Part 113
ကျန်းကျစ်ယွမ်ကဲ့သို့ စာသင်နှစ်၏ထိပ်တန်းကျောင်းသားက လူမျိုးစုံရောနှောထားသောသာမန်အတန်းတွင်တက်ရောက်နေသည်ကို ကျန်းယန်ရှန့် မယုံကြည်နိုင်ဖြစ်နေ၏။
ကျစ်ယွမ်၏မှတ်စုစာအုပ်အားပြန်ပေးချိန်တွင် ကျန်းယန်ရှန့် သူမ၏သိလိုစိတ်အား မထိန်းချုပ်နိုင်တော့ပေ။
" နင့်အမှတ်တွေက ကောင်းရဲ့သားနဲ့ ဘာလို့ ဒီလိုအတန်းမျိုးမှာ လာတက်နေတာလဲဟင် "
" လပတ်စာမေးပွဲအမှတ်စာရင်းတွေထွက်လာပြီလား ? "
ကျန်းကျစ်ယွမ်က စိတ်လှုပ်ရှားစွာဖြင့်ပြန်မေးသည်။
သူမတို့ လပတ်စာမေးပွဲဖြေဆိုပြီးသည်မှာ မှန်၏။
သို့သော် ရလဒ်များမှာ ထွက်မလာသေးချေ။
သူမစကားပြောမှားသွားပြီဖြစ်ကြောင်း ကျန်းယန်ရှန့်နားလည်လိုက်သည်။
" နေ့ခင်းမှထွက်မှာမဟုတ်ဘူးလား နင့်ရဲ့မှတ်စုရေးတဲ့ပုံစံက အရမ်းသပ်ရပ်တော့
နင်က စာကောင်းကောင်းလုပ်ပြီး အဆင့်ကောင်းလောက်မယ်ထင်လို့မေးကြည့်တာပါ "
ကျန်းယန်ရှန့်ဖြီးဖြန်းပြီး ပြန်ပြင်ပြောလိုက်၏။
ထိုအခါကျန်းကျစ်ယွမ်က ပြုံးလိုက်ပြီး
" အလယ်တန်းအထိတော့ အဆင့်ကောင်းခဲ့ပါတယ် ဒါပေမဲ့ ရီအထက်တန်းကျောင်းက K မြို့ရဲ့ ထိပ်တန်းကျောင်းပဲ...ဒီတော့ မင်းသိတဲ့အတိုင်း.... "
တစ်ခါတစ်ရံတွင် စစ်မှန်သောထိပ်တန်းကျောင်းသားများက တိုးတိုးတိတ်တိတ်သာ ပုန်းကွယ်နေလိုတတ်ကြသည်။
တုံးအသည့်သူသာလျှင် သူတို့စကားအား အတည်ယူလိမ့်မည်။
ကျန်းကျစ်ယွမ်သည် အလယ်တန်းအထိ ထိပ်တန်းကျောင်းသားဖြစ်ခဲ့မည်ဟု ကျန်းယန်ရှန့် အကြမ်းဖျင်းခန့်မှန်းလိုက်၏။
သို့သော်လည်း Kမြို့သည် ပိရမစ်တစ်ခုဖြစ်ခဲ့လျှင် ရီအထက်တန်းကျောင်းသည် အမြင့်တကာ့အမြင့်ဆုံး နေရာတွင် ရှ်ိနေသောအရာဖြစ်သည်။
ထို့ကြောင့်ပင် ကျန်းကျစ်ယွမ်က သာမန်ထူးချွန်ကျောင်းသားအဆင့်သို့ ရောက်သွားရခြင်းဖြစ်၏။
သို့သော်လည်း မဆုတ်မနစ်ကြိုးစားသူအတွက်
နေရာတစ်နေရာက အမြဲတမ်းရှိသည်။သုံးနှစ်အတွင်း၌ ကျန်းကျစ်ယွမ်သည် ထိပ်တန်းကျောင်းသားအဆင့်သို့ရောက်လာလိမ့်မည်။
သူမတို့နှစ်ယောက်လုံး သုံးနှစ်တိတိအချိန်ရသည်။
ကျန်းကျစ်ယွမ်၏သုံးနှစ်တာနှင့် သူမ၏သုံးနှစ်တာအကြောင်း တွေးကြည့်မိသောအခါ ကျန်းယန်ရှန့် ငြိမ်သက်သွားတော့၏။
" ကျန်းယန်ရှန့်.. အဆင်ပြေရဲ့လား " ကျန်းကျစ်ယွမ်က အနည်းငယ်စိတ်ပူနေသည့်ပုံစံဖြင့် မေးသည်။
" ပြေပါတယ်... နည်းနည်းလေး အတွေးများသွားလို့ " ကျန်းယန်ရှန့်က ပြုံးလျက်ဖြေဆိုသည်။
ထို့နောက် မှတ်စုစာအုပ်အား ကမ်းပေးလိုက်၏။
" မှတ်စုကို ဓာတ်ပုံရိုက်ပြီးသွားပြီ ... နင့်ဆီက မှတ်စုရေးနည်းလည်း သင်ချင်သေးတယ် "
ကျန်းယန်ရှန့်၏စကားကြောင့် ကျန်းကျစ်ယွမ်က ရှက်သွေးဖြာလျက် ပြုံးစိစိဖြစ်သွားတော့သည်။
ကျန်းယန်ရှန့်ထွက်ခွာသွားခါမှ သူလည်းသက်ပြင်းချကာ စိတ်အေးလက်အေးဖြစ်သွားသည်။
ဘေးမှခုံတန်းတွင် ထိုင်နေသည့်ကောင်လေးက ကျန်းကျစ်ယွမ်အား မျက်လုံးတစ်ဖက်မှိတ်ပြ၏။
ကျစ်ယွမ်၏ နားရွက်ထိပ်ဖျားများက နီရဲနေသည်။
နေ့ခင်းသို့ရောက်သောအခါ
ပထမအကြိမ် လပတ်စာမေးပွဲရလဒ်များ ထွက်လာတော့သည်။
ကျန်းယန်ရှန့်၏ တုံ့ပြန်မှုမှာ ဆိုးရွားလွန်း၏။
သူမ၏အဆင့်မှာ နောက်ဆုံးမှစရေလျှင် ငါးယောက်မြောက်နေရာ၌ရှိသည်။
ရီအထက်တန်းကျောင်း၏ အဆင့်သတ်မှတ်မှုပုံစံအရ ဤအဆင့်များသည် စာသင်နှစ်လယ်အထိ အကျုံးဝင်၏။
နှစ်ဝက်ကျော်မှသာ အပြောင်းအလဲရှိလာမည်ဖြစ်သည်။
ထိုအချိန်၌ သာမန်အတန်းသားများက အဆင့်တက်သွားလျှင် ကျန်းယန်ရှန့်ကဲ့သို့ နောက်တွင်ရှိနေသူများ၏ အဆင့်မှာ ပို၍ပင် ကျသွားဦးမည်ဖြစ်၏။
ဤကဲ့သို့သော အရေးကိစ္စများမှာ ဆယ်ကျော်သက်များအတွက် စိတ်ဖိစီးစရာကောင်းလွန်းသည်။
ကျန်းယန်ရှန့်ကဲ့သို့ ပြန်လည်မွေးဖွားလာသည့်သူကိုပင် စိတ်ညစ်စေ၏။
ကျန်းကျစ်ယွမ်၏အဆင့်ကို သူမ ရှာကြည့်လိုက်သည်။
သူမထက်တော့သာသည်။
သို့သော်လည်း စိတ်ကူးထားသလောက်မဟုတ်ပေ။ထိပ်တန်းကျောင်းသားဖြစ်လာစေရန် သုံးနှစ်တာကိုရင်းနှီးမြှုပ်နှံခဲ့သည့်သူမှာ လက်တွေ့၌ အမှန်တကယ်ရှိသည်။
ကျန်းယန်ရှန့် သူမကိုယ်တိုင်ပင်မသိလိုက်တော့ဘဲ
ကျန်းကျစ်ယွမ်အား လှည့်ကြည့်လိုက်မိသည့်အချိန် သူမအား ငေးကြည့်နေသော ကျစ်ယွမ်နှင့် အကြည့်ချင်းဆုံမိသွား၏။
ရှက်သွားပုံရသည့်ကျန်းကျစ်ယွမ်က အလျင်အမြန်ပင်အကြည့်လွှဲပြီး စာအုပ်ဖတ်နေသည့်ပုံစံဟန်ဆောင်သည်။
သူ၏စာရွက်လှန်နှုန်းမှာ သာမန်ထက်ပိုမြန်နေ၏။
ကျန်းကျစ်ယွမ်၌ မျက်ခုံးထူထူနှင့် မျက်လုံးဝိုင်းဝိုင်းကလေးများရှိသည်။အနည်းငယ်ရှက်တတ်ပြီး သိုသိုသိပ်သိပ်နေတတ်သောသူဖြစ်၏။
ခြုံငုံ၍ပြောရလျှင် ကျန်းကျစ်ယွမ်သည် ချစ်စရာကောင်းသည်။ကျန်းယန်ရှန့် သူမ၏အပြုံးများအား မထိန်းချုပ်နိုင်တော့ပေ။
ကျောင်းဆင်းချိန်ရောက်လာခဲ့သည်။
ကျောင်းဂိတ်ပေါက်ဝအား ကျော်လွန်လာချိန်တွင် ကျန်းယန်ရှန့်တစ်ယောက် သူမ၏အနောက်မှအော်ခေါ်သံအား ကြားလိုက်ရ၏။
ကျန်းယန်ရှန့်လှည့်ကြည့်လိုက်သောအခါ အော်ခေါ်သူက ကျန်းကျစ်ယွမ်ဖြစ်နေသည်။
ကျန်းကျစ်ယွမ်က သူမထံပြေးလာပြီး စက္ကူခေါက်တစ်ခုအား ကမ်းပေး၏။
" ငါ့ရဲ့ ရူပဗေဒအဖြေလွှာ... ပြန်ကြည့်ဖို့ယူသွားလိုက် "
ကျန်းယန်ရှန့်က ကျန်းကျစ်ယွမ်အား အံ့ဩစွာကြည့်သည်။
" ဟို....မင်းရဲ့ရူပဗေဒအမှတ်ကိုငါမြင်လိုက်တယ်
အခြေအနေမကောင်းတဲ့ပုံပဲ....ငါ့အမှတ်က သိပ်မဆိုးဘူး...ဒီထဲမှာတွက်ထားတာတွေက ရှင်းတယ်... ပြန်ကြည့်ဖို့ယူသွားလိုက်ပါ " အနည်းငယ်ရှက်နေပုံရသော ကျန်းကျစ်ယွမ်က ခေါင်းကိုခပ်ဖွဖွကုတ်လျက်ပြော၏။
" မဟုတ်တာ... ငါယူသွားလိုက်ရင် နင်အမှားဘယ်လိုပြင်မှာလဲ " ကျန်းယန်ရှန့်က ငြင်းပယ်သည်။
မနက်ဖြန်၌ အမှားပြင်ဆင်၍ အိမ်စာထပ်ရမည်ဖြစ်သည်။
" ငါပြင်ပြီးသွားပြီ ... မှားနေတဲ့နေရာတွေကိုတောင် ဓာတ်ပုံရိုက်ခဲ့သေးတယ် အိမ်ရောက်မှ အိပ်ေဆာင်ပရင်တာနဲ့ ပြန်ထုတ်ပြီးကြည့်လိုက်လို့ရတယ် "
ကျန်းကျစ်ယွမ်က လွယ်အိတ်ကို ပုတ်ပြရင်း ပြော၏။
အတိတ်ဘဝ၌လည်း ကျောင်းသူဖြစ်ခဲ့ဖူးသည့်
ကျန်းယန်ရှန့်မှာ ကမ္ဘာသစ်တစ်ခုဆီသို့ ရောက်ရှိသွားသလို ခံစားလိုက်ရ တော့သည်။
" အိပ်ဆောင်ပရင်တာက ဘာကြီးလဲဟင် " ကျန်းယန်ရှန့်က မေးသည်။
" ဟမ်... မသိဘူးလား " ကျန်းကျစ်ယွမ်လည်း အံ့ဩသွားရှာသည်။
" အိပ်ဆောင်ပရင်တာလေ ... မသုံးဖူးဘူးလား "
မသိကြောင်းဖြေလိုက်ပါက သူမ၏ ပညာရေးပိုင်းတွင်နုံချာမှုတို့က အထင်းသားပေါ်လာတော့မည်။
ကျန်းယန်ရှန့် အနည်းငယ်ရှက်ရွံ့သွား၏။
" သုံးလို့အဆင်ပြေလား အဆင်ပြေရင် ငါလည်းဝယ်မယ် "
" ပြေတာပေါ့ " ကျန်းကျစ်ယွမ်ကဖြေသည်။
" ငါမင်းဆီကို လင့်ခ်ပို့ပေးမယ်... တချို့တံဆိပ်တွေက သုံးမကောင်းဘူး... သေချာရွေးပြီးဝယ် "
" ဟုတ်ပြီလေ ... ငါ့ကိုကျောင်းက အုပ်စုဖွဲ့စကားပြောခန်းထဲထည့်လိုက် " ကျန်းယန်ရှန့်က စိတ်လိုလက်ရ ပြန်ဖြေသည်။
" အင်းပါ... ဒါနဲ့ဘယ်သွားမလို့လဲ " ကျန်းကျစ်ယွမ်က ကျန်းယန်ရှန့်အား မေး၏။
" မြေအောက်ဘူတာရုံဘက် ... "
" ဪ ငါက ဒီဘက်အတိုင်းသွားမှာ အဲ့ဒါဆိုတာ့တာနော် "
ကျန်းကျစ်ယွမ်က လက်ဝှေ့ယမ်းပြလျက်ပြောသည်။
" မနက်ဖြန်ပြန်ပေးပါ့မယ် အဖြေလွှာကို "
" ရတယ် ရတယ် ကိစ္စမရှိဘူး "
ကျန်းယန်ရှန့်၏ ကျေးဇူးတင်စကားကြောင့် ကျန်းကျစ်ယွမ်၏ နားရွက်ထိပ်ဖျားများ နီရဲလာသည်။
ကျန်းကျစ်ယွမ်နှင့် ခြေလှမ်းအနည်းငယ်အကွာသို့ရောက်လာသောအခါ ရှုလီချန်က အနောက်မှ ကပ်လိုက်လာကြောင်း ကျန်းယန်ရှန့်သိလိုက်ရ၏။
" မင်းက အရမ်းနာမည်ကြီးတာပဲနော် " ရှုလီချန်က ခနဲ့သည်။
ကျန်းရှန်ယန့်က နေကာမျက်မှန်ကိုတပ်ပြီး ရှုလီချန်အား လျစ်လျူကာ အရှေ့ကိုသာဆက်သွားသည်။
ထိုအခါရှုလီချန်ကလည်း နေကာမျက်မှန်စွပ်ကာ
သူမ၏နောက်မှ ထပ်ကြပ်မကွာ လိုက်လာပြန်၏။
ရီအထက်တန်းကျောင်းတွင် " တနင်္လာနေ့ " ၌သာ ယူနီဖောင်းဝတ်ရသည်။ကျန်ရက်များ၌ မိမိစိတ်တိုင်းကျဝတ်ဆင်ခွင့်ရှိ၏။
ရထားဘူတာသို့သွားသောလမ်းတွင် အပြင်အဝတ်အစားနှင့်အထက်တန်းကျောင်းသားများစွာရှိသည်။
သို့သော်လည်း သူမတို့နှစ်ဦးတည်းသာ နေကာမျက်မှန်တပ်ထားခြင်းဖြစ်၏။
Xxxxx
Part 114
ထိုမျှသာမက အပြုအမူများမှာလည်း ကွာခြားသေးသည်။တစ်ဦးမှာ တည်ငြိမ်၍ ခပ်ခွာခွာနေနေသော်လည်း ကျန်တစ်ဦးက အလွန်ပင်ပေါင်းသင်းဆက်ဆံရေးကောင်းသည့်ပုံပေါ်၏။
အခြားသူများက ကျန်းယန်ရှန့်တို့အား မည်သည့်အဝတ်အစားမျိုးပင်ဝတ်ပါစေ ကြည့်ကောင်းမည်ဟု သုံးသပ်နေကြသည်။
ထိုနှစ်ယောက်နှင့်ယှဉ်ပါက ကျန်သည့်ကျောင်းသားများမှာ ကလေးဆန်သောပုံစံဖြစ်သွား၏။
" အဲ့တစ်ယောက်က မင်းတို့အတန်းထဲကလား " ရှုလီချန်က မေးသည်။
" နင့်အလုပ်မဟုတ်ဘူး " ကျန်းယန်ရှန့်က ခပ်ပြတ်ပြတ် ဖြေ၏။
ရှုလီချန်သည် အလွန်သဝန်တိုတတ်သည်။
အတိတ်ဘဝတွင်လည်း ကျန်းယန်ရှန့်မှ အခြားယောက်ျားလေးတစ်ယောက်အား အာရုံစိုက်မိသည်နှင့် ရှုလီချန်မှာ သဝန်တိုနေပြီဖြစ်သည်။
ထိုအချိန်က သူတ်ို့နှစ်ဦး၏ဆက်ဆံရေးမှာ
သူငယ်ချင်းထက်ပိုသောအဆင့်၌သာရှိသေး၏။
အရှေ့တွင် ရထားဘူတာကို မြင်နေရပြီဖြစ်ရာ
ကျန်းယန်ရှန့် ခြေလှမ်းများကိုရပ်တန့်လိုက်၏။
" လိုက်မလာနဲ့ ! "
ကျန်းယန်ရှန့်၏စိတ်ထဲ၌ ယခင်ဘဝမှတွေ့ကြုံခဲ့ရသော အဖြစ်အပျက်များက နေရာယူထားမြဲဖြစ်သည်။
ရှုလီချန်နှင့် မျက်နှာချင်းဆိုင်တွေ့ရချိန်တိုင်း၌
ရင်းနှီးသော ခံစားချက်မျိုးရ၏။ထို့ကြောင့် ကျန်းယန်ရှန့်တစ်ယောက် ရှုလီချန်အား ယဉ်ယဉ်ကျေးကျေး မဆက်ဆံနိုင်ပေ။
သို့သော်လည်း ရှုလီချန်က ဘာက်ိုမျှမသိ။
ကျန်းယန်ရှန့်၏လေသံကို သူသဘောကျသည်။
ကနဦးပိုင်းတွင် ရှုလီချန်က ကျန်းယန်ရှန့်၏အလှတရားတွင်သာ နစ်မြောခဲ့သော်လည်း ယခုအချိန်၌မူ ကျန်းယန်ရှန့် အား မည်သည့်ပကာသနမှ မပါဝင်သည့် နည်းလမ်းမျိုးဖြင့်သဘောကျခြင်းဖြစ်သည်။
ကျန်းယန်ရှန့် မှ သူ့အပေါ် ၌ မည်မျှပင်ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပါစေ ရှုလီချန် မငြိုငြင်နိုင်တော့။
" ငါလည်းအိမ်ပြန်နေတာလေ " ရှုလီချန်က ကျန်းယန်ရှန့်အား ပြုံးပြလျက်ပြောသည်။
ရှုလီချန်အား သူမ၏စကားများကို အထအနကောက်ခွင့်မပြုနိုင်တော့ပေ။ ခပ်ပြတ်ပြတ်ဆက်ဆံခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု ကျန်းယန်ရှန့် ခံယူထားသည်။
ရှုလီချန်သည် ဉာဏ်ရည်မဆိုးသော်လည်း စာလုပ်ရန်စိတ်မဝင်စား။
ကျန်းယန်ရှန့်ကဲ့သို့ပင်ဖြစ်သည်။
ရှုလီချန် ခေါင်းမာသည်ကို ကျန်းယန်ရှန့်သိ၏။
ရှုလီချန်သည် အရေထူသည်။
သူ့အား ကောင်းကောင်းမွန်မွန် နားချ၍မရနိုင်ပေ။
ကျန်းယန်ရှန့် မျက်လုံးကိုမှိတ်ပြီး လွယ်အိတ်ကြိုးအား ဆုပ်ကိုင်လိုက်သည်။ထို့နောက် ဘူတာဆီသို့ ဦးတည်ရန် ခြေလှမ်းပြင်လိုက်၏။
သို့သော် ရှုလီချန်က သူမထံသို့ အမှီလိုက်လာပြန်သည်။
" မင်းကို မမေးရသေးဘူး မနေ့က ဝမ့်ချမ်တို့အုပ်စုနဲ့ ၆ယောက် ၁ယောက်ချခဲ့တာ နိုင်သွားတယ်ဆို " ရှုလီချန်က မေး၏။
" သူတို့သွားမေးလေ "
" မင်းလေ့ကျင့်ထားတာမလား ပြောပါဦး တစ်ယောက်တည်း ဘာတွေကြိတ်ပြီးလေ့ကျင့်နေတာလဲ "
" နင်ငါ့ကိုမနိုင်တာတော့ သေချာတယ် " ကျန်းယန်ရှန့်က တိုတိုတုတ်တုတ်ပြန်ဖြေသည်။
အတိတ်ဘဝမှရန်ပွဲတွင် ဝမ့်ချမ်က အုပ်စုအားကိုးဖြင့် နိုင်စားခဲ့သည်။
ရှုလီချန်သည်လည်း ကျန်းယန်ရှန့်ကဲ့သို့ပင် ကိုယ်ခံပညာတတ်မြောက်သည်။
အခြားသူများမှာ စည်းလွတ်ဝါးလွတ်နှင့် ကြုံရာထိုးကြသည့်သူများသာဖြစ်၏။
အတိတ်ဘဝ၌ ကျန်းယန်ရှန့်နှင့် ရှုလီချန်တို့တွင်
ခွန်အားမတိမ်းမယိမ်းရှိကြသည်။သို့သော်လည်း ယခုဘဝတွင် ကျန်းယန်ရှန့်သည် ခွန်အားအဆမတန်တိုးပွားလာ၏။ရှုလီချန်သည် သူမ၏ပြိုင်ဘက်အဆင့်မဟုတ်တော့ပေ။
ဘူတာမှကျော်လွန်လာချိန်၌ ဒရိုင်ဘာဖြစ်သူရှောင်ကျိုးအား မြင်လိုက်ရသဖြင့်ကျန်းယန်ရှန့်၏ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
သူမ၏ကားနှင့် တန်ဖိုးကြီးဇိမ်ခံကားတစ်စီးက ရှေ့ဆင့်နောက်ဆင့်ရပ်ထားကြ၏။ထိုကားအား မောင်းနှင်လာသည့်သူနှင့် ရှောင်ကျိုးမှာ စကားလက်ဆုံကျနေကြသည်။ထိုဇိမ်ခံကားမှာ ရှုလီချန်၏အိမ်မှဖြစ်ကြောင်း ကျန်းယန်ရှန့် သိနှင့်ပြီးဖြစ်၏။
ကျန်းယန်ရှန့် နေကာမျက်မှန်အားချ၍ ရှုလီချန်အား တစ်ချက်လှည့်ကြည့်လိုက်သည်။
ရှုလီချန်က လက်များကိုဆန့်တန်းလျက် ပခုံးတွန့်ပြ၏။
" ပြောသားပဲ ငါလည်းအိမ်ပြန်နေတာပါလို့ ..."
ရှုလီချန် လိမ်ညာခဲ့ခြင်းမဟုတ်ပေ။
ကျန်းယန့်ရှန်နှင့် အမည်မသိကောင်လေးတစ်ယောက် အတူရှိနေသည်ကို ရှုလီချန်က ရပ်ကြည့်နေသည့်မြင်ကွင်းအား ဝမ့်ချမ်တွေ့မြင်ခဲ့ရသည်။
ရှုလီချန်၏မျက်နှာထားနှင့်အကြည့်များက သူမအားပို၍ပင် မနာလိုဝန်တိုစိတ်ဖြစ်စေ၏။
သူမထွက်သွားချင်ခဲ့သော်လည်း တွေဝေနေခဲ့သည်။
ရှေ့ပိုင်းရက်များတွင် ဝမ့်ချမ်မှ ရှုလီချန်အား
စကားများ မရေမတွက်နိုင်အောင် ပြောခဲ့သော်လည်း ပြန်ကြားရသည့်စကားမှာ တစ်ခွန်းနှစ်ခွန်းသာရှိသည်။ဝမ့်ချမ်မှာ အပြင်ပန်း၌ အဆင်ပြေနေပုံရသော်လည်း အတွင်းပိုင်း၌မူ လွန်စွာမှလောင်မြိုက်နေရပြီဖြစ်၏။
ဝမ့်ချမ် ကားထဲသို့ဝင်လိုက်ပြီး ကားဆရာအားပြောလိုက်၏။
" မြေအောက်ဘူတာရုံကိုသွားပါ "
ကားဆရာက စတင်မောင်းနှင်တော့သည်။
" ဖြေးဖြေးပဲမောင်း " ဝမ့်ချမ်ကပြော၏။
သူမသည် ကျန်းယန်ရှန့်နှင့် ရှုလီချန်တို့အား နောက်ယောင်ခံ လိုက်လာခဲ့သည်။ကားထဲမှနေ၍ နှစ်ယောက်သားပြုမူသမျှကို စောင့်ကြည့်နေခဲ့၏။
ရှုလီချန်က သူမ၏ခံစားချက်အား လျစ်လျူခဲ့သည်ကို ဝမ့်ချမ်မကျေနပ်ပေ။
ကျန်းယန်ရှန့်ဘက်မှ ရှုလီချန်အား ချောင်ထိုးထားသော်လည်း ရှုလီချန်က ခွေးကလေးတစ်ကောင်ကဲ့သို့ တကောက်ကောက်လိုက်နေသည်။
ဝမ့်ချမ်၏အဖြစ်က ပျော်ရွှင်မှုနှင့် ဒေါသရောနှောနေသည့်အခြေအနေပင်။
ကျောင်းဆင်းချိန်ဖြစ်သည့်အလျောက် ကားများနှင့် ဟွန်းတီးသံများက ပြည့်နှက်နေသည်။
ကားဆရာက ဝမ့်ချမ်၏ ဆန္ဒအတိုင်း ဖြေးညင်းစွာမောင်းနှင်နေသော်လည်း မလွဲရှောင်သာတော့သည့် အခြေအနေသို့ရောက်နေပြီဖြစ်၏။
" မရတော့ဘူး တခြားကားတွေကို ပိတ်မိနေပြီ "
ကားဆရာက ပြောပြောဆိုဆိုနှင့်ပင် အရှိန်ကိုမြှင့်တင်လိုက်သည်။
ထိုအချိန်၌ ရှုလီချန်က ကျန်းယန်ရှန့်အားအကြည့်ချင်းဆုံလျက် ပြုံးပြနေသည်ကို ဝမ့်ချမ်တွေ့လိုက်ရတော့၏။
မြေအောက်ရထားဘူတာ၏အနောက်ဘက် လမ်းဘေးတွင် ရှုလီချန်၏ကား ရပ်ထားသည်။
လမ်းဆုံအား ဖြတ်ကျော်လာသည့်နောက်ပိုင်းတွင် လမ်းဖြတ်ကူးသောလူအုပ်ကြီးကြောင့် ထိုနှစ်ယောက်မှာ ဝမ့်ချမ်၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ဝမ့်ချမ်က အရှေ့သို့ပြန်လှည့်ကာ မချိပြုံး ပြုံး၏။
ယခုလေးတင် ကျန်းယန်ရှန့်က ရှုလီချန်အား မာနတစ်ခွဲသားဖြင့်လျစ်လျူခဲ့သည်ဖြစ်သည်။
သို့သော် ကျန်းယန်ရှန့်က ရထားမစီးဘဲ ရှုလီချန်၏ကားဖြင့်သွားရန်ရွေးချယ်ခဲ့ပုံရ၏။
သာမန်ရက်များ၌ ရှုလီချန်၏ကားက ကျောင်းပေါက်ဝတွင် ရှိတတ်သည်။သို့သော်လည်း ယနေ့တွင် ဘူတာနားသို့ရောက်နေ၏။
ကျန်းယန်ရှန့်က သူမနှင့်ရှုလီချန် ကားပေါ်၌ အတူရှိနေသည်ကိုအတန်းဖော်များအား မမြင်စေလို၍
ကားကို ခပ်ဝေးဝေးတွင် ရပ်ထားရန် ရှုလီချန်အား တောင်းဆိုခဲ့ခြင်းဖြစ်လိမ့်မည်။
ကျန့်ယန့်ရှန်အား အလွန်မြင့်မြတ်သော နတ်ဘုရားမဟူ၍ ဝမ့်ချမ်ထင်ခဲ့ဖူးသည်။သို့သော်လည်း သိုက်တူးသမားဖြစ်နေ၏။
ဝမ့်ချမ် မဲ့ပြုံး ပြုံးလိုက်မိသည်။
ပြီးပြည့်စုံပြီး အပြစ်ကင်းသည့်နတ်ဘုရားမက
အပေါ်ယံရွှေကွပ်ထားသည့် အပုပ်အပွဖြစ်နေလေသည်။
Xxxxxx