Part 59
လျန့်ကျန်း သည် ကျန်းဟွမ် ပြောခဲ့သည့် "ပထမနေ့" ဆိုသည့်စကားကို အမှန်တကယ် နားမလည်ခဲ့ပေ။ အလုပ်ရှင်သူဌေးနှင့်နေ့တိုင်း ကားအတူစီးခွင့်ရမည်ဟု အတွေးရောက်လျက်ရှိသည်။
သို့သော်လည်း အင်္ဂါနေ့တွင် ကျန်းဟွမ်နှင့်အတူ ဇိမ်ခံကားကြီးကို မစီးခဲ့ရပေ။
သူက ထမင်းစားခန်းထဲတွင် မနက်စာစားပြီးစောင့်နေသော်လည်း ကျန်းဟွမ် ဆင်းလာသည်ကို မတွေ့ရ၍ အိမ်အကူအဒေါ်ကို မေးကြည့်လိုက်သည်။
“ဆရာကြီး ထွက်သွားပါပြီ...ဆရာကြီး ဂေါက်ရိုက်ဖို့ ချိန်းထားတာရှိလို့ သွားတာပါ...အခုဆို ရာသီဥတုက ပူတော့ မနက်စောစော ကစားကြမှာ....”
လူချမ်းသာကြီးများသည် ကျန်းမာရေးကို အထူးဂရုစိုက်ကြ၍ ဂေါက်ရိုက်သည့်အခါ နေရောင်ခြည်၊ လေ နှင့် မြက်ခင်းပြင်တို့ အားလုံးစုံလင်မှသာ ကစားလေ့ရှိသည်။
"ကားရော ယူသွားသေးလား..."
အိမ်အကူအဒေါ်က ပြုံးပြီး ပြောလေသည်။
“ဟုတ်ကဲ့...ယူသွားပါတယ်...."
ယခုအချိန်သည် လျန့်ယင်းယင်း လည်း အိပ်ရာမထသေး၍ အကူအညီမတောင်း၍မရနိုင်သဖြင့် ထမင်းစားခန်းတွင်သာ ထိုင်ပြီး ညည်းညူနေလေ၏။
"ဒါဆို ငါ ကုမ္ပဏီကို ဘယ်လို သွားရမလဲ..."
ကျန်း မိသားစု၏ အိမ်ကြီးသည် ဗီလာ နယ်မြေတွင်ရှိသောကြောင့် ကိုယ်ပိုင်ကားမရှိလျှင် အခက်အခဲ ဖြစ်နိုင်သည်။ကျန်းအိမ်အနီးတွင် ရေကန်တစ်ခုရှိပြီး ပတ်ဝန်းကျင်အလွန်ကောင်းမွန် သော်လည်း အနီးနားရှိ လူနေအိမ်များသည် လူကုံထံများဖြစ်သောကြောင့် ဘတ်စ်ကား မှတ်တိုင်နှင့် မြေအောက်ရထား ဘူတာများ မရှိပေ။
ကျန်းယန်ရှန့် က ပါးစပ်ကို တစ်ရှူးနှင့် သုတ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွား သည်။
လျန့်ကျန်း က ကျန်းဟယ်လင်း ကို မဲ့ကာပြောလိုက်သည်။
"နင့် အစ်မက မာနကြီးလွန်းတယ်....."
ညီမ ဝမ်းကွဲနှစ်ယောက်တွင် တစ်ယောက်က မာနကြီးပြီး နောက်တစ်ယောက်က ညံ့ဖျင်းသူ ဖြစ်ပြီး ဝမ်းကွဲ ညီလေးမှာ ကျန်းအိမ်၏ သခင်လေးဖြစ်၍ ဆိုးသွမ်းသည့် ကလေးတစ်ယောက်ဖြစ်သည်။
လျန့်ကျန်း က ဒေါသတကြီးဖြင့် ထွက်သွားသည်။
ကုမ္ပဏီ၏ သူဌေးက ဦးလေးဖြစ်သော်လည်း တူဖြစ်သူက ဘတ်စ်ကားစီးလာသည်ကို လူအများ ဝိုင်းကြည့်ကြမည်ကို လျန့်ကျန်း ရှက်သည်။ သူက ဘတ်စ်ကားစီးခြင်းသည် ရှက်စရာဟု ယူဆထား၍ ဘတ်စ်ကားမစီးဟု ဆုံးဖြတ်ထားသည်။
လျန့်ကျန်း အိမ်အပြင်သို့ ထွက်လိုက်လျှင် ရှောင်ကျိုး မောင်းလာသည့်ကားကို မြင်သွားသည်။
"ဟိတ်...မင်း..."
မနေ့က ဖရာရီဆိုင်သို့ သွားခဲ့စဥ်က ရှောင်ကျိုး၏ ကားကို လျန့်ယင်းယင်း နှင့် အတူလိုက်စီးခဲ့၍ သူ့ကို သိနေခြင်းဖြစ်သည်။
လျန့်ကျန်းက ကားဆီ လျှောက်သွားကာ ပြောသည်။
“ငါ့ကို ကုမ္ပဏီအထိ လိုက်ပို့ပေး...”
ရှောင်ကျိုး က 'မင်းက ဒီအိမ်ပိုင်ရှင်မလို့လား' ဟု ပြောချင်သော်လည်း ထုတ်မပြောဝံ့ပေ။ လျန့်ကျန်းက လျန့်ယင်းယင်း ၏ ဆွေမျိုးဖြစ်သည်ကို ရှောင်ကျိုးသိထားသည်။ သို့သော် သူဌေး၏ ဆွေမျိုးမဟုတ်ဘဲ ဆရာကတော်၏ ဆွေမျိုးသာ ဖြစ်၍ ဆင်းရဲသော ဆွေမျိုးမှန်းလည်း သိနိုင်၏။
ရှောင်ကျိုး က မကျေမနပ်ဖြစ်နေသော်လည်း ပြုံး၍ ပြောလိုက်သည်။
"မမလေး ယန်ယန် က ဒီကားကို သုံးမယ်လို့ပြောထားပါတယ်..."
လျန့်ကျန်း မအ,ပေ။ထိုစကားကို ကြားလိုက်သည်နှင့် ကားဒရိုင်ဘာက သူ့ကို သိပ်မကြည်ကြောင်း သိလိုက်သည်။
သို့သော် ပထမဇနီး၏ သမီးဖြစ်သူ ကျန်းယန်ရှန့်ကို သူကြောက်သည်။
သို့သော်လည်း ယာဉ်မောင်းဖြစ်သူကို တော့မကြောက်ပေ။
"မင်းဘာကိုဆိုလိုတာလဲ...သူမ,သုံးမှာ ဟုတ်လား ...မင်း ဒရိုင်ဘာ ဘယ်လိုဖြစ်လာတာလဲ...မသိရင်လည်း မပြောပါနဲ့...ပြီးတော့ သူမမှာ ဘယ်လိုကိစ္စရှိလို့လဲ...လူကြီးတစ်ယောက် အလုပ်သွားတာက ပိုအရေးကြီးတာ မဟုတ်ဘူးလား...."
ရှောင်ကျိုး က စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
သူ့ကိုယ်သူ သခင်မှတ်နေတဲ့ ဆွေမျိုးကောင်....
မမလေးယန်ယန် သည် ဤအိမ်တွင် ဩဇာကြီးသော်လည်း သူမ၏ အပြောအဆိုမှာ အမိန့်ပေးသည့် လေသံမျိုး မဟုတ်ပေ။
“ကျွန်တော်က ဒရိုင်ဘာတစ်ယောက်ပါ....ဆုံးဖြတ်ချက် ချလို့မရပါဘူး...ကျွန်တော် အကြောင်းကြားပေးပါ့မယ်...."
ရှောက်ကျိုးက ထိုသို့ပြောပြီး ဆဲလ်ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်သည်။
“ဆရာကတော်ကျန်း က ငါ့အဒေါ်ပါ....သူမက မင်းရဲ့သူဌေးကတော်လေ... ဒီကားကို ငါသုံးလို့ရလားလို့ မေးရင် သေချာပေါက် အဖြေတစ်ခုပဲ ဖြေမှာ ...."
သို့ရာတွင် ရှောင်ကျိုး က လျန့်ယင်းယင်းကို ဖုန်းမခေါ်ဘဲ ကျန်းယန်ရှန့်ကို ဖုန်းဆက်လိုက်ခြင်း ဖြစ်သည်။ ရှောင်ကျိုး သည် ဤမိသားစုရှိ ဆက်ဆံရေးများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိထားသည်။ထို့အပြင် ကျန်းယန်ရှန့် သည် လျန့်ယင်းယင်း ၏ ဆွေမျိုးများကို နှစ်သက်မည်မဟုတ်မှန်း ခန့်မှန်း၍ပင် ရနိုင်သည်။
Xxxxxxx
Part 60
ကျန်းယန်ရှန့် ၏ အေးစက်သောအသံသည် ဖုန်းထဲတွင် ထွက်ပေါ်လာသည်။
"ဟဲလို..."
ရှောင်ကျိုး က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"မမလေး ယန်ယန်... မကြာခင် အပြင်ထွက်စရာ ရှိလား... မစ္စတာလျန့် က ကုမ္ပဏီကို လိုက်ပို့ခိုင်းနေလို့ပါ...မမလေးရဲ့ သွားချင်ရင် လွဲသွားမှာစိုးလို့ပါ...."
ဖုန်းထဲတွင် တစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီး ကျန်းယန်ရှန့် က ပြောသည်။
"ဟုတ်ပါတယ်...ကျွန်မ အခုအပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ...အခုချက်ချင်း အောက်ထပ်ကို ဆင်းခဲ့မယ်...."
ရှောင်ကျိုးသည် တစ်ချက်ပြုံးလိုက်ပြီး ဖုန်းချလိုက်သည်။
"တောင်းပန်ပါတယ်....မစ္စတာလျန့်....မမလေး ယန်ယန် မကြာခင် ဆင်းလာတော့မှာပါ...အပြင်သွားမယ်လို့ ပြောပါတယ်..."
လျန့်ကျန်း ၏မျက်နှာက နီမြန်းလာပြီး ဒေါသတကြီး ပြောလိုက်သည်။
"ကောင်းပြီ...ဒီက စောင့်နေမယ်..ကလေးတစ်ယောက်ရဲ့ အပျော်အပါး ကိစ္စက လူကြီးတစ်ယောက်ရဲ့ အလုပ်ကိစ္စထက် ပိုအရေးကြီးပါ့မလား....”
ကျန်းယန်ရှန့် စိတ်ထဲတွင် ရှောင်ကျိုး သည် လျန့်ယင်းယင်း၏ ဘက်တော်သားဟု ယူဆထားသည်။
သို့သော်လည်း ရှောင်ကျိုးက သူမကို ဦးစွာ ဖုန်းခေါ်လိုက်၍ အမြင်ရှင်းသွားပေသည်။
သူမ အောက်ထပ်သို့ဆင်းလာသောအခါ လှေကားပေါ်တွင် ကျန်းဟယ်လင်း နှင့် တွေ့လေသည်။
"အစ်မ...ဘယ်သွားမလို့လဲ...."
ကျန်းယန်ရှန့်က ခြေလှမ်းကို မရပ်ဘဲ အောက်ထပ်သို့ ဆင်းရင်းပြောလိုက်သည်။
“သွားစရာရှိလို့...”
သူမ အိမ်ထဲမှ ထွက်လာသောအခါ လျန့်ကျန်း သည် ကားဘေးတွင် ဒေါသတကြီး ရပ်နေလေ၏။ တစ်ဖက်တွင် ရှောင်ကျိုး က လျန့်ကျန်းကို ပြုံး၍ ကြည့်နေလေ၏။
ကျန်းယန်ရှန့် က လျန့်ကျန်း ကို မကြည့်ဘဲ ရှောင်ကျိုး ကို ပြောလိုက်သည်။
"သွားကြရအောင်...."
ရှောင်ကျိုး သည် ကျန်းယန်ရှန့် အား ကားတံခါးကို လေးလေးစားစား ဖွင့်ပေးလိုက်သည်။
လျန့်ကျန်း က သူမကို တားဖို့ သူ့လက်ဖြင့် တားထားလိုက်သည်။
"ယန်ယန် ဘယ်သွားမလို့လဲ...."
"အလုပ်ကိစ္စရှိလို့...."
"ငါထပ်မေးမယ် နင် ဘယ်သွားမှာလဲ...."
ကျန်းယန်ရှန့် က စိတ်တိုစွာဖြင့် လေသံကို မြှင့်ပြောလိုက်သည်။
"ရှင်က ရဲလား....ဘာလို့ ရှင့်ကို ပြောရမှာလဲ...."
"မဟုတ်ဘူး...ငါ အလုပ်သွားမလို့ ဒီကားကို လိုတယ်... အလုပ်သွားတယ်ဆိုတာ လူကြီးတွေအတွက် သိပ်အရေးကြီးတယ်.... အရေးကြီးတဲ့ ကိစ္စတွေကို ဦးစားပေးရမယ်...ဒါကြောင့် ဒီနေ့ အစ်ကို ဒီကားကို သုံးမယ်...."
"အလုပ်သွားတာက အရေးကြီးတယ်ဆိုရင် ဘာလို့ အစကတည်းက ကြိုတင်မစီစဉ်ထားလဲ..."
“ငါ့ဦးလေးက ဒီနေ့ ဂေါက်ရိုက်သွားမယ်လို့ မထင်ထားဘူး...ဒါကြောင့်...”
“အဖေက ရှင့်ကို နေ့တိုင်း အလုပ်ကို ခေါ်မယ်လို့ ထင်ထားတာမဟုတ်လား....”
"ဘာပဲဖြစ်ဖြစ် ငါတို့က တစ်အိမ်တည်းမှာ နေနေကြတာ..."
“ရှင် ဘယ်လိုထင်လို့လဲ....ကျွန်မရဲ့ အဖေက သူဌေးဖြစ်လို့ ရှင့်လို နေ့တိုင်း အလုပ်လုပ်နေစရာ မလိုဘူး လို့ထင်နေတာလား....သူ့မှာ လူတွေအများကြီးနဲ့ တွေ့ရတယ်၊ဆွေးနွေးရတယ်...တခြားအစီအစဉ်တွေနဲ့ မအားရဘူး...ပြီးတော့အဖေက သူဌေးတစ်ယောက် ဖြစ်တဲ့အတွက် ရှင်နဲ့ အလုပ်အတူသွားစရာမလိုဘူး...ရှင် ရုံးတက်နောက်ကျရင် ရှင့်လစာကို နုတ်ယူလိုက်မှာပဲ...."
"ဒါဆို ငါက အလုပ်ဘယ်လိုသွားရမလဲ..."
"လူကြီးတစ်ယောက်ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး ကျွန်မလို ကလေးတစ်ယောက်ကို မေးနေရလား..."
"ငါတို့အိမ်မှာ ကားနှစ်စီးနဲ့ ဒရိုင်ဘာနှစ်ယောက်ရှိ..."
ကျန်းယန်ရှန့် က ကြားဖြတ်ပြောလိုက်သည်။
"ဒါ ရှင်နဲ့ ဘာဆိုင်လို့လဲ..."
"ဟင်..."
"ကားနှစ်စီးနဲ့ ဒရိုင်ဘာ နှစ်ယောက်ရှိတယ်ဆိုတော့ ရှင့်ကို အကြို၊အပို့လုပ်ဖို့ တစ်ယောက်တော့ အားမှာပဲလို့ တွေးနေတာ မဟုတ်လား...."
ကျန်းယန်ရှန့် က ပြုံးလိုက်ပြီး မထီမဲ့မြင်ပြောလေသည်။
"ကျွန်မတို့မိသားစုမှာ ကားနဲ့ ယာဉ်မောင်း ဘယ်နှစ်ယောက်ရှိရှိ...ရှင်နဲ့ ဘာဆိုင်လို့လဲ..."
“ဒီကားက ယွမ် ၅ သန်းကျော် တန်တယ်..ယာဉ်မောင်းကိုလည်း တစ်လကို ယွမ်ထောင်ချီပြီး လစာပေးထားရတယ်....ရှင် ပိုက်ဆံတစ်ပြား ပေးထားလား...."
"ရှင်က ကျွန်မတို့ မိသားစုရဲ့ လစာကိုယူ...ကျွန်မတို့အိမ်မှာလည်း နေတယ်...အခုရှင့်ကို လိုက်ပို့ဖို့ ကျွန်မတို့ကားနဲ့ ယာဉ်မောင်းကိုပါ ရှင်လိုချင်သေးတာလား...ရှင့်စကားကို ကြည့်ပြော...."
လျန့်ကျန်း သည် ကျန်းယန်ရှန့်မောက်မာမှန်း သိသော်လည်း ဤမျှ ဆိုးသွမ်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"ဒရိုင်ဘာရှောင်... သွားကြစို့...."
ကျန်းယန်ရှန့် က နေကာမျက်မှန်ကို တပ်လိုက်ရင်း ရှောင်ကျိုးကိုပြောလိုက်သည်။
“ခွေးက လူကို နှိမ့်ချ တယ်...တောက်..."
သူ့ရင်ဘတ်သည် ဒေါသများဖြင့် ထူပူနေပြီး လျန့်ယင်းယင်း ကိုလည်း မပြောရဲပေ။ နောက်ဆုံးတွင် တက္ကစီစီး၍သာ သွားရတော့သည်။
တက္ကစီပေါ်တွင် သူ့အဖေဆီ ဖုန်းဆက်လိုက်သည်။
“ဒါက ဘာသဘောလဲ....သူများကို နှိမ့်ချပြီး ဘဝင်မြင့်နေတဲ့ မိန်းကလေး....”
တက္ကစီသမားသည် နောက်ကြည့်မှန်မှ သူ့ကို မကြာခဏကြည့်ကာ တလမ်းလုံး နားထောင်လာ၏။
ကားသမားက ထမင်းစားရန် ဆိုင်တစ်ဆိုင်သို့ မောင်းလာပြီး သူ့မိတ်ဆွေ အားလုံးကို ပြောလိုက်သည်။
“ဒီမနက် ငါ အရူးတစ်ယောက်ကို ခရီးသည်အဖြစ် တင်ခဲ့ရတယ်ကွာ..."
Xxxxxxx