Chapter 1
Viewers 283

🏠 Chapter 1

ကွာရှင်းခြင်း



ယခုအချိန်၌ ကုချင်းချီက သူ့ဗီလာရှိ ဧည့်ခန်းထဲ၌ ထိုင်နေသည်။ လေအေးပေးစက်ကလည်း ပွင့်နေ၍ အခန်းက အေးစိမ့်နေသည်။ ကြီးမားကျယ်ဝန်းသောဧည့်ခန်းထဲ၌ လူက သုံးယောက်သာရှိနေသည်။ ကုချင်းချီ နှင့် သူ့မျက်နှာချင်းဆိုင်၌ ထိုင်နေသူများမှာ ရှေ့နေနှင့် သူ၏လက်ထောက်ဖြစ်သည်။


စကားရှည်ကြီးပြောပြီးသွားသော ရှေ့နေက သူ့လက်ကောက်ဝတ်မှ လက်ပတ်နာရီကို လှမ်းကြည့်ပြီး ဘေးမှ လက်ထောက်ထံမှ စာချုပ်ကို လှမ်းတောင်းလိုက်သည်။ ထို့နောက် ထိုစာချုပ်ကို ကုချင်းချီနားသို့ တိုးပေးလိုက်သည်။


"မစ္စတာကု...ခင်ဗျား ဒီစာချုပ်မှာ လက်မှတ်ထိုးလိုက်တာနဲ့ တခြား ဘာကိုမှ စဉ်းစားစရာမလိုတော့ဘူး...ကွာရှင်းတာနဲ့ပတ်သက်လို့ အစစအရာရာ ကျွန်တော်တို့ပဲ တာဝန်ယူပြီး လုပ်ပေးသွားတော့မှာ..."


ကုချင်းချီကလည်း ထိုစကားကိုပင် စောင့်‌နေခဲ့ခြင်းဖြစ်သည်။


ကုချင်းချီက ဘာမှမပြောဘဲ တိတ်တဆိတ်ပင်ရှေ့သို့ အနည်းငယ်တိုးပြီး လက်မှတ်ကို သေချာထိုးပေးလိုက်သည်။ ထို့နောက် ယဉ်ကျေးသောပညာတတ်တစ်ယောက်၏ အပြုအမူမျိုးဖြင့် စာချုပ်ကို လက်နှစ်ဖက်လုံးဖြင့် တစ်ဖက်သို့ ပြန်တိုးပေးလိုက်သည်။


ကုချင်းချီကို နားချရန် အမျိုးမျိုးပြင်ဆင်ထားသော ရှေ့နေ့ကမူ ပါးစပ်သာ ပိတ်နေလိုက်ရသည်။ 


ရှေ့နေ၏အမှုသည်က အလွန်လိမ္မာပါးနပ်ကာ လက်မထပ်ခင်ကပင် ပိုင်ဆိုင်မှုများခွဲဝေခြင်းသဘောတူညီချက်ကို တစ်ဖက်လူကို လက်မှတ်ထိုးခိုင်းထားခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်မှ စည်ကမ်းများကလည်း အလွန်တင်းကျပ်သောကြောင့် ဤကဲ့သို့အမှုများကိုင်နေကျဖြစ်သော ရှေ့နေအတွက်ပင် အတော်လေးလွန်သည်ဟု ထင်မိသည်။ ရှင်းရှင်းပြောရလျှင် ကုချင်းချီသာ ဤကွာရှင်းခြင်းကို သဘောတူလိုက်ပါက ဘာပစ္စည်းပိုင်ဆိုင်မှုမှမရဘဲ လက်ချည်းဗလာသာ ထွက်သွားရမည်ဖြစ်သည်။ 


ထို့အပြင် ဤအိမ်ထောင်၌ ကုချင်းချီ၌ မည်သည့်အပြစ်မှမရှိချေ။ ဤလက်ထပ်မှု၌ လွဲချော်မှားယွင်းမှုများရှိလျှင်လည်း ကုချင်းချီ၏ခင်ပွန်းက သူ့ကို မချစ်ခြင်းသာ ရှိလိမ့်မည်။ 


အမှန်တွင်လည်း ကွာရှင်းရန် အမှုလာအပ်သူမှာ ကုချင်းချီ၏ခင်ပွန်းဖြစ်သည်။ ကွာရှင်းမည့်အကြောင်းပြချက်မှာလည်း ရိုးရိုးရှင်းရှင်းပင် သူတို့နှစ်ယောက် နှစ်နှစ်ကြာ တူတူမနေဘဲ ခွဲနေနေကြသည့် သက်သေဖြစ်သည်။ ပို၍ဝမ်းနည်းစရာကောင်းသည်က သူတို့နှစ်ယောက်၏ မင်္ဂလာသက်တမ်းကလည်း နှစ်နှစ်သာ ရှိနေသေးသည်။ 


သာမာန်လူများဆိုလျှင် ဤကွာရှင်းစာချုပ်၌ပါသော စည်းကမ်းချက်များကို သဘောတူမည်မဟုတ်ချေ။ ကုချင်းချီလည်း သဘောတူမည်မဟုတ်ဟု ရှေ့နေက တွေးထားခဲ့သော်လည်း မထင်မှတ်စွာပင် အရာရာက ချောမွေ့စွာပင် အဆင်ပြေသွားခဲ့သည်။


အေးလေ...ဒါကလည်း မကောင်းတဲ့ဟာမှမဟုတ်ဘဲ...

ရှေ့နေက ကျွမ်းကျင်သောရှေ့နေတစ်ဦးဖြစ်သောကြောင့် ခံစားချက်များကိုဦးစားမပေးဘဲ အမှုကိုသာ အာရုံစိုက်ရပေမည်။ 


ကုချင်းချီဘက်က အဆင်ပြေသည်နှင့် ကျန်သည့်ကိစ္စများအားလုံးက သူ့အလိုလိုအဆင်ပြေသွားကြမည်ကို ရှေ့နေသိပြီးဖြစ်သည်။ ယခု ကုချင်းချီက ချက်ချင်းပင် ဘာမှမငြင်းဆန်ဘဲ သဘောတူလိုက်သောကြောင့် သူ့ကို ပိုက်ဆံများစွာပေးပြီး ငှားထားသော အမှုသည်ကိုပင် အနည်းငယ်အားနာသွားမိသည်။ ရှေ့နေက ကုချင်းချီ၏လက်မှတ်ကို ကျေနပ်စွာ စစ်ဆေးလိုက်ပြီး စာချုပ်ကိုသိမ်းကာ ကုချင်းချီကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် မတ်တတ်ထရပ်၍ ထွက်လာလိုက်တော့သည်။ 


တံခါးမှထွက်၍ ပြန်ပိတ်ပေးလိုက်ချိန်တွင် ဆိုဖာပေါ်၌ တစ်ယောက်တည်း ထိုင်၍ ကျန်နေခဲ့သော ကုချင်းချီ၏ ဘေးစောင်းပုံရိပ်ကို လှမ်းမြင်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် ရှေ့နေ၏လှုပ်ရှားမှုများက ရပ်တန့်သွားမိသည်။ 


ကုချင်းချီက ခေါင်းကို အနည်းငယ်ငုံ့ထားသည်။ သူ၏ လှိုင်းတွန့်ဆံပင်များက လည်ပင်းပေါ်သို့ ကပိုကယိုကျနေကြကာ ရှည်လျားသောခြေထောက်များကို အရှေ့မှစားပွဲပေါ်၌ တင်ထားသည်။ ကုချင်းချီ၏ရုပ်ရည်က တစ်ချက်ကြည့်ရုံနှင့်ပင် ချောမောမှန်းသိသာ‌သောရုပ်ဖြစ်၍ သူ့တစ်ကိုယ်လုံး၏လှပချောမောမှုက ဘေးမှလူများ အသက်ရှူကျပ်သည်အထိပင် ချောမောလွန်းသူဖြစ်သည်။ 


အချိန်က ညနေစောင်းနေပြီဖြစ်၍ ‌ဧည့်ခန်းထဲ၌ မီးများမထွန်းရသေးပေ။ ပြတင်းပေါက်များကြားမှဝင်လာနေသော ဝင်ခါစနေ၏ ရောင်ခြည်များနှင့် အရိပ်များက ကုချင်းချီပေါ်သို့ ကျရောက်သည်။ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ ကုချင်းချီက အမှောင်ထုဖြင့် ကြက်သွေးရင့်ရောင်ခြယ်မှုန်းထားခြင်းခံရသည့် ညအချိန်ရောက်မှ ပွင့်လန်းလာ‌တတ်သော နှင်းဆီပန်းတစ်ပွင့်ကဲ့သို့ အလှတရားက အရိုင်းဆန်ဆန် စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်။ 


ထိုမြင်ကွင်းတစ်ခုလုံးက ရှေ့နေ၏ မျက်လုံးများကို ချက်ချင်း ဖမ်းစားထားလိုက်သည်။ 


လှပမှုကို ကမ္ဘာပေါ်မှ လူသားများအားလုံး နှစ်သက်ကြသည်။ သို့သော် လူတစ်ယောက်ချင်းစီ၏ အလှအပအပေါ် အမြင်ကမူ ကွဲပြားကြသည်။ ထိုအယူအဆကို အနုပညာရှင်များ၌ ပို၍ အတွေ့များတတ်သည်။ အနုပညာရှင်တစ်ယောက်ချင်းစီ၌ သူတို့၏ စံနှုန်းများကိုယ်စီရှိကြကာ တစ်ယောက်က အမွှန်းတင်လွန်း‌သော အလှအပတစ်ခုက အခြားတစ်ယောက်အတွက်မူ အမှိုက်သက်သက်သာ ဖြစ်လျှင်ဖြစ်နေတတ်သည်။ သို့သော် ယခု ရှေ့နေ မြင်နေရသော မြင်ကွင်းကိုမူ လူတိုင်းက တညီတညွတ်တည်း အလွန်လှပပါသည် ဟု ထောက်ခံကြမည်သာဖြစ်သည်။ ကုချင်းချီက ဤကမ္ဘာ၌ပင် မရှိသင့်သော အလှအပအားလုံး၏


ပင်တိုင်ထားရာ စံနှုန်းတစ်ခု ဖြစ်နေသည်။ 


ရှေ့နေက ထိုနေရာ၌ မလှုပ်မယှက်ဖြစ်နေ‌သောကြောင့် သူ့လက်ထောက်က အခါများစွာ ခေါ်လိုက်ရသည်။ ထို့နောက်တွင်မူ ရှေ့နေက နောင်တကြီးစွာဖြင့် ထိုမြင်ကွင်းမှ အကြည့်လွှဲပြီး အနှောင့်အယှက်ဖြစ်သွားမည်စိုးသောကြောင့် တံခါးကို ညင်သာစွာ ပိတ်ပေးလိုက်သည်။


ရှေ့နေက ထိုမြင်ကွင်းကြောင့် အထိတ်တလန့်ဖြစ်သွားရသည့်အပြင် ခေါင်းလည်း ရှုပ်သွားမိသည်။

အဲဒီကောင်လေးက ဒီလောက် အသက်ရှူမှားလောက်အောင် ချောနေတာ ငါ ဘာဖြစ်လို့ အစက သတိမထားခဲ့မိပါလိမ့်...


...


လွန်ခဲ့သောနှစ်နှစ်က...


ကုချင်းချီ မျက်လုံးများကိုဖွင့်လိုက်လိုက်ချင်းမှာပင် နားထဲ၌ အေးစက်သော စက်ရုပ်အသံတစ်ခုကိုကြားလိုက်ရသည်။ 


[အရံဇာတ်ကောင် ကုချင်းချီ ကိုတည်ဆောက်ပြီးပါပြီ...ဇာတ်ကောင်ရဲ့ စိတ်နေစိတ်ထားနဲ့ရုပ်ရည်ကို ကျပန်းရွေးချယ်လိုက်ပါတယ်...ဇာတ်ကောင်က ကောင်းမွန်တဲ့ကံတရားကို ရရှိထားပါတယ်...ဇာတ်ကောင်ရဲ့ ရုပ်ရည်ကို စာတစ်ကြောင်းနဲ့ပဲဖော်ပြရမယ်ဆိုရင် "သင်က ကမ္ဘာပေါ်မှာ ဘုရားသခင် ကျန်ရစ်ခဲ့တဲ့ ရတနာတစ်ပါးဖြစ်ပါတယ်"...ကမ္ဘာပေါ်မှာရှိတဲ့ လှပမှုထဲက ၉၀ ရာခိုင်နှုန်းကို သင်ပိုင်ဆိုင်ထားပြီး တခြားလူတွေက ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကို ခွဲဝေယူထားရတာပါ...]


[ဇာတ်ကောင် ကုချင်းချီရဲ့ မှတ်ဉာဏ်ထဲမှာ သာမာန်မဟုတ်တဲ့ မှားယွင်းမှုတွေ ရှိနေပါတယ်...မှားယွင်းမှုတွေကို မဖျက်ဆီးလိုက်နိုင်ပါဘူး...အခု ဇာတ်ကောင်အတွက် အကာအကွယ်ကို စတင်ဖွင့်ပေးလိုက်ပါပြီ...]


ငါ မဟုတ်တာတွေ ကြားနေတာလား...


ကုချင်းချီက ထိုသို့ စဉ်းစားလိုက်ပြီးမှ သတိရသွားသည်။ ကုချင်းချီက သေဆုံးသွားပြီးဖြစ်သည်။ 


တစ်စုံတစ်ခုမှားယွင်းနေသည်ကို ကုချင်းချီ သတိထားလိုက်မိသည်နှင့် တစ်ပြိုင်နက် နားထဲမှ စက်ရုပ်သံက ထွက်ပေါ်လာပြန်သည်။ ဤတစ်ခေါက်တွင်မူ နားကွဲမတတ် စူးရှကျယ်လောင်သော အချက်ပေးသံပါ အော်မြည်လာသည်။ 


[သတိ...သတိ...ဇာတ်ကောင် ကုချင်းချီက သူ့ရဲ့နေရာကို ငြင်းပယ်နေပါတယ်...လုံခြုံရေးလုပ်ဆောင်ချက်များ စတင်ပြီးဖြစ်ပါတယ်...ဇာတ်ကောင်ကုချင်းချီကို တစ်ယောက်တည်း သီးသန့်ခွဲထုတ်လိုက်ပါပြီ...ဇာတ်ကောင်ကုချင်းချီကို ဇာတ်လမ်းထဲ ထည့်နေပါတယ်...ဇာတ်လမ်းထဲထည့်ခြင်း အောင်မြင်သွားပါပြီ...]


ရုတ်တရက် ကုချင်းချီ၏ ခေါင်းက ချာချာလည်အောင် မူးသွား၍ လူတစ်ကိုယ်လုံးလည်း ထိုင်းမှိုင်းပျော့ခွေသွားသည်။ အချိန်အနည်းငယ်ကြာသောအခါမှ ကုချင်းချီက ခုတင်ပေါ်လှဲနေရာမှ ဖြည်းဖြည်းချင်း ထိုင်နိုင်သွားသည်။ 


ကုချင်းချီ၏ ခေါင်းထဲ၌ ဝတ္ထုတစ်ပုဒ်ပေါ်လာ၍ ထိုဝတ္ထုကို ယမန်နေ့ကမှ ဖတ်ထားသကဲ့သို့ ထင်ရှားပြတ်သားစွာ မှတ်မိနေသည်။


ဝတ္ထုမှာ ဇာတ်ကောင်က ‌အောက်ခြေမှစ၍ တက်လာကာအောင်မြင်သွားသည့် ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ဖတ်၍ရသော ဝတ္ထုမျိုးဖြစ်သည်။ အကျဉ်းချုံးပြောရလျှင် ဝတ္ထုမှာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်လာပြီး နောက်ဆုံး၌ ရုပ်ရှင်ဧကရာဇ်ဖြစ်သွားသော ရှဲ့လုယွီ ဆိုသော လူငယ်လေးတစ်ဦးအကြောင်းဖြစ်သည်။ 


ကုချင်းချီက ထုံအနေသူမဟုတ်ပေ။ ယခင်ဘဝကို လူအိုကြီးတစ်ယောက်ကဲ့သို့ ဖြတ်သန်းခဲ့သော်လည်း ကုချင်းချီလည်း လူငယ်တစ်ယောက်သာဖြစ်သောကြောင့် ထိုနာမည်ကြီး ဝတ္ထုအကြောင်းကိုသိနေကာ ယခု နိုးနိုးချင်း ကြားလိုက်ရသည့်အသံနှင့် ပေါင်းစပ်လိုက်လျှင် သူ မည်သည့်အခြေအနေကို ရောက်နေလဲ စဉ်းစားနိုင်သွားသည်။ 


သူက ဤဝတ္ထုထဲသို့ ကူးပြောင်းလာပြီး ကုချင်းချီ ဆိုသော ဇာတ်ကောင်ဖြစ်လာခြင်းဖြစ်ပေသည်။


သို့သော် ကုချင်းချီ နားမလည်သည်က ထို ကုချင်းချီဆိုသော ဇာတ်ကောင်က ဝတ္ထု၏ မည်သည့်နေရာ၌ ပါနေလဲ ဆိုသည်ကိုပင်ဖြစ်သည်။ 


ဝတ္ထုထဲမှ ကမ္ဘာက စိတ်ကူးယဉ်ကမ္ဘာတစ်ခုဖြစ်၍ ကုချင်းချီ ယခင်ဘဝကနေခဲ့သော ကမ္ဘာနှင့် ဆင်တူသော်လည်း ကွဲပြားမှုများလည်း ရှိနေသည်။ တစ်ခုသောကွဲပြားမှုမှာ ဤကမ္ဘာ၌ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲလုပ်ငန်းများက အလွန်နာမည်ကျော်ကြား၍ ‌ဝင်ငွေများစွာ ရခြင်းဖြစ်သည်။


သို့သော် ဤဝတ္ထု၌ အစမှ အဆုံးအထိ "ကုချင်းချီ" ဆိုသောနာမည်က တစ်ခါမျှပင် ပေါ်မလာခြင်းကို ကုချင်းချီ ကောင်းစွာ မှတ်မိနေမိသည်။


ငါပဲ အမှတ်မှားနေတာနေမှာပါ...

ဝတ္ထု၏ဇာတ်လမ်းကြီးတစ်ခုလုံး ခေါင်းထဲ ရုတ်တရက် အထည့်ခံထားရသောကြောင့် ကုချင်းချီ၏ခေါင်းက ကိုက်ခဲနေဆဲဖြစ်သည်။ ထို့ကြောင့် ထိုအကြောင်းကိုမစဉ်း‌စားတော့ဘဲ ခုတင်ကိုမှီကာ သဲလွန်စရလိုရငြား ဘေးဘီကို ကြည့်နေမိသည်။ 


အခန်းတစ်ခုလုံး၌ ကြီးမားသောကုတင်နှင့် မီးအိမ်တစ်လုံးမှလွဲ၍ အခြား ဘာမှမရှိချေ။ သို့သော် ပစ္စည်းများကို သေချာရွေးချယ်ပြီး ထည့်ထားမှန်းသိသာသောကြောင့် ဟိုတယ်ခန်း မဖြစ်နိုင်ပေ။


ကြမ်းပြင်ပေါ်၌လည်း ကော်ဇောတစ်ခုရှိနေကာ တံခါးဘေး၌ အိမ်တွင်းစီးဖိနပ်တစ်ရံရှိနေသည်။ 


ကုချင်းချီ အိပ်ခန်းထဲမှ ထွက်လာသောအခါ သူရောက်နေသည့်နေရာက ခပ်သေးသေး နှစ်ထပ်ဗီလာလေးတစ်လုံးဖြစ်နေမှန်းသိလိုက်သည်။ ဒုတိယထပ်၌ ပင်မအိပ်ခန်း၊ ဒုတိယအိပ်ခန်း နှင့် ကုတ်အင်္ကျီများ ထားသည့်အခန်းတစ်ခန်းရှိသည်။ ဧည့်ခန်းက‌မူ ပထမထပ်၌ ရှိသည်။ အိမ်တစ်ခုလုံးက အလှပြရန် ပြင်ဆင်ထားသကဲ့သို့ ရိုးရိုးရှင်းရှင်းနှင့် လှပနေသည်။ ထို့ကြောင့် ထိုအိမ်ပေါ်သို့ မည်သည့်အချိန်မဆို တက်နေနိုင်သော်လည်း တစ်ချိန်တည်းမှာပင် အိမ်နှင့်မတူဘဲ ပြခန်းတစ်ခု၌ နေနေရသည်နှင့်လည်း တူနေသည်။ 


သို့သော် ဤအိမ်၌ နေနေသော လူရှိလျှင် နေထားသည့် လက်စလက်နများလည်း ရှိမည်ဖြစ်သည်။ အခန်းထောင့်၌ ချစ်စရာ ပန်းရောင်အရုပ်လေးတစ်ခု ရှိလျှင် ရှိနေလိမ့်မည်။ သို့မဟုတ် ပန်းခြံထဲမှ လောလောလတ်လတ်ခူးထားသော ပန်းလေးတစ်ပွင့် ထိုးစိုက်ထားသည့် ပန်းအိုးလေးတစ်လုံး ရှိလျှင်ရှိနေလိမ့်မည်။ သို့သော် ယခုတွင်မူ ဤအိမ်၌ ထိုကဲ့သို့ ပစ္စည်းများ တစ်ခုမှမတွေ့ရပေ။ အိမ်ပိုင်ရှင်က အထုပ်အပိုးများပြင်ထား၍ ယခုချက်ချင်းပင် ထထွက်သွားတော့မည့် အိမ်တစ်လုံးနှင့် ပိုတူနေသည်။ 


သို့သော် ဧည့်ခန်းသို့ရောက်သည်နှင့် ကုချင်းချီ ရှာနေသော သဲလွန်စကို တွေ့သွားတော့သည်။ စေ့စေ့စပ်စပ် ရှာစရာပင်မလိုလိုက်ပေ။ ဧည့်ခန်းထဲရှိ စားပွဲပေါ်၌ ဖုန်းတစ်လုံးနှင့် လက်ထပ်စာချုပ်တစ်ခု တင်လျက်သားရှိနေသည်။ 


ထိုပစ္စည်းများကို တင်ထားပုံက အလွန်သိသာနေ၍ ကုချင်းချီ မမြင်မည်စိုး၍ပင် တမင်သက်သက် တင်ထားပုံနှင့် တူနေသည်။ 


ကုချင်းချီက စားပွဲပေါ်မှ ပစ္စည်းများကိုကြည့်ကာ ခဏ ကြောင်နေမိသည်။ ထို့နောက်တွင်မှ ဖုန်းကိုယူ၍ သူ့လက်ဗွေရာကိုနှိပ်လိုက်ရာ ဖုန်းက ပွင့်သွားသည်။


ဖုန်း၏ ဖုန်းနံပါတ်စာရင်း၌ လူတစ်ယောက်သာရှိနေသည်။

ခင်ပွန်း...


ကုချင်းချီက ဖုန်းထဲမှ စာလုံးများကို ခဏငေးကြည့်နေမိပြီးမှ စားပွဲပေါ်မှ လက်ထပ်စာချုပ်ကို အမြန်လှန်ကြည့်လိုက်သည်။


ကုချင်းချီ၏ နာမည်ဘေး၌ ရှဲ့လုယွီ ဆိုသော နာမည်ကို ရိုက်နှိပ်ထားလေသည်။ 


ယခုမှပင် "ကုချင်းချီ" ဆိုသော နာမည်က ဝတ္ထုတစ်ပုဒ်လုံး၌ အဘယ်ကြောင့် ပေါ်မလာသည်ကို သိသွားတော့သည်။ တကယ်က "ကုချင်းချီ" ဆိုသော ဇာတ်ကောင်က ဇာတ်လမ်းထဲတွင်တော့ ရှိနေသည်။


သို့သော် ထိုနာမည်က ဝတ္ထု အစမှ အဆုံးအထိ ပေါ်မလာခဲ့ချေ။ ကုချင်းချီက ဝတ္ထုတစ်ပုဒ်လုံး၌ စာကြောင်းနှစ်ကြောင်းသာ ပါခွင့်ရသော အမြှောက်စာဇာတ်ကောင်တစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်လေသည်။ 


ပထမတစ်ကြောင်းက အဓိကဇာတ်ကောင်ဖြစ်သော ရှဲ့လုယွီနှင့် လက်ထပ်လိုက်သည် ဟူသော စာကြောင်းဖြစ်သည်။ ဒုတိယစာကြောင်းက ရှဲ့လုယွီနှင့် ကွာရှင်းလိုက်ပြီ ဟူ၍ဖြစ်သည်။


ကုချင်းချီ မှတ်မိသည်သာ မှန်လျှင် ရှဲ့လုယွီက အမျိုးသားတစ်ယောက်ဖြစ်သည်။ 


ထို့ကြောင့် ကုချင်းချီလည်း သူ့လိင်ကို သူ ပြန်စစ်ဆေးလိုက်ရသည်။ သူ့ခန္ဓာကိုယ်သာမက လက်ထပ်စာချုပ်ကပါ သူက ယောင်္ကျားလေးဖြစ်ကြောင်း အတည်ပြုနေသည်။


ဒါ အဓိပ္ပာယ်မရှိတာဘဲ...


အမှန်တကယ်က ကုချင်းချီ၏ဇာတ်ကောင်က အလွန်အရေးမပါလွန်းသောကြောင့် စာရေးသူက လိင်ကိုပင် ယောင်္ကျားလား မိန်းမလား ထည့်မရေးထားချေ။ သို့သော် ဝတ္ထုက လက်တွေ့ဖြစ်လာသောအခါတွင်မူ ဖြစ်တည်မှုများကလည်း အစစ်အမှန် ဖြစ်ကြရတော့သည်။ 


ဝတ္ထုထဲတွင် အမြှောက်စာဇာတ်ကောင်တစ်ယောက်ဖြစ်သော ကုချင်းချီ၌ စာရေးသူက ရုပ်ရည်အကြောင်း မရေးပေးထားသောကြောင့် မျက်နှာလည်းမရှိပေ။ နောက်ကြောင်းရာဇဝင်ကိုလည်း မရေးပေးထားသောကြောင့် အဖေ အမေ နှင့် မိသားစုလည်း မရှိပေ။ 


အမြှောက်စာဇာတ်ကောင်တစ်ယောက်အတွက် စာရေးသူ မရေးပေးထားသော အချက်များကို တကယ့်လူဖြစ်လာ‌ချိန်တွင်မူ ကျပန်းထည့်ပေးလိုက်ပုံရသည်။


ဒါပေမယ့် ဒါကတော့ နည်းနည်းလွန်တယ်မဟုတ်ဘူးလား...


ကုချင်းချီက ဖုန်းမှ ‌ရက်စွဲ နှင့် လက်ထပ်စာချုပ်ပေါ်မှ ရက်စွဲကို ယှဉ်ကြည့်လိုက်သည်။ 


ငါ မနေ့ကမှ လက်ထပ်ထားတာပဲ...


ကုချင်းချီက ဖုန်းကိုပြန်ဖွင့်ပြီး တစ်ခုတည်းသော ဖုန်းနံပါတ်ဆီသို့ မက်ဆေ့ခ်ျ ပို့လိုက်သည်။

ကွာရှင်းကြရအောင်...


[လုံခြုံရေးလုပ်ဆောင်ချက် စတင်နေပါပြီ...ဇာတ်ကောင် ကုချင်းချီ...ဇာတ်ကြောင်းကို မသွေဖယ်ပါနဲ့...]


ထို့နောက်တွင်မူ မက်ဆေ့ခ်ျက တစ်ဖက်ဆီသို့ မရောက်သွားဘဲ မပို့ရသေးသော မက်ဆေ့ခ်ျအဖြစ်သာ ကျန်နေလေသည်။


ကုချင်းချီက စာကိုပို့ရန် အမျိုးမျိုးကြိုးစားသော်လည်း မအောင်မြင်ချေ။ မည်သို့ပင် ကြိုးစားပါစေ ဇာတ်ကြောင်းအတိုင်းသာ လုပ်ခွင့်ရှိမည်ဖြစ်သည်။ ဇာတ်ကြောင်းကို သွေဖယ်သော လုပ်ရပ်များအားလုံးက လုံခြုံရေးလုပ်ဆောင်ချက်ဖြင့် ဖျက်ချခံလိုက်ရသည်။ 


"ရပါတယ်...ဒီ‌ဇာတ်ကြောင်းပြီးသွားရင်တော့ အဆင်ပြေသွားမယ်ထင်ပါတယ်..."


ကုချင်းချီက အကောင်းမြင်စိတ်လေးဖြင့် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ 


ယခုဆိုလျှင် ကုချင်းချီ ဤကမ္ဘာ၌ နိုးထလာသည်မှာ ရက်အနည်းငယ်ကြာနေပြီဖြစ်သော်လည်း အဓိကဇာတ်ဆောင် ရှဲ့လုယွီက အိမ်သို့ လုံးဝ ပြန်ပင်မလာချေ။ ကုချင်းချီ၏ လက်ထပ်ထားသောဘဝက လက်မထပ်ထားသောဘဝနှင့် ဘာမှမကွာခြားသောကြောင့် သူ၏ ဇာတ်လမ်းထဲမှ နှစ်ကြောင်းတည်းသော ဘဝလေးကို ဖြတ်သန်းရန် သိပ်မခက်ခဲလှ ဟု ကုချင်းချီ စဉ်းစားနေမိသည်။ 


သို့သော်လည်း မကြာခင်မှာပင် ဘဝက ဤမျှ မလွယ်ကူကြောင်း ကုချင်းချီ သိသွားတော့သည်။ 


ကုချင်းချီကို မည်သူကမှ မမှတ်မိကြ၍ ဤကမ္ဘာ၌ ကုချင်းချီနှင့် ပတ်သက်သော အစအနဟူ၍ ဘာဆိုဘာမှ မရှိချေ။


အမြှောက်စာဇာတ်ကောင်ဖြစ်ရခြင်း၏သက်ရောက်မှုက ကုချင်းချီထင်ထားသည်ထက်ပင် သာလွန်နေသည်။


ကုချင်းချီက ယနေ့ အိမ်နီးချင်းကို သူ့ကိုယ်သူမိတ်ဆက်၍ နှုတ်ဆက်ထားသော်လည်း မနက်ဖြန်တွင် ထိုအိမ်နီးချင်းက ကုချင်းချီကို မမှတ်မိတော့ချေ။ ကုချင်းချီ စာရွက်ပေါ်၌ တစ်ခုခုချရေးလိုက်ပြီဆိုလျှင်လည်း ရေးပြီးပြီးချင်းမှာပင် စာများက ‌ပျောက်ကွယ်သွားကြသည်။ အင်တာနက်ပေါ်၌လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ကုချင်းချီပို့သမျှစာများက ဘယ်ဆီကိုမှ မရောက်ဘဲ လေထဲ၌သာ ပျက်စီးကုန်ကြသည်။ 


အမြှောက်စာဇာတ်ကောင်တစ်ယောက်ကို မည်သူကမှ မမှတ်မိကြချေ။ စာရေးသူက ကုချင်းချီ၏နာမည်ကို စဉ်းစားပေးထားသည်ကပင် အလွန်ကျေးဇူးတင်စရာကောင်းနေပြီဖြစ်သည်။


ကုချင်းချီက ဤကမ္ဘာ၌ အမှန်တကယ်ကို တစ်ယောက်တည်းဖြစ်နေတော့သည်။ မိဘမရှိ၊ ဆွေမျိုးမရှိ၊ မိတ်ဆွေသူငယ်ချင်းမရှိ ၍ အလုပ်ပင် ထွက်လုပ်၍ မရချေ။ 


ကုချင်းချီက နိုးလာပြီး ရက်အနည်းငယ်အတွင်း၌ သူ၏ ဒုတိယအကြိမ် အသက်ရှင်သန်ခွင့်ရခြင်းကို ကောင်းမွန်စွာ အသုံးချမည်ဟု တွေးကာ တက်ကြွနေခဲ့သည်။ သို့သော် တစ်လ နှစ်လ ကြာပြီးချိန်တွင်မူ စိတ်ဓာတ်ကျလာတော့သည်။ 


ကုချင်းချီက စိတ်ဓာတ်ကြံ့ခိုင်သောလူတစ်ယောက်မဟုတ်ချေ။ သူက မွေးတည်းက အခက်အခဲကြီးကြီးမားမားမတွေ့ကြုံရဘဲ ဘဝကို အေးအေးဆေးဆေးသာ ဖြတ်သန်းလာသူဖြစ်သည်။ 


ပိုဆိုးသည်က ယခုတွင် သူ့စိတ်ကိုယ်သူ ပို၍ သေချာခံစားနေရခြင်းဖြစ်သည်။ တစ်ယောက်တည်းနေနေရသည့်အတွက် အထီးကျန်သော ခံစားချက်က သာမာန်ထက် အဆတစ်ရာခန့် ပိုဆိုးနေသည်။ ကုချင်းချီက ကမ္ဘာကြီးနှင့် လုံးဝအဆက်အသွယ်ပြတ်နေကာ ထိုအထီးကျန်မှုနှင့်ပင် ရူးသွပ်သွားမတတ်ဖြစ်နေတော့သည်။ 


တစ်ခါတစ်ရံ၌ ဇာတ်လမ်းပြီးချိန်အထိပင် သူ တောင့်ခံနိုင်ပါမည်လား ဟု ကုချင်းချီ တွေးမိသည်။


အထီးကျန်မှုက အလွန်ဆိုးရွားလာချိန်များတွင် ကုချင်းချီက သွေးရူးသွေးတန်းဖြင့် သူ့ဖုန်းပေါ်မှ တစ်ခုတည်းသော နံပါတ်ဆီသို့ပင် ဖုန်းခေါ်ခြင်း၊ မက်ဆေ့ခ်ျပို့ခြင်းများ လုပ်မိသည်။


ထိုဖုန်းနံပါတ်ဆီသို့ မက်ဆေ့ခ်ျပို့လိုက်လျှင်မူ စာများက မပျက်သွားဘဲ တစ်ဖက်ဆီသို့ ရောက်သွားသည်။


သို့သော် ထိုနံပါတ်က ပိုင်ရှင်မရှိသည့်အလား တစ်ဖက်က ဘယ်တုန်းကမှ စာပြန်ပို့မလာချေ။ 


အချိန်ကြာလာသည်နှင့်အမျှ ကုချင်းချီ၏ စိတ်က အနည်းငယ် တည်ငြိမ်လာသည်။ သူ့ခံစားချက်များကို ထိန်းသိမ်းရန် ဘာအကျိုးမှမထူးသော အလုပ်များကို မလုပ်တော့ချေ။ သူ့ဖုန်းထဲမှ ဖုန်းနံပါတ်ကိုသာ ဒိုင်ယာရီအဖြစ် သဘောထားပြီး ညတိုင်း ထိုနံပါတ်ဆီသို့ စာများပို့နေဖြစ်သည်။ 


ထိုစာများထဲတွင် ကုချင်းချီက သူ၏ အထီးကျန်မှုများ၊ ဝမ်းနည်းမှုများကို ဘယ်တော့မှ ထည့်မရေးချေ။ အရာရာအဆင်ပြေသည့်ပုံသာရေး၍ တစ်ဖက်လူကိုသာမက သူ့ကိုယ်သူပါ လှည့်စားနေမိသည်။ 


- ဒီနေ့ အဝါရောင်ကြောင်လေးတစ်ကောင်တွေ့တယ်...ကျွန်တော့်ကိုမြင်တော့ သစ်ပင်ပေါ်တက်ပြီး ထွက်ပြေးသွားတယ်...


- ဒီနေ့ ဟော့ပေါ့စားတယ်...အရသာက တစ်မျိုးပဲ...ဒါပေမယ့် အာလူးကတော့ စားလို့ကောင်းတယ်...


- အခုမိုးတွေရွာနေတယ်...ဟိုနေ့ကတွေ့တဲ့ကြောင်လေးမှာ မိုးခိုစရာနေရာရောရှိရဲ့လားမသိဘူး...နည်းနည်းစိတ်ပူမိတယ်...


...


ကုချင်းချီက နှစ်နှစ်ကြာသည့်တိုင် ထိုဖုန်းနံပါတ်သို့ နေ့စဉ် မပျက်မကွက် စာများ ပို့ဖြစ်နေခဲ့သည်။


ယခုတွင်မူ သူ စာပို့စရာမလိုတော့ပေ။


ဧည့်ခန်းဆိုဖာပေါ်၌ အချိန်ကြာမြင့်စွာ ထိုင်နေမိသော ကုချင်းချီက သက်ပြင်းချပြီး ဆိုဖာနောက်မှီကို မှီလိုက်သည်။ 


နောက်ဆုံးတွင် ဤအနှစ်သာရကင်းမဲ့သော ဘဝကြီးမှ ကုချင်းချီ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။


အစောပိုင်းက ကွာရှင်းစာချုပ်၌ လက်မှတ်ထိုးနေစဉ်တွင် လွန်ခဲ့သော နှစ်နှစ်က ကြားခဲ့ရသော စက်ရုပ်သံကို ကုချင်းချီ ပြန်ကြားခဲ့ရသည်။


[ဇာတ်လမ်းပြီးဆုံးသွားပါပြီ...ကမ္ဘာက ပြီးပြည့်စုံစွာ အဆုံးသတ်သွားပါပြီ...ဇာတ်ကောင် ကုချင်းချီ အခု လွတ်မြောက်သွားပါပြီ...]



🏠🏠đŸ