Chapter 22
Viewers 2k

“ ဘွန်း ဘွန်း ဘွန်း - ဘွန်း ဘွန်း ဘွန်း “

 

လန်စီ မနိုးသေးခင် နံနက်အစောကတည်းက အပြင်မှ ဆူညံသံများကို ဆက်တိုက် ကြားနေရသည်။

 

ဒါ ငလျင်လှုပ်တာများလား။

 

ကျယ်လောင်တဲ့ အသံကျယ်ကြီးကို တုန်ခါမှုနှင့်အတူ ထွက်နေခြင်းဖြစ်ကာ လှေအခန်းငယ်ထဲရှိ လှုပ်ခါနေတဲ့ ကုတင် ပေါ်တွင် မှောက်လျက်အိပ်နေသေးသော လန်စီမှာ ခံစားမိနေသည်။

 

” မင်းမေ&%...#! ”

 

စူပုတ်နေသော ဝင်ကစွပ်အိုကြီးသည် အပြင်ဘက်ရှိ စကားပြောနေသော အုပ်စုထဲတွင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆိုနေ၏။

“အဲဒီအရူးက သောက်ရူးထနေပြန်ပြီ”

 

ဂရုချက်(Group Chat) ထဲသို့ နူးညံ့ ညင်သာကာ အလေးအနက်ပြောသည့် စကားသံတစ်ခု ထွက်လာ၏။

 

“ ဘယ်လိုတွေ ပြောနေတာလဲ။ ငါတို့ဂရုချက်ထဲမှာ ကလေးတွေရှိသေးတာမလို့  စကားကို ဆင်ဆင်ခြင်ခြင်ပြောကြပါ”

 

အားလုံးရဲ့ စကားသံတွေကို သေချာလိုက် နားထောင်ရင်း လူငယ်လေးတစ်ယောက်ရဲ့အသံက ဆက်လက်ထွက်ပေါ်လာသည်။

 

“ဘာတွေဖြစ်နေတာလဲ? ၊ ဘာတွေလဲ?”

 

ဝင်ကစွပ်ကြီးသည် အနည်းငယ် ညည်းညူလိုက်ပြီးနောက် ဒေါသအပြည့်ဖြင့်လှမ်းပြောပြသည်။

 

“သေနာ ရေဘဝဲကြီး  အဲဒီ သံပုံးကြီးတွေကို ခေါက်နေပြန်ပြီလေ ခေါက် ၊ ခေါက် ၊ခေါက် အမြဲ ခေါက်နိုင်လွန်းတယ်”

 

“ဝင်ကစွပ်ကြီး!!!  “

 

“…….တောင်းပန်ပါတယ်”

 

လန်စီ အခန်းထဲမှ ဂရုချက်မှ စကားများကို နားထောင်ပြီးနောက် စိတ်ဝင်စားစရာကောင်းသည်ဟု ယူဆကာ အပြင်သို့ ကူးထွက်လာပြီး ဝင်ကစွပ်ဆီကြီးကို  မေးမြန်းလိုက်၏။

 

“ဘယ်လို ဖြစ်ရတာလဲ”

 

ဝင်ကစွပ်ကြီးသည် စကားပြောနေတဲ့ အုပ်စုဆီမှ ထလာသည်။ ဆူညံသံများကြောင့် ဝင်ကစွပ်ကြီးကို ကြည့်ရတာ ပင်ပန်းနွမ်းနယ်နေ၏။ သူ၏မျက်လုံးများမှ တစ်ဆင့် သူ စိတ်ဒုက္ခရောက်နေရကြောင်း တွေ့ရသည်။

 

“ ဘာဖြစ်ရမှာတုန်း ရေဘဝဲကောင် စိတ်ဖောက်ပြန်နေတာပေါ့”

 

အနောက်မှ သံကို တီးခေါက်နေသံကြီးကြောင့် ဝင်ကစွပ်ကြီး၏စကားသံကို ပြတ်တောင်း ပြတ်တောင်းဖြင့် နားထောင်နေရ‌လေသည်။ ဇာတ်လမ်းတစ်ပုဒ်ကို အတိုချုံး ပြောပြနေခြင်းဖြစ်လေ၏။

 

“ဆည်းဆာပင်လယ်အော်ကို ဦးဆုံးရောက်တဲ့ ပိုင်ရှင်တစ်ယောက် ရှိတယ်။ အဲပိုင်ရှင်က  ဒီ ဆူညံ ဆူညံတွေ လုပ်နေတဲ့ရေဘဝဲကြီးပဲ။”

 

ဝင်ကစွပ်ကြီးနှင့် အခြားသူများက နောက်မှ ရောက်လာကြသော အိမ်နီးနားချင်းများသာ။

ဝင်ကစွပ်ကြီးပြောစကားအရ ဤပင်လယ်အော်သည် အစက ဒီလိုမဟုတ်ခဲ့ကြောင်း သိရသည်။

 

ဤနေရာသည် မကြာခဏ သင်္ဘောများ ပျက်ကျနစ်မြုပ်လေ့ရှိပင်မဲ့ သင်္ဘောပျက်များ ဒီလောက် အများအပြားရှိခြင်း မဟုတ်ချေ။

 

အဓိက အကြောင်းအရင်းမှာ ရေဘဝဲကြီးကြောင့်ပင်ဖြစ်သည်။

 

ဝင်ကစွပ်ကြီး၏ စိတ်ထဲတွင် ရေဘဝဲကြီးအား စိတ်မမှန်သူလို့သာ မြင်၏။

 

ရေဘဝဲကြီး တွင် ဝါသနာတစ်ခုရှိ‌လေသည်။ ထို ဝါသနာမှာ သင်္ဘောပျက်များကို စုဆောင်းခြင်းသာ။

 

သင်္ဘောပျက်များသည် ဝင်ကစွပ်များ နားခိုစရာ ရသည့်အတွက် ရေဘဝဲကြီးကို ကျေးဇူးတင်သော်လည်း ရေဘဝဲကြီးက ဒီနေရာကိုလာ၍ နေ့တိုင်းမကြာခဏ ဆူညံသံများကို ပြုလုပ်နေခြင်းကို နားမလည်နိုင်ဖြစ်ရသည်။

 

“သူ ဘာလုပ်ချင်တာလဲဆိုတာကို ခင်ဗျားသိလား”

 

ဝင်ကစွပ် က မကျေမနပ်ညည်းညူလိုက်ကာ

 

“ဆက်ပြီး သည်းမခံနိုင်တော့ရင်  လောင်ဇီ သူ့ ကိုသတ်ပစ်မယ်”

 

“နားငြီးတယ်လို့ အဲဒီရေဘဝဲကို ဘာလို့ သွားမပြောကြည့်တာလဲ”

 

“ဟင့်အင်း မဖြစ်နိုင်ဘူး အဲဒီစိတ်မမှန်တဲ့သူကို သွားတွေ့ရမှာ ပျင်းစရာကောင်းတယ်”

 

စိတ်မရှည်စွာဖြင့် ဝင်ကစွပ်က ချက်ချင်းပြန်ဖြေသည်။

 

လန်စီ : “•••”

 

လန်စီ ဝင်ကစွပ်ကို နားချလို့မရတော့သည်ကို သိသည့်အတွက် ထိုဆူညံသံကို အာရုံစိုက် နားထောင်ကြည့်လိုက်သည်။ ထို့နောက် ဆူညံသံအတိုင်း စည်းချက်ကျကျ ခေါင်းပင်လိုက် ညိတ်နေခဲ့သည်။

 

“ အိုး မင်းလည်း စိတ်မမှန်တော့ဘူးလား? ထားလိုက်တော့  စိတ်ရှုပ်မခံချင်ဘူး”

 

ဝင်ကစွပ်ကြီးသည် ဒါကိုသည်းမခံနိုင်ကြောင်း ပြောကာ စိတ်တိုတိုဖြင့် သူ၏လက်မညှပ်ကြီးများကို လှုပ်ရမ်းကာ ပြင်ပဆူညံသံကို မကြားရအောင် သင်္ဘောနံရံဖြင့် ကာလို့ ရလိုငြားရငြား သင်္ဘောပျက်ထဲသို့ သူ့ကိုယ်ကို နစ်မြုပ်တိုးလျှိုဝင်သွား၏။

 

“ ငါဘာလို့ ဒီအသံက ဗုံတီးနေတာနဲ့တူတယ်လို့ ခံစားမိတာလဲ”

 

ထိုအသံသည် တစ်ချက်-နှစ်ချက်-တစ်ချက် ရိုက်ကာ စည်းချက်ကျကျ တီးနေသည်ဟု လန်စီ သတိထားမိသွားသည်

အဆုံးသတ်တွင် ရိုက်ခတ်သံသည် တစ်ခုခုပြောင်းလဲသွားသကဲ့သို့ သိသိသာသာ စည်းချက်ကိုပြောင်းလိုက်ပြန်သည်။

 

“ထားပါတော့ ဒါက အရေးကြီးတာလည်း မဟုတ်ပါဘူးလေ”

 

လန်စီ က ခါးခါးသီးသီး ငြင်းလျက် ဒီထူးဆန်းနေသောအဖြစ်အပျက်ကို စိတ်ထဲမှထုတ်လိုက်သည်။ ဒါတွေထက် ယခုချိန်တွင် ပိုအရေးကြီးဆုံးအရာသည်  “ကွင်းမယ်ရီ” ဇိမ်ခံသင်္ဘောကို ရှာတွေ့ရန်ပင်။

 

သင်္ဘောပျက်ပုံကြားထဲ သင်္ဘောကို ရှာရခြင်းသည် တကယ့်ကို ကောက်ရိုးပုံထဲ အပ်ပျောက် ရှာသလို ဖြစ်နေရသည်။

 

လန်စီ ဝမ်းနည်းစွာ သက်ပြင်းချမိ၏။

 

ထို့နောက် သင်္ဘောသံတိုသံစပုံထဲ ခေါင်းစိုက်ကာ ဆက်လက် ရှာဖွေနေလိုက်သည်။

အချိန်အကြာကြီး ရှာပြီးနောက်တွင် လန်စီခေါင်းမူးမတတ် သင်္ဘောပျက်များပေါ်မှ လက်ရေးစာလေးများကို ဂရုတစိုက် လိုက်ကြည့်နေသည်။ သို့သော် သူရှာတွေ့ခဲ့သည်မှာ သံချေးကိုက်ခြင်းခံထားရသဖြင့် ပုံစံပင်မပေါ်တော့ လောက်အောင် မှေးမှိန်ပျက်စီးနေသော သင်္ဘောပျက်များသာ ဖြစ်သည်။ သို့သော် သူရအောင် ခွဲခြား ကြည့်ချင်သေးသော်လည်း စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်နေသည်။

 

အခု လန်စီ ဘာကို ရှာဖွေနေမိမှန်းတောင် မသိတော့ပါ။ လှုပ်ရှားမှုကင်းမဲ့နေသော သံအရှုပ်အထွေးပုံကြီးထဲတွင် သင်္ဘောတစ်စင်းအား ရှာဖွေနေခဲ့သလို သူ့ရဲ့လူဖြစ်ခဲ့တဲ့ အတိတ်ဘဝကို ပြန်ရှာနေခဲ့ခြင်းလည်း ဟုတ်သည်။

 

သူ ဆက်ရှာသင့်လား။

 

လန်စီ မှိန်းမောတွေဝေကာ ပင်လယ်ထဲတွင် အမြီးကို တွဲလောင်းချကာ ရေစီးအတိုင်း မျောနေလိုက်သည်။  သူ၏အမြီးကို လှုပ်ရမ်းကာ သူ့အောက်ခြေရှိသံ အရှုပ်အထွေးပုံကြီးကို တွေတွေကြီး ကြည့်နေမိသည်။

 

နားတွင်ကြားနေရသော ဆူညံသံကြီးလည်း ရပ်နေခဲ့ကာ ပင်လယ်ကြီးသည်လည်း အရင်အတိုင်း ပြန်လည်ငြိမ်သက်သွားခဲ့ပြီ။

 

စိတ်တိုနေသော ဝင်ကစွပ်တို့ အဖွဲ့လည်း အုပ်စုဖွဲ့စကား ပြောနေခြင်းမရှိတော့။

 

ပင်လယ်ကြီးရဲ့ ဒီအစိတ်အပိုင်းနေရာလေးတစ်ခုတွင် လန်စီ တစ်ယောက်တည်း ကျန်ရှိနေသလို ထင်ရသည်။

 

လန်စီ တည်ငြိမ်သွားခဲ့ပြီ။ သူ့ကိုယ်သူ ပြန်အားပေးကာ သူ ခုထိ မစူးစမ်းမရှာဖွေရသေးသော နောက်ဆုံးနေရာတွေဆီသို့ ကူးခတ်သွားလိုက်သည်။ အဆုံးတွင် သူလုံးဝ ရှာမတွေ့ခဲ့သည်ဆိုလျှင် သူဆက်မရှာတော့ရန် ဆုံးဖြတ်လိုက်ပြီး ပင်လယ်နက်ဆီသို့ ဝင်ဆာ ကိုရှာရန် ပြန်သွားတော့မည်။

 

စိတ်ပိုင်းဖြတ်ပြီးနောက် သင်္ဘောကို ဆက်ရှာရန် အားသိပ်မရှိလှပေ။ ထို့အတွက်ကြောင့် သူ နောက်ဆုံးနေရာဆီသို့ အေးအေးဆေးဆေး ကူးခတ်သွားလိုက်ကာ အကြမ်းဖျင်း လှည့်ပတ်ရှာကြည့်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှ ဇိမ်ခံသင်္ဘောပုံစံဖြင့် တူသော သင်္ဘောပျက်ကား မတွေ့။ သူလှည့်ပြန်ထွက်လိုက်သည့်အချိန်တွင် —

 

လန်စီ တုံ့ဆိုင်းသွားခဲ့ရသည်။

 

အင်မတန်ကြီးမားသော ပင်လယ်မွန်းစတားတစ်ကောင်ဖြင့် အကြည့်ချင်းဆုံမိလိုက်‌သောကြောင့်ပင်။

 

လန်စီ ထိုပင်လယ်မွန်းစတားကို ဘယ်လိုသတ်မှတ်ရမည်မှန်း မသိသည့်အတွက် ဧရာမမွန်စတား ဟူ၍သာ ခေါ်မိခြင်းဖြစ်သည်။

 

ယခင် သူတွေ့ဖူးခဲ့သော ပင်လယ်မွန်းစတားများမှာ ဂျယ်လီငါးများနှင့် ဝင်ကစွပ်ကြီးများသာဖြစ်သည်။ သူတို့သည်လည်း မြင်ဖူးနေကြ မူရင်းပုံစံအတိုင်း သို့မဟုတ် မူရင်းပုံစံနှင့်မကွဲထွက်သောမျိုးစိတ်များထက် ပိုကြီးသည့်ပုံစံများသာ ဖြစ်သည့်အတွက် ခွဲခြားသိသာနိုင်သည်။

 

ဘယ်လိုပဲဖြစ်ဖြစ် လန်စီ ထိုဧရာမမွန်းစတားကို အကြာကြီးကြည့်နေမိသည့်တိုင် ဘာအကောင်ဟူ၍ သတ်မှတ်မရ။ 

 

ဧရာမမွန်းစတားသည် ရေဘဝဲနှင့်လည်း တူသလို ကင်းမွန် နှင့်လည်း တူသည်။

 

ကင်းမွန်က လက် ၁၀ ချောင်း ရှိပြီး ရေဘဝဲက လက် ၈ ချောင်းရှိ၏။

 

သို့သော် သူ့ရှေ့မှ ဧရာမမွန်းစတားက လက် တံ ၁၈ ချောင်း တောင်ရှိနေသည့်အပြင် လက်တံတစ်ချောင်းက ကြီးမားသော သံချောင်းကြီးကို ကိုင်ထားသေးသည်။ ပဲစေ့ပသဏ္ဍာန်မျက်လုံး များကလည်း သူ့ကို ကြည့်နေသည်။

 

လန်စီ : “…”

 

သူ့ရှေ့မှဧရာမမွန်းစတားကို လှမ်းကြည့်လိုက် လက်တံဆီမှ သံချောင်းကြီး အား ပြန်ကြည့်လိုက်ဖြင့် တံတွေးမျိုချမိလိုက်သည်။

 

သူ့ကို အဲ့သံချောင်းကြီးနှင့် ရိုက်ချလိုက်နိုင်သည် မဟုတ်လား။

 

“အ အား အား အား အား —“

 

ဧရာမမွန်းစတား၏ လက်တံများ စတင်လှုပ်ရှားလာကာ သံချောင်းကြီးကိုလည်း လှုပ်ရမ်းကာ ကလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ့ အရောင်တွေက တောက်လျောက်ပြောင်းလဲနေပြီး နီယွန်အလင်းကဲ့သို့ အနီ ၊ အပြာ ၊ အစိမ်း ၊ အဖြူ စသဖြင့် လင်းနေသည်။

 

“သေစမ်း၊ ဒီမှာ လူတွေ ရှိနေတယ် !!”

 

လန်စီလည်း အရမ်းလန့်ဖြန့်သွားပြီး ထအော်လိုက်မိသည်။

 

“အားးးးးးးးး”

 

ဧရာမမွန်းစတားက တခြားဘာမှမလုပ်ဘဲ ကိုင်ထားသောသံချောင်းကြီးဖြင့် လန်စီ့ကို လှမ်းတို့ကြည့်လာသည်။

 

လန်စီ သေးထွက်ကျမတတ်ကြောက်လွန်းသည့်အတွက် အမြီးဖြင့် ပုတ်ချကာ ထွက်ပြေးခဲ့သည်။

 

“လူသားတွေ ပါလား ၊ဒီနေရာမှာ ဘာလို့လူသားက ရှိနေတာလဲ”

ဧရာမမွန်းစတားရဲ့ အသံက စူးရှပြတ်သားစွာ ထွက်ပေါ်လာသည်။ တစ်ဖက်တွင် ရင်းနှီးသလို ခံစားရပြီး ကျန်တစ်ဖက်တွင်လည်း ဘာကိုမှ ဂရုမစိုက်နိုင်လောက်အောင် ကြောက်နေရသည်။

 

“ဘွန်း”

 

စတီးတိုင်များရှိသည့် သင်္ဘောပျက်၏သံကိုယ်ထည်နှင့်  တိုက်မိသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

 

လန်စီ ဘာမှမလုပ်လိုသည့်အတွက် ပုန်းသာပုန်းနေလိုက်သည်။ ရေဘဝဲ လိုလို ကင်းမွန်လိုလို အကောင်ကြီးမှ သူ့ကို လှမ်းဆွဲနေသည့်အတွက် ဘယ်သွားလို့ ဘယ်ပြေးရမယ်မှန်းမသိဘဲ ကြောက်လန့်ကာ စတီးတိုင်များ ဖြင့်ပိတ်နေသော လှေအခန်းငယ်ထဲသို့ တိုးဝင်မိသွားခြင်း ဖြစ်သည်။

 

“ထွက်လာခဲ့စမ်း!”

 

ဧရာမမွန်းစတားသည် သေချာပေါက် စိတ်မမှန်နေတာ ဖြစ်လောက်မည်။ ရေသူထီး နှင့် လူပင် မခွဲခြားနိုင်တဲ့သူ‌ပေ။ လန်စီကို စိတ်တိုကာ လှေအခန်းငယ်ကို သံချောင်းဖြင့် ရိုက်ခွဲဖျက်စီးနေသည်။ လန်စီကိုပါ လှေနဲ့အတူ တစ်ခါတည်း ဖျက်စီးသတ်ပစ်လိုခြင်း ဖြစ်လောက်သည်။

 

လန်စီ သံချောင်းထိုးဝင်လာသည်ကို ကြိမ်ဖန်များစွာ ရှောင်တိမ်းနေရသည်။ ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်ကာ ကြောက်စိတ်ဖြင့် တုန်နေ၏။

 

“ယီ —“

 

အရမ်းကြောက်လန့်နေကာ ဝင်ဆာ့ နာမည်ကို ပထမဆုံး အကြိမ်အဖြစ် မြည်တမ်းမိသည်။

 

“ကျစ် ! ထွက်လာခဲ့စမ်း”

ဧရာမမွန်းစတားကြီးသည် သံချောင်းဖြင့် ဆက်တိုက်ထိုးနေရင်း သံချောင်းက ကွေးသွားသဖြင့် စိတ်တိုတိုဖြင့် သံချောင်းကိုပစ်ချလိုက်ပြီး လှေအခန်းထဲသို့ သူ့လက်တံကြီးများ ဝင်ရောက်လာ၏။

 

“ငါ့ဆီ ထွက်လာလိုက်စမ်းပါ”

 

လှေအခန်းထဲမှ လန်စီ့ကို ဖမ်းမိရန်အတွက် လက်တံအချို့က လှုပ်ရမ်းကာ လိုက်စမ်းနေသည်။

 

လန်စီ ကြမ်းပြင်ပေါ်တွင် တွားသွားနေသော လက်တံကြီးတွေကို စိုက်ကြည့်ရင်း နောက်သို့ဆုတ်လိုက်သည်။

 

လက်တံကြီးများက အတော်လေး ကြောင်တောင်တောင် နိုင်သည် ဟု သူသတိထားမိသွားသည်။

 

လက်တံကြီးများက အကုန်လုံးပုံစံတူပင်မဲ့ သန္တာအရိုးများကြားမှ လက်တံကြီးများက အကြီးအသေးဆိုပြီးရှိသည်။ လက်တံထိပ်များတွင်လည်း မြင်နိုင်သည့် မျက်လုံးတွေ ပါပြီး ဒီဝင်လာတဲ့ လက်တံကြီးများတွင်မူ မျက်လုံးမပါပေ။

 

ဒါကိုတွေးမိပြီး လန်စီ တုန်လှုပ်နေသည့် ကြောက်စိတ်ကို ရပ်လိုက်သည်။

 

ရေသူတွေရဲ့စွမ်းရည်ဖြစ်သည့် အမြင်အာရုံထက်မြတ်ခြင်းကြောင့် လက်တံကြီးများ၏ လာရာလမ်းကြောင်းကို သေချာ ရှင်းရှင်း လင်းလင်း မြင်နေလေသည်။

 

ခဏလောက်စဉ်းစားပြီးချိန်တွင် လန်စီ အသက်ဝဝရှူ၍ တိတ်တိတ်လေးထလာကာ ထိုလက်တံကြီးများကို အနီးကပ် သွားကြည့်လိုက်၏။

 

လက်တံများသည် ဘာမှမခံစားရသည့်အတွက် အတွင်းထဲသို့ တိုးကာတိုးကာ တွားသွားရွေ့လာပြန်သည်။

 

လက်တံများသည် လန်စီ့ဆီမှ မီတာ အနည်းငယ် ကွာဝေးသွားသည့်အခါ လန်စီ  က ထိုနေရာသို့ပြေးသွားကာ လက်တံအသေးတစ်ခုကို လှမ်းဆွဲလိုက်သည်။ထို့နောက် လှေအခန်းထဲမှ တိုင်များတွင် အကြိမ်အနည်းငယ် လှည့်ပတ်လိုက်ကာ  လက်တံကို အထုံးတစ်ခုဖြစ်သွားအောင် အောင်မြင်စွာ ချည်လိုက်နိုင်၏။

 

လက်တံများကို ဆွဲချည်နှောင်ပြီးနောက် မွန်းစတားကြီးက ပြန်ဆွဲမဖြေခင် ဘေးနားရှိ ကွဲနေသော ပြတင်းပေါက်လေးမှ တစ်ဆင့်အပြင်သို့ ပြေးထွက်လိုက်သည်။

 

ထွက်ပြေးပြီးနောက် လန်စီထင်ထားသလိုပဲ ဖြစ်လာခဲ့သည်။

 

လန်စီ ပြေးထွက်လာသည်ကို ဧရာမမွန်းစတားကြီး မြင်သွားသော အခါ ခဏရပ်သွားပြီး ပိုဒေါသထွက်သွားကာ လှေအခန်းထဲမှ လက်တံများကို ဆွဲထုတ်တော့သည်။

 

သို့သော် သူ မမျှော်မှန်းထားသည်မှာ သူ့လက်တံများက ချည်နှောင်ခံထားရခြင်းကိုပင်။ သူ ကြိမ်ဖန်များစွာ ဆောင့်ဆွဲကြည့်လိုက်၏။ ထို့နောက် လက်တံများကို ဆွဲထုတ်ရမည့် အစား သင်္ဘောဆီသို့သာ ဆွဲမိသွားသည်။

 

ဧရာမမွန်းစတားမှာ တကယ်နှေးကွေးလေးကန်လွန်း၏။

 

သူ့ခန္ဓာကိုယ် အရောင်ကား မပြောင်းလဲသေးပေ။

 

နီယွန်မီးရောင်တွေတော့ ပျောက်ကွယ်သွားကြပြီ။

 

လန်စီ သတိမထားမိသောကိစ္စတစ်ခုက—

 

ပြတင်းပေါက်ဘောင်တွင် မှန်ကွဲစ တစ်ခုရှိနေ၏။ပြီးတော့ သူ့အမြီးဖြင့် ပွတ်တိုက်မိသောကြောင့် မှန်ကွဲစနှင့် ခြစ်မိသွားရာ သူ့ငါးအမြီး၏ဒဏ်ရာမှ နီရဲနေသော သွေးများ စိမ့်ထွက်နေပြီး ပင်လယ်ရေထဲတွင် ပျောက်ကွယ်သွားသည်။

 

လန်စီ နာကျင်မှုကိုခံစားမိလိုက်သည်။ ထို့အတွက် သူ့လက်ကို ဆန့်ထုတ်ကာ ဒဏ်ရာကို လက်ဖြင့် အုပ်ထားလိုက်ရသည်။

 

နီရဲနေသောသွေးများ ဖြာထွက်လာ၍ လွှားကျနေသော ဇာပုံစံ အဖြူရောင် အမြီးရေယက် တွင် စွန်းထင်းနေဟန်က တကယ့်ကိုမျက်စိကို ဖမ်းစားစရာကောင်းလောက်အောင် လှသည်။

 

“ကံမကောင်းလိုက်တာ”

 

လန်စီ ငြီးတွားလိုက်၏။ ထို့နောက် အဝေးမှ ဧရာမမွန်းစတားကိုပြန်လှည့်ကြည့်လိုက်၏။

 

သူ ပြန်စဉ်းစားကြည့်ပြီးသည့်နောက်တွင် ဘယ်သူမှန်းတန်းသိလိုက်သည်။

 

‘ဒါက အရင်က ဂျယ်လီငါး ပြောပြောနေတဲ့  “လူသားစားကင်းမွန်ကြီး”  မလား’

 

သူ၏ လူသားများအပေါ်မှာထားသော အမုန်းအာဃာတ နှင့် ရက်စက်ကြမ်းကြုတ်မှု ကြောင့် ဂျယ်လီငါး‌ပြောသည့် လူသားစားကင်းမွန်ကြီး ဖြစ်နိုင်သည်ဟု ပို၍ ပို၍ သေချာလာခဲ့သည်။

 

သို့သော် သူ့ရှေ့တွင်ရှိနေသော ပင်လယ်မွန်းစတားသည် သေချာပေါက် ကင်းမွန်တော့ မဟုတ်နိုင်ပေ။

 

ပြီးတော့ ဝင်ကစွပ်ကြီးက သူ့ကို “ရေဘဝဲကြီး” ဟူ၍ ခေါ်ကြသည်။

 

သူ့ရှေ့မှထူးဆန်းသော ပင်လယ်မွန်းစတားသည် ရေဘဝဲရော ကင်းမွန်ရော ၏ ပုံသဏ္ဍာန်လက္ခဏာများ ပါရှိနေပြန်သည်။

 

လန်စီ သူ့ကို “ဝူကျန်းကွေ” လို့ခေါ်ရန် ဆုံးဖြတ်လိုက်၏။

 

ဧရာမမွန်းစတားသည် သေချာပေါက် ရေဘဝဲနှင့်ကင်းမွန် နှစ်ခု ပေါင်းစပ်ထားခြင်း ဖြစ်သည်။

 

သူ့ခန္ဓာကိုယ်ပေါ်တွင် အခွံလည်းရှိသည်။ သို့သော် ဦးနှောက်ဉာဏ်ရှိသဖြင့် ကင်းမွန်ထက်လည်း ထက်မြတ်သည့်အတွက် ရေဘဝဲနှင့်လည်းဆင်နေသည်။

 

အကြိမ်များစွာ ရုန်းကန်ပြီးနောက်တွင် ဝူကျန်းကွေ သည် အော်ဟစ်ကာ လှေအခန်းထဲမှ သူ့လက်တံကြီးများကို ဖြတ်ဆွဲလိုက်ကာ လန်စီ့ကို တွေဝေခြင်းမရှိဘဲ တဟုန်ထိုး တိုက်ခိုက်တော့သည်။

 

လန်စီ ဖြူဖျော့သွားကာ ချက်ချင်းအဝေးသို့ ထွက်ပြေးရတော့သည်။

 

“ မင်းကို ဖမ်းစားပစ်တော့မှာ! !”

 

သူ့နောက်က ဝူကျန်းကွေ သည် ထူးဆန်းစွာ ထရယ်ပြီး လက်တံ ၁၆ ချောင်းလုံးကို အပေါ်သို့ မြှောက်တင်လိုက်သည်။

 

“အိုးလေ၊အိုးလေ၊အိုးလေ ~~”

 

ဝူကျန်းကွေ ကို သူ ဘယ်နားတွင် ထိန်းချုပ်ထားလို့ ရနိုင်မည်နည်း။ သူ ခပ်မြန်မြန် ကူးခတ်ရင်း ဒီနေရာကြီးက သင်္ဘောပျက်များ ရှိနေသောနေရာဆိုတာကိုပင် မေ့နေခဲ့မိသည်။

 

မြောက်များစွာသော သင်္ဘောပျက်ကြီးများ အပေါ်တွင် များစွာသော သံပစ္စည်းများ ထိုးထွက်နေရာ သူ့ရှေ့တွင် ရှိနေသော ရွက်တိုင်ကို သတိမထားမိဘဲ အနားရောက်မှ အမြန်ကွေ့ချလိုက်သည်။ သို့သော် အရှိန်မထိန်းလိုက်နိုင်ပေ။ သူနှင့် နီးကပ်လာနေသော ရွက်တိုင်ကို ကြည့်ရင်း မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။

 

စက္ကန့်ပိုင်းအတွင်း အပေါ်မှ လက်တံကြီး တစ်ခု ရုတ်တရက် ပြုတ်ကျလာကာ လန်စီ့ကို ရစ်ပတ်လိုက်၍ ထို အူကြောင်ကြောင်ငါးကလေး တိုင်ကို တိုက်မိခါနီး အခြေအနေမှ ကာကွယ်လိုက်သည်။

 

လန်စီသည် ရွက်တိုင်ကိုလည်း တိုက်မိခြင်းလည်းမဟုတ်၊ သူ့နောက်လိုက်နေသောက ဝူကျန်းကွေ ဆီမှ ဖမ်းဆီးခံလိုက်ရခြင်းလည်း မဟုတ်ပေ။ ကြီးမားသော လက်တံများကို ဝင်တိုက်မိလိုက်ခြင်းဖြစ်သည်။

 

အရှိန်က မသေးသည့်အတွက် ထိုလက်တံများလည်း ချိုင့်ဝင်သွားကာ အနည်းငယ်ပင် လွင့်သွားရသည်။

 

အံ့သြမှုများဖြင့် လန်စီ တောင့်တင်းသွားကာ သူ့ကို ရစ်ပတ်ထားသော သူ့ရှေ့ရှိ လက်တံတစ်စုံကို ထိကိုင်ကြည့်လိုက်လေသည်။

 

အနက်ရောင် ၊ ပြီးတော့ ရင်းနှီးနေတဲ့ ကြမ်းတမ်းမှု တစ်ခု ။

 

‘ ဘာလို့  သန္တာအရိုးထဲမှာတုန်းက အစာကျွေးခဲ့တဲ့ တစ်ယောက်နဲ့ အရမ်းတူနေရတာလဲ’

 

ဒါကို စဉ်းစားလိုက်မိတော့ လန်စီ့က သူ့လက်တွေ အမြီးတွေကို ထိုလက်တံများထံမှ ရုတ်သိမ်းသွားခဲ့သည်။ ငါးကလေး၏ လှုပ်ရှားမှု တစ်ခုလုံးသည် သူ ထို အရာကို မနှစ်မြို့ကြောင်း ပြသနေသည်။

 

အနက်ရောင် လက်ကောက်ဝတ်များ က တောင့်ခဲသွားပြီး သူ့လက်တံလေးကို မကာ ဖြည်းဖြည်းချင်း တိုးလာရင်း လန်စီ့ကို ထိရန်ကြိုးစား၏။

 

ဝူကျန်းကွေ အနောက်မှ လိုက်ဖမ်းခံရလို့ ကြောက်လန့်နေသေးသော လန်စီသည် လက်တံများ အနားကပ်လာရန် ကြိုးစားသောအခါ သူ့ဘေးမှ စွန့်ပစ်သင်္ဘော၏နားနေခန်းဆီသို့ တဟုန်ထိုး ပြေးဝင်သွား ပုန်းနေတော့သည်။

 

သူ “ဘန်း” ခနဲ တံခါးကို ဆွဲပိတ်လိုက်သည်။

 

အနက်ရောင် လက်တံများ ခဏတာ နှေးကွေးလေးလံသွားပြီးနောက် ယုကျန်းကွေ ကို နှိပ်ကွပ်ရန် ရင်ဆိုင်လိုက်သည်။

 

ယုကျန်းကွေ : “…”

 

ယုကျန်းကွေ က အနက် ရောင်လက်တံကြီးများကို ကြည့်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရင်း သူ့လက်တံများကို သူ့ခန္တာကိုယ်အောက်တွင် တိတ်တခိုး ဖွက်ထားလိုက်၏။

 

အနက်ရောင်လက်တံများက ဝူကျန်းကွေ ရုန်းကန်နေသည်ကို ဂရုမစိုက်ပဲ အဝေးသို့ ဆွဲခေါ်သွားသည်။

 

ယုကျန်းကွေ : “ ခဏနေပါဦး ဘာလို့ဖမ်းတာလဲ အ အ အားအားးး~”

 

လန်စီ အပြင်မှ တစ်စုံတစ်ရာကို  ဆွဲခေါ်သွားခံရသကဲ့သို့ ရေများတဟုန်ထိုးလှုပ်ရှားနေသံကို နားစွင့်နေခဲ့သည်။

 

ပြင်ပတွင် အရာအားလုံးတိတ်ဆိတ်သွားပြီဆိုမှ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် အခန်းနံရံကို မှီ၍ ထိုင်ချလိုက်ရသည်။

 

ကြမ်းပြင်ပေါ်တွင် ထိုင်နေရင်း သူ့ ငါးအမြီးမှ ဒဏ်ရာကို ကိုင်ကြည့်ကာ ‘တကယ့် ကပ်ဆိုး ကြီးပဲ’ ဟု တွေးနေမိသည်။

 

“ ဘွန်း ဘွန်း ဘွန်း “

 

အခန်းတံခါးဆီမှ ရုတ်တရက် အသံမြည်လာသည်။

 

လန်စီ သတိပြန်ကပ်လိုက်ပြီး သူ့အမြီးကို ဆတ်ခနဲမတ်ကာ သွားများကိုစိကာ အခန်းတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် အဲ့ဒီမွန်းစတား အခန်းထဲဝင်လာခဲ့လျှင် အသံလှိုင်းများအသုံးပြုကာ သတ်ပစ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။

 

ထွက်မပြေးဘဲနဲ့ပေါ့။

 

“လန်စီ?”

 

တံခါးအပြင်ဘက်မှ ရင်းနှီးနေသော အသံတစ်သံကြားလိုက်ရသည်။

 

“ငါပါ ဝင်ဆာ”

 

လန်စီ ခဏလောက်တောင့်သွားပြီး သူ့စိတ်ထဲတွင် အပျော်လုံးများ ဆို့တက်လာလေသည်။ အမြန် ရေကူးခတ်သွားကာ တံခါးကို ဖွင့်ချလိုက်ပြီးနောက် အနက်ရောင် အမြီးဖြင့် ရေသူထီးတစ်ကောင် ကို သူတွေ့လိုက်ရသည်။

 

အနက်ရောင်အမြီး နှင့် ရေသူထီးသည် သူမှတ်မိနေတုန်းက အတိုင်းပင်ဖြစ်သည်။ ပင်လယ်ထဲတွင် မျောလွင့်နေလျက် လန်စီ့ကို သူ့မျက်လုံးနက်များဖြင့် အားကိုးရာမဲ့နေသလို နူးညံ့သော မျက်နှာထားဖြင့် ကြည့်နေ၏။

 

လန်စီ စကားဆက်ပြောခွင့်မပေးဘဲ ရှေ့တိုးသွားကာ ဝင်ဆာ့ကို ဖက်ပြီး လက်ဦးမှု ရယူလိုက်သည်။

 

“ငါ မင်းကို အရမ်းလွမ်းနေခဲ့တာ”

 

ဝင်ဆာ တွင် မေးရန် မေးခွန်းတွေ ရှိသော်လည်း သူ့ငါးလေး ပြေးဖက်လာသည့်အတွက် မျက်လုံးများသာ မှိတ်ချလိုက်မိသွားပြီး ဘာမှမပြောလိုက်နိုင်တော့ချေ။

 

“မင်းကို တကယ်လွမ်းနေတာ”

 

လန်စီ ဝင်ဆာ့ကိုပို ၍ တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။

 

“မင်းကို အရမ်းလွမ်းနေတာ”

 

လန်စီ ထပ်ခါထပ်ခါပြောနေပြီး နောက်ဆုံးအခေါက်တွင် စိတ်လှုပ်ရှားစွာဖြင့် ပြွတ်ခနဲ ဝင်ဆာ့ကို လှမ်းနမ်းလိုက်၏။

 

ဝင်ဆာ ငေးကြောင်သွားကာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

 

“ ဟင် ၊ ဝင်ဆာ ၊ မင်း ရှက်နေတာလား။”

 

“…မဟုတ်တာ”