👊Chapter (20)
ငါမင်းကို ကာကွယ်ပေးချင်တယ်
ရိဂ်စကားလုံးညွန်ပြရာကို ကျန့်ချောင်ကြည့်လိုက်၏။
သူ့မျက်လုံးအရှေ့တွင် လုံးထွေးနေသည့်လူများက အခင်းခင်းထားသည့်ဆိုဖာများ၊ ကော်ဇောနှင့် စားပွဲများပေါ်တွင် လွန့်ထူးနေကြသည်။
မှိုစွဲနေသည့်ချိစ်အပိုင်းအစလေးကို မြင်ဖူးကြပါသလား...။ သူ့အရှေ့တွင် ရှိနေသည့်မြင်ကွင်းက ထူးခြားမှုမရှိချေ။ အထိန်းအကွပ်မရှိသည့်အခွင့်ထူးခံများက အကျင့်ပျက်ခြစားမှုများကို ထုတ်လုပ်ပြီး ထိုအကျင့်ပျက်ခြစားမှုများက ဘက်တီးရီးယား၊ အင်းစက်များ၊ မှိုများနှင့် အခြားရွံရှာဖွယ်ကောင်းသည့်အရာများ မွေးဖွားရာနေရာတစ်ခုဖြစ်လာသည်။
မိန်းမောနေသည့်အလား ကျန့်ချောင်က နွံ၏မနှစ်မြို့ဖွယ်ကောင်းသော အနံ့နှင့် ၎င်းမှထွက်ပေါ်လာသည့် မှိုတက်နေသော အလောင်းများ၏အနံ့ဆိုးများကို ခံစားမိသည့်ပုံပင်။
သူက သေးသွယ်သည့်လက်ညှိုးလေးကိုဆန့်၍ နှာခေါင်းထိပ်လေးကို ညင်သာစွာ ထိလိုက်သည်။
ယခုလေးတင် သောက်ထားသည့် ဝိုင်နီခွက်လေးက ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းကာ သူ့သွေးများကို လွှမ်းမိုးသွားသည်။ အနီရောင်အစက်အပြောက်နှစ်ခုက သူ့ပါးပေါ်တွင် တဖြည်းဖြည်းနှင့်ပေါ်လာ၏။ အမြဲတစေ ဖြူဖျော့နေခဲ့သော်လည်း ယခုတွင် တောင်နံဘေးတွင် ရှားပါးပြီးလှပသည့်အသံဖြင့် ပွင့်လန်းနေသည့် နှင်းဆီပန်းနှင့်တူနေ၏။
ထို့အပြင် အနည်းငယ်တွန့်ကျိုးနေသည့်မျက်ခုံးများနှင့် တင်းတင်းစေ့ထားသည့်နှုတ်ခမ်းများက သူ၏ထိခိုက်လွယ်သည့် အငွေ့အသက်ကို ပိုတိုးသွားစေသည်။
ရိဂ်က သူ့ကိုသတိမမူဘဲကြည့်လိုက်ရာ သူ့မျက်လုံးထဲမှ အလင်းရောင်များမှ တောင့်ခဲသွားသည်။
ခဏကြာပြီးနောက် ရိဂ်က ခက်ခက်ခဲခဲဖြင့် အကြည့်လွှဲလိုက်ရပြီး တစ်ချိန်တည်းတွင် ကျန့်ချောင်လက်ဘေးမှ ဝိုင်ခွက်ကိုဖယ်လိုက်သည်။
“ရေနွေးတစ်ခွက်” သူကလက်ဖျောက်တီး၍ ထောင့်တွင်ရပ်နေသည့်အစေခံကိုခေါ်လိုက်သည်။
အစေခံလေးက ချက်ချင်းယူလာပေး၏။
ကျန့်ချောင်သည် ရိဂ်က ဤခွက်အားသူ့အတွက်တောင်းလိုက်သည်ကို နားလည်သွားပြီး သူ့ကိုကြည့်ချိန်တွင် ကျေးဇူးမတင်ဘဲမနေနိုင်တော့ချေ။
ထိုကျေးဇူးတရားများက သူ၏မျက်လုံးနက်များကို အရည်ကြည်များဖြင့် တောက်ပလာစေသည်။
ရိဂ်ကသူ့ကိုလျင်မြန်စွာကြည့်၍ အသံနက်နက်ဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ဖို့မလိုဘူး...မသောက်နိုင်ရင် မင်းရဲ့ဝေးလံတဲ့ ဒီဆိုလတ်ကိုပြန်တာပိုကောင်းတယ်...ငါ ဂရန်းဒဲမှာ နေ့တိုင်း မင်းကိုစောင့်ကြည့်ပြီး မနေနိုင်ဘူး...နောက်တစ်ကြိမ် ငါနောက်ကျသွားတဲ့အခါကျ မင်းဘယ်လိုလုပ်မလဲ”
၎င်းက မည်သို့ဖြေရှင်းရမည်ကို ကျန့်ချောင်မသိသေးသောကြောင့် တိတ်ဆိတ်သွားသည်။
သူလုပ်စရာအများကြီးကျန်သေးသောကြောင့် ဒီဆိုလတ်သို့ပြန်ရန်ကတိမပေးလိုက်ချေ။
တစ်ဖက်လူကပြန်မသွားရန် ပြတ်သားနေကြောင်း ရိဂ်လည်း ခံစားမိလိုက်သည်။ သူက လောက်များကဲ့သို့ တွန့်လူးနေသည့်လူအပုံလိုက်ကိုညွှန်ပြ၍ ပြောလိုက်သည်။
“မြင်လား...ပန်းတွေနဲ့မြက်ခင်းစိမ်းတွေပေါ် မိုးပေါက်တွေကျနေတဲ့ လတ်ဆတ်တဲ့ရနံ့တွေအစား ဒီမှာက အရက်၊ချွေးနဲ့ ဘိန်းနံ့တွေပဲရှိတယ်...ဒီနေရာက မင်းအတွက်မဟုတ်ဘူး”
အရှင်မြို့စားက သန့်ရှင်းစင်ကြယ်ကာ သူ့ကိုအညစ်အကြေးများဖြင့် ဖုံးလွှမ်းနေမည်ကို သူမကြည့်နိုင်ချေ။
ကျန့်ချောင်က ရေခွက်လေးကိုကိုင်၍ နည်းနည်းသောက်လိုက်သည်။ နူးညံ့သောအသံလေးဖြင့် သူတုံ့ပြန်လာ၏။ “ဒါပေမယ့် အရှင်ကဒီမှာရှိတယ်လေ..အရှင့်ဘေးမှာဆို အနံ့တွေအားလုံး အကွယ်ခံလိုက်ရတယ်...ကျွန်တော် ရနေတဲ့ အနံ့က ငန်းမွှေးနှင်းလေးတွေ ထင်းရှူးပင်းနဲ့သစ်မွှေးပင်တွေကို ကျနေသလိုမျိုး အေးမြပြီးလန်းဆန်းတဲ့ အနံ့လေးပဲ”
သူကမနေနိုင်ဘဲ အမှန်ကိုပြောနေခြင်းအား သက်သေပြရန် နှာခေါင်းလေးကို ရှုံ့ပြလိုက်၏။
ရိဂ်၏ခန္ဓာကိုယ်တွင် အေးမြသည့်သံလက်နက်များ၊ ထိုလက်နက်များကို ထိန်းသိမ်းရန်သုံးသည့် ဆီများနှင့် နှစ်ပေါင်းများစွာ ထိတွေ့မှုများရာမှ ဖြစ်ပေါ်လာသည့် ထူးခြားပြီးထုံလွှမ်းသောရနံ့ရှိသည်။
အေးမြသည့်သတ္တုက သံချေးများကြောင့် သွေးနံ့ကိုပေးစွမ်းနေ၏။ သံချေးကို ပယ်ဖျက်ရန် သဲ၊ ကျောက်စရစ်များနှင့် ပွတ်တိုက်ပေးရန်လိုအပ်ပြီး ပွတ်တိုက်ခြင်းမှထွက်ပေါ်လာသည့် အပူပြင်းပြင်းက သွေးနံ့ကို လောင်ကျွမ်းစေသည်။ ထို့နောက်တွင်တော့ လက်နက်ထိန်းသိမ်းသူက အေး၍တောက်ပနေသည့်ဓားသွားကို တန်းဆီဖြင့် သုတ်လိမ်းပေးသည်။ (T/N တန်းဆီက အရောင်တင်ဆီလိုအသုံးပြုပါတယ်...လက်နက်၊ သစ်သားတွေကို အရောင်တင်ပေးပြီး အောက်ကသတ္တုသား၊ သစ်သားတွေကို ကာကွယ်ပေးပါတယ်)
တန်းဆီ၏မွှေးကြိုင်သည့်ရနံ့နှင့် မီးအပူပေးထားသည့်သံအနံ့တို့က ဓာတုဓာတ်ပြုခြင်းများဖြစ်ကာ နောက်ဆုံးတွင် ချိုမြိန်သလိုနှင့်မချိုမြိန်၊ အေးစက်သလိုနှင့်မအေးစက်သည့် ဓားအနံ့ကို ဖြစ်ပေါ်လာစေသည်။
၎င်းက ဓား၏အနံ့မှာ လုံးဝမကောင်းသည်မျိုးမဟုတ်ကြောင်း ကျန့်ချောင်သတိထားမိသည့် ပထမဆုံးအကြိမ်ဖြစ်၏။
သူက ရိဂ်၏မျက်လုံးပြာများကိုကြည့်၍ လေးနက်စွာပြောလိုက်သည်။
“ကျွန်တော် အရှင့်ရဲ့အနံ့ကိုကြိုက်တယ်...အရှင့်ဘေးမှာထိုင်ရတာ နေလို့ကောင်းတယ်”
ရိဂ်တွင် ဖော်ပြမရနိုင်သည့်တောက်လောင်နေသောခံစားချက်များ ဖြစ်ပေါ်လာရသည်။ သူစကားပြောချင်သော်လည်း လည်ချောင်းသည် ပူလောင်နေသည့်လေဖြင့် ပိတ်ဆို့ခံထားရသည့်အလား သူ့ပါးစပ်ကို ခြောက်သွေ့စေကာ ခေါင်းမူးလာစေသည်။
သူက ခွက်ကိုမြှောက်၍ အနီရင့်ရောင်အရက်ကို တစ်ကျိုက်တည်းနှင့်သောက်ချလိုက်ရသည်။ စပ်ဖျင်းဖျင်းဝိုင်က အပူကိုမငြှိမ်းသိတ်ဘဲ သူ့နှလုံးသားထဲမှမီးကို ပို၍တောက်လောင်စေလိုက်၏။ လက်သီးကို တင်းတင်းဆုပ်လိုက်ရာ လက်ဖဝါးမှထွက်လာသည့် စေးကပ်ကပ်ချွေးအလွှာလေးကို ခံစားလိုက်ရသည်။
သူ၏အင်အားအကြီးဆုံးရန်သူအားမတိုက်ခိုက်ခင် ညကတောင် ဤမျှလောက်စိုးရိမ်တကြီးမဖြစ်ခဲ့ချေ။ မဟုတ်...ပို၍ တိတိကျကျပြောရလျှင် ၎င်းက စိတ်လှုပ်ရှားခြင်းဖြစ်၏။ သူ့နှလုံးသားထဲမှမီးတောက်က ခန္ဓာကိုယ်ကိုဖြတ်၍ သွေးကြောများတစ်လျှောက် တောက်လောင်နေလေသည်။
သူက နောက်ထပ်ဝိုင်နှစ်ခွက်အား တစ်ခွက်ပြီးတစ်ခွက်ဆက်သောက်လိုက်၏။ ထိုအခါမှသာ ယောက်ယက်ခတ်နေသည့် စိတ်အခြေအနေများကို ဖိနှိပ်နိုင်သွားပြီး တိုးညှင်းစွာပြောလိုက်သည်။
“သဘောကျပေးလို့ကျေးဇူးတင်တယ်...ဒါပေမယ့် မင်းကိုထွက်သွားဖို့ ဆက်အကြံပေးရမှာပဲ...အဲ့မှာမြင်လား...ဒီက လူတစ်ယောက်ချင်းစီတိုင်းက စက်ဆုပ်ဖို့ကောင်းတယ်...သူတို့က ဘဝမှာ မွေးလာတဲ့အချိန်နဲ့လက်ထပ်တဲ့အချိန်၊ စုစုပေါင်းနှစ်ကြိမ်ပဲရေချိုးကြတာ...
သူတို့က တင့်တယ်တဲ့အဝတ်အစားတွေဝတ်ထားပေမယ့် ညရောက်လို့ အဲ့ဒီတင့်တယ်တဲ့အခွံတွေကို ချွတ်ချလိုက်တဲ့အချိန် သူ့တို့ကိုယ်တွေက မည်းနက်နေပြီးနံစော်နေတာကို သိရလိမ့်မယ်...ဒါက မင်းဝင်ဆံ့ဖို့ စိတ်အားထက်သန်နေတဲ့ မကောင်းဆိုးဝါးအုပ်စုပဲ...သူတို့ ရေမွှေးနံ့ပြင်းပြင်းတွေစွတ်တာ အပိုပြင်ဆင်တာမျိုးမဟုတ်ဘဲ သူတို့ပုံပျက်ပုပ်သိုးလာတဲ့ခန္ဓာကိုယ်တွေကို ကာကွယ်ဖို့အတွက်ပဲ”
သူက အစေခံအား လက်ဝှေ့ယမ်းပြကာ နောက်ထပ်ဝိုင်တစ်ပုလင်းထပ်တောင်းလိုက်သည်။
အစေခံက ကိုယ်ကိုကိုင်း၍ ထည့်ပေးတော့မည့်အချိန်တွင် ကျန့်ချောင်က ပုလင်းကိုယူလိုက်ကာ ကိုယ်တိုင်ကိုယ်ကျ ရိဂ်၏ခွက်ထဲသို့ ထည့်ပေးလိုက်သည်။
ရိဂ်က တွေးပေးတတ်သောကျန့်ချောင်ကိုကြည့်၍ သူ၏အာဒမ်ပန်းသီးမှာ အထက်အောက်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။ သူက တစ်ဖက်လူသူ့အတွက်လောင်းထည့်လာပေးသည့် ဝိုင်ကိုသောက်ကာ ဆက်ပြောလိုက်၏။
“ဒါကြောင့် ဒီဆိုလတ်ကိုပြန်တော့...မဟုတ်ရင် မင်းလည်းအနှေးအမြန် ပုပ်သိုးနေတဲ့ သားရဲကောင်ဖြစ်လာလိမ့်မယ်”
ကျန့်ချောင်သာ အန်ဒရူးကဲ့သို့လူဖြစ်လာပါက ရိဂ်နောင်တရမိလိမ့်မည်။
ဤသန့်စင်သည့်ပန်းကလေးက ချောက်ကမ်းပါးများက သူ၏ပွင့်လန်းခြင်းကို ကာကွယ်ပေးပြီး မြူစိုင်များက သူ၏ရနံ့ကိုထိန်းသိမ်းပေးသည့် ဒီဆိုလတ်၏တောင်အမြင့်များတွင်သာ ပွင့်လန်းသင့်သည်။ ၎င်းကသာ အလုံခြုံဆုံးနေရာဖြစ်၏။
ထိုအကြောင်းကိုတွေးရင်း ရိဂ်က စားပွဲကို ဝိုင်ခွက်ဖြင့် ညင်သာစွာ ခေါက်၍ ကျန့်ချောင်အား ထပ်ထည့်ပေးရန် အချက်ပြလိုက်သည်။
သူက ကျန့်ချောင်ကိုဂရန်းဒဲမှထွက်သွားရန် တိုက်တွန်းနေပြီး အနည်းငယ်ယားကျိကျိနိုင်သည့်ခံစားချက်က သူ့နှလုံးသားကို ဝင်ရောက်လာသည်။ ဤထူးဆန်းသည့်ခံစားချက်အား ထုံထိုင်းသွားစေရန် သူအရက်လိုအပ်၏။
ကျန့်ချောင်က ရိဂ်ကိုသေချာကြည့်၍ မျက်နှာမှာပုံမှန်ဖြစ်နေပြီး မျက်လုံးများမှာ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ သူဝိုင်လောင်းထည့်ပေးလိုက်၏။
“ဒါပေမယ့် အရှင်က ဒီမှာရှိတယ်လေ” ကျန့်ချောင် သက်ပြင်းချ၍ပြောလိုက်၏။
“အရှင်က မကောင်းဆိုးဝါးတွေ ကြားထဲမှာရှိနေပေမယ့် သက်ရောက်ခံရတာမျိုး လုံးဝရှိမနေဘူး...အရှင်ကအမြဲသန့်ရှင်းတက်ကြွနေတာ...အရှင်ကိုယ်အရှင် အလှဆင်ဖို့ တင့်တယ်တဲ့ အဝတ်အစားတွေမလိုပါဘူး...အရှင်က အကောင်းဆုံးအနေနဲ့ရှိနေပြီးသား...ကျွန်တော် မကောင်းဆိုးဝါး အုပ်လိုက်ကြီးကိုမြင်ပေမယ့် မယုံနိုင်လောက်အောင်အရမ်းချစ်စဖွယ်ကောင်းတဲ့လူတစ်ယောက်ကိုလည်း မြင်တယ်...ကျွန်တော်သာ အရှင်နဲ့နေမယ်ဆို ညစ်ပေတာတွေနဲ့ရမ္မက်တွေကို ရှောင်နိုင်လိမ့်မယ်”
ကျန့်ချောင်က သူ့နှလုံးသားအား သေးသွယ်သည့်လက်ချောင်းလေးများဖြင့်ဖိ၍ နူးညံ့စွာ ပြောလိုက်သည်။
“ဂရန်းဒဲမှာ အရှင်ရှိတယ်...ပြီးတော့ အဲ့ဒါကပဲ ကျွန်တော်ဒီမှာ အချိန်အကြာကြီးရှိနေတဲ့ တစ်ခုတည်းသော အကြောင်းအရင်းပဲ”
ထိုအချိန်တွင် သူက သူတို့ပထမဆုံးတွေ့ဆုံချိန်၌ ရိဂ်ကိုပြောခဲ့သည်များအား သိသိသာသာမေ့သွားခဲ့လေသည်။
ဂရန်းဒဲက ရိဂ်၏နယ်မြေဖြစ်သောကြောင့် ဘုရင့်ပွဲကိုတက်ပြီးသည်နှင့် ချက်ချင်းထွက်သွားမည်ဟု သူပြောခဲ့၏။ ထိုအချိန်က သူသည် ရိဂ်အား မကောင်းသည့်ကပ်ဆိုးဟု ထင်မြင်ခဲ့သည်။ ယခုတော့ ဤလူက အလုံခြုံဆုံးခံတပ်အဖြစ် သူသိလိုက်ရလေပြီ။
ရိဂ်: “…”
ရိဂ်၏လည်ချောင်း၊ နှလုံးသားနှင့် ခန္ဓာကိုယ်မှမီးတောက်များသည် ပြင်းထန်စွာလောင်ကျွမ်းလာပြန်သည်။ သူ့အကြည့်များက သူ၏စည်းရုံးမှုကိုဆန့်ကျင်၍ ဂရန်းဒဲမှထွက်သွားရန် ငြင်းဆန်နေသော ဤခေါင်းမာသည့် လူအပေါ်ကျရောက်နေကာ အချိန်အတော်ကြာအောင်တိတ်ဆိတ်သွား၏။ ယောက်ယက်ခတ်နေသည့် အတွေးများက စာကြောင်းတစ်ကြောင်းစီရန်ပင် တားဆီးနေသည်။
သူသိသည်က ဤလူမှာ အချိုမြိန်ဆုံးနှင့်အစေးကပ်ဆုံးစကားလုံးများဖြင့် သူ့နှလုံးးသားအား မွှေနှောက်နေကြောင်းကိုပင်။
ဤပျားရည်ဝဲဂယက်မှ လွတ်မြောက်ရန်ခက်ခဲလှ၏။ သူက အက်ရှသည့်အသံဖြင့် စကားလုံးအနည်းငယ်သာ ပြောလိုက်နိုင်သည်။
“ဝိုင်ထပ်ထည့်”
မြန်မြန်ဆန်ဆန်ခုန်လှုပ်နေသည့်နှလုံးသားကို ထုံထိုင်းသွားစေရန် သူအခု အရက်များများလိုအပ်နေသည်။
သေစမ်း...ဒီအရှင်မြို့စားက လူတွေကိုချီးမွမ်းမြှောက်ပင့်တာကို သင်ထားတာဖြစ်ရမယ်...မဟုတ်ရင် ဒီလောက် အင်အားကြီးနေမှာမဟုတ်ဘူး...”အကောင်းဆုံးအဖြစ်ရှိနေတယ်” “မယုံနိုင်စရာကောင်းအောင် ချစ်စဖွယ်ကောင်းတဲ့လူတစ်ယောက်” တဲ့...သူ့စကားလုံးတွေကိုကြည့်ပါဦး..ဒီနှစ်တွေအများကြီးမှာ ငါက ဒီလောက်သဘောကျဖို့ကောင်းမှန်း လုံးဝမသိခဲ့ဘူး...။
ဤချီးမွမ်းမှုဖောဖောသီသီကြောင့် အလွန်ရွံရှာနေသည့်အလား မျက်ခုံးများမှာ တွန့်ချိုးနေသော်လည်း နှုတ်ခမ်းထောင့်များကတော့ မထိန်းချုပ်နိုင်ဘဲအပေါ်သို့ တွန့်ကွေးနေ၏။
ကျန့်ချောင်က သူ့ခွက်အား ဖြူဖျော့နေသည့်လက်ကလေးဖြင့် ကာ၍နူးညံ့သည့်အသံဖြင့်ပြောလိုက်သည်။
“ကောင်းပြီ...သောက်တာရပ်တော့...ကျွန်တော်တို့ပြန်ဖို့အချိန်ကျပြီ”
အထက်တန်းလွှာခန်းမကြီးက တိရစ္ဆာန်ရမ္မက်များပြည့်သိပ်ရာနေရာတစ်ခုဖြစ်လာသည်။ သူတို့သာ ကြာကြာဆက်နေပါက ထိုလူများထံမှထွက်လာသည့် အနံ့များကြောင့် ကျန့်ချောင်မူးလဲသွားလိမ့်မည်။
ရိဂ်က ချက်ချင်းထရပ်၍ပြောလိုက်၏။ “သွားရအောင်”
သူက အပေါ်အင်္ကျီအား ကျန့်ချောင်ထံပစ်ပေး၍အေးအေးလူလူပြောလိုက်သည်။
“ဝတ်ထား...အခုလေးတင် ချွေးတွေထွက်ထားတာ...အတွင်းလွှာတွေ စိုရွှဲနေလောက်ပြီ...အပြင်ဘက်က လေအေးတွေကို ခံစားမိတာနဲ့ မင်းခန္ဓာကိုယ်လေး လဲကျသွားလိမ့်မယ်”
ပြောပြီးနောက် သူက ကျန့်ချောင်ကိုရွံရှာသည့်အလား စုတ်သပ်သည့်အသံလုပ်လိုက်သေးသည်။
“ကျေးဇူးတင်ပါတယ်” ကျန့်ချောင်က သူ့အင်္ကျီကိုဝတ်၍ လေးလေးနက်နက်ပြောလိုက်၏။
“တွေ့လား...ကျွန်တော် အရှင်နဲ့ရှိနေရင် ဘာကိုမှစိုးရိမ်စရာမရှိဘူး”
“ပါးစပ်ပိတ်စမ်း...ငါမင်းရဲ့မြှောက်ပင့်တာတွေကို နားထောင်ရတာ ငြီးငွေ့နေပြီ” ရိဂ်၏နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်သွားသည်။ ထို့နောက် ချက်ချင်းတင်းတင်းစေ့လိုက်ကာ စိတ်မရှည်သည့်အမူအရာကို ပြောင်းလဲလိုက်၏။
နှစ်ယောက်သား ဘေးချင်းယှဥ်၍လျှောက်လာကြပြီး ပြိုင်တူအသက်ပြင်းပြင်းရှူလိုက်မိကြသည်။
လှည်းနှစ်စီးက လားရာတစ်ခုစီမှမောင်းနှင်လာကြ၏။ တစ်စီးက အနီမိုနီပန်းတံဆိပ်ထိုးထားပြီး နောက်တစ်စီးက ဟိန်းဟောက်နေသည့်ကျားပုံစံရေးထိုးထားသည်။
ကျန့်ချောင်က အစေခံ၏အကူအညီဖြင့်လှည်းပေါ်သို့တက်သွားသည်ကိုကြည့်ရင်း ရိဂ်ကရုတ်တရက် လက်ကိုဆန့်၍ ပိတ်တော့မည့်တံခါးကိုတားကာ လေးလေးနက်နက်ပြောလာသည်။
“ဘာလို့မပြန်တာလဲ...ငါ့ကို အကြောင်းပြချက်အနေနဲ့မသုံးနဲ့...တကယ့်အကြောင်းအရင်းကိုပြော...ရက်နည်းနည်းကြာရင် ငါကစစ်တပ်ကို ပြန်တော့မှာ...စစ်တန်းလျားတွေက ဂရန်းဒဲမြို့လယ်ခေါင်နဲ့ အရမ်းဝေးပြီး ငါလေ့ကျင့်ဖို့ရှိသေးတယ်...အချိန်ရောက်လာရင် နှစ်လ၊သုံးလလောက် ပြန်လာနိုင်မှာမဟုတ်ဘူး..ငါမင်းကို ကာကွယ်နိုင်လိမ့်မယ်လို့ထင်နေရင် မင်းတွေးတာမှားနေပြီ”
ကျန့်ချောင်သက်ပြင်းချ၍ ဖြေးညင်းစွာပြောလိုက်သည်။
“ကောင်းပါပြီ...ကျွန်တော်ဒီမှာနေနေတဲ့ တကယ့်အကြောင်းအရင်းက ကျွန်တော့်လူတွေအတွက် အစားအသောက်ထောက်ပံ့ရေးလမ်းကြောင်း ဖွင့်ပေးဖို့ပါ...ဒီဆိုလတ်မြို့က တောင်တွေနဲ့ဝန်းရံနေပြီး မြေပြန့်လွင်ပြင်မရှိဘူး...အဲ့ဒါကြောင့် မြန်မြန်ဆန်ဆန် တိုးလာနေတဲ့ လူဦးရေအတွက် အစားအသောက်လုံလုံလောက်လောက် ထုတ်မပေးနိုင်ဘူး”
ကျန့်ချောင်က မျက်လုံးများကိုမှိတ်လိုက်ပြီး အသံမှာနက်နဲလာသည်။
“နှင်းတောထဲမှာ လူသေအလောင်းတွေ ပြည့်နေတဲ့ မြင်ကွင်းမျိုး အရှင်မြင်ဖူးလား...အမေက သူမရဲ့ဆာလောင်မွတ်သိပ်နေတဲ့ ကလေးကို ကောင်းကင်ဆီမြှောက်ထားပြီး ငိုယိုနေတာ...ကလေးတွေက သူတို့ရဲ့မိဘတွေ အုတ်ဂူအရှေ့မှာ ဒူးထောက်ပြီး အော်ငိုနေတာတွေ...အဲ့ဒါတွေက ကမ္ဘာပေါ်ကငရဲပဲ...ပြီးတော့ အဲ့လိုမြင်ကွင်းတွေကျွန်တော် ထပ်မမြင်ချင်တော့ဘူး”
ထို့နောက် သူကမျက်လုံးများကိုဖွင့်၍ ဖြေးညင်းစွာ ပြောလာသည်။
“အဲ့ဒါကြောင့် ကျွန်တော်ဒီကိုရောက်နေတာ...မြေကောင်းကောင်းတွေရှိတဲ့ အရှင်တွေနဲ့ ဆက်ဆံရေးကောင်းကောင်း တည်ဆောက်ချင်တယ်...ပြီးတော့ ဆောင်းရာသီမှာရှင်သန်နိင်ဖို့ ကျွန်တော့်လူတွေကို အစားအသောက်လုံလုံလောက်လောက် ဝယ်နိုင်စေချင်တယ်...အခု ကျွန်တော် အဲ့ဒီအရှင်တွေနဲ့ အခမဲ့ကုန်သွယ်မယ့် စာချုပ်ချုပ်ဖို့ကြိုးစားနေတယ်...ကျွန်တော့်လူတွေကို ‘တိုင်းတစ်ပါးသား’ ဆိုတဲ့ အရေးမပါတဲ့ အကြောင်းအရာတွေနဲ့ နယ်ခံအရှင်တွေဆီကအသတ်မခံရဘဲ ဘယ်မြို့ကိုမဆို လွတ်လွတ်လပ်လပ်သွားလာနိုင်စေချင်တယ်...သူတို့ကို အသက်ရှင်နေထိုင်စေချင်တယ်”
သူက ပိန်ပါးသည့်ပခုံးလေးများကို ညွှန်ပြရင်း တိုးညင်းသော်လည်းဆုံးဖြတ်ချက်ပြတ်သားနေသည့်အသံဖြင့် ပြောလိုက်သည်။
“တစ်ခါတရံ လေးလံတဲ့ဝန်ထုပ်ဝတ်ပိုးတွေက ရှောင်လွှဲဖို့မဖြစ်နိုင်ဘူး...နားလည်ပါရဲ့လား”
ရိဂ်က ထိုနက်မှောင်နက်ရှိုင်းသည့်မျက်လုံးများကိုကြည့်ကာ အကြာကြီးတိတ်ဆိတ်သွားတော့သည်။
သူ ဤအမှန်တရားကိုသေချာပေါက်နားလည်နိုင်သည်။ သူ့အစ်မက နှစ်ပေါင်းများစွာအတူရှိခဲ့သည့် သူမချစ်သူနှင့်လုံးဝပြတ်တောက်သွားပြီး နန်းတော်သို့ လှည်းနှင့်တစ်ယောက်တည်းသွားသည့်ညတွင် သူသဘောပေါက်သွားခဲ့သည်။ မျိုးရိုးမြင့်များ မျိုးရိုးမြင့်ဖြစ်နေရခြင်းက မွေးကတည်းကပင် တာဝန်များဖြင့် မွေးဖွားလာခဲ့သောကြောင့်ဖြစ်သည်။
သို့သော် အရှင်မြို့စားတွင်လည်း ဤကဲ့သို့အသိစိတ်ရှိလိမ့်မည်မှန်း သူမထင်မှတ်ထားခဲ့ချေ။ တစ်ဖက်လူက ဂရန်းဒဲတွင်နေရန်ခေါင်းမာနေခြင်းမှာ အာဏာ၏သွေးဆောင်ခံရခြင်းကြောင့်လည်းမဟုတ်၊ ခမ်းနားတင့်တယ်သည့်ဘဝကို မက်မော၍လည်းမဟုတ်၊ အပေါ်သို့တွယ်တက်ရန် အခွင့်အရေးရချင်၍လည်း မဟုတ်ချေ။
သူက သူ့လူများအတွက်လုပ်နေခြင်းသာဖြစ်သည်။
ရိဂ်က လှည်းတံခါးကိုတားဆီးထားသည့်လက်ကိုဖယ်လိုက်ကာ အနောက်သို့ နှစ်လှမ်းဆုတ်လိုက်သည်။ အရှင်မြို့စား၏ မျက်လုံးထဲသို့ နက်နက်ရှိုင်းရှိုင်းကြည့်၍ သူအသံနက်နက်ဖြင့်ပြောလိုက်သည်။
“ငါမှားယွင်းပြီး မြင်ထားတာကို ပြန်ပြင်ချင်တယ်...ကျန့်ချောင်...မင်းက တကယ်ကိုမပျော့ညံ့ဘူးပဲ...လေးစားသမှုကို ပြတဲ့အနေနဲ့ ငါ ဂရန်းဒဲမှာ နည်းနည်းကြာကြာလေးနေပေးမယ်...မင်းပြန်ဖို့အဆင်သင့်ဖြစ်တဲ့အချိန်မှ ငါလည်းသွားမယ်”
ဒီတော့ အဲ့ဒါက “ငါမင်းကိုကာကွယ်ပေးမယ်” လို့ပြောနေတာနဲ့ ဘာကွာသွားလို့လဲ...။
👊