👊Chapter (15)
ကိုယ့်ကိုကိုယ်ချစ်ပါ
ကျန့်ချောင်က တန်ဖိုးကြီးဂေါ်မုတ်ကျောက်လက်စွပ်အား အစွပ်ခံလိုက်ရကာ ရိဂ်၏လက်က သူ၏လက်ချောင်းများကို ညင်သာစွာဖျစ်ညှစ်နေသည်။
ရိဂ်က သူ့အရှေ့မှာ အနုပညာလက်ရာတစ်ခုအား အကြည့်မလွှဲနိုင်ဖြစ်နေ၏။ သူအချိန်အတော်ကြာအောင် စကားပြောမလာသေးချေ။
ပြည့်တန်ဆာမလေးက နှလုံးသားအောက်ခြေမှသည် အော်ဟစ်လာ၏။
“အရမ်းလှတာပဲ”
လက်စွပ်ကလှပသော်လည်း လက်စွပ်ဝတ်ထားသည့်လက်က ပို၍လှသည်။ လက်ကအရိုးမရှိသည့်အလား ပျော့ပြောင်းကာ လက်ချောင်းတစ်ချောင်းချင်းစီက ရှည်လျား၍သွယ်လျသည်။ လက်ဖမိုးပေါ်မှအသားအရေကလည်း နှင်းကဲ့သို့ဖြူစွတ်နေသော်လည်း လက်ချောင်းထိပ်များက ဖုန်မှုန့်အနည်းငယ်ဖြင့် အနည်းငယ်ပေကျံနေသည်။ လက်သူကြွယ်ပေါ်မှ ကြက်သွေးရောင်လက်စွပ်က အဖြူရောင်နှင်းတောထဲတွင် မီးတောက်ကလေးလောင်ကျွမ်းနေသည့်နှယ်ရှိနေ၏။
အဖြူရောင်၊ ပန်းရောင်နှင့်အနီရောင် ကမ္ဘာ့အဖြူစင်ဆုံး၊ အလှပဆုံးနှင့် အပြင်းပြဆုံးအရောင်များက အတူတကွရောနှောနေကာ အနုပညာလက်ရာတစ်ခုဖြစ်နေတော့သည်။
ထို့အပြင် ဤကဲ့သို့သော လက်မျိုးကသာ ကျောက်တုံး၏ခမ်းနားမှုနှင့်အရည်အသွေးများကို အပြည့်အဝထုတ်ပြနိုင်တာဖြစ်သည်။
ရိဂ်က လက်ချောင်းများကို ညင်သာစွာ ဆော့ကစားနေရင်း ကျန့်ချောင်ကလက်အား ပြန်ရုတ်ချင်လာသည်ကို ခံစားမိသောအခါ တစ်ဖက်လး၏လက်ချောင်းထိပ်လေးကိုဆိတ်လိုက်၏။
“မလှုပ်နဲ့” သူအသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
“နောက်နည်းနည်းထပ်ကြည့်ရအောင်” ပြောပြီးသည်နှင့် သူသည် ဂေါ်မုတ်ကျောက်လက်စွပ်ကိုလှည့်၍ သူ၏အသွင်အပြင်ကိုသေချာကြည့်နေဟန်ဆောင်လိုက်သည်။
ဝယ်သူကဘုရားသခင်ဖြစ်ပြီး ဝယ်သူကသေချာကြည့်ချင်နေမှတော့ ကျန့်ချောင်တိတ်တိတ်လေး စောင့်နေရုံသာရှိတော့သည်။
ရိဂ်ကပျော့ပြောင်း၊ သေးသွယ်၊ ဖြူဖွေး၍ နူးညံ့သည့်လက်အား သူ့လက်ဖဝါးထဲသို့ထည့်၍ လက်သူကြွယ်အား ထိပ်မှအောက်ခြေအထိ ပွတ်သပ်နေပြီးမှ စိတ်ကျေနပ်စွာဖြင့် အသက်ရှူထုတ်လိုက်သည်။
“ငါဒီတစ်ခုလည်းယူမယ်” သူသွက်သွက်လေးပြောလိုက်သည်။
“ရက်ရောလှပါတယ်” ကျန့်ချောင် မြှောက်ပင့်လိုက်၏။
ပစ္စည်းများကို တန်ဖိုးမမေးဘဲ တန်းဝယ်တတ်သည့် ဤကဲ့သို့သောဝယ်သူမျိုးကို သူတကယ်သဘောကျသည်။
လက်စွပ်ကသူမအတွက်ဟုတွေးထင်နေသည့် ပြည့်တန်ဆာမလေးသည် ချက်ချင်းလက်မြှောက်၍ ပြောလာ၏။
“နေပါဦး...ဒီတစ်ခု...” သူမက ကောင်တာထဲမှလက်စွပ်ကိုညွှန်ပြလာသည်။
“ဒါက ပတ္တမြားလက်စွပ်ပဲ ဖြစ်ရမယ်...ဟုတ်တယ်မလား...ကျွန်မကြည့်ချင်တယ်...ရမလား”
“ဟုတ်ပါတယ်...ဒါလေးက ပတ္တမြားလက်စွပ်ပါ...သေချာပေါက် ကြည့်ချင်တာကြည့်လို့ရပါတယ်” ကျန့်ချောင်က ဂေါ်မုတ်ကျောက်လက်စွပ်အား ကတ္တီပါသေတ္တာလေးထဲထည့်ပြီးနောက် ပတ္တမြားလက်စွပ်ကို ထုတ်ပြလိုက်သည်။
ရိဂ်က ဂေါ်မုတ်ကျောက်လက်စွပ်ကိုယူလိုက်၍ ပြတင်းပေါက်မှဝင်လာသည့် အလင်းရောင်ဖြင့် ချိန်ကြည့်လိုက်သည်။ ဘာကြောင့်မှန်းသေချာမသိသော်လည်း ရုတ်တရုတ် ၎င်းသည် သိပ်မတောက်ပတော့ဟု ခံစားနေရသည်။
ယခုတွင် ၎င်းက အရှင်မြို့စား၏လက်ချောင်းပေါ်တွင်မရှိတော့သောကြောင့် မျက်စိတစ်မှိတ်လေးအတွင်းမှာပင် ၎င်း၏ ဆွဲဆောင်မှုအားလုံးကို ဆုံးရှုံးလိုက်ရသလိုပင်။
ရိဂ်ကနှုတ်ခမ်းများကို တင်းတင်းစေ့လိုက်၏။ သူဤလက်စွပ်ကို စိတ်မဝင်စားတော့ချေ။
၎င်းအား ကတ္တီပါသေတ္တာထဲသို့ပြန်ထည့်လိုက်သည်။
သို့သော် ပြည့်တန်ဆာမလေးကယူ၍ ပတ္တမြားလက်စွပ်နှင့်ဘေးချင်းကပ်ထားကာ ယှဥ်ကြည့်လိုက်သည်။
“ကျွန်မမျက်လုံးတွေပဲမှားနေတာလားမသိတော့ဘူး...ဒီဂေါ်မုတ်ကျောက်လက်စွပ်က ပတ္တမြားလက်စွပ်ထက် ပိုလှပပြီးတောက်ပနေသလိုပဲ...ဒါပေမယ့် ဒါကပိုတန်ဖိုးနည်းတယ်လေ...မဟုတ်ဘူးလား” သူမက ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောလာ၏။
ကျန့်ချောင်သည် စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်သည်။ “မဟုတ်ဘူး...မမှားပါဘူး...ဂေါ်မုတ်ကျောက်တွေက ပျမ်းမျှပတ္တမြားတွေထက် ပိုတောက်ပပြီးအကြည့်တွေကိုဖမ်းစားပါတယ်”
သူသည်လက်စွပ်နှစ်ကွင်းအား လက်ဖဝါးထဲသို့ထည့်၍ အလင်းရောင်ကောင်းကောင်းရသည့်နေရာသို့ ရွှေ့ကာ ပြောလာသည်။
“ဒီမှာကွဲပြားမှုကိုတွေ့ပါသလား...သူနဲ့မြင့်မားတဲ့အလင်းဖြာနိုင်စွမ်းကြောင့် ဂေါ်မုတ်ကျောက်ရဲ့ အရောင်က ပိုပြီးတောက်ပနေပါတယ်...အလင်းရောင်ဖြတ်သွားတဲ့အခါ သူကအလင်းပြန်ထုတ်ပေးပြီး အရောင်အလင်းတန်းများစွာပြောင်းလဲသွားတာပါ...ကြက်သွေးနီရောင်တင်မဟုတ်ဘဲ အနီထဲမှာ ခရမ်းရောင်အနည်းငယ်လည်း ပါပါတယ်...သူက တောက်လောင်နေတဲ့မီးတောက်လေးလို အသက်ရှိနေသလိုပါပဲ...လက်ထဲမှာကိုင်ထားရင် လက်ဖဝါးလေးပူလာတာကိုတောင် ခံစားမိလုနီးပါးပဲ”
ပြည့်တန်ဆာမလေး မှင်သက်သွားသည်။
တန်ဖိုးရှိသည့်ဂေါ်မုတ်ကျောက်က အနက်ရောင်ကတ္တီပါအပေါ်တွင်ရှိနေစဥ်က တောက်ပသော်လည်း လှပမနေချေ။
သို့သော် ကျန့်ချောင်၏ပျော့ပြောင်းသောလက်ဖြင့် ကိုင်လိုက်သောအခါ သူ၏ဖြူဖွေးသည့်အသားအရေက ၎င်းအား အသက်သွင်းပေးလိုက်သလိုပင်။ ကျန့်ချောင်ပြောသွားသကဲ့သို့ ၎င်းက ပူပြင်းသည့်အပူကိုလွှင့်ထုတ်နေပြီး စတင်လောင်ကျွမ်းလာလေသည်။
၎င်းက ခဏလေးအတွင်း လူတိုင်း၏အာရုံနှင့်အကြည့်များကို ဖမ်းစားသွားခဲ့သည်။
ထိုကျောက်က နောက်ထပ်လှပသည့်အရည်အသွေးများအား ဖော်ပြလာသည်ကိုခံစားလိုက်ရသည်။ ကျန့်ချောင်၏လက်များကသာ ၎င်း၏အရည်အသွေးများကို လွှတ်ထုတ်စေနိုင်၏။
“တကယ်ကိုလှတာပဲ” ရိဂ်မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ထိုစကားများကိုကြားသောအခါ ကျန့်ချောင်ကလက်စွပ်အား ရိဂ်ဆီသို့ပေးလိုက်သည်။ ထို့နောက် ပတ္တမြားလက်စွပ်ကိုမြှောက်ပြ၍ ပြောလိုက်၏။
“ပတ္တမြားရဲ့အလင်းဖြာနိုင်စွမ်းက ဂေါ်မုတ်ထက်နိမ့်တယ်…အဲ့ဒါကြောင့် ဖောက်ဝင်သွားတဲ့အလင်းတွေက အပြည့်အဝမဖြာနိုင်ဘူး…ပြီးတော့ သူ့ရဲ့အရောင်နဲ့တောက်ပမှုက နည်းနည်းမှိုင်းတယ်…ကြည့်ကြည့်…သူကသွးတွေစီးဆင်းနေသလို အနီရင့်ရောင်ရှိတယ်…သူ့ရဲ့အဓိကဝိသေသတွေက အရမ်းကြီးအသက်မဝင်ပေမယ့် ခမ်းနားနေတုန်းပဲ”
တကယ်ကိုပင် ဂေါ်မုတ်ကျောက်ကဲ့သို့ အလင်းဖြာနိုင်စွမ်းမရှိသော်လည်း ပတ္တမြားသည် နက်ရှိုင်း၊ ဂုဏ်သတင်းကြီးကာ ခမ်းနားနေဆဲဖြစ်သည်။
“ဘယ်တစ်ခုကိုသဘောကျပါသလဲ” ကျန့်ချောင်က ပတ္တမြားလက်စွပ်ကို ပြည့်တန်ဆာမလေးထံပေးလိုက်သည်။
ပြည့်တန်ဆာမလေးက ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်လောက်သာရှိသေးပြီး ငယ်ရွယ်မှုတို့ ပွင့်လန်းနေသည့် အချိန်ဖြစ်သည်။ သူမက သဘာဝကျစွာဖြင့် နက်ရှိုင်းပြီးခမ်းနားသည့်ပတ္တမြားထက် တောက်လောင်ပြီးတောက်ပနေသည့် ဂေါ်မုတ်ကိုပိုသဘောကျသည်။
ဂေါ်မုတ်ကျောက်က သူမလက်ထဲတွင်တောက်ပနေလျှင် လှပလွန်းလိမ့်မည်။
သူမက ပတ္တမြားလက်စွပ်ကိုကိုင်ထားသော်လည်း ရိဂ်၏လက်ထဲမှ ဂေါ်မုတ်ကျောက်ကို ခဏခဏကြည့်နေမိသည်။ အချိန်အကြာကြီးကြာပြီးနောက်မှသာ အံကြိတ်၍ပြောလာသည်။
“ကျွန်မ ပတ္တမြားလက်စွပ်ကိုပိုကြိုက်တယ်”
ပတ္တမြားလက်စွပ်က တန်ဖိုးပိုကြီးသောကြောင့် သူမ၎င်းကိုရွေးချယ်လိုက်ခြင်းဖြစ်သည်။
ကျန့်ချောင်က သူမ၏အတွေးကို နားလည်ပြီးသားဖြစ်သော်လည်း ဘာမှမပြောလိုက်ချေ။
“ကောင်းပါပြီ…မင်းအတွက် ပတ္တမြားလက်စွပ်ကို ထုတ်ပိုးပေးပါ့မယ်” သူက ကတ္တီပါသေတ္တာလေးကို ထုတ်လိုက်၏။
ရိဂ်က ဂေါ်မုတ်ကျောက်လက်စွပ်ကို တစ်ချိန်တည်းတွင်ပြန်ပေးလာသည်။ ၎င်းက ကျန့်ချောင်၏လက်ထဲတွင်သာ ကြည့်ကောင်းပြီး သူကိုင်လိုက်ချိန်တွင်တော့ အသိအမှတ်ပြုစရာလုံးဝ မကောင်းတော့ချေ။ ရတနာအားလုံးနီးပါးအား မြင်ဖူးနေသည့်ရိဂ်အတွက် သဘာဝကျစွာဖြင့် စိတ်ဝင်စားမှုတို့ ပျောက်ဆုံးသွားတော့သည်။
ကျန့်ချောင်က မီးတောက်နှင့်တူသည့် ကျောက်တုံးအား ပြသသည့်ဘူးထဲသို့ထည့်လိုက်သည်ကိုမြင်သောအခါ ပြည့်တန်ဆာမလေးသည် မနေနိုင်ဘဲ နှုတ်ခမ်းကိုကိုက်လိုက်၏။
သူမ ဂေါ်မုတ်ကျောက်လက်စွပ်ကိုတကယ်ကြိုက်သည်။ သူမ၏နှလုံးသားက သဲကန္တာရထဲတွင် မိုးမျှော်သကဲ့သို့ ၎င်းကို အသည်းအသန်လိုချင်နေ၏။ သို့သော် သူမသည် တန်ဖိုးနည်းသည့်အရာကိုမရွေးချယ်သင့်ပေ။ ထို့ကြောင့် သူမ၏နှလုံးသားက သွေးစိမ်းရှင်ရှင်ထွက်နေသည့်တိုင် ၎င်းကိုစွန့်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
စိတ်ညစ်ညူးနေသည့်မိန်းမငယ်လေး၏ မျက်ကန်းမှုများကို ကျန့်ချောင်ဘာမှလုပ်မပေးနိုင်ချေ။ သေတ္တာလေးအား အလှဆင်ရန် ဖဲကြိုးလေးအား ထုတ်လိုက်ချိန်တွင် သူညင်သာစွာပြောလိုက်သည်။
“ဆိုင်မှာ လက်ဝတ်ရတနာတွေ အများကြီးရှိတယ်…ကျွန်တော်အကြိုက်ဆုံးက ဘယ်တစ်ခုလဲသိချင်လား”
“အိုး…ဘယ်တစ်ခုများလဲ” ဂေါ်မုတ်ကျောက်လက်စွပ်လေးကို ငူငိုင်ကြည့်နေသည့်ပြည့်တန်ဆာမလေးသည် စိတ်မပါဘဲ ပြန်မေးလာသည်။
သို့သော်လည်း ရိဂ်က ချက်ချင်းကြည့်လာသည်။ ဤအကြောင်းအရာကို သူအလွန်စိတ်ဝင်စား၏။ မည်သည့်ရတနာကို အရှင်မြို့စားကြိုက်သနည်း။ သူဝယ်ရမည်။
၎င်းက နတ်သမီးမျက်ရည်ကဲ့သို့ အလွန်တန်ဖိုးရှိပြီးလှပသည့်ကျောက်ဖြစ်ရမည်။ အခန်းထဲတွင်ရှိနေသည့်လူတိုင်း ထိုသို့တွေးမိကြ၏။
သို့သော် ကျန့်ချောင်မီးခံသေတ္တာထဲမှ အလွန်အမင်းဈေးကြီးသည့် သစ်မွှေးသေတ္တာထဲတွင် သိမ်းထားသည့် ရောင်စုံမဟူရာကျောက်ဖြစ်သည်။
မဟူရာက တန်ဖိုးသိပ်မရှိကြောင်း လူတိုင်းသိကြသည်။
“ဒါက ကျွန်တော်အကြိုက်ဆုံးပဲ” ကျန့်ချောင်သည် မဟူရာအား ယူ၍ လက်ဖဝါးပေါ်သို့တင်လိုက်သည်။
ရိဂ်နှင့်ပြည့်တန်ဆာမလေးတို့သည် သူ့အား စကားလုံးများဖြင့်ဖော်ပြရန်ကျော်လွန်နေသည့် အမူအရာများဖြင့် ကြည့်လာသည်။ သူတို့သည် ကျန့်ချောင်အား အရူးတစ်ယောက်အဖြစ် သိသိသာသာ သတ်မှတ်နေကြ၏။
ကျန့်ချောင်ကလက်ချောင်းများကိုဆန့်၍ အဖြူရောင်မဟူရာကျောက်ပေါ်မှ အနက်ရောင်လိုင်းများကို ညင်သာစွာထိတွေ့ပြီး ပြောလာသည်။
“အထဲမှာ ဘာရှိလဲသေချာကြည့်ကြည့်…ဖြူဖျော့ဖျော့မီးခိုးရောင်က ကောင်းကင်ပေါ်ကတိမ်စိုင်တွေနဲ့တူပြီး အောက်က အနက်ရောင်ကကမ္ဘာမြေကြီးနဲ့မတူဘူးလား…ဒီပါးလွှာပြီး အပ်လိုမျိုးအညိုရောင်အကြောင်းတွေကရော သစ်ပင်နဲ့မတူဘူးလား…မြူစိုင်တွေက ကမ္ဘာမြေကြီးကို လွှမ်းခြုံထားပြီး သစ်ပင်တစ်ပင်က အဝေးတစ်နေရာမှ တစ်ပင်တည်းထီးထီးရှိနေသလိုပဲ…ဘယ်လောက်တောင်လှလိုက်ပြီး ခမ်းနားတဲ့အနုပညာဆန်တဲ့မြင်ကွင်းမျိုးလဲ…ဒါက မဟူရာကျောက်တင်မဟုတ်ဘူး သူကိုယ်တိုင်က ကမ္ဘာကြီးတစ်ခုလုံးဖြစ်နေတာ”
ကျန့်ချောင်က ဤရှုခင်းပုံနှင့်မဟူရာကျောက်အား ကတ္တီပါအဝတ်စလေးဖြင့် ဂရုတစိုက်သုတ်လိုက်သည်။
သူတို့ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ရိဂ်နှင့်ပြည့်တန်ဆာမလေးတို့သည် သူ့အတွေးအမြင်၏ ကမ္ဘာငယ်လေးသို့ ရောက်သွားရသည်။ ထူထပ်နေသည့်မြူစိုင်…အနက်ရောင်မြေဆီလွှာနှင့် တစ်ပင်တည်းသောသစ်ပင်တို့က လေထဲတွင် ပျံ့လွင့်နေသည့် လယ်သမားတစ်ယောက်၏သီတင်းတစ်ပုဒ်သီကြွေးနေသလိုပင်။
ထိုမြင်ကွင်းက သူတို့၏ ဝေးကွာနေသည့်နေရာတစ်ခုကိုလွမ်ဆွတ်ခြင်းများအား ချက်ချင်းနှိုးဆွပေးလိုက်သည်။
မဟူရာကျောက်အား နောက်တစ်ခါကြည့်လိုက်သောအခါ သူတို့မျက်လုံးများတွင် အချစ်များနှင့်ပြည့်နေတော့၏။
ကျန့်ချောင်က ရှုခင်းပုံနှင့်မဟူရာကျောက်အား ကတ္တီပါသေတ္တာထဲထည့်လိုက်သည်။ သူဆက်ပြောလာ၏။
“ကျောက်တုံးအားလုံးက လူတွေထွင်းထုထားတဲ့ ကောက်ကြောင်းတွေရှိကြတယ်…ဒီတစ်ခုကပဲ သဘာဝအရဖြစ်တည်နေတာ…သူ့ရဲ့အကြောင်းတွေက သဘာဝအတိုင်းဖြစ်ပေါ်လာပေမယ့် ဆီရေးပန်းချီလိုပဲ လှပတယ်…ကမ္ဘာမြေကြီးရဲ့ အမှောင်ထုထဲမှာ တိတ်တဆိတ်နဲ့ပုန်းကွယ်နေပြီး သူ့ကိုအမှန်တကယ်နားလည်ပေးနိုင်၊ အသိအမှတ်ပြုပေးနိုင်၊ တန်ဖိုးထားပေးနိုင်မယ့်လူနဲ့ ဆုံဖို့စောင့်နေရှာတာ…ဘယ်လောက်တောင် စိတ်ကူးယဥ်ဆန်လိုက်လဲ”
ပြည့်တန်ဆာမလေးက ပါးလေးနှစ်ဖက်ကိုအုပ်ကာ အာရုံစိုက်မှုအပြည့်ဖြင့် နားထောင်နေ၏။
၎င်းကသာမန်မဟူရာကျောက်မဟုတ်ဘဲ သက်ရှိသတ္တဝါဖြစ်သည်။ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးနှစ်ခုလုံးတွင် စိတ်ဝိညာဥ်များရှိကာ ဖြစ်တည်နေသည့်အရာများအားလုံးတွင် ချစ်ခြင်းမေတ္တာပါဝင်နေ၏။
၎င်းက စိတ်ဝိညာဥ်ပြည့်ဝနေပြီး ၎င်းအပေါ်ကျန့်ချောင်၏အချစ်က ၎င်းအား ကမ္ဘာကြီးပေါ်တွင် ထူးခြားသည့်ရတနာတစ်ခုဖြစ်သွားစေသည်။
သူမ မတ်မတ်ရပ်လိုက်ချိန်တွင် မထင်ရှားသည့်အလင်းရောင်လေးတစ်ခုက ပြည့်တန်ဆာမလေး၏နှလုံးသားထဲတွင် ပေါက်ကွဲလာ၏။
ရိဂ်၏အကြည့်များက မဟူရာကျောက်မှ ခွာသွားသည်။ သူသည်အရှင်မြို့စားအာကြည့်ကာ အကြည့်မလွှဲနိုင်ဘဲ သူ့မျက်လုံးတွင် မျက်စိကျိန်းလောက်စရာအလင်းရောင်ဖြင့်တောက်ပနေသည်။ ဤတန်ဖိုးရှိသည့်ကျောက်တုံးနှင့် ယှဥ်လျှင် သူ၏အတွင်းစိတ်အကျဆုံးခံစားချက်များကိုဖော်ပြနေသည့် အရှင်မြို့စားက ပို၍လှပပြီးထူးခြားကာစိတ်ကူးယဥ်ဆန်သည်မှာ သိသာလှသည်။
ငါသာမြို့စားကိုဝယ်နိုင်ရင်…
၎င်းက ရိဂ်ထံတွင် ရုတ်တရက်ပေါ်လာသည့်အဓိပ္ပာယ်မရှိသောအတွေးဖြစ်သည်။
“ဝယ်လို့ရလား” သူမနေနိုင်ဘဲမေးလိုက်သည်။
“မရဘူး” ကျန့်ချောင် တည့်တိုးပင်ငြင်းလာသည်။ သူ ချက်ချင်း သေတ္တာကြိုး၏ချည်နှောင်လိုက်၏။
“သိပြီ”
ရိဂ်က အသက်ရှူထုတ်လိုက်ကာ နှလုံးသားမှာတစ်ချက်ခုန်သွားသည်။ သူတကယ်တမ်းဘာကိုဝယ်ချင်မှန်း အရှင်မြို့စားမသိချေ။
ကျန့်ချောင်က ရှုခင်းပုံမဟူရာကျောက်အား မီးခံသေတ္တာထဲသို့ ပြန်ထည့်ကာ တံခါးကိုသော့ခတ်ပြီး ပြန်ထွက်လသည်။ သူက ပြည့်တန်ဆာမလေးကို တိတ်တဆိတ်ပြောလိုက်၏။
“ဒီတော့ နားလည်ပြီလား…မင်းချစ်တဲ့အရာတွေကို မင်းဆက်ဆံတဲ့ပုံက မင်းကိုယ်မင်းဘယ်လိုမြင်လဲဆိုတာကို ရောင်ပြန်ဟပ်နေတယ်…တစ်ခုခုကိုလှတယ်လို့ထင်နေသရွေ့ အဲ့အရာကတန်ဖိုးမဖြတ်နိုင်ဘူး…တခြားတစ်ယောက်ရဲ့မျက်လုံးထဲမှာ မင်းကအပြစ်အနာအဆာတွေ အများကြီးရှိရင်ရှိနေလိမ့်မယ်…ဒါပေမယ့် မင်းကိုယ်တိုင်ရဲ့မျက်လုံးထဲမှာ ဒါမှမဟုတ် မင်းကိုချစ်တဲ့လူရဲ့မျက်လုံးထဲမှာ မင်းကကမ္ဘာပေါ်မှာအမြဲတမ်း အကောင်းဆုံးနဲ့အထူးခြားဆုံးဖြစ်နေမှာပဲ…ဒီတော့ ဘာပဲဖြစ်နေပါစေ၊ ကိုယ့်ကိုကိုယ်လက်မလျှော့လိုက်ပါနဲ့…ပြီးတော့ မင်းချစ်တဲ့လူနဲ့အရာဝတ္ထုတွေအပေါ်မှာလည်း လက်မလျှော့ပါနဲ့…အဲ့လိုမှသာ မင်းတကယ်ပျော်ရွှင်နိုင်လိမ့်မယ်”
သူက သေတ္တာအကြီးကြီးကိုထုတ်လာကာ ပြည့်တန်ဆာမလေးအရှေ့တွင် ဖွင့်ပြလိုက်သည်။
ပြည့်တန်ဆာမလေး၏မျက်လုံးများပြူးကျယ်သွားရ၏။ သူမ အသက်ပင်မရှူနိုင်ဖြစ်သွားရသည်။
သေတ္တာထဲတွင် ရွှေရောင်၊ ခရမ်းရင့်ရောင်၊ ပန်းနုရောင်၊ အစိမ်းရင့်ရောင် အစရှိသည့် တန်ဖိုးကြီးသည့်ကျောက်တုံးများစွာရှိနေ၏။
ကျန့်ချောင်သည် သူတို့အား ရှည်လျားပြီးသေးသွယ်သည့်လက်ချောင်းများဖြင့် ညင်သာစွာ မွှေလိုက်သည်။
‘ဂလောက်…ဂလောက်’ ၎င်းက မရေမတွက်နိုင်သည့်ကျောက်တုံးများ အချင်းချင်း ထိခတ်မိရာမှ ထွက်လာသည့်အသံဖြစ်ပြီး ကမ္ဘာပေါ်တွင် အလှပဆုံးဂီတသံဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤကျောက်တုံးများက အပြင်ကမ္ဘာမှအလင်းရောင်များကို စုပ်ယူထားရာ ကြယ်မှုန်များကဲ့သို့ မရေမတွက်နိုင်သည့်တောက်ပမှုများကို လွှတ်ထုတ်နေသည်။
အလင်းတန်းရောင်စုံက လူတိုင်း၏မျက်နှာကို ရောင်ပြန်ဟပ်နေကာ လှပနေပြီးသားဖြစ်သည့် ရတနာဆိုင်မှာ ရုတ်တရက် ခမ်းနားတောက်ပလာခဲ့သည်။
ပြည့်တန်ဆာမလေးသည် အပြင်းအထန်ခုန်လှုပ်နေသော ရင်ဘတ်ကို အုပ်ကိုင်ကာ မူးလဲသွားမလိုခံစားလာရသည်။ သူမဤကဲ့သို့တစ်ခါမှမမြင်ဖူးခဲ့ချေ။ ‘စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ…ရူးတော့မလိုပဲ’
သို့သော် ကျန့်ချောင်က ခေါင်းခါ၍ပြောလာသည်။
“သူတို့က ဘာတန်ဖိုးမှမရှိဘူး”
ပြည့်တန်ဆာမလေး : ”…”
တိတ်ဆိတ်သွားပြီးနောက် ပြည့်တန်ဆာမလေး၏ အသက်ရှူသံပြင်းပြင်းမှာ ရှက်ရွံ့သည့်ချောင်းဟန့်မှုများအဖြစ် ပြောင်းလဲသွားသည်။
ရိဂ်တစ်ယောက် တိတ်တဆိတ်ရယ်လိုက်၏။ ဤကျောက်သေတ္တာက တန်ဖိုးမရှိသည်ကို သူသိသည်။
“ဒါက ဖလူအိုရိုက်တွေ” ကျန့်ချောင်က ကျောက်များကို နူးညံ့သည့်လက်ချောင်းများကို ထိလိုက်၏။
“သူ့ရဲဲ့အကြမ်းခံနိုင်စွမ်းက အရမ်းနိမ့်တယ်…ပြီးတော့ သတ္တုတွေနဲ့ဆို အလွယ်တကူခြစ်ရာထင်နိုင်တယ်… လက်ဝတ်ရတနာလုပ်ဖို့ မသင့်တော်ဘူး…
ဒါပေမယ့် ဒီကျောက်တွေက အရောင်တောက်ပပြီးမျက်စိကျိန်းစေတယ်…သူတို့ကို အလှဆင်သေတ္တာနဲ့ ပန်ဒိုရာသေတ္တာတွေမှာ ထည့်ထားရင် အထဲမှာကပ်ဆိုးရှိမှန်းသိနေရက်နဲ့တောင် ဖွင့်ဖို့ရွေးချယ်ကြဦးမှာပဲ…
ဒီရတနာတွေအတွက် လူတစ်ယောက်က အပြစ်သားတစ်ယောက်တောင် ဖြစ်လာနိုင်တယ်…ဒါက ဖလူအိုရိုက်ရဲ့ ဆွဲဆောင်မှုပဲ…အဲ့ဒါကြောင့် လူအများကြီးက ဖလူအိုရိုက်ကို ဝတ်ဆင်ဖို့မဟုတ်ဘဲ စုဆောင်းပစ္စည်းတစ်ခုအနေနဲ့ပဲ သိမ်းဆည်းထားတတ်ကြတယ်…တန်ဖိုးနည်းပေမယ့်လည်း သူ့ရဲ့ထူးခြားတဲ့အလှကြောင့် လူအများကြီးရဲ့ အချစ်ခံရတယ်”
ကျန့်ချောင်က ပန်းရောင်ဖလူအိုရိုက်လေးကိုယူ၍ ပြည့်တန်ဆာမလေး၏လက်ထဲထည့်ကာ ညင်ညင်သာသာဖြင့် ပြောလိုက်သည်။
“မိန်းမလှလေး…ဒါက မင်းအတွက်လက်ဆောင်…မင်းတကယ်ကြိုက်တဲ့ လက်ဝတ်ရတနာကို သွားရွေးပါ…ကျွန်တော့်အတွက်က မင်းရဲ့ စိတ်ကျေနပ်နေတဲ့အပြုံးနဲ့ပျော်ရွှင်မှုတွေကသာ တန်ဖိုးအရှိဆုံးအရာတွေပဲ…ပြီးတော့ အဲ့နှစ်ခုက ကျွန်တော် မင်းကိုရောင်းချင်တဲ့ အရာတွေပဲ”
ပြည့်တန်ဆာမလေးက ပန်းရောင်ကျောက်တုံးလေးကို တင်းကြပ်စွာဆုပ်ကိုင်ထား၏။ သူမတစ်ကိုယ်လုံး တောင့်ခဲနေသည်။
ကျန့်ချောင် သူမကိုပြောလိုက်သည့် စကားလုံးတိုင်းက သူမ၏နှလုံးသားကို ထပ်ခါထပ်ခါရိုက်ခတ်နေသည့် လှိုင်းလုံးကြီးလိုပင်။
အကြောင်းအရာအချို့ကြောင့် သူမကရုတ်တရက် မျက်ရည်စီးကြောင်းနှစ်ကြောင်း လွှတ်ချလာသည်။ သို့သော် သူမ၏နှုတ်ခမ်းထောင့်လေးများကတော့ ပျော်ရွှင်သည့်အပြုံးတစ်ခုဖြင့် တွန့်ကွေးနေသည်။
“ဟင့်အင်း…ကျွန်မ လက်ဝတ်ရတနာတွေမလိုတော့ပါဘူး” သူမက လက်ထဲတွင် ပန်းရောင်ကျောက်တုံးလေးကို ကိုင်ကာ မျက်ရည်များ၊ ရယ်သံများဖြင့်ရောနှောနေရင်းပြောလာ၏။
“ဒါက ကျွန်မတကယ်ကြိုက်တဲ့အရာပဲ…ကျေးဇူးတင်ပါတယ်…အရှင်…ကျေးဇူးတင်ပါတယ်”
သူမက မျက်နှာအား လက်ဖြင့်အုပ်၍ နဖူးအားကျောက်နှင့်ထိကပ်ကာ အငိုမရပ်တော့ချေ။
ကျန့်ချောင် သက်ပြင်းချ၍ သူမ၏ခေါင်းကိုသပ်ပေးလိုက်သည်။
ရိဂ်ကြောင်အမ်းသွား၏။ သူဘာလုပ်သင့်သည်ကို သတိမရခင် ခဏလောက်ကြာသွား၏။
ထို့နောက်တွင်တော့ သူသည် အရှင်မြို့စား၏လက်ကိုဆွဲယူ၍ ခက်ထန်သည့်သတိပေးချက်ပေးလိုက်လေသည်။
“သူမကိုမထိနဲ့”
👊