Chapter 31
Viewers 4k

🏝️ Chapter 31



အောက်တိုဘာ ၁ရက်နေ့က အမျိုးသားနေ့ပင်...


ရှန်းလေ့က ရှားရှားပါးပါး နားရက်ရကာ အိမ်တွင်ရှိနေပြီး နင်ထန်သည်ပင် ထူးဆန်းသည်ဟု တွေးနေမိသည်။ သူမက မေးလိုက်၏။

"အမျိုးသားနေ့အတွက် နားရက်ဘယ်လောက် ရလဲ ... ခုနစ်ရက်လား…"


ရှန်းလေ့ ပြန်ဖြေလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သုံးရက်တည်းပါ…"


တဝါက လက်ခုနစ်ချောင်းထောင်၍ ပြောလာသည်။

"သားတို့က ခုနစ်ရက်ရတယ်... မနာလို ဖြစ်နေပြီမလား…"


ရှန်းလေ့က ပြန်ဖြေလာ၏။

"မနာလို ဖြစ်ရမှာလား... မင်းက ကျောင်းစတက်ရုံ ရှိသေးတယ်... နောက်ထပ် အားလပ်ရက် ရနေပြီ…"


နင်ထန် ပြောလိုက်၏။

"အရင်တစ်ခေါက်တုန်းက နားရက်ရရင် ပင်လယ်စာအတူတူ သွားကောက်မယ်လို့ ရှင်ပြောထားတာ မှတ်မိပါသေးတယ်... မှတ်မိလား... ဗိုလ်ကြီးရှန်း…"


ရှန်းလေ့က တစ်ခဏမျှ နင်သွားပြီးနောက် ပြောလိုက်၏။ 

"မမေ့ပါဘူး... ပင်လယ်စာ ကောက်ရုံပဲမလား... ဒီနေ့လည် သွားကြမယ်…"


နေ့လည်ပိုင်းတွင် မိုးကုပ်စက်ဝိုင်းထက်၌ တိမ်မည်းအချို့ မျောလွင့်နေကာ နေမင်းကြီးကို ဖုံးကွယ်ထား၏။ မပူလွန်းသဖြင့် ပင်လယ်စာ သွားကောက်ရန် အချိန်ကိုက်ပင်။ 


ရှန်းလေ့က နင်ထန်နှင့် ကလေးသုံးယောက်ကို ခေါ်ကာ ခြင်းတောင်းနှင့် သဲကော် ဂေါ်ပြားလေးများ သယ်လျက် ထွက်လာခဲ့ကြသည်။ သူက လမ်းလျှောက်နေရင်း စကားပြောနေခဲ့လေသည်။

"အဖေ ကတိတည်တယ်နော်... နောက်ဆို စကားမတည်ဘူးလို့ ပြောလို့ မရဘူး…"


တဝါက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အဖေသာ သားတို့ကို ပင်လယ်စာ ကောက်ဖို့ ခေါ်သွားသရွေ့ ကမ္ဘာပေါ်မှာ အယုံကြည်ရဆုံးလူပဲ…"


ရှန်းလေ့ ရယ်လိုက်သည်။

"ဟုတ်ပါပြီကွာ... ဒီနေ့ ကမ္ဘာပေါ်မှာ အယုံကြည်ရဆုံးလူ ဖြစ်ပေးမယ်... ပင်လယ်စာ ကောက်ရုံလေးပါကွာ... ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲ ကြည့်စမ်း…"


နင်ထန်က အင်္ကျီလက်ကို ပင့်တင်၍ ပြောလိုက်၏။

"ဒီနေ့... ကျွန်မ ဘယ်လောက်ရလဲ ပြမယ်... ဘယ်သူ ပိုရလဲ ပြိုင်ကြမယ်လေ…"


ရှန်းလေ့က ထေ့ငေါ့လိုက်၏။

"မင်းက အမြဲတမ်း ကိုယ်နဲ့ ပြိုင်ဖို့ပဲ တွေးနေတာ... ကိုယ်မင်းနဲ့ မပြိုင်နိုင်ဘူး…"


"ရှင်က ရှုံးမှာ ကြောက်နေလို့ ကျွန်မနဲ့ မပြိုင်ရဲတာမလား..."

နင်ထန် ပြောလိုက်သည်။


ရှန်းလေ့ ခေါင်းခါလိုက်သည်။

"မင်း ကိုယ့်ကို လာဆွနေတာပဲ... ဒါပေမယ့် ကိုယ်က မျောပါသွားမှာ မဟုတ်ဘူးနော်…"


သူတို့ ပြောနေရင်းမှာပင် သူတို့ဘေးမှ ရင်းနှီးနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"မင်းတို့အားလုံး ဘယ်သွားကြမလို့လဲ"


ရှန်းလေ့ မော့ကြည့်လိုက်ရာ သူတို့ကို တားလာသူက စုကျွင်းယန်မှလွဲ၍ အခြားသူ မဟုတ်ပေ။ 


သူတို့မတွေ့ရသည်မှာ တစ်ခဏခန့် ရှိလေပြီ။ တစ်ယောက်က တပ်ရင်းမှ တပ်သားဖြစ်၍ လေ့ကျင့်ရေးများဖြင့် အလုပ်များနေစဥ် အခြားတစ်ယောက်က ထောက်ပံ့ရေးကိစ္စများအတွက် တာဝန်ရှိသည့် ထောက်ပံ့ပို့ဆောင်ရေးဌာန၏ ခေါင်းဆောင် ဖြစ်နေသည်။ သူတို့က အဆက်အဆံ မရှိကြပေ။ 


စုကျွင်းယန်က ရေပုံးတစ်ပုံးစီ သယ်၍ ဘောင်းဘီအနားစများ လိပ်တင်ထားသည့် ရှန်းမိသားစုဝင်ငါးယောက်ကို ကြည့်လိုက်သည်။ ထို့နောက် မနေနိုင်ဘဲ မေးမိသွားသည်။ 

"ဘာတွေ လုပ်နေကြတာလဲ"


ရှန်းလေ့ ပြန်ဖြေလိုက်သည်။

"ဒီနေ့ ရာသီဥတု သာယာတော့ သူတို့ကို ပင်လယ်စာ ကောက်ဖို့ ခေါ်သွားပေးမလို့…"


"ပင်လယ်စာ ကောက်မယ်... မင်းပြောတာ ပင်လယ်စာ ကောက်ဖို့ ပင်လယ်ကမ်းစပ်ကို သွားကြမလို့လား…"

စုကျွင်းယန် မျက်မှောင်ကြုတ်လိုက်သည်။

"စျေးထဲမှာဆို ပိုက်ဆံနည်းနည်းလောက်နဲ့ ဒီလိုဟာတွေ အပုံလိုက် ဝယ်လို့ရနေတာ... ဘာလို့ ဒုက္ခခံပြီး သွားနေဦးမှာလဲ... ပြန်လာရင်လည်း သဲတွေနဲ့ ပေရေပြီး နေတော့မှာ…"


ဒီလူက တကယ့်ကို အလှအပကို မခံစားတတ်တာပဲ...


ရှန်းလေ့က နှုတ်ခမ်းတွန့်လိုက်သည်။

"ဒီအရာတွေက တန်ဖိုးမရှိပေမယ့် ကိုယ်တိုင် လုပ်ရတော့ ပျော်ရွှင်ရတယ်လေ... အဓိကကတော့ ကလေးတွေနဲ့ ကစားပေးဖို့ပါ…"


"ကစားမယ်ဟုတ်လား..."

စုကျွင်းယန် ပြောလိုက်သည်။

"ရှောင်ရွှယ်ဆီကနေ ကြားတာတော့ မင်းဇနီးက တစ်နေ့လုံး ကလေးတွေကို ကစားဖို့အတွက် ဦးဆောင်ဖို့ပဲ တွေးနေတယ်ဆို... အားနူနဲ့ စန်းဝါက ငယ်သေးပေမယ့် တဝါက ကျောင်းတက်နေရပြီလေ... ကလေးတွေကို အလိုလိုက်လွန်းအားကြီးပြီး စာမေးပွဲမှာ သုညတွေပဲ ရနေဦးမယ်နော်…"


တဝါက ထိုစကားကို နားမယောင်ဘဲ ခါးထောက်ကာ ထရပ်လိုက်သည်။

"ဦးလေးကမှ သုညရမှာ…"


"ဟေး... စကားကို ကြည့်ပြောနော်... လူငယ်လေး…"

စုကျွင်းယန်က ရှန်းလေ့ကို ကြည့်လိုက်သည်။

"ဒါကို ဘာမှ ဝင်မပြောတော့ဘူးလား…"


"ဘာပြောရမှာလဲ... ကလေးပြောတာ မှန်တာပဲ…"

ရှန်းလေ့ နှာမှုတ်လိုက်၏။


စုကျွင်းယန်က စိတ်မကျေမနပ် ဖြစ်သွားသည်။ သူ မော့ကြည့်လိုက်ရာ ရှန်းလေ့က သူ့ထက် အရပ်ပိုရှည်ကာ မကျေမနပ်အမူအရာဖြင့် ရင်ကော့ထားသည်ကို တွေ့လိုက်ရ၍ သူချက်ချင်း ပြန်ဆုတ်လိုက်သည်။


သူ ထွက်ပြေးလာသော်လည်း မထွက်လာခင် နောက်ဆုံး မှတ်ချက်စကားကိုပါ မရမက ပြောခဲ့သေးသည်။

"ကလေးတွေကို ဒီလိုသာ အလိုလိုက်နေ... အနှေးနဲ့ အမြန် အသုံးဖြုန်းကြီးတဲ့ လူတစ်ယောက်ကို ပျိုးထောင်ရတော့မှာပဲ…"


"ကျွတ်…"

နင်ထန် သရော်လိုက်ပြီးနောက် တဝါ၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

"ရှန်းတဝါ... အပြောထက် အလုပ်နဲ့ သက်သေပြရတယ်... နောက်ကျရင် ငါတို့တဝါက အဆင့်ကောင်းတွေရပြီး အသုံးအဖြုန်းကြီးတဲ့သူ မဟုတ်ကြောင်း သက်သေပြပေးရမယ်…"


တဝါက လက်သီးလေးကို ဆုပ်ထားလိုက်သည်။

"တဝါက အသုံးအဖြုန်းကြီးတဲ့သူ မဟုတ်ဘူး…"


ရှန်းလေ့ မေးလိုက်သည်။

"သူက ဘာလို့ ရုတ်တရက်ကြီး ပေါ်လာပြီး ကိုယ်တို့ကို ရန်လာစရတာလဲ…"


နင်ထန် တစ်ခဏမျှ တွေးလိုက်သည်။

"လျှပ်စစ်ပန်ကာကြောင့် ဖြစ်လောက်တယ်... ကျွန်မ မိဘတွေက ကျွန်မကို ပို့ပေးပေမယ့် ဒုတိယဦးလေးနဲ့ အဒေါ်က နင်ရွှယ်ကို မပို့ပေးဘူးလေ... သူက ဒါကို မပျော်မရွှင် ဖြစ်နေတာ နေမှာပေါ့... မပြောနိုင်ဘူးလေ... သူက စုကျွင်းယန်ကို သူအတွက် တစ်လုံး ဝယ်ခိုင်းတော့ ငြင်းလိုက်တာ နေမှာပေါ့... ဒါကြောင့် သူတို့တွေ ရန်ဖြစ်ကြတာ…"


ထိုသို့ ဖြစ်သွားပုံရသည်။ နင်ထန်က ချက်ကောင်းကိုအကြီးကြီး ထိသွားမိပုံရလေသည်။


နောက်ဆုံးတစ်ခေါက်က နင်ရွှယ် အိမ်ပြန်ရောက်သောအခါ စုကျွင်းယန်အား ကျွန်းပေါ်တွင် ပူအိုက်လှ၍ သူမအတွက် အိမ်တွင် အသုံးပြုရန် လျှပ်စစ်ပန်ကာတစ်လုံး ဝယ်ခိုင်းခဲ့သည်။ 


စုကျွင်းယန်က ငွေသုံးရန် ဆန္ဒမရှိသဖြင့် နင်ရွှယ်အား နင်ဝေ့တန့်နှင့် ကျိုးယင်တို့က အဘယ့်ကြောင့် သူမအတွက် မပေးရသည်လဲဟု မေးလာလေသည်။


ယင်းက နင်ရွှယ်အတွက် ထိချက်ပြင်းသွားခဲ့ပြီး နှစ်ယောက်သားက နှစ်ရက်ခန့် စစ်အေးတိုက်ပွဲ ဖြစ်ခဲ့ကြလေသည်။ သို့သော်ငြား နှစ်ယောက်သားက ကြင်စဦး ဖြစ်ပြီး ဆက်ဆံရေးကလည်း ကောင်းနေဆဲ ဖြစ်၍ တကျက်ကျက် ဖြစ်ပြီးနောက် အမြန်ပြန်တည့်သွားကြသည်။ 


စုကျွင်းယန် အိမ်ပြန်ရောက်သောအခါ ပစ္စည်းများကို ပစ်ပေါက်လေတော့သည်။


နင်ရွှယ် လန့်သွားလေသည်။

"ဘာဖြစ်လို့လဲ... ရှင့်ကို ဘယ်သူက စိတ်တိုအောင် လုပ်ခဲ့လို့လဲ…"


စုကျွင်းယန် နှာမှုတ်လိုက်သည်။

"ဘယ်သူရှိရမှာလဲ... မင်းရဲ့ဝမ်းကွဲနဲ့ သူ့ယောကျ်ားပေါ့... ငါက သူတို့ရဲ့ ဝမ်းကွဲခဲအိုပါ... သူတို့ကို ကလေးတွေကို အရမ်းအလိုမလိုက်ဖို့ စိတ်ရင်းနဲ့ သတိပေးခဲ့တာကို... ကြည့်စမ်း... သူတို့က ငါ့ကို ပြန်ပြောတဲ့အပြင် သူတို့ရဲ့ ကလေးတွေကပါ လာပြီး စော်ကားနေတယ်... ပြောစမ်းပါ ဒါ ဖြစ်သင့်ရဲ့လား…"


သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သေးသည်။

"ရှန်းလေ့ အရင်က ဒီလို မဟုတ်ပါဘူး... မိန်းမရပြီးမှ ဘာလို့ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ…"


နင်ရွှယ်က သူ့ကို ရေတစ်ခွက် ခပ်ပေးလိုက်သည်။

"ကျွန်မ ဝမ်းကွဲညီမက အမြဲတမ်း ခေါင်းမာတတ်တယ်... ရှန်းလေ့က ကျွန်မထင်တာ နင်ထန် သူ့ကို လွှမ်းမိုးလိုက်တာပဲ ဖြစ်ရမယ်... ထားလိုက်ပါတော့... ကျွန်မညီမက ကျွန်မစကားကိုတောင် နားထောင်တာ မဟုတ်ဘူး... ရှင့်ဆို ဝေးရော…"


"အင်း... ဘာပဲဖြစ်ဖြစ် ကလေးတွေက သူတို့မိသားစုရဲ့ တာဝန်ပဲ... သူတို့ကို ဘယ်လိုပျိုးထောင်ထောင် ကိုယ်တို့အပူမပါဘူး…"

စုကျွင်းယန်က စာရေးစားပွဲတွင် လိမ်လိမ်မာမာ စာရေးနေကြသော စုကွမ်းကျုံးနှင့် စုယောင်ကျူးတို့အား ကြည့်ကာ ကျေကျေနပ်နပ် ပြုံးလိုက်သည်။ 


×××××


တစ်ဖက်တွင် ရှန်းလေ့နှင့် နင်ထန်တို့က ကလေးသုံးယောက်ကို ခေါ်ကာ ပင်လယ်ကမ်းစပ်သို့ ရောက်လာခဲ့ကြသည်။ 


နင်ထန်က အဆုံးအစမရှိသော ပင်လယ်ကြီးကို ကြည့်ကာ သက်ပြင်းချမိပြန်သည်။

ဒီလောက်လှတဲ့ မြင်ကွင်းလေး... အကြိမ်ဆယ်ချီရာချီ လာရင်တောင် မရိုးလောက်ဘူး...


ရှန်းလေ့က စန်းဝါကို ပုခုံးပေါ်တင်၍ ပြောလိုက်၏။

"ကဲ... ဘယ်ပင်လယ်စာကို ကောက်ရမှာလဲ…"


နင်ထန် ပြန်ဖြေလိုက်သည်။

"အခု အစ်မလော မရှိဘူးဆိုတော့ ဘယ်ဟာက ကောက်လို့ကောင်းလဲ သေချာမသိဘူး... စားလို့ရမယ်ထင်တဲ့ဟာ မှန်သမျှ ကောက်ကြမယ်လေ... စားလို့ ရနိုင်သလောက်ပေါ့…"


အားနူက သဲသောင်ပြင်ပေါ် ဆောင့်ကြောင့်ထိုင်ကာ အံ့သြတကြီး ပြောလိုက်၏။

"ဝိုး... ကဏန်းတွေ အများကြီးပဲ..."


"ဘယ်မှာလဲ... ဘယ်မှာလဲ... ကြည့်ရအောင်…"

နင်ထန်က သူမ၏ လက်ညှိုးညွှန်ရာ နေရာကို ကြည့်လိုက်ရာ အမှန်ပင် ကဏန်းများ ရှိနေခဲ့သည်။ သို့သော်ငြား လက်မလောက် အရွယ်အစားများသာ ဖြစ်သည်။ စျေးတွင်ရောင်းသည့် အကောင်များနှင့် နှိုင်းယှဥ်လိုက်ပါက ထိုအကောင်များမှာ ကဏန်းဘိုးဘေးများနှင့်သာ တူတော့သည်။ 


ရှန်းလေ့ တီးတိုးရယ်မောလိုက်သည်။

"အားနူ... ဒါကို ကောက်မယ်ဆိုရင် သွားကြားမှာ ညှပ်နေလိမ့်မယ်…"


အားနူက ကျစ်ဆံမြီးလေးများကို ဝဲကာ ပြောလိုက်သည်။ 

"ဒါတွေကို မစားဘူးနော်... အိမ်ပြန်ယူသွားပြီး မွေးလို့ရတာပဲ…"


သူမက ကဏန်းအသေးလေးတစ်ကောင်ကို ကိုင်ကာ လက်ဖဝါးပေါ်တွင် တင်လိုက်ပြီး ရှန်းလေ့ကို ပြလိုက်သည်။

"ကြည့်ကြည့်... အရမ်းချစ်စရာကောင်းတာပဲ... အား..."


သူမ၏ စကား မဆုံးခင်မှာပင် ထိုကဏန်းက သူမကို ညှပ်လိုက်သဖြင့် လက်ကို ခါကာ ပြောလ်ိုက်၏။

"ဂဏန်းက ဆိတ်သွားတယ်…"


"ဘယ်မှာလဲ... အဖေ့ကို ပြ…"

ရှန်းလေ့ ပြောလိုက်သည်။ 


အားနူက သူမ၏ လက်ကလေးကို ဖွင့်ပြလိုက်သောအခါ လက်ဖဝါးလေးက ဖြူဖျော့နေပြီး အရာမထင်ခဲ့ပေ။


"အဆင်ပြေပါတယ်... ဒီလို ဂဏန်းပေါက်စလေးတွေက မွေးခါစလေးပဲ ဖြစ်မယ်... လက်မက အရမ်းသေးလွန်းတော့ မနာဘူး…"

နင်ထန် သူမကို နှစ်သိမ့်ပေးလိုက်သည်။


အားနူ နှုတ်ခမ်းစူ၍ ပြောလိုက်သည်။

"စိတ်ပြောင်းသွားပြီ... သူတို့ကို မမွေးချင်တော့ဘူး... သူတို့ကို ဖမ်းပြီး စားပစ်မယ်…"


နင်ထန် ရယ်ကာမောကာဖြင့် ဆိုလိုက်သည်။

"ဟုတ်တယ်.. များများ ထပ်ဖမ်းကြမယ်... အကောင်ကြီးတာတွေ ဖမ်းမယ်နော်... အိမ်ပြန်ရောက်ရင် နင်တို့အတွက် ကဏန်းကြွပ်ကြွပ်ကြော်ပေးမယ်…"


"ကဏန်းကြွပ်ကြွပ်ကြော်ဆိုတာ ဘာလဲဟင်…"

တဝါက ခေါင်းလေးကို စောင်း၍ မေးလာသည်။


နင်ထန်က လက်ဟန်ခြေဟန်ဖြင့် ရှင်းပြလိုက်သည်။ "ဂဏန်းကို မုန့်နှစ်ထဲ ထည့်ပြီးတော့ ဆီထဲကို နှစ်ကြော်လိုက်မှာ... စားလိုက်ရင် ကြွပ်ကြွပ်ရွရွလေး နေမှာပဲ…"


သူမ၏ အမူအရာက ကလေးသုံးယောက်ကို သွားရည်ယိုသွားစေခဲ့သည်။ တဝါက လက်သီးလေးကို ကျစ်ကျစ်ဆုပ်၍ ပြောလိုက်သည်။

"သား ကဏန်းပေါက်လေးတွေ တစ်ပုံးအပြည့်ရအောင်

ကောက်ပေးမယ်လို့ ကတိပေးတယ်…"


"ဆက်လုပ်ကြ... ဒါပေမယ့် ကဏန်းအညှပ်မခံရအောင် သတိထားကြနော်... မနာပေမယ့် ခံရခက်တုန်းပဲ…"

နင်ထန် သတိပေးလိုက်သည်။


သူမက ကလေးသုံးယောက်အား ကဏန်း မည်သို့ ကောက်ရသည်ကို သင်ပေးလိုက်သည်။

"ကဏန်းပေါက်လေးတွေက အပြေးမြန်တယ်... ဒါကြောင့် နင်တို့သုံးယောက်က တစ်ကောင်တည်းကို အာရုံစိုက်ထားပြီး ဝိုင်းဖမ်းတာ အကောင်းဆုံးပဲ... ဖမ်းမိရင် လက်ညှိုးနဲ့ လက်မကို ဂဏန်းရဲ့ ကိုယ်ထည်မှာ ညှပ်ပြီး ဖမ်းရမယ်... ဒါဆို သူတို့ လက်မတွေ ဘယ်လိုယမ်းယမ်း ညှပ်နိုင်မှာ မဟုတ်ဘူး"


ကလေးသုံးယောက်က ဥာဏ်ကောင်းကြပြီး နင်ထန်၏ ညွှန်ကြားချက်ကို နားထောင်ကြ၍ ကဏန်းပေါက်လေး ပုံးတစ်ဝက်ကို မြန်မြန် ဖမ်းမိခဲ့ကြလေသည်။ 


ကလေးသုံးယောက်အား လက်လွှတ်ပေးလိုက်ပြီးနောက် နင်ထန်က ရှန်းလေ့အား သူတို့ကို မျက်စိဒေါက်ထောက် ကြည့်ထားစေကာ ယခင်တစ်ခေါက်က အစ်မလောနှင့်အတူ သွားခဲ့သည့် အနက်ရောင်ကျောက်တန်းများထံ သွားလိုက်သည်။ 


သူမက ပုံးတစ်ခုနှင့် ညှပ်ကို ကိုင်၍ ကျောက်တန်းပေါ်တွင် ဟိုဟိုသည်သည် လျှောက်နေရင်း ဂရုတစိုက် လေ့လာနေခဲ့သည်။ ပစ္စည်းကောင်းလေးများကို တွေ့သောအခါ ဝမ်းသာသွားလေသည်။


ရှောက်ခါးရောင်အခွံနှင့် အရွယ်အစား အမျိုးမျိုး ရှိနေသည့် ကမာကောင်များက အနက်ရောင်ကျောက်တန်းများပေါ်တွင် သိပ်သည်းစွာ ကပ်တွယ်နေကြပြီး ယင်းတို့မှာ အလွန်ပင် သတိပြုမိလွယ်ကြသည်။ 


နင်ထန် အပျော်လွန်သွားလေသည်။ သူမက ညှပ်ကို ကိုင်၍ ကျောက်တန်းပေါ်မှ ကမာကောင်များကို စတင်ခွာယူလေတော့သည်။ ကမာကောင်များက ယခင်တစ်ခေါက်က ပင်လယ်ခရုများနှင့် ယှဥ်လျှင် ဖမ်းရလွယ်သဖြင့် သူမက ပုံးနှင့်အပြည့် ကိုလျင်မြန်စွာ ကောက်ယူနိုင်ခဲ့လေသည်။ 


သူမက ကမ်းစပ်ကို ပုံးအပြည့် ပြန်ရောက်လာသောအခါ ရှန်းလေ့က မေးလာခဲ့သည်။

"ဘာတွေ ဖမ်းခဲ့တာလဲ…"


နင်ထန်က ဝံ့ကြွားစွာဖြင့် ပြောပြလိုက်သည်။

"ကမာတွေ အများကြီး ဖမ်းခဲ့တယ်... ပြန်ရောက်ရင် ကြက်သွန်ဖြူ ကမာကင်လုပ်စားရအောင်…"


ရှန်းလေ့က သူ့လက်ကို ဆန့်ပြ၍ ပြောလာခဲ့သည်။

"ကိုယ်ဖမ်းခဲ့တာ ပြမယ်…"


နင်ထန် ကြည့်လိုက်သောအခါ ရှန်းလေ့၏ လက်ပေါ်တွင် ရှိနေသည့် ရေဘဝဲတစ်ကောင်ကို တွေ့လိုက်ရသည်။ သူမ အံ့သြတကြီး ဆိုလိုက်လေသည်။

"ဒါ ဘယ်က ရလာတာလဲ…"


ရှန်းလေ့ ပြန်ဖြေလိုက်၏။

"ပင်လယ်လှိုင်းနဲ့ ပါလာတာထင်တယ်... ကိုယ်လှည့်ကြည့်လိုက်တာနဲ့ တွေ့လိုက်ရတာပဲ…"


နင်ထန် ပြောလိုက်သည်။

"စဥ်းစားကြည့်ရအောင်... ရေဘဝဲနဲ့ ဘာလုပ်စားလို့ ရမလဲ... ရေဘဝဲ အစပ်ကြော်လေး လုပ်ရမလား…"


ရှန်းလေ့ရ ရယ်မောလိုက်သည်။

"မင်းပြောတာက ဟုတ်ပါပြီ... ချက်ရော ချက်တတ်လို့လား…"


"မချက်တတ်ဘူးလေ... ဒါပေမယ့် ကျွန်မမှာ ရှင်ရှိတယ်လေ... ဟုတ်တယ်မလား…"


သူမက ကမာအပြည့် ပုံးကြီးကို သဲသောင်ပေါ် တင်ကာ တဝါကို မေးလိုက်သည်။

"နင်တို့ သုံးယောက် ကဏန်းပေါက်လေးတွေ ဖမ်းတာ ဘယ်လိုလဲ…"


တဝါက လက်ကလေးများဖြင့် စက်ဝိုင်းပုံ ဆွဲပြလိုက်သည်။ 

"အများကြီး ဖမ်းမိတယ်... မယုံရင် ကြည့်လိုက်…"


သူက နင်ထန်ကို ပုံးပြလိုက်ရာ ပုံးလေးသုံးပုံးက လုံးဝ အပြည့်ဖြစ်နေလေသည်။ 


ရှန်းလေ့က မိုးကုပ်စက်ဝိုင်းကြီးကို ကြည့်လိုက်သည်။ လိမ္မော်နီရောင် နေလုံးကြီးက ပင်လယ်တဝိုက် လိမ္မော်ရောင် အလွှာတစ်ချပ် ဖုံးအုပ်ထားလေသည်။

"နောက်ကျနေပြီ... ပြန်ကြမယ်…"


မိသားစု ငါးယောက်က အိမ်ပြန်လာခဲ့ကြပြီး တဝါ၊ အားနူနှင့် စန်းဝါတို့က အပြည့်ဖြစ်နေသော ပုံးလေးများကို အသီးသီး သယ်လာခဲ့ကြလေသည်။ သူတို့က ရှေ့မှနေ၍ ဂုဏ်ယူဝံ့ကြွားစွာဖြင့် လျှောက်လာနေကြလေသည်။ 


ရှန်းလေ့ ပြုံးကာ ဆိုလိုက်၏။

"သူတို့တွေ ဘယ်လောက် ပျော်နေကြလဲ ကြည့်ပါဦး…"


အိမ်ပြန်ရောက်သောအခါ ရှန်းလေ့က ရေစည်ကြီးကို သွန်ကာ ကလေးသုံးယောက် ဖမ်းလာသည့် ကဏန်းပေါက်လေးများကို လောင်းထည့်လိုက်သည်။ နင်ထန်ကိုလည်း မေးလိုက်သေးသည်။

"မင်းပြောထားတဲ့ ကဏန်းအကြွပ်ကြော်က ဘယ်လိုလုပ်ရတာလဲ…"


"ကဏန်းလေးတွေကို သန့်ရှင်းရေး လုပ်ထားလိုက်... ကျွန်မက မုန့်နှစ်ကို ပြင်ပေးထားမယ်…"

နင်ထန် ညွှန်ကြားလိုက်သည်။

"သန့်ရှင်းရေးလုပ်ပြီးသွားရင် ဒီကို ယူလာပေးနော်…"


ရှန်းလေ့က သူမ၏ လမ်းညွှန်မှုအတိုင်း လိုက်လုပ်ခဲ့ပြီး ကလေး သုံးယောက်ကလည်း ကူညီပေးခဲ့ကြသည်။ သူမ ပြောလိုက်သည်။

"အိုးထဲကို ဆီလောင်းထည့်လိုက်... ဆီပူလာရင် ကဏန်းကို မုန့်နှစ်ထဲမှာ နှစ်ပြီး အိုးထဲထည့်ကြော်ရမယ်..."


ရှန်းလေ့က ကဏန်းပေါက်လေးများကို ကြော်နေရင်း တတွတ်တွတ် ပြောနေလေသည်။

"လအစပဲ ရှိသေးတယ်... မင်းကတော့ အိမ်ကဆီတွေ အကုန် သုံးလိုက်ပြီ…"


"အားလပ်ရက်ပဲလေ... နည်းနည်းလောက် ပိုသုံးလည်း ကိစ္စ မရှိပါဘူး…ကလေးသုံးယောက် ဘယ်လောက် စိတ်အားထက်သန်နေလဲ ကြည့်လိုက်လေ…"


ရှန်းလေ့ မီးဖိုချောင်အပေါက်ဝကို ကြည့်လိုက်သောအခါ တဝါ၊ အားနူနှင့် စန်းဝါတို့က တံခါးဘောင်ကို မှီကာ အထဲကို အဆက်မပြတ် ချောင်းကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။ 


ရှန်းလေ့က တူကိုသုံး၍ ဂဏန်းပေါက်စလေးများကို မုန့်နှစ်ထဲသို့ ထည့်နှစ်လိုက်ပြီး အိုးထဲကို ထည့်လိုက်သည်။ တရှဲရှဲ မြည်သံနှင့်အတူ မရေတွက်နိုင်သော ပူစီဖောင်းလေးများ ချက်ချင်း ထလာကြပြီး အကြော်၏ မွှေးရနံ့က မီးဖိုချောင်တစ်ခုလုံး ပြည့်နှက်သွားလေသည်။


တဝါ နှာခေါင်းရှုံ့လိုက်သည်။

"ဝိုး... အနံ့လေးက ကောင်းလိုက်တာ…"


မကြာမီ ရှန်းလေ့က ကဏန်းပေါက်လေး တစ်ပန်းကန်ကို ကြော်ပြီးသွားခဲ့ပြီး တဝါကို အော်ခေါ်လိုက်သည်။

"ဧည့်ခန်းထဲကို ယူသွားလိုက်…"


တဝါက ပြေးလာပြီး ပန်းကန်ကို ယူကာ ဧည့်ခန်းထဲသို့ အမြန် ယူသွားသည်။ ပြေးနေရင်းလည်း ကြွပ်ကြွပ်ရွရွ ကဏန်းပေါက်ကြော်လေးများကို ပါးစပ်ထဲသို့ မသွပ်ဘဲ မနေနိုင်ခဲ့ပေ။


နင်ထန် ရယ်မောလိုက်၏။

"ရှန်းတဝါ ခိုးစားနေတာလား…"


တဝါက ပါးစောင်ထဲတွင် ကဏန်းကြော်ကို ထည့်ထားပြီး ပလုတ်ပလောင်း ပြန်ဖြေလာခဲ့၏။

"မ... မဟုတ်ပါဘူး…"


နင်ထန် လှောင်ရယ်လိုက်လေသည်။

"ပြီးမှ သတိမပေးဘူး မလုပ်နဲ့နော်... ငါတို့မှာ ကြက်သွန်ဖြူ ကမာကင်နဲ့ ရေဘဝဲ အစပ်မွှေကြော် ရှိသေးတယ်... နင်သာ ကဏန်းကြော်နဲ့ ဗိုက်ကြည့်သွားရင် တခြားဟာတွေ စားနိုင်တော့မှာ မဟုတ်ဘူးနော်…"


တဝါက ကဏန်းကြော်ကို ကမန်ကတန်း မြိုချလိုက်ပြီးနောက် သူမကို ကတိပေးလိုက်သည်။

"ထပ်မစားတော့ဘူး…"


ရှန်းလေ့က ရေဘဝဲကို သန့်ရှင်းကာ အတုံးလေးများ တုံးလိုက်ပြီး ပဲပိစပ်အနှစ်ထည့်ကာ ပန်းငရုတ်စိမ်းများနှင့်အတူ ရောကြော်လိုက်သည်။


သူ ရေဘဝဲ အစပ်ကြော်ကို ပြင်ဆင်နေချိန်တွင် နင်ထန်က ကြက်သွန်ဖြူ ကမာကင်အတွက် အကင်တံကို ထုတ်ယူလိုက်သည်။ မီးသွေးကို မွှေးလိုက်ပြီးနောက် ကမာကောင် ငါးကောင်ကို အကင်တံပေါ် တင်လိုက်သည်။ 



🏝️🏝️🏝️