အပိုင်း ၉၅-၉၆
Viewers 23k

Part 95


တစ်ရှူးက မျက်နှာတစ်ခုလုံး သုတ်ရန်မလုံလောက်သဖြင့် ကျန်းရှို့ချန် နှပ်ပဲညှစ်လိုက်သည်။


"နင် အဲ့တစ်ရှူးကို ကြမ်းပေါ်ပစ်ချရင် ငါနင့်ကိုရိုက်မှာနော်..."


ကျန်းယန်ရှန့်က မျက်နှာတည်တည်ထား၍ ပြောလိုက်သည်။


"တော်တော့...ငါ့အခန်းထဲမှာ မပစ်နဲ့..."


အန်တီဝမ်က ကပျာကယာရောက်လာကာ ထိုအမှိုက်ကို ကောက်ယူလိုက်သည်။


ကျန်းယန်ရှန့်သည် ကျန်းရှို့ချန်ကို တွန်းကာပြောလိုက်သည်။


"နင့်အစ်မအခန်းထဲသွားပြီး မျက်နှာသွားသစ်စမ်း..."


ကျန်းဟယ်လင်းက ‌အခန်းထဲရောက်လာကာ ကျန်းရှို့ချန်အား ဆွဲခေါ်သွားသည်။ ကျန်းယန်ရှန့်လည်း ခဏမျှစဉ်းစားပြီးမှ သူတို့နောက်သို့လိုက်သွားလိုက်သည်။


ကျန်းရှို့ချန် ကျန်းဟယ်လင်း၏အခန်းထဲတွင် မျက်နှာသစ်လိုက်သည်။ သူ့ရင်ဘတ်နှင့် အင်္ကျီပေါ်တွင်ပေနေသည့် နှပ်ချေးများသည်လည်း ဂရုစိုက်တတ်သောအစ်မအငယ်က သုတ်ပေးလိုက်သဖြင့် ပြောင်စင်သွားကြပြီဖြစ်သည်။ ထို့ကြောင့် ကျန်းယန်ရှန့်၏ရှေ့သို့ ပြန်ရောက်လာသောအခါ ကျန်းရှို့ချန်သည် ညစ်ပတ်မနေတော့ချေ။


"ဒီကိုလာခဲ့..."


ကျန်းယန်ရှန့်က အေးစက်စွာပြောလိုက်သည်။


ကျန်းရှို့ချန်သည် အနည်းငယ်ကြောက်နေမိသော်လည်း ကျန်းယန်ရှန့်က သူ့အား ယခုရက်ပိုင်းတွင် ဂရုမစိုက်သည်ကိုတွေးမိသောအခါ သတ္တိရှိစွာပင် သူ့အစ်မဆီ လျှောက်သွားလိုက်သည်။


ကျန်းယန်ရှန့် သူ့မောင်၏ သေး‌ငယ်သောလက်မောင်းလေးကိုမကာ ကြည့်လိုက်သောအခါ မျက်မှောင်များကြုတ်သွားရသည်။ လက်မောင်းပေါ်မှ အညိုမည်းဒဏ်ရာများသည် အလွန်ပင်ထင်ရှားလွန်းနေသည်။


"နင့်အမေက နင့်ကိုရိုက်ထားတာလား..."


ကျန်းယန်ရှန့်ကမေးလိုက်သည်။


ကျန်းရှို့ချန်၏နှုတ်ခမ်းများက မဲ့သွားသည်။


"မငိုနဲ့..."


ကျန်းယန်ရှန့်သည် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။


ကျန်းရှို့ချန်၏ပါးစပ်စေ့သွားပြီး ငိုချင်စိတ်ကို ပြန်ထိန်းလိုက်သည်။


"တခြား ဘယ်နေရာတွေရိုက်ထားသေးလဲ..."


ကျန်းယန်ရှန့် မေးလိုက်သည်။


ကျန်းရှို့ချန်က သူ့ဘောင်းဘီတိုအား မ၍ပြလိုက်ရာ ပေါင်တွင်လည်း အရှိုးရာ နှစ်ခု ရှိနေသည်။ သူ၏နောက်ကျော နှင့် လက်ချောင်းနှစ်ချောင်း၌လည်း အရှိုးရာများဖြင့် ညိုမည်းနေသည်။


ကျန်းရှို့ချန်သည် သူအရိုက်ခံရသောအခါ လက်ဖြင့် သူ့ကိုယ်သူ ကာလိုက်ပုံရသည်။ သို့သော်လည်း သူ့အမေက စိတ်မထိန်းနိုင်ပဲ အရှိန်လွန်သွားသဖြင့် ရိုက်သည့် အဝတ်ချိတ်က လက်ပေါ်တည့်တည့်ကျသွားခြင်းဖြစ်မည်။


ကျန်းဟယ်လင်းလည်း ထိုဒဏ်ရာများကိုမြင်သောအခါ အလွန်စိတ်မကောင်းဖြစ်ကာ လေဖြင့် မှုတ်ပေး‌မိသည်။


"ဒီလိုမှုတ်ပေးရင် အနာသက်သာတယ်..."


ကျန်းဟယ်လင်းက ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းရှို့ချန်သည် ဝါးခနဲ အော်ငိုတော့သည်။


"သား အမေဂရုစိုက်ပေးတာမခံချင်ဘူး...အစ်မတို့ဂရုစိုက်ပေးတာပဲခံချင်တယ်..."


ကျန်းရှို့ချန်သည် ရှိုက်ကြီးတငင်ငိုကြွေးနေသဖြင့် နှာခေါင်းမှ နှပ်ချေးများ ထပ်ထွက်လာပြန်သည်။


နှပ်ချေးများအား ကျန်းယန်ရှန့်မြင်သည်နှင့်တစ်ပြိုင်နက် တစ်ရှူးကိုယူကာ မျက်နှာဆီသို့ ကမ်းပေးလိုက်သည်။ ကျန်းရှို့ချန်လည်း တစ်ရှူးကိုကိုင်၍ နှပ်ညှစ်လိုက်သည်။


"နင်က ငါတို့ဂရုစိုက်ပေးတာလိုချင်တယ်ပေါ့..."


ကျန်းယန်ရှန့်ကမေးလိုက်သည်။


"အင်း..."


ကျန်းရှို့ချန်သည် လည်ပင်းကို ဆန့်တန်းကာ ပြောလိုက်သည်။


အတိတ်တွင် ကျန်းယန်ရှန့်က သူ၏တင်ပါးကိုရိုက်သောအခါ ကျန်းရှို့ချန်သည် သူ့အစ်မအား လူဆိုးဟုထင်၍ သူ့အမေကို လူကောင်းဟုထင်ခဲ့မိသည်။


သို့သော်လည်း  သူ့အမေသည် သူစာကျက်သည်ကိုစောင့်ကြည့်သောအခါ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။ ပို၍ကြောက်ဖို့ကောင်းသည်မှာ လူများကို အကြောင်းပြချက်မရှိ ရိုက်နှက်လာခြင်းပင်ဖြစ်သည်။


ကျန်းယန်ရှန့်လည်း ကျန်းရှို့ချန်ကို ရိုက်နှက်တတ်သည်ဖြစ်သော်လည်း ကျန်းယန်ရှန့်က ရိုက်လျှင် တည်တည်ငြိမ်ငြိမ်သာရိုက်သည်။ သူ့အား ရိုက်ရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းပြောကာ ဘယ်နှချက်ရိုက်မည်ဖြစ်ကြောင်းကိုလည်း ကြိုပြောသည်။ ထို့ကြောင့် အရိုက်ခံရသည်မှာ နာကျင်သော်လည်း ကျန်းရှို့ချန်စိတ်ထဲတွင် ကြောက်စိတ်မဖြစ်၍ အန္တရာယ်ရှိသည်ဟုလည်း မခံစားရချေ။


သူ့အမေ၏လက်အောက်တွင်မူ ကျန်းရှို့ချန်သည် အမြဲပင် စိတ်မလုံခြုံသလို ဖြစ်နေကာ ဘယ်အချိန်များ လျန့်ယင်းယင်းတစ်ယောက် လက်လွန်သွားမလဲ ဟု စိုးရိမ်နေရသည်။


ဤသို့ယှဉ်ကြည့်သောအခါတွင် ယခင်က ကျန်းရှို့ချန် လူဆိုးဟု ထင်မြင်ခဲ့မိသော ကျန်းယန်ရှန့်သည် သူ့အတွက် ပို၍ စိတ်သက်သာစရာဖြစ်နေသည်။


ထို့အပြင် သူမ ခိုင်းသမျှအား ကျန်းရှို့ချန် အကုန်လိုက်လုပ်သည်ဆိုပါက ကျန်းယန်ရှန့်သည် သူ့အားလုံးဝမရိုက်ချေ။


ကျန်းယန်ရှန့်က အေးစက်စွာ တစ်ချက်ရယ်လိုက်ကာ ပြောသည်။


"နင့်ကို ငါတို့က ဂရုစိုက်စေချင်တယ်ဆိုရင် ငါတို့စကားကိုနားထောင်ရမယ်နော်..."


ကျန်းဟယ်လင်း၏မျက်လုံးများ အရောင်တောက်သွားကာ ကျန်းရှို့ချန်၏မျက်နှာနားသို့ကပ်၍ပြောလိုက်သည်။


"ဟုတ်တယ်...နင် မမတို့စကားကိုနားထောင်ရမယ်..."


ကျန်းယန်ရှန့်သည် မျက်နှာတည်တည်ဖြင့် ထပ်မေးလိုက်သည်။


"ကဲ...ဘယ်လိုလဲ..."


ကျန်းရှို့ချန်သည် ခဏမျှသာ စဉ်းစားကာ ပြောလိုက်သည်။


"ဒါဆိုရင် အမေ သားကိုထပ်မရိုက်တော့အောင် လုပ်ပေးရမယ်..."


"ကောင်းပြီလေ..."


ကျန်းယန်ရှန့်က ပြောသည်။


"ငါတို့မိသားစုမှာလည်း ဒီလို ကလေးတစ်ယောက်ကို လက်လွတ်စပယ်ရိုက်တယ်ဆိုတာ မရှိဘူး..."


ကျန်းရှို့ချန်၏ပြောစကားအရဆိုလျှင် လျန့်ယင်းယင်းသည် ကျန်းရှို့ချန်အား ခြေထောက်ဖြင့်ပါ ကန်သည်ဟု ဆိုသည်။ ကံကောင်းထောက်မစွာပင် ထိုအချိန်က လျန့်ယင်းယင်းသည် အိမ်တွင်သုံးသော ဖိနပ်ပါးကိုသာ စီးထားခဲ့သည်။ အကယ်၍ အပြင်သွားသည့်အခါလို ဒေါက်ဖိနပ်သာစီးထားမည်ဆိုပါက ကျန်းရှို့ချန်သည် ထိုနေရာတွင်ပင် အသက်ထွက်သွားနိုင်သည်။


ကျန်းယန်ရှန့်သည် ကျန်းရှို့ချန်အား ယခင်က ကြည့်မရခဲ့သော်လည်း ယခုတော့ ကျန်းရှို့ချန်သည် အသက်အနည်းငယ်ကြီးလာသော်လည်း ကလေးအဆီများရှိသေးကာ ပဲလုံးလေးလို ဖြစ်နေသည်။ သူ ဆိုးမနေသည့်အချိန်များတွင်တော့ လူများက ကျန်းရှို့ချန်အား ချစ်စရာကောင်းသည် ဟု ထင်မြင်ကြသည်။


တိုတိုပြောရလျှင် ကျန်းယန်ရှန့်က ကျန်းရှို့ချန်အား ရိုက်နှက်သည်ကလည်း ဆိုးပါသည်။ သို့သော်လည်း ဤကဲ့သို့ အကြောင်းပြချက်မရှိပဲ စိတ်ရှိသမျှ ရိုက်နှက်ခြင်းမျိုးကိုတော့ ကျန်းယန်ရှန့် ဘယ်တုန်းကမျှ မလုပ်ပါ။


ညနေတွင် ကျန်းဟွမ် အိမ်ပြန်ရောက်လာသောအခါ ကျန်းယန်ရှန့်က ကျန်းရှို့ချန်ကိုပါခေါ်၍ ထိုကိစ္စများကို ပြောပြလိုက်သည်။


ကျန်းရှို့ချန်သည် ကျန်းဟွမ်အား သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိုးရာများကို မျက်လုံးတွင် မျက်ရည်အပြည့်ဖြင့် ပြလိုက်သည်။


ကျန်းဟွမ် အလွန်အမင်းဒေါသထွက်သွားကာ စကားပင် ခဏမျှမပြောနိုင်ဖြစ်သွားသည်။ ခဏမျှကြာမှ စိတ်ထိန်းကာမေးလိုက်သည်။


"အဲ့မိန်းမ...အဲ့အခုဘယ်မှာလဲ...'


ကျန်းရှို့ချန်က ချက်ချင်းပင်ပြန်ဖြေလိုက်သည်။


"အပေါ်ထပ်မှာ..."


ကျန်းဟွမ် အပေါ်ထပ်သို့ တက်သွားသည်။


ကျန်းယန်ရှန့်သည် လိုက်မသွားပဲ လိုက်သွားရန်ပြင်နေသည့် ကျန်းရှို့ချန်ကိုလည်း ဆွဲထားလိုက်သည်။ သူတို့နှစ်ယောက် အောက်ထပ်မှာပင် ကျန်နေခဲ့လိုက်ကြသည်။


နောက်တစ်နာရီလောက်ကြာသောအခါမှ ကျန်းဟွမ် အောက်သို့ပြန်ဆင်းလာသည်။ ထိုအချိန်အထိ အသက်ရှူမမှန်သေးပဲ နှာခေါင်းမှ တရှူးရှူးဖြင့် အသက်ရှူနေဆဲဖြစ်ပုံအရ မကြာသေးခင်ကပဲ ဒေါသပေါက်ကွဲလာပုံရသည်။


"အဖေ အဲ့မိန်းမကိုပြောလိုက်တယ်...နောက်ပိုင်း ကလေးတွေကို ဒီလိုဆက်ရိုက်နေမယ်ဆိုရင်..."


ကျန်းဟွမ်သည် လျန့်ယင်းယင်းအား ကလေးများကို ယခုလို ထပ်ရိုက်မည်ဆိုပါက အိမ်ပေါ်မှ ဆင်းသွားရမည် ဟု ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ဤကဲ့သို့စကားများကို ကလေးရှေ့၌ ပြော၍မဖြစ်သောကြောင့် ထိုစကားများကို မျိုသိပ်ကာ ပြောလိုက်သည်။


"အဖေတို့မိသားစုမှာ ကလေးတွေကို အဲ့ဒီလို ဘယ်တော့မှမရိုက်ဘူး...တကယ်လို့ရိုက်မယ်ဆိုရင်တောင် မင်းအစ်မ ရိုက်သလိုမျိုးပဲရိုက်လို့ရမှာ...သားရဲ့အစ်မ သားကို ဘယ်လိုကောင်းကောင်းရိုက်လဲ မြင်တယ်မလား...အဲ့လိုပဲဖြစ်ရမယ်လေ...'


ထိုစကားများသည် ကျန်းဟွမ်မှ ကျန်းရှို့ချန်အား ပြောနေခြင်းဖြစ်သည်။


ကျန်းရှို့ချန်သည်လည်း သူ့အဖေပြောနေသည်များကို ခေါင်းတငြိမ့်ငြိမ့်ဖြင့်ထောက်ခံနေသည်။


"ဟုတ်တယ်..."


ထိုနှစ်ယောက်သည် သူတို့ မည်သည့်စကားများပြောလို့ပြောနေမိကြမှန်းတောင် သတိထားမိကြမည်မထင်ပေ။


ကျန်းယန်ရှန့် စိတ်ရှုပ်စွာဖြင့် နားထင်ကို ပွတ်နေမိသည်။


"အကြောင်းကိစ္စမရှိပဲ လူတွေကိုမရိုက်တာ အကောင်းဆုံးပဲ..."


ကျန်းယန်ရှန့် လက်ပိုက်ကာ ပြောလိုက်သည်။


"ကလေးတွေက ပြန်ခုခံဖို့ အင်အားအနည်းဆုံးနဲ့ မတော်တဆမှုတွေလဲ ခဏခဏအဖြစ်တတ်ဆုံး လို့ အမေက ပြောဖူးတယ်..."


ကျန်းဟွမ်သည် သက်ပြင်းချကာ ပြောလိုက်သည်။


"သမီးအမေပြောတာ မှန်တယ်..."


 ကျန်းယန်ရှန့် သူမ အမေအကြောင်း တော်ရုံ‌မပြောဖြစ်ပေ ယခုမှသာ ရုတ်တရက်သတိရလာသောကြောင့် ပြောမိသွားခြင်းဖြစ်သည်။ 


ကျန်းဟွမ်က ဤသို့ပြန်ပြောလိုက်သည်ကို ကြားသောအခါ ကျန်းယန်ရှန့် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။


"သမီး အပေါ်တက်တော့မယ်..."


ကျန်းယန်ရှန့်သည် စကားကို ပြီးအောင်ပြောပြီးကာမှ လက်ခါပြကာ ထွက်လာခဲ့သည်။


"သမီး ယန်ယန်..."


ကျန်းဟွမ်က သူမနောက်ကိုလိုက်လာကာ ပြောလိုက်သည်။


"ရှို့ရှို့ကို အစ်မတစ်ယောက်အနေနဲ့ နည်းနည်းဂရုစိုက်ပေးလိုက်ပါဦး..."


ကျန်းယန်ရှန့် စိတ်ထဲမှ လှောင်ရယ်ရယ်လိုက်မိသည်။


ကျန်းဟွမ်က ပြုံးကာ ဆက်ပြောသည်။


"နောက်ပိုင်း ရှို့ရှို့ကို မထိန်းရတော့ဘူးလို့ သူ့အမေကို အဖေပြောလိုက်တယ်...အစ်မတစ်ယောက်အနေနဲ့ ဂရုမစိုက်ချင်ဘူးဆိုရင်... ကလေးကို ဒီလိုပဲ တစ်ယောက်တည်းပစ်ထားတော့မှာလား..."


Xxxxxxxx


Part 96


ကျန်းဟွမ် ပြောနေစဉ်မှာပဲ ကျန်းယန်ရှန့်သည် လှေကားအပေါ်သို့ ရောက်သွားပြီဖြစ်သည်။


သူ့အဖေကရော သေနေလို့လား...


ကျန်းယန်ရှန့်သည် ထိုကဲ့သို့ ပြောလိုက်မိတော့မလိုပင်ဖြစ်သွားသည်။ သို့သော်လည်း မျိုသိပ်ကာ စကားတစ်ခွန်းမှမပြောပဲ အပေါ်ထပ်သို့ တက်သွားလိုက်သည်။


ကျန်းဟွမ် ပြုံးလိုက်သည်။ ကျန်းယန်ရှန့်တစ်ယောက် အပေါ်ထပ်သို့ အလျင်အမြန်တက်သွားသည်ကို ကြည့်နေပြီးမှ ရုတ်တရက်သတိရကာ လှေကားလက်ရန်းကိုကိုင်၍ ကျန်းယန်ရှန့်ကိုအော်ပြောလိုက်သည်။


"အဖေ မုန့်ဖိုးပိုပေးမယ်လေ...ဟုတ်ပြီလား..."


ပိုက်ဆံဖြင့်ဖြေရှင်းလို့ရသည့်အရာအားလုံးသည် ကောင်းသည့်အရာများပင်ဖြစ်သည် ဟု ကျန်းဟွမ်ခံယူထားသည်။


ကျန်းယန်ရှန့်သည် ဘာကြောင့်မှန်းမသိပဲ ပိုက်ဆံပိုပေးမည်ဟု ကျန်းဟွမ်အော်ပြောသည်ကို ကြားလိုက်ရသောအခါ အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ကျန်းယန်ရှန့် အခန်းဆီသို့ပြန်ရောက်၍ မကြာမီမှာပဲ သူမ၏အကောင့်ထဲသို့ အပိုပေးသည့်မုန့်ဖိုးများဝင်လာသည်။ ကျန်းဟွမ်သည် ကတိတစ်ခွန်းကို ဘယ်တုန်းကမှ မဖောက်ဖျက်တတ်သူဖြစ်ပြီး ငွေကြေးနှင့်ပတ်သတ်လာလျှင်လဲ ထိုကဲ့သို့ပင်ဖြစ်သည်။


ကျန်းယန်ရှန့် တစ်ချက်ကြည့်လိုက်ကာ ဖုန်းကို လွှင့်ပစ်လိုက်သည်။


ကျန်းရှို့ချန်အား ဂရုစိုက်ခြင်းနှင့်စာသင်ခြင်းအလုပ်များကို လျန့်ယင်းယင်းမလုပ်တော့သည့်နောက်ပိုင်းတွင် ကျန်းမိသားစုသည် တိတ်ဆိတ်ကာ ပို၍နွေးထွေးလာကြသည်။


ကျန်းရှို့ချန်သည် လျန့်ယင်းယင်း၏လက်ထဲ ပြန်ရောက်သွားမည်စိုးသဖြင့် မနက်နိုးပြီဆိုသည်နှင့် အိမ်စာများကို တန်းလုပ်တော့သည်။ သူ မသိသည်များကို ကျန်းဟယ်လင်းက သင်ပြပေးသည်။ ကျန်းဟယ်လင်းသည် လျန့်ယင်းယင်းထက် များစွာ ပိုစိတ်ရှည်ကာ ကျန်းရှို့ချန်နားမလည်သည်များကို သေချာရှင်းပြပေးနိုင်သည်။


နွေရာသီပိတ်ရက်များ၏ ဒုတိယတစ်ဝက်တွင် ကျန်းရှို့ချန်သည် ယခင်ကကဲ့သို့ များစွာအရိုက်မခံရတော့ချေ။ သို့သော်လည်း လုံးဝ လွတ်လပ်နေသည်တော့မဟုတ်ပေ။ ကျန်းရှို့ချန်သည် ဆိုးပြီဆိုလျှင်လည်း ထိန်းမရတော့အောင် ဆိုးသည်။


သို့သော် သူ့အစ်မအကြီးကိုမြင်လိုက်သည့်အခါများ၊ သို့မဟုတ် အခြားသူများက အစ်မအကြီးနာမည်သုံး၍ ခြိမ်းခြောက်လိုက်သည့်အခါများတွင်တော့ သူ လုပ်နေသည့်အလုပ်များကို ရပ်ကာ ဖြစ်လာနိုင်မည့်အကြောင်းအရာများကိုစဉ်းစား၍ သောင်းကျန်းဖို့ လက်လျှော့သွားတော့သည်။


အိမ်အကူ အန်တီများသည်လည်း ယခုမှပင် ပျော်ရွှင်နိုင်ကြတော့ကာ ကျန်းယန်ရှန့်၏နာမည်ကိုသုံး၍ ကျန်းရှို့ချန်အား ခြောက်လှန့်ကြသည်။ သို့သော်လည်း ကျန်းရှို့ချန်သည် လုံးဝတော့ မလိမ္မာသေးချေ။ ဆိုးချင်သည့်စိတ်လေးကရှိနေသေးကာ တစ်ခါတစ်ရံတွင် ဒေါသထွက်ထွက်နှင့်ပင် စိတ်ကိုလျှော့လိုက်ရသည်။


နွေရာသီကျောင်းပိတ်ရက်သည် အလျင်အမြန်ပင် ကုန်ဆုံးသွားသည်။


ကျန်းယန်ရှန့်တစ်ယောက် စာသင်နှစ်အသစ် မစခင်မှာပင် ကျောင်းသို့သွားကာ အခြားအတန်းများထက် အရင်စာရင်းပေးလိုက်သည်။ ထို့နောက် အထက်တန်းပထမနှစ်သို့တက်ရန် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့သည်။


ရီအထက်တန်းကျောင်းတွင် ထိပ်ဆုံးအတန်းတစ်ခု၊ လေ့ကျင့်ရေးအတန်းနှစ်ခု၊ ပုံမှန်အတန်းလေးခု နှင့် နာမည်ကြီးမိသားစုများမှ ကျောင်းသားများအတွက် ဖွင့်ပေးထားသော အထူးပြုအတန်း တစ်ခု ရှိသည်။ ထို အထူးပြုအတန်းအား အချို့ကျောင်းသားများက "သခင်လေးများအတန်း" ဟု လှောင်ပြောင်ခေါ်ဝေါ်ကြသည်။


စာသင်နှစ်အသစ်စသောအခါ ဝင်ခွင့်စာမေးပွဲ၏ ရလဒ်များထွက်လာ၍ ကျန်းယန်ရှန့်သည် ထိပ်ဆုံး လေ့ကျင့်ရေးအတန်းသို့ ဝင်ခွင့်ရသွားသည်။


ထိုအတန်းသည် အကောင်းဆုံးအတန်းမဟုတ်သော်လည်း သူမ၏အရင်ဘဝတုန်းကကဲ့သို့ 'သခင်လေးများအတန်း' သို့ တိုက်ရိုက်ပို့ခြင်းခံလိုက်ရသည်နှင့်စာလျှင်တော့ အလွန်ကြီးမားသည့် အပြောင်းအလဲတစ်ခုဖြစ်သည်။ နွေရာသီပိတ်ရက်တွင် ဘယ်ကိုမှမသွားကာ အချိန်မဖြုန်းပဲ အလယ်တန်းစာများအားလုံးကို ကျက်မှတ်၍ လေ့ကျင့်ခန်းစာအုပ်ထဲမှ မေးခွန်းများကို သူမ တတ်နိုင်သလောက် လေ့ကျင့်ခဲ့ခြင်းတို့သည် ယခုတော့ အရာထင်ခဲ့ပြီဖြစ်သည်။


ဝင်ခွင့်စာမေးပွဲရလဒ်ကို ရရှိလာသောအခါ ကျန်းယန်ရှန့်သည် လက်ထဲတွင်အချိန်အတော်ကြာဆုပ်ကိုင်ထားပြီးမှ ကျောင်းလွယ်အိတ်ထဲသို့ ထိုးထည့်လိုက်သည်။ ဤအကြောင်းကို ကျန်းဟွမ်အား မပြောဖို့လည်း ဆုံးဖြတ်လိုက်သည်။


ကျန်းဟွမ်သည် ဤကိစ္စကို စိတ်ဝင်စားမည်လည်း မဟုတ်ပါ။


မမျှော်လင့်စွာနှင့်ပင် ဤသတင်းကောင်းကို ကြေငြာလိုက်သူမှာ ကျန်းဟယ်လင်း ဖြစ်နေသည်။


နွေရာသီပိတ်ရက်အတွင်း၌ ကျန်းယန်ရှန့်တစ်‌ယောက် နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းများကို ကြိုးစားလေ့ကျင့်နေသည်ကိုတွေ့ရသည်မှာ ကျန်းဟယ်လင်းအဖို့ ထူးဆန်းနေသည်။ ထို့ကြောင့် မေးကြည့်သောအခါ အထက်တန်းကျောင်းအစတွင် ဝင်ခွင့်စာမေးပွဲရှိသည်ကို သိရှိ‌သွားသော်လည်း မည်သူ့ကိုမျှမပြောပဲ စိတ်ထဲမှာပင် သိမ်းထားလိုက်သည်။


ဝင်ခွင့်စာမေးပွဲရလဒ်ကို ကျန်းယန်ရှန့်ရရှိသွားသောအခါ ကျန်းဟယ်လင်းသည် သူ့အစ်မကို ထိုအကြောင်းမေးဖို့ စိတ်ကူးမိသည်။


ရလဒ်ကိုသိရှိသွားသောအခါ ကျန်းဟယ်လင်းသည် တစ်ဖက်လှည့်ကာ ချက်ချင်းထွက်ပြေးသွားတော့သည်။ သူမ၏ ခြေထောက်လေးများသည် လေပေါ်တွင်ပျံဝဲနေကာ ကျန်းဟွမ်နှင့် တွေ့လိုက်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။


"မမက လေ့ကျင့်ရေးအတန်းကိုဝင်ခွင့်ရတယ်...အဲ့အတန်းက ထိပ်ဆုံးအတန်းထက် နည်းနည်းလေးပဲအောက်ရောက်တာ...တကယ်နည်းနည်းလေး..."


ကျန်းဟွမ်လည်း အလွန်အမင်း အံ့ဩသွားရသည်။


ကျန်းယန်ရှန့်သည် ငယ်စဉ်က စာအလွန်တော်သော်လည်း ကြီးလာသည်နှင့်အမျှ စာသိပ်မလုပ်နိုင်တော့ချေ။ သူ့မိဘများ ဂုဏ်ယူခဲ့ရသော ဉာဏ်ထက်မြက်မှုသည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။


ကျန်းဟွမ်သည် သူ၏ ဆုံးပါးသွားပြီဖြစ်သော ဇနီး၏ဆန္ဒအရ ကျန်းယန်ရှန့်အား ရီအထက်တန်းကျောင်းသို့ပို့ခဲ့ခြင်းဖြစ်သည်။ ထိုကျောင်းသို့ ပို့ဖို့အတွက်လည်း ငွေကြေးအတော်လေး ကုန်ကျခဲ့ရသည်။


ယခုတော့ ထိုကြိုးပမ်းမှုများသည် အလကားမဖြစ်တော့ပေ။ 


ကျန်းဟွမ် အပေါ်ထပ်သို့ အပြေးအလွှားတက်ကာ ကျန်းယန်ရှန့်ထံမှ ဝင်ခွင့်စာမေးပွဲရလဒ်ကို တောင်းယူကြည့်လိုက်သည်။ သူ့လက်ထဲ စာရွက်ရောက်လာသောအခါ အလွန်ပျော်ရွှင်၍ စာရွက်ကို အချိန်အတန်ကြာ ကိုင်ထားမိသည်။


ကျန်းယန်ရှန့်သည် အနေရခက်လာကာ ကျန်းဟွမ်၏လက်ထဲမှ စာရွက်ကို ပြန်ဆွဲယူလိုက်သည်။ ကျန်းဟွမ်က မလွှတ်ပေးချေ။


"အဖေ ထပ်ကြည့်ပါရစေဦး..."


ထို့နောက် ထပ်ပြောသည်။


"သမီးအမေသာသိရင် သူအရမ်းပျော်နေမှာ..."


ကျန်းဟွမ် ပြောနေစဉ် မျက်လုံးများက နီရဲလာသည်။


ကျန်းယန်ရှန့်သည် သူမ၏ စိတ်မရှည်မှုကို ဆက်၍ မထိန်းနိုင်တော့ချေ။


"အဖေက ဘာဖြစ်လို့ ငိုနေရတာလဲ..."


"သမီးမသိပါဘူး...အဖေဝမ်းနည်းလို့ပါ..."


ကျန်းဟွမ်သည် သူ့မျက်လုံးများအား လက်ဖြင့်ကာလိုက်ကာ တစ်ချက်ရှိုက်လိုက်၍ ဆက်ပြောသည်။


"သမီးအမေရှိတုန်းက သမီးအတွက် အစီအစဉ်တွေဆွဲပေးခဲ့ပြီး သမီးကို ရီအထက်တန်းကျောင်းဆီ အရမ်းသွားစေချင်ခဲ့တာ...နောက် သူမရှိတော့တဲ့အချိန်ကျ‌တော့ အဖေ သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်လို့ ပိုက်ဆံတွေအများကြီးသုံးပြီး သမီးကို အဲ့ကျောင်းဆီ ပို့ပေးခဲ့တာ...သမီး ဒီလောက်ကြိုးစားချင်စိတ်ရှိမှန်း အဖေ မသိခဲ့ဘူး... သမီးအမေသာ ဒါတွေသိသွားရင် သူအရမ်းပျော်နေရှာမှာ..."


ကျန်းယန်ရှန့် ထို စာမေးပွဲရလဒ်စာရွက်ကို အစိပ်စိပ်အမြွှာမြွှာဆုတ်ဖြဲကာ ကျန်းဟွမ်၏မျက်နှာသို့ ပစ်ပေါက်လိုက်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။


ယခုမှ ဘာကိစ္စဖြင့် အလွန်သနားကြင်နာတတ်သော သူတော်ကောင်းကြီးဟန်ဆောင်နေရတာလဲ။


သို့သော်လည်း ကျန်းဟွမ်၏ ဝမ်းနည်းနေမှုသည် ဟန်ဆောင်နေခြင်းမဟုတ်သည်ကို ကျန်းယန်ရှန့် ခံစားမိသည်။


ကျန်းယန်ရှန့် သေဆုံးသွားသည့်အချိန်တုန်းက သူမသည် ၂၁ နှစ်ဖြစ်သည်။ သူမ လုပ်ချင်သည်ကိုသာ တဇွတ်ထိုးလုပ်တတ်သော ၁၅ နှစ်အရွယ် ကျန်းယန်ရှန့်ဖြင့် ယှဉ်လျှင်တော့ ထိုအရွယ်သည် ကြီးသော်လည်း ဤကဲ့သို့ ရှုပ်ထွေးလှသော လူ့သဘာဝကို ကျန်းယန်ရှန့် နားလည်လက်ခံနိုင်ခြင်း မရှိသေးချေ။


"ဘာပဲဖြစ်ဖြစ်..."


ကျန်းယန်ရှန့်က အံကြိတ်ကာ ပြောလိုက်သည်။


"သမီးသာ အဖေ့ရဲ့ တစ်ဦးတည်းသောသမီးအဖြစ် ဆက်ရှိနေမယ်ဆိုရင် အမေပိုပျော်မှာပါ..."


ကျန်းဟွမ်သည် ရှက်သွားရကာ ဆက်ပင် မငိုနိုင်တော့ချေ။


"သမီးထင်သလိုမဟုတ်ပါဘူး ယန်ယန်ရယ်...ဒီလူကြီးတွေရဲ့ကိစ္စက သမီးထင်သလို မရိုးရှင်းဘူး...တစ်ခါတစ်လေမှာ..."


ကျန်းဟွမ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန်အလို့ငှာ တိုးတိုးလေး ပြောမိသည်။


ကျန်းယန်ရှန့်ကတော့ ထိုစကားများအား လုံးဝနားမထောင်ချင်တော့ပါ။


အကြောင်းပြချက် တစ်ထောင်ပေးနေရုံဖြင့် ကျန်းဟွမ် ဘာလုပ်နိုင်မည်နည်း။ ဖြစ်ပျက်ပြီးသား ကိစ္စများကိုလည်း ပြောင်းလဲ၍ မရတော့ပြီမဟုတ်လား။


အချို့သောအရာများသည် အဖြစ်အပျက် သို့မဟုတ် အကြောင်းအရာ၊ နောက်ဆုံး အခက်အခဲ စသည်တို့အပေါ် မမူတည်ပဲ ရလဒ်အပေါ်တွင်သာ မူတည်သည်။


တစ်ထောင် တစ်သောင်းသောစကားများပြောနေသော်လည်း အသုံးမဝင်တော့ပေ။ ကျန်းယန်ရှန့်သည် ပြန်လည်မွေးဖွားလာခဲ့သော်လည်း  သူမ၏ဘဝသည် အတိတ်သို့(ကလေးဘ၀) လုံးဝ ပြန်သွားတော့မည်မဟုတ်‌ချေ။


ကျန်းယန်ရှန့်သည် နောက်ထပ် စကားတစ်လုံးမျှပင် မကြားလိုတော့သဖြင့် ကျန်းဟွမ်အား အခန်းအပြင်သို့ တွန်းထုတ်လိုက်သည်။


ပြန်လည်မွေးဖွားလာပြီးနောက် ကျန်းယန်ရှန့်သည် အလွန်သန်မာလာသောကြောင့် ကျန်းဟွမ်ပင် တောင့်မခံနိုင်ဖြစ်သွားသည်။ ကျန်းဟွမ်သည် အခန်းအပြင်သို့ တွန်းထုတ်ခံလိုက်ရကာ တံခါးက ထောက်ခနဲ စေ့ပိတ်သွား၍ အတွင်းမှ သော့ပိတ်လိုက်တော့သည်။


"ယန်ယန်...ယန်ယန်..."


ကျန်းဟွမ်သည် ကျန်းယန်ရှန့်၏ ရုတ်တရက်ဒေါသထွက်ပေါက်ကွဲသွားသော ခံစားချက်များကို ငြိမ်သက်စေရန်အလို့ငှာ တံခါးကို သတိကြီးစွာ ခေါက်လိုက်သည်။ 


"ထွက်သွား..."


ကျန်းယန်ရှန့်က အခန်းတွင်းမှ အော်ပြောလိုက်သည်။


ကျန်းယန်ရှန့်သည် အတိတ်တွင်လည်း ကျန်းဟွမ်အား ဤကဲ့သို့ပင် ဆက်ဆံဖူးသည်။ သူမ ယခုကဲ့သို့ ဒေါသထွက်တိုင်း ကျန်းဟွမ်သည် ခေါင်းကိုခါ၍ သက်ပြင်းချကာ ထွက်သွားခဲ့သည်ပင်ဖြစ်သည်။


ဤသို့ အဝေးကို ရှောင်ထွက်သွားခြင်းဖြင့် ငြိမ်းချမ်းခြင်းနှင့် စိတ်အေးချမ်းခြင်းကို လွယ်လွယ်ရနိုင်သည်မဟုတ်လား။


သို့သော် ယနေ့တွင်တော့ ကျန်းဟွမ်သည် ဝင်ခွင့်စာမေးပွဲဝင်ခွင့်ရလဒ်ကို လက်ထဲတွင်ကိုင်ကာ ကျန်းယန်ရှန့်၏ ပိတ်ထားသောတံခါးရှေ့တွင် ရပ်နေရင်းက သူနှစ်ပေါင်းများစွာပြုလုပ်ခဲ့မိသော ကိစ္စအတွက် သူ့သမီးက ယခုအချိန်အထိ နာကျည်းဒေါသထွက်နေရသည်ကို ‌တွေးနေမိသည်။ ထိုသို့ တွေးနေရင်းဖြင့် သူ့ကိုယ်သူမည်သူမှန်းပင် မသိတော့သကဲ့သို့ ခံစားရကာ သူ၏သမီးနှင့်လဲ တဖြည်းဖြည်းဝေးကွာသွားပြီဖြစ်ကြောင်း ခံစားမိသည်။


 ကျန်းဟွမ် အလွန် ဝမ်းနည်းကာ လမ်းပျောက်သွားခဲ့သည်။


Xxxxxx