လုကျင်းရှိူ့၏မျက်နှာမှာ သုန်မှုန်နေပြီး သူ့မျက်ခုံးများမှာလည်း တွန့်ချိုးနေကာ သူ့အကြည့်က ယန်ကျင်းဇီထံသို့ ဓားတစ်ချောင်းကဲ့သို့ ဖြတ်သွားသည်။
သူ့ကို သဘောကျသည်ဟု ယန်ကျင်းဇီက ပြောသောအခါ သူ့ခန္ဓာကိုယ်မှာ ပူတက်လာသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ၎င်းက မဖြစ်နိုင်ကြောင်း သူ သဘောပေါက်သွားရသည်။
လွန်ခဲ့သော ရက်အနည်းငယ်က လုရွေ့ချွင်ဟာ ဆိုးဆိုးရွားရွား အရက်မူးနေခဲ့ပြီး ယန်ကျင်းဇီက သူ့ကို သွားကြိုသည့်အပြင် တစ်ညလုံးပင် ဂရုစိုက်ပေးခဲ့သည်။
ထိုကိစ္စမတိုင်ခင်က ယန်ကျင်းဇီဟာ လုရွေ့ချွင်ကို ပို၍ပင် ချစ်ခင်ခဲ့သေးသည်။
ဤနှစ်ဦး၏ သတင်းများကို သူက တမင်သက်သက် နားမထောင်လျှင်တောင်မှ “လုရွေ့ချွင်က တစ်ခုခုကို စားချင်တယ်လို့ ပြောတော့ ယန်ကျင်းဇီက ညလယ်ခေါင်ကြီးမှာတောင် သူ့အတွက် သွားဝယ်ပေးတယ်” ၊ “ လုရွေ့ချွင်က အားလပ်ရက်ခရီးထွက်တုန်း သူ နေလို့မကောင်းဘူးလို့ ပြောတော့ ယန်ကျင်းဇီက နိုင်ငံကို ချက်ချင်း ပြန်ချလာတယ်” ၊ “လူတချို့က လုရွေ့ချွင်အကြောင်း မကောင်းပြောရင် ယန်ကျင်းဇီက အဲ့လူတွေနဲ့ ရန်ဖြစ်ပြီး ရဲစခန်းမှာ ပြဿနာရှာတယ်” နှင့် အလားတူကိစ္စအချို့ကို ကြားနေရဆဲပင်။
လုရွေ့ချွင် လွန်ခဲ့သော ရက်အနည်းငယ်က ပြန်ပြောင်းရွှေ့လာသောအခါ ယန်ကျင်းဇီက သူ့ကို စတင်မြှောက်ပင့်တော့သည်။ ယန်ကျင်းဇီက သူ့ကို အမြဲစကားပြောသော်ငြား လုရွေ့ချွင် ရှိနေသရွေ့ ယန်ကျင်းဇီက သူ့ကို လာမတွေ့ချေ။
သူသည် တကယ်တော့ ကျင့်သားရနေပြီဖြစ်ကာ သိပ်ပြီး အဆင်မပြေမခံစားရပေ။ သို့ရာတွင် ယခု သူ ပြန်တွေးမိသောအခါ ခန္ဓာကိုယ်ထဲမှ တက်လာသည့် အပူဓာတ်က ချက်ချင်း ပျောက်ကွယ်သွားသည်။
ယန်ကျင်းဇီက စကားချိုချိုလေးတွေ ပြောတတ်တဲ့ လူတစ်ယောက် ဖြစ်ရုံပဲ၊ ဒီအတိုင်းပဲ ပေါ့ပေါ့ဆဆ ပြောလိုက်တာမလား?
လုကျင်းရှိူ့က အလွန်စိတ်ဆိုးနေပုံပေါ်သော်လည်း ယန်ကျင်းဇီသည် အကြောင်းအရင်းအချို့ကြောင့် သိပ်မကြောက်မိပေ : “ ဦးလေးလု၊ ကျွန်တော် ပေါက်ကရ ပြောနေတာ မဟုတ်ဘူး။ ဦးလေးလုကို ကျွန်တော် တကယ် သဘောကျတယ်။ ”
အသက်နှစ်ဆယ်ကျော် ကောင်ငယ်လေးတွင် အားမာန်များ ပြည့်ဝနေပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်ရှုနေသည်။
လုကျင်းရှိူ့သည် မူလက ဆူပူဆုံးမချင်ခဲ့သော်ငြား ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး မေးလိုက်သည် : “ မင်း ငါ့ကို ဘာကြည့်ကြိုက်တာလဲ? ”
“ ကျွန်တော် အားလုံးကို သဘောကျတယ်။ ” ယန်ကျင်းဇီက အမြန်ပြန်ဖြေသည်။
လုကျင်းရှိူ့သည် သူ့ကို ကြည့်နေပြီး သူ့နှလုံးသားထဲရှိ အမျိုးစုံသော ပြင်းထန်သည့် ခံစားချက်များက ဖြည်းညှင်းစွာ ငြိမ်သက်သွားသည် : “ မင်း တကယ်ပဲ ဘာလုပ်ချင်တာလဲ? ”
“ ကျွန်တော် ဘာမှမလုပ်ချင်ပါဘူး။ ” ယန်ကျင်းဇီ အသည်းကွဲသွားသည် : “ ကျွန်တော် ပထမဆုံး လုပ်မှာက ဦးလေးလုကို ဖွင့်ပြောဖို့ပါ။ ဦးလေးလု၊ လုရွေ့ချွင်ပဲ စိတ်ပြောင်းသွားတာ မဟုတ်ဘူး၊ ကျွန်တော်လည်း စိတ်ပြောင်းသွားပြီ။ အခု ကျွန်တော် ဦးလေးလုကို ကြိုက်တယ်။ ”
လုကျင်းရှိူ့ရဲ့ သူ့ကို မယုံကြည်တဲ့ပုံကို တွေ့ရတော့ ယန်ကျင်းဇီ သေချာဖြေရှင်းချင်တယ်!
“ မင်းက ငါ့လို အသက်ကြီးတဲ့ မသန်စွမ်းကို ကြိုက်တာလား? ” လုကျင်းရှိူ့က မေးသည်။
“ ဦးလေးလု၊ ကိုယ့်ကိုကိုယ် အဲ့လိုမပြောပါနဲ့။ အသက်သုံးဆယ်ကျော်ခါစ ယောင်္ကျားတစ်ယောက်က ယောင်္ကျားတွေရဲ့ အကောင်းဆုံး အသက်အရွယ်ကို ရောက်နေတာပါ! ” ယန်ကျင်းဇီသည် လုကျင်းရှိူ့၏ဘယ်လက်ကို အလျင်အမြန် ဆွဲယူကာ နမ်းလိုက်သည်။
လုကျင်းရှိူ့သည် သူ့လက်ကို အမြန်ဆုတ်ပြီး ယန်ကျင်းဇီကို အမူအရာမဲ့စွာ ကြည့်လိုက်သည်။
ယန်ကျင်းဇီ ပြောသည်ကို သူ မယုံကြည်ပေ။
ဤလူ ပြောင်းလဲသည်မှာ အရမ်းမြန်လွန်းသည်။
ဘယ်လိုလူမျိုးက ကိုယ် ချစ်ရတဲ့ စေ့စပ်ထားသူဆီက ဖောက်ပြန်ခံရတာကို ဝမ်းမနည်းဘဲ အရမ်းမြန်မြန်နဲ့ စိတ်ပြောင်းသွားမှာလဲ?
ယန်ကျင်းဇီက သူ့ကို ရုတ်တရက် ရှာပြီး သူ့ကို ဖွင့်ပြောသည်မှာ လုရွေ့ချွင်ထံမှ ဖောက်ပြန်ခံရပြီး အဆင်မပြေခံစားရသဖြင့် ဖြစ်နိုင်သည်။ လုရွေ့ချွင်က သူနဲ့ အဆင်မပြေတာကို ယန်ကျင်းဇီက ရှာတွေ့သွားလို့ လုရွေ့ချွင် ဒေါသထွက်အောင် သူနဲ့အတူရှိချင်တာလား?
ဤသို့သော ကိစ္စများမှာ မထူးခြားချေ။ ရည်းစားကောင်မလေးထံမှ ဖောက်ပြန်ခံရပြီး ရည်းစားဟောင်းထက် ပိုမိုကောင်းမွန်သော တစ်ယောက်ကို ရှာဖွေရန် စိတ်ဆုံးဖြတ်ခဲ့သော သူငယ်ချင်းတစ်ဦး သူ့တွင် ရှိခဲ့ဖူးသည်။
သတင်းများတွင်ပင် သူ ဖတ်ဖူးသည်။ ရည်းစား၏စွန့်ပစ်ခြင်းကို ခံရပြီးနောက် မိန်းကလေးတစ်ဦးက သူ(မ)ရည်းစားဟောင်း၏ မိထွေး ဖြစ်သွားခဲ့သည်တဲ့။
သူသည် လုရွေ့ချွင်ထက် ပိုမကောင်းသော်လည်း သူက လုရွေ့ချွင်၏ ဦးလေး ဖြစ်ပြီး လုဟာ သူ့လက်ထဲတွင် ရှိနေသည်။
သူသည် လုရွေ့ချွင်ကို ဖိချေနိုင်သည်။
ယန်ကျင်းဇီက သူ့ကို လိုက်လံပိုးပန်းပြီး သူနှင့်အတူရှိကာ လုရွေ့ချွင်ကို ကောင်းမွန်စွာ ပါးဖြတ်ရိုက်၍ လုရွေ့ချွင်ကို နောင်တရစေချင်သည်မှာလည်း ပုံမှန်ဖြစ်သည်။
ဤအချိန်တွင် သူ့၌ ရွေးချယ်စရာ နှစ်ခု ရှိ၏။
တစ်ခုမှာ ယန်ကျင်းဇီကို ဆိုဆုံးမပြီး ယန်ကျင်းဇီ၏ သရုပ်ဆောင်မှုကို မလိုက်လျောပေးရန် ဖြစ်သည်။
ဒါဆို ယန်ကျင်းဇီက... အခြားတစ်ယောက်ယောက်ကို သွားရှာမှာလား?
နောက်ထပ်ရွေးချယ်စရာ ရှိသည်၊ ၎င်းမှာ လှေကို မြစ်တလျှောက် စုန်ဆင်းစေပြီး ယန်ကျင်းဇီနှင့် အတူတူ သရုပ်ဆောင်ရန် ဖြစ်သည်။
လုကျင်းရှိူ့ထံမှ စိုက်ကြည့်ခံနေရရာ ယန်ကျင်းဇီ အနည်းငယ် အဆင်မပြေဖြစ်မိသည် : “ ဦးလေးလု? ”
“ မင်း ငါ့ကို ကြိုက်တယ်။ မင်း ငါ့ကို ဦးလေးလို့ ခေါ်နေတုန်းလား? ” လုကျင်းရှိူ့ မေးလိုက်သည်။
ယန်ကျင်းဇီ : “ !!! ”
ဒါက လုကျင်းရှိူ့ ဘာကိုဆိုလိုတာလဲ? သူက လုကျင်းရှိူ့ကို သူ့အချစ်တွေ ဝန်ခံလိုက်ပေမယ့် လုကျင်းရှိူ့က ဒေါသထွက်တာ၊ သဘောမကျတာတွေ မဖြစ်ဘဲ သဘောတူဖို့တောင် ရည်ရွယ်တာလား?
ယန်ကျင်းဇီက မတုံ့ဆိုင်းဘဲ ခေါ်လိုက်သည် : “ ကျင်းရှိူ့ ”
လုကျင်းရှိူ့သည် “အင်း” ဟု ဖြေပြီး သူ့လက်ထဲရှိ တူကို ချကာ ယန်ကျင်းဇီကို ပြောလိုက်သည် : “ ငါ ဗိုက်ပြည့်ပြီ။ ”
စကားပြောပြီးနောက် လုကျင်းရှိူ့သည် သူ့ဘေးရှိ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး နို့တစ်ငုံ သောက်လိုက်၏။
ယန်ကျင်းဇီ ဘာပဲလုပ်ချင်ပါစေ၊ သူသည် သူ့ကို အဖော်ပြုပေးမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ မရှုံးပေ။
ယန်ကျင်းဇီက သူ့အပေါ် စိတ်ရင်းမစစ်မှန်သည့် ကိစ္စအတွက်မူ... တကယ်တော့ သူသည် မည်သူ့ကိုမျှ သူ့အပေါ် စိတ်ရင်းစစ်မှန်စွာ ဆက်ဆံပေးရန် မမျှော်လင့်ပေ။
ထို့ကြောင့် ဤသို့စဉ်းစားလျက်ဖြင့် လုကျင်းရှိူ့သည် ပိုပိုပြီး တည်ငြိမ်လာသည်။
သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ကျန်းမာရေး အလွန်ညံ့ဖျင်းနေခဲ့သည်။ သူသာ ဤသို့ဆက်သွားနေလျှင် နှစ်အနည်းငယ်အတွင်းတွင် သူ ဆီခန်းသွားနိုင်သည် သို့မဟုတ် ဆေးရုံခုတင်ပေါ်၌ သူက အနာဂတ်ကို ဖြတ်သန်းရလိမ့်မည်ဟု ဆရာဝန်က ပြောထားသည်။
မသေခင်မှာ ငွေမကုန်ပဲနဲ့ ခဏလောက် ပျော်ရတာက ကောင်းမွန်တဲ့ ကိစ္စပဲ ဟုတ်တယ်မလား?
“ ကျင်းရှိူ့၊ အခုကစပြီး မင်းကို ဒီလိုပဲ ခေါ်တော့မယ်! ငါလည်း ဗိုက်ပြည့်ပြီ၊ ဒါတွေကို အခုချက်ချင်း ရှင်းလိုက်မယ်! ” ယန်ကျင်းဇီသည် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်ပြီး စားပွဲရှင်းသည်။ သူသည် ပန်းကန်များနှင့် အပြင်ထွက်လာသောအခါ ခုန်ပေါက်ချင်စိတ်ပင် ရှိနေခဲ့သည်။
သူ လုကျင်းရှိူ့ကို ဖွင့်ပြောလိုက်တယ်၊ လုကျင်းရှိူ့က သဘောမတူပေမယ့် ငြင်းလည်း မငြင်းခဲ့ဘူး!
သူ လုကျင်းရှိူ့ကို ဦးလေးလို့ ခေါ်စရာတောင် မလိုတော့ဘူး၊ သူ နာမည်တပ်ခေါ်လို့ရပြီ!
သူသည် တွေးမိလေလေ၊ ပျော်ရွှင်လေလေ ဖြစ်လာပြီး လေချွန်လျက်ဖြင့် ပန်းကန်များ သွားပြန်ပေးရန် ကန်တင်းသို့ ထွက်သွားသည်။
လုကျင်းရှိူ့၏ရုံးခန်းပြင်ပရှိ အတွင်းရေးမှူးများနှင့် လက်ထောက်များ : “ ...... ” ဒီဒုတိယသခင်လေးက တကယ် ထူးဆန်းတဲ့ လူပဲ။ သူက ဥက္ကဌလုလို သုန်မှုန်ပြီး မကျေမနပ်ဖြစ်နေတတ်တဲ့ လူမျိုးကို အဖော်ပြုနေပေမယ့် သူက အရမ်းပျော်နေတုန်းပဲ!
ယန်ကျင်းဇီသည် အခြားသူများ၏ အတွေးများကို မသိရှာပေ။ သူသည် ပန်းကန်များကို ပြန်ပေးပြီး လုကျင်းရှိူ့၏ရုံးခန်းသို့ ပြန်လာသည်။
နေ့လယ်ခင်းတွင် လုကျင်းရှိူ့၌ အစည်းအဝေး ရှိပြီး သူသည် ရုံးခန်းအလွတ်ထဲတွင် တစ်ဦးတည်းသာ မတ်တပ်ရပ်နေရသော်ငြား ဤသည်က သူ့ကို နောက်ဘာဆက်လုပ်ရမည်ကို စဉ်းစားနိုင်ရန် အချိန်ပေးသည်။
ယန်ကျင်းဇီသည် လုကျင်းရှိူ့ သူ့ကို ကြိုက်သည်ဟု မထင်ပေ။ မူလပိုင်ရှင်က အရမ်းတုံးသည်။ ယခင်က သူဟာ လုရွေ့ချွင်နှင့် ပူးကပ်နေခဲ့သည်... လုကျင်းရှိူ့က မကန်းနေသရွေ့ သူ့ကို မကြိုက်နိုင်ချေ။
ယနေ့ သူ၏ ဖွင့်ပြောမှုကို လုကျင်းရှိူ့ လက်ခံသည်မှာ မဒမ်လုအိုကြီးကြောင့် ခဏတာ စိတ်ကုန်သွားသောကြောင့် ဖြစ်နိုင်သည်။
လုကျင်းရှိူ့ဘက်မှ ရပ်ကြည့်လျှင်... သူ့မိခင်က သားအရင်းထက် သွေးမတော်စပ်သော လုရွေ့ချွင်အပေါ် ပိုကောင်းသည်။ လုကျင်းရှိူ့က သေချာပေါက် ပျော်ရွှင်မည်မဟုတ်ချေ။
ယခု လုရွေ့ချွင်၏ စေ့စပ်ထားသူက သူ့ကို ဖွင့်ပြောလာသည်... သူသာ လုကျင်းရှိူ့ဖြစ်လျှင် သူလည်း အလွန်စိတ်ချမ်းသာပြီး သေချာပေါက် ငြင်းဆိုမည်မဟုတ်ပေ။
သို့သော် ၎င်းက အရေးမကြီးချေ။
စိတ်ရင်းစစ်မှန်မှုဖြင့် ဘာမဆို ရရှိနိုင်သည်။ လုကျင်းရှိူ့ သူ့ကို ဤအခွင့်အရေး ပေးခြင်း၏ အကြောင်းအရင်းက ဘာပဲဖြစ်ပါစေ အရေးမကြီးဘဲ သူ့တွင် အခွင့်အရေး ရှိပြီးဖြစ်ရာ... သူ သေချာပေါက် အမိအရ ယူထားရမယ်!
သူ သူ့ကို သေချာပေါက် လိုက်ရမယ်!
ယန်ကျင်းဇီသည် စိတ်အခြေအနေကောင်းနေပြီး ညနေခင်းတွင် ဟင်းများများပိုချက်ဖို့ တောင်းဆိုရန် ချက်ချင်းပင် နာနီကို ဆက်သွယ်လိုက်သည်။
နာနီ အဒေါ်ဝမ်က သဘောတူသည်။
ယန်ကျင်းဇီသည် လေချွန်ပြီး tablet နှင့် စာဆက်ဖတ်သည်။ သူသည် ခုံတွင် ထိုင်ရသည်ကို အဆင်မပြေခံစားရသဖြင့် သူ့ဘေးရှိ ဆိုဖာပေါ်တွင် လှဲချပြီး သူ့ခြေထောက်များကို ထောင်ထားသည်။
လုကျင်းရှိူ့သည် အစည်းအဝေးပြီးနောက် လူများနှင့် ဝင်လာသောအခါ ခြေထောက်လှုပ်နေသော ယန်ကျင်းဇီကို တွေ့လိုက်ရသည်။ ယန်ကျင်းဇီ ဘာကြည့်နေမှန်း သူ မသိပေ။ သူ အသံမကြားရချေ။ ယန်ကျင်းဇီ ဝတ္ထုဖတ်နေတာလား?
ယန်ကျင်းဇီက အလွန်လေးနက်စွာ ဖတ်နေသည်ကို ကြည့်ခြင်းအားဖြင့် ဝတ္ထုက အလွန်ကောင်းသည်ဟု ခန့်မှန်းရသည်။
လုကျင်းရှိူ့ ခဏတာ ပျော်ရွှင်သွားသည်။
လုကျင်းရှိူ့အနားရှိ လူများအားလုံးသည် ယန်ကျင်းဇီကို စူးစမ်းချင်သော အမူအရာများနှင့် ကြည့်နေကြသည် — ဒုတိယသခင်လေးယန်က ဥက္ကဌလုနဲ့ ဥက္ကဌလုရဲ့ရုံးခန်းနဲ့ တကယ်ကို သဟဇာတမဖြစ်ချေ။
သူတို့ ဝင်လာသည်နှင့်တပြိုင်နက် ယန်ကျင်းဇီ မတ်တပ်ရပ်လိုက်သည်။ သူသည် လုကျင်းရှိူ့၏နာမည်ကို ခေါ်ချင်သော်လည်း လုရွေ့ချွင်နှင့် လက်ထပ်ပွဲကို မဖျက်သိမ်းရသေးသည်အား တွေးမိသွားသည်... သူ ဤသို့သာ ပြောနိုင်သည် : “ ဥက္ကဌလု၊ အစည်းအဝေး ကောင်းကောင်းပြီးသွားရဲ့လား? သူတို့အတွက် ရေသွားယူပေးရမလား? ”
လုကျင်းရှိူ့က ပြန်ပြောသည် : “ မလိုဘူး။ ”
လုကျင်းရှိူ့က မလိုဘူးဟု ပြောရာ ယန်ကျင်းဇီသည် နောက်မှလိုက်လာသူများအတွက် ရေမထည့်ပေးတော့ပေ။ သူသည် လုကျင်းရှိူ့အတွက်သာ ရေနွေးတစ်ခွက်ကို လောင်းထည့်ပေးလိုက်သည် — သူသည် လုကျင်းရှိူ့ကို တစ်နေ့လုံး နို့မသောက်ခိုင်းနိုင်ပေ။
မျှော်လင့်ထားသည့်အတိုင်း လုကျင်းရှိူ့က စိတ်ဆိုးပုံမပေါ်ချေ။
ယန်ကျင်းဇီသည် သူ့နေရာကို ပြန်ပြီး သူ့အစ်ကိုဆီသို့ စာပို့လိုက်သည် : “အစ်ကို... ကျွန်တော် လက်တွဲဖော်အသစ် ရှာတွေ့ပြီ။ ကျွန်တော် မကြာခင်မှာ ဖျက်သိမ်းလို့ရမလား? မနက်ဖြန်ကျ ဖျက်သိမ်းလိုက်ရမလား?”
ခဏကြာပြီးမှ အစ်ကိုကြီးယန်က စာပြန်လာပြီး ပထမဆုံးစာပြန်မှုမှာ ဆွံ့အမှုကို ဖော်ပြနေသော အစက်တစ်တန်း (...) ဖြစ်သည်။
ထို့နောက် တရားဝင်စာပြန်မှု ရောက်လာသည် : “မင်းတို့နှစ်ယောက် စေ့စပ်ပြီးတော့ ငါတို့ကုမ္ပဏီမှာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိလာပြီး ရှယ်ယာတွေကိုလည်း လက်ဆောင်အနေနဲ့ အချင်းချင်း ပေးထားသေးတယ်။ မင်းမှာ လက်ထပ်ပွဲက နောက်ဆုတ်ဖို့ သက်သေမရှိဘဲ အဲ့ဟာတွေက ပြန်ရောက်လာနိုင်မှာလား? လုရွေ့ချွင်က လိုလားမလား?”
ယန်ကျင်းဇီ : “ ... ”
မူလဇာတ်ကြောင်းထဲတွင် လုရွေ့ချွင်က ဖျက်သိမ်းချင်သော်လည်း မူလပိုင်ရှင် ဆန္ဒမပါဘဲ သူ မဖျက်သိမ်းနိုင်ခဲ့ချေ။ နောက်ပိုင်းတွင် မူလပိုင်ရှင်က အသတ်ခံခဲ့ရသည်။
ယခု... လုရွေ့ချွင်က ယန်မိသားစု၏ အထောက်အပံ့ကို လိုအပ်နေဆဲဖြစ်ပြီး သေချာပေါက် ဖျက်သိမ်းရန် မလိုလားနိုင်ချေ။
ဤအချိန်တွင် ဖျက်သိမ်းမှုက ကိစ္စကြီး ဖြစ်လာမည်ဆိုလျှင် လုကျင်းရှိူ့ကိုပင် သက်ရောက်နိုင်သေးသည်။
“မင်းမှာ မင်းကြိုက်နေတဲ့လူ ရှိနေတယ် ဆိုရင်တောင်မှ မင်း ပူပန်နေစရာမလိုပါဘူး။” အစ်ကိုကြီးယန်က စာထပ်ပြန်ပြန်သည်။
ယန်ကျင်းဇီသည် ဖုန်းကို ဘေးပစ်ချပြီး ဤကိစ္စကို လတ်တလောတွင် ခဏပစ်ထားရန် ဆုံးဖြတ်လိုက်သည်။
သူ အရင်ဆုံး လုကျင်းရှိူ့ရဲ့ နှလုံးသားကို ယူဖို့ပဲ ဒီအချိန်ကို အသုံးချတော့မယ်!
ဤနေ့တွင် အလုပ်ချိန်မဆုံးမီ၌ ယန်ကျင်းဇီသည် သူ့ပစ္စည်းများကို သိမ်းဆည်းခဲ့သည်။
လုကျင်းရှိူ့ : “ …
ယန်ကျင်းဇီနှင့် အတူကုန်ဆုံးရသည့် အချိန်ကို သူ့အတွက် ဆုလာဘ်အဖြစ် သတ်မှတ်ထားရာ သူ မွေ့လျော်ခံစားသင့်သည်...
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ခေါ်ပြီး နောက်ထပ်တစ်ကြိမ် အချိန်မှန် အလုပ်ဆင်းသွားပြန်သည်။
လုကျင်းရှိူ့အနားရှိ အသင်း : “ ... ” ဥက္ကဌလုက... ဆေးစားမှားထားတာလား?
သူက တကယ်ကြီး နှစ်ရက်ဆက်တိုက် အချိန်မှန် အလုပ်ဆင်းသွားတယ်!
ဆေးစားမှားထားသော လုကျင်းရှိူ့သည် သူ၏ ကားအသစ်ထဲသို့ ဝင်ပြီး ယန်ကျင်းဇီကို ကြည့်သည် : “ မင်း ဒီကားကို ငါ့အတွက် ဝယ်လာတာလား? ”
“ အင်း! ” ယန်ကျင်းဇီ မေးလိုက်သည် : “ မင်း ကြိုက်လား? ”
လုကျင်းရှိူ့က ဖြေသည် : “ မဆိုးပါဘူး။ ”
“ မင်း ကြိုက်တာ ကောင်းတယ်! ” ယန်ကျင်းဇီသည် ခဏတာ စိတ်လှုပ်ရှားသွားသည်။ လုကျင်းရှိူ့က သူ ပေးတဲ့ လက်ဆောင်ကို ကြိုက်တာ တကယ်ပဲ အရမ်းကောင်းတယ်! အနာဂတ်မှာလည်း သူ အခြားတစ်ခုခုကို ပို့နိုင်သေးတယ်။
လုကျင်းရှိူ့က ဆိုသည် : “ ဒါက ငါ့ကား ဆိုတော့ အနာဂတ်မှာ ငါတစ်ယောက်တည်းပဲ စီးလိမ့်မယ်။ ”
“ မင်းရဲ့လက်ထောက်ကရော? ” ယန်ကျင်းဇီ အံ့အားသင့်သွားသည်။
ကားနောက်ခုံ၏တံခါးကို ယခုလေးတင် ဖွင့်လိုက်သော ကိုယ်ရေးလက်ထောက်သည်လည်း ဆွံ့အသွား၏။
လုကျင်းရှိူ့ သူ့ကိုယ်ရေးလက်ထောက်ကို ကြည့်လိုက်သည် : “ မင်း ကိုယ့်ဘာသာ မောင်းလိုက်တော့။ ”
ကိုယ်ရေးလက်ထောက်ခမျာ တိတ်တဆိတ်သာ ကားမောင်းထွက်သွားရရှာသည်။
ယန်ကျင်းဇီသည် ပြုံးကာ ကားကို စက်စနှိုးပြီး လုကျင်းရှိူ့က အနည်းငယ် ချစ်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လုကျင်းရှိူ့က အထူးတလည် ထိုသို့ပြောသည်မှာ သူ့ကို လုရွေ့ချွင်အား ခေါ်မတင်စေလောက်၍ဖြစ်ကြောင်း သူ သိသည်။
အတိတ်မှာတုန်းက မူလပိုင်ရှင်က လုရွေ့ချွင်ရဲ့ ကြုံရာဖုန်းတစ်ခါခေါ်ရုံနဲ့ လုရွေ့ချွင်ကို အပြေးလေး သွားကြိုခဲ့တယ်!
ထို့ကြောင့် လုကျင်းရှိူ့တွင် လုရွေ့ချွင်အပေါ် အမြင်များစွာ အမှန်တကယ် ရှိနေခဲ့သည်။
ယန်ကျင်းဇီ လုကျင်းရှိူ့ကို အိမ်ခေါ်လာချိန်တွင် သူ့မက်ဆေ့ခ်ျကို ရရှိထားသည့် နာနီသည် ခမ်းခမ်းနားနား ထမင်းစားပွဲဝိုင်းတစ်ဝိုင်းကို ပြင်ဆင်ပြီးဖြစ်သည်။
လုကျင်းရှိူ့သည် တကယ်ပင် သိပ်မစားချင်သော်လည်း ယနေ့ ဟင်းလျာများက အလွန်များသည်။ ယန်ကျင်းဇီ ကြိုပြောထား၍သာ နာနီက လုပ်ထားသည်မှာ သေချာသည် — သူက ဖြုန်းတီးခြင်းကို မနှစ်သက်ဘဲ အတိတ်တွင် အထူးတလည် ရှင်းပြထားခြင်း ရှိသဖြင့် နာနီက ဟင်းပွဲလေးပွဲကိုသာ ပြင်ဆင်ထားခဲ့သည်။
“ ကျင်းရှိူ့၊ ဒါစမ်းစားကြည့်။ ” ယန်ကျင်းဇီက လုကျင်းရှိူ့အတွက် ဟင်းထည့်ပေးလိုက်သည်။
လုကျင်းရှိူ့သည် စားကြည့်ပြီး ယန်ကျင်းဇီက အားလုံးကို စားနေသည်အား တွေ့လိုက်ရသောအခါ သူသည်လည်း လက်မနှေးဘဲ ဟင်းတစ်ခုစီတိုင်းကို အရသာမြည်းကြည့်သည်။
ရလဒ်ကမူ ဤသို့စားသောက်ပြီးနောက် ပြဿနာတစ်ခု ပေါ်လာသည်။
လုကျင်းရှိူ့၏ဗိုက်က ရုတ်တရက် အပြင်းအထန် နာကျင်လာခဲ့သည်။ ရုတ်တရက် ဖြစ်လာသည့် နာကျင်မှုက အလွန်မြန်လွန်းစွာနှင့် အလွန်ပြင်းထန်လွန်းစွာ ရောက်ရှိလာသည်။ သူက နာကျင်မှုကို အထူးသည်းခံနိုင်လျှင်တောင်မှ သူ့မျက်ခုံးမှာ တွန့်ချိုးနေဆဲဖြစ်ပြီး သူ့နဖူးပေါ်တွင် ချွေးအေးများ ထွက်လာခဲ့သည်။
ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို အာရုံစိုက်နေခဲ့ပြီး ဤမြင်ကွင်းကို တွေ့ရသော် စိုးရိမ်တကြီး မေးသည် : “ ကျင်းရှိူ့ ဘာဖြစ်လို့လဲ? ”
“ အဆင်ပြေတယ်။ ငါ အနားသွားယူတော့မယ်။ ” လုကျင်းရှိူ့က ပြန်ဖြေသည်။
လုကျင်းရှိူ့သည် မတ်တပ်ထရပ်ချိန်တွင် တည့်တည့်မရပ်နိုင်ပေ။ ယန်ကျင်းဇီသည် သူ့ကို အမြန်ကူညီကာ လူတစ်ကိုယ်လုံး တုန်ယင်နေကြောင်းကို သိရှိသွားသည် : “ မင်း ဘယ်နားအဆင်မပြေဖြစ်နေတာလဲ? ဆေးရုံသွားချင်လား? ”
လုကျင်းရှိူ့ ဆေးရုံကို မသွားချင်ပေ : “ ဆရာဝန်ကိုပဲ ခေါ်လိုက်ပါ။ ငါ ဗိုက်နာရုံပဲ။ ”
ဗိုက်နာတာလား? ယန်ကျင်းဇီ အနည်းငယ် တွေဝေသွားသည်။ လုကျင်းရှိူ့က ရုတ်တရက် ဗိုက်နာတာ... စားတာ အရမ်းများသွားလို့လား?
ယနေ့တွင် လုကျင်းရှိူ့က ပုံမှန်စားနေကျထက် များစွာပိုစားခဲ့သည်။ ဒါ...
“ checkup လုပ်ဖို့ ဆေးရုံကို သွားတာက ပိုမကောင်းဘူးလား? ” ယန်ကျင်းဇီ အကြံပေးလိုက်သည်။ နှာခေါင်းသွေးယိုခြင်းကဲ့သို့ အသေးအဖွဲ တစ်ခုခုအတွက် ဆရာဝန်ကို လှမ်းခေါ်ခြင်းမှာ အဆင်ပြေသည်။ ဒါပေမယ့် လုကျင်းရှိူ့က အရမ်းမသက်မသာဖြစ်နေတယ်ဆိုရင် ဆေးရုံကို သွားပြီး checkup လုပ်တာ ပိုမကောင်းဘူးလား?
“ ငါ ဆေးရုံမသွားဘူး။ ” လုကျင်းရှိူ့က ဒေါသတကြီး ပြောသည်။ သူ့ကျန်းမာရေးက အလွန်ဆိုးရွားပြီး သူ ယန်ကျင်းဇီကို မသိစေချင်ပေ။
“ အိုကေ၊ ဆရာဝန်ကိုပဲ လှမ်းခေါ်လိုက်မယ်။ ” ယန်ကျင်းဇီ ချက်ချင်း ပြောလိုက်သည်။ လုကျင်းရှိူ့က ဆေးရုံကို တကယ် မသွားချင်ကြောင်း သူ ခံစားမိသည်။
လုကျင်းရှိူ့ မသွားချင်ရင် ဒါဆို မသွားဘူး... ယန်ကျင်းဇီသည် လုကျင်းရှိူ့၏ ကိုယ်ရေးလက်ထောက်ကို ဆရာဝန်ခေါ်ခိုင်းလိုက်သည်။ တစ်ဝက်ကူတွဲပြီး တစ်ဝက်ဖက်လျက်ဖြင့် သူသည် သူ့လက်မောင်းများကို လုကျင်းရှိူ့အနားတွင် ဖက်ထားသည်။
လုကျင်းရှိူ့၏ရောင်ဝါက အလွန်သန်မာသော်ငြား ခန္ဓာကိုယ်ကိုတော့ ကြီးမားသည်ဟု မခေါ်နိုင်ချေ။ ယန်ကျင်းဇီသည် သူ့ကို ဖက်ပြီးနောက် လုကျင်းရှိူ့က အနည်းငယ် ပိန်လွန်းကြောင်း တွေ့ရှိသွားသည်။
ယန်ကျင်းဇီသည် စိတ်ဆင်းရဲပြီး အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည် : “ ငါ မင်းကို တစ်ချိန်လုံး မစားခိုင်းခဲ့သင့်ဘူး... ”
“ မင်းနဲ့ ဘာမှမဆိုင်ဘူး။ ငါ့ဗိုက်က မကောင်းတာ။ ” လုကျင်းရှိူ့က ပြောလိုက်သည်။ ယန်ကျင်းဇီက သူ့ကို အတင်းအကြပ် မစားခိုင်းချေ၊ သူကိုယ်တိုင်က စားခဲ့ခြင်း ဖြစ်သည်။
ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို အပေါ်ထပ်သို့ ခေါ်သွားပြီး လုကျင်းရှိူ့ကို ခုတင်ပေါ်တွင် လှဲနေစေချင်ခဲ့သည်။
“ ကုတ်အင်္ကျီ မချွတ်ရသေးဘူး။ ” လုကျင်းရှိူ့က မလှဲချင်ပေ။
“ ငါ မင်းအစား ချွတ်ပေးမယ်။ ” ယန်ကျင်းဇီက ပြောကာ လုကျင်းရှိူ့၏ခါးကို လက်တစ်ဖက်နှင့် ဖက်ထားပြီး ကုတ်အင်္ကျီကို နောက်တစ်ဖက်နှင့် ချွတ်လိုက်သည်။
သူတို့နှစ်ဦးသည် အလွန်နီးကပ်နေကြပြီး နီးကပ်စွာ အတူဖိကပ်ထားကြသည်။ ယန်ကျင်းဇီ၏ အသက်ရှူလေပင် သူ့မျက်နှာပေါ်သို့ ကျရောက်နေသည်။ လုကျင်းရှိူ့သည် ထွက်ပြေးချင်သော်လည်း သူ့ဗိုက်မှ နာကျင်မှုက သူ့ကို လုံးဝ မကြိုးစားနိုင်အောင် လုပ်နေခဲ့သည်။
သူသည် ယန်ကျင်းဇီကိုသာ သူ့ကုတ်အင်္ကျီ ချွတ်ခွင့်ပြုလိုက်ရပြီး ရလဒ်ကမူ ယန်ကျင်းဇီက သူ့ခါးပတ်ကိုပင် စတင်ဖြည်လာသည်။
“ ရပ်တော့! ” လုကျင်းရှိူ့၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
ကုတ်အင်္ကျီ ကျွတ်သွားလျှင် ပြဿနာမရှိချေ။ အထဲတွင် ရှပ်အင်္ကျီ ရှိနေဆဲဖြစ်ပြီး ယန်ကျင်းဇီက သူ၏ ကောက်နေသော လက်ကို မမြင်နိုင်ပေ။ ဒါပေမယ့် သူ့ဘောင်းဘီအောက်မှာ အတွင်းခံတစ်စုံပဲ ရှိတယ်!
သူ့ဘယ်ဘက်ခြေထောက်ကို မြင်သွားလိမ့်မယ်!
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို တွန်းဖယ်လိုက်သော်လည်း သူသည် ယန်ကျင်းဇီကို လုံးဝ မဖယ်နိုင်ပေ။ သူ သူ့ကို လှမ်းလည်း မရိုက်နိုင်ချေ...
“ မင်း လှဲနေ၊ ငါ မင်းကို ဘောင်းဘီကူချွတ်ပေးမယ်။ ” ယန်ကျင်းဇီသည် ခါးပတ်ကို ဖြည်ပြီးဖြစ်ကာ ယခုချိန်တွင် လုကျင်းရှိူ့ကို ခုတင်ပေါ်၌ တင်ထားပြီး ပထမဦးဆုံး လုကျင်းရှိူ့၏ ဖိနပ်များကို လျင်မြန်စွာ ချွတ်၍ ထို့နောက် လုကျင်းရှိူ့၏ ဘောင်းဘီကို လက်နှစ်ဖက်စလုံးဖြင့် ဆွဲချွတ်လိုက်သည်...
လုကျင်းရှိူ့သည် အဆင်မပြေဖြစ်နေပြီး ဤအခိုက်အတန့်တွင် ယန်ကျင်းဇီကို မတားနိုင်ပေ။ အာရုံမစူးစိုက်နိုင်ခင်မှာပင် သူ့ခြေထောက်များမှာ ယန်ကျင်းဇီ၏ရှေ့တွင် ပေါ်လွင်နေပြီးဖြစ်သည်။
“ မင်း... ” လုကျင်းရှိူ့သည် စိတ်ရှုပ်သွားပြီး ဘာလုပ်ရမလဲ မသိတော့ပေ။
သူ့ခြေထောက်များကို ယန်ကျင်းဇီ မြင်သွားလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးချေ။
သူ့ခြေထောက်များမှာ တကယ်ပင် ရုပ်ဆိုးပြီး သူသည် ၎င်းတို့ကို မြင်သည့်အချိန်တိုင်း အလွန်ရွံရှာမိသည်။ မြင်သွားတဲ့ ယန်ကျင်းဇီက ဘယ်လိုတုံ့ပြန်မှာလဲ?
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်ရန် သူ့ခေါင်းကို ရုတ်တရက် မော့လိုက်ရာ ယန်ကျင်းဇီက သူ့ခြေထောက်များကို အရုပ်ဆိုးသော မျက်နှာဖြင့် ကြည့်နေသည်ကိုသာ မြင်လိုက်ရသည်။
လုကျင်းရှိူ့ စိတ်ပျက်သွားမိသည်။
သူ့ဘယ်ဘက်ခြေထောက်မှာ သူ အရွယ်ရောက်နေစဉ် လူကြောင့် ကျိုးခဲ့ရပြီး ထိုလူများက ၎င်းကို သူ့အား ပိုမိုသနားစရာကောင်းသည့် ပုံပေါ်စေရန်အတွက် တမင်တကာ ကွေးကောက်စေခဲ့သည်...
ယခု ၎င်းကို ခွဲစိတ်တည့်မတ်စေပြီးဖြစ်လျှင်တောင်မှ ဤခြေထောက်မှာ အခြားခြေထောက်ထက် သိသိသာသာ ပိုတိုပြီး အမာရွတ်အများအပြားလည်း ရှိနေသည်။ အချို့နေရာများရှိ အရိုးများမှာ ငေါ်ပင် ငေါ်ထွက်နေပြီး ၎င်းက အမှန်ပင် ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသည်။
သာမန်လူတွေက ဒီလိုခြေထောက်မျိုးကို မြင်တဲ့အခါ သေချာပေါက် ကြောက်စရာကောင်းတယ်လို့ ထင်ပြီး ရွံကြမှာပဲ၊ ယန်ကျင်းဇီကရော အတူတူပဲမလား?
လုကျင်းရှိူ့၏နှလုံးသားသည် ပြင်းထန်သော ခံစားချက်များနှင့် ကြမ်းကြမ်းတမ်းတမ်း ခုန်ပေါက်နေပြီး တစ်စုံတစ်ရာကို ဖျက်ဆီးချင်စိတ်ပင် ရှိလာသည်။ ချက်ချင်းဆိုသလိုပင် ယန်ကျင်းဇီက သူ့ဘယ်ဘက်ခြေထောက်ကို ဖမ်းကိုင်ကာ ဒေါသတကြီး မေးမြန်းသည် : “ မင်း ခြေထောက်မှာ ဒဏ်ရာတွေ ဘယ်လိုရထားတာလဲ?! ”
သူသည် လုကျင်းရှိူ့၏ခြေထောက်ကို တွေ့သောအခါ သူ့နှလုံးသား ကိုက်ခဲလာသော်လည်း မကြာမီပင် သူ့တွင် ရင်နာရန် အချိန်မရှိတော့ပေ – လုကျင်းရှိူ့ရဲ့ခြေထောက်မှာ အံ့ဩစရာကောင်းလောက်အောင် ဒဏ်ရာရှိနေတယ်!
အရင်က ကျန်ခဲ့တဲ့ ဒဏ်ရာဟောင်းတွေ မဟုတ်ဘဲ ဒဏ်ရာအသစ်တွေ၊ ဒဏ်ရာသေးသေးလေးတွေနဲ့ ပွန်းပဲ့ရာတွေ!
ဤဒဏ်ရာမျိုးမှာ အခြားသူများကြောင့် ဖြစ်ခြင်း မဟုတ်ဘဲ လုကျင်းရှိူ့ကိုယ်တိုင်ကြောင့် ဖြစ်လောက်သည်။ ယန်ကျင်းဇီသည် လုကျင်းရှိူ့၏ ခြေထောက်ကို ကိုင်ကာ လုကျင်းရှိူ့ကို ကြည့်လိုက်သည် : “ မင်း ကိုယ့်ကိုကိုယ် လုပ်ထားတာလား? ”
လုကျင်းရှိူ့ ကြက်သေသေသွားသည်။
လုကျင်းရှိူ့က တကယ်ကြီး သူ့ကိုယ်သူ နာကျင်အောင် လုပ်ထားသည်... ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ဆူဟောက်ချင်သည် သို့မဟုတ် လုကျင်းရှိူ့နှင့် ရန်ဖြစ်ချင်သော်ငြား ထိုခြေထောက်ကို နောက်တစ်ကြိမ် ကြည့်ပြီးနောက် သူ မလုပ်ရက်နိုင်ပေ။ သူသည် သူ့စိတ်မကျေနပ်မှုများကို သူ့ဗိုက်ထဲသို့သာ မျိုချနိုင်သည် : “ မင်း... မင်း... အနာဂတ်မှာ မင်းကို ဒဏ်ရာတွေနဲ့ ထပ်တွေ့ရရင် မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး! ”
ယန်ကျင်းဇီသည် လုကျင်းရှိူ့၏ ခန္ဓာကိုယ်ကို နေရာချနေစဉ် စကားပြောခဲ့ပြီး အနားရှိ စောင်ကို အားပါပါနှင့် ဆွဲယူကာ လုကျင်းရှိူ့ကို ခြုံပေးလိုက်သည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ဆွံ့အစွာ စိုက်ကြည့်နေသည်။
၎င်းကို ယန်ကျင်းဇီ တွေ့သောအခါ ပြောလိုက်၏ : “ ဘာကြည့်နေတာလဲ? မင်းကိုယ်မင်း နာကျင်အောင် လုပ်နေတာက အကြောင်းခိုင်လုံတယ်လို့ ခံစားရလို့လား? ”
လုကျင်းရှိူ့ : “ … ”
ယန်ကျင်းဇီသည် လုကျင်းရှိူ့၏အနားသို့ သွားပြီး လုကျင်းရှိူ့၏ ဘယ်လက်ကို ဖမ်းကိုင်ကာ ရှပ်အင်္ကျီလက်ကို ဖြည်၍ မတင်လိုက်သည်...
သေချာတာပေါ့၊ သူသည် ပွန်းပဲ့ရာများနှင့် အမာရွတ်အသစ်ဖြစ်ခါစ ဒဏ်ရာများကို ထပ်မံတွေ့လိုက်ရပြန်သည်။
ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ကြည့်ကာ စိတ်ဆိုးသွားသည် : “ မင်း ဘာလို့ ကိုယ့်ကိုကိုယ် တန်ဖိုးထားရမယ် ဆိုတာကို မသိတာလဲ? ”
သူသည် လုကျင်းရှိူ့ကို ကိုက်ကာ လုကျင်းရှိူ့ကို အပြစ်ပေးချင်သော်လည်း မဝံ့ရဲပေ။
လုကျင်းရှိူ့၏ မည်းမှောင်ပြီး မှုန်ကုပ်နေသော အကြည့်ကို တွေ့ရသောအခါ ယန်ကျင်းဇီသည် လုကျင်းရှိူ့၏လက်ကို နမ်းလိုက်သည် : “ နောက်တစ်ခါ မင်းဆီမှာ ဒဏ်ရာမြင်ရရင် မင်းကို ရိုက်မယ်! ”
နမ်းပြီးနောက် ယန်ကျင်းဇီသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ မတ်တပ်ပြန်ရပ်သည် : “ မင်းမျက်နှာ သုတ်ဖို့ ငါ မျက်နှာသုတ်ပဝါ သွားယူဦးမယ်။ ”
သူသည် လုကျင်းရှိူ့အခန်း၏ ရေချိုးခန်းကို အမြန်ဝင်ကာ သူ့နှလုံးခုန်သံကို ငြိမ်သက်စေရန် ကြိုးစားနေသည်။
ခုနက သူ အတင့်ရဲလွန်းအားကြီးသွားတယ်!
လုကျင်းရှိူ့ရဲ့ ဘောင်းဘီကို အတင်းအကြပ် ချွတ်လိုက်ရုံတင်မဟုတ်ဘဲ လုကျင်း
ရှိူ့ကိုလည်း နမ်းလိုက်သေးတယ်!
ခုနက လုကျင်းရှိူ့ လုံးဝ မတုံ့ပြန်ဘူး၊ သူ အရမ်းစိတ်မဆိုးလောက်ဘူးမလား?
စကားမစပ် သူ လုကျင်းရှိူ့ကို နမ်းရသည်မှာ တကယ်ပင် ခံစားရကောင်းသည်... ယန်ကျင်းဇီသည် မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်ပြီး လေထပ်ချွန်ချင်လာသည်။
သို့သော် သူ လေမချွန်မိသေးပေ – ၎င်းက ကိုးရိုးကားရား ဖြစ်လွန်းလိမ့်မည်။