အပိုင်း ၁၈၃-၁၈၄
Viewers 23k

Part 183


"ဘာဖြစ်လို့လဲ....အဘွား  ဒီပရောဂျက်ကို သဘောတူပြီးပြီလေ....." 


အဘွားကျန်း က ပြောလိုက်သည်။


“ ပရောဂျက်ကြောင့် မဟုတ်ဘူး...သမီးကြောင့်ပဲ...”


ကျန်းယန်ရှန့်က အဘွားကျန်းကို အံ့သြစွာ ကြည့်လိုက်သည်။ 


"ယန်ယန်....ဒါက သမီးဘဝမှာ ပထမဆုံး ရင်းနှီးမြုပ်နှံမှုလေ...."  


ကျန်းယန်ရှန့်မှာ အဘွားကျန်း ဆိုလိုသည်ကို နားလည်သော်လည်း အသေအချာ ပြောလိုက်ပြန်သည်။


"ဒါပေမယ့် အဘွား..ဒီရုပ်ရှင် ပရောဂျက်က တကယ်မြတ်မှာ..." 


ကျန်းယန်ရှန့် သည် ဤပရောဂျက်နှင့် ပတ်သတ်၍ ယုံကြည်မှု ရှိနေသည်။ 


'နေအဖွဲ့အစည်း မှထွက်ခွာခြင်း' 


ရုပ်ရှင်အပေါ်  လူအများ၏ ရင်းနှီးမြုပ်နှံမှုသည်  ၃၅၀% အထိ မြင့်တက်လျက်ရှိသည်ဟု သူမ သိထားသည်။


 “မမြတ်ဘူးထင်ရင် သမီးကို ပိုက်ဆံ ပေးမယ်လို့ အဘွား ပြောခဲ့မှာ မဟုတ်ဘူး.... ယန်ယန်... သမီးရဲ့ ရင်းနှီးမြုပ်နှံမှုက  မရှုံးနိုင်ဘူးလို့ထင်နေတာလား....သမီးမှားတယ်... သမီးရဲ့ ပထမဆုံး ရင်းနှီးမြုပ်နှံမှုက အရမ်းအောင်မြင်ပြီး ငွေအများကြီးရသွားမှာကို အဖွားကြောက်တယ်...."


ကျန်းယန်ရှန့် စိတ်ရှုပ်သွားရသည်။ 


အဘွားကျန်းက စကားဆက်ချင်နေသေးသော်လည်း သားဖြစ်သူကို ကြည့်လိုက်ရာ  ကျန်းဟွမ်က ကျန်းယန်ရှန့်ကို ပြောလိုက်သည်။ 


"ယန်ယန်...သမီး ငွေမရှာဖူးသေးဘူး....ဒါကြောင့် သမီးနားလည်မှာ မဟုတ်ဘူး... ဒါပေမဲ့ ပိုက်ဆံရှာရတာ သောက်ရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာတော့ အမှန်ပဲ..." 


ကျန်းဟွမ်က ကလေးရှေ့တွင် မဖွယ်မရာပြောလိုက်သဖြင့် အဘွားကျန်းက သူ့‌လက်ကို ရိုက်လိုက်သည်။


"ကလေးကို အဲ့လိုပြောစရာလား.."


"အမေကလည်း ဒီတိုင်း ပြောတာပါ..."


ကျန်းဟွမ်က  ကျန်းယန်ရှန့်ကို ပြောလိုက်ပြန်သည်။


 "သမီးရဲ့ပထမဆုံး ရင်းနှီးမြုပ်နှံမှုမှာ ကျရှုံးမယ်....ငွေတွေ အများကြီး ဆုံးရှုံးမယ်....သမီးရဲ့ယုံကြည်မှုကို ပျက်စီးသွားပြီး နောက်ဆိုရင် တခြား ရင်းနှီးမြုပ်နှံမှုတွေကို ကြောက်သွားမှာ အဖေတို့ စိုးရိမ်တယ်..သမီး...”


“ငွေရှာရတာ တစ်ကယ်ပျော်ဖို့ကောင်းပါတယ်.... အထူးသဖြင့် အခုလို ငယ်သေးတဲ့ အရွယ်မှာပေါ့.... ပထမအကြိမ် လောင်းကစားလုပ်သလိုပေါ့...ပထမဆုံး အကြိမ် နိုင်သွားရင် ဆက်ဆက်ပြီး လုပ်ချင်လာတယ်လေ...အဲ့ဒီလို စိတ်က မရှုံးချင်တဲ့စိတ်ထက် ပိုဆိုးတယ်... ဘာလို့လဲဆိုတော့ ရင်းနှီမြှုပ်ဖို့ ဆုံးဖြတ်ချက် ချတဲ့အခါ စိတ်ဓာတ်ကလည်း အရမ်းအရေးကြီးတယ်...ရင်းနှီမြှုပ်နှံဖို့ လုပ်တိုင်း ချလိုက်တဲ့ဆုံးဖြတ်ချက်တွေက အရမ်းညီမျှနေရမယ်..ငွေရှာရတာပျော်လို့ မဆုံးဖြတ်စေချင်ဘူး..."


အဘွားကျန်းသည် ရုတ်တရက် မျက်ရည်ဝေ့လာရသည်။သူမက ပါးစပ်ကို လက်ဖြင့်အုပ်ထားလိုက်ရင်း ပြောလေသည်။


“မင်း မှတ်မိသေးလား....”


 "အို..အမေကလည်း..ဘယ်လိုလုပ် မမှတ်မိ ရမှာလဲ....အဲဒီနှစ်မှာ ကျွန်တော် ပထမဆုံး ရင်းနှီးမြုပ်နှံမှုလုပ်တယ်လေ...အဲ့ဒီတုန်းက အဘိုးနဲ့ အမေက ကျွန်တော့်ကို စာကြည့်ခန်းထဲ ခေါ်သွားပြီး အမေပြောခဲ့တဲ့ စကားတွေကို  ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ...." 


“မျက်စိတစ်မှတ်အတွင်းပဲ...ယန်ယန့် ကိုပြောဖို့ သားအလှည့် ရောက်ပြီ...” 


ကျန်းဟွမ် က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။


“‌‌ ဪ....အချိန်တွေ ကုန်တာ မြန်လိုက်တာနော်....”


သူမအသက်မှာ ၂၁ နှစ်သာ ရှိသေးသဖြင့် အချိန်ကုန်တာ မြန်သည့်အကြောင်းနှင့် အချိန်၏ မြန်ဆန်ပုံတို့ကို မခံစားတတ်သေးပေ။ အဘွားကျန်းနှင့် ကျန်းဟွမ် တို့ကို ယခုကဲ့သို့ မြင်လိုက်ရသဖြင့် သူမ အသာစောင့်နေရုံသာရှိတော့သည်။


သူတို့နှစ်ယောက်၏ ခံစားချက်များ တည်ငြိမ်သွားသည့်အခါ သူမက စကားစလိုက်သည်။


“အ‌ဖေတို့ ပြောတာကို နားလည်ပါတယ်..ဒါပေမယ့် အဖေတို့ သဘောထားကြောင့် မရင်းနှီးလိုက်ရဘူးပဲ ထားပါ....အဲ့ဒီ ရုပ်ရှင်က အမြတ်အစွန်း ရသွားရင် သမီး ဘယ်လောက်တောင်  စိတ်မသက်မသာဖြစ်ရမလဲ...အဖေ စဉ်းစားမိလား...."


ကျန်းဟွမ် က ပြတ်ပြတ်သားသားပြောသည်။


 "သမီး..အခုတောင် စိတ်မသက်မသာဖြစ်နေပြီထင်တယ်..."


 "ဒီလို အခွင့်ရေးကြီးကို ဆုံးရှုံးလိုက်ရရင် သမီး ဘယ်လိုခံစားနေရမလဲ..." 


ကျန်းယန်ရှန့်သည် ငွေနည်းနည်းသာ ရင်းနှီးမြုပ်နှံလိုက်ပါက နောင်တစ်ချိန်တွင် သူမ ငွေမည်မျှဆုံးရှုံးမည်ကို တစ်ကယ်တွေးနေခဲ့သည်။ အမှန်ပင် သူမ စိတ်တို့ မသက်မသာ ဖြစ်သွားရလေသည်။


"ဒါဆို သမီး အဖွားနဲ့ အဖေပြောခဲ့တဲ့  ရှုံးသွားရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာရယ်...နောက်ပြီး တစ်ကယ်လို့ ရှုံးသွားမယ်ဆိုရင် စိတ်ထိန်းနိုင်မယ်လို့ သမီးကိုယ်သမီး ထင်လား....ယန်ယန်...သမီး တစ်ကယ်လို့ ဆိုတဲ့ စကားကို လေးလေး‌နက်နက် တွေးစေချင်တယ်..." 


အဘွားကျန်း က ပြုံးပြီးပြောလိုက်သည်။


 "မှန်တယ်... သမီးစိတ်ကူးထားတဲ့ ရုပ်ရှင်ပရောဂျက်က အရမ်းပေါက်ပြီး ဝင်ငွေတွေ အများကြီးရလိမ့်မယ်လို့ သမီး ထင်နေတာလား... ဒါ​ပေမယ့်​ ယန်ယန်..သမီးဘာလို့​ နောက်​ထပ်​​ ငွေမရှာနိုင်​ရတာလဲ..."


"အင်း...သမီးရဲ့ အရည်အချင်းက အဖေတို့ကို  နောက်ထပ် ရင်းနှီး မြှုပ်နှံဖို့ မစွဲဆောင်နိုင်ဘူး ထင်ပါရဲ့..." 


သူမရနိုင်သည့်ငွေကို မရလိုက်သဖြင့် စိတ်မသက်မသာ ခံစားခဲ့ရသော်လည်း  'သူမရနိုင်မည် ထင်သည့် ပိုက်ဆံမှာ သူမလုပ်နိုင်သည့်ထက် ကျော်လွန်သွားမည်ဟု ဘယ်‌တုန်းကမှ မ‌တွေးခဲ့မိပေ။ရွှေဇွန်းကိုက်၍ မွေးဖွားလာသည့် သူမအတွက် ကိုယ်တိုင်ငွေရှာရသည့်အခါမှ ငွေတန်ဖိုးကို နားလည်လာရသည်။ ထို့ကြောင့် သာမန်လူများကို ငွေကမည်မျှ သွေးဆောင်ထားသည်ကို တွေ့မြင်နိုင်လေသည်။ ဤသွေးဆောင်မှု အောက်တွင် ဆင်ခြင်တုံတရား ကင်းမဲ့သောဆုံးဖြတ်ချက်များချရန် အမှန်တစ်ကယ်ပင် လွယ်ကူလှပေသည်။နောက်ဆုံးတွင် သူမ နားလည်လာပြီး စိတ်သက်သာရာ ရသွားသည်။ 


အဘွားကျန်းနှင့် ကျန်းဟွမ်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ ကျန်းယန်ရှန့် က  ကျေနပ်သည့် အပြုံးဖြင့် အဖေဖြစ်သူကို ကြည့်ပြီး မေးလိုက်သည်။ 


"အဖေ့ရဲ့ ပထမဆုံး ရင်းနှီးမြုပ်နှံမှုက ဘယ်လိုနေလဲ...." 


နွေးထွေးသောလေထုသည် ရုတ်ခြည်းရပ်တန့်သွားပြီး လေထုသည် အေးစက် သွားလေသည်။ အဘွားကျန်း က မျက်နှာ လွှဲသွားပြီး ကျန်းဟွမ် က စားပွဲကို ခပ်ဖွဖွ ရိုက်လိုက်သည်။


 “ရလဒ်က အရေးကြီးလို့လား.... တစ်ကယ်အရေးကြီးတာက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆင်ဆင်ခြင်ခြင် ဆုံးဖြတ်ချက်တွေချတတ်ဖို့လေ...ဆုံးဖြတ်ချက် ချပြီးတာနဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် လက်ခံရမှာပဲ... ပိုအရေးကြီးတာက အောင်မြင်မှုပဲ...  သမီးရဲ့အဖွားကို မေးကြည့်...အဖေတို့ မိသားစုနဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ တခြားမိသားစုတွေရော အခုအချိန်အထိ ချမ်းသာနေကြသေးလား...လဲကျသွားတဲ့လူတွေလည်း ရှိသေးတယ်..."


 " ဒါဆို အဖေရော ရှုံးခဲ့လား..."


"..."


ရုတ်တရက် ကျန်းယန်ရှန့်၏ ဦးလေး ကျန်းယုသည် တံခါးကိုဖွင့်ပြီး ဝင်လာပြီး ပြောလိုက်သည်။


“ဒီမှာ ဘယ်လိုလုပ် ယန်ယန့် အသံကြားနေရတာလဲ.... အိုး ....သမီး ‌ဘာကိစ္စရှိလို့ လာတာလဲ...."


Xxxxxx


Part 184


ကျန်းဟွမ်က ဝင်ပြောလိုက်သည်။ 


"ယန်ယန်က ပရောဂျက်တစ်ခု တွေ့လာလို့  ရင်းနှီးမြှုပ်နှံချင်နေတာ... ဒါကြောင့်  ကျွန်တော်တို့ကို ရှင်းပြနေတာ ...ပြီးရင် ကျွန်တော်တို့ အိတ်ကပ်ထဲက ပိုက်ဆံတွေ ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့...ဟဲဟဲ...” 


ကျန်းယု အံ့သြသွားရသည်။


"တကယ်လား..."


အဘွားကျန်း က ပြုံးပြီး ပြောလိုက်၏။


“ဟုတ်တယ်...ငါတို့ သူမကို ပိုက်ဆံပေးဖို့ ဆုံးဖြတ်ပြီးပြီ....”


ဆိုလိုသည်မှာ အဘွားအိုနှင့် ကျန်းဟွမ် တို့သည် ကျန်းယန်ရှန့် တွေ့ရှိသော ပရောဂျက်ကို ရင်းနှီး မြှုပ်နှံမှုကို အတည်ပြုလိုက်ခြင်းဖြစ်သည်။


"ယန်ယန် ဒီပရောဂျက်ကို ဘယ်ကတွေ့လာတာလဲ..." 


ကျန်းယု သည် ပရောဂျက်အကြောင်းလည်း မသိချင်သလို ငွေပမာဏမည်မျှ ရင်းနှီးမြှုပ်နှံကြမည်ကို လည်း မသိချင်ပေ။သို့ရာတွင် အထက်တန်းကျောင်းသူ ကျန်းယန်ရှန့်က ယုံကြည်စိတ်ချရသော ရင်းနှီးမြုပ်နှံမှု ပရောဂျက်ကို မည်သည့်နေရာမှ မည်သို့ အဆက်အသွယ် ရလာသည်ကို သူ သိချင်နေလေသည်။


 “ဟိုတစ်လောတုန်းက သမီး အဖွားနဲ့ အဲဒီဖိုရမ်ကို သွားတယ်လေ...အဲ့ဒီမှာ ပရောဂျက်တစ်ခု ရခဲ့တာ...အဲဒီအကြောင်းကို အဘွားနဲ့ ဖေဖေကို ပြောပြလိုက်တာ... သူတို့ကလည်း သဘောတူကြတယ်...” 


ကျန်းချီ လည်း အဲဒီဖိုရမ်ကို သွားခဲ့သားပဲ...


 


" ချီချီ ပြောတာကို ဦးလေး မကြာမိဘူး... အတူတူသွားတာ မဟုတ်လား...." 


အဘွားကျန်း ပြုံးမိသွားရသည်။


“အစ်မချီချီ က အဲဒီအချိန်တုန်း ဖိုရမ် ကို  နားထောင်နေတာ သမီးက အပြင်ခဏထွက်သွားတုန်း တစ်ယောက်ယောက်နဲ့ တွေ့ခဲ့တာ....”


သို့ဖြင့် အဘွားကျန်းနှင့် ကျန်းဟွမ်တို့ နှစ်ယောက်လုံး စိတ်ချရလောက်သည့် ပရောဂျက်တစ်ခုကို ရှာတွေ့ခဲ့လေသလား။


ကျန်းယုက နူးညံ့စွာ မေးလိုက်သည်။


 "သူတို့က ဘယ်လောက် ရင်းနှီးမှာလဲ..." 


“အဖေက ၁၀ သန်း ပေးတယ်...အဖေ့ကို ရင်းနှီးမြုပ်နှံဖို့ စည်းရုံးနိုင်ရင် အဖေပေးမယ့် ပမာဏထက် နှစ်ဆပေးမယ်လို့ အဖွားကပြောတယ်...အဲ့တော့ အဖွားက သန်း ၂၀ ပေးမှာ...ဦးလေးရော အရင်းအနှီး မထည့်ချင်ဘူးလား...”


ကျန်းယန်ရှန့်က ရယ်စရာ ပြောလိုက်သည်။


ကျန်းယုကလည်း ပြုံး၍ပြန်ပြောလိုက်လေသည်။


"စီးပွားရေး သမားလေးပဲ..."


ညနေအိမ် ပြန်ရောက်လျှင် ကျန်းချီ ကို


ခေါ်လိုက်သည်။


"သမီး သွားတက်ခဲ့တဲ့ ဖိုရမ်မှာ ဘာလုပ်ခဲ့လဲ..." 


ကျန်းချီက ဖြေလိုက်၏။


 "သမီး အဘွားအနားက မခွာဘူးလေ..." 


 


"ပြီးတော့ရော..."


“သမီး ဖိုရမ်မှာ ပြေတာတွေကို  နားထောင်တယ်... မှတ်စု‌ရေးပြီးတော့ အဘွားနဲ့ နေ့လယ်စာစားတယ်..ပြီးတော့ ညစာစားပြီး အဖွားကို အခန်းထဲ လိုက်ပို့ပေးခဲ့တယ်...”


"ယန်ယန်ကရော ဘာတွေလုပ်ခဲ့လဲ..သိလား..." 


ကျန်းယန်ရှန့် အကြောင်းပြောလိုက်သာ်လည်း ကျန်းချီက စိတ်အနှောင့်အယှက် ဖြစ်မသွားပေ။


 “‌တစ်မနက်လုံးတော့ ဖိုရမ်ကို နားထောင်နေတာပဲ...ဒါပေမဲ့  ပထမနေ့ မွန်းလွဲပိုင်းက သူမ အပြင်ကို လျှောက်သွားနေတယ်...ညစာ စားချိန် မှာ‌တောင် သမီးတို့နဲ့ မစားဘူး...သူတွေ့ခဲ့တဲ့ အရှုပ်ထုပ်တစ်ယောက်နဲ့ သွားစားတယ်...."


ကျန်းယန်ရှန့် အား ရင်းနှီး မြှုပ်နှံမှု ပရောဂျက်ကို မိတ်ဆက် ပေးသောသူမှာ  ထို 'အရှုပ်ထုပ်' ဆိုသူမှန်း ကျန်းယု မှန်းဆမိသွားသည်။


 မဟုတ်ရင် အထက်တန်းကျောင်းသူ ကျန်းယန်ရှန့်က ပရောဂျက်ရင်းနှီး မြှုပ်နှံမှုကို ဘယ်မှာ ရှာတွေ့ပါ့မလဲ.....


ကျန်းယုက သမီးဖြစ်သူကို ကြည့်လိုက်သည်။ အကယ်၍ သူသာ သူမကို အပြစ်တင်လိုက်လျှင် တရားမည်မဟုတ်ပေ။ သူတို့အားလုံးက အဖွားဖြစ်သူကို ပြုစုဖို့ပြောခဲ့သည့်အတွက် သူမ အဘွားဖြစ်သူ အနားနေခဲ့သည်မှာ သဘာဝကျသည်။ထို့အပြင် သူမသည် ကျောင်းသူဖြစ်၍ ဟောပြောပွဲများကို နားထောင်သည့်အခါ လိုက်၍မှတ်သားခြင်းမှာ ကျောင်းသူတစ်ယောက် လုပ်ရမည့် အလုပ်ဖြစ်သည်။ ဤသို့ စဉ်းစားကြည့်ရာ ကျန်းချီက အမှားမလုပ်ခဲ့ဟု တွေးမိသွားပြန်သည်။ သို့သော် သူစိတ်ရှုပ်နေပြီး သူ့စိတ်ထဲတွင် ဖော်ပြ၍ မရနိုင်သည့် ခံစားချက်တစ်ချို့ ကိန်းအောင်းနေလေသည်။


သူ့ဇနီးက ထ,လာပြီး မေးလိုက်သည်။


 "ဘာကိစ္စရှိလို့လဲ... ဘာလို့ ဖိုရမ်အကြောင်း ရုတ်တရက် ပြောနေတာလဲ... ပြန်ရောက်တုန်းကတောင် သမီးကို မမေးဘဲနဲ့...."


အဘွားဖြစ်သူကို ကောင်းကောင်း ပြုစုစောင့်ရှောက်ခဲ့၍ ဇနီးမောင်နှံ နှစ်ယောက်စလုံးက ကျန်းချီကို ချီးမွမ်းခဲ့ကြသည်။သို့သော် ယ‌ခု ခင်ပွန်းဖြစ်သူ၏ အမူအရာမှာ ထူးဆန်းနေသည်ဟု သူမထင်မိသည်။


 "ယန်ယန် က ဖိုရမ်ကနေ ပြန်လာပြီး ရုပ်ရှင်ပရောဂျက် တစ်ခုရလာတယ်..ပြီးတော့  အမေနဲ့ ညီလေးကို ရင်းနှီးမြှုပ်နှံဖို့ နားချနိုင်ခဲ့တယ်..." 


သူ့ဇနီးနှင့် ကျန်းချီတို့မှာ အံ့အားသင့်သွားကြသည်။ဇနီးဖြစ်သူက 


“အမေက ပိုက်ဆံပေးတာလား... သူမကို  ဘယ်လောက်ပေးတာလဲ.... နှစ်သန်းလား...ငါးသန်းလား.." 


ကျန်းယန်ရှန့် သည်အထက်တန်း ကျောင်းသူဖြစ်၍ ၅ သန်းဆိုလျှင် လုံလောက်မည်ဟု သူမခံစားမိလေသည်။ 


ကျန်းယု၏ မျက်နှာသည် ပို၍ အေးစက်လာသည်။


"အမေက သူ့ကို သိန်း ၂၀ ပေးတယ်... ညီလေးက ၁၀ သိန်းပေးတယ်... စုစုပေါင်း ယွမ် သန်း ၃၀ ရင်းနှီး မြုပ်နှံကြမှာ..."


Xxxxxxx