Chapter 10
Viewers 289

🏠 Chapter 10

ကျေးလက်ဒေသသို့ အလည်သွားခြင်း



အိမ်ပြောင်းပြီး နောက်တစ်ရက်တွင် ကုချင်းချီက Starlight Entertainment ၌ အလုပ်စလုပ်ရတော့မည်ဖြစ်သည်။ ယဲ့လီက သူ့ရုံးခန်းသို့ ကိုးနာရီအရောက်လာရန် မှာသွားသည်။ 


ကုချင်းချီ ယခင်က ညနေ သို့မဟုတ် ညပိုင်းမှ အလုပ်စလုပ်သောကြောင့် ညဘက်မအိပ်ဘဲ မနက်ပိုင်းတွင်သာ အိပ်သော အကျင့်ဖြစ်နေပြီဖြစ်သည်။ ကြောင်လေးကလည်း ကုချင်းချီအိပ်သည့်အတိုင်း လိုက်အိပ်သောကြောင့် လူရော ကြောင်ရောက မနက်ပိုင်းအိပ်၍ ညပိုင်းနိုးနေကြသည်မှာ အသားကျနေလေသည်။ 


နောက်ပိုင်း၌ ကုချင်းချီက အလုပ်ထွက်လိုက်၍ ညပိုင်း အလုပ်မလုပ်ရတော့သော်လည်း ထိုအိပ်ချိန်ကမူ မပြောင်းသွားခဲ့ပေ။ ကုချင်းချီက ညပိုင်း၌ နိုးနေရသည်ကို ပိုကြိုက်သည်။


ညဘက်တွင် အပြင်၌ လူများစွာမရှိဘဲ တိတ်ဆိတ်ငြိမ်သက်မှုရှိသည်။ မနက်ပိုင်းက ကုချင်းချီအတွက် ဆူညံသည်ဟု ခံစားရသည်။ 


တစ်နည်းဆိုရလျှင် ကုချင်းချီက မနက်ပိုင်းအိပ်၍ ညပိုင်းနိုးနေသော်လည်း အိပ်ချိန်များ ကမောက်ကမဖြစ်နေသည်မဟုတ်ဘဲ အိပ်ချိန်‌မှန်သေးသည်။ အချိန်က ပြောင်းပြန်ဖြစ်နေခြင်းသာဖြစ်သည်။ 


ယခု၌ ရုတ်တရက် အိပ်ချိန်ကို ညဘက်ပြန်ပြောင်းလိုက်ရသောကြောင့် ကုချင်းချီ၏ တစ်ကိုယ်လုံးက ရုတ်တရက် ပင်ပန်းနွမ်းနယ်နေသကဲ့သို့ ခံစားနေရတော့သည်။ 


အိမ်မှ ထွက်မည်အလုပ်တွင် ကွေးကွေးလေးနှင့် နှစ်ခြိုက်စွာအိပ်နေသော ကြောင်လေးကို ကုချင်းချီ အချိန်အတော်ကြာ ငေးကြည့်နေမိသေးသည်။ ကြောင်လေးကို နှိုး၍ အိတ်ထဲ ကောက်ထည့်သွားချင်နေမိသော်လည်း နောက်ဆုံးတွင်မူ လက်လျှော့လိုက်ကာ အိမ်မှ ထွက်လာလိုက်သည်။ 


Starlight Entertainment က သူတို့ကုမ္ပဏီဝန်းအတွင်း လူဝင်လူထွက်များကို သေချာစိစစ်တတ်သည်။ ဝန်းထဲသို့ ဝင်ရန်ဖြစ်စေ ထွက်ရန်ဖြစ်စေ နာမည်ကတ်ပြားများ လိုသည်။ ထိုသို့လုပ်ထားရခြင်းမှာ ပါပါရာဇီများခိုးဝင်လာခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ 


ယဲ့လီက ကုချင်းချီ ကုမ္ပဏီထဲသို့ ဝင်နိုင်ရန် ယမန်နေ့က သူ့နာမည်ကတ်ပြားကို ပေးသွားခဲ့သည်။ ယဲ့လီက Starlight Entertainment ၌ လုပ်သည်မှာ ကြာနေပြီဖြစ်သောကြောင့် နာမည်ကဒ် မလိုဘဲ မျက်နှာပြရုံနှင့် ရသည်။ 


ကုချင်းချီလည်း နာမည်ကဒ်ကို လည်ပင်း၌ဆွဲ၍ Starlight Entertainment ၏ အရှေ့တံခါးမှ ဝင်လာလိုက်သည်။


ကုမ္ပဏီအောက်ထပ်၌ လူများစွာဖြင့် ပျားပန်းခတ်မျှ ရှုပ်ယှက်ခတ်နေသည်။ ထိုလူများထဲ၌ ရုံးခန်းများထဲ၌သာ အလုပ်လုပ်သော သာမာန်ဝန်ထမ်းများပါသကဲ့သို့ နေကာမျက်မှန်များ၊ မျက်နှာဖုံး mask များ နှင့် နာမည်ကြီးတံဆိပ် အဝတ်အစားများ ဝတ်ထားကြသော အနုပညာရှင်များလည်း ပါသည်။ 


ယခုအချိန်က လူများ အလုပ်သို့ စလာကြသောအချိန်ဖြစ်သောကြောင့် ဓာတ်လှေကားရှေ့၌ လူများစွာ စောင့်နေကြသည်။ ကုချင်းချီလည်း ထိုလူအုပ်ကြားထဲ ဝင်၍ စောင့်နေလိုက်သည်။ 


ထိုစဉ် ရုတ်တရက် ဝင်ပေါက်တံခါးရှေ့မှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာသည်။ အစောင့်ရဲများကလည်း အုံကြွလာသော သတင်းထောက်အုပ်စုကြီးကို တားရန် တံခါးဝသို့ပြေးသွားကြသည်။ ဝန်ထမ်းအချို့ကလည်း လူအုပ်ကြီးကြားထဲမှ တောင်းပန်စကားများဆိုကာ လမ်းဖယ်ခိုင်းနေကြသည်။


"ဆောရီး ဆောရီး...တောင်းပန်ပါတယ်...အရေးကြီးတဲ့လူလာနေတာမို့လို့ လမ်းလေးခဏဖယ်ပေးကြပါ..."


လူကြားထဲမှ mask တပ်ထားသော လူတစ်ယောက်က လူများစွာခြံရံ၍ အမြန်လျှောက်သွားသည်။ 


ထိုလူ၏ အရပ်က အလွန်ရှည်ကာ ဝန်ထမ်းများစွာ ဝိုင်းရံထားသည့်ကြားမှပင် လူတိုင်းထက် သူ့အရပ်က မြင့်နေသေးသည်။ သူ့မျက်လုံးများက စူးရှနေ၍ မျက်ခုံးများကိုလည်း တွန့်ချိုးထားကာ စိတ်အနည်းငယ်တိုနေသည့်ပုံပေါက်နေသည်။ သူ့တစ်ကိုယ်လုံးကလည်း တစ်ခုခုကို စိတ်ဖိစီးနေသောပုံဖြင့် ခပ်တောင့်တောင့်ဖြစ်နေသည်။


ဘေးမှ လူအများကလည်း ထိုလူ ဘေးမှဖြတ်သွားသောအခါ အားလုံး အလိုက်တသိ နောက်သို့ ဆုတ်ပေးလိုက်ကြသည်။ 


ထိုအချိန်၌ ဓာတ်လှေကားကလည်း ပွင့်လာသောကြောင့် ထိုလူက ဘေးလူများကိုပင် မကြည့်ဘဲ ဓာတ်လှေကားထဲသို့ တန်းဝင်သွားသည်။ ထို့နောက် အထပ်ခလုတ်ကို နှိပ်ပြီးသောအခါ ဓာတ်လှေကားအလယ်၌ အေးစက်သော မျက်နှာဖြင့် ရပ်နေလေသည်။ သူ့နောက်မှ ဝန်ထမ်းက ဓာတ်လှေကားထဲသို့ အမြန်ဝင်လိုက်ရသည်။ 


ကုချင်းချီက ထိုအဖြစ်အပျက်ကို အေးအေးဆေးဆေးသာ ကြည့်နေ၍ သမ်းပင်သမ်းလိုက်မိသည်။ သမ်းပြီး၍ အပေါ်သို့ ပြန်ကြည့်လိုက်သောအခါ ဓာတ်လှေကားထဲမှ လူက သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကုချင်းချီကလည်း သူ့ကို ပြန်ကြည့်လိုက်သောကြောင့် နှစ်ယောက်၏အကြည့်များ ဆုံသွားကြသည်။ 


ထိုကဲ့သို့ ရုတ်တရက် အကြည့်ဆုံသွားချိန်၌ သာမာန်လူဆိုလျှင် ရုတ်တရက် မျက်နှာလွှဲလိုက်မည်ဖြစ်သော်လည်း ကုချင်းချီကမူ ဘာမှမဖြစ်ပေ။ ဓာတ်လှေကားတံခါးပိတ်သွားချိန်အထိ အေးအေးဆေးဆေးပင် ထိုလူကို စိုက်ကြည့်နေလိုက်သည်။ 


ဓာတ်လှေကားထဲတွင် သတင်းထောက်များကြောင့် စိတ်တိုနေသော ရှဲ့လုယွီ၏ဒေါသက တစ်ဝက်ခန့် ငြိမ်ကျသွားသည်။


သူသွားရမည့်အထပ်သို့ရောက်သောအခါ ဒေါသက လုံးဝပျောက်ကွယ်သွားပြီဖြစ်‌လေသည်။ 


ကုမ္ပဏီက ရှဲ့လုယွီကို အလွန်အရေးပေးသောကြောင့် ကုမ္ပဏီအဆောက်အအုံ၏ ၇လွှာတစ်ထပ်လုံးက ရှဲ့လုယွီ၏အပိုင်ဖြစ်သည်။ ရှဲ့လုယွီသိပ်မသုံးသော ရုံးခန်းမှလွဲ၍ သူ့အဖွဲ့သားများအားလုံးကလည်း ၇လွှာ၌သာ အခြေကျနေကြပြီဖြစ်သည်။


ရှဲ့လုယွီရောက်လာသောသတင်းကို သူ့အေးဂျင့်က သိပြီးဖြစ်သည်။ 


အေးဂျင့်အမည်က ဖန်ရှောင်ချန် ဖြစ်သော်လည်း သူ့တစ်ကိုယ်လုံး မည်သည့်နေရာကမှ သေးမနေပေ။ ဖန်ရှောင်ချန်က အရပ် ၁.၉ မီတာရှိသောကြောင့် ရှဲ့လုယွီနီးပါးအရပ်ရှည်သူဖြစ်သည်။ ထို့အပြင် ကိုယ်လုံးကိုယ်ထည်ကလည်း တောင့်တင်းကြီးမားကာ နေကာမျက်မှန်တပ်ရသည်ကိုလည်း ကြိုက်သူဖြစ်သောကြောင့် ရှဲ့လုယွီနှင့် အတူ လျှောက်နေလျှင် သူ့ ကိုယ်ရံတော် ဟု အထင်ခံရတတ်သည်။ 


[T/N: ဖန်ရှောင်ချန် ထဲက ရှောင် ဆိုတဲ့ စကားလုံးက သေးသေးလေး၊ ငယ်ငယ်လေး လို့ အဓိပ္ပာယ်ရလို့ပါ။]


ယခု၌ ဖန်ရှောင်ချန်က ရုံးခန်းထဲမှ ခေါင်းပြူထွက်လာ၍ မျှော်လင့်ချက်ရောင်ခြည်လေး သန်းနေသော အသံဖြင့် မေးလိုက်သည်။ 

"မင်း အင်တာနက်ပေါ်မှာ နာမည်ကြီးနေပြန်ပြီဆို...ဒီတစ်ခေါက်တော့ ဘယ်သူ့ကိုမှ မဆဲထားဘူးမလား..."


ရှဲ့လုယွီက mask ကိုဆွဲချွတ်၍ "ခင်ဗျားထင်တဲ့အတိုင်းပဲ" ဆိုသော မျက်နှာပေးဖြင့် လှမ်းကြည့်လိုက်သည်။ 


ဖန်ရှောင်ချန်လည်း နားလည်လိုက်ကာ မျက်နှာပေါ်မှ မျှော်လင့်ချက်အပြုံးလေးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ရှဲ့လုယွီကို ညွှန်နေသော လက်ညှိုးကလည်း အနည်းငယ်တုန်သွား၍ ဝမ်းနည်းပန်းနည်းလေသံဖြင့်ပြောလိုက်သည်။


"ငါ PR ဌာနကို တစ်နှစ် တစ်နှစ် ဘောနပ်စ်တွေ ဘယ်လောက်ပေးနေရတယ်ဆိုတာ မင်းသိရင်ကောင်းမယ်..."


...


ကုချင်းချီက လူကြားထဲ၌ ရောနှောပျောက်ကွယ်ရသည်ကို အသားကျနေပြီဖြစ်သောကြောင့် လူအုပ်ကြီး၏ နောက်၌သာနေ၍ ‌ဓာတ်လှေကားကို စောင့်နေလိုက်သည်။ ထို့ကြောင့် ဓာတ်လှေကားထဲသို့ ဝင်သောအခါ ကုချင်းချီက ရှေ့ဆုံးသို့ ရောက်သွားသည်။


အစကမူ ကုချင်းချီက ‌ရှေ့ဆုံး၌ရပ်၍ အေးအေးဆေးဆေး အိပ်ငိုက်နေသောကြောင့် လူအချို့ကသာ သူ့ကို သတိထားမိကြသည်။ 


ထို့နောက် တဖြည်းဖြည်းနှင့် ဘေးမှလူများကလည်း ကုချင်းချီကို တိတ်တဆိတ် အကဲခတ်လာကြသည်။ အနေအေး၍ ရှက်တတ်သူများက ဓာတ်လှေကားတံခါး၌ပေါ်နေသော ကုချင်းချီ၏ ပုံရိပ်ကိုသာ ကြည့်နေကြသော်လည်း အတင့်ရဲသူအချို့ကမူ သူတို့၏ ဖုန်းများကို ဖွင့်၍ အင်တာနက်ကြည့်နေသလိုလိုနှင့် ဓာတ်ပုံခိုးရိုက်နေကြသည်။ 


ကုမ္ပဏီမှ လူတိုင်းက ရှိရှိသမျှသော အချောအလှများကို မြင်ဖူးကြပြီးသားဖြစ်၍ ကုမ္ပဏီ၌ အမြဲမပြတ် ဝင်ထွက်သွားလာနေကြသော နာမည်ကျော်အနုပညာရှင်များကိုပင် မျက်တောင်မခတ်တမ်း ကြည့်နိုင်ကြသူများဖြစ်သည်။ အလွန်နာမည်ကြီးသော ရှဲ့လုယွီကဲ့သို့ အနုပညာရှင်မျိုးကိုတွေ့မှသာ အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်ကြခြင်းဖြစ်သည်။ 


ကုချင်းချီက ဘေးပတ်ဝန်းကျင်လေ့လာမှု အားနည်းသူဖြစ်သည်။ သူက အမြဲ သူ့ကိုယ်သူ သာမာန်ဆန်၍ လူကြားထဲ ပျောက်ကွယ်တတ်သူ ဟု ထင်နေသူဖြစ်သည်။ ကုချင်းချီက သူ့ဘဝသူသာ အာရုံစိုက်၍ သူနှင့်မဆိုင်သော အခြားလူများကို ခေါင်းထဲ မထည့်တတ်လှသူဖြစ်သည်။ 


သာမာန်ဆိုလျှင် ဆူညံနေလေ့ရှိသော ဓာတ်လှေကားက ယနေ့တွင်မူ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကုချင်းချီက ဤကုမ္ပဏီသို့ ယခုမှ ပထမဆုံးရောက်လာသူဖြစ်သောကြောင့် ထိုသို့ တိတ်ဆိတ်နေခြင်းကိုပင် ပုံမှန်ဟု ထင်နေမိသည်။ ကုချင်းချီကလည်း ထိုကဲ့သို့ တိတ်ဆိတ်မှုကို ကြိုက်သောကြောင့် ထူးဆန်းသည်ဟုမထင်ဘဲ သဘောပင် ကျနေလိုက်သေးသည်။ 


သို့သော် အခြားလူများအတွက် ထိုတိတ်ဆိတ်မှုက အသားမကျဖြစ်နေကာ ကြောင်တောင်တောင်နိုင်သည် ဟု ခံစားနေကြရသောကြောင့် ဓာတ်လှေကားထဲမှ လူအချို့က စကားတစ်ခွန်းစ နှစ်ခွန်းစ စပြောလာကြသည်။


"ဟေး ခုနက မင်းသားက ဘယ်သူလဲ...သူ့ပုံစံက ထင်းလင်းထွက်နေတာပဲနော်..."


"မင်းက လူသစ်လား...ဘယ်သူဖြစ်ရမှာလဲ...ရှဲ့လုယွီပေါ့ကွ...ဒီကုမ္ပဏီမှာ သူ့ထက်ပိုပြီး နာမည်ကြီးတဲ့လူ ဘယ်သူမှမရှိဘူး..."


"အဲဒါ ရှဲ့လုယွီလား...ဘုရားရေ ကျွန်တော်က သူ့ကို အရမ်းကြိုက်တာ...ဒါဆို ခုနက ကျွန်တော့် အိုင်ဒေါက ကျွန်တော်နဲ့ နီးနီးလေးကနေ ဖြတ်သွားတာပေါ့...ကျွန်တော်က ရှဲ့လုယွီကြောင့်ပဲ ဒီကုမ္ပဏီမှာ အလုပ်လုပ်ဖြစ်တာ..."


"ဒင်...တတိယအလွှာဖြစ်ပါတယ်..."

ကုချင်းချီ သွားရမည့် တတိယထပ်သို့ ရောက်သွားပြီဖြစ်သည်။ 


ကုချင်းချီ ထွက်သွားပြီးပြီးချင်းမှာပင် ဓာတ်လှေကားထဲမှ လူများက ချက်ချင်း ခေါင်းစဉ်ပြောင်း၍ ယခု သူတို့ အလွန်စိတ်ဝင်စားနေကြသည့် အကြောင်းကို ပြောနေကြတော့သည်။


"အဲဒါ ဘယ်သူလဲ..."

ပြောလိုက်သည့်လူက မည်သူမှန်း သေချာမပြောသော်လည်း သူ မည်သူ့ကို ရည်ညွှန်းမှန်း လူတိုင်း သိနေကြသည်။ 


"မသိဘူး...ဒီကုမ္ပဏီကို ခုမှရောက်လာတဲ့ လူသစ်ဆိုတာတော့ သေချာတယ်...သူ့လို လူမျိုးကို ငါ မမှတ်မိစရာအကြောင်း လုံးဝမရှိဘူး..."


"ငါ သူ့ကို အရင်က မြင်ဖူးတယ်...ဟိုတလောက အင်တာနက်ပေါ်မှာ အရမ်းနာမည်ကြီးသွားသေးတယ်‌လေ...ငါက သူ့ကို ပွဲဦးထွက်ခါနီး မင်းသားထင်တာ...ငါတို့ ကုမ္ပဏီကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး..."


"ဖြစ်နိုင်လို့လား...သူနဲ့ပတ်သက်တဲ့ သတင်းတွေ တက်မလာတာ နည်းနည်းကြာနေပြီမလား...ပြီးတော့ သူ့ နာမည်ကဒ်ကို ငါတွေ့လိုက်တာ အပြာရောင်ကြီး...အပြာရောင်က အေးဂျင့်တွေအတွက်လေ..."


"မဖြစ်နိုင်တာ...သူ့လိုလူမျိုးက ဘာဖြစ်လို့ အေးဂျင့်လာလုပ်နေရတာလဲ..."


"ဒုက္ခပဲ...အခုခေတ် အေးဂျင့်တွေက မင်းသားတွေထက်ပိုပြီးတော့တောင် မင်းသားဆန်နေကြသေးတယ်..."


ထိုနေ့၌ ကုမ္ပဏီ၏ လူသားအရင်းအမြစ်ဌာန(HRဌာန)ခမျာ ကုမ္ပဏီသို့ အသစ်ရောက်လာသော အေးဂျင့်က ဘယ်သူလဲ ဆိုသော မေးခွန်းများကိုသာ ထိုင်ဖြေနေရလေသည်။ 


ကုချင်းချီကမူ သူ၏ ပထမဆုံးနေ့မှာပင် ကုမ္ပဏီ၌ အလွန်နာမည်ကြီးသွားသည်ကို သူ့ဘာသာသူပင် မသိလိုက်ချေ။ 


ယခု ကုချင်းချီက ယဲ့လီ၏ ရုံးခန်းထဲရောက်နေပြီဖြစ်သည်။


ယဲ့လီက ကုချင်းချီကို မျက်ခုံးတစ်ဖက်ပင့်၍ ကြည့်လိုက်သည်။

"ထိုင်လေ...ဘယ်လိုဖြစ်နေတာလဲ...ညက စောစောမအိပ်ဖြစ်ဘူးလား..."


ကုချင်းချီကလည်း ဖုံးကွယ်မနေချေ။

"အင်း...အိပ်မရလို့..."


ယဲ့လီလည်း ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှဆက်မပြောတော့ဘဲ စာရွက်စာတမ်းတစ်ခုကို ထုတ်လိုက်သည်။


ယဲ့လီက သူ၏ ယခင်ကျရှုံးမှုနှစ်ခုကြောင့် သူ့စံနှုန်းများကို လျှော့ချပစ်မည့်လူမဟုတ်ချေ။ စံနှုန်းများမကျသည့်အပြင် ပို၍ပင် စည်းကမ်းတင်းကြပ်လာသေးသည်။ ယခင်ကမှ အနုပညာရှင်များကို ချက်ချင်း အလုပ်တန်းမခိုင်းဘဲ နားချိန်ပေးသေးသော်လည်း ယခုတွင်မူ နားချိန်ပင် မပေးတော့ချေ။ 


ဤတစ်ကြိမ်တွင် ယဲ့လီက သူ့ဘက်မှ လိုချင်သည်များကို သေချာ ပြတ်ပြတ်သားသားပြောထားလိုက်သည်။

"ငါတို့ စာချုပ်မချုပ်ခင်ကလည်း ငါ ဒီအကြောင်းကို ခဏခဏပြောခဲ့ပေမယ့် အခုလည်း ထပ်ပြောရဦးမယ်...မင်းဘက်က မင်းရဲ့အလုပ်နဲ့ ပတ်သက်ပြီး တာဝန်ယူမှုအပြည့်ရှိမယ်လို့ ငါမျှော်လင့်တယ်...မင်းက အခု အနုပညာရှင်တစ်ယောက် လုပ်တော့မယ်လို့ စာချုပ်ချုပ်ပြီးတဲ့အတွက် အလုပ်ကို အလုပ်လို့သိတဲ့ အခြေခံစိတ်ဓာတ်တော့ ရှိမယ်ထင်ပါတယ်..."


ယဲ့လီက ပြောရင်း ခဏနားလိုက်သည်။

"ဥပမာ ကိုယ့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ဂရုစိုက်တာမျိုးပေါ့...နောက်ဆိုရင် အဲဒီကိစ္စတွေကိုပါ ငါကိုယ်တိုင် ဝင်ပါရင် ပါလာရမှာမို့လို့ ကြိုပြောထားလိုက်မယ်..."


"နောက်တစ်ခုက မင်းရဲ့ အချစ်ကိစ္စ...မင်းမှာ အခုလောလောဆယ်ရည်းစားမရှိဘူးလို့ ပြောခဲ့တယ်နော်...ငါ မင်းကို ယုံပါတယ်...ဒါပေမယ့် နောက်ပိုင်းမှာ ရည်းစားရှိလာခဲ့ရင် ယောင်္ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် တခြားလူတွေမသိခင် ငါ့ကိုအရင်လာပြောပါ..."


"နောက်ဆုံးပြောချင်တာက အခု မင်းနဲ့ငါက အလုပ်လက်တွဲဖော်တွေဖြစ်သွားပြီ...ငါတို့နှစ်ယောက်ရဲ့ ပန်းတိုင်တွေက တူတူပဲ...အဲဒါကြောင့် မင်းအနေနဲ့ ငါ့ကို အပြည့်အဝ ယုံပေးစေချင်တယ်..."


ကုချင်းချီက ခေါင်းညိတ်ပြလိုက်သည်။ ယဲ့လီပြောနေသမျှကိုလည်း သူသိပြီးသားဖြစ်သည်။ အိပ်ချိန်နည်းနည်းအဆင်မပြေသည်မှလွဲ၍ ယဲ့လီပြောသမျှက ကုချင်းချီအတွက် အဆင်မပြေခြင်း မရှိချေ။ 


ထို့နောက် ယဲ့လီက အဓိကပြဿနာအကြောင်း စပြောလိုက်သည်။ 


"မင်းက အခု ၂၂ နှစ်ဖြစ်နေပြီဆိုတော့ သင်တန်းသား(trainee)လုပ်ပြီး ပွဲဦးထွက်လို့တော့မရတော့ဘူး...မင်းက အနုပညာလောကအကြောင်း ဘာမှမသိဘဲ အခုမှ စဝင်လာတာက ပြဿနာရှိနေတာတော့ မဟုတ်ဘူး...ဒါပေမယ့် ပရိသတ်တွေအတွက်ကျတော့ မင်းက အခုမှ ဒီလောကထဲ စဝင်လာတဲ့လူမို့လို့ ငယ်ငယ်တည်းက ဒီလောကထဲမှာ ရှိနေပြီး တစ်ချိန်လုံး လေ့ကျင့်နေတဲ့လူတွေနဲ့ ယှဉ်ရင် မင်းကို သူတို့လောက်မတော်ဘူးလို့ ထင်ကြမှာတော့ အမှန်ပဲ..."


ယဲ့လီက ဆက်၍ အသေးစိတ်ရှင်းပြနေသည်။ 


"ဒါပေမယ့် မင်းက အခုလို ပုံစံနဲ့ ပွဲဦးထွက်လိုက်ရင် ပရိသတ်တွေက မင်းကို အရည်အချင်းမရှိတဲ့ လူအသစ် လို့ပဲ ခေါင်းစဉ်တပ်လိုက်ကြမှာပဲ...အဲဒီလို နာမည်ရသွားရင် လူတွေရဲ့ အမြင်ကို ပြောင်းဖို့ခက်သွားမယ်...နောက်ပိုင်း မင်းအောင်မြင်သွားခဲ့ရင်တော့ မင်းရဲ့ ပွဲဦးထွက်တုန်းက အချိန်နဲ့ယှဉ်ပြီး မင်း ဘယ်လိုတွေ ကြိုးစားခဲ့တယ် ဘယ်လိုအရည်အချင်းတွေရှိတယ်ဆိုတာကို ယှဉ်ပြလို့ကောင်းပေမယ့် အခုလောလောဆယ်မှာတော့ ပရိသတ်တွေက မင်းကို ရုပ်လေးပဲချောပြီး ဘာအရည်အချင်းမှမရှိတဲ့လူလို့ သတ်မှတ်လိုက်ကြမှာ...မင်း နောက်ပိုင်းမှာ ဘယ်လိုပဲ အောင်မြင်လာပါစေ မင်းရုပ်ကြောင့်လို့ပဲ ပြောကြမှာပဲ..."


ရှဲ့လုယွီကလည်း အနုပညာလောကထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာသူဖြစ်သည်။ သို့သော် သူ၏ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်း၍ သူ့အရည်အချင်းက ကြောက်မက်ဖွယ်ကောင်းအောင် ကောင်းသည်ကို လူတိုင်းမြင်နိုင်ကြသည်။ 


ထို့ကြောင့် အနုပညာလောကထဲသို့ မနေ့တစ်နေ့ကမှ ဝင်လာသော လူသစ် ဆိုသည့် ခေါင်းစဉ်က ရှဲ့လုယွီ၏အရည်အချင်းကို ပို၍ပင် ပေါ်လွင်သွားစေခဲ့သည်။ 


သို့သော် ကုချင်းချီက ရှဲ့လုယွီ ဟုတ်မနေပေ။ 


ယခုတွင် သူတို့၏ လှပသော မျက်နှာလေးတစ်ခုတည်းနှင့် အနုပညာလောကထဲသို့ တိုးဝင်နေကြသော လူများစွာရှိနေကြသည်။ အနုပညာလောက က သေးသော်လည်း ရက်စက်သောကြောင့် ထိုကဲ့သို့သောလူများက မျက်နှာကောင်းမရကြပေ။ 


အထူးသဖြင့် ယခုနှစ်ပိုင်းတွင် နည်းပညာများတိုးတက်လာသည်နှင့်အမျှ တီဗီပေါ်သို့ အလွန်ချောမောလှပသည့်လူများ ပို၍ပို၍ ရောက်လာကြသည်။ အနုပညာရှင်များစွာကလည်း သူတို့၏ရုပ်ရည်များကို ပို၍ လှပစေရန် ဖိုတိုရှော့များဖြင့် ပြင်ဆင်ခြင်းများလုပ်လာကြသည်။


သို့သော် အနုပညာလောကထဲသို့ ‌ခြေတစ်လှမ်းဝင်စပြုနေသော influencer များပင် သေချာပွဲဦးထွက်ရန် ခက်နေကြချိန်ဖြစ်သည်။ 


အင်တာနက်ပေါ်၌ influencer များ စ၍နာမည်ကြီးလာချိန်၌ အချို့ အနုပညာကုမ္ပဏီများက သူတို့ကိုစာချုပ်များချုပ်ကာ ခေါ်ကြသော်လည်း အောင်မြင်သွားသူက များများစားစားမရှိပေ။


Influencer များက live လွှင့်သည့် ကင်မရာများရှေ့၌သာ သရုပ်ဆောင်တတ်ကြခြင်းဖြစ်သည်။ live လွှင့်သည့်အချိန်ခဏလေးမှာသာ ကင်မရာရှေ့ နေတတ်ကြသည်။ အနုပညာရှင်များကမူ ကင်မရာမျိုးစုံရှေ့၌ သရုပ်ဆောင်နေကြ၊ နေနေကြရခြင်းဖြစ်သည်။ သရုပ်ဆောင်မနေသည့်အချိန်များ၌လည်း သတင်းထောက်များ၊ ပါပါရာဇီများ၊ ပရိသတ်များ၏ ကင်မရာများက နေရာတကာ အချိန်ပြည့် ရှိနေတတ်ကြသည်။


အနုပညာလောကထဲသို့ နှစ်တိုင်းလိုလို သင်တန်းသားများစွာ ဝင်ရောက်နေကြ၍ ထိုသင်တန်းသားများ တော်တော်များများကလည်း အနည်းဆုံး ငါးနှစ်ခန့် လေ့ကျင့်ထားကြသူများဖြစ်သည်။ သူတို့က သရုပ်ဆောင်ခြင်း၊ အက၊ စိတ်နေစိတ်ထား စသဖြင့် အဘက်ဘက်မှ လေ့ကျင့်ထားကြသူများဖြစ်ကာ ကင်မရာအမျိုးမျိုးရှေ့၌လည်း နေတတ်သောကြောင့် အရာရာ ပြီးပြည့်စုံနေကြသူများဖြစ်သည်။ 


ချောမောသောမျက်နှာလေးတစ်ခုတည်းနှင့်တော့ ဤအနုပညာလောကထဲ၌ ကြာရှည်မရပ်တည်နိုင်ပေ။ 


သို့သော် ကုချင်းချီက ခြွင်းချက်ဖြစ်သည်။ ကုချင်းချီ၏အလှက အနုပညာတစ်ခုဖြစ်၍ ထိုကဲ့သို့ အလှတရားက ကမ္ဘာပေါ်၌ ရှိနေခြင်းကပင် အံ့ဩဖွယ်တစ်ခုဖြစ်နေသည်။ 


ကုချင်းချီကဲ့သို့ ဘာမှမသိသော အပြင်လူတစ်ယောက်ကို ကြမ်းတမ်းခက်ခဲသော အနုပညာလောကထဲသို့ အတင်းဆွဲခေါ်လာခြင်းအပေါ် ယဲ့လီအား ရက်စက်သည်ဟု ပြောကောင်းပြောကြလိမ့်မည်။ 


သို့သော် လူအများမြင်နိုင်ရန် လှပသော အရာများကို ဖျက်ဆီးခြင်းက ဝမ်းနည်းစရာအကောင်းဆုံးသောဖြစ်ရပ်ဖြစ်သည်။ ယဲ့လီက ထိုကဲ့သို့ အဖြစ်မခံနိုင်ပေ။ ယဲ့လီက သူ့ဘဝ၏ အကောင်းဆုံးသော လက်ရာကို ကုချင်းချီနှင့် ဖန်တီးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ 


"မော်ဒယ်...ဟုတ်တယ်...မင်း မော်ဒယ်အနေနဲ့ ပွဲဦးထွက်သင့်တယ်...Taobao မော်ဒယ်အဆင့်မဟုတ်ဘူး...မင်း မော်ဒယ်လုပ်ပေးခဲ့တဲ့ Taobao ဆိုင်ရှင်ကို ငါဆက်သွယ်ပြီး မင်းပုံတွေကို ပြန်ဝယ်ထားလိုက်ပြီ...မင်း Taobao မော်ဒယ်ဖြစ်ခဲ့တယ်ဆိုတာကို ဘယ်သူမှမသိစေရဘူး...နောက်လည်း မင်းပါးစပ်ကနေ အဲဒီအကြောင်းကို မပြောမိပါစေနဲ့...မင်းက နာမည်ကြီးမော်ဒယ်ဖြစ်လာရမှာ...ငါ အခု မဂ္ဂဇင်းမျက်နှာဖုံးတွေအတွက် မော်ဒယ်နေရာတွေကို ကြည့်ထားတယ်...နောက်ရက်တွေကျရင် ငါစဆက်သွယ်လိုက်တော့မယ်..."


ယဲ့လီက တက်ကြွစွာပြောနေသည်။ ပါးစပ်မှပြောရင်း စာရွက်ပေါ်သို့လည်း တစ်ခုပြီးတစ်ခု ချရေးနေကာ ဘောပင်ကို လက်နှင့်လှည့်နေသည်။


"မင်းက အခု အင်တာနက်ပေါ်မှာ နာမည်ကြီးလက်စ ရှိနေသေးတယ်...ဒါကို အလဟဿအဖြစ်ခံလို့မရဘူး...ဒါပေမယ့် မင်းက အခုလော‌လောဆယ်လည်း အကတို့ တူရိယာတို့အတွက် သင်တန်းတွေက မတက်ထားတော့...အင်း နည်းနည်းတော့ ခက်တယ်..."


ယဲ့လီက သူ့ဘာသာသူတွေး၍ ပါးစပ်မှပြောနေသည်။ 


"အခုလောလောဆယ် နာမည်ကြီးနေတာ...ဟို စားစရာတွေချက်ပြ အဝတ်တွေလျှော်ပြရတဲ့ ရှိုးတစ်ခုတော့ရှိတယ်...မင်းဖို့ ငါစုံစမ်းပေးမယ်..."


ယဲ့လီက ဖန်ရှောင်ချန်ကို တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။

"ဟေး ငါ ယဲ့လီပါ...မင်းရော ငါရော အချိန်တွေသိပ်ရှိနေတာမဟုတ်လို့ ရှည်ရှည်ဝေးဝေးပြော‌မနေတော့ဘူး...Mango ရုပ်သံကနေ လွှင့်နေတဲ့ အဝတ်လျှော်ပြ သစ်ခုတ်ပြရတဲ့ ရှိုးတစ်ခုသိတယ်မလား...အဲဒီရှိုးမှာ နောက်တစ်ပိုင်းအတွက် ငါ့ကို နေရာတစ်ခုရအောင်လုပ်ပေးပါ...


ဖန်ရှောင်ချန်က ရယ်လိုက်သည်။

"မင်းဘာတွေပြောနေတာလဲ...အဝတ်လျှော်လိုက် သစ်ခုတ်လိုက်ရှိုးက ပေါ့သေးသေးရှိုးမဟုတ်ဘူးကွ...သူ့ရဲ့ နာမည်ကိုက 'ကျေးလက်ဒေသသို့ အလည်သွားခြင်း' လေ..."



🏠🏠🏠