အခန်း (၃၄) သူမ့ နည်းအတိုင်း ရှိပါစေ။
“အမေ၊ မှောင်နေပြီလေတော်။ အဖေက ဘာလို့ ပြန်မလာသေးတာပါလိမ့်။”
ဝမ်အိမ်ဟောင်းတွင် ကျိုးရှီသည် အလွန်မှောင်နေသည့် လမ်းကို စိုးရိမ်တကြီး ကြည့်နေခဲ့ပြီး သူမ့ယောက္ခမဖြစ်သူကို စိုးရိမ်နေခဲ့သည်။
“သူလို အဖိုးကြီးတစ်ယောက်က ဘာဖြစ်နိုင်မှာမို့လို့လဲ။”ဟု ဝမ်ရွှယ်ရှစ်က ပြောခဲ့သည်။ “သူ့ဖာသာသူ ပြန်သယ်ဖို့ ပစ္စည်းတွေ များနေလို့ နေမှာပေါ့။”
“ဒါဆိုလည်း ကျွန်မ ယွမ်တင်းကို သူ့ကိုသွားခေါ်ဖို့ မေးလိုက်မယ်။”ဟု ကျိုးရှီက ပြောခဲ့သည်။
ထိုအချိန်မှာပင် ဝမ်ကျားကွေ့၏ အသံသည် အပြင်ဘက်မှ ထွက်လာခဲ့သည်။ “ကြိုဖို့မလိုဘူး။ ကျုပ်ပြန်လာပြီ။”
လောက်လေးခွနှင့် ဝါးကုတင်ကို မြေကြီးပေါ်သို့ချပြီးနောက် ဝမ်ကျားကွေ့သည် ချွေးများ စိုရွှဲနေခဲ့ပြီ ဖြစ်သည်။
“အဖေ” အနီးနားတွင် ညစာစားနေသော တတိယချွေးမရှန်းသည် သူမ့ခေါင်းကို ပြူထွက်ခဲ့ပြီး မေးခဲ့သည်။ “ဒီနေ့ပိုက်ဆံရှာခဲ့ရဲ့လား။”
“ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံ၊ နင် တွေးနိုင်တာ ဒါအကုန်ပဲလား။” ဤသို့မေးသည်ကို ဝမ်ရွှယ်ရှစ် ကြားကြားချင်း ငေါက်ငမ်းခဲ့သည်။ “သူ ဒီလိုမျိုး ခြေကုန်လက်ပန်းကျနေတာကို နင် ရေတစ်ခွက် အရင်ပေးဖို့လောက်တောင် လိမ္မာပါးနပ်မှု မရှိဘူးလား။”
သူမသည် နာခံစွာဖြင့် ပါးစပ်ပိတ်လိုက်ပြီး ရေထည့်ရန် အလျင်အမြန် သွားခဲ့သော်လည်း အပြင်ဘက်မှ စကားသံများကို နားထောင်ရန် သူမ၏ နားများကို နားစွံထားဆဲပင် ဖြစ်သည်။
ဝမ်ကျားကွေ့သည် အသက်ပင် ဖြောင့်ဖြောင့်မရှုပဲ သူ့အင်္ကျီထဲမှ ပိုက်ဆံအိတ်ကို ထုတ်ကာ ဝမ်ရွှယ်ရှစ်ထံသို့ တိုက်ရိုက်လွဲပေးခဲ့သည်။
လေးလံသည့် အလေးချိန်ကို ခံစားလိုက်ရသောအခါ ဝမ်ရွှယ်ရှစ်၏မျက်လုံးများသည် အံအားသင့်ကာ ပြူးကျယ်သွားခဲ့သည်။ “ဒီလောက် အများကြီးလား။”
ဝမ်ကျားကွေ့သည် အထက်စီးဆန်စွာဖြင့် သူ့မျက်ခုံးများကို ပင့်ခဲ့သည်။ “ဝမ် ၂၀၀ အပြည့်ပဲ။”
ဤကိန်းဂဏန်းကြောင့် တစ်မိသားစုလုံး တုန်လှုပ်သွားခဲ့သည်။
မွန်းလွဲချိန်တွင် တာ့ကျွမ်းက အဖိုးအိုသည် တမနက်လုံး ဘာအလုပ်မှ မလုပ်ရသေးကြောင်း ပြောခဲ့သည်။
တနည်းအားဖြင့်ဆိုရသော် သူသည် တစ်နေ့လည်ခင်းမှာပင် ထိုဝမ်၂၀၀ကို ရှာခဲ့ခြင်း ဖြစ်သည်။
နေ့တစ်ဝက်နှင့် ဝမ်၂၀၀ ရှာနိုင်ရန် ယခင်က စိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။
“ဒီနေ့ ကျုပ် ဘယ်သူ့အတွက် ဂွမ်းမွေ့ယာ လုပ်ပေးခဲ့ရတာလဲ မင်းတို့သိလား။”ဟု ဝမ်ကျားကွေ့က မေးခဲ့သည်။
“မြို့ထဲက ချမ်းသာတဲ့ မိသားစုတစ်ခုက နေမှာပေါ့။”ဟု ဝမ်ရွှယ်ရှစ်က ပြောခဲ့သည်။ “ဒီလောက် စေတနာရှိဖို့က သခင်ကြီးလိုင်ရဲ့ မိသားစုလား”
“ဘယ်က သခင်လိုင်လဲ။” ၀မ်ကျားကွေ့သည် မတူသလို မတန်သလိုနှင့် နှာမှုတ်ခဲ့သည်။ “ကျုပ် ဒီနေ့ ခရိုင်ရုံးကို သွားပြီးတော့ ခရိုင်တရားသူကြီးမင်းအတွက် ဂွမ်းမွေ့ယာ လုပ်ပေးခဲ့တာဗျ။ သူက ကျုပ်ကို တခြားချမ်းသာတဲ့ မိသားစုတွေနဲ့လည်း မိတ်ဆက်ပေးမယ်လို့ ပြောသေးတယ်။ သူတို့အတွက်လည်း ကျုပ်ကို မွေ့ယာလုပ်ခိုင်းမှာတဲ့။”
“ဘယ်လိုတောင် ကံကောင်းရတာလဲ။”
အမှန်တကယ်ပင် ဝမ်ကျားကွေ့၏ ကံက အလွန်ကောင်းလှပါသည်။
သို့သော် လီယောင်သာ သူ့အား ဂွမ်းဖွနည်း မသင်ပေးခဲ့ပါက သူ့တစ်သက်တာတွင့် ဤသို့အခွင့်အရေးမျိုး ရလာနိုင်မည် မဟုတ်သည်ကို သူသိခဲ့ပါသည်။
ဤချွေးမသည် အမှန်တကယ်ပင် ကောင်းချီးတစ်ခု ဖြစ်ပါသည်။
“ကျုပ်တွေးနေတာ ကျုပ်တို့ ကျေးဇူးတင်တာကို ပြဖို့ သူတို့ မိသားစုကို အသားနည်းနည်း ဝယ်ပေးလိုက်ရမလား။”
“တော့်အသားနည်းနည်းကို သူတို့မိသားစုက လိုအပ်နေတာ ကျနေတာပဲ။။” ဝမ်ရွှယ်ရှစ်က ထိုစကားကို ကြားသောအခါ စိတ်မရှည်စွာ ပြောခဲ့သည်။ “ဒါပေမဲ့ တော်ပိုက်ဆံရှာနိုင်တာအကုန်က တော့်ချွေးမ ကျေးဇူးကြောင့်ပဲ။ သူ့ကို တော်ရသမျှ တစ်ဝက်ခွဲပေးလိုက်။”
“ကျုပ်က အဆင်ပြေတယ်။”
လူအိုစုံတွဲနှစ်ယောက်သည် ဆုံးဖြတ်ခဲ့ပြီး စိတ်တိုပြီး သောကရောက်နေ့သည့် တတိယချွေးမရှန်းကို သူတို့နောက်ကွယ်တင် ချန်ထားခဲ့သည်။
သူမ့ယောက္ခမသည် သွေးနှင့်ချွေးများဖြင့် ဤပိုက်ဆံကို ရှာခဲ့သော်လည်း ယခုအခါ အကြောင်းပြချက်မရှိပဲ သူမ့ယောင်းမအား တစ်ဝက်ပေးမည်ဖြစ်သည်။ ဒါဘယ်လိုလုပ် တရားမျှတမှာလဲ။
သို့သော် သူမ့ယောက္ခများ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန် အခွင့်အရေးမရှိသည်ကို သူမသိခဲ့သည်။ သူမ တခြားနည်းလမ်းများကိုသာ စဉ်းစားနိုင်ခဲ့သည်။
“အဖေ” သူမသည် အပြုံးလေးနှင့် ပြောခဲ့သည်။ “အဖေလည်း အသက်ကြီးလာပြီလေ။ နေ့တိုင်း ဂွမ်းဖွတာ ပင်ပန်းလာလိမ့်မယ်။ အဖေ့ကို ကူဖို့ တတိယကို ဘာလို့ ပြန်မခေါ်တာလဲ။”
“ဒါပေမဲ့….”
“ဘာ ဒါပေမဲ့လဲ။” ဝမ်ရွှယ်ရှစ်က အေးစက်စွာ ပြောခဲ့သည်။ “အခုမှ စလုပ်တာ။ ဘယ်လိုဖြစ်မယ်ဆိုတာ ငါတို့ မသိဘူး။ စောင့်ပြီး ကြည့်ရအောင်။”
သူမသည် တွန့်တိုနေခြင်း မဟုတ်ပေး။ သို့သော် ဤချွေးမသည် အမြဲတမ်း ငွေကြေးကို တောင့်တလွန်းသည်။ ဤစိတ်ကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ သို့မဟုတ်ပါက နောင်အနာဂါတ်တွင် ပြဿနာဖြစ်ပေလိမ့်မည်။
……………………………………….
ဝမ်ရွှယ်ရှစ် ရောက်လာသောအခါ လီယောင်သည် ညစာပြင်ဆင်နေခဲ့သည်။
ယနေ့ သူမ့ယောက္ခမ ပိုက်ဆံရှာနိုင်ခဲ့သည်ကို ကြားသောအခါ လီယောင်လည်း စိတ်သက်သာစွာဖြင့် သက်ပြင်းတစ်ချက် ချခဲ့သည်။
ဤအပိုဝင်ငွေနှင့်အတူ အိမ်ဟောင်းအတွက် မိုးခေါင်ရေရှားမှု၏ နောက်နှစ်အနည်းငယ်ကို သူတို့ တောင့်ခံနိုင်မည် ဖြစ်သည်။ အပေါ်ယံတွင် သူမသည် ချွေးမတစ်ယောက်အနေနှင့် သူမ၏ တာဝန်ကို ကျေပွန်ခဲ့သည်။
သို့သော် သူမကို အံအားသင့်စေသည်မှာ သူမ့ယောက္ခမသည် ယနေ့ဝင်ငွေတစ်ဝက်အား သူမကို ပေးခြင်းပင် ဖြစ်သည်။ သူမငြင်းဆိုသော်လည်း သူမ့ယောက္ခမသည် စားပွဲပေါ်တွင် ပိုက်ဆံကို တင်ကာ ထွက်သွားခဲ့သည်။
“နောက်ကျရင် နင်တို့မိသားစုမှာ အကုန်အကျတွေ များဦးမှာ။”ဟု ဝမ်ရွှယ်ရှစ်က သူမထွက်သွားရင်း ပြောခဲ့သည်။ “အိမ်က ပျက်စီးနေပြီ။ ပြင်ဖို့လိုတယ်။ သားသုံးယောက်ကိုလည်း လက်ထပ်ပေးရဦးမယ်။ ကျွီရန်ဖြစ်လာဖို့ ဝမ်အာရဲ့ ပညာသင်စရိတ်ကလည်း ပိုက်ဆံတွေ ပိုကုန်လိမ့်မယ်။ အဲဒါကြောင့်မို့ ငါ့ကို မယဉ်ကျေးနေနဲ့။”
စားပွဲပေါ်ရှိ ဝမ်၁၀၀ကို ကြည့်ကာ ကလေးအနည်းငယ်နှင့် ရှောင်ယာတို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖျက်ကနဲ ကြည့်ခဲ့ကြသည်။
ဘယ်အချိန်ကများ အဖွားက အမေ့ကို ဒီလို ကောင်းကောင်း ဆက်ဆံခဲ့တာလဲ။ ခက်ခက်ခဲခဲ ရှာထားရသည့် သူမ့ကိုယ်ပိုင် ပိုက်ဆံကိုတောင် ခွဲပေးတဲ့အထိလေ။
သို့သော် အဖွားနှင့် အမေသည် သူမတို့တွေ့တိုင်း မငြင်းခုံကြတော့သည်မှာ အလွန်ကောင်းလှသည်ဟု သူမခံစားခဲ့ရသည်။
သူတို့သည် တစ်မိသားစုတည်းဖြစ်ပြီး စည်းလုံးညီညွတ်စွာ နေထိုင်ရန် မျှော်လင့်ခဲ့ကြသည်။
“အမေ” တာ့ကျွမ်းက ပြောခဲ့သည်။ “ကျွန်တော်တို့ ဒီပိုက်ဆံကို လက်မခံသင့်ဘူးလေ။”
“အဲဒါ မင်းအဖွားရဲ့ စေတနာမို့လို့ အခုတော့ သိမ်းထားလိုက်ပါဦး”ဟု လီယောင်က ပြောခဲ့သည်။
သူမတို့ ပိုက်ဆံ လက်မခံခဲ့ပါက ဝမ်ရွှယ်ရှစ်၏ နှလုံးသားထဲတွင် အထုံးတစ်ထုံး ကျန်နေလိမ့်မည် ဆိုသည်ကို သူမသိခဲ့သည်။ အဖွားအိုကြီးကို တစ်ယောက်တည်း တစ်နုံနုံ တွေးစေမည့်အစား သူမတို့ လိုက်လိုက်လျောလျော ကူညီပေးသင့်သည်။
……………………………………….
“တာ့ကျွမ်း”
ဆူညံစည်ကားနေသော စျေးထဲတွင် အလှကုန်ဆိုင်ပိုင်ရှင်ကျိုး ရောက်လာချိန်တွင် တာ့ကျွမ်းသည် သူ့စွပ်ပြုတ်ဆိုင်ကို ဖွင့်ပြီးရုံသာ ရှိသေးသည်။
“ဆိုင်ရှင်ကျိုး၊ ခင်ဗျား တခုခု လိုအပ်လို့လားခင်ဗျာ။”
“အရေးမကြီးပါဘူးဗျာ”ဟု ကျိုးက ယဉ်ကျေးစွာ ပြောခဲ့သည်။ “ခင်ဗျားတို့ မိသားစုမှာ မြက်စိမ်းလိမ်းဆေးဆီ အဆင်သင့် ရပြီလားလို့ မေးချင်ရုံလေးပါဗျာ။”
“မရသေးဘူးဗျ” ဟု တာ့ကျွမ်းက ပြောခဲ့သည်။ “ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျွန်တော့အမေ နေ့တိုင်းလုပ်နေတာဗျ။ ဒါပေမဲ့ မြက်စိမ်းလိမ်းဆေးဆီက လုပ်ရတာ အရမ်းခက်တယ်။ အဲဒါကြောင့် ရက်နည်းနည်း ကြာနိုင်တယ်ဗျ။”
“ကျွန်တော် သိပါပြီ။ ဒါဆို နောက်ထပ် ရက်နည်းနည်းကြာမှ ပြန်လာခဲ့ပါမယ်။”
ကျိုးသည် သူ့ဆိုင်သို့ ပြန်လာစဉ်တွင် သူ့နှလုံးသားထဲတွင် ဖွဖွလေး သက်ပြင်းချခဲ့သည်။
ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချက်ချင်းမေးခဲ့သည်။ “ဘယ်လိုလဲ။”
“ကျွန်တော်တို့ နောက်ထပ် ရက်နည်းနည်း ထပ်စောင့်ရလိမ့်မယ်၊ အားနာပါတယ် သူဌေးဟုန်။”ဟု ဆိုင်ရှင်ကျိုးက တောင်းတောင်းပန်ပန်နှင့် ပြောခဲ့သည်။
သူဌေးဟုန်သည် ယီကျိုးစီရင်စုရှိ အလှကုန်ဆိုင်များ၏ သူဌေးဖြစ်ပြီး ကျိုးအလှကုန်ဆိုင်မှ အလှကုန်ပစ္စည်းများ အားလုံးသည်လည်း သူ့ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ဆိုင်ရှင်ကျိုးသည် သူ့အား မြက်စိမ်းလိမ်းဆေးဆီတစ်ချို့ ပေးခဲ့ပြီး ၎င်းတို့ကို ရောင်းချပြီးနောက် ရလဒ်သည် ထူးထူးခြားခြား ကောင်းမွန်ခဲ့သည်။ ယီကျိုးစီရင်စုတွင် ညတွင်းချင်း သတင်းများ ပျံနှံ့သွားခဲ့ပြီး မြက်စိမ်းလိမ်းဆေးဆီအတွက် အမှာစာများသည် နေ့စဉ် တဖွဲဖွဲ တသဲသဲ ဝင်လာခဲ့သည်။
ဤသည်ကို မြင်သောအခါ သူဌေးဟုန်သည် ဆောင်းရာသီ မရောက်မှီ ငွေအမြောက်အမြား ရှာရန်နှင့် မြက်စိမ်းလိမ်းဆေးဆီဗူး အမြောက်အမြားကို ဝယ်ယူနိင်လိမ့်မည်ဟု တွေးထင်ကာ ပိုင်ချွမ်းခရိုင်သို့ ချက်ချင်း ရောက်လာခဲ့သည်။
သို့သော် အသုံးမကျသည့် ဆိုင်ရှင်ကျိုးသည် သုံးရက်ကြာပြီးသည့်တိုင်အောင် မည့်သည့်ပစ္စည်းမှ မရရှိခဲ့သေးပေ။
“ဒီလို ကိစ္စသေးသေးလေးတောင် မကိုင်တွယ်နိုင်ဘူး။ ငါ မင်းကို ဘာအတွက် အနားမှာ ထားရတော့မှာလဲ။”ဟု သူဌေးဟုန်က ဒေါသထွက်ထွက်နှင့် ပြောခဲ့သည်။ “နောက်ကျရင် ပစ္စည်းတွေယူဖို့ ငါ့ကို လာအနှောက်အယှက် မပေးနဲ့တော့။”
သူဌေးဟုန်သည် စကားပြောပြီးနောက် ထွက်ခွာသွားခဲ့ပြီး ဆိုင်ရှင်ကျိုး၏ ပါးစပ်ထဲတွင် ခါးသက်သက်အရသာကို ချန်ထားခဲ့လေသည်။
သူသည်လည်း မြက်စိမ်းလိမ်းဆေးဆီနှင့် ငွေပိုရှာရန် မျှော်လင့်ခဲ့သည်။ သို့သော်လည်း ယခုလို အခြေအနေများ ဖြစ်လာသည့်အခါ သူဘာများ လုပ်နိုင်လိမ့်မည်နည်း။
အလှကုန်ဆိုင်မှ ထွက်ခွာပြီးနောက် သူဌေးဟုန်သည် ယီကျိုးစီရင်စုသို့ မပြန်ခဲ့ပေ။
ပိုင်ချွမ်းခရိုင်တွင် စောင့်နေခဲ့ရသည့် ရက်အနည်းငယ်အတွင်း ဆိုင်ရှင်ကျိုးထံမှ အဖြစ်အပျက်များကို သိခဲ့ရပြီး ဟဲဝမ်ရွာမှ လီအမည်ရှိသော အမျိုးသမီးမှ မြက်စိမ်းလိမ်းဆေးဆီကို ပြုလုပ်ခဲ့ကြောင်း သိခဲ့ရသည်။
ယခု သူသည် ထိုလီကို သူကိုယ်တိုင် သွားရှာပြီး မြက်စိမ်းလိမ်းဆေးဆီကို တိုက်ရိုက် ဝယ်ယူကာ ငွေပိုရှာရန် ဆိုင်ရှင်ကျိုးကို ကြားခံလူအဖြစ် ဖြတ်တောက်ခဲ့သည်။
စျေးပေါက်၀တွင် နွားလှည်းတစ်စီးကို ရှာပြီးနောက် သူသည် ဟဲဝမ်ရွာသို့ ဖြေညှင်းစွာ ခရီးဆက်ခဲ့သည်။
သူသွားသည့် လမ်းကြောင်းကို မြင်သောအခါ စားပွဲထိုးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ကျိုးအလှကုန်ဆိုင်သို့ ချက်ချင်း လှည့်ပြေးသွားခဲ့သည်။
“သူဌေး၊ မကောင်းတော့ဘူးဗျို့။” စားပွဲထိုးသည် ဆိုင်ရှင်ကျိုးကို ထိတ်လန့်တကြားနှင့် ရှာခဲ့သည်။ “သူဌေးဟုန်က ဟဲဝမ်ရွာကို သွားပြီ။”
“ဘာ…”
ဆိုင်ရှင်ကျိုးသည် တုန်လှုပ်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
ဟဲဝမ်ရွာသို့ သူဌေးဟုန် သွားသည်နှင့်အမျှ သူ့ရည်ရွယ်ချက်ကို မှန်းဆရန် မခက်ခဲပေ။
ဤသည်မှာ အလွန်ပင် ဆိုးဝါးလှသည်။
ထိုလူသည် ယီကျိုးစီရင်စုတွင် ကြီးမားသည့် စီးပွားရေးအလုပ်တစ်ခုဖြင့် အလွန်အလွန့် ချမ်းသာကြွယ်၀ပြီး ဩဇာသက်ရောက်သည်။ သူကိုယ်တိုင် အမျိုးသမီလီထံသို့ သွားရင်း မြက်စိမ်းလိမ်းဆေးဆီအားလုံးကို သေချာပေါက် ဝယ်ယူလိမ့်မည်။
ပိုင်ချွမ်းခရိုင်မှာ ရှိသည့် ဆိုင်ငယ်လေးပိုင်ရှင် တစ်ယောက်အနေနှင့် သူ ဘယ်လိုများ ယှဉ်ပြိုင်နိုင်လိမ်မည်လဲ။
“သူဌေး၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ။”
“ငါတို့လည်း သွားကြစို့။” ဆိုင်ရှင်ကျိုးသည် ခဏမျှ စဉ်းစားခဲ့ပြီး ဆက်ပြောခဲ့သည်။ “အရင်ဆုံး ဆန်ကိတ်ဗူးနည်းနည်းလောက် ဝယ်လိုက်။ ပြီးတော့ ငါ မနက်က ဝယ်လာခဲ့တဲ့ သိုးခြေထောက်ကိုလည်း ယူလာခဲ့။”
“ဟုတ်ကဲ့။”
သူဌေးဟုန်သည် ငယ်စဉ်ကတည်းက ယီကျိုးစီရင်စုတွင် အလိုလိုက်ခံရသည့် ဘ၀ဖြင့် နေထိုင်ခဲ့ရပြီး အဓိကအားဖြင့် ရထားလုံးဖြင့်သာ သွားလာခဲ့ပြီး ယခင်က ရွှံ့များကို မြင်ဖူးရုံမျှသာ ဖြစ်သည်။
ကြမ်းတမ်းသည့် လမ်းပေါ်တွင် စီးနင်းရမှုကြောင့် မူးဝေကာ မအီမသာ ဖြစ်နေခဲ့သည်။ ကျဉ်းမြောင်းသော လမ်းများသည် သူ့အား ထိတ်လန့်ခြင်းနှင့် ပြည့်နှက်စေခဲ့ပြီး နွားလှည်းသည် အချိန်မရွေး လမ်းဘေးမြောင်းထဲသို့ ချော်ကျမည်ကို စိုးရိမ်နေခဲ့ရသည်။
သူတို့ ဟဲဝမ်ရွာသို့ ရောက်သောအခါ သူ့နှလုံးသားသည် ရေခဲကဲ့သို့ အေးခဲသွားသည်။
“ဒါက ဘယ်လို နေရာ အစုတ်အပြတ်ပါလိမ့်။”
“သခင်၊ ကျွန်တော်တို့ နေရာများ မှားလာတာလား”ဟု သူ့အစေခံက ပြောခဲ့သည်။ “ဒီလို စုတ်ပြတ်နေတဲ့ နေရာတစ်ခုမှာ ဘာကောင်းတာမှ လုပ်နိုင်လောက်မှာ မဟုတ်ဘူး။”
သို့သော် ဒီလောက်အဝေးကြီး လာပြီးခဲ့သည့်နောက် သူဌေးဟုန်သည် သူ့အစေခံကိုသာလျှင် လီယောင့်တံခါး၀ဆီသို့ မရောက်သွားခင်အထိ နေရာအနှံ့ မေးမြန်းစေခဲ့သည်။
ယိုယွင်းပျက်စီးနေသည့် သက်ကယ်တဲလေးကို မြင်ရသောအခါ သူဌေးဟုန်သည် မနှစ်သက်မှုကြောင့် မျက်မှောင်ကြုတ်ကာ ခြံဝန်းထဲတွင် ခပ်ဝေးဝေး၌ ရပ်နေခဲ့ပြီး အထဲသို့ ခြေလှမ်းရန် ငြင်းဆန်ခဲ့သည်။ သူသည် သူ့အစေခံအား ခြံအစွန်မှ လီယောင်ကို လှမ်းအော်စေခဲ့သည်။
“ဟေး၊ တစ်ယောက်ယောက် အိမ်မှာရှိလား။”ဟု အစေခံသည် ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။ “ဒီမှာ လီလို့ခေါ်တဲ့ အမျိုးသမီးရှိလား။ ငါ့သခင်က ဒီကို မြက်စိမ်းလိမ်းဆေးဆီ ဝယ်ဖို့ လာနေတယ်။ မြန်မြန်လာ။”