အပိုင်း ၆၃-၆၄
Viewers 23k

Part 63


E


ကျန်းဟွမ် ကျန်းယန်ရှန့် ထံမှမက်ဆေ့ခ်ျကို ကြည့်‌လိုက်ပြီး ဖုန်းကို ပိတ်လိုက်၍ အခြားသူများနှင့် အလုပ်ဆက်လုပ်ကြသည်။


ကျန်းဟွမ်သည် ယနေ့ နေ့လယ်တွင် ဂေါက်ရိုက်ရာမှ ကုမ္ပဏီသို့ ပြန်ရောက်ပြီးနောက် လူ့စွမ်းအား အရင်းအမြစ် ကြီးကြပ်ရေးမှူးက လာပြောသည်။


"လျန့်ကျန်း က သူဌေးရဲ့တူလေးဆိုတာ လဝန်ထမ်းတွေအားလုံးက သိသွားကြလို့ သူ့ကို အရမ်းဂရုစိုက်နေကြတယ်...."


ကျန်းယန်ရှန့် ထံမှ မက်ဆေ့ခ်ျကို တွေးကြည့်မိပြီး သူအနည်းငယ် ရိပ်မိသွားသည်။


ညနေစောင်းလျှင် သူနှင့် လျန့်ကျန်း တို့သည် ရှေ့ဆင့်နောက်ဆင့် အိမ်ပြန် ရောက်လာကြသည်။ကျန်းဟွမ် က ဘန့်တ်လေ ကားကိုစီးလာပြီး လျန့်ကျန်း က တက္ကစီစီး၍ ပြန်လာခဲ့သည်။


 “ဦးလေး...ပြန်ရောက်ပြီးလား...." 


ကျန်းဟွမ် က ပြုံးလိုက်ပြီး လျန့်ကျန်း ကို ပြန်မပြောမီ လျန့်ယင်းယင်း ၏  ကားသံကို ကြားလိုက်ရသည်။လျန့်ယင်းယင်း မှာ လျန့်ကျန်း စကားမှားသွားမည်ကို စိုးရိမ်သောကြောင့် ကားထဲမှ အမြန် ထွက်လာခဲ့သည်။


သူမသည် ဇာတိအိမ်သို့ အလည်ပြန်ပါက အိမ်တွင် မျက်နှာပန်းလှစေရန် ကျန်းဟွမ်က သူမကို မည်မျှ ချစ်ခင်ကြောင်း အမြဲလိုလို ကြွားလုံး ထုတ်တတ်သူ ဖြစ်သည်။


သူမက ကျန်းဟွမ်ကို ချစ်စဖွယ်  ပြုံးပြပြီး အလျင်စလို နှုတ်ဆက်လိုက်သည်။


"ပြန်လာပြီလား...အဝတ်အစားတွေလဲပြီး ညစာစားရအောင်လေ... ကလေးတွေအားလုံး အိမ်ပြန်ရောက်နေကြပြီ...ဒီနေ့လေ  ရှို့ရှို့အရမ်းလိမ္မာတာပဲ…”


ထို့နောက် လျန့်ယင်းယင်းသည် ကျန်းဟွမ် လက်ကိုတွဲ၍ အိမ်ထဲဝင်သွားခဲ့သည်။ 


အိမ်ထဲသို့ ရောက်လျှင် ကျန်းဟွမ် သည် အဝတ်အစားလဲရန် အပေါ်ထပ်သို့တက်သွားစဉ် လျန့်ယင်းယင်းက လျန့်ကျန်း ကို ဆွဲ‌ခေါ်လာပြီး ဆူလိုက်သည်။


 "နင့် မျက်နှာက ဘာဖြစ်နေတာလဲ...ဦးလေးရှေ့မှာ မျက်နှာကဆူပုပ်နေတာပဲ..." 


“ဦးလေးက ကုမ္ပဏီကို လာပေမယ့် အိမ်ပြန်ချိန်ကျတော့ သူကျွန်တော့်ကို မခေါ်လို့ တက္ကစီစီးပြီး ပြန်ခဲ့ရတယ်...၂၀ယွမ်လောက် ကုန်သွားတယ်...." 


"ပိုက်ဆံ နည်းနည်းလေးပဲဟာကို... နှစ်သစ်ကူးနဲ့ အားလပ်ရက်တုန်းက ငါ မုန့်ဖိုးတွေ အများကြီးပေးထားတယ် မဟုတ်လား...အဲ့ဒါတွေ ဘယ်ရောက်ကုန်ပြီလဲ.....” 


"အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ...." 


“မပြောနဲ့တော့..” 


လျန့်ယင်းယင်း သည် တူဖြစ်သူ၏ သိမ်ငယ်နေသော ပုံစံကို မကြည့်ရက်တော့၍ မုန့်ဖိုးပေးရန် ဆုံးဖြတ်လိုက်သည်။


"ဘယ်လောက်ပေးရမလဲ...." 


"လောက်အောင်တော့ ပေးပေါ့...ဦးလေးက ကျွန်တော့်ကို ဒီမှာ နေစေချင်ပုံ မရဘူး...." 


“နင့်ဦးလေးလို သူဌေးကြီးတစ်ယောက်က နင့်ကို ဘယ်လိုလုပ် ဂရုစိုက်နိုင်မလဲ...နင့်ဦးလေးရဲ့ ကားနဲ့လိုက်ဖို့ မစဉ်းစားနဲ့.....သူ့မှာ မိနစ်တိုင်း ဝင်ထွက်နေတဲ့ ယွမ်ငွေ သန်းချီရှိတယ်... နင့်ကြောင့် တစ်မိနစ်လောက် အချိန်နှောင့်နှေးသွားရင် ဆုံးရှုံးသွားနိုင်တယ်...."


"ဒါဆို  နောက်ဆို အလုပ်ကို ဘယ်လိုသွားရမှာလဲ..အဝေးကြီးပဲ...”


 လျန့်ကျန်း က မကျေမနပ်ဖြစ်၍ မေးလိုက်သည်။


မြို့ကြီးပြကြီးတွင် တစ်နေရာနှင့် တစ်နေရာသို့ တစ်နာရီခန့် သွားလာရသည်မှာ ပုံမှန်ဖြစ်သော်လည်း လျန့်ကျန်းမှာ နယ်မြို့မှ ရောက်လာသူ ဖြစ်သည်။ ထို့အပြင် တက္ကသိုလ်တက်စဉ်ကတည်းက ကျောင်းဆောင်တွင် နေထိုင်ခဲ့ပြီး ခရီးထွက်လေ့မရှိပေ။ 


လျန့်ကျန်း က ကျန်းယန်ရှန့် အကြောင်းပြောရန် အစချီလိုက်သည်။


"ကျန်းယန်ရှန့် က ဒီမနက်က..." 


လျန့်ယင်းယင်း က သူ့ပါးစပ်ကို လက်ဖြင့် လှမ်းပိတ်လိုက်သည်။ 


“တော်တော့..နင့်အဖေဖုန်းလှမ်းဆက်လို့ အားလုံးသိပြီးပြီ...အဲ့ဒီ ကလေးမကို ဘယ်သူမှ မထိန်းနိုင်ဘူး...ဒါ​ပေမယ့်​ နင် သူမနဲ့ ရန်​ဖြစ်လို့မရဘူး နားလည်လား..." 


လျန့်ကျန်း ၏ လက်မောင်းကိုဆွဲကိုင်လိုက်ကာ သူမက ဆက်ပြောပြန်သည်။ 


"ဘာပဲဖြစ်ဖြစ်၊ သူက နင့်ဦးလေးရဲ့အကြီးဆုံးသမီးပဲ....နင်သူမကို စိတ်ဆိုးအောင်မလုပ်နဲ့ ...."


“သိပါပြီ...ဦးလေးရဲ့မျက်နှာကို ထောက်ထားလိုက်မယ်..သူမနဲ့ ရန်မဖြစ်တော့ဘူး..." 


လျန့်ကျန်း က မကျေမနပ် ပြန်ပြောလိုက်သည်။


Xxxxxxx


Part 64


“‌‌နေပါဦး...‌ နောက်ဆို အလုပ်သွားတဲ့အခါ ဘာလုပ်ရမလဲ...တကယ် ဘတ်စ်ကားစီးရမှာလား..." 


လျန့်ကျန်းသည် ဘတ်စ်ကားစီးခြင်းကို ရှက်စရာကောင်းသည်ဟု ယူဆထားသူဖြစ်သည်။သို့သော် နေ့စဉ် တက္ကစီစီးရန်လည်း ပိုက်ဆံမတတ်နိုင်ချေ။


သူက လျန့်ယင်းယင်းသည် နေ့စဉ်ကုန်ကျမည့် တက္ကစီစရိတ်ကို  ပေးလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ရလဒ်မှာ သူမျှော်လင့်ထားသည်ထက် ပိုကောင်းနေ၏။


လျန့်ယင်းယင်းက ဒေါသတကြီး‌ပြောလိုက်သည်။


“ဘာဘတ်စ်ကား အကြောင်း ပြောနေတာလဲ...နင်  သိက္ခာကျခံ နိုင်ပေမယ့် ငါ အကျမခံနိုင်ဘူး...နင့်ယာဉ်မောင်းလိုင်စင် ယူလာခဲ့..နင်မောင်းဖို့ ကားပေးမယ်..." 


လျန့်ကျန်း က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။


 "သွားယူလိုက်ဦးမယ်...ဒါဆို အန်တီ့ရဲ့ ဖရာရီကားကို အလုပ်သွားရင် မောင်ချင်တယ်..."


လျန့်ယင်းယင်းမှာ မေ့လဲကျလုနီးပါး ဖြစ်သွားသည်။ 


နင်မို့လို့ ပြောရဲတယ်..


လျန့်ယင်းယင်း က ဒေါသတကြီးဖြင့်အော်ဟစ်လိုက်သည်။ 


“ဘာတွေ တွေးနေတာလဲ....ငါ ဖရာရီကားစီးရတာ နှစ်ရက်ပဲ ရှိ‌သေးတယ်...ငါ နောက်တစ်ခါ ကားအသစ်ဝယ်မှ  ဒီဖရာရီကို ပေးစီးမယ်...." 


လျန့်ယင်းယင်းက ပိုပိုသာသာလေး ပြောလိုက်သည်။ ကျန်းယန်ရှန့် ကြားလျှင် သူမကို လှောင်ရယ်မည်မှာဧကန်ပင်။ 


လျန့်ကျန်း သည် ​​ သူ့မွေးရပ်မြေသို့ ဖရာရီကားကို မောင်းလာသည့်အခါ  အတန်းဖော်များကို မည်သို့ မည်ပုံ ကြွားပစ်လိုက်မည်ဟု အားခဲနေလေသည်။


ညစာစားပြီးနောက်......


 လျန့်ကျန်းက လျန့်ယင်းယင်း ကို မျက်စပစ် ပြလိုက်ပြီး  'သူ့ကား'ကို သွားကြည့်ချင်ကြောင်း အရိပ်အခြည်ပြနေ၏။


လျန့်ယင်းယင်း က ပြုံးလိုက်ပြီး ကျန်းဟွမ်ကို ပြောလိုက်သည်။


"ယောက်ျား...ရှောင်ကျန်းက‌လေအလုပ်သွားရတာ အဆင်မပြေဘူး...ပြီးတော့ နေ့တိုင်း ရှင့်ကားကို လိုက်စီးရင်လည်း ရှင့်အချိန်တွေကို နှောင့်နှေးတယ်လေ...အဲ့ဒီတော့ အိမ်က BMW ကားကို သူ့ကို မောင်းခိုင်းလိုက်မယ်လေ....ဘယ်လိုသဘောရလဲဟင်..." 


BMW သည် ကျန်းမိသားစုထဲရှိ ကားများထဲတွင် ဈေးအသက်သာဆုံးကားဖြစ်ပြီး အိမ်အကူ အဒေါ်များအတွက် ဈေးဝယ်သွားရန် သီးသန့်ထားပေးခြင်း ဖြစ်သည်။ကျန်းဟွမ်က ဤသို့သော အသေးအဖွဲ့ ကိစ္စများကို ခေါင်းရှုပ်ခံပြီး စဉ်းစားချင်သူ မဟုတ်ပေ။


 "ရတယ်...ပေးမောင်းလိုက်..." 


လျန့်ယင်းယင်းက သဘောကျသွားပြီး လျန့်ကျန်းကို  ကားကြည့်ရန် ဂိုဒေါင်သို့ ခေါ်သွားသည်။


ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့သည် ဂိမ်းဆော့ရန် အပေါ်ထပ်အခန်းသို့ တက်သွားကြသည်။ကျန်းယန်ရှန့်ကလည်း  အပေါ်ထပ်သို့တက်ရန် ပြင်လိုက်သည်။


"ယန်ယန်..." 


ကျန်းဟွမ် က ချစ်စနိုးဖြင့် လက်ယပ်ခေါ်လိုက်သည်။ 


ကျန်းယန်ရှန့် : “…” 


တကယ်တမ်းတွင် ကျန်းယန်ရှန့်သည် ၁၅နှစ်အရွယ် ကျန်းယန်ရှန့် မဟုတ်ပေ။ ထို့ကြောင့် သူမ၏ မှတ်ဥာဏ်ထဲတွင် ကျန်းဟွမ်သည် ဤကဲ့သို့ ပေါ့ပေါ့ပါးပါး နှင့် ရင်းနှီးချစ်ခင်သော အမူအရာမျိုး မလုပ်သည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။


ထို့နောက် ကျန်းယန်ရှန့် သည် သူမသေဆုံးချိန်တွင် ငိုနေသော ဖခင်ဖြစ်သူကို ပြန်လည်အမှတ်ရမိသည်။ထိုစဥ်က သူမ ငယ်စဉ်ကလေးဘဝက ရှိခဲ့သော စိတ်ချမ်ူမြေ့စရာ အချိန်များသည် ပျောက်ကွယ် လုနီးပါးဖြစ်နေလေသည်။


ထို့နောက် သူမ၏ အသုဘအခမ်းအနား၊ သင်္ချိုင်းနှင့် အုတ်ဂူများ အားလုံးကို  ခမ်းနားစွာပြုလုပ်ခဲ့ပြီး သူမကို မိခင်ဖြစ်သူ၏ အုတ်ဂူဘေးတွင် မြှုပ်နှံခဲ့သည်။


ကျန်းယန်ရှန့် သည် သူမ၏ နှလုံးသားထဲတွင် ရှုပ်ထွေးသော အရသာကို ခံစားနေရစဉ် ကျန်းဟွမ်၏ အသံက နားထဲသို့ တိုးဝင်လာတော့သည်။


 "သမီး ဘာဖြစ်နေတာလဲ..." 


သမီးဖြစ်သူသည် ယခုတလော အနေအေးနေ၍ ကျန်းဟွမ်က သဘောအကျကြီး ကျလျက်ရှိသည်။


"ဒီနေ့ဘာဖြစ်တာလဲ အဖေ့ကိုပြောပြပါဦး...အဖေနဲ့သမီး စကားပြောကြရအောင်...”


 ဧည့်ခန်းမငယ်ဘေးရှိ နံရံတစ်ခုလုံးတွင် ဝိုင်၊အရက်ပုလင်းများထားပြီး ဘားတစ်ခုပြုလုပ်ထားသည်။ထို့နောက် ကျန်းဟွမ်က ဘားတွင်ထိုင်ကာ အရက်မပါသည့် အချိုရည်ကို ဖျော်လိုက်သည်။


 "အဖေ ကော့တေး မဖျော်တော့တာ ကြာပြီ မဟုတ်လား...ဒီဖျော်ရည်က သမီးအကြိုက်ပဲ...မြည်းကြည့်​ပါဦး..."


ကျန်းယန်ရှန့်က ဖန်ခွက်ကိုယူကာ မြည်းကြည့်လိုက်‌လျှင် သူမကလေးဘဝမှ အရသာ အတိုင်းပင်ဖြစ်နေသည်။


ကျန်းယန်ရှန့် ငယ်စဉ်က ကျန်းဟွမ်သည် ဘားတွင် ရောင်စုံဝိုင်များ ဖျော်သည့်အခါ သူမက လက်ခုပ်တီး၍ အားပေးတတ်ပြီး မိခင်ဖြစ်သူမှာ ဘေးတွင်ထိုင်ပြီး နူးညံ့စွာ ပြုံးနေတတ်သည်။


သူမ၏အမေ လောကကြီးမှ ထွက်သွားပြီး‌‌နောက် လျန့်ယင်းယင်း ရောက်လာသည့်အခါ ပျော်စရာအချိန်များလည်း ပျောက်ကွယ် သွားရပါတော့သည်။


Xxxxxxx