အပိုင်း ၂၃၉-၂၄၀
Viewers 23k

Part 239


ကျန်းယန်ရှန့် ပိုက်ဆံရှင်းရန် စားပွဲထိုးကိုခေါ်လိုက်‌သောအခါမှ သူမ၏လက်နှစ်ဖက်လုံးသည် ပြည့်နေသည်ကို သတိထားလိုက်မိသည်။ သူမသည် ကျန်းဟယ်လင်းအား ယခုထိ ချီထားမိသည်ကိုး။


သူမ ကျန်းဟယ်လင်းအားအောက်သို့ ချလိုက်သည့်အချိန်တွင်တွင် ချန်ဝေ့က ရုတ်တရက် စားပွဲကိုပုတ်ကာပြောလိုက်သည်။


"အား...မင်းပဲ...တကယ်ပဲ မင်းဖြစ်နေတာကိုး..."


ကျန်းယန်ရှန့်/ကျန်းဟယ်လင်း: “?”


"မင်းက ဟိုကောင်မလေးလေ...ဟိုကောင်မလေး..."


ချန်ဝေ့က ပြောရင်း တက်ကြွလာသည်။


"မိန်းကလေးစွမ်းအားရှင်ကို ကိုအာလာကဲ့သို့ဖက်ခြင်း ထဲက ကောင်မလေး..."


ထိုမိန်းကလေး၏ ဖက်သည့်ပုံကို အလွန်ရင်းနှီးနေသည်ဟု ချန်ဝေ့ထင်နေမိသည်။ ထိုမိန်းကလေးသည် မနှစ်က အင်တာနက်ပေါ်၌ နာမည်ကြီးသွားခဲ့သည်မဟုတ်လား။ နောက်ပိုင်းတွင်တော့ သူမ သည် ဗီဒီယိုများထပ်မရိုက်တော့သဖြင့် နာမည်ကြီးမှုက တဖြည်းဖြည်း မှေးမှိန်သွားသည်။


ကျန်းယန်ရှန့်က ဘာပြောရမည်မသိဖြစ်နေသည်။ ယွဲ့စုန့်၏မျက်လုံးများက အပြုံးများဖြင့်ပြည့်နေသည်။


"မင်းကို ဗီဒီယိုကြည့်‌တဲ့နေရာမှာ follow ထားကြတာလေ..."


ယွဲ့စုန့်၏မျက်လုံးထဲမှ အပြုံးများကိုတွေ့ပြီး သူမ၏ဘဝတွင် အမည်းစက်ကြီးအဖြစ်ကျန်ခဲ့သော သရုပ်ဆောင်စွမ်းရည်ခပ်ညံ့ညံ့ဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုများကို သတိရသွားသောအခါ တည်ငြိမ်သော ကျန်းယန်ရှန့်သည်ပင် ထိုနေရာမှ အငွေ့ပျံ ပျောက်ကွယ်သွားချင်မိသည်။


ယွဲ့စုန့်က ပို၍ပင်ပြုံးလိုက်သည်။


ယွဲ့စုန့်သည် ကျန်းယန်ရှန့်က သူ၏ဖုန်းနံပါတ်ကို ရိုက်ထည့်နေသည်ကို ကြည့်နေလိုက်သည်။ ကျန်းယန်ရှန့်က သူ့ကိုမော့ကြည့်သောအခါ ပြောလိုက်သည်။


"ယွဲ့စုန့်...တောင်တန်း လို့အဓိပ္ပာယ်ရတဲ့ ယွဲ့...ထင်းရှူးပင် လို့ အဓိပ္ပာယ်ရတဲ့ စုန့်..."


ယွဲ့စုန့်သည်လည်း ကျန်းယန်ရှန့်၏ဖုန်းနံပါတ်ကို ဖုန်းထဲသို့ ရိုက်ထည့်ပြီးသွားသောအခါ ကျန်းယန်ရှန့်က ပြောလိုက်သည်။


"ကျွန်မနာမည်က..."


"ကျန်းယန်ရှန့်...ဘဲငန်းရိုင်း လို့ အဓိပ္ပာယ်ရတဲ့ ယန်...ကျယ်လောင်တဲ့မျှော်လင့်ချက် လို့အဓိပ္ပာယ်ရတဲ့ ရှန့်..."


ယွဲ့စုန့်က ပြုံးလိုက်သည်။


"ကျွန်တော်သိပါတယ်..."


လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။


ကျန်းယန်ရှန့်သည် ယွဲ့စုန့်၏ အကြည့်များထဲမှ အပူချိန်ကို သတိထားလိုက်မိသည်။ ယွဲ့စုန့်သည် စိတ်မရှည်ဖြစ်နေပုံမရပဲ သူ့ကိုကြည့်ရသည်မှာ ‌တည်ငြိမ်အေးဆေးနေသည်။


ကျန်းယန်ရှန့်၏နှလုံးသားသည်လည်း အနည်းငယ် တည်ငြိမ်သွားသည်။


ကျန်းယန်ရှန့်သည် ယွဲ့စုန့်အား သူမနာမည်ကို မည်သို့သိသွားသည်ကို မမေးလိုက်ပါ။ ဤဘဝတွင် ကျန်းယန်ရှန့်ရော ရှုလီချန်ရောသည် ငယ်ငယ်နှင့် သေဆုံးကြတော့မည်မဟုတ်ပေ။ အနာဂတ်က အဆုံးအစမဲ့ရှိနေသဖြင့် သူတို့နှစ်ယောက်မတွေ့ခင်က ယွဲ့စုန့်၏အကြောင်းကို စုံစမ်းရန် ဘဝတစ်ခုလုံးစာ အချိန်တွေရှိနေသည်။


စားပွဲထိုးရောက်လာ၍ ကျန်းယန်ရှန့်က ငွေရှင်းလိုက်သည်။


ချန်ဝေ့နှင့် အခြားသူငယ်ချင်းများသည် ဤသို့ သူတို့နှင့်လုံးဝမသိသော မိန်းမချောလေးက မုန့်ကျွေးသည်ကို တစ်ခါမှ မကြုံတွေ့ရဖူးသောကြောင့် ဘာလုပ်ရမည်မသိပဲ အနည်းငယ် ရှက်ရွံ့နေကြသည်။ သို့သော် ယွဲ့စုန့်ကတော့ မိန်းကလေးရှင်းသွားသော ပိုက်ဆံများသည် ပိုက်ဆံအစစ်မဟုတ်သကဲ့သို့ အေးအေးဆေးဆေးရှိနေသည်။


ပိုက်ဆံသည်လည်း ယွမ် ရာဂဏန်းမျှပင်ဖြစ်သည်။


ယွဲ့စုန့်က မေးလိုက်သည်။


"မင်းတို့ရော ဒီမှာ စားကြမလား..."


ကျန်းဟယ်လင်းက အလျင်အမြန်ဝင်ပြောလိုက်သည်။


"သမီးတို့က ဘေးကဆိုင်ကိုသွားကြမှာ ဦးလေး အဲ အစ်ကို...ဘေးကဆိုင်က ကြယ်ငါးပွင့်ရထားတာလေ...ဒီဆိုင်က ကြယ်လေးပွင့်နဲ့ တစ်ဝက်ပဲ ရှိတယ်..."


ကျန်းဟယ်လင်း၏အမြင်၌ ချန်ဝေ့သည် အသက် ၃၀ လောက်ရှိမည့်ပုံနှင့် အလွန်အိုနေသောကြောင့် ကျန်းဟယ်လင်းသည် စားပွဲမှလူများအားလုံးကို ဦးလေး ဟုခေါ်ချင်‌သော်လည်း ယွဲ့စုန့်၏ ကျောက်စိမ်းရုပ်တုလို ချောမောသည့်မျက်နှာကိုမြင်လိုက်ရသည့်အခါ ပြောရင်းနှင့် စကားကိုပြင်လိုက်သည်။


ကျန်းယန်ရှန့်က ကျန်းဟယ်လင်း၏ခေါင်းကို ခပ်ဖွဖွပုတ်ကာ ပြောလိုက်သည်။


"ဟုတ်တယ်...ကျွန်မတို့က ဘေးကဆိုင်ကိုသွားမှာ..."


ကျန်းယန်ရှန့်သည် ယွဲ့စုန့်နှင့် စကားမပြောချင်၍ ထိုသို့ပြောလိုက်ခြင်းမဟုတ်ပါ။ တကယ်တော့ ယခုဘဝ၌ ယွဲ့စုန့်ကို မြင်မြင်ချင်းတွင် ရင်ဘတ်ထဲ၌ စကားထောင်ပေါင်းများစွာဖြင့် ပြည့်လာသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမ ပြန်လည်မွေးဖွားလာသည့်အချိန်တည်းက သူမ နှလုံးသားထဲ၌ ရှိနေသော ထိုလူငယ်သည် လူစိမ်းတစ်ယောက်သာဖြစ်နေသည်မဟုတ်လား။


ရင်ဘတ်ထဲ၌ ပြည့်‌နေသော စကားလုံးများစွာသည် ပြော၍မထွက်ဖြစ်နေသည်။


သို့သော် ထိုစကားများပြောရန် အချိန်များစွာကျန်ပါသေးသည်။


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"ကျွန်မတို့ အရင်သွားလိုက်တော့မယ်...နောက်မှတွေ့ကြတာပေါ့..."


ယွဲ့စုန့်က ခေါင်းငြိမ့်လိုက်သည်။


"မင်းကို ကျွန်တော် ဆက်သွယ်လိုက်မယ်..."


သူတို့သည် ယခုမှတွေ့၍ နာမည်သိသွားကြသည့် သူစိမ်းများမဟုတ်သကဲ့သို့ ကျန်းယန်ရှန့်က ကျန်းဟယ်လင်းကိုခေါ်၍ ဆိုင်ထဲမှထွက်သွားသည်ကို ယွဲ့စုန့်ကြည့်နေမိသည်။ သူတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာသိကျွမ်းခဲ့ရသလို ခံစားနေရသော်လည်း တကယ်တော့ သူတို့သည် ယနေ့မှ မတော်တဆတွေ့ဆုံခဲ့မိကြခြင်းပင်ဖြစ်သည်။


"စားမနေပါနဲ့တော့ကွာ..."


အခန်းဖော်သူငယ်ချင်းတစ်ယောက်က အမှုမဲ့ အမှတ်မဲ့ပုံစံနှင့် ပြောလိုက်သည်။


နောက်တစ်ယောက်ကလည်းထောက်ခံလိုက်သည်။


"ငါလည်း ဗိုက်တင်းနေပြီ..."


ယွဲ့စုန့်: “…?”


ချန်ဝေ့သည် သံပုရာသီးကဲ့သို့အချဉ်ပေါက်သွား၍ ခါးသီးစွာပြောလိုက်သည်။


"ဘယ်သူက ဒီလိုခွေးစားတဲ့အစာတွေစားနိုင်မှာလဲ..."


ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်းအား ဘေးမှ စားသောက်ဆိုင်သို့ခေါ်သွား၍ ခုံနေရာကို အေးအေးဆေးဆေးပင်ရလိုက်သည်။


အင်တာနက်ပေါ်မှ မဖြစ်မနေမှာရန် အကြံပြုထားသောဟင်းပွဲများကို မှာပြီးသောအခါ ကျန်းဟယ်လင်းက စိတ်ဝင်တစားမေးလိုက်သည်။


"မမ...ဟိုအစ်ကိုတွေက မမကို ဗီဒီယိုကြည့်တဲ့နေရာမှာ follow ထားတယ်ဆိုတာ ဘာပြောတာလဲ..."


ကျန်းယန်ရှန့်က သေချာမစဉ်းစားပဲပြောလိုက်သည်။


"ငါ့သူငယ်ချင်းတွေက ဗီဒီယိုတစ်ချို့ရိုက်ပြီး လိုင်းပေါ်တင်ထားတာကို သူတို့က တွေ့သွားတာ..."


ကျန်းဟယ်လင်းက ဖုန်းကိုချက်ချင်းထုတ်၍ မေးလိုက်သည်။


"ဘယ် လိုင်းပေါ်မှာလဲ...ရှာရမယ့် စကားလုံးတွေကဘာလဲ..."


ဗီဒီယိုများအားလုံးကြည့်ပြီးသောအခါ ကျန်းဟယ်လင်းသည် အတော်ပင် စိတ်အချဉ်ပေါက်သွားသည်။


"လွန်တယ်...အရမ်းလွန်တယ်..."


ကျန်းဟယ်လင်းသည် တစ်ယောက်တည်း ပွစိပွစိပြောနေသည်။


ကျန်းယန်ရှန့်: "ဟမ်..."


ကျန်းဟယ်လင်းက မျက်ရည်များဝဲ၍ ပြောလိုက်သည်။


"မမက မမရဲ့အတန်းဖော်တွေနဲ့ ဒီလောက်ကောင်းတဲ့ ဗီဒီယိုတွေရှိတာကို သမီးကိုမပြောဘူး..."


ကျန်းယန်ရှန့်: “…”


ညီမဖြစ်သူ၏ အပြစ်တင်မှုက မပြီးသေး‌ပေ။


"မမက သမီးနဲ့လည်း တစ်ခါမှ အဲ့လိုမရိုက်ဘူး..."


ကျန်းဟယ်လင်းသည်လည်း ထိုကဲ့သို့ အဖက်ခံချင်မိသည်။


ကျန်းယန်ရှန့်သည် နောက်ဆက်ပြောလာမည်ကို တွေး၍ စိတ်ပူလာမိသည်။


သူမ စိတ်ပူနေသည့် အတိုင်းပင် ကျန်းဟယ်လင်းက ဆုံးဖြတ်ချက်ချထားသည့်လေသံဖြင့်ပြောလိုက်သည်။


"အိမ်ရောက်တာနဲ့ ဗီဒီယိုရိုက်မယ်...ရှို့ရှို့ကို ရိုက်ခိုင်းလိုက်မယ်..."


ကျန်းယန်ရှန့်သည် စိတ်ညစ်ညစ်နှင့် နဖူးကိုပွတ်နေဆဲ ကျန်းဟယ်လင်းက ထပ်မေးနေပြန်သည်။


"မမ...အယ်လ်ဖာ ဆိုတာ ဘာလဲ...ဘာလို့ ကောမန့်တွေက မမကို အယ်လ်ဖာကောင်မလေး လို့ပြောနေကြတာလဲ..."


ကျန်းယန်ရှန့်ကို လိုင်းပေါ်မှလူများက ထိုသို့ခေါ်ကြ‌ကာ ထိုအကြောင်းကိုလည်း အတန်းဖော်များက သူမကို ပြောပြီးသားဖြစ်သည်။ သို့သော် ကျန်းယန်ရှန့်သည် မရှင်းပြတတ်သောကြောင့် ရှောင်၍ ဖြေလိုက်သည်။


"အင်တာနက်မှာ ရှာချင်တာကို ရှာလို့ရနေတာပဲ...သေချာရှာကြည့်ပေါ့...တခြားလူတွေကိုလည်း လိုက်မေးကြည့်..."


ကျန်းယန်ရှန့်သည် သေချာရှာကြည့်၍ ထိုဝေါဟာရအသစ်သည် သူမကို ကမ္ဘာအသစ်ဆီသို့ ခေါ်သွားသကဲ့သို့ အသစ်အဆန်းများစွာကို တွေ့လိုက်ရသည်။


အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါ စသည့် လူအမျိုးအစားသုံးမျိုးနှင့် လိင်အမျိုးအစား ၆ မျိုးတို့သည် စိတ်ဝင်စားဖွယ်ဖြစ်‌သည်။


ဗီဒီယိုများ၏ခေါင်းစဉ်မှ အေ ဆိုသည့်စာလုံးသည်လည်း အယ်လ်ဖာကို ရည်ညွှန်းခြင်းဖြစ်သည်။


ကျန်းဟယ်လင်းသည် အင်တာနက်ပေါ်မှ အခြားလူများတင်ထားသည့် စာများကို အသည်းအသန်လိုက်ဖတ်ပြီးနောက် မျာက်နှာက ဝင်းပနေ၍ ခေါင်းမော့ကာပြောလိုက်သည်။


"မမ...သမီးရောပဲ..."


ကျန်းဟယ်လင်းသည် သူမဘဝ၏ပန်းတိုင်ကို ရှာတွေ့သွားသကဲ့သို့ အလွန်စိတ်လှုပ်ရှားကာပြောလိုက်သည်။


"သမီးလည်း အယ်လ်ဖာ ပဲဖြစ်ချင်တယ်...အိုမီဂါ မဖြစ်ချင်ဘူး..."


သူ့အစ်မကဲ့သို့ အယ်လ်ဖာ မိန်းကလေးပေါ့။


ကျန်းယန်ရှန့်: “???”


ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်းအား ရှာခိုင်းလိုက်ရာ ထိုကလေးမလေးသည် ဘာတွေကို သွားကြည့်လာသည်မသိပေ။


ကျန်းယန်ရှန့်၏တိတ်ဆိတ်မှုနှင့် ကျန်းဟယ်လင်း၏ တက်ကြွနေမှုနှင့်အတူ စားသောက်ခြင်းသည် ပြီးဆုံးသွားသည်။


ကျန်းယန်ရှန့်သည် ပိုက်ဆံရှင်းရန် စားပွဲထိုးကိုခေါ်လိုက်ရာ စားပွဲထိုးက လာပြောသည်။


"ဒီစားပွဲအတွက် အခုပဲ ရှင်းပြီးသွားပါပြီ..."


ကျန်းယန်ရှန့်နှင့် ကျန်းဟယ်လင်းတို့နှစ်ယောက်သည် ပြုံးနေသော စားပွဲထိုးအား မော့ကြည့်လိုက်မိကြသည်။


"ရှင်းသွားတဲ့လူက အရပ်ရှည်ရှည် နဲ့ ချောမောတဲ့လူတစ်ယောက်ပါ...သူဘယ်သူလဲဆိုတာ အစ်မလေးတို့ သိလိမ့်မယ် လို့ပြောသွားပါတယ်..."


ကျန်းဟယ်လင်းကပြောလိုက်သည်။


"အား...မမ အဲ့ဒါ ခုနက အစ်ကိုကြီး..."


ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်း၏ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်ကာ စားပွဲထိုးကို ပြုံးပြလိုက်သည်။


"ကျွန်မသိပါပြီ...ကျေးဇူးတင်ပါတယ်..."


ငါသိပြီ...ငါသိပြီ...ရှင်ကလည်း ဒီလိုလုပ်ချင်တယ်ပေါ့လေ...


Xxxxx


Part 240


အပြန်လမ်းတွင် ကောင်လေး ၄ ယောက်သည် တက္ကဆီပေါ်သို့ တိုးဝှေ့၍ တက်သွားကြသည်။ ချန်ဝေ့သည် မနေနိုင်ပဲ တစ်ကိုယ်တည်း ပွစိပွစိပြောနေသည်။


အခန်းဖော်တစ်ယောက်က မခံနိုင်တော့သဖြင့် ထဆူလိုက်သည်။


"မင်းက ဘာဖြစ်နေတာလဲ...ဒီလို ကိစ္စမျိုးဆိုတာ ယွဲ့စုန့်တို့လို အမြင့်စားလူတွေမှ လုပ်နိုင်မယ့်ဟာကို..."


အခြားအခန်းဖော်တစ်ယောက်ကလည်း ဝင်ပြောသည်။


"မင်းရဲ့ ရုပ်နဲ့သာ ဒီလိုမျိုးသွားလုပ်လို့ကတော့ ဘာမှမရတဲ့အပြင် ပိုက်ဆံဆုံးတာပဲအဖက်တင်မှာ...စဉ်းတောင်မစဉ်းစားနဲ့..."


ယွဲ့စုန့်က နဖူးကိုပွတ်ကာ ပြောလိုက်သည်။


"အေးပါ...အေးပါ..."


ယွဲ့စုန့်သည် အခန်းဖော်များကို ကျောင်းသို့ပြန်ပို့ပေးလိုက်သည်။


"ငါဒီနေ့အိမ်ပြန်မှာနော်..."


ယွဲ့စုန့်က သူတို့ကို သတိထပ်ပေးလိုက်သည်။


"မနက်ဖြန် ရုံးကို အသိပေးဖို့ မနောက်ကျကြနဲ့...ချန်ဝေ့က နေရာသိပြီးသား...သူ့နောက်ကိုပဲ လိုက်သွားကြ..."


အခန်းဖော်များက ခေါင်းငြိမ့်ကာပြောလိုက်သည်။


"မင်းကို နောက်နေ့မှ ညစာထပ်ကျွေးတော့မယ်...ဒီနေ့တော့ မရတော့ဘူးပေါ့ကွာ..."


ယွဲ့စုန့်က အလွယ်တကူပင် သဘောတူလိုက်သည်။


ယွဲ့စုန့်သည် အိမ်သို့ပြန်ရောက်သောအခါ မိုလင်းကို ဖုန်းခေါ်လိုက်သည်။


"အစ်မမို...နောက်ကျမှ ဖုန်းခေါ်လိုက်ရတာ တောင်းပန်ပါတယ်..."


ယွဲ့စုန့်ကပြောသည်။


"ကျွန်တော်မေးချင်လို့...ရှင်းနမ်အုပ်စုက ငွေမြှုပ်နှံထားတဲ့လူတွေရော နောက်နှစ်ရက်မှာ B မြို့မှာလုပ်မယ့် ရုပ်ရှင်အစမ်းပြပွဲကို လာကြမှာလား..."


မိုလင်းကပြောလိုက်သည်။


"လာမှာ...မိန်းကလေးကျန်းက သူ့ဖို့ ခုံနေရာ ၃ခု စီစဉ်ပေးထားဖို့ ပြောထားတယ်...သူ့ညီမနဲ့ အဖေကိုပါ ခေါ်လာမလို့တဲ့..."


ကျန်းယန်ရှန့်၏ညီမသည် ယွဲ့စုန့် ယနေ့ တွေ့ခဲ့သော ကလေးမလေး ဖြစ်၍ အဖေကတော့ ရှင်းနမ်အုပ်စု၏ ကျန်းဟွမ် ဖြစ်သည်။


မိုလင်းကမေးလိုက်သည်။


"ဘာဖြစ်လို့ မေးတာလဲ..."


ယွဲ့စုန့်က ခဏမျှစဉ်းစားကာပြောလိုက်သည်။


"ကျွန်တော့်ရဲ့ မူလအစီအစဉ်ကပျက်သွားပြီ...ကျွန်တော့်ဖို့လည်း နေရာတစ်နေရာစီစဉ်ပေးပါ...မဟုတ်ဘူး...စင်ပေါ်တော့မတက်တော့ဘူး...နေရာမစီစဉ်နဲ့တော့...ကျွန်တော်ခဏပဲ သွားပြီး အောက်ကပဲကြည့်လိုက်မယ်..."


မိုလင်းက သဘောတူလိုက်၍ ယွဲ့စုန့်က ထပ်မေးလိုက်ပြန်သည်။


"မိန်းကလေးကျန်းက ဘယ်လေယာဉ်နဲ့လာမှာလဲ...ကျွန်တော် သူနဲ့ ရင်းနှီးချင်လို့ လေယာဉ်တူတူ စီးလာမလို့..."


စကားပြောနေသည့်တစ်လျှောက်လုံးတွင် ယွဲ့စုန့်သည် "ကျန်းယန်ရှန့်" ဟူသောနာမည်ကို မသုံးသွားပေ။ မိုလင်းသည် ယွဲ့စုန့်အား သိခဲ့သည်မှာ တစ်နှစ်ရှိပြီဖြစ်၍ ယွဲ့စုန့်သည် ရုပ်ရှင်ထဲသို့ ငွေလာရောက်မြှုပ်နှံချိန်၌ စသိခဲ့ခြင်းဖြစ်သည်။ မိုလင်းနှင့် ကျန်းယန်ရှန့်တို့ မည်သို့ စတွေ့ခဲ့သည်ကိုလည်း ယွဲ့စုန့်က မေးဖူးသည်။


ဤသို့ အချင်းချင်းရင်းနှီးရန်ရည်ရွယ်ချက်ဖြင့် တွေ့ဆုံမည်ဆိုလျှင် ရှော့ပင်းမောလ်များ၌ တွေ့ဆုံကြသည်က များသည်။ မိုလင်းသည်လည်း သူမ တွေ့ဆုံချင်သောလူများနှင့် ဆုံမိရန် အခွင့်အရေးအမျိုးမျိုးကို လုပ်ယူခဲ့ရသည်။ ထို့ကြောင့် မိုလင်းသည် ယွဲ့စုန့်ကို တစ်မျိုးမထင်ပဲ ကျန်းယန်ရှန့်တို့ စီးလာမည့်လေယာဉ်နံပါတ်ကို ပြောပြလိုက်သည်။


"မင်းကိုကြိုဖို့ ကားစီစဉ်ပေးထားမယ်..."


ယွဲ့စုန့်က ပျော်ရွှင်စွာပြောလိုက်သည်။


"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်..."


မူလကတော့ ယွဲ့စုန့်၌ အခြားအစီအစဉ်များရှိ၍ ရုပ်ရှင်ပြပွဲသို့ မသွားချင်ခဲ့ပေ။


သို့‌သော်....ထိုအစီအစဉ်များသည် ကောင်းကင်ဘုံမှ စီစဉ်ပေးသော အစီအစဉ်များမဟုတ်ချေ။


ဤ ၂ ရက်အတွင်းတွင် ကျန်းယန်ရှန့်သည် ဖုန်းကို ခဏခဏကြည့်မိသည်။ သို့သော် အံ့ဩစရာကောင်းစွာပင် သူမနှင့် ယွဲ့စုန့်သည် လိုင်းပေါ်၌ သူငယ်ချင်းများအဖြစ် အပ်ထားကြသော်လည်း ယွဲ့စုန့်သည် သူမကို ဘာစကားမှ လာမပြောချေ။


မကြာမီတွင် ကျန်းယန်ရှန့်နှင့် ကျန်းဟွမ်တို့သည် ကျန်းဟယ်လင်းကိုခေါ်၍ B မြို့သို့ သွားကြတော့မည်ဖြစ်သည်။ မသွားခင်တွင် ကျန်းဟွမ်က လျန့်ယင်းယင်းကိုပြောသည်။


"ရှို့ရှို့ကို မင်းသေချာထိန်းနော်..."


သို့သော် ထိုအမိန့်မှာ စကားအဖြစ်သာရှိပါသည်။ ပုံမှန်အချိန်များတွင်လည်း အိမ်၌ လျန့်ယင်းယင်းရှိနေစေကာမူ အန်တီတစ်ယောက်ကသာ ကျန်းရှို့ချန်ကို ထိန်းနေရခြင်းဖြစ်သည်။


သို့သော်လည်း လျန့်ယင်းယင်းက တာဝန်ယူနိုင်သည့် ပုံစံကို ပြလိုက်သည်။


"စိတ်မပူပါနဲ့..."


ကျန်းဟယ်လင်းက စိတ်ပူစွာဖြင့် သူ့အမေကို ညွှန်ကြားနေသည်။


"အမေ...ရှို့ရှို့ရဲ့ အိမ်စာတွေကို နေ့တိုင်းစစ်နော်...မဟုတ်ရင် သူက ဘယ်တော့မှ သူ့ဟာသူ စလုပ်တာမဟုတ်ဘူး...တစ်နေကုန် ဆော့ပဲဆော့နေမှာ..."


လျန့်ယင်းယင်းက အံကြိတ်၍ ဒေါသသံဖြင့်ပြောလိုက်သည်။


"ငါသိပါတယ်..."


သုံးယောက်လုံးသည် ကျန်းရှို့ချန်အား ကြည့်လိုက်သောအခါ ကျန်းရှို့ချန်၏မျက်လုံးများသည် တက်ကြွမှုများ၊ဂဏာမငြိမ်မှုများနှင့် ပြည့်နေသည်။


သုံးယောက်လုံးသည် တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်၍ အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။


ကားထွက်ထွက်သွားချင်းမှာပင် ကျန်းရှို့ချန်သည် ကြိုးလွတ်သွားသော မြင်းကဲ့သို့ တက်ကြွလာကာ လျန့်ယင်းယင်းအား ကစားကွင်းသို့ ခေါ်သွားရန်ပြောသည်။


လျန့်ယင်းယင်းသည် သူမ၏ ကလေးများကို အပြင်ခေါ်ရသည်ကို အမုန်းဆုံးဖြစ်၍ ငြင်းလိုက်သည်။


"ရာသီဥတုက ဒီလောက်ပူနေတဲ့ဟာကို လူကြီးတွေ နေအောက်မှာ အရည်ပျော်ကုန်မှာပေါ့..."


သို့သော် မိသားစုထဲတွင် ကျန်းရှို့ချန်အား နိုင်သည့်လူ မရှိတော့ချေ။ ထို့ကြောင့် ကျန်းရှို့ချန်သည် အရင်လို ပြန်ဖြစ်သွား၍ ကြမ်းပေါ်၌ လူးလိမ့်၍ အော်ဟစ်နေကာ လျန့်ယင်းယင်း၏ ခြေထောက်ကိုကိုင်၍ ထွက်မသွားရန်ပြောနေသည်။


လျန့်ယင်းယင်းသည် စိတ်တိုလာ၍ ကျန်းရှို့ချန်အား ရိုက်မည်ပြင်လိုက်သည်။


ကျန်းရှို့ချန်သည် ထခုန်၍ လျန့်ယင်းယင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။


"သားကိုရိုက်ရင် အမေက အိမ်မှာ သားကို မထိန်းပဲ တစ်နေကုန်အပြင်ထွက်ပြီး မာကျောက်ကစားနေတယ်လို့ အဖေ့ကိုတိုင်ပြောမှာ..."


လျန့်ယင်းယင်းသည် ဒေါသထွက်လွန်း၍ ခေါင်းပင်မူးဝေလာသည်။


သူမ၏သားသည် ဘယ်က အတတ်ကောင်းတွေ တတ်နေပါသနည်း။


မိသားစု၌ သူမ၏အဆင့်သည် အလွန်ပင် ကျဆင်းသွား၍ အငယ်ဆုံးသားကပင် သူမကို အနိုင်ကျင့်နေပြီလား။


အခြေအနေများက အရင်ကနှင့်မတူသည်ကတော့ အမှန်ပင်။ လျန့်ယင်းယင်းသည် ကျန်းရှို့ချန်ကိုရိုက်ရန် လက်ရွယ်လိုက်၊ ချလိုက် လုပ်၍ နောက်တစ်ကြိမ်ထပ်ရွယ်ပြီးမှ စိတ်တိုတိုနဲ့ ချလိုက်ရသည်။


"နင် ကစားကွင်းသွားမယ်လို့ပြောနေတာမလား...သွား အင်္ကျီသွားလဲ..."


ထို့နောက် အော်ပြောလိုက်သည်။


"အန်တီဝမ်...အန်တီဝမ်...ဘယ်ရောက်ကုန်ကြလဲ...ရှင်ပါ ကျွန်မတို့နဲ့လိုက်ခဲ့...ရှောင်ကျိုးကိုလဲ ခေါ်ခဲ့လိုက်..."


လေယာဉ်၏ ပထမတန်းနေရာသို့ ယွဲ့စုန့်တက်လာသောအခါ ကျန်းယန်ရှန့်သည် အံ့ဩသွားရပြန်သည်။


ယွဲ့စုန့်က ပြုံး၍ သူမနှင့် ကျန်းဟယ်လင်းကို နှုတ်ဆက်လိုက်သည်။


"ဟေး...ကျွန်တော်တို့ တွေ့ကြပြန်ပြီနော်..."


ကျန်းဟယ်လင်းလည်း အံ့ဩသွားသည်။


"အား...ဟို အစ်ကိုကြီး..."


ယွဲ့စုန့်သည် အလွန်ချော‌သောကြောင့် ကျန်းဟယ်လင်း မှတ်မိနေသည်။


ကျန်းဟွမ်သည် အသံများကြား၍ လှည့်ကြည့်လိုက်ရာ အရပ်မြင့်မြင့် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုကောင်လေးသည် တီရှပ်အဖြူရောင်ဝတ်ဆင်ထားကာ အလွန်သန့်ရှင်းသပ်ရပ်၍ မျက်နှာ၌ အပြုံးလေးဖြင့် စိတ်သဘောထားကောင်းမည့်ပုံ ပေါက်နေသည်။


ရုပ်ရည်ချောမောသူများသည် အခွင့်အရေးပိုရတတ်ကာ မြင်ရသူများကလည်း မြင်မြင်ချင်းပင် စိတ်ကျေနပ်မှုရစေသည်။ ထို့အပြင် ယွဲ့စုန့်၏အသွင်အပြင်သည်လည်း လိမ္မာရေးခြားရှိမည့်ပုံပေါက်နေကာ ရှုလီချန်၏ အထိန်းအကွပ်မဲ့သည့် အချစ်ရူးပုံစံနှင့် ကွဲပြားနေသောကြောင့် ကျန်းဟွမ်သည် ထိုလူငယ်ကို မြင်မြင်ချင်းပင် သဘောကျသွားမိသည်။


လေယာဉ်၏ပထမတန်း ထိုင်ခုံများသည် အကုန် တစ်ခုံချင်းဖြစ်၍ ယွဲ့စုန့်၏ခုံနေရာသည် ကျန်းဟွမ်နှင့် တစ်တန်းတည်းဖြစ်နေသည်။


ယွဲ့စုန့်သည် ထိုင်ခုံ၌ထိုင်လိုက်၍ အလယ်တန်းမှ ကျန်းဟွမ်ဆီသို့ လက်ကမ်းပေးလိုက်သည်။


"ဦးလေးက ရှင်းနမ်အုပ်စုက သခင်လေးကျန်း ပါလားခင်ဗျာ..."


ကျန်းဟွမ်ကလည်း လက်ကို ပြန်ကမ်းပေးကာမေးလိုက်သည်။


"မင်းကရော..."


သူတို့နှစ်ယောက်သည် လက်ဆွဲနှုတ်တက်လိုက်ကြ၍ ယွဲ့စုန့်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။


"ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က ယွဲ့ ပါ...နာမည်ကတော့ ယွဲ့စုန့်ပါ...ကျွန်တော့်အဖိုးရဲ့ ဂုဏ်သရေရှိနာမည်(*)က ရှန်းချီ ရှဖန့်ပါ..."


ယွဲ့စုန့်က သူ့ကိုယ်သူမိတ်ဆက်လိုက်သောအခါ ကျန်းယန်ရှန့်ရော ကျန်းဟယ်လင်းရော နားမလည်လိုက်ကြချေ။ ကျန်းဟွမ်ကတော့ ချက်ချင်းပင်သဘောပေါက်သွားသည်။


"ဪ မင်းက..."


လူမှုရေးအခြေအနေများကို သဘောပေါက်သွားပြီးသောအခါ ကျန်းဟွမ်၏ သဘောထားသည် ‌နွေးထွေးလာသည်။


"ဦးလေးတို့က B မြို့က ရုပ်ရှင်အစမ်းပြပွဲကိုသွားကြမလို့လားခင်ဗျ..."


ယွဲ့စုန့်က ကျန်းယန်ရှန့်ရှိရာ အနောက်သို့လှည့်၍ ပြုံးပြလိုက်သည်။


"ကျွန်တော်လည်း အဲ့ကိုပဲ သွားမှာ..."


သူ၏ မျိုးရိုးနာမည်သည် ယွဲ့ဖြစ်ကာ K မြို့မှဖြစ်၍ ယခု ရုပ်ရှင်ပြပွဲသို့ ‌သွားနေသည်။


ထိုအချက်သည် ကျန်းယန်ရှန့်ခေါင်းထဲသို့ ဖြတ်ခနဲဝင်လာ၍ ချက်ချင်းပင် သဘောပေါက်သွားသည်။


"ရှင်က ချင်းထင်အုပ်စုက ငွေမြှုပ်နှံသူလား..."


"ဟုတ်တယ်..."


ယွဲ့စုန့်က နှုတ်ခမ်းထောင့်စွန်းများမှ ပြုံး၍ပြောလိုက်သည်။ ကျန်းယန်ရှန့်၏မျက်လုံးများထဲတွင်တော့ ကြယ်များတောက်ပသွားသကဲ့သို့ လင်းလက်သွားသည်။


"တိုက်ဆိုင်လိုက်တာ..."


တိုက်ဆိုင်မှုဆိုသည်မှာ ဘာများပါလဲ။


ကံကြမ္မာသည်သာ တိုက်ဆိုင်မှုဖြစ်သည်။


* သက်ကြီးရွယ်အိုများ၊ ဂုဏ်သရေရှိလူကြီးများကို ခေါ်သည့်အမည်။


Xxxxxxx