Chapter 18
Viewers 2k

☁️Chapter 18




ရှန့်ချန်ကမှာလိုက်သောအစားအသောက်ကို စက်ထဲတွင်ရိုက်ထည့်လိုက်ပြီး ကျန်းရှီဝူစောင့်နေစဥ် ခေါင်းပေါ်မှအသံတစ်သံကိုကြားလိုက်ရသည်။ 


"မင်းဗိုက်မဆာဘူးလား.."


ကျန်းရှီဝူက အံ့အားသင့်သွားပြီးမော့ကြည့်လိုက်သည်။ အရှေ့မှလူငယ်လေးက အထွေအထူးအမူအရာမျိုးမရှိဘဲ အခုလေးတင်ပြောလိုက်သည့်စကားကို သူမပြောလိုက်သလိုပင်။


ကျန်းရှီဝူက စမ်းဖြေလိုက်သည်။ 


"ငါဝိတ်လျှော့နေလို့ပါ..."


ရှန့်ချန်ကသူ့ကိုမျက်လွှာပင့်ပြီးကြည့်လာခဲ့သည်။ 


"ဒီတော့ မင်းအခုအချိန်မစားဘဲနဲ့ ညဘက်ဗိုက်ဆာလာလို့သည်းမခံနိုင်တော့ရင်ရော..."


"......."


အဓိပ္ပါယ်ရှိသားပဲ။


ကျန်းရှီဝူ: "ဒါဆို မင်းပဲငါ့အတွက် တစ်ခုလောက်မှာပေးလေ.."


ရှန့်ချန်ကအလုပ်ဆက်လုပ်နေသော်လည်း အနောက်မှမိန်းကလေးများက ကျန်းရှီဝူ ရှန့်ချန်နှင့်စကားပြောနေသည်ကိုတွေ့သွားကြပြီး ကျန်းရှီဝူကို စပ်စုလိုသည့်သဘောဖြင့် ကြည့်လာကြလေ၏။ ဖက်တီးလေးက ခြိမ်းခြောက်နေသည့်ပုံစံမဟုတ်၍ သူတို့စိတ်ချသွားခဲ့ကြသည်။


ခဏအကြာတွင် ရှန့်ချန်က ညစာအတွက်ဟင်းပွဲများကိုသယ်လာပေးသည်။ ကျန်းရှီဝူနှင့်လျိုဟန်တို့က သူတို့၏အစားအသောက်များကိုယူပြီး စားပွဲတွင်ဝင်ထိုင်လိုက်ကြလေ၏။


လျိုဟန်ကအကြံပေးလာလေသည်။ 


"ဒီမှာဘာမှလုပ်စရာဘာမှမရှိဘူး၊ အိမ်စာလုပ်ရအောင်.."


ကျန်းရှီဝူ ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်က မကြာသေးခင်ကတည်းက ဝီရိယရှိလာကြလေ၏။ အစက လျိုဟန်မှာ ပညာသင်ရာတွင်စိတ်မဝင်စားခဲ့သော်လည်း ကျန်းရှီဝူ၏ဦးဆောင်မှုအောက်တွင် သူလည်းတဖြည်းဖြည်းစိတ်ပါဝင်စားလာပြီး စာလုပ်ချင်စိတ် ပိုရှိလာခဲ့သည်။


နှစ်ယောက်လုံးအတွက် ပထမအခက်အခဲမှာ သင်္ချာပုစ္ဆာများပင်ဖြစ်လေသည်။


လျိုဟန်: "မင်းပဲရှန့်ချန်ကိုသွားရှာပါလား..."


ကျန်းရှီဝူ အရှေ့မှချောင်းကြည့်လိုက်ပြီး ခပ်ဖွဖွချောင်းဟန့်လိုက်သည်။ 


"မင်းသွားမေးကြည့်ပါလား..."


"နေတော့၊ ငါမမေးရဲဘူး.."


လျိုဟန်က အချိန်အများစုတွင်တုံးအသော်လည်း လူများနှင့်ပတ်သက်ပြီး သူကောင်းကောင်းသိနေသည်။ ရှန့်ချန်က မည်မျှပင်ချောမောနေပါစေ၊ သူ့ဘက်မှအရင်စပြီး ထိုသူကို မိုက်ကြေးမခွဲရဲပေ။ ဤလူက အလွန်လျို့ဝှက်တတ်ပြီး သာမန်လူများအနေဖြင့် အလွယ်တကူသွားမထိခြင်းက အကောင်းဆုံးဖြစ်လေသည်။


ထိုင်နေကြစဥ် လျိုဟန်က ဖုန်းပြောနေခဲ့သည်။ သူကခဏမျှနားထောင်နေပြီးနောက် ကျန်းရှီဝူဘက်သို့လှည့်ပြောလိုက်လေ၏။ 


"ငါ့အဖေကဒီကိုရောက်နေပြီတဲ့၊ ငါအရင်သွားနှင့်တော့မယ်.."


ကျန်းရှီဝူမှာ ကျန်းမေ့လီထံမှဖုန်းမရသေး၍ နှုတ်ဆက်လိုက်သည်။ 


"သွားလေ၊ ငါနည်းနည်းဆက်ရေးနေလိုက်ဦးမယ်.."


လျိုဟန်: "အိုကေ..."


သူထွက်သွားသည့်အခါ ကျန်းရှီဝူတစ်ယောက်တည်းကျန်နေခဲ့သည်။


ကျန်းရှီဝူကပုစ္ဆာနှစ်ပုဒ်ကိုတွက်ပြီးနောက် ခေါင်းမော့ကာ ကြွက်သားများနှင့်အရိုးများကိုလှုပ်ရှားလိုက်သည်။ သူက ခေါင်းငုံ့ပြီးအိမ်စာလုပ်နေခဲ့သည်။ ရုတ်တရက် သူ့အာရုံက မဝေးလှသောစားပွဲထံသို့ရောက်သွားခဲ့သည်။ ထိုစားပွဲဘေးမှ အလှစိုက်ထားသောအပင်အချို့၏ထောင့်တွင် မိန်းကလေးတစ်ယောက်ထိုင်နေပြီး စားသောက်ဆိုင်မှ အလှဆင်ထားသောပစ္စည်းများကို ခိုးဝှက်ပြီး ထိုးထည့်နေလေသည်။


ပစ္စည်းခိုးနေတာလား။


ယနေ့တွင် ရှန့်ချန်က တာဝန်ကျနေသည်။ တစ်ခုခုပျောက်သွားပါက ရှန့်ချန်၏ခေါင်းပေါ်ကိုကျလာလိမ့်မည်။


မိန်းကလေးကထရပ်ပြီး သွားတော့မည့်ဟန်ပြင်နေသည်။ သူမက ကျန်းရှီဝူအနားမှဖြတ်သွားလေ၏။ သူမ၏စကတ်အစက သူ့ကိုပွတ်တိုက်သွားခဲ့သည်။ ကျန်းရှီဝူက ခဏမျှတွေဝေနေပြီး လှမ်းပြောလိုက်သည်။ 


"ခဏလေးပါဗျ.."


မိန်းကလေးက သွားနေရင်းရပ်သွားလေသည်။


ကျန်းရှီဝူက သူမ၏အိတ်ကိုလက်ညိုးထိုးပြလိုက်သည်။ 


"စားသောက်ဆိုင်က ပန်းကန်ပြားနဲ့အလှဆင်ပစ္စည်းတွေက အပြင်ကိုသယ်သွားလို့မရဘူးဗျ.."


မိန်းကလေး၏မျက်နှာကပြောင်းသွားပြီး ကျန်းရှီဝူကိုစိုက်ကြည့်လာသည်။ 


"နင်ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ..."


ကျန်းရှီဝူ: "ကျွန်တော်မြင်လိုက်တယ်..."


"နင်ပြောနေတာတွေကိုငါမသိဘူး..." 


မိန်းကလေးကတဖက်လှည့်သွားပြီး ထွက်သွားတော့မည့်ဟန်ပြသော်လည်း ကျန်းရှီဝူကဆွဲထားလေ၏။ 


"ခင်ဗျား ပစ္စည်းတွေကိုထားခဲ့လိုက်ပါ..."


"နင်တော့...."


မိန်းကလေးက မည်သည့်နေရာမှ ဗြုန်းစားကြီးပေါ်လာမှန်းမသိသည့်ဖက်တီးကိုကြည့်လိုက်ပြီး မျက်လုံးထဲ၌ ရွံရှာနေသောပုံစံပေါ်လာလေသည်။ သူမက အိတ်ထဲမှပစ္စည်းတစ်ခုကိုထုတ်ပြီး စားပွဲပေါ်သို့တင်ပေးလိုက်လေ၏။ 


"ဒါတွေ ဟုတ်တယ်မလား..."


ကျန်းရှီဝူ ခေါင်းညိတ်ပြလိုက်သည်။


သူကလွှတ်ပေးလိုက်ပြီး အိမ်စာလုပ်ရန်လှည့်လိုက်သည်။ သူလှည့်လိုက်ချိန်မှာပင် မိန်းကလေးက စားပွဲခုံကိုအရှိန်ဖြင့်တိုက်မိပြီး ဖျော်ရည်ခွက်ကကျသွားကာ အော်လိုက်လေ၏။ 


"အား..."


ကျန်းရှီဝူက အူတိအူကြောင်ဖြင့်ရပ်ကြည့်လိုက်သည်။


စားသောက်ဆိုင်ထဲမှလူတိုင်း အသံကြားလိုက်ရ၍ လှမ်းကြည့်လာကြ၏။ မိန်းကလေးကသူမပါးစပ်ကိုအုပ်ထားလေသည်။ 


"နင်ငါ့ကိုဘာလို့ရေနဲ့ပက်ရတာလဲ.."


ကျန်းရှီဝူ၏မျက်လုံးတို့က ပြူးကျယ်သွားလေ၏။ "ဗျာ..."


မိန်းကလေးကအော်လိုက်သည်။ 


"အားလုံးပဲ၊ ကျွန်မကဘေးကနေဖြတ်သွားတာကို သူကရုတ်တရက်ကြီးကျွန်မကို ဖျော်ရည်တွေနဲ့ပက်လိုက်တယ်..."


အော်လိုက်သံကြောင့် အခြားသူများကအာရုံစိုက်လာကြသည်။


ကျန်းရှီဝူက နေရာတွင်ပင်ကြက်သေသေနေပြီး ရှန့်ချန်က ခပ်လှမ်းလှမ်းမှလာနေသည်ကိုတွေ့လိုက်ရလေ၏။ ထိုသူက စားသောက်ဆိုင်မှဝန်ထမ်းယူနီဖောင်းကိုဝတ်ထားသည်။ အရပ်ရှည်ပြီး ခန္ဓာကိုယ်ကဖြောင့်တန်းနေကာ ရုပ်ရည်ကလည်းချောမောသည်။ သူ စားပွဲရှေ့၌ရပ်လိုက်သည့်အခိုက်အတန့်လေးမှာပင် ရေစိုနေသောအိမ်စာစာရွက်များကိုအရင်ကြည့်လိုက်ကာပြီး ကျန်းရှီဝူကိုကြည့်ကာ အသံတိတ်မေးလာသည်။


ကျန်းရှီဝူကလည်း အမြန်ပြောလိုက်သည်။ 


"ငါသူ့ကိုမရိုက်ရသေးဘူး..."


သူက အပြစ်ကင်းမှန်းသိသော်လည်း ကျန်းရှီဝူမှာ စိုးရိမ်နေမိသည်။ ယခုခေတ် ဆိုင်လေးများတွင် စောင့်ကြည့်ကင်မရာများမရှိတတ်ကြပေ။ မည်သူမှမစစ်ဆေးပေးလျှင် မြစ်ဝါမြစ်ထဲသို့ခုန်ချလိုက်လည်း သူ့အပေါ်မှစွပ်စွဲချက်ကို သူ့ကိုယ်သူပင်မသန့်စင်နိုင်လောက်ပေ။


မိန်းကလေး၏မျက်လုံးများကနီရဲလာပြီး စတင်၍တရှုံ့ရှုံ့လုပ်ပြလာလေ၏။ 


"ငါနင့်ကိုဘာလုပ်ရသေးလို့လဲ..."


"....."


ရှန့်ချန်က ခဏမျှတိတ်ဆိတ်နေပြီးမှ မိန်းကလေးဘက်သို့လှည့်မေးလိုက်သည်။ 


"သူကမင်းကိုအနိုင်ကျင့်လို့လား..."


မိန်းကလေးက ကြက်ကလေးဆန်ကောက်နေသလိုခေါင်းညိတ်ပြလိုက်သည်။


ရှန့်ချန်ကထပ်မေးလိုက်ပြန်သည်။ 


"အခုလေးတင်လား..."


"ဟုတ်တယ်၊ ဆွဲလားရမ်းလားနဲ့၊ ငါကသူ့ကိုသိတောင်မသိဘူး..."


"သေချာလား..." 


ရှန့်ချန်က စားပွဲကိုတစ်ချက်ကြည့်ပြီး အသံတိုးတိုးဖြင့်မေးလိုက်ပြန်သည်။ 


"မင်းပြောချင်တာက မင်းအနောက်က စားပွဲကနေ ပန်းကန်ပြားနဲ့အလှဆင်ပစ္စည်းတွေယူနေတုန်းကို သူကမင်းကို မတရားလုပ်တယ်ပေါ့..."


သွယ်ဝိုက်ပြောချင်သည့်အဓိပ္ပါယ်မှာ" မင်း ဒီပစ္စည်းတွေကိုယူသွားသေးလား။"


မိန်းကလေးမှာ ရှန့်ချန်ကပါ သတိထားမိနေမည်ဟုမထင်ထားခဲ့ပေ။ သူ့မျက်နှာက ပြာလိုက်ဖြူလိုက်ဖြစ်နေပြီး သူမအနားမှလူများ၏အကြည့်ကပါ အနည်းငယ်ထူးဆန်းနေမှန်း နားလည်သွားခဲ့သည်။ သူမက ဒေါသတကြီးဖြင့်အံကြိတ်လိုက်မိပြီး လှည့်ထွက်သွားလေတော့၏။


ရှန့်ချန်က အကြည့်ပြန်လွှဲလိုက်ကာ ကျန်းရှီဝူကမူသူ့ကို အပြစ်ကင်းသောအပြုံးလေးပြုံးပြလိုက်လေသည်။


အခုကမှောင်နေပြီဖြစ်ပြီး ရှန့်ချန်၏အချိန်ပိုင်းအလုပ်ကလည်းပြီးသွားပြီဖြစ်သည်။ သူက အေပရွန်ကိုချွတ်ကာ ညစ်ပတ်သွားသော အစမ်းအဖြေလွှာစာရွက်များကိုကြည့်ပြီးပြောလိုက်သည်။ 


"ပစ္စည်းတွေသွားယူ၊ ငါ့ဆီကနေပဲကူးလိုက်တော့..."


ကျန်းရှီဝူ သွက်သွက်လေးပြန်ဖြေလိုက်သည်။ 


"အိုကေ..."


နှစ်ယောက်သား စားသောက်ဆိုင်ထဲမှ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသည်။ အပြင်ဘက်မှ လမ်းမီးတိုင်များကို မီးထွန်းထားပြီးဖြစ်လေ၏။ ကျန်းရှီဝူက ကျောပိုးအိတ်ကိုသယ်ရင်း ဒေါနှင့်မောနှင့်ပြောလိုက်မိသည်။ 


"အဲဒီမိန်းမက သူဟာသူခိုးပြီးတော့ မှားပြီးလာစွပ်စွဲနေသေးတယ်၊ တော်သေးတယ်၊ မင်းကဉာဏ်ကောင်းလို့..."


ရှန့်ချန်ကသူ့ကိုဖျတ်ခနဲလှမ်းကြည့်လိုက်သည်။ 


"မင်းကမှတုံးတာလေ..."


"ဟမ်..."


သူ့ကိုမှားပြီးစွပ်စွဲခဲ့သောမိန်းကလေးကိုတွေးကြည့်မိသည့်အခါ ကျန်းရှီဝူမှာ အန်ချင်လာရသည်။


သူက ရှန့်ချန်ကို ဖြေရှင်းပြလိုက်ရသည်။ 


"ငါကသူ့ကိုဘယ်လိုလုပ်ပြီး စိတ်ဝင်စားနိုင်မှာလဲ၊ သူကအရမ်းယုံကြည်ချက်ရှိနေတာ၊ ငါသူ့ကိုမကြိုက်ပါဘူး၊ သူ့ကိုကြိုက်ရင်တောင် ငါကြိုက်တဲ့ပုံစံက...."


စကားတစ်ဝက်အရောက်မှာပင် သူရပ်လိုက်မိသည်။


ကျန်းရှီဝူစကားလမ်းကြောင်းပြောင်းချင်သော်လည်း တိတ်ဆိတ်နေခဲ့သောရှန့်ချန်က သူ့ကိုလှည့်ကြည့်လိုက်သည်။


 "ဘာလဲ...."


အဆာပြေမုန့်ဆိုင်လေးမှာ ဝင်လိုက်ထွက်လိုက်လုပ်နေသောလူများဖြင့် ပြည့်ကျပ်နေလေသည်။


လမ်းဘေးဘက်မှ လက်ပွေ့စာစောင်ရောင်းနေသူတစ်ယောက်က နားကွဲလောက်အောင်အော်နေလေ၏။ မီးရောင်တို့ကခပ်မှိန်မှိန်။ ကျန်းရှီဝူမှာ မေးခွန်းကြောင့် အူတိအူကြောင်ဖြစ်နေခဲ့သည်။ လုံးဝိုင်းနေသောမျက်နှာလေးမှာ အပြည့်အဝ ရှော့ခ်ရနေပြီး ဆွံ့အနေလေသည်။


ရှန့်ချန်က စောင့်ဆိုင်းနေသည့်နှယ် သူ့ကိုတိတ်ဆိတ်စွာဖြင့်ကြည့်နေခဲ့သည်။


ကျန်းရှီဝူက ခေါင်းကုပ်ကာ ခပ်ရွံ့ရွံ့ပြောလိုက်ရသည်။ 


"ငါ ငါလည်းမသိဘူးလေ..."


ရှန့်ချန်က မျက်ခုံးပင့်ပြသည်။


"တကယ်တော့..." 


ကျန်းရှီဝူက ဖြည်းဖြည်းချင်းလမ်းလျှောက်နေသည်။ ဤအခိုက်အတန့်လေးတွင် သူရှန့်ချန်အပေါ် ကြောက်ရွံ့စိတ်မဖြစ်မိပေ။ 


"ကြိုက်စရာလည်းမကောင်းပါဘူး၊ အခု ငါ့လိုပေါ့၊ ငါ့ကိုဘယ်သူကမှမကြည့်နေကြဘူးလေ၊ သဘောကျပေမဲ့ မပိုင်ဆိုင်ရဘူး၊ အဲဒါမျိုးကစိတ်မကောင်းစရာပဲမဟုတ်လား..."


ရှန့်ချန်က ဂရုမစိုက်သလိုမျက်ခုံးပင့်ပြပြန်သည်။


ကျန်းရှီဝူ စိတ်ရှုပ်ထွေးသွားလေသည်။ 


"အတန်းကိုယ်စားလှယ်ရော သဘောကျနေတဲ့သူရှိလား..."


ရှန့်ချန်က လူအုပ်ကြားထဲတွင် လမ်းလျှောက်နေခဲ့သည်။ အပြာနှင့်အဖြူယူနီဖောင်းက သန့်ရှင်းနေပြီး လူငယ်ဆန်နေခဲ့သည်။ နီယွန်မီးအရောင်တို့က သူ့အပေါ်သို့ကျနေခဲ့သော်လည်း ထိုသူက လမ်းပေါ်မှလေလွင့်နေသူနှင့်မတူဘဲ ပုံမှန်အတိုင်း ချောမောခန့်ညားနေခဲ့သည်။ ထိုသူကသူ့မေးခွန်းကိုပြန်မဖြေပေ။


ကျန်းရှီဝူလည်း မေးမိပြီးမှ အဓိပ္ပါယ်မရှိသလိုခံစားလိုက်ရသည်။


ခဏမျှတွေးကြည့်ပြီးသည့်နောက် သူက စမ်းသပ်သည့်နှယ်မေးကြည့်လိုက်သည်။ 


"ဒါဆို အတန်းကိုယ်စားလှယ်မှာ သဘောကျတာတောင်မပိုင်ဆိုင်နိုင်မယ့်လူတစ်ယောက်ရှိနေတာလား..."


ရှန့်ချန်က ကျောပေးထားလေ၏။ 


"မသိဘူး..."


ကျန်းရှီဝူ အူမြူးသွားခဲ့သည်။ 


"ဒါလည်းဟုတ်တာပဲ.."


သူက ရှန့်ချန်ဖြေလာမည်မဟုတ်ကြောင်းသိနေသော်လည်း မထင်မှတ်ဘဲ ရှန့်ချန်က သွားနေသည့်အရှိန်ကိုလျှော့ကာ သူ့ကိုလှည့်ကြည့်လာခဲ့သည်။ 


"မရှိတာလည်းမဟုတ်ဘူး..."


ထိုကောင်လေးက ကျန်းရှီဝူထက် အရပ်ပိုရှည်သည်။ ထိုသူကငယ်သေးသည်ဟုထင်ရသော်လည်း မည်သည့်အရာကိုမျှမပိုင်ဆိုင်ထားခဲ့ပေ။ သို့ထိတိုင် ရှန့်ချန်ကရှန့်ချန်ပင်။ လောကဓံနှင့်ဆင်းရဲဒုက္ခတို့က အထက်စီးဆန်မှုကို မတားဆီးနိုင်ပေ။


ရှန့်ချန်: "ငါသဘောကျနေတဲ့လူက ငါလုံးဝပိုင်ဆိုင်မရတဲ့လူ..."


ကျန်းရှီဝူက ထိုမျက်ဝန်းတို့နှင့်ဆုံတွေ့သွားခဲ့သည်။ သူ့နှလုံးသားက တခဏမျှအေးခဲသွားပြီး ကြောင်အမ်းလျက်တုံ့ပြန်လိုက်မိသည်။ 


"ဆိုတော့..အဲဒါက..."


ပြောစရာစကားမရှိတော့သလို မနာလိုဝန်တိုခြင်း သို့မဟုတ် အခြားအရာများလည်းမရှိနေတော့ပေ။ အနည်းငယ်မျှဆုံးရှုံးသွားရုံသာရှိလေသည်။ အချို့သူများက ထိပ်ဆုံးတွင်ရပ်တည်နိုင်ရန်အတွက် မွေးဖွားလာကြပုံရသည်။ သူတို့ကြိုးစားနေသရွေ့ သူတို့လိုချင်သည့်မည်သည့်အရာကိုမဆိုရနိုင်သည်။


သူတို့၏ဘဝကို အလဟဿဖြုန်းတီးပစ်နေသော အချို့လူများလည်းအတူတူပင်ဖြစ်လေ၏။ သူက ရှန့်ချန်၏အနောက်သို့ တစ်ဘဝလုံးလိုက်နေခဲ့သော်လည်း ရလဒ်မကောင်းခဲ့ပေ။


အချစ်ဆိုသောအရာတွင် မှားသည်မှန်သည်ဟူ၍မရှိပေ။


ကျန်းရှီဝူတွင် ရှန့်ချန်ကိုကြောက်မိသည့်အချိန်လည်းရှိသလို စပ်စုချင်သည့်အချိန်များလည်းရှိခဲ့သည်။ သို့တည်းမဟုတ် ထပ်တူညီသောအမှားမျိုးအား တကျော့ပြန်လုပ်မိသွားမည်ကို သူ့ကိုယ်သူကြောက်ရွံ့နေခဲ့ဖူးသည်။ ရှုံးရန်သေချာနေသောအလောင်းအစားပွဲတွင် နောက်တကြိမ်နာလန်ပြန်ထူနိုင်ရန် သတ္တိမည်မျှယူရမည်နည်း။ အနည်းဆုံး သူ့တွင်သတ္တိမရှိပေ။


ရှန့်ချန်၏အသံက သူ့အတွေးစတို့ကိုဖြတ်တောက်ပစ်လိုက်သည်။ 


"ရောက်ပြီ...."


ကျန်းရှီဝူ မိတ္တူဆိုင်ကိုမော့ကြည့်လိုက်သည်။ ခြေလှမ်းအနည်းငယ်မျှလှမ်းဝင်သွားလိုက်ပြီး ရှန့်ချန်၏အဖြေလွှာကိုယူကာ ဆိုင်ရှင်ကိုကမ်းပေးလိုက်သည်။ ထို့နောက် တံခါးဝတွင် စိတ်ရှည်ရှည်ဖြင့်စောင့်နေလိုက်လေ၏။


ဆိုင်ရှင်၏အမျိုးသမီးက ချဥ်ချဥ်စပ်စပ်ဟော့ပေါ့ကိုစားနေပြီး တစုံတယောက်၏စားချင်စိတ်ကိုလှုံ့ဆော်ပေးနေသည်။ ကျန်းရှီဝူမှာ အစပိုင်းတွင် အောင့်အည်းပြီးနေနိုင်သေးသည်။ နောက်ပိုင်း၌ သူ့အစာအိမ်က မရောင့်ရဲတော့ဘဲ တဂျုတ်ဂျုတ်မြည်လာတော့၏။


"အဲဒါက..."


ကျန်းရှီဝူက ရှန့်ချန်ကိုဆတ်ခနဲလှည့်ကြည့်လိုက်သည်။ 


"မင်းဗိုက်ဆာနေပြီလား..."


ရှန့်ချန်က တံခါးကိုမှီထားလေသည်။ 


"ဘာ..."


"ငါပြောတာက ဒီလောက်အကြာကြီး အလုပ်လုပ်ထားတာ ဗိုက်မဆာဘူးလားလို့..." 


ကျန်းရှီဝူက စမ်းပြီးမေးကြည့်လိုက်သည်။ 


"တစ်ခုခုစားကြမယ်လေ..."


ရှန့်ချန်က ကောက်ချက်ချလိုက်သည်။ 


"မင်းဗိုက်ဆာနေတာပဲကိုး..."


"......."


တည့်တည့်ကြီးကိုပြောချလိုက်တာပဲ။


ကျန်းရှီဝူခမျာ အလွန့်အလွန်ဗိုက်ဆာနေလေရာ ပုံမှန်အတိုင်းပင်ဝန်ခံလိုက်လေသည်။ 


"အင်း...."


ရှန့်ချန်: "ငါဆိုင်မှာတုန်းက မင်းအတွက် ကိတ်မှာပေးခဲ့တယ်လေ.."


ကျန်းရှီဝူ: "အဲဒါက လျိုဟန်စားပစ်လိုက်ပြီ..."


ကျန်းရှီဝူက ရှန့်ချန်အရှေ့တွင်ရပ်နေခဲ့သည်။ သူ၏မျက်နှာလုံးလုံးလေးက မော့လာခဲ့သည်။ သူ့မျက်လုံးလေးများက ကြယ်လေးများကဲ့သို့လင်းလက်ပြီး တောက်ပသောအလင်းရောင်တို့ထင်ဟပ်နေခဲ့သည်။ မရည်ရွယ်သော လှည့်စားမှုလေးနှင့် ညှို့ယူနေသည့်အမူအရာတို့ ရောပြွန်းနေ၏။


"ငါ့မှာကိတ်ဝယ်ဖို့တောင်ပိုက်ဆံမရှိတော့ဘူး၊ မင်းငါ့ကိုနည်းနည်းလောက်ချေးပေးလေ၊ ငါမင်းကိုမနက်ဖြန်မှပြန်ပေးမယ်..."


ယခုကဲ့သို့သောတောင်းဆိုချက်နှင့်ကြုံတွေ့ရပါက လူအများစုမှာ ငြင်းနိုင်မည်မဟုတ်သော်လည်း ရှန့်ချန်က သာမန်ပုဂ္ဂိုလ်မဟုတ်ပေ။


ရှန့်ချန်က ခပ်တည်တည်ပင်။ 


"မင်းဝိတ်မကျချင်ဘူးလား..."


"......"


ကျန်းရှီဝူမှာတောင့်တင်းသွားရပြီး ကောင်းကင်ဘုံနှင့်လူသားအကြားမှ တိုက်ပွဲထဲသို့ကျသွားခဲ့သည်။ နောက်ဆုံး၌ ဟော့ပေါ့အိုးကသာ အနိုင်ရသွားလေတော့၏။ 


"နည်းနည်းလောက်စားတာက မဝလောက်ပါဘူး..."


တကယ်တမ်း၌ အပြင်းအထန်ငြင်းခုန်ရသည်နှင့် သူက ရှန့်ချန်ထံမှ ပြက်ရယ်ပြုခံနေရပြီဖြစ်လေသည်။


သူဌေးက အဖြေလွှာများကိုယူလာပေးခဲ့သည်။ 


"မိတ္တူကူးခ အကြွေစေ့ငါးဆယ်ပါ.."


ထိုစဥ်က ကျန်းရှီဝူတွင်ပိုက်ဆံမရှိသည်ကိုသာ မှတ်မိလေသည်။ သူက ရှန့်ချန်ကို အသနားခံသည့်အကြည့်ဖြင့်ကြည့်လိုက်မိပြီး တောင်းဆိုချင်သော်လည်း အငြင်းခံရမည်ကိုကြောက်နေမိလေသည်။


သူဌေးက အဖြေလွှာကို တွန့်ဆုတ်ဆုတ်ဖြင့်ကိုင်လာပြီး ကလေးနှစ်ယောက်ကိုကြည့်လိုက်သည်။


ရှန့်ချန်က စာရွက်ကိုလှမ်းယူပြီး အိတ်ကပ်ထဲမှပိုက်ဆံအိတ်ကိုထုတ်ကာ မိတ္တူကူးခကိုပေးလိုက်သည်။ ကျန်းရှီဝူက ၎င်းကို ခိုးကြည့်လိုက်သည့်အခါ ပိုက်ဆံအိတ်က အလွန်စုတ်ပြတ်နေမှန်းတွေ့လိုက်ရလေ၏။ အထဲမှပိုက်ဆံများကလည်းဟောင်းနွမ်းနေပြီဆိုသော်လည်း သပ်သပ်ရပ်ရပ်စီထည့်ထားခဲ့သည်။ ပိုင်ရှင်ကစိစစ်တတ်ပြီး စီမံတတ်သူဖြစ်ကြောင်းဖော်ပြနေခြင်းပင်။


ကျန်းရှီဝူက အဖြေလွှာကိုလှမ်းယူပြီး ယဥ်ယဥ်ကျေးကျေးပြောလိုက်သည်။


 "ကျေးဇူးပဲ...."


ရှန့်ချန်က တုံ့ပြန်လိုက်လေသည်။ 


"သွားကြမယ်..."


ကျန်းရှီဝူက စာရွက်ကိုပြန်သိမ်းလိုက်ကာ ရှန့်ချန်အနောက်မှလိုက်လာလေသည်။ 


"ငါတို့ဘယ်ကိုသွားကြမှာလဲ..."


"သွားစားမယ်လေ..."



☁️☁️