အခန်း (၁၂) ငါတို့ရွာမှာ ရေပေါနေပြီ
ခရိုင်အစိုးရရုံး။
လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ခရိုင်တွင် အသစ်ခန့်အပ်ထားသော တရားသူကြီးစုန့်သည် သူ့အိမ်နောက်ဖေးတွင် စိုးရိမ်မှုဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။
ပိုင်ချွမ်းခရိုင်သည် ပြင်းထန်သည့် မိုးခေါင်ရေရှားမှုကို ခံခဲ့ရပြီး အလွန်အမင်း ဆင်းရဲလွန်းလှသည်။ မိုးခေါင်မှု ဆက်လည်တည်ရှိနေပါက ခရိုင်တခုလုံးရှိ အရပ်သူအရပ်သား ပြည်သူများသည် စားစရာ မတတ်နိုင်ရုံမျှမက သောက်သုံးရေပင် ပြဿနာတရပ် ဖြစ်လာနိုင်သည်။
“သခင်ကြီး၊ နည်းနည်းလောက် ပိုစားသင့်တယ်။ စားပါဦး” တရားသူကြီး၏ ဇနီးသည် သူ့အသွင်အပြင်ကို မြင်ပြီး စိုးရိမ်သွားခဲ့သည်။
“ငါ ဗိုက်မဆာဘူး၊ စားချင်စိတ်မရှိဘူး”
တရားသူကြီး၏ဇနီးသည် ခေါင်းယမ်းကာ အစားအသောက်များကို သိမ်းလိုက်သည်။ သူ၏ခင်ပွန်းသည် တနေ့ထက်တနေ့ ပိုပိန်လာသည်ကို မြင်ရသော်အခါ အမျိုးသမီးတယောက် အနေဖြင့် သူမအကူအညီ ပေးနိုင်သည်မှာ နည်းပါးလွန်းလှသည်။ တိတ်တဆိတ်သာ သက်ပြင်းချနိုင်ခဲ့သည်။
ထိုအချိန်တွင် မှတ်တမ်းတင်အရာရှိက ရောက်လာကာ အရိုအသေပြုခဲ့သည်။
“တရားသူကြီးခဗျာ၊ ဒီမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရောက်လာပါပြီ ခင်ဗျာ။”
လစဉ် ၁ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ကျေးရွာတစ်ခုချင်စီတိုင်း၏ အခြေအနေများကို အစီရင်ခံတင်ပြရပြီဖြစ်ပြီး ခရိုင်အစိုးရရုံးသို့ အချိန်မီ သတင်းပို့ပေးရမည် ဖြစ်မည်။ ၎င်းသည် သူတာဝန်ယူချိန်မှစ၍ တရားသူကြီးစုန့်မှ ချမှတ်ထားသော စည်းမျဉ်းအသစ် ဖြစ်သည်။
၎င်းသည် သူ့အား ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း ကိစ္စရပ်များကို သိစေရန် အကူအညီပေးသည့်အတွက် ပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်ခဲ့သည်။
ပိုင်ချွမ်းခရိုင်မှ ရွာသူကြီး ၂၃ ဦးက အတူတကွ စကားများ ပြောနေခဲ့ကြသည်။
“မိုးခေါင်လို့ ဂျုံတောင် မစိုက်နိုင်တော့ဘူး။ နောက်နှစ်ဆို ဘယ်လိုလုပ်ကြမလဲ။”
“နောက်နှစ်ကို မေ့ထားလိုက်ဦး၊ ငါတို့ ရွာမှာ ရေတွင်း ၁၂ တွင်းရှိတာ တစ်ဝက်လောက်က ရေခန်းနေပြီ။
“ငါတို့ရွာလည်း အတူတူပဲ။ မိုးသာ ဆက်ခေါင်နေရင်တော့ ရွာသူရွာသားတွေ အငတ်ဘေးက ထွက်ပြေးရလိမ့်မယ်။”
“အုပ်ချုပ်ရေးမှူးဝမ်၊ နောက်ဆုံးတခေါက်က မင်းတို့ဟဲဝမ်ရွာက ရေတွင်းတွေ ခန်းကုန်တယ်လို့ ကြားတယ်။ အခုအကုန် ခန်းခြောက်ကုန်ပြီ မဟုတ်လား”ဟု တစ်စုံတစ်ယောက်က ရုတ်တရက်မေးလိုက်သည်။ အတိတ်တုန်းကဆိုလျှင် ဝမ်ကျားဖူသည် သူတို့နှင့်အတူ သဘာ၀ကျကျ သက်ပြင်းချပေလိမ့်မည်။ သို့သော် ယနေ့တွင်မူ မတူပေ။
“ငါတို့ရွာမှာ ရေပေါနေပြီ။”
“ဘာ၊ ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဟဲဝမ်ရွာက အမြင့်ဆုံးနေရာမှာလေ။ ငါတို့တောင် ရေပြတ်တော့မှာ။ ဘယ်လိုလုပ် မင်းတို့မှာ ရှိနေသေးတာတုန်း”
“အုပ်ချုပ်ရေးမှူးဝမ်၊ တရားသူကြီးက လိမ်ပြောတာကို မကြိုက်ဘူးနော်၊ ခင်ဗျားမပြောခင် သေချာစဉ်းစားသင့်တယ်။”
ဝမ်ကျားဖူသည် သူ့ခေါင်းကို မော့လိုက်ကာ “ငါက ဘာလို့ လိမ်ရမှာလဲကွ၊ မင်းတို့သွားကြည့်လိုက်ရင် ရေရှိလား မရှိလား သိလိမ့်မယ်မဟုတ်လား။”
လမ်းလျှောက်လာသော တရားသူကြီးစုန့်သည် ထိုစကားကို ကြားသောအခါ သူ့ခြေလှမ်းများကို ချက်ချင်း အရှိန်မြှင့်လာခဲ့သည်။
“ဝမ်ကျားဖူ၊ မောင်မင်း အခု ဘာပြောလိုက်တာလဲ။”
“တရားသူကြီးခင်ဗျာ ၊ ကျွန်တော်တို့ ဟဲဝမ်ရွာမှာ ရေတွင်းအသစ်တွေ အများကြီး တူးခဲ့တယ်လို့ ပြောနေတာပါ ခင်ဗျာ။ အခုဆို ကျွန်တော်တို့ သောက်နိုင်တာထက် ရေတွင်းရေက ပိုများနေပြီခင်ဗျ။”
တရားသူကြီးစုန့်လည်း မယုံကြည်နိုင်ခဲ့ပေ။ ယခင်တွေ့ဆုံမှုနှစ်ကြိမ်လုံးတွင် ရေတွင်းရေများ ခန်းခြောက်သွားပြီး တစ်ရွာလုံး သောက်သုံးရေအခက်အခဲရှိနေကြောင်းကို အကျယ်ဆုံး ညည်းညူခဲ့သည်မှာ ဝမ်ကျားဖူ ပင်ဖြစ်သည်။ သူတို့သောက်နိုင်တာထက် တွင်းရေတွေ ပိုများလာခြင်းသည် ရုတ်တရက် ဘယ်လိုများ ဖြစ်လာနိုင်လိမ့်မည်လဲ။
“ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်ုပ်ကို အတိအကျ လျှောက်တင်စမ်း။”
“မှန်လှပါ။”
ထို့ကြောင့် ဝမ်ကျားဖူသည် ရေတွင်းတူးသော ရွာသူရွာသားများ၏ အဖြစ်အပျက်ကို အသေးစိတ် ပြန်လည်ပြောပြခဲ့သည်။ သူသည် ဘာကိုမျှ ထိန်ချန်မထားပဲ တွင်းရေရှာခြင်းအတွက် လီယောင်ကို အသိအမှတ်ပြုကာ ဂုဏ်ပြုပေးခဲ့သည်။
တခြားလူတိုင်းသည် နားထောင်ခဲ့ပြီး ပို၍ပင် မယုံကြည်ခဲ့ပေ။
ပိုင်ယွင်ရွာမှ ရွာလူကြီးက “မင်းတို့ ရွာက အဲ့လီယောင်ကိုတောင် ငါက မသိလို့လား။ သူက အပေါက်ဆိုးဆိုး ရူးရူးမိုက်မိုက်လို့ ကျော်ကြားနေတာကိုလေ။ ရေတွင်းတူးဖို့ နေရာ ဘယ်လိုရှာရမယ်ဆိုတာ ရုတ်တရက် သူဘယ်လိုလုပ် သိလာနိုင်မှာလဲ။”ဟု မေးခဲ့သည်။
“အဲဒါတော့ ကျွန်တော်လည်း မသိဘူးလေ။”
“မင်း…” တရားသူကြီးစုန့်သည် စိတ်တိုသွားခဲ့ပြီး “ရွာလူကြီးဖြစ်ပြီး ဘာလို့ ရှင်းရှင်းလင်းလင်း မသိရတာလဲ။”
ဝမ်ကျားဖူက လျင်မြန်စွာ ပြန်ဖြေခဲ့သည်။ “ဒါပေမယ့် အခု ကျွန်တော်တို့ရွာက ရေထွက်တဲ့ ရေတွင်းတွေက သူပြောတဲ့ နေရာတွေကနေ ထွက်လာခဲ့တာပါခင်ဗျာ”
“သူမက မင်းတို့ရွာမှာ တွင်းရေကို ရှာဖွေနိုင်ရင်၊ တခြားရွာတွေမှာကော အဲလိုလုပ်နိုင်မလား”ဟု တရားသူကြီးစုန့်က မေးခဲ့သည်။
“အဲဒါ… လည်း ရလိမ့်မယ်ထင်တယ်။ သူ ဒီနေ့ စျေးမှာရှိပါတယ်။ ဘာလို့ ကျွန်တော် သူ့ကို သွားရှာပြီး ချက်ချင်း မမေးရမှာလဲ။”
“မြန်မြန်၊ မြန်မြန်သွားစမ်း။ ခရိုင်အစိုးရရုံးကို ချက်ချင်းလာဖို့ သူမကို ပြောလိုက်။”
ဝမ်ကျားဖူက သူမကို အမောတကော လိုက်ရှာနေစဉ်တွင် လီယောင်သည် သူမ၏ စွပ်ပြုတ်ဆိုင်ကို ကြည့်နေခဲ့သည်။
တရားသူကြီးထံမှ ဆင့်ခေါ်ခြင်းခံရခြင်းသည် လူအများစုအတွက် တစ်သက်တာတွင် အခွင့်အရေးမရှိသော ကြီးမြတ်သော ဂုဏ်ရပ်တစ်ရပ် ဖြစ်သည်။
သို့သော် ထင်မှတ်မထားစွာဖြင့် ဝမ်ကျားဖူ စကားပြီးသည်နှင့်တပြိုင်နက် လီယောင်သည် တုံးတိတိဖြင့် ငြင်းဆိုခဲ့သည်။
“ကျွန်မ မသွားဘူး”
လီယောင်သည် တရားသူကြီးကို တွေ့ရမှာ ကြောက်၍ မဟုတ်ပေ။ သူမသည် သူတပါး အကြိုက်ကို မလိုက်လိုခြင်းနှင့် ဒူးမထောက်လိုခြင်းကြောင့်သာ ဖြစ်သည်။
ဤသည်မှာ ဤကမ္ဘာကြီးအတွက် စိတ်အနှောင့်အယှက်ပင် ဖြစ်ပေသည်။
“ဘယ်လို... ဘာလို့ မသွားနိုင်တာလဲ။” ဟု ဝမ်ကျားဖူက ပြောခဲ့သည်။ “ဒါမှမဟုတ် အဲ့အစား တရားသူကြီးက မင်းကိုလာတွေ့ဖို့ မျှော်လင့်နေတာလား။”
“အဲဒါလည်း မလိုအပ်ဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “ရေတွင်းတူးမဲ့အကြောင်းပဲ မဟုတ်လား။ လွယ်ပါတယ်။ ရွာသူကြီးဝမ်၊ ရှင့်ဖာသာရှင်လည်း လုပ်နိုင်တယ်။”
“ငါက မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ့မှာ အဲဒီလို အရည်အချင်းမရှိဘူး” ဝမ်ကျားဖူသည် ဂျောက်ဂျက်တခုကဲ့သို့ သူ့ခေါင်းကို ခါခဲ့ပြီး “အမျိုးသမီးလီ၊ ငါ ဒီကိစ္စကို သဘောတူခဲ့ပြီးပြီ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဒီတခါတော့ ငါနဲ့လိုက်ခဲ့ပေးပါ။ မဟုတ်ရင် တရားသူကြီးကို ငါ ရှင်းပြနိုင်မှာ မဟုတ်ဘူး။”
လီယောင်သည် တဒင်္ဂမျှ စဉ်းစားခဲ့ပြီး အစားအသောက်များကို ထည့်ပေးနေသည့် ဝမ်အာကို ကြည့်ခဲ့သည်။
အနာဂတ်တွင် ဝမ်အာသည် ပညာရှင်ဖြစ်လာရန် အစိုးရစာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။ တရားသူကြီး၏ မျက်နှာကို စောစောသိခြင်းသည် မဆိုးပေ။
ထို့ကြောင့် ဝမ်အာကိုခေါ်ကာ ရေတွင်းရှာနည်းကို အကြမ်းဖျင်း ရှင်းပြခဲ့သည်။
“ငါပြောတာကိုသာ မှတ်ထားလိုက်။”
“ဟုတ်ကဲ့ပါ။”
ကြောက်ကြောက်ရွံရွံနှင့် ဝမ်အာသည် ဝမ်ကျားဖူနှင့်အတူ ခရိုင်အစိုးရရုံးသို့ သွားခဲ့သည်။ ဝမ်ကျားဖူလည်း လိုက်သွားခဲ့သည်။
တရားသူကြီးစုန့်သည် သူ့အလုပ်တွင် အတော်လေး စေ့စပ်သေချာသည်။ သူသည် ဝမ်အာကို အခြားရွာများတွင် ရေတွင်းတူးခြင်းကို ချက်ချင်း မပြုလုပ်ခိုင်းခဲ့ပေ။ ထို့အစား ရေတွင်းရေကို ဘယ်လိုရှာရမလဲဆိုသည့် မေးခွန်းအချို့ကိုသာ မေးခဲ့သည်။
မြေအောက်မှ မတူညီသော မြေလွှာများနှင့် တခုချင်းစီတွင် ပါဝင်သည့် အရာများကိုတောင် ပြောပြနိုင်ပြီး ဝမ်အာတစ်ယောက် သွက်သွက်လက်လက်နှင့် ပြန်ဖြေတာကို မြင်သောအခါ သူသည် အလွန်အမင်း အံအားသင့်သွားခဲ့သည်။
“ရွာသားလေးတယောက်က ဒီလိုဗဟုသုတတွေ ရှိနေမယ်လို့ ငါမျှော်လင့်မထားခဲ့မိဘူး”
ဝမ်အာသည် ချီးမွမ်းခြင်းအတွက် ဂုဏ်မယူဝံရဲခဲ့ချေ။ “အမေက ဒါတွေအားလုံးကို သင်ပေးခဲ့တာပါခင်ဗျာ။”
“အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်” တရားသူကြီးစုန့်က ပြောခဲ့သည်။ “အရာရှိဝူ၊ သူနဲ့အတူ လူနှစ်ယောက်လွတ်ပြီး ပါးကျောင်းရွာမှာ အရင်ဆုံး စမ်းကြည့်ပါဦး။ သူတို့ တကယ် ရေတူးနိုင်ခဲ့ရင် တခြားရွာတွေမှာလည်း အလုပ်စလုပ်နိုင်ပြီ။”
“ဟုတ်ကဲ့ပါ”
ဝမ်အာသည် အစိုးရဆက်ဆံရေး အရာရှိနှစ်ဦးနှင့်အတူ ပါးကျောင်းရွာသို့ သွားခဲ့ပြီး ဝမ်ကျားဖူလည်းပဲ လိုက်ပါသွားခဲ့သည်။
တနေ့လုံး အလုပ်ရှုပ်နေသော တရားသူကြီးစုန့်သည်လည်း သူ့နှလုံးသားထဲတွင် သက်ပြင်းရှည်ကြီး တချက်ချကာ အသက်ရှုခဲ့သည်။
ဒီရာထူးကို တာဝန် စယူထားကတည်းက ပိုင်ချွမ်းခရိုင်၏ အခြေအနေများကို ရင်ဆိုင်ရသည့်အခါ သူသည် အမြဲတမ်း ရှုံးနိမ့်ခဲ့ရသည်။ ယခုတစ်ကြိမ်တွင် သူသည် သာမန်ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ရေပြဿနာကို ဖြေရှင်းနိုင်ခဲ့မည်ဆိုပါက တကယ့်အလုပ်တချို့ကို ပြီးမြောက်ခဲ့သည်ဟု ထည့်သွင်းရေတွက်နိုင်ပေလိမ့်မည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လီယောင်သည် သူမ၏ စွပ်ပြုတ်ဆိုင်ကို မဖွင့်ခဲ့သည့်အတွက် လုပ်ငန်းသည် အထူးသဖြင့် ကောင်းမွန်နေခဲ့သည်။ အသားပြုတ်တစ်အိုးလုံးသည် မွန်းမတည့်မှီပင် အကုန်အပြောင် ရောင်းထွက်ခဲ့သည်။
လီယောင်သည် ပစ္စည်းအချို့ဝယ်ရန် တစ်ယောက်တည်း သွားခဲ့ပြီး သူမပြန်လာချိန်တွင် တွန်းလှည်းဆွဲလာသော တာ့ကျွမ်းနှင့် ဆုံခဲ့သည်။
“ဝမ်အာက ပါးကျောင်းရွာကို သွားတယ်။ ရက်နည်းနည်းလောက် ပြန်လာနိုင်မယ် မထင်ဘူး။ အိမ်ပြန်ကြရအောင်။”
“အမေ” တာ့ကျွမ်းသည် မျက်နှာသိပ်မကောင်းခဲ့ချေ။ “ကျွန်တော်ဆိုင်သိမ်းနေတော့ အဖွားက ကျွန်တော့်ကို လာရှာတယ်။”
“ဘာတဲ့လဲ။”
“သူက ဝမ်အာက ဦးလေးငယ်ကို ဒဏ်ရာရစေလို့ ကျွန်တော်တို့ကို အလျော်ပေးစေချင်တယ် လို့ပြောတယ်။ သူကို မနက်ဖြန် နေ့လည်မတိုင်ခင် ဆေးဖိုးငွေအတွက် ကျွန်တော်တို့က ငွေငါးချောင်း ပေးရမယ်။”ဟု တာ့ကျွမ်းက ပြောခဲ့သည်။
လီရှန်းသည် အိမ်သို့ တကယ်ပြန်ကာ အတင်းအဖျင်းများ ပြောခဲ့သည့်အတွက် လီယောင်သည် စိတ်ထဲမှ ကြိတ်လှောင်ခဲ့သည်။
မူလကိုယ်၏ မိခင်အိုကြီးကလည်း လျော်ကြေးငွေကို အမှန်တကယ် လိုချင်နေသည့် လူထူးလူဆန်းတယောက် ဖြစ်နေပေတော့သည်။ သူတို့ စွပ်ပြုတ်ရောင်းပြီး ငွေရှာကြသည်ဟု သူမ ကြားခဲ့ကောင်း ကြားခဲ့ပေလိမ့်မည်။ ထို့ကြောင့် ချက်ချင်းပင် ငွေ၅ချောင်းကို တောင်းရဲခဲ့သည်။
သူမသည် တကယ်ပင် သူမ၏ ပါးစပ်ကို ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျယ်ကျယ်လောင်လောင် ဖွင့်ခဲ့သည်။
သူမ၏ တုံ့ပြန်မှု ကင်းမဲ့နေတာကို မြင်သောအခါ တာ့ကျွမ်းသည် ချီတုံချတုံဖြင့် ဆက်ပြောခဲ့သည်။ “သူက ကျွန်တော်တို့ မပေးရင် သူမက လုပ်လိမ့်မယ်… လုပ်လိမ့်မယ်”
“ပြောပါဦး။”
“သူက ကျွန်တော်တို့အိမ်ကို လူတွေခေါ်လာပြီး တရားမျှတမှုကို တောင်းဆိုမယ်လို့ ပြောတယ်။” တာ့ကျွမ်းသည် အလွန်အမင်း စိုးရိမ်နေခဲ့သည်။ “အမေ၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ။”
တာ့ကျွမ်း စိတ်ပူနေသည်မှာ သာမန်ပင် ဖြစ်သည်။
ရွာတွင် လီမိသားစုသည် မျိုးနွယ်စုကြီး တခုဖြစ်သည်။ လီမျိုးနွယ်စုများသည် လီရှန်းက အလားအလာရှိသည်ဟု ထင်သည့်အတွက် သူလက်ဖျောက်တချက်တီးသည်နှင့် သန်မာသည့်ယောက်ျား ၂၀/၃၀ ခန့်ကို အလွယ်တကူ စုရုံးနိုင်သည်။
သူတို့ တရားမျှတမှုကို အမှန်တကယ် လာတောင်းဆိုပါက ၎င်းတို့ကို ဆန့်ကျင်ရန် အခွင့်အရေးရမည် မဟုတ်ချေ။
“မနက်ဖြန် ငါ သွားလိုက်မယ်။”
လီယောင်ပြောတာကို ကြားသောအခါ ကလေးများသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပြီး အလွန်ပင် မခံမရပ်နိုင်လည်း ဖြစ်ခဲ့ကြသည်။ သို့သော်ငြား မည်မျှပင် မခံမရပ်နိုင် ဖြစ်နေစေကာမူ သူတို့သည် နိမ့်ကျသော အနေအထားတွင် ရှိနေသည့်အတွက် သည်းခံရုံသာ တတ်နိုင်ခဲ့ကြသည်။
“ဒါက ဒီနေ့ရတဲ့ ငွေတွေ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်တွေက ကျွန်တော်တို့ ဆိုင်မဖွင့်ခဲ့လို့ ငွေငါးချောင်းတော့ မပြည့်မှာ သေချာတယ်။ အမေ၊ အဖွားကို ပြောလိုက်ပါ။ ကျွန်တော်တို့ ရက်နည်းနည်းလောက် စုပြီး လာပို့ပေးမယ်လို့၊ သူသဘောတူမှာပါ။”ဟု တာ့ကျွမ်းသည် ပိုက်ဆံပုံးကို ထုတ်ပေးရင်း ပြောခဲ့သည်။
ဝမ်စန်းအာသည် သဘာ၀ကျကျပင် ဒေါသအပြည့်ဖြင့် သူ့လက်သီးများကို ခပ်တင်းတင်းဆုပ်ထားခဲ့သည်။ “လူတစ်ယောက်က ဘယ်အချိန် အလျှော့ပေးရမလဲ၊ ဘယ်အချိန်မှာ ခုခံရမယ်ဆိုတာ သိတယ်။ အခု သူတို့ ဝင့်ကြွားပါစေဦး။ နောက် ငါ ဗိုလ်ချုပ်ဖြစ်လာရင် သူတို့မြင်အောင် ငါလုပ်ပေးမယ်။”
ဝမ်ရှောင်စစ်ကလည်း သဘောတူစွာဖြင့် “အစ်ကိုကြီး အရာရှိကြီးဖြစ်လာရင် ကျွန်တော်တို့ သူတို့တွေ မြင်အောင် လုပ်ပြမယ်။”
ကလေးများ၏ တုံ့ပြန်မှုကို မြင်သောအခါ လီယောင်လည်း မှင်တက်သွားကာ စကားမပြောနိုင်တော့ချေ။ သူတို့ ဘာတွေများ တွေးနေတာပါလိမ့်။
“ငါ သွားမယ်။ ဒါပေမဲ့ တောင်းပန်ဖို့ ပိုက်ဆံပေးဖို့ မဟုတ်ဘူး”
“ဟင်”
ကလေးများသည် တယောက်ကိုတယောက် အချင်းချင်း ဇဝေဇဝါဖြင့် ကြည့်နေခဲ့ကြသည်။
“မေမေ၊ ဒါဆို ဘာအတွက် သွားမှာလဲ”ဟု ဝမ်ရှောင်စစ်က မေးခဲ့သည်။
“ငါတို့ ကြက်မကို ပြန်ယူဖို့လေ”
ဒီအချိန်က မူလကိုယ်၏ မိခင်မိသားစုနှင့် ရှင်းရှင်းလင်းလင်း အဆုံးသတ်ရမည့် အချိန်ပင် ဖြစ်သည်။