အပိုင်း ၆၉-၇၀
Viewers 23k

Part 69


"ဒါကြောင့် အဓိကအချက်က အနည်းဆုံး စတုရန်းမီတာ ၂၀ ရှိတဲ့ နေရာရှိဖို့ပဲ...ကျယ်ချင်ရင် ဧရိယာစတုရန်းမီတာ ၃၀ ဒါမှမဟုတ် ၄၀ လိုမယ်..." 


ကျန်းယန်ရှန့် က စိတ်ပါဝင်စားစွာ ရှင်းပြနေသည်။


"အဲဒါဘာလဲ..." 


ကျန်းဟွမ် က မောင်နှမသုံးယောက်ကို မေးလိုက်သည်။ 


ကျန်းရှို့ချန် က တက်ကြွစွာ ဖြေလိုက်သည်။


"အစ်မက သားတို့အိမ်မှာ VR အခန်းတစ်ခု လုပ်မယ်လို့ ပြောနေတာ...ဒါဆို သားတို့ အိမ်မှာ ကစားလို့ရပြီ...” 


ကျန်းဟွမ် : "အိုး..." 


ကျန်းဟယ်လင်း က ဟိုဒီကြည့်ရင်းပြောသည်။


"ဘယ်နေရာဆို ကောင်းမလဲ..."


"အရေးကြီးတာက အိမ်မှာ ဒီလောက်ကျယ်တဲ့ နေရာလွတ် မရှိဘူး...” 


"သားအခန်း...သား အခန်းက အဆင်ပြေတယ်...အားလုံးကို သားအခန်းထဲမှာထား..." 


သူ့အခန်းထဲသာ ထားလိုက်ပါက သူ့အခန်းတံခါးကို ပိတ်ပြီး တစ်နေကုန် ကစားနေမည်ကို ကြိုသိနေ၍ ကျန်းယန်ရှန့် နှင့် ကျန်းဟယ်လင်းတို့က ပြိုင်တူ နှာခေါင်းရှုံ့လိုက်ကြသည်။


မောင်နှမသုံးယောက်ကို ကြည့်၍ ကျန်းဟွမ် က ရယ်မောလိုက်သည်။


"မြေအောက်ခန်းဆိုရင် အဆင်ပြေမလား..." ကျန်းဟယ်လင်းက တွေးတွေးဆဆ ပြောလေသည်။


"အိုး..အဲဒါ အဆင်ပြေမယ်ထင်တယ်..."


ကျန်းယန်ရှန့် ကပြောလိုက်သည်။


"ဒါဆို ညီမက အိမ်အကူ အဒေါ်တွေကို အခန်းထဲကဟာတွေ အကုန်ရွှေ့ခိုင်းလိုက်မယ်...မဟုတ်ဘူး...အဲဒီအခန်းရဲ့ အကျယ်ကို အရင်တိုင်းကြည့်ရအောင်...” ကျန်းဟယ်လင်း က ပြောသည်။


“သား တိုင်းလိုက်မယ်..."


"နင်မရှုပ်စမ်းနဲ့..." 


ကျန်းဟယ်လင်းက ကျန်းရှို့ချန် ကို ငေါက်လိုက်သည်။


“ဒါဆို တိုင်းပြီးတဲ့ အချိန်ကျရင် ပြော...ဝယ်ဖို့ အစ်မ တာဝန်ယူပါ့မယ်..."


ကျန်းဟွမ် : “…”


ကျန်းဟွမ် က သူ့နဖူးကို တစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်။


"အဘိုးတို့ အဘွားတို့ရယ်...ဝိုင်းမရှုပ်ကြပါနဲ့... အဲဒီအခန်းက ၃၀ စတုရန်းမီတာ.. တိုင်းစရာ မလိုဘူး...မှတ်မိတယ်...ပစ္စည်းတွေ မရွှေ့ပါနဲ့...အဖေစီစဉ်ပေးမယ်...ဘာမှ မရွှေ့နဲ့နော်....” 


"ဒါဆို..ရောင်းတဲ့သူက ဆက်သွယ်လာတဲ့အခါ အဖေ သူတို့ကို ငွေချေပေးပါ..." 


ကျန်းယန်ရှန့် က ပြောသည်။


"ဟုတ်ပါပြီ..." 


ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန် တို့ ပျော်ရွှင်သွားကြသော်လည်း ကျန်းယန်ရှန့် မှာ အရယ်အပြုံး ကင်းမဲ့နေသည်။ 


ညစာစားပြီးချိန်မှ လျန့်ကျန်း ပြန်ရောက်လာသည်။သူက ပျော်ရွှင်နေပုံရပြီး BMW ကားသော့ကို စားပွဲပေါ်တွင် ထားလိုက်သည်။


ယနေ့ ထိုကားကြောင့် ရုံးရှိလုပ်ဖော်ကိုင်ဖက်များကြားတွင် နာမည်ကြီးသွားလေသည်။


“မင်းက သူဌေးကျန်း ရဲ့တူလေး ဆိုတော့ ဘွဲ့ရပြီးတာနဲ့ BMW ကားကို စီးရတာပေါ့ကွာ... ငါတို့ဆို အခုထိ မြေအောက်ရထားမှာ တိုးနေရတုန်း..."


BMW သည် ကျန်းအိမ်တွင် အိမ်အကူများက ဈေးဝယ်ရန် အသုံးပြုကြမှန်း သူတို့မသိကြပေ။ထို့ကြောင့် သူတို့ကို အိမ်ရှိ ကာလီနန် သို့မဟုတ် ဖရာရီ တို့အား ခေါ်ပြချင်လှသည်။


ထိုသူငယ်ချင်းအဖွဲ့ထဲမှ နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ဘွဲ့ရသည့် ကေမြို့သူ အလုပ်သင်မလေးမှာ လျန့်ကျန်းကို BMW မျက်နှာကြောင့် သူမက အလွန်အရေးပေးလေသည်။


ထို့နောက် လျန့်ကျန်းက သူတို့ကို BMW ဖြင့် မြို့တစ်ပတ်မောင်းပြရုံသာမက ညစာပါ ဧည့်ခံ ကျွေးမွေးခဲ့သည်။ညစာစားပြီး‌နောက် ထိုအလုပ်သင် ဝန်ထမ်းမလေးကို အိမ်ပြန်ပို့ပေးခဲ့သည်။


ယနေ့အမှန်ပင် ပျော်စရာကောင်း‌‌လေသည်။


ကလေးနှစ်ယောက်မှာ VR အခန်းအကြောင်း အဆက်မပြတ် ပြောနေကြပြီး အကြီးဆုံးသမီးမှာ ဆိုဖာပေါ်တွင် ထိုင်ပြီး တက်ဘလက်ဖြင့် VRစက်များ၏ ကိုးကားချက်ကို ဖတ်နေသည်။


 ကျန်းဟွမ်က လက်ဖက်ရည် သောက်ရင်း သူတို့နမာင်နှမကိုကြည့်ကာ မိသားစု၏ အနှစ်သာရကို ကြည်နူးစွာ ခံစားနေသည်။


လျန့်ကျန်း က ကျန်း မိသားစုသည် ခန်းမငယ်ထဲတွင် ရှိနေကြောင်း သိရသဖြင့် အပေါ်ထပ်သို့ တက်လာသည်။


“ကျွန်‌တော့်အန်တီ ဘယ်မှာလဲ...” 


ကျန်းဟွမ် စိတ်ထဲတွင် ဖြတ်ကနဲ တွေးလိုက်မိသည်။


'မင်းအဒေါ်သာ.. ဒီမှာရှိနေရင် ဒီလို ကြည်နူးစရာ ကောင်းမှာ မဟုတ်ဘူး..' 


သူက လျန့်ကျန်းကို ဖြေမနေတော့ဘဲ အလုပ်အကြောင်းကိုသာ မေးလိုက်သည်။


"အလုပ်မှာ အဆင်ပြေရဲ့လား..." 


လျန့်ကျန်း သည် ဤမေးခွန်းအတွက် စိတ်အားထက်သန်လွန်းသဖြင့် ချက်ချင်း ပြောလိုက်သည်


"ဦးလေး...ကျွန်‌တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က စပြီး ရုံးမှာ သေချာကြည့်နေတာ... ပြဿနာတွေအများကြီးတွေ့ရတယ်..." 


ထို့နောက် လျန့်ကျန်းက အဖွဲ့ခေါင်းဆောင် ရှု လုပ်ခဲ့သည့်ပြဿနာများ၊ မန်နေဂျာဝမ် ၏ အမှားများ နှင့် သူတို့နေရာတွင် သူသာဆိုလျှင် မည်သို့လုပ်မည့်အကြောင်းများကို ရွှန်းရွှန်းဝေအောင် ပြောနေလေ၏။


ကျန်းဟွမ် သည် လျန့်ကျန်း၏ စကားကို နားထောင်ပြီးနောက် အလွန် စိတ်မောသွားသည်။


အလွန်နက်နဲသော ကုမ္ပဏီလုပ်ငန်းကြီးတစ်ခုကို လျန့်ကျန်းက ရက်ပိုင်းအတွင်း သိနိုင်မည် မဟုတ်ပေ။ ကျန်းဟွမ်သည် ယခင်က ဆင်းရဲသော ဆွေမျိုးများစွာနှင့် ဆက်ဆံခဲ့ဖူးသော် လည်း လျန့်ကျန်းလောက် လက်ပေါက်မကပ်ကြပေ။သူ့နေရာနှင့်သူ အားကိုးရသူချည်း ဖြစ်သည်။


Xxxxxxx


Part 70


ကျန်းယန်ရှန့် က လျန့်ကျန်းစကားကို ဆက်နားမထောင်နိုင်၍ တက်ဘလက်ကိုပိတ်ကာ လှည့်ထွက်သွားသည်။


ကျန်းယန်ရှန့်က လျန့်ကျန်း ကို မျက်နှာသာမပေးသည့် အကြောင်းရင်းကို ကျန်းဟွမ် နားလည်သွားသည်။


ကျန်းဟွမ်သည် လျန့်ကျန်း ၏ စကားကို နားထေင်နေစဉ် ကျန်းယန်ရှန့်က ထွက်သွားပြီး ကလေးနှစ်ယောက်လည်း လိုက်သွားကြသည်။


ကျန်းဟွမ်က သူ့မိသားစု၏ ပျော်ရွှင်စရာ အချိန် ပျက်သွားသလို ခံစားလိုက်ရ၍ အလွန်မကျေနပ် ဖြစ်သွားသည်။ ထို့ကြောင့် အရေးကြီးကိစ္စများကို ပေါ့ပေါ့တန်တန် ပြောဆိုနေသည့် လျန့်ကျန်း၏ စကားကို နားမထောင်ဘဲ လစ်လျူရှုလိုက်သည်။


ကျန်းဟွမ်က လျန့်ကျန်းကို လက်ပြ၍ တားပြီး သူ့ကလေးများကို ဆက်ထိုင်နေရန် လှမ်းပြောလိုက်သည်။


"သမီးတို့...စကားဆက်ပြောကြရအောင်...."


ကျန်းယန်ရှန့် က လှည့်မကြည့်ပဲ ပြောလေသည်။


"ဆူညံနေတာပဲ...အခန်းထဲပြန်တော့မယ်..." 


"ဟယ်ဟယ်...ဟယ်ဟယ်... မသွားနဲ့ အဖေနဲ့ စကားပြောရအောင်...."


ကျန်းဟယ်လင်း သည် အမြဲ အကျင့် စာရိတ္တ ကောင်းမွန်ပြီး နာခံမှုရှိသူ ပီပီ ကျန်းဟွမ် တားလိုက်‌သောအခါ သူမက ကျန်းရှို့ချန် လက်ကို ဆွဲထားလိုက်သည်။


ထို့နောက် ကျန်းဟွမ်က ကျန်းရှို့ချန် ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်လိုက်ပြီး ‌ချစ်စဖွယ်ပြောနေတော့သည်။


"အဖေ့ကို ပြောပါဦး...သား...ဘယ်လို စက်လိုချင်လဲ..." 


ကျန်းရှို့ချန် က ဝမ်းသာအားရပြောသည်။


"ကားမောင်းဖို့ဟာက တစ်ခု..နောက်တစ်ခုက သေနတ်ပစ်ဖို့..." 


လျန့်ကျန်းကို မည်သူမျှ ဂရုမစိုက်‌ကြဘဲသူ၏ အတွေးအမြင်များ၊ ထင်မြင်ချက်များနှင့် အကြံပြုချက်များ ကို နားမထောင်ပေးကြတော့ပေ။ထို့ကြောင့် လျန့်ကျန်းက ရှက်သွားပြီး စိတ်အနှောင့်အယှက် ဖြစ်သွား သော်လည်း ကျန်းဟွမ်ကို အပြစ်မတင်ချင်‌ပေ။အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် ဦးလေးဖြစ်သူနှင့် သူကိုယ်တိုင်သည် မိသားစုဝင်များဟု မှတ်ယူထားသောကြောင့် ဖြစ်သည်။ထို့ကြောင့် သူက မကျေနပ်ချက်များကို ကျန်းယန်ရှန့်ဆီသာ စုပုံလိုက်သည်။


လျန့်ကျန်းက ကျန်းဟယ်လင်းကို မကျေမနပ်ဖြင့် မေးလိုက်သည်။


“နင်တို့ ဘာတွေပြော နေကြတာလဲ...” 


ကျန်းဟယ်လင်းက ဝမ်းကွဲအစ်ကိုကို သဘောမတွေ့သော်လည်း သူမက ကောင်းမွန်စွာ ဖြေလိုက်သည်။ 


"ဒီနေ့...ညီမတို့ ဂိမ်းကစားဖို့ VR ဂိမ်းစင်တာကို သွားတယ်လေ....အစ်မက အိမ်မှာ VR ခန်း ဆောက်ပေးမယ်လို့ ပြောတယ်....


ထို့နောက် သူမက လျန့်ကျန်း ကို စောစောက ဆွေးနွေးခဲ့သည့် သူတို့ဝယ်မည့် စက်အားလုံးကို ပြောပြလိုက်သည်။


လျန့်ကျန်းက အံ့အားသင့်စွာ မေးလိုက်သည်။


" ပိုက်ဆံအများကြီးကုန်မှာ မဟုတ်လား..."


"အများကြီးမဟုတ်ပါဘူး...အစ်မပြောတာကတော့ ယွမ်သန်းဝက် လောက်ပဲကုန်မှာ တဲ့..." 


လျန့်ကျန်း : “…”


ယွမ်သန်းဝက်သည် သူ့အတွက် ကားတစ်စီးဝယ်၍ရသော ပမာဏဖြစ်သည်။ထို့အပြင် ကျန်းဟယ်လင်း က သန်းတစ်ဝက်ဟု ပြောလိုက်သည့်အခါ သူမလေသံက သာမာန် မုန့်ဖိုးလောက်သာ သဘောထားသည့် ပုံစံဖြစ်နေသည်။ 


လျန့်ကျန်း ချက်ချင်းပင် မနာလိုစိတ်တို့ ပြည့်နေတော့သည်။ကျန်းဟွမ် က ကျန်းရှို့ချန် ကို ဖက်ထားပြီး စကားပြောနေသည်ကို လုံးဝ မကြားနိုင်တော့ပေ။


သူ့ဦးလေး၏ ကုမ္ပဏီကို အကြံကောင်း ပေးချင်သော်လည်း ကျန်းယန်ရှန့်က နှောင့်ယှက်လိုက်သဖြင့် ပျက်သွားရသည့် အတွက်လည်း စိတ်ဆိုးနေသည်။


ထို့အပြင် သူက ဦးလေးဖြစ်သူထံ မန်နေဂျာ သို့မဟုတ် ဒါရိုက်တာ အဖြစ်ရာထူးတိုး ပေးရန် ပြောချင်နေသေးသည်။ 


သူက ကျန်းဟယ်လင်းကို စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။


"ဘာလို့ ဂိမ်းဆိုင်မှာ မကစားတာလဲ..." 


ကျန်းရှို့ချန်က ဝင်ပြောလိုက်သည်။


"VR ဂိမ်းစင်တာမှာ လူများလွန်းလို့ တန်းစီရမှာ..." 


ယခုကာလသည် နွေရာသီအားလပ်ရက်ဖြစ်သည့်အတွက် ဂိမ်းဆိုင်များသည် လူစည်ကားတတ်သည်။ယနေ့ သွားစဥ်က စောင့်ဆိုင်းနေသည့် လူတန်းကြီးမှာ ရှည်လျားလှပြီး ဂိမ်းစက်မှာလည်း နှစ်လုံးသာရှိ၍ အချိန်အတော်ကြာ တန်းစီခဲ့ရသည်။


ကျန်းရှို့ချန် သည် တန်းစီရခြင်းကို စိတ်မရှည်သူ ဖြစ်သည်။ သို့သော် ကျန်းယန်ရှန့်က သူ့ကို အတင်းအကြပ် တန်းစီခိုင်းသည့်အတွက် သူတန်းစီခဲ့ရသည်။


"တန်းစီရတာ ဘာဖြစ်လို့လဲ...ခုခေတ်မှာ ဘယ်မှာမဆို တန်းစီရတယ်..." 


လျန့်ကျန်း က မကျေမနပ် ပြောလိုက်သည်။


လျန့်ယင်းယင်း အိမ်ပြန်ရောက်သည်နှင့် ကျန်းဟွမ်က ယနေ့ ညစာစားပွဲကို ဖျက်သိမ်းခဲ့ပြီး စောစောပြန်လာသည့်အကြောင်းကို အိမ်အကူအဒေါ်တစ်ယောက်ဆီက သိလိုက်ရသည်။


ကျန်းဟွမ် ရှိနေသည့် ဧည့်ခန်းမငယ်လေးဆီသို့ အမောတကော တက်လာသည်။ 


လျန့်ယင်းယင်းသည် သူမ ဝင်လာလာချင်း ခင်ပွန်းဖြစ်သူက သားဖြစ်သူကို ဖက်ထားသည်ကို လှမ်းမြင်လိုက်ရ၍ ပျော်ရွှင်သွားသည်။အထူးသဖြင့် ကျန်းယန်ရှန့်ကို မတွေ့ရသောကြောင့် သူမ ပို သဘောကျသွားသည်။


"ဘာတွေ ပြောနေကြတာလဲ..." 


သူမက ပြုံး၍ မေးလိုက်သည်။


လျန့်ကျန်း က ​​နာကြည်းမှု အပြည့် နှင့် သူ့အဒေါ်ကို ပြောလိုက်သည်။ 


“အန်တီ...အပြင်မှာ တန်းစီမနေချင်လို့တဲ့... ဂိမ်းစက်ဝယ်ပြီး အိမ်မှာတင်ထားမလို့တဲ့...ယွမ်ထောင်ပေါင်းများစွာ ကုန်မှာ....ကလေးတွေအတွက် အကျင့်ဆိုးကြီး ဖြစ်သွားလိမ့်မယ်...”


ကျန်းဟယ်လင်းသည် လျန့်ကျန်းကို ဒေါသထွက်သွားသော်လည်း မည်သို့ ချေပရမှန်း မသိပေ။


ထိုအချိန်တွင် ကျန်းရှို့ချန် သည် ကျန်းဟွမ်၏ ပေါင်ပေါ်မှ ခုန်ဆင်းကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။


"သားတို့မိသားစု ရဲ့ ပိုက်ဆံကို သုံးတာ အစ်ကိုကြီးနဲ့ မဆိုင်ဘူး..." 


ဒင်းကလေးက လူကြီးကို ဘယ်လို ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာလဲ...


လျန့်ကျန်း ဒေါသထွက်လာသည်။ သူသည် လျန့် မိသားစု၏ အကြီးဆုံးမြေးဖြစ်ပြီး မိသားစုတွင် သူသည် ကျန်းရှို့ချန်ကဲ့သို့ အလိုလိုက်ခံထားရသူ ဖြစ်သည်။ 


ဒီ ၇နှစ်အရွယ် ကလေးက ငါ့ကို အော်ရတယ်လို့.... 


သူက ချက်ချင်း ကျန်းရှို့ချန်း၏ လက်ကို ဆွဲကိုင်လိုက်ပြီး အော်ပြောတော့သည်။


"ငါက မင်းရဲ့အစ်ကိုမို့ မင်းတို့ကို ဂရုစိုက်ပေးတာကွ..." 


ကျန်းရှို့ချန် သည်လည်း ဆွေမျိုးသားချင်းများကြားတွင် အလိုလိုက်ခံထားရသူ ဖြစ်သည့်အပြင် သူ့အဖေနှင့်အမေတို့လည်း ဘေးတွင်ရှိနေသဖြင့် လျန့်ကျန်းကို မကြောက်ပေ။


"ဘာကို ဂရုစိုက်တာလဲ...ဘာကို ဂရုစိုက်တာလဲ..."


ကျန်းရှို့ချန် က ခါးထောက်လိုက်ပြီး လျှာထုတ်ပြလိုက်ရာ ကျန်းဟယ်လင်းမှာ ကြိတ်ရယ်နေတော့သည်။


Xxxxx,X