အပိုင်း ၂၃၁-၂၃၂
Viewers 23k

Part 231


ကျန်းယန်ရှန့် စိတ်ငြိမ်ငြိမ်ထား၍ ဒါရိုက်တာရှဲ့ကို ဖုန်းခေါ်လိုက်သည်။


"ဒါရိုက်တာရှဲ့...ကျွန်မ ကျန်းယန်ရှန့်ပါ...စကားမပြောဖြစ်တာတောင်ကြာပြီနော်...ကျွန်မ မေးစရာလေးရှိလို့..."


ကျန်းယန်ရှန့်က ပြောလိုက်သည်။


"ဦးလေးနားမှာ ကျွန်မသူငယ်ချင်း ရှုလီချန်နဲ့ ရင်းနှီးတဲ့ လက်ထောက်ဒါရိုက်တာတွေလည်းရှိတော့လေ...ရှုလီချန်အခုဘယ်မှာလဲဆိုတာ သူတို့ကို ကျေးဇူးပြုပြီး မေးပေးလို့ရမလားလို့...ဟင်...ရှုလီချန်ဘယ်မှာလဲဆိုတာ ဦးလေးသိတာလား..."


"ရှောင်းရှုလား...သိတာပေါ့...သူက အခု H မြို့မှာလေ..."


ဒါရိုက်တာရှဲ့က ပြောလိုက်သည်။


"ငါပဲ သူ့ကို မိတ်ဆက်ပေးခဲ့တာ...ဘာလို့သူ့ကိုရှာနေတာလဲ...ရတယ်လေ...သူ့လိပ်စာနဲ့ ဆက်သွယ်လို့ရမယ့်လူကိုပေးလိုက်မယ်..."


ကျန်းယန်ရှန့် ကားပေါ်တက်၍ ရှောင်ကျိုးကို ပြောလိုက်သည်။


"လေယာဉ်ကွင်းကိုမောင်း..."


ရှောင်ကျိုးက အံ့ဩသွားသည်။


"မမလေး ဘယ်သွားမလို့လဲ...အိမ်မပြန်ဘူးလား..."


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"ကျွန်မ လုပ်စရာလေးတွေရှိနေလို့...မြို့ထဲကနေ ခဏထွက်သွားရမယ်..."


ရှောင်ကျိုးက သူ၏ဝတ္တရားကို အရင် ရှေ့တန်းတင်လိုက်သည်။


"သခင်ကျန်းရော ဒီကိစ္စကိုသိလား...ဒီနေ့က ဗုဒ္ဓဟူးနေ့ဆိုတော့ မနက်ဖြန်ကျောင်းမသွားရဘူးလား..."


အသက်မပြည့်သူတွေအတွက်တော့ ဒီလိုကိစ္စတွေက ခက်ခဲသည်ပဲ။


ကျန်းယန်ရှန့်က ရွေးချယ်စရာမရှိပဲ ‌ပြောလိုက်ရသည်။


"လေဆိပ်ကိုသာ အရင်မောင်းပါ...ကျွန်မ ဖုန်းခေါ်လိုက်မယ်..."


ကျန်းယန်ရှန့်သည် ကျန်းဟွမ်ကို ဖုန်းခေါ်လိုက်သည်။


"သမီး ရှုလီချန်ကို H မြို့မှာ သွားတွေ့မလို့...အဲ့ဒါ ကျောင်း ၂ ရက်လောက် အဖေ ခွင့်တိုင်ပေးထားပါ..."


ကျန်းဟွမ်: “…”


ကျန်းဟွမ်သည် တစ်ခဏမျှ သူသည် ကလေးဖြစ်၍ ကျန်းယန်ရှန့်ကအမေ ဟု ထင်သွားမိသည်။


"မဟုတ်ဘူးသေးဘူးလေ...အဲ့ကောင်လေးအတွက်နဲ့ ကျောင်းပျက်ရမယ်ဆိုတာက..."


ကျန်းဟွမ်က ကျန်းယန်ရှန့်ကို ဖြတ်ပြောလိုက်သည်။ ကျန်းဟွမ်သည် ရှုမျိုးရိုးနာမည်နှင့် ကောင်လေးကို အစတည်းက မကြိုက်ပေ။ သူ့မိသားစု၏ အခြေအနေကလည်း ရှုပ်ထွေးလှသည်။


ကျန်းဟွမ်က အစတည်းက ထိုကောင်လေး၏အဖေကို အလကားလူ ဟု ထင်မြင်ထားခဲ့သည်။ ယခုတော့ ထပ်စုံစမ်းကြည့်လိုက်သောအခါ အမေကပါ တော်တော်ရက်စက်ယုတ်မာပုံပေါက်သည်။ ကျန်းဟွမ်သည် ရှုမျိုးရိုးနာမည်နှင့် လူများကို အလွန်ပင် မကြိုက်ချေ။


"သူက သမီးသူငယ်ချင်းလေ..."


ကျန်းယန်ရှန့်က‌ပြောလိုက်သည်။


"သူက သမီးအတွက် အရမ်းအရေးပါတဲ့သူငယ်ချင်း..."


ကျန်းယန်ရှန့်၏လေသံက တိုးတိုးနှင့် အေးအေးဆေးဆေးရှိနေကာ ကျန်းဟွမ်နှင့် ရန်ဖြစ်ချင်၍ ပြောလိုက်ခြင်းမဟုတ်ပေ။ ကျန်းယန်ရှန့်သည် အမှန်တရားတစ်ခုကိုသာ ပြောပြနေခြင်းဖြစ်သည်။


ကျန်းယန်ရှန့်သည် လူကြီးတစ်ယောက်ကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။


ကျန်းဟွမ်က ခဏမျှ နှုတ်ဆိတ်သွားပြီးမှ အင်တင်တင်ဖြင့်သဘောတူလိုက်ရသည်။


"ဟုတ်ပါပြီ...အဲ့ဒါဆိုလည်း မြန်မြန်သွားပြီး အစောဆုံးပြန်ခဲ့..."


ကျန်းယန်ရှန့်: "...ကျေးဇူးတင်ပါတယ်..."


ကျန်းယန်ရှန့်သည် လေဆိပ်သို့ရောက်၍ ချက်ချင်းပင် H မြို့သို့သွားမည့် အစောဆုံးလေယာဉ်လက်မှတ်ကို ဝယ်လိုက်သည်။


ဒါရိုက်တာရှဲ့က ကျန်းယန်ရှန့်ကို ဆက်သွယ်ရမည့်လူ၏လိပ်စာကိုပေး၍ လက်တိုလက်တောင်းခိုင်းရန် စသည့်အလုပ်များအတွက် အကူအညီတောင်းနိုင်သည် ဟု ပြောသည်။ 


ကျန်းယန်ရှန့် ထိုလူအား ဖုန်းခေါ်၍ သူမအတွက် ကားနှင့်ဒရိုင်ဘာ စီစဉ်ခိုင်းလိုက်ကာ ငွေလွှဲပေးလိုက်သည်။


ထိုလူက စာပြန်ပို့လာသည်။


"အစ်မက သဘောကောင်းလိုက်တာ...ပိုက်ဆံက ဒီလောက်မကုန်ပါဘူး..."


"ကျန်တာက ရှင့်ရဲ့ အလုပ်ကြိုးစားမှုအတွက်ပါ..."


 ကျန်းယန်ရှန့် ပြောလိုက်သည်။


H မြို့သို့ ကျန်းယန်ရှန့်ရောက်သောအခါ မနက် ၂ နာရီပင် ထိုးနေပြီဖြစ်သည်။ ဆက်သွယ်ထားသည့်လူက ကားမောင်းကာ ကျန်းယန်ရှန့်ကို လာကြိုသည်။


"ရှောင်းရှုက ရုပ်ရှင်ရိုက်နေတုန်း...အဲ့ဒီကိုပဲ သွားမလား...ဒါမှမဟုတ် ဟိုတယ်ကိုသွားပြီး သူ့ကိုစောင့်နေမလား..."


ကျန်းယန်ရှန့်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။


"သူ့ဆီပဲ အရင်သွားမယ်..."


ညဘက်၌ ရုပ်ရှင်ရိုက်ခြင်းမှာ ရုပ်ရှင်အဖွဲ့သားများအတွက်တော့ အထူးအဆန်းမဟုတ်ချေ။ ကျန်းယန်ရှန့်ရောက်သွားသောအခါ ရှုလီချန်က စင်ပေါ်၌ သရုပ်ဆောင်နေဆဲ ဖြစ်သည်။


ရှုလီချန်ကို လူတစ်စုက ဝိုင်းထားကြသည်။ ခေါင်းဆောင်က တက်သစ်စမင်းသားတစ်ယောက်ဖြစ်သည်။ ထိုမင်းသားကို အင်တာနက်ပေါ်တွင် ကျန်းယန်ရှန့် တွေ့ဖူး၍ ယခုတွင်တော့ သူက ခေါင်းဆောင်မင်းသားဖြစ်လိမ့်မည်။ ခေါင်းဆောင်မင်းသားနှင့် သူ့အပေါင်းအသင်းများသည် ရှုလီချန်ကိုဝိုင်းထား၍ ရန်စကားအနည်းငယ်ပြောပြီးသောအခါ လက်များရွယ်လိုက်ကြသည်။


ရှုလီချန်က အလွန်ရဲရင့်သည့်ပုံနှင့် နှစ်ချက် စထိုးလိုက်သည်။ သို့သော် မကြာခင်မှာပဲ ခေါင်းဆောင်မင်းသား၏အားကို မခံနိုင်တော့ပဲ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ ခေါင်းဆောင်မင်းသားက ရပ်လိုက်သော်လည်း သူ့အပေါင်းအသင်းများက ရှုလီချန်ကို ဆက်၍ ခြေထောက်ဖြင့်ကန်လိုက်၊ ထိုးလိုက် လုပ်နေကြသည်။


အရည်အသွေးကမဆိုးလှပါ။ ဒါရိုက်တာက လက်မြှောက်၍ "ရပ်" ဟုအော်ပြောမည်ပြင်နေဆဲမှာပဲ သူ့အနောက်မှ ဒေါသသံဖြင့် "ရပ်..." ဟု အော်လိုက်သံကို ကြားလိုက်ရသည်။


ဒါရိုက်တာသည်...လက်မြှောက်ထားဆဲဖြစ်၍ ကြောင်သွားသည်။


"..."


သူ့စကားကို ဘယ်သူဝင်ပြောသွားပါလိမ့်။


ချက်ချင်းပင် ခေါင်းဆောင်မင်းသမီးရှုံးနိုင်အောင် လှပသော ကောင်မလေးတစ်ယောက်သည် ရိုက်ကွင်းထဲသို့ဝင်လာကာ သူ့လမ်းတွင်ပိတ်နေသော ခေါင်းဆောင်မင်းသားကို ဆွဲထိုး၍ ရှုလီချန်ကို လက်နှစ်ဖက်လုံးဖြင့် ဆွဲမလိုက်သည်။ ခေါင်းဆောင်မင်းသား၏အပေါင်းအပါများသည်လည်းနောက်သို့ ဆုတ်သွားကြသည်။


ရှုလီချန်သည်လည်း ထိုအသံကိုကြားသောအခါ လန့်သွားသည်။ မျက်လုံးများဖွင့်၍ ထိုင်လိုက်သောအခါ တကယ်ပင် သူထင်ထားသည့်လူကို မြင်လိုက်ရတော့သည်။


"ကျန်းယန်ရှန့်..."


ရှုလီချန်က မူးဝေနေသည့်ပုံဖြင့် ထထိုင်လိုက်သည်။


"နင်...နင်က ဘာလို့ ဒီရောက်နေတာလဲ..."


ဒါရိုက်တာရှဲ့မှ မင်းသားအသစ်လေးပါ ဟု မိတ်ဆက်ပေးထားသော ကောင်လေးသည် ရုတ်တရက်ပေါ်လာသော မိန်းမချောလေး၏ အကန်ခံလိုက်ရခြင်းကို လူတိုင်းမြင်လိုက်ရသည်။


ရှုလီချန် အထိုးကြိတ်ခံနေရခြင်းမှာ သရုပ်ဆောင်နေခြင်းသာဖြစ်၍ တကယ်မဟုတ်မှန်း ကျန်းယန်ရှန့်သိပါသည်။ သို့သော် ရှုလီချန်၏ မြေကြီးပေါ်တွင် ကွေးကွေးလေး‌ဖြစ်၍ ခေါင်းကိုကာထားသောပုံကို မြင်သောအခါ ကျန်းယန်ရှန့်သည် မနေနိုင်ပဲ အလွန်ဒေါသထွက်သွားမိသည်။


ရှုလီချန်သည် ဘယ်တုန်းကများ ဤသို့ အနှိပ်စက်ခံခဲ့ဖူးပါသနည်း။


ပိုက်ဆံနှင့်ယှဉ်ပြိုင်ခြင်းပဲဖြစ်ဖြစ်၊ လက်သီးလက်မောင်းတန်း၍ ယှဉ်ပြိုင်ခြင်းပဲဖြစ်ဖြစ် ကျန်းယန်ရှန့်နှင့် ရှုလီချန်တို့သည် ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးပါ။ တစ်ခါမှလည်း အနိုင်ကျင့်မခံခဲ့ကြရပေ။ ထို့ကြောင့် ရှုလီချန်သည် ယခုလည်း အဘယ်ကြောင့် အခြားလူများ၏ နှိပ်စက်ခြင်းကို ခံနေရမည်နည်။


"နင်က ကျောင်းမတက်ချင်တာနဲ့ ဒီကိုပြေးလာပြီး အနှိပ်စက်ခံနေတယ်ပေါ့ ဟုတ်လား...နင် အဲ့လောက်တောင်ပဲ မိုက်မဲရလား..."


ကျန်းယန်ရှန့်သည် ထပ်ထိုးရန် လက်ရွယ်လိုက်ပြန်သည်။


"နင် အထိုးခံချင်တယ်ဆိုရင် ငါ့ဆီသာလာခဲ့...ငါ အဖော်လုပ်ပြီး ထိုးပေးမယ်..."


ရှုလီချန်သည် ကျန်းယန်ရှန့် လက်သံဘယ်လောက်ပြောင်သည်ကိုသိ၍ ကျန်းယန်ရှန့်ဒေါသထွက်နေသည်ကိုမြင်သောအခါ လျစ်လျူမရှုထားရဲပဲ ကြမ်းပြင်ပေါ်၌ လှိမ့်ကာ ကာကွယ်ဖို့အသင့်အနေအထားကို ပြင်‌ထားလိုက်သည်။ ကျန်းယန်ရှန့်၏လက်သီးက သူမဒေါသထွက်သည့်အခါ ထွက်လာသော စွမ်းအားများနှင့်အတူ ရှုလီချန်ထံသို့ လာနေပြီဖြစ်သည်။


မင်းသားအသစ်နှင့် သူ့အပေါင်းအပါများအဖြစ်သရုပ်ဆောင်သော မင်းသားများသည် အလွန်ကြောက်လန့်၍ နောက်သို့ဆုတ်သွားကြသည်။ ခုနကပင် ရှိနေကြသော ရဲရင့်မှု၊ ရဲတင်းမှု၊ တက်ကြွမှုများသည် ပျောက်ဆုံးကုန်ကြကာ ကျန်းယန်ရှန့်၏လက်သီးနှင့် မထိစေရန် အမြန်ရှောင်လိုက်ကြသည်။


ရုပ်ရှင်တစ်ဖွဲ့လုံးက အံ့ဩစွာ ကြည့်နေကြသည်။


ကျန်းယန်ရှန့်၏လက်သီးဖြင့် အသားသို့ထိသွားသံသည် ကြောက်စရာကောင်းစွာ ထွက်ပေါ်လာသည်။


ရှုလီချန် ရှက်သွားသည်။ သူသည် ကောင်းကင်သို့မော့ကြည့်၍ ခေါင်းတစ်ချက်ခါလိုက်ကာ ရုတ်တရက် လက်ကိုဆန့်တန်း၍ ကျန်းယန်ရှန့်ကို တင်းကျပ်စွာဖက်ထားလိုက်သည်။


"ကျန်းယန်ရှန့်...စိတ်ထိန်းစမ်း...ဒါက ရုပ်ရှင်ပဲရိုက်နေတာလေ...နင့်တစ်ကိုယ်လုံးလည်း အေးစက်နေတာပဲ..."


ရှုလီချန်သည် ကျန်းယန်ရှန့်၏အရိုက်ခံလိုက်ရကာ လေထဲသို့ ပျံဝဲသွား၍ မြေကြီးပေါ်သို့ ဒုတ်ခနဲကျသွားသည်ကို လူတိုင်း ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိကြသည်။


ရှုလီချန်သည် မြေကြီးပေါ်တွင် ညည်းတွားကာ လဲနေသည်။


ကျန်းယန်ရှန့်၏ရင်ဘတ်သည် နိမ့်ချေ မြင့်ချေဖြစ်နေကာ မြေကြီးပေါ်၌ ရှုလီချန်တစ်ယောက် တကယ်တစ်ဝက် ဟန်ဆောင်တစ်ဝက်ဖြင့် ညည်းညူနေသည်ကို ကြည့်ရင်း စိတ်ငြိမ်သွားသည်။


မီးအလင်းအင်ဂျင်နီယာသည် ပါးစပ်အဟောင်းသားဖြင့် ဆလိုက်မီးကို ကျန်းယန်ရှန့်ဆီသို့ ထိုးထားမိသည်။ ဘေးပတ်ဝန်းကျင်မှလူများသည်လည်း ပါးစပ်များပွင့်၍ တိတ်ဆိတ်စွာ ဝိုင်းကြည့်နေကြသည်။


ကျန်းယန်ရှန့်သည် မျက်လုံးများမှိတ်၍ အသက်ပြင်းပြင်းရှုလိုက်ပြီးမှ မျက်လုံးများပြန်ဖွင့်ကာ လူကြားထဲမှ တိုးထွက်သွားသည်။


ရှုလီချန်သည် မတ်တပ်ထလာကာ ယိုင်တိုင်တိုင်ဖြင့် ဒါရိုက်တာကို လက်ညှိုးထိုးလိုက်သည်။


"တစ်ဆိတ်လောက်...ဒါရိုက်တာလျှို...အဲ့ဒါ...ကျွန်တော်...ကျွန်တော်..."


ဒါရိုက်တာက အလျင်အမြန်လက်ပြလိုက်သည်။


"သွား...သွား...အမြန်လိုက်သွားချေ..."


ရှုလီချန်က "ကျေးဇူးပါ..." ဟုပြောလိုက်၍ ကျန်းယန်ရှန့်နောက်သို့ ပြေးလိုက်သွားသည်။


ရှုလီချန်ထွက်သွားမှပင် လူတိုင်းသည် စိတ်အေးသော သက်ပြင်းချနိုင်၍ စတင်ဆွေးနွေးကြသည်။


"အဲ့ဒါဘယ်သူလဲ...ကောင်မလေးက မိုက်လိုက်တာ..."


ရှုလီချန်သည် ဒါရိုက်တာရှဲ့မှ မိတ်ဆက်ပေးထား၍ ငွေကြေးခိုင်မာတောင့်တောင်းသော မိသားစု၏ သားဖြစ်သည်ကို လူတိုင်းသိကြသည်။ သို့ဖြစ်၍ ထိုချောမောလှပသော မိန်းကလေးသည် မည်သူနည်း။


ကင်မရာသမားက အော်ပြောလိုက်သည်။


"ဒါရိုက်တာ...ဒါရိုက်တာ..."


အော်ရင်းဖြင့် ဒါရိုက်တာလျှိုကို လက်ညှိုးဖြင့် တို့လိုက်သည်။


ဒါရိုက်တာလျှိုက ကိုယ်ကိုစောင်းကာ ကြည့်လိုက်သည်။ ကင်မရာကိုမပိတ်ထားသဖြင့် ခုနကအဖြစ်အပျက်အားလုံးကို ရိုက်ထားလိုက်မိခြင်းဖြစ်သည်။


"အိုး...ငါ့ကိုဖွင့်ပြစမ်း..."


ဒါရိုက်တာလျှို က မေးစေ့ကိုပွတ်၍ ပြောလိုက်သည်။


"ဒီကလေးနှစ်ယောက်က တကယ်ဓာတ်ပုံစားတာပဲ...အက်ရှင်တွေကလည်း လှတယ်...နှစ်ယောက်လုံးက သေချာလေ့ကျင့်ထားကြပုံရတယ်...တကယ့်မျိုးကောင်းလေးတွေပဲ..."


Xxxxxx


Part 232


ရှုလီချန် ကျန်းယန်ရှန့်နောက်သို့ ပြေးလိုက်လာပြီး လက်မောင်းကိုဆွဲလိုက်သည်


"ကျန်းယန်ရှန့်...ကျန်းယန်ရှန့်..."


"နင်ဘာဖြစ်နေတာလဲ...စိတ်ရောငြိမ်ပြီလား...ဘာကိုဒေါသထွက်နေတာလဲ...ငါကျောင်းပျက်လို့လား...ငါ့အမေက ငါ့အတွက် ခွင့်တိုင်ပေးထားတယ်လေ...ငါက မိုက်မဲနေတာမဟုတ်..."


ကျန်းယန်ရှန့်က ရပ်ကာ ရှုလီချန်ကို ကြည့်လိုက်သည်။


ရှုလီချန်က ‌ပြုံးကာပြောလိုက်သည်။


"နင် ဒီကိုချက်ချင်းလိုက်လာပုံထောက်တော့ ငါ့မိသားစုအကြောင်းကြားပြီးပြီထင်တယ်...ဟုတ်လား..."


"ငါ့အမေက အကြီးကြီးနိုင်သွားပြီလေ...ငါ့အဖေမှာ ဘာပိုင်ဆိုင်မှုမှမရှိတော့ဘူး...အမေက အခု အဖေ့ရဲ့အုပ်ထိန်းသူဖြစ်သွားပြီး ပိုင်ဆိုင်မှုတွေအကုန်လုံးက အမေ့လက်ထဲရောက်သွားပြီ..."


ရှုလီချန်က အောင်နိုင်သူလေသံဖြင့်ပြောနေသည်။


"ငါက တစ်ဦးတည်းသားဆိုတော့ အဲ့ဒီပိုင်ဆိုင်မှုတွေအကုန်လုံးကလည်း ငါ့လက်ထဲပဲရောက်လာမှာ...ငါ ဘဝတစ်‌လျှောက်လုံး အိပ်လိုက် စားလိုက် သောက်လိုက်လုပ်နေရင်တောင်မှ တခြားလူတွေထက် အဆတစ်ရာ ကောင်းကောင်းမွန်မွန်နေလို့ရတယ်...ကျောင်းသွားတော့ရော ဘာအရေးလဲ...ဘာမှမထူးဘူးလေ...အတန်း ၁ တို့ အတန်း ၂ တို့ဝင်တဲ့ကောင်တွေ...ကျောင်း‌အကောင်းကိုဝင်ခွင့်ရတဲ့ကောင်တွေ...သူတို့တွေအကုန် အနာဂတ်မှာ ငါ့လက်အောက်မှာပဲ အလုပ်လာလုပ်ကြရမှာပဲ..."


ရှုလီချန်ပြောနေသည်မှာ အမှန်များပင်ဖြစ်သော်လည်း ကျန်းယန်ရှန့် နားထောင်ရင်းဒေါသထွက်လာသည်။ ထို့ကြောင့် လက်သီးဆုပ်၍ လက်ရွယ်လိုက်မိပြန်သည်။


ရှုလီချန်က လက်ကို အမြန်ဖမ်းကိုင်ထားလိုက်သည်။


"တော်တော့...တော်တော့...ထိုးနေတာတွေတော်တော့..."


ရှုလီချန်သည် ခေါင်းမွှေးများပြောင်ကုန်သလို ခံစားလိုက်ရသည်။


"နင်ဘာတွေ ဒီလောက်ဒေါသထွက်နေတာလဲ...ခုနက သရုပ်ဆောင်နေတာလေ တကယ်မှမဟုတ်တာ...သူတို့တွေက ငါ့ကို အပြင်မှာ တကယ်မကန်ရဲပါဘူး...နင်ပဲကန်နိုင်တာ...အခုတော့ အကုန်ရှုပ်ကုန်ပြီး ရိုက်တာ အဆင်ပြေရဲ့လား မနက်ဖြန်ပြန်ရိုက်ရဦးမှာလားတောင်မသိတော့ဘူး..."


ကျန်းယန်ရှန့်၏လက်သီးသည် ရုတ်တရက်အားလျော့သွားကာ အောက်သို့ပြန်ကျသွားသည်။


ရှုလီချန်သည် ယခုမှ သက်ပြင်းချနိုင်တော့သည်။


"ငါနင့်ကိုပြောနေသားပဲ...စိတ်မပူပါနဲ့လို့...နင်ကတော့နားလည်မှာမဟုတ်ဘူး...ဒါပေမယ့် ရုပ်ရှင်ရိုက်တာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...ငါလည်း တကယ်ပျော်တယ်..."


ရှုလီချန်က ခပ်တိုးတိုးပြောလိုက်သည်။


"ငါတကယ်ပြောနေတာ...ငါပြော‌နေတာတွေ နင်နားလည်မှာမဟုတ်ပါဘူး...နင်တကယ်နားလည်မှာမဟုတ်ဘူး..."


ထို့နောက် ရှုလီချန်၏အသံသည် ရုတ်တရက်ရပ်သွားသည်။


ညဘက်ဖြစ်၍မှောင်နေသော်လည်း ကျန်းယန်ရှန့်မျက်လုံးမှ မျက်ရည်များစီးကျလာသည်ကို ရှုလီချန် ထင်ထင်ရှားရှားမြင်လိုက်ရသည်။


ကျောင်းမှစင်္ကြန်လမ်းတွင် ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်တည်းက ကျန်းယန်ရှန့်သည် အေးစက်၍ မောက်မာသောမိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။ သူမသည် အလွန်ပင်စိတ်တိုလွယ်ကာ သူနှင့်စိတ်သဘောထားမတူသည့်လူတိုင်းကို ထိုးနှက်တတ်သည်။ ကျောင်းသားတိုင်းက ကျန်းယန်ရှန့်ကို အမြင့်ဆုံးအယ်လ်ဖာအဆင့် သတ်မှတ်ထားကြသည်။ သူမသည် ကျောင်း၏ပန်းလေးမဟုတ်ပဲ ကျောင်း၏မြက်ခင်းပြင် ဟူသော အသုံးအနှုန်းက ကျန်းယန်ရှန့်နှင့် ပိုသင့်တော်‌ပေသည်။


ထို့ကြောင့် တစ်နေ့နေ့တွင် သူ့ရှေ့၌ ကျန်းယန်ရှန့်ငိုသည်ကို တွေ့ရလိမ့်မည်ဟု ရှုလီချန် ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။


ကျန်းယန်ရှန့်သည် တိတ်ဆိတ်စွာငိုနေကာ ည‌၏အမှောင်ထဲတွင် ပို၍ပင်အားနွဲ့နေပုံပေါက်နေသည်။


ရှုလီချန်သည် အနည်းငယ်လန့်လာကာ ချီတုံချတုံဖြစ်ပြီးမှ မေးလိုက်သည်။


"နင်...နင်က ဘာဖြစ်လို့ငိုနေတာလဲ..."


ကျန်းယန်ရှန့်သည် မျက်ရည်များကို မထိန်းနိုင်ဖြစ်နေကာ မျက်လုံးကိုပင့်၍ ရှုလီချန်ကိုကြည့်လိုက်သည်။


"ငါနားမလည်နိုင်တာ တခြားဘာရှိသေးလဲ..."


ကျန်းယန်ရှန့်က မေးလိုက်သည်။


"အဲ့လိုမဟုတ်ဘူးလေ...ငါက တခြားတစ်ယောက်ဖြစ်ချင်ရုံပါ...ဒါပေမယ့် အဲ့ဒါက ငါ့ကိုယ်ငါမချစ်လို့လည်း မဟုတ်ဘူး..."


အရင်ဘဝက အပြင်ထွက်သည့်အခါတိုင်း ကျန်းယန်ရှန့်သည် သူမ၏ မျက်ကွင်းညိုများနှင့် ဖြူဖျော့နေသောအသားအရည်ကို ဖုံးကွယ်ရန် မိတ်ကပ်ကို ထူထဲစွာလိမ်းတတ်သည်။ သူမ၏ဆံပင်များကို မကောင်းဆိုးဝါးကဲ့သို့ မည်းနက်နေအောင် ဆေးဆိုးထားကာ ခန္ဓာကိုယ်ပေါ်၌လည်း ဆေးမင်ကြောင်နှင့် နားကပ်၊နားကွင်းများစွာရှိသည်။


ထိုသို့နေခဲ့ခြင်းမှာ ကျန်းယန်ရှန့်သည် "ကျန်းယန်ရှန့်" မဖြစ်ချင်တော့၍ သူမကိုယ်သူမ ပျောက်ကွယ်သွားအောင် လုပ်ချင်၍ဖြစ်သည်။ ကျန်းယန်ရှန့်သည် သူမကိုယ်သူမ ဖျက်ဆီးခဲ့၍ နောက်ပိုင်းတွင် ပြန်မပြုပြင်နိုင်တော့ပဲ တဖြည်းဖြည်းပို၍သာ ဆိုးလာခဲ့သည်။


ကျန်းယန်ရှန့်ရော၊ ရှုလီချန်ရော နှစ်ယောက်လုံးပေါ့။


သို့သော် ဤဘဝတွင်တော့ အရာတော်တော်များများ ပြောင်းလဲခဲ့လေပြီ။ ရှုလီချန်သည် အဘယ်ကြောင့် ဤသို့ ပြောင်းလဲသွားရပါသနည်း။


ကျန်းယန်ရှန့်သည် မိမိ၌ ဘာလုပ်နိုင်စွမ်းမှမရှိတော့သလို ခံစားနေရသည်။


ရှုလီချန်၏မျက်နှာမှ အပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။


လမ်းမီးတိုင်မှအလင်းရောင်သည် သစ်ရွက်များကိုထိုးဖောက်၍ ရှုလီချန်၏မျက်နှာပေါ်သို့ အရိပ်များကျနေစေသည်။ အလင်းရောင်သည် ည၏လေပြေထဲတွင် မှန်လိုက် လင်းလိုက် ဖြစ်နေသည်။


ရှုလီချန်၏မျက်နှာသည် ခံစားချက်မဲ့နေသည်။


သူတို့သည် ဖက်ရှင်ဒရာမာဇာတ်လမ်းကို ရိုက်ကူးနေသောကြောင့် ပြင်ပရိုက်ကူးရေးနေရာကို ခေတ်မှီမြို့ကဲ့သို့ ပြင်ဆင်ထားသည်။ ညဉ့်နက်နေပြီဖြစ်သောကြောင့် လမ်းသည် ရှင်းလင်းနေကာ ပဲ့တင်သံကဲ့သို့ အသံတိုးတိုးလေးတစ်ခုကိုကြားနေရသည်။


အချိန်အတော်ကြာသောအခါမှ ရှုလီချန်က ရှည်လျားသောသက်ပြင်းကို ချလိုက်သည်။


"ကျန်းယန်ရှန့်...သေစမ်း...သေစမ်း..."


ရှုလီချန်က တီးတိုးရေရွတ်နေသည်။


"နင်က တကယ် နတ်ဘုရားများလား..."


မိမိကို မိမိထက်ပိုသိသော အခြားလူတစ်ယောက် ဤကမ္ဘာတွင် ဘယ်လိုများ ရှိနေနိုင်ပါသနည်း။


ကျန်းယန်ရှန့်သည် ယခုဘဝတွင်လည်း အရင်ဘဝကဲ့သို့ပင် ရှုလီချန်နှင့် လမ်းဘေးတွင် ပခုံးချင်းကပ်ထိုင်ကာ ဆေးလိပ်နှင့် အရက်များသောက်နေရလိမ့်မည်ဟု လုံးဝမထင်ထားမိခဲ့ချေ။


ကျန်းယန်ရှန့်၏ခြေထောက်နားတွင် ၂၄-နာရီ စတိုးဆိုင်မှ ဝယ်လာသော ဘီယာဘူးတစ်ဒါဇင်နှင့် ဆေးလိပ်တိုများ ပြန့်ကျဲနေသည်။ ရှုလီချန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ဆိုးကြီးကို ပြန်လည်ပြောပြနေသည်ကို ကျန်းယန်ရှန့် နားထောင်နေသည်။


"သက်တော်စောင့်နှစ်ယောက်ကတောင်မှ ငါ့အဖေကိုမကာကွယ်နိုင်ခဲ့ဘူး...တစ်ယောက်ဆိုရင် လက်တောင်ကျိုးသွားတာ...အဖေ့ကို အတင်းချုပ်ထားပြီး နာ့စ်မက ဆေးထိုးလိုက်တော့မှ အဖေရုန်းကန်တာ ရပ်သွားတယ်..."


"ပြီးတော့ သူတို့က အဖေ့ကို ကားပေါ်တင်ပြီး ထွက်သွားကြတယ်..."


"ဖြစ်ပျက်ခဲ့တာ အစကနေ အဆုံးအထိ ငါအိပ်မက်မက်နေသလိုပဲ...ဘယ်သူ့ကို ကူရမလဲ ငါမသိဘူး...ငါ့မှာ အားလည်းမရှိတော့ဘူး...တစ်ချိန်လုံး ချွေးတွေပဲ ထွက်နေခဲ့တာ..."


"ကားထွက်‌သွားတော့ ငါ့အမေရောက်လာပြီး ငါ့ကို လာဖက်တယ်...ငါ့ကို ကျောင်းကနေ ခဏလောက် ခွင့်တိုင်ပေးမယ်ပြောပြီး တစ်ရက် နှစ်ရက်လောက် နားခိုင်းတယ်..."


"အမေကပြောတယ်...ငါကြိုက်တဲ့နေရာသွားပြီး ကြိုက်တာကိုလုပ် တဲ့...ငါသေချာအနားယူပြီးတဲ့အချိန်မှပဲ ပြန်လာခဲ့ တဲ့..."


"အမေ့အသံက အရမ်းကို နူးညံ့နေတာ...နူးနူးညံ့ညံ့လေးပဲပြောတယ်...အမေတို့ နိုင်သွားပြီတဲ့..."


"ကျန်းယန်ရှန့်..."


နောက်ဆုံးတွင်တော့ လူငယ်လေးသည် မခံနိုင်တော့ပဲ မျက်ရည်များစီးကျလာသည်။


"နင့်ပခုံးကို ငှားစမ်းပါ..."


ကျန်းယန်ရှန့်က ငြင်ငြင်သာသာပင် "အင်း..." ဟုပြောလိုက်သည်။


ရှုလီချန်သည် သူ့နဖူးကို ကျန်းယန်ရှန့်ပခုံးနှင့်ထိကပ်ထားကာ မျက်ရည်များက ကျန်းယန်ရှန့် အင်္ကျီကို စိုကုန်သည်။


"ငါ ဒီလိုတွေ ဖြစ်ခဲ့မယ်မှန်း မထင်ထားခဲ့ဘူး..."


"အမေပြောတာက အဖေနဲ့ စကားပြောချင်ရုံသက်သက်ပါ တဲ့...အဖေက သူ့ကိုအတွေ့မခံဖြစ်နေလို့ တဲ့..."


ထို့ကြောင့် ရှုလီချန်က အဖေ့ကို ချိန်းဆိုပေးခဲ့သည်။ ရှုလီချန်အပေါ် သံသယစိတ်သိပ်မရှိသော သူ့အဖေက သက်တော်စောင့်နှစ်ယောက်သာခေါ်၍ လာခဲ့ရာမှ သူ့ဇနီး၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။


လူငယ်လေးသည် သူ့မိဘနှစ်ပါး၏အရက်စက်ဆုံးတိုက်ပွဲကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။


အရင်ဘဝတုန်းက ကျန်းယန်ရှန့်က 


"ဟေး...နင်ငိုဖို့ ငါ့ပခုံးကိုငှားမယ်လေ..."


ဟု ပြောခဲ့သည်။


"နေစမ်းပါ...ငါ့ပခုံးက နင့်ပခုံးနဲ့ အတူတူနီးပါးပဲ...နင်က နင့်ပခုံးလေးကိုတောင်နင်မနိုင်ဖြစ်နေတာ...ကိုယ့်ဟာကိုယ်ပဲ သိမ်းထားစမ်းပါ...နင့်ပခုံးနင် နိုင်တဲ့အချိန်ကျမှ ငါ့ကိုငှား..."


ဟု အရင်ဘဝက ရှုလီချန်က ပြောခဲ့သည်။


"ကျန်းယန်ရှန့်..."


ယခုဘဝတွင်တော့ ရှုလီချန်သည် ကျန်းယန်ရှန့်၏ပခုံးကိုမှီ၍ ကလေးတစ်ယောက်ကဲ့သို့ ငိုကြွေးနေလေသည်။


"အမေ ငါ့ကို ညာတယ်..."


"အမေ ငါ့ကို ညာခဲ့တယ်..."


Xxxxxxxx