Chapter 19
Viewers 1k

🧜 အခန်း ၁၉

နောက်ထပ် ဆွဲဆောင်ရမဲ့ ပစ်မှတ်လား…



မျိုးရိုးမြင့်များက အလွန်ဆုံး ပိုက်ဆံအချို့နှင့် အာဏာရှိခြင်းဖြစ်ပြီး ကြေးစားအနည်းငယ် မွေးမြူကာ လက်ထပ်ခြင်းဖြင့် မဟာမိတ်ဖွဲ့ကြရုံသာ ရှိသည်။ သို့သော်လည်း ဂြိုဟ်စားမင်းများတွင် စစ်မှန်သော ဘဏ္ဍာ၊ စစ်မှန်သော အာဏာနှင့် စစ်မှန်သောစစ်သည်များ အမှန်တကယ်ရှိကြခြင်း ဖြစ်သည်။


အင်ပါယာတွင် ဂလက်ဆီ ၈ခုရှိပြီး ထိုထဲမှ ၅ခုတွင် ဤဂြိုဟ်စားမင်းများ အုပ်စိုးနေကြသည်။ အင်ပါယာ၏ အရှင် ၇ပါးထဲမှ တစ်ပါးဖြစ်သော မိန်အန်းမိသားစုက ဂလက်ဆီ ၃ ၏ အုပ်ချုပ်သူများ ဖြစ်ကြ၏။


ဤကိစ္စက မိန်အန်း မိသားစုနှင့် သက်ဆိုင်နေမှု ရှိနိုင်ကြောင်း ယီနျို ကြားလိုက်သည်နှင့် ချက်ချင်းပင် ဤကိစ္စသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။


တစ်ခါတစ်ရံ ယီနျိုက အရိုးနုလေးဖြစ်သော သူ၏ ခမည်းတော်အား ပြည်သူလူထုမှ ဆူပူကြသည်မှာ မှန်ကန်ကြောင်း ခံစားမိသည်။ သူ၏ ခမည်းတော်၊ ဧကရာဇ်က အင်ပါယာမြို့တော်ဂြိုဟ်မှ မျိုးရိုးမြင့်များကိုပင် မကိုင်တွယ်နိုင်ပေ။

သူက ဘယ်လိုလုပ်ပြီး ဂြိုဟ်စားမင်းတွေကို ပြဿနာရှာရဲမှာတဲ့လဲ…


“ဘာလို့လဲ ကြောက်လို့လား…”

ယွဲ့ကျန့်က မျက်ခုံးပင့်ကာ သက်ပြင်းချနေသည့် ကောင်ငယ်လေးအား ကြည့်လိုက်သည်။


ယီနျိုက ခေါင်းယမ်းလိုက်သည်။ သူ့တွင် လိုအပ်ချက်များ ရှိနေသေးသော်လည်း လက်မခံချင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ၊ မွေးခါစ အကောင်ပေါက်လေးများက ကျားများကို မကြောက်ရွံ့ကြပေ။


ထို့အပြင် သူက ကံကြမ္မာ၏ သားတော်ဖြစ်သည်။ သူ့ထံ၌ ဇာတ်လိုက်ရောင်ဝါရှိ၏။


သူက စစ်ဆေးရေး၏ လမ်းတစ်ဝက်တွင်သာ ရှိသေးသည်။ သို့သော်လည်း ယီနျိုက ဤကိစ္စ၏ အောက်ခြေအထိ ရောက်ရှိစစ်ဆေးလိုက်လျှင် သူ၏ ခမည်းတော်က သူ့အား ခြေထောက်မှ ဆွဲထားကာ ထပ်မစစ်ဆေးတော့ရန် ပြောလာမည်အား ကြောက်မိပါ၏။


ယွဲ့ကျန့်က သူ့ခေါင်းကို ပွတ်ပေးလိုက်ကာ ပြောလိုက်သည်။

"အရှင့်သား ကျုံးမိသားစုရဲ့ အချက်အလက်ကို ရှာတွေ့တာနဲ့ ရပ်လိုက်ပါ... မိန်အန်းမိသားစုအထိ မစစ်ဆေးပါနဲ့..."


"ခင်ဗျား ဘာကိုဆိုလိုတာလဲ..."

ယီနျို မေးမြန်းလိုက်သည်။


[ယွဲ့ကျန့်က ကြောက်နေတာများလား... မိန်အန်းမိသားစုက ရင်ဆိုင်ရ မလွယ်ကူဘူးဆိုပေမဲ့ ဒီလောက် မြန်မြန်ကြီး လက်လျှော့လိုက်တာကတော့...]


ယွဲ့ကျန့်တွင် ရှင်းပြရုံကလွဲ၍ ရွေးစရာမရှိပေ။

"မိန်အန်းမိသားစုရဲ့ ရေက အရမ်းနက်လွန်းတယ်... ကိုယ်က သူတို့တွေ အရှင့်သားကို တစ်ခုခုလုပ်လာမှာ စိုးရိမ်လို့ပါ... ဒါကြောင့် အရှင့်သားက ကျုံးမိသားစုကိုပဲ စစ်ဆေးပြီး ဂလက်ဆီ ၃ အတွက်က ကိုယ့်ကို လက်လွှဲထားလိုက်..."


“အိုး…”

ဆိုတော့ သူက ဒီလို ပြောတာကိုး…


ယီနျိုက ထိုကိစ္စမှာ အဆင်ပြေကြောင်း တွေးလိုက်သည်။ သူ့ထံ၌ မည်သည့် အာဏာမှ မရှိပေ။ မိန်အန်းမိသားစုနှင့် ရင်ဆိုင်ရန် သူ့အထောက်အထားအား မှီခိုလျှင်ပင် ကျောက်တုံးကို ကြက်ဥဖြင့် ပေါက်ခြင်းနှင့် တူညီသည်။


သို့သော် ယွဲ့ကျန့်က မတူပေ။ သူ့တွင် စစ်သည်များနှင့် အင်အားရှိသည်။ ထို့အပြင် ယွဲ့ကျန့်၏ အဖေကလည်း တတိယစစ်တပ်၏ ဗိုလ်မှူးချုပ်ဖြစ်ရာ ဧကရာဇ်ထက် ပိုပြီး အားကိုး၍ရနိုင်သည်။


[မဟုတ်သေးဘူး... ငါ မှတ်မိသလောက်က ‘ယွဲ့ကျန့်’က ဂြိုဟ်စားမင်းရဲ့ ပုန်ကန်မှုကို အခွင့်ကောင်းယူပြီး ပြင်ပအင်အားစုတွေနဲ့ ပူးပေါင်းလိုက်ပြီးတော့ ‘သူ့’ကို ထီးနန်းချလိုက်ပြီး ‘သူ့’ကို အကျဥ်းချခဲ့တာလေ... သူက ဂြိုဟ်စားမင်းတွေနဲ့ တစ်အုပ်စုတည်းလို့  တွေးကြည့်ရင်တောင် ရတယ်... ဒါပေမဲ့ အခု သူက ဂြိုဟ်စားမင်းတွေထဲက မိန်အန်းမိသားစုကို ရင်ဆိုင်ဖို့ ငါ့ကို ကူညီနေတာဆိုတော့ ဒါက ... ခွေးတစ်ကောင်က တခြားခွေးတစ်ကောင်ကို ကိုက်နေတာ မဟုတ်ဘူးလား…]


ယွဲ့ကျန့်၏ နဖူးတွင် အမည်းရောင် မျဉ်များဖြင့် ပြည့်နှက်သွားသည်။

မင်းလေးက ကိုယ့်ကို ဒီလို တွေးထားတာပေါ့… အသည်းနှလုံးမရှိတဲ့ ဟာလေး…


[ဒါက ငါ့ရဲ့ ဇာတ်လိုက်ရောင်ဝါ အကျိုးသက်ရောက်မှုများလား... တကယ်လို့ အကြီးစားဗီလိန်နှစ်ယောက်က အချင်းချင်းချခဲ့ရင်...]


ယွဲ့ကျန့်က သည်းခံနိုင်ရန် ကြိုးစားသေးသော်လည်း သူထပ်ပြီး မထိန်းနိုင်တော့ပေ။ သူ့လက်ကို မြှောက်လိုက်ပြီး မင်းသားငယ်လေး၏ ခေါင်းကို တိုက်ရိုက်ပင် ထုလိုက်တော့သည်။


“အာ့…”

ယီနျို အထုခံလိုက်ရချိန်တွင် အတွေးများ ဟိုရောက်သည်ရောက် ဖြစ်နေဆဲပင် ရှိသေးသည်။ သူက ခေါင်းကို အုပ်ကိုင်ကာ ယွဲ့ကျန့်အား သံသယဖြစ်စွာ ကြည့်လိုက်သည်။


ယွဲ့ကျန့်က မည်းမှောင်နေသော မျက်နှာဖြင့် ပြောလိုက်သည်၊

“လက်တွေယားနေလို့…”


ယီနျို : “…”

ခင်ဗျားကြီး လက်ယားတာနဲ့ ကျွန်တော့်ခေါင်းကို ထုတယ်ပေါ့…


*


ယာဉ်ပျံက မကြာမီမှာပင် အခြေစိုက်စခန်း ထိန်းသိမ်းရေးစင်တာသို့ ရောက်ရှိသွားပြီး ယွဲ့ကျန့်က ယာဉ်ပေါ်မှ ဦးဆုံးဆင်းလာကာ ယီနျိုက သူ၏နောက်မှ လိုက်လာခဲ့ပြီး စိတ်ထဲတွင် တွေးနေသည်မှာ -


[စိတ်တိုလိုက်တာ... ဒီအကြောင်းကို တွေးလေလေ ပိုပြီး စိတ်တိုလာရလေလေပဲ… ယွဲ့ကျန့်ရဲ့ နောက်ကျောကို ရိုက်ပစ်ချင်လိုက်တာ... ဒါပေမဲ့ သူ့အရပ်က နည်းနည်းလေး ရှည်နေတယ်... ငါ သူ့ကို အနောက်ကနေ ခုန်ပြီး တစ်ချက်လောက် ရိုက်လိုက်ရမလား...]


ယွဲ့ကျန့်က ရုတ်ချည်းပင် နောက်ပြန်လှည့်ကာ ယီနျိုဘေးကို သွားလိုက်ပြီး ကူရာကယ်ရာမဲ့စွာ ပြောလိုက်သည်။

"မြန်မြန်လုပ်ပြီး ကျုံးမင်ကို စစ်မေးကြစို့နော်..."


“အိုး…”

ခြေထောက်ရှည်ကြီးတွေ ရှိနေတော့ ကောင်းတာပေါ့… ဟုတ်တယ်ဟုတ်…


အဆုံးတွင် ယီနျိုက ယွဲ့ကျန့်၏ နောက်ကျောကို မရိုက်နိုင်ခဲ့ပေ။ ကံမကောင်းစွာပင် ကျုံးမင်ကို စစ်မေးရာတွင်လည်း မည်သည့်ရလဒ်မှ မရရှိခဲ့ချေ။


ယခင်က သုံးသပ်ချက်များမှာ သူနှင့် ယွဲ့ကျန့်တို့ ဆင်ခြင်သုံးသပ်ရာမှ ဖြစ်ပြီး တိုက်ရိုက်သက်သေ မရှိခဲ့ပေ။  ကျုံးမိသားစုကို ဖြုတ်ချချင်ပါက သူတို့ပိုပြီး ခိုင်မာသည့် သက်သေများကို လိုအပ်သည်၊ သို့မဟုတ်ပါက တစ်ဖက်လူကို သက်ရောက်မည် မဟုတ်ပေ။


အကယ်၍ သူတို့သာ ကျုံးမင်ကို ဝန်ခံအောင်လုပ်နိုင်လျှင် သူတို့ သက်သေတစ်ခုကို ထပ်ရနိုင်သေးသည်။ သို့သော်လည်း ကျုံးမင်က လူသေကောင်ကဲ့သို့ တိတ်ဆိတ်နေပြီး ဝန်ခံရန် ဆန္ဒမရှိပေ။ သူ့ကို အမှန်အတိုင်း ပြောလာစေရန် ဆေးထိုးခြင်းမှာလည်း အသုံးမဝင်ချေ။


နောက်ပိုင်းတွင် ကျုံးမင်က သူ့ကို မဖမ်းဆီးမီမှာပင် ကိုယ့်ကိုယ်ကိုယ် အဆိပ်ခပ်ခဲ့သည်ဟု သိလိုက်ရသည်။ သိသိသာသာကိုပင် သူက ကျုံးမိသားစုအကြောင်း သိနေသည်သာမက အကြောင်းအရာ တော်တော်များများကိုလည်း သိထားလေသည်။ ကျုံးမင်က သူ့ကို ဖမ်းဆီးခဲ့ချိန်တွင် ဤသို့ အဆုံးသတ်မည်မှန်း ကြိုသိနေခဲ့သည်။


စစ်ဆေးရေးအခန်းထဲမှ ထွက်လာချိန်တွင် ယွဲ့ကျန့်၏ မျက်နှာက အတော်လေး ဆိုးရွားနေခဲ့၏။ ကျုံးမင်က အစကတည်းက သူ့ကိုပါ လှည့်စားပြီး နက်ရှိုင်းစွာ ဖုံးကွယ်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ယီနျိုလည်း အတော်လေးကို ဝမ်းနည်းနေမိသည်။ သူသိသမျှ အဆက်အသွယ်တိုင်းကို စစ်ဆေးကြည့်ခဲ့သော်လည်း ယခုတွင် သူ့ဝမ်းကွဲဘက်နှင့် သူ၏ ရွှေလက်ချောင်းဖြစ်သော - စာအုပ်သာ ကျန်ရှိတော့သည်။


ငါ လိင်ဆက်ဆံတဲ့ အပိုင်းတွေထဲကနေ သဲလွန်စတွေကို ရှာဖို့ လိုနေသေးတာများလား... ဒါပေမဲ့ စာရေးသူက အပိုင်းသစ် မတင်သေးဘူးလေ...


ယီနျိုက စာအုပ်အကြောင်းကို ပူပန်နေစဉ်မှာပင် ရုတ်တရက် ဘေးဖက်ရှိ တံခါးမှတစ်ဆင့် သံဆူးကြိုးများဖြင့် ကာရံထားသော ကွင်းပြင်မှ တိုက်ခိုက်သံများကို ကြားလိုက်ရသည်။ မကြာမီမှာပင် အရာရှိရဲတစ်ဦးက ပြေးသွားကာ လျှပ်စစ်တုတ်ဖြင့် လူစုကို ခွဲလိုက်လေသည်။


ယွဲ့ကျန့် ပြန်လာသည့် အချိန်တွင် ယီနျိုက တစ်ဖက်ကို လက်ညှိုးထိုးလိုက်ကာ မေးလိုက်သည်။

"အဲဒါက..."


ယွဲ့ကျန့်က တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“အဲဒါက အကျဉ်းထောင်ဘက်ခြမ်းလေ…”


ယီနျို : “အိုး…”


သူက နောက်ထပ် တစ်ကြိမ်ကြည့်လိုက်ပြီးနောက် လှည့်လိုက်ကာ ထွက်သွားရန် ပြင်လိုက်သည်။ ရုတ်တရက် အရာရှိရဲ အော်လိုက်သည်ကို ကြားလိုက်သည်။

"နံပါတ်၇၆၃၈ ရပ်လိုက်စမ်း... မင်းမရပ်သေးရင် ငါ ယဉ်ကျေးနေမှာ မဟုတ်တော့ဘူးနော်... နံပါတ်၇၆၃၇ ရှဲ့ချင်းရန် မင်းရူးနေလား..."


ရှဲ့ချင်းရန်တဲ့လား...


ယီနျိုက လှည့်ကြည့်လိုက်ပြီး ထိတ်လန့်စွာ တွေးမိလိုက်သည်-


[ရှဲ့ချင်းရန်… သူက အနာဂတ်မှာ အင်ပါယာရဲ့ ဥပဒေပြုကောင်စီဝန်ကြီးဖြစ်လာမဲ့သူမလား... ယွဲ့ကျန့်နဲ့ ဟူယိချန်းအပြင် ‘ငါ့’ကို ငြှိတွယ်နေတဲ့သူ နောက်တစ်ယောက် ရှိသေးတယ်လေ… ဟူယိချန်းလိုပဲ သူက ငါ့ကို အရမ်းချစ်ခဲ့ပြီး နောက်ပိုင်းမှာ ယွဲ့ကျန့်က သိသွားခဲ့တာလေ...]


ယွဲ့ကျန့် : “… … …”


ဘာလို့ ဒီစာကြောင်းက အရမ်းကို ရင်းနှီးနေပါလိမ့်...


ဟူယိချန်းတစ်ယောက် ထွက်သွားတာနဲ့ နောက်ထပ် ‘ရှဲ့ယိချန်း’ဆိုပြီး ရောက်လာတာလား...

(T/N : အမည်မှန် - ရှဲ့ချင်းရန်။ ရှဲ့ယိချန်းက ယွဲ့ကျန့် ရွဲ့ပြီး ခေါ်တာပါ။ ဟူယိချန်း၊ ရှဲ့ယိချန်း)


ယီနျိုက အလျင်အမြန်ပင် သံဆူးကြိုးနံရံဘက်နားသို့ လျှောက်သွားသည်။ သူက ထိုအမျိုးသားက ရှဲ့ချင်းရန် ဟုတ်သည်၊ မဟုတ်သည်ကို အတည်ပြုချင်သည်။


ယီနျိုလျှောက်သွားသည်နှင့် နေရာမှာတင် ရပ်နေခဲ့သော ယွဲ့ကျန့်နှင့် အကွာအဝေးတစ်ခု ခြားသွားစေသည်။


ယီနျို၏ အမြင်တွင် ရှဲ့ချင်းရန်၏ အစောပိုင်း အခြေအနေက ဟူယိချန်းနှင့် တစ်နည်းတစ်ဖုံ တူညီနေသော်လည်း အတိအကျ တူညီနေသည်လည်း မဟုတ်နေပြန်ချေ။


ရှဲ့ချင်းရန်က နွမ်းပါးသည့် မိသားစုမှ လာသူဖြစ်သည်။ သူ၏မိခင်က မက်ခါထုတ်လုပ်သည့် စက်ရုံတွင် မက်ခါအစိတ်အပိုင်းများမှ စွန်းထင်းနေသည့် စက်ဆီများကို သန့်ရှင်းခြင်းဖြင့် ဝင်ငွေရှာခဲ့ရပြီး သူကလည်း ကောလိပ်မှ ဘွဲ့ရပြီးခါစ ဖြစ်သည်။


သူ၏ စမှတ်က မိဘမဲ့ဂေဟာတွင် မွေးဖွားလာခဲ့သော ဟူယိချန်းထက် အနည်းငယ် ပိုသာပါသော်လည်း ပိုပြီး ဒုက္ခခံစားခဲ့ရသည်။


ကောလိပ်မှ ဘွဲ့ရပြီးနောက် ရှဲ့ချင်းရန်က အင်ပါယာမြို့တော် တရားရေးရာဌာနသို့ ရမှတ်ကောင်းများဖြင့် ဝင်ခွင့်ရရှိခဲ့သည်။ သို့သော်လည်း သူ၏ ဆင်းရဲသည့်နောက်ခံကြောင့် ၎င်းအခွင့်အရေးအား မျိုးရိုးမြင့်ကလေးတစ်ယောက်၏ လုယူခြင်းကို ခံခဲ့ရသည်။ ထို့နောက်တွင် သူအတင်းအကြပ် ပြန်လည် ဝင်ရောက်နိုင်ခဲ့သော်လည်း ဝေးလံလှသည့် ကြယ်ပြာသို့ ပြောင်းရွှေ့ခဲ့ရသည်။


မကောင်းသည့်ကံများက သူ့အား လက်မလွှတ်သေးပေ။ ကြယ်ပြာဆီသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် မကြာမီမှာပင် အမေရှဲ့က အချိန်အတော်ကြာ ထိခိုက်စေသည့် ဓာတုပစ္စည်းများဖြင့် ထိတွေ့ခဲ့ရမှုကြောင့် ရောဂါအပြင်းအထန် ဖြစ်ကာ သေဆုံးသွားခဲ့သည်။ ပြောကြသည်မှာ မက်ခါအစိတ်အပိုင်း ထုတ်လုပ်သည့် စက်ရုံတွင် အသုံးပြုသော စက်ဆီသန့်ရှင်းသည့်အရည်တွင် ပြဿနာရှိနေခြင်းကြောင့်ဟုပင်။


ရှဲ့ချင်းရန်က သူ၏မိခင်အတွက် တရားမျှတမှုကို ရှာဖွေချင်သော်လည်း အဆိုပါစက်ရုံအား အင်ပါယာမြို့တော်ရှိ မျိုးရိုးမြင့်မိသားစုတစ်ခုမှ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သာမန် စာရေးဝန်ထမ်းလေးတစ်ဦး၏ သေဆုံးခြင်းက နှစ်ပေါင်းရာချီ၍ အခြေတည်လာခဲ့သော အထက်တန်းလွှာမိသားစုကို ကိုင်လှုပ်နိုင်မည် မဟုတ်ပေ။


သို့သော်လည်း ရှဲ့ချင်းရန်က ကိုင်လှုပ်နိုင်ခဲ့သည်။ ကံမကောင်းစွာပင် သစ်ကိုင်းအနည်းငယ်သာ သက်ရောက်မှု ရှိခဲ့သည်။ သူ ပြန်ပေးဆပ်လိုက်ရသည်က ထောင်ချောက်ဆင်ခံရပြီး အကျဉ်းချခံလိုက်ရကာ နေ့စဉ်နေ့တိုင်း ရိုက်နှက် နှိပ်စက်မှုများပင် ဖြစ်သည်။


စာအုပ်ထဲတွင်၊ နောက်ပိုင်း၌ အင်ပါယာ၏ ဥပဒေပြုကောင်စီဝန်ကြီး ဖြစ်လာခဲ့သော ရှဲ့ချင်းရန်က သူ့ဘဝ အနိမ့်ကျအဆိုးရွားဆုံး အခြေအနေတွင် တွေ့ဆုံခဲ့ရပါသော အလင်းရောင်လေးဖြစ်သည့် - မင်းသားလေးကို ပြန်သတိရလိုက်သည်။


မှန်သည်၊ ရှဲ့ချင်းရန်အား ‘ယီနျို’မှ ကယ်တင်ခဲ့သည်။ သို့သော်လည်း စာအုပ်အရ၊ ယီနျိုက ထိုအချိန်က စိတ်ကူးပေါက်သလို လုပ်ခဲ့ရုံသာဖြစ်ပြီး ကယ်တင်ပြီးသည်နှင့် မေ့လျော့သွားတော့သည်။


နောက်ပိုင်းတွင် ရှဲ့ချင်းရန်က အကောင်ကြီးကြီး ဖြစ်လာခဲ့ပြီး ယီနျိုက သူနှင့် တိတ်တဆိတ် ဆက်သွယ်နေခဲ့သည်။ ဤအေးစက်ပြီး စကားနည်းပါသော ဝန်ကြီးကို ‘သူ’(ယီနျို) ကယ်တင်ခဲ့မှန်း သိလိုက်သည်နှင့် ချက်ချင်းပင် အခွင့်အရေးကို ဆုပ်ကိုင်ထားခဲ့သည်။


ထို သမိုင်းကြောင်းများနှင့်အတူ ‘သူ’(ယီနျို)၏ တမင်ရည်ရွယ်၍ ဆွဲဆောင်နေခဲ့မှုများကြောင့် မကြာမီမှာပင် ရှဲ့ချင်းရန်က မင်းသားလေးအား နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတော့သည်။ သို့သော်လည်း… ရှဲ့ချင်းရန်၏ ဇာတ်ကောင်မှာ ယုတ်မာမှုများနှင့် ယုံမှားသံသယများကို အထိတွေ့ရဆုံး ဖြစ်နေခဲ့သည်။


မကြာလိုက်ပါဘဲ ယီနျိုက ကားကို မှောက်ပစ်လိုက်သည်*၊ သူ၏ ခေတ်အခါသည်လည်း ပြိုလဲသွားကာ ယွဲ့ကျန့်နှင့် ပူးပေါင်းလိုက်ရတော့သည်။ သို့သော်လည်း ‘သူ့’(ယီနျို)အား ယွဲ့ကျန့်မှ အကျဉ်းချထားကာ နှိပ်စက်နေကြောင်း သိလိုက်ရပြီးနောက်တွင် ရှဲ့ချင်းရန်က နောင်တရခဲ့ပြီး ‘သူ့’အား ပွေ့ဖက်ကာ ငိုနေခဲ့ပြီးနောက် ‘သူ့’ကို ကယ်တင်ရန် ကြိုးစားနေခဲ့သည်။

(T/N : ယီနျိုက သစ္စာဖောက်လိုက်တာပါ)


“ကျစ်…”

စာအုပ်ထဲမှ ဇာတ်ကြောင်းအား စဉ်းစားမိလိုက်ချိန်တွင် ယီနျိုမှာ ကြက်သီးများ ထလာရတော့သည်။


ယွဲ့ကျန့်က ဤအတွေးများကို မကြားခဲ့ချေ။ သူ အနားကပ်သွားသည့်အချိန်တွင် မင်းသားလေး စိတ်ထဲမှ တွေးတောနေခဲ့သည်ကိုသာ ကြားခဲ့ရသည် -


[ရှဲ့ချင်းရန်က နောက်ပိုင်းမှာ ယွဲ့ကျန့်နဲ့ ပူးပေါင်းလိုက်ပေမဲ့ သူတို့ရဲ့ စရိုက်တွေက အရမ်းကို ကွာခြားတယ်… ရှဲ့ချင်းရန်က အစတုန်းကတော့ ငါ့ကို မကြိုက်ခဲ့ဘူး… ငါ မရေမရာ ပြုမူခဲ့တဲ့ နောက်ပိုင်းမှ ကြိုက်လာတာ… ယွဲ့ကျန့်ကတော့ ငါ့ကို ဟိုးအစကတည်းက တပ်မက်နေခဲ့တာလေ… ငါ သူ့ဆီကနေ ပုန်းကွယ်နေရင်တောင် ငါ အကျဉ်းချခံနေရဦးမှာပဲ…]


ယွဲ့ကျန့် : “…”

ဘာလို့ သူက ငါ့ကျရင် ယုတ်မာတဲ့လူဆိုပြီး ထင်ယောင်ထင်မှားတွေ ဖြစ်ရတာလဲ…


[ပြီးတော့ ရှဲ့ချင်းရန်က ဥပဒေပြုကောင်စီဝန်ကြီး ဖြစ်လာမှာ… ရွေးကောက်ခံရပြီးနောက်ပိုင်း သူက ပါလီမန်အဖွဲ့ကို ပြန်ဖွဲ့စည်းဖို့ စီစဉ်ခဲ့တယ်… ဥပဒေတွေ ပြန်ရေးဆွဲတယ်… ပြီးတော့ မျိုးရိုးမြင့်တွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ကာကွယ်နေတဲ့ ပြဌာန်းချက်တွေ အကုန်လုံးကို ပြောင်းလဲပစ်ခဲ့တာ…]


[သူက လုပ်ချင်တိုင်း လုပ်နေကြတဲ့ မျိုးရိုးမြင့်တွေနဲ့ စုပေါင်းစပ်ပေါင်းတွေကို မုန်းတီးနေတာလေ… ပြီးတော့ သူက ဒီလူတွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ အတော်ဆုံးပဲ… သူ့ကိုသာ ငါ ကျုံးမိသားစုကို ရင်ဆိုင်တဲ့အချိန် ငါ့ဘေးမှာ ထားထားနိုင်ရင် သူက လက်နက်ကောင်းတစ်ခု ဖြစ်လာမှာပဲ…]


အကောင်းနှင့်အဆိုးများကို နှိုင်းဆပြီးနောက် ယီနျိုက ရှဲ့ချင်းရန်က ယွဲ့ကျန့်ထက် အန္တရာယ်နည်းပါးကြောင်း ပိုပိုပြီး ခံစားလိုက်ရသည်။ ရှဲ့ချင်းရန်အား သူ့ဖက်သို့ ဆွဲခေါ်ရန် ရည်ရွယ်၍ ယီနျိုက သံဆူးကြိုးနံရံ၏ ဝင်ပေါက်ဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားလိုက်သည်။


သို့သော်လည်း သူ ရှေ့သို့ ခြေနှစ်လှမ်းသာ တိုးရသေးသည့်အချိန်တွင် ကံစီမံရာအတိုင်း ကော်လံမှ ဆွဲခေါ်ခံလိုက်ရပြီး တွဲလောင်းကြီးရပ်နေရတော့သည်။ 


ဤခံစားချက်က အလွန် ရင်းနှီးလှသည်။ ယီနျိုက ယွဲ့ကျန့်ဆီမှသာ ဤသို့ ဆွဲမ ခံရဖူးပေသည်။


သူက ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်ကာ သူ့မျက်လုံးများက ခက်ထန်နေခဲ့သည်။ 

ခင်ဗျား တကယ်ကြီး ဒါကို စွဲလမ်းနေတာလား...


ယွဲ့ကျန့်က သူ့ပခုံးများကို ဆုပ်ကိုင်လိုက်ပြီး တိတ်တဆိတ်ဖြင့် သူ့ဦးတည်ချက်ကို ပြောင်းလိုက်ကာ ပြောလိုက်သည်။

"အရှင့်သား မှားနေပြီ... ဒီဘက်လမ်းကနေ ပြန်ရမှာပါ..."


ယီနျိုက နောက်ပြန်လှည့်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

"ကျွန်တော် မပြန်သေးဘူး... ကျွန်တော် အရိုက်ခံနေရတဲ့ တစ်ယောက်ကို သွားကြည့်မလို့… နံပါတ် ၇၆၃၇ကိုလေ...”


ယွဲ့ကျန့် : "..."


သူ သက်ပြင်းချလိုက်သည်။ သူ့စိတ်ထဲတွင် တုံ့ဆိုင်းနေပါသော်လည်း အဆုံးတွင် မင်းသား‌လေး၏ တောင်းဆိုချက်ကို လိုက်လျောလိုက်ရသည်။


ယွဲ့ကျန့်က ထိုလူနှင့် တွေ့ဆုံရန် သွားနေသည့် လမ်းတွင် စိတ်ထဲ၌ ယွဲ့ကောကို ထပ်မံဖုန်းခေါ်သင့်ကြောင်း တွေးနေမိသည်။


ကြည့်ရသည်မှာ ဟူယိချန်း၏ ထွက်ခွာမှုက မင်းသားလေး၏ ရောဂါလက္ခဏာကို မလျော့ကျစေဘဲ ဆန့်ကျင်ဘက်အားဖြင့် ပို၍ပြင်းထန်လာစေခဲ့ပုံပင်။


သူ၏ စိတ်ကူးထဲမှ ယုတ်မာသည့် 'ယွဲ့ကျန့်'အား ကိုင်တွယ်ရန်အတွက် မင်းသားလေးက ဟူယိချန်းအား မက်ခါဆရာကြီးအဖြစ် စိတ်ကူးယဉ်ခဲ့ပြီး ယခုတွင်လည်း သာမန်အကျဉ်းသားတစ်ဦးအား ဥပဒေပြုကောင်စီဝန်ကြီးအဖြစ် တွေးနေလေ၏။


ယွဲ့ကျန့် အလွန်ကို စိုးရိမ်မိသည်။ ဤအတိုင်းသာ ဆက်ဖြစ်နေလျှင် မင်းသားလေးက စိတ်ကူးနှင့်လက်တွေ့ကို ခွဲခြားနိုင်တော့မည် မဟုတ်ဘဲ လက်တွေ့မှ သူ့အား သူ့စိတ်ကူးထဲမှ 'ယွဲ့ကျန့်'ဟု ထင်သွားနိုင်သည်။


ထိုသို့ဆိုလျှင် ဆိုးရွားပေလိမ့်မည်။


*


သံဆူးကြိုးများဖြင့် ကာရံထားသော မြင့်မားသည့် နံရံကြီး အတွင်းတွင် ရှဲ့ချင်းရန်က မြေကြီးပေါ်၌ ပက်လက်လှန်ကာ လှဲလျောင်းနေသည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်း တစ်နေရာမှ မကျန် ထိခိုက်ထားပြီး သူ့နှုတ်ခမ်းထောင့်နှင့် အဝတ်အစားများမှာ သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း အလွန်အမင်း နာကျင်သည်ဟု မခံစားရပေ။


သူက နာကျင်မှုနှင့် သူ့ပတ်ဝန်းကျင်အား အသားကျနေသည်မှာ ကြာပြီပင်။ မီးခိုးရောင် သန်းနေသော ကောင်းကင်ကို ငေးကြည့်နေရင်းဖြင့် သူ ဘယ်အကြောင်းကြောင့် အသက်ရှင်နေရသေးမှန်း နားမလည်နိုင်ပေ။


အကျဉ်းသားများက သူ့ကို သင်ခန်းစာပေးနေကြသော်လည်း သူ ပြန်ရိုက်လိုက်သည်ကြောင့် ခေါ်သွားခံလိုက်ရကာ ကွင်းပြင်လွတ်ထဲတွင် သူတစ်ယောက်တည်း လှဲလျောင်းရင်း ကျန်နေခဲ့သည်။ သူ့အား ယခုလေးတင် လျှပ်စစ်တုတ်ဖြင့် နှစ်ကြိမ်မျှ လျှော့တိုက်ကာ ရိုက်ခံထားရသည်ကြောင့် လက်ရှိမှာ သူမလှုပ်ရှားနိုင်သေးပေ။ သူ့နှာခေါင်းနားတွင် ရစ်ဝဲနေသော မြေကြီးအနံ့နှင့် သွေးနံ့များကိုသာ ရနေခဲ့သည်။


ပုံမှန်ဖြစ်နေကျအတိုင်း အရာရှိရဲဆီမှ ခွေးတစ်ကောင်လိုမျိုး တရွတ်တိုက် အဆွဲခေါ်ခံရတော့မည်ဟု တွေးနေသည့်အချိန်တွင် လက်ရာမြောက်ပြီး သေသပ်စွာ ချုပ်လုပ်ထားသည့် အဖြူရောင် ဘွတ်ဖိနပ်တစ်ရံက သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ ငွေ‌ရောင် ကြိုးတန်းလေးက ဘွတ်ဖိနပ်များ၏ အောက်အနားစွန်းအထိ တွဲလောင်းကျနေပြီး စကော့ထ်တော်ဝင်မိသားစု၏ ထူးခြားသော သင်္ကေတအား ပန်းထိုးထားသည်။


ရှဲ့ချင်းရန်က ထိခိုက်ထားသည့် မျက်လုံးများကို မှေးကျဉ်းကာ ကြိုးတန်းလေးတစ်လျှောက် မော့ကြည့်လိုက်မိသည်။


ယီနျိုက အနည်းငယ် ငုံ့ကိုင်းလိုက်ပြီး ခေါင်းငုံ့ကာ မေးလိုက်သည်။

"အဆင်ပြေရဲ့လား... မင်းနာမည်က ရှဲ့ချင်းရန်လား..."


သူ့နှာခေါင်းမှ သွေးနံ့က အမွှေးနံ့ယဉ်ယဉ်လေးအဖြစ် ပြောင်းလဲသွားပုံရသည်။ ထိုအချိန်တွင် ရှဲ့ချင်းရန်က အလင်းရောင်လေးတစ်စအား တွေ့လိုက်ရသည့်ပုံပင်။ 


သို့သော်လည်း မကြာလိုက်ဘဲ ကောင်လေး၏ တောက်ပနေသော ရွှေရောင်ဆံပင်များဖြစ်ကြောင်း သတိထားမိသွားသည်။ သူ့ခေါင်းကို လှည့်လိုက်ပြီး တိတ်တဆိတ်ဖြင့် မျက်လုံးများကို မှိတ်လိုက်ကာ ဆက်မကြည့်တော့ပေ။


အဝတ်အစားများမှတစ်ဆင့် ကောင်ငယ်လေး၏ အဆင့်အတန်းကို ခန့်မှန်းမိလိုက်ပြီးပြီပင်။ သို့သော်လည်း တော်ဝင်မိသားစုနှင့် မျိုးရိုးမြင့်များက မည်သည့်နေရာမှ ကွာခြားမနေပေ။ သူတို့၏ ပင်ကိုယ်စရိုက်က အတူတူသာဖြစ်သည်။


ယီနျိုက သူခေါင်းလှည့်ကာ မျက်စိမှိတ်လိုက်သည်ကို မြင်လိုက်ရပြီးနောက် သိချင်စိတ်ဖြင့် ယွဲ့ကျန့်ဘက်လှည့်ကာ မေးလိုက်သည်။

"သူ သတိလစ်သွားတာလား..."



🧜🧜🧜