Chapter 37
Viewers 5k

🏡 Chapter 37

အဝတ်အစားအသစ်များ ဝယ်ယူခြင်း



ကျန်းလီယွင်က ကြက်ကြော်ရောင်းရန် တွေးမိသော်လည်း အလျင်မလိုပေ။


ကြက်ကြော်ရောင်းချခြင်းက ဖက်ထုပ်အိုးကပ်ကြော် ရောင်းချသကဲ့သို့ပင် ပြင်ဆင်ရမည့် အရာများပြားသည်။


ထို့အပြင် ဖက်ထုပ်အိုးကပ်ကြော်နှင့် ကြက်ကြော် နှစ်မျိုးလုံး ရောင်းချမည်ဆိုပါက မြို့၌ အိမ်တစ်လုံး ငှားရမ်းလိုက်ခြင်းက အကောင်းဆုံးဖြစ်ပေသည်။


သူမက ကြက်ကြော်ရောင်းချရန် ချင့်ချိန်လျက် ဖက်ထုပ်ဆိုင်သို့ ပြန်သွားခဲ့သည်။ ဖုန်းရီ ဆိုင်တွင် မရှိသည်ကို သတိပြုမိပြီး မကြာခဏ ဖက်ထုပ်ကြော် လာဝယ်သူနှင့် အမေကျန်းတို့ စကားပြောနေကြသည်ကို တွေ့ရသည်။


အမေကျန်းက တစ်ဦးတည်းနေတတ်သော အင်ထရိုဘတ် လူမျိုးဖြစ်သောကြောင့် သူမက စကားစပြောလေ့မရှိသော်လည်း အခြားသူများက ဦးစွာ ချဉ်းကပ်လာပါက ကောင်းမွန်စွာ ပြန်လည်ဆက်ဆံနိုင်သည်။


ထိုဝယ်သူက မေးခွန်းများ မေးနေပြီး အမေကျန်းက အတတ်နိုင်ဆုံး ပြန်လည်ဖြေကြားနေသည်။


ကျန်းလီယွင်ကို မြင်သောအခါ အမေကျန်းက သက်ပြင်းချပြီး စိတ်သက်သာရာ ရသွားသည်။

“ကျွန်မသမီး လာပြီ... ရှင့်မှာ မေးစရာရှိရင် သူ့ကို မေးလိုက်ပါ...”


“မင်္ဂလာပါ... ဘာများလိုအပ်ပါလဲ...”

ကျန်းလီယွင်က အပြုံးလေးဖြင့် ပြောလိုက်သည်။


“တခြားတော့ မဟုတ်ပါဘူး... ဒီဒယ်အိုးတွေ ဘယ်က ဝယ်တာလဲလို့ မေးချင်လို့ပါ...”

ထိုသူက မေးမြန်းသည်။


“ဒါ သူများ မြို့က ဝယ်လာပေးတာ... သူ ဘယ်က ဝယ်တာလဲတော့ ကျွန်မလည်း မသိဘူး...”

ကျန်းလီယွင်က ဖြေသည်။


“ဟုတ်ကဲ့... သိပါပြီ...”

ထိုသူက အနည်းငယ် စိတ်ပျက်သောမျက်နှာဖြင့် ကျန်းလီယွင်နှင့် စကားအနည်းငယ်ပြောပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။


ထိုသူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းလီယွင်က အမေကျန်းကို မေးလိုက်သည်။

“အမေ... သူက ဘာတွေ မေးသွားတာလဲ...”


“ငါတို့ ဝက်သား ဘယ်ကဝယ်လဲ လာမေးတာ...”

အမေကျန်းက ပြန်ဖြေသည်။


ထိုအကြောင်းကြားရသောအခါ ထိုသူက ဖက်ထုပ်ကြော်စီးပွားရေးလုပ်ရန် စိတ်ဝင်စားပြီး စတင်လုပ်ကိုင်ရန် သူများဆီမှ လာလေ့လာခြင်းဖြစ်ကြောင်း ကျန်းလီယွင် သိလိုက်သည်။


သူမတို့ ဖက်ထုပ်ကြော်ဆိုင် ဖွင့်ပြီးသောအခါ လူများစွာက လိုက်ရောင်းရန် စိတ်ဝင်စားလာကြသည်။


၁၉၆၀ခုနှစ်များနှင့် ၁၉၇၀ခုနှစ်များတွင် တရုတ်နိုင်ငံက စတင်ဖွံ့ဖြိုးဆဲ ဖြစ်သည်။


ကျန်းလီဟိုင်၊ ကျန်းလီဖျင်နှင့် သူမ တို့က စီးပွားရေး ဖွံ့ဖြိုးဆဲကာလတွင် မွေးဖွားလာသူများ ဖြစ်ကြသည်။


ယခုတွင် ထိုမျိုးဆက်များအားလုံး ကြီးပြင်းလာကြပြီ ဖြစ်သည်။


ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပြီး လူများစွာကို အလုပ်လက်မဲ့ဖြစ်စေသည်။


သူမတို့ ချောင်းထိုရွာတွင် အလုပ်လက်မဲ့ လူငယ်များ အများအပြားရှိသည်။ အတိတ်တွင် ထိုလူငယ်များက လယ်ယာအလုပ်များ လုပ်ကိုင်ခဲ့ကြသော်လည်း အချိန်ကာလပြောင်းလဲ ရွေ့လျားလာသောအခါ လူတိုင်းက ငွေရှာချင်လာကြသည်။


ကျန်းလီယွင်ကဲ့သို့ ၁၉၆၀ခုနှစ်များတွင် မွေးဖွားလာသူများက ထိုခက်ခဲမှုများကြုံတွေ့ရပြီး ငွေကြေးအခြေအနေ တည်ငြိမ်မှု မရှိပေ။


သူမ၏ ယခင်ဘဝ၌ ကျန်းလီဟိုင်က အသက် ၆၀ ကျော်တွင် သေဆုံးသွားခဲ့ပြီး အလုပ်လက်မဲ့နေ၍ မရသောကြောင့် သူများ၏အလုပ်မျိုးစုံကို ကူညီလုပ်ကိုင်ပေးခဲ့သည်။ ချောင်းထိုရွာမှ အသက် ၅၀ကျော် ၆၀ကျော် သက်တူရွယ်တူများက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေကြဆဲ ဖြစ်သည်။


ထိုအချိန်တွင် ကျန်းလီဟိုင်ကဲ့သို့ ဈေးဆိုင်ဖွင့်ခြင်းက မသင့်တော်ဟု ခံစားကြရသူများလည်း ရှိသည်။ သို့ရာတွင် သူမကဲ့သို့ ပိုက်ဆံရှာရန် စိတ်အားထက်သန်သူများက မြို့တွင် ဆိုင်ဖွင့်လိုကြသည်။


အမွေးဖြူကြက် မွေးမြူရေးလုပ်ငန်း အောင်မြင်လာသောအခါ ထိုစွန့်စားရသော စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရန် စိတ်အားထက်သန်လာကြသည်။ ယခုလည်း ထို့အတူပင်။ ဖက်ထုပ်အိုးကပ်ကြော် ရောင်းချခြင်းက အမြတ်ကျန်ပါက ထိုသူများကလည်း သဘာဝကျကျပင် ရောင်းချလိုကြသည်။


မြို့တွင် ဘန်းမုန့်များ၊ ဖက်ထုပ်များရောင်းချသော လမ်းဘေးဈေးသည်များ အလွန်များပြားသည်။ ရွာမှ လူများက သူမထံသို့လာ၍ ဖက်ထုပ်အိုးကပ်ကြော်နည်းကို လာရောက်မေးမြန်းကြသော်လည်း သူမက ငြင်းဆန်လိုက်သည်။


ယခု ဖက်ထုပ်အိုးကပ်ကြော်နည်းကို စုံစမ်းကြခြင်းက သူတို့ကိုယ်ပိုင် ဆိုင်များဖွင့်လိုကြသောကြောင့် ဖြစ်သည်။


အခြားလူများ လိုက်မရောင်းချစေရန် သူမ မတားမြစ်နိုင်သော်လည်း သူမ၏ ဖက်ထုပ်အိုးကပ်ကြော်နည်းကိုမူ သင်ကြားပေးလိမ့်မည် မဟုတ်ပေ။


သူမ၏ ယခင်ဘဝတွင် မြို့ပေါ်၌ ဆိုင်ဖွင့်၍ စတင်ရောင်းချသောအခါ သူများ ရောင်းချလျက်ရှိသော ပစ္စည်းများကို ရောင်းချသည်ဖြစ်၍ ခက်ခဲပင်ပန်းသော လမ်းဖြစ်ခဲ့သည်။ အချို့လူများက စိန်ခေါ်မှုများ တွေ့ကြုံရပြီးသောအခါ မကြာမီတွင် အရှုံးပေးလိုက်ကြသည်။ အချို့သော အခက်အခဲများကို တောင့်ခံ၍ ငွေရှာသူများကိုမူ ရှောင်လွဲ၍ မရပေ။


မြို့တွင် ပထမဆုံး ဖက်ထုပ်အိုးကပ်ကြော် ရောင်းချခြင်း ဖြစ်သဖြင့် ဖောက်သည်များ ရှိလာသည်က အားသာချက်တစ်ခု ဖြစ်ခဲ့သည်။ သူမ၏ ထင်မြင်ချက်များကို အမေကျန်းနှင့် အခြားသူများကို မျှဝေခြင်း မပြုခဲ့ပေ။ ဖက်ထုပ်အိုးကပ်ကြော်များ ရောင်းချပြီးသောအခါ သူမက အထုပ်အပိုးများ ပြင်ဆင်သိမ်းဆည်းသည်။


ထိုအချိန်တွင် ဖုန်းရီ ပြန်ရောက်လာသည်။


ကျန်းလီယွင်က သူ လာခဲ့သော နေရာကို ငဲ့ကြည့်လိုက်ရာ သန့်စင်ခန်းမှ ထွက်လာခြင်း ဖြစ်နိုင်သည်။ တစ်မနက်လုံး အလုပ်များနေသောကြောင့် ဖုန်းရီတွင် သန့်စင်ခန်းသွားရန် အချိန် မရှိခဲ့ခြင်း ဖြစ်မည်။


“အစ်မလီယွင်... သတင်းစာ ဖတ်ပြီးပြီလား...”

ဖုန်းရီက ပြုံး၍ ကျန်းလီယွင်ကို မေးသည်။


“အင်း ... ငါ ဖတ်ပြီးပြီ... ဒီနေ့ ငါ သတင်းစာ ဝယ်ချင်လို့... နင်ရော ငါနဲ့ လိုက်ခဲ့ချင်လား...”

ကျန်းလီယွင်က မေးလိုက်သည်။


လမ်းတွင် သူမက လမ်းဘေးရှိ အင်္ကျီဆိုင်ကို တစ်ချက် ကြည့်လိုက်သည်။ သူမ၏ ဒုတိယဘဝ စတင်ချိန်၌ အဝတ်အစားများ ရောင်းချရန်လည်း စဉ်းစားဖူးသည်။ သို့ရာတွင် မြို့ပေါ်၌ အင်္ကျီအဝတ်အစား ရောင်းချသောဆိုင်မှာ များပြားလှသည့်အပြင် သူမတွင် ကုန်ပစ္စည်းများ မှာယူတင်သွင်းရန် အရင်းအမြစ်များလည်း မရှိပေ။ ထို့ကြောင့် အင်္ကျီဆိုင်ဖွင့်ရန် စိတ်ကူးကို ဖယ်ရှားလိုက်သည်။


ယခင်ဘဝတွင် ကျန်းလီယွင် မသေဆုံးမီက နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ များပြားခဲ့သောကြောင့် အချို့ ကုန်ပစ္စည်းများမှာ အလွန်ဈေးသက်သာသည်။ ဥပမာအားဖြင့် သူမ တစ်ခါက အဟောင်းဆိုင်မှ ခြေအိတ်တစ်စုံကို တစ်ယွမ်ဖြင့် ဝယ်ယူခဲ့ဖူးပြီး အရည်အသွေး အတော်လေး ကောင်းမွန်သည်ကို တွေ့ရသည်။


ယခုတွင် အခြေအနေများက ကွာခြားနေပြီး ယခုခေတ်ကာလ၌ ကုန်ထုတ်လုပ်မှုက အကန့်အသတ်နှင့် ဖြစ်ပြီး အဝတ်အစားများ ပြုလုပ်ရန်၊ ခြေအိတ်များ ပြုလုပ်ရန်က အတော်ပင် ကုန်ကျစရိတ်များပြားသည်။


ဖုန်းရီတွင် အဝတ်အထည် အနည်းငယ် ရှိသော်လည်း ၎င်းတို့က ခန္ဓာကိုယ်နှင့် ကွက်တိမဖြစ်ပေ။ ကျန်းလီယွင်က သူ့ကို အဝတ်အစား အနည်းငယ် ဝယ်ပေးချင်သော်လည်း လက်ရှိအနေအထားတွင် သူမ၏ ငွေကြေးအခြေအနေက ခက်ခဲနေဆဲဖြစ်သည်။ 


“အစ်မလီယွင်... အင်္ကျီ ဝယ်မလို့လား... ဒီတစ်ထည်က မဆိုးဘူး...”

ဖုန်းရီက အနီရောင်ပန်းပွင့်ကြီးပါသော အထည်ကို လက်ညိုးညွှန်ပြသည်။


ကျန်းလီယွင် “...”

ဘယ်လိုတောင် တစ်မူထူးခြားတဲ့ ဖက်ရှင်အမြင်ပါလိမ့်...


သူမ အသက်အရွယ်လူများက ထိုအထည်များကို သဘောကျသောကြောင့် သူမ ယခင်ဘဝက ချောင်းထိုရွာသို့ အလည်အပတ်သွားတိုင်း ရွာရှိ အမျိုးသမီးကြီးများက တူညီသော အဝတ်အစားများကို ဝတ်ဆင်လေ့ရှိသည်။


ကျန်းလီယွင်၌ အဝတ်အစား ဝယ်ယူရန် အစီအစဉ်မရှိပေ။ ကျန်းလီဖျင်၏ အဝတ်အဟောင်းများကို သူမ ဝတ်ဆင်လေ့ရှိသော်လည်း အတွင်းခံနှင့် ခြေအိတ်အချို့ကိုမူ ဝယ်ယူရမည် ဖြစ်သည်။


သူမ၏ ယခင်ဘဝတွင် အိမ်ထောင်မပြုမီအထိ သူမထံ၌ သင့်တော်သော အတွင်းခံ မရှိပေ။ ဘောင်းဘီအပြဲများ၏ ခြေထောက်ကိုဖြတ်ကာ ယာယီအတွင်းခံအဖြစ် သူမ ကိုယ်တိုင်ပြင်ချုပ်ပြီး ဝတ်လေ့ရှိသည်။


အတွင်းခံအင်္ကျီလည်း သူမတွင် မရှိပေ။ သူမ ငယ်ရွယ်စဉ်က သူမ၏ ရင်သားကို အဝတ်ဖြင့်လွှမ်းခြုံပြီး ပတ်ထားလေ့ရှိသည်။ 


သူမ ပြန်လည် မွေးဖွားလာသောအခါ ထိုအရာများကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်တွင် အခြား ကုန်ကျစရိတ်များလည်း ရှိသောကြောင့် သူမ တစ်ပြိုင်နက် များစွာ မဝယ်နိုင်သေးပေ။


ယခုတွင် သူမ တတ်နိုင်သလောက် ဝယ်ယူမည် ဖြစ်သည်။ အဝတ်အစား ရောင်းချသော ဆိုင်များစွာ ရှိပြီး အချို့က မြေပြင်ပေါ်တွင် ပလတ်စတစ်စခင်း၍ ဖြန့်ခင်းရောင်းချသည်။ အချို့ တီထွင်ဆန်းသစ်သော ဆိုင်များက ဝါးခုတင်များကို အသုံးပြုပြီး အဝတ်အစားများကို ဖြန့်ခင်းရောင်းချကြသည်။


ဝါးက ဈေးသက်သာသောကြောင့် ထိုဝါးခုတင်များမှာ ဈေးမကြီးပေ။ လမ်းဘေးဈေးသည်များအကြားတွင် သူမ ယခင်ဘဝက အတွင်းခံများ ဝယ်လေ့ရှိသော အသိအကျွမ်းတစ်ယောက်ကို မှတ်မိသည်။


ထိုဆိုင်သို့ သွား၍ ကျန်းလီယွင်က အတွင်းခံ ၃ထည်ကို ရွေးချယ်လိုက်ပြီး သူမ အတွက် ခြေအိတ်၃စုံကိုပါ ယူလိုက်သည်။ သူမ အတွက် ရွေးချယ်ပြီးနောက် ဖုန်းရီကို တစ်ချက်ကြည့်၍ သူ့ အတွက် အတွင်းခံ ၃စုံနှင့် ခြေအိတ်၃စုံကိုလည်း ဝယ်ယူလိုက်သည်။


ကျန်းလီယွင်က ဝယ်ယူပြီးနောက် ဖုန်းရီကို သယ်ခိုင်းလိုက်ပြီး သူမက ရှေ့မှ ဆက်၍ လမ်းလျှောက်သွားသည်။ ခြေလှမ်းအချို့ လျှောက်လှမ်းပြီးနောက် ဖုန်းရီ ပါမလာသဖြင့် နောက်လှည့်၍ မေးလိုက်သည်။

“ဖုန်းရီ ဘာလို့ မလိုက်လာတာလဲ...”


ဖုန်းရီက နေ့လည်တွင် အိပ်မက်မက်နေသကဲ့သို့ ကျန်းလီယွင်ထံ အမြန်လျှောက်လှမ်းလာသည်။


ကျန်းလီယွင်က ဖုန်းရီ တစ်ခုခုဖြစ်နေသည်ကို သတိထားမိလိုက်သည်။ သူ့မျက်နှာက အလွန်နီရဲကာ ရှက်သွေးဖြာနေသည်။


ဖုန်းရီ ရှက်နေသည်ကို သူမ ချက်ချင်း သတိထားမိလိုက်သည်။


ကျန်းလီယွင်က ရယ်စရာတစ်ခုကို တွေ့လိုက်သကဲ့သို့ မရယ်ဘဲ မနေနိုင်ပေ။


ကျန်းလီယွင်အတွက်မူ သူမကိုယ်တိုင်အတွက်နှင့် ဖုန်းရီအတွက် အတွင်းခံဝယ်ခြင်းက သာမန်အရာ တစ်ခုဖြစ်သည်။ ဖုန်းရီက အဝတ်အစားနှင့် ပတ်သက်၍ ဂရုမထားသောကြောင့် ယခင်ဘဝတွင်လည်း သူမက သူ့အတွက် အဝတ်အစားများကို ဝယ်ပေးလေ့ရှိသည်။


ထိုအချိန်က လူများက အတွင်းခံ တံဆိပ်များနှင့် ပတ်သက်၍ လွတ်လပ်စွာ တိုင်ပင် ဆွေးနွေးနိုင်သော ခေတ်ကာလဖြစ်သည်။


အခုကတော့...


ဖုန်းရီရှေ့တွင် အတွင်းခံဝယ်ခြင်းက သူ့ကို များစွာရှက်ရွံ့စေသည်။


ထိုအခိုက်အတန့်တွင် ဖုန်းရီက အမှန်ပင် ရှက်ရွံ့နေခဲ့သည်။


ကျန်းလီယွင် အတွင်းခံရွေးနေစဉ်တွင် ဖုန်းရီက သူ့အတွက် မကြည့်ခဲ့ပေ။


သူက အဝတ်အစားဆိုင်များကို တွေ့လျှင် ကျော်သွားလေ့ရှိသည်။


သို့ရာတွင် ကျန်းလီယွင်က သူမအတွက် ဝယ်ရုံသာမက သူ့အတွက်ပါ ရွေးချယ်ပေးသေးသည်။


ကျန်းလီယွင်က သူ့လက်နဲ့ ကိုယ်တိုင်ရွေးပေးတယ်...


ပို၍အနေရခက်စေသည်မှာ ကျန်းလီယွင်က ဝယ်လာသော ပစ္စည်းများကို သူ့ကို ကိုင်ခိုင်းသောကြောင့် ဖြစ်သည်။


ကျန်းလီယွင်၏ အတွင်းအဝတ်များကို ကိုင်ထားသည်ကို တွေးမိသောအခါ ဖုန်းရီ မလှုပ်ရဲတော့ပေ။


ရှက်ရွံမှုများအလယ်မှ ကျန်းလီယွင်၏ ပြုံးနေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံမိသည်။ ဖုန်းရီက ရှက်သွေးဖြာပြီး ခေါင်းငုံ့၍ ပြောလိုက်သည်။

“အစ်မလီယွင်...”


ကျန်းလီယွင်က ဖုန်းရီ၏ ပါးကိုဆွဲဖျစ်၍ ပြောလိုက်သည်။

“သွားကြရအောင်...”


ဖုန်းရီ၏ ရှက်သွေးဖြာနေပုံကို မြင်သောအခါ ကျန်းလီယွင်မှာ မစဘဲ မနေနိုင်ပေ။


ကျန်းလီယွင်က သတင်းစာ ရနိုင်မည့်နေရာ သိထားသည်။


အိမ်တွင် စာအုပ်အငှားဆိုင် ဖွင့်ထားသော လူအိုကြီးတစ်ယောက်ကို သူမ သိသည်။ စာအုပ်များ ငှားသည့်အပြင် စာအုပ်ထိုင်ဖတ်နိုင်ပြီး သတင်းစာလည်း ရောင်းချသည်။


ကျန်းလီယွင်က ကျဉ်းမြောင်းသော လမ်းကြို လမ်းကြားလေးကို ဝင်လိုက်သောအခါ တံခါးအရှေ့တွင် နေရာချထားသော စာအုပ်အဟောင်းအချို့ကို တွေ့လိုက်ရသည်။ တံခါးဖွင့်၍ ဝင်လိုက်သောအခါ ကလေးများစွာက ထိုင်ခုံတွင် ထိုင်ပြီး ကာတွန်းရုပ်ပြစာအုပ်များ ဖတ်နေသည်ကို တွေ့လိုက်ရသည်။


စာအုပ်အငှားဆိုင်တွင် ရုပ်ပြကာတွန်းစာအုပ်မျိုးစုံကို ဖတ်ရှုနိုင်ပြီး လူအိုကြီးက စာအုပ်များကို အခမဲ့ လှန်လှောကြည့်ခွင့်မပေးထားပေ။ ကလေးများက စာအုပ်ဖတ်ချင်ပါက တစ်ပဲနိ ဦးစွာပေးချေရမည် ဖြစ်သည်။ ထိုသို့ ပေးချေပြီးပါက စာအုပ်ဖတ်ရှုနိုင်ပြီး ဖတ်ပြီးလျှင် စာအုပ်ကို ပြန်အပ်ရမည် ဖြစ်သည်။


ကျန်းလီယွီက ကာတွန်းစာအုပ်ဖတ်ရသည်ကို သဘောကျမှန်း ကျန်းလီယွင် မှတ်မိလိုက်သည်။ ယခင်ဘဝတွင် သူမ အိမ်ထောင်ပြုပြီးသောအခါ တစ်ခါတစ်ရံ ကျန်းလီယွီကို မြို့သို့ ခေါ်လာလေ့ရှိပြီး ကျန်းလီယွီက ဤနေရာသို့ လာကာ စာဖတ်တတ်သည်။


စာအုပ်အငှားဆိုင်ရှိ လူအိုကြီးထံမှ KFC ကြက်ကြော်ဆိုင်က မြို့ထဲတွင် ဖွင့်လှစ်တော့မည့်အကြောင်း ပါသော သတင်းစာကို ဝယ်ယူလိုက်သည်။


သူမ တစ်ခဏမျှ တွေးတောပြီးနောက် “ဟော်ယွမ်ကျား” ကာတွန်းစာအုပ်ကိုလည်း ဝယ်ယူလိုက်သည်။


ကျန်းလီယွီက ထိုအချိန်တွင် မြို့ပေါ်၌ စာအုပ်အငှားဆိုင်များ ရှိကြောင်း မသိသေးသောကြောင့် သူမ စာအုပ်များ ငှားမဖတ်နိုင်ပေ။


သူမ ဝယ်ယူပြီးသော ပစ္စည်းများကို ဖုန်းရီကို လက်လွှဲ၍ သယ်ခိုင်းလိုက်သည်။ ဖုန်းရီက တွေတွေဝေဝေအခြေအနေတွင် ရှိဆဲဖြစ်ကာ ပစ္စည်းများကို ကိုင်ရင်း မလှုပ်မယှက်ဖြင့် ကျန်းလီယွင်ကို ငေးကြည့်နေသည်။


ကျန်းလီယွင်က ပြုံးပြီး သူ့ကို အိမ်ပြန်ခေါ်လာခဲ့သည်။


အိမ်ပြန်လမ်းတွင် ဖုန်းရီက ငြိမ်သက်ဆဲ ဖြစ်သည်။


အမေကျန်းက စိတ်ပူစွာဖြင့် ကျန်းလီယွင်ကို မေးလာသည်။

“သမီးတို့နှစ်ယောက် ရန်ဖြစ်ထားတာလား...”


ကျန်းလီယွင်က မရယ်ဘဲ မနေနိုင်ဖြစ်သွား၍ ရယ်မောပြီး ဖြေလိုက်သည်။

“သမီးတို့ ရန်မဖြစ်ပါဘူး...”


သူမက ရယ်မောရင်းပင် ဖုန်းရီကို မေးလိုက်သည်။

“ဖုန်းရီ ငါတို့ ရန်ဖြစ်ကြတာလား...”


ဖုန်းရီက ခေါင်းထောင်လာပြီး ဖြေလိုက်သည်။

“မဟုတ်ပါဘူး... ကျွန်တော်တို့ ရန်မဖြစ်ပါဘူး...”


အမေကျန်းက ယုံကြည်ပုံမရသောအခါ ဖုန်းရီက အာရုံတစိုက်ဖြင့် ဖြေသည်။

“ကျွန်တော်တို့ ရန်မဖြစ်ပါဘူး... အစ်မလီယွင်က တအား ကောင်းတာပါ... တကယ်ပါ...”


အစ်မလီယွင်က ငါ့ကို အတွင်းခံ ဝယ်ပေးတယ်... သူ့အတွင်းခံအင်္ကျီကိုတောင် ငါ့ကို ကူပြီး ကိုင်ခိုင်းသေးတယ်...


ဖုန်းရီက ယခင်ကထက် ပို၍ အိမ်တစ်လုံး ပိုင်ဆိုင်ချင်လာသည်။ အိမ်တစ်လုံးသာ ရှိပါက သူ လက်ထပ်နိုင်ပြီ ဖြစ်သည်။ 


ငါ တကယ် လက်ထပ်ချင်ပြီ...


သူ၏ ပြောဆိုပြုမူပုံက ဒေါသထွက်ပုံမရပေ။ အမှန်တွင် ရှက်ရွံ့နေသော သတို့သမီးလေးနှင့် ပိုတူသေးသည်။ ထို့ကြောင့် အမေကျန်းက ထပ်မပြောတော့ဘဲ တိတ်ဆိတ်သွားသည်။


သူမတို့ အိမ်ပြန်ရောက်ပြီးနောက် ကျန်းလီယွင်က ဟင်းသီးဟင်းရွက်များကို ဆေးကြောသည်။


ယနေ့က တနင်္ဂနွေနေ့ဖြစ်ပြီး ကျန်းလီယွီ၏ ကျောင်းပိတ်ရက်ဖြစ်သည်။


မနက်ပိုင်း သူမ မြို့၌ ဆိုင်ဖွင့်သောအခါက ကျန်းလီယွီက အိပ်ပျော်နေသဖြင့် မခေါ်သွားဖြစ်ပေ။ ကျန်းလီယွီကလည်း လိုက်ချင်ကြောင်း မပြောပေ။ အမေကျန်းက ကျန်းလီယွီကို အစ်မ အလုပ်လုပ်နေသည်ကို လိုက်မရှုပ်ရန် ပြောထားသည်ဟု ကျန်းလီယွင်က သံသယရှိသည်။


“မမ...”

ကျန်းလီယွင်ကို တွေ့သည်နှင့် ကျန်းလီယွီက ပြုံး၍ နှုတ်ဆက်လာသည်။


“‌ရှောင်ယွီ... မမ ညီမလေးအတွက် ကာတွန်းစာအုပ် ဝယ်လာတယ်... “

ကျန်းလီယွင်က သူမ ဝယ်လာသော စာအုပ်ကို ကျန်းလီယွီကို ပေးလိုက်သည်။


“ကျေးဇူးပါ မမ...”

ကျန်းလီယွီက အလွန် ပျော်ရွှင်နေသည်။ သူမထံတွင် ကျောင်းဖတ်စာအုပ်များမှအပ အခြားစာအုပ်များ မရှိပေ။ သူမနှင့်အတူ ကစားလေ့ရှိသော အတန်းဖော်များတွင်လည်း မရှိပေ။



🏡🏡🏡