရာရှိတယ်..."


ကုချင်းချီက ခြေလှမ်းကို ရပ်ပြီး ရှဲ့လုယွီကို မော့ကြည့်လိုက်သည်။ ရှဲ့လုယွီ၏စကားကြောင့် ရုတ်တရက် ကြောင်သွား၍ ခပ်ဖြည်းဖြည်းပြောလိုက်သည်။

"ဟုတ်...ကျေးဇူးပါ..."


ကုချင်းချီ၏အသံက ကျေးဇူးတင်သည်ထက် မေးခွန်းမေးသည်နှင့် ပိုတူနေသည်။ 


ရှဲ့လုယွီလည်း သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်နေမိသည်။


ဟုတ်တယ်လေ...ကင်မရာရှိတာ ဘာများအရေးကြီးသွားလို့လဲ...ငါကရော ဘာဖြစ်လို့ သူ့ကို တားလိုက်တာလဲ...ခါးလေးပဲ နည်းနည်းပေါ်နေတာ...ပြီးတော့ သူ့ရဲ့ V-line...သူ့ရဲ့...ဖာ့ခ်...

ရှဲ့လုယွီက တွေးလေလေ ကုချင်းချီကို သူတားသင့်သည်ဟုသာ အတွေးကရောက်လေလေဖြစ်နေသည်။ 


ထိုအတွေးက ဆက်တွေး၍မရ‌ဘဲ လမ်းဆုံးသွားသောအခါ ရှဲ့လုယွီလည်း ထုံးစံအတိုင်း သူလိုရာဆွဲတွေးတော့သည်။


အခန်းတွေကြားထဲက စင်္ကြံလမ်းဆိုတာ ကိုယ်ပိုင်နေရာလိုမျိုးပဲမလား...အဲဒီလို ကိုယ်ပိုင်သီးသန့်နေရာမှာ ကင်မရာထားလို့ရလို့လား...မရဘူးလေ...


ထိုအခါမှပင် ရှဲ့လုယွီလည်း သူ ကုချင်းချီအပေါ် စိတ်ပူနေမိခြင်းအပေါ် တစ်မျိုးမတွေးတော့ဘဲ ရှက်နေသည်လည်း ပြေသွားကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။


"ဒီလို စင်္ကြံလမ်းမှာ ကင်မရာထားထားတာ မသင့်တော်ဘူးလို့ ကိုယ်ထင်လို့လေ...ဒီမှာ ခဏနေဦး..."


ရှဲ့လုယွီက ကင်မရာရှိရာသို့ လျှောက်သွားရင်း သူ့ဂျက်ကတ်အင်္ကျီကို ချွတ်ကာ ကင်မရာပေါ်သို့ လွှားလိုက်သည်။


ထို့နောက်မှ ကျေနပ်သွားပြီး ကုချင်းချီကို လှမ်းပြောလိုက်သည်။

"အိုကေ ရပြီ...ကောင်းသောညပါ...မနက်ဖြန်မှ တွေ့ကြတာပေါ့..."


ကုချင်းချီက ခပ်ဖြည်းဖြည်းသမ်းလိုက်သည်။ ထို့နောက် အခန်းဆီသို့ ဆက်လျှောက်သွားလိုက်သည်။ အခန်းဆီသို့ သွားရင်း ရှဲ့လုယွီရှေ့မှ ဖြတ်လျှောက်သောအခါမှသာ ခဏရပ်ပြီး ခပ်ဖွဖွပြောလိုက်သည်။

"မနက်ဖြန်တွေ့မယ်နော်..."


ရှဲ့လုယွီက ဆံပင်တိုတိုစစ်သားကေနှင့် မျက်ခုံးထောင့်စွန်းကိုလည်း ဟက်တတ်ကွဲနေသည့်ပုံစံ အရာပေးထားသေးသည်။ သူ့ချောမောမှုက အရိုင်းဆန်သော ချောမောမှုဖြစ်သည်။ သို့သော် ထိုအခိုက်တွင် ရှဲ့လုယွီ၏ အမြဲတင်းနေသော မျက်ခုံးများက ရုတ်တရက် နူးညံ့သွားသည်။ 


ကုချင်းချီ အခန်းထဲဝင်သွားပြီး အတော်ကြာသည်အထိ ရှဲ့လုယွီက ထိုနေရာ၌ နံရံကို မှီကာ ရပ်နေသည်။ စီးကရက်ဘူးထဲမှ စီးကရက်တစ်ချောင်းကို ကိုက်ထား၍ အချိန်‌အတော်ကြာ မီးမညှိဘဲ ခဲထားရင်း ရပ်နေလေတော့သည်။



🏠🏠🏠


သူ့ကောင်လေး ခါးပေါ်နေတာကို တစ်နိုင်ငံလုံးမြင်သွားမှာစိုးလို့ အူတိုနေတာဟေးး ရှဲ့ကောတို့ကတော့ တကယ်ပဲ🥹