👊Chapter (11)
ရိဂ်ကိုစိတ်ကျေနပ်စေခြင်း
မည်သည့်မျိုးရိုးမြင့်ကမှ ရေမွှေးပုလင်းမဖြစ်စလောက်လေးကို အထက်တန်းမျိုးရိုးမြင့်များထံ ယူမလာဝံ့ကြချေ။
ထိုသို့ယူလာခဲ့ပါက သူ့၌ဦးနှောက်တွင်ပြဿနာရှိနေ၍၊ သို့မဟုတ် ရန်သူတစ်ယောက်ပြုလုပ်လို၍သာဖြစ်မည်။ ထိုကဲ့သို့ သေးနုပ်သည့်လက်ဆောင်က တစ်ဖက်လူအား သူ့ကိုလမ်းမပေါ်သို့ပစ်ထုတ်လောက်သည်အထိ ဒေါသထွက်သွားစေရန် လုံလောက်၏။
ထို့ကြောင့် ဒီနေ့တွင် တစ်ယောက်ချင်းယှဥ်ခြင်းသာ ဖြစ်မသွားခဲ့ပါက ဟောလ်သည် ဤဖလားဝါးဗေးလ်မြို့စားအား မြို့စားကြီးရဲတိုက်၏သူရဲကောင်းတို့ အပြင်သို့ဆွဲမထုတ်ခင်အထိ မိုးမွှန်နေအောင် ဆဲလိမ့်မည်။
တစ်ခါ ဂုဏ်သရေညှိုးသွားသည်နှင့် သူသည် ဒီဆိုလတ်သို့ ကြွက်ကလေးတစ်ကောင်ကဲ့သို့ ပြန်ပြေးရလိမ့်မည်။
သို့သော် ဤအရှင်မြို့စားက အရူးတစ်ယောက်မှန်း ရိဂ်ယုံကြည်သည်။ သူသာဆိုလျှင် သူကိုယ့်သူ ထိုကဲ့သို့ ရှက်ရွံ့ဖွယ်ကောင်းသည့် အခြေအနေသို့ ရောက်စေလိမ့်မည်မဟုတ်ချေ။
“ဒီရေမွှေးပုလင်းနဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားတာရှိလို့လား...ဒါက ကျောက်မျက်ရတနာတွေထက် တန်ဖိုးကြီးတာလား...”
ရိဂ်သည် ပုလင်းကိုပြတင်းပေါက်ဆီသို့မြှောက်၍ အလင်းရောင်ထဲတွင် ၎င်း၏ အရောင်ကိုဆန်းစစ်လိုက်သည်။ ထို့နောက် လေထဲသို့ချိန်၍ အေးအေးလူလူဖြင့် အနည်းငယ်ဖြန်းလိုက်၏။
မွှန်ထူနေသည့်အမွှေးရနံ့က ချက်ချင်းလှည်းတစ်ခုလုံးကို ပြည့်သွားပြီး သူ့ကိုမနှစ်မြို့ခြင်းများနှင့် မျက်မှောင်ကြုတ်သွားစေသည်။
သူသည် အလွန်အမင်းမွှေးကြိုင်သည့်ရနံ့များကိုမုန်း၏။ ၎င်းက ပင်လယ်ရေလှိုင်းကဲ့သို့ အဆုတ်များထဲ ချင်းနင်းဝင်ရောက်ကာ လေပြွန်တစ်လျှောက်ဝင်၍ အသက်ရှူရခက်ခြင်းများကို ဖြစ်ပေါ်စေသည်။ ဤကဲ့သို့သော ရေမွှေးမျိုးကို မိန်းမများဘာကြောင့်ကြိုက်လဲ သူတကယ်ကို နားမလည်နိုင်ချေ။
သူ့အမြင်တွင် အလန်းဆန်းဆုံးရနံ့မှာ သွေးနံ့နှင့် ဓားများရိုက်ခတ်ရာမှထွက်ပေါ်လာသည့် သတ္တုနံ့တို့သာဖြစ်၏။
ကျန့်ချောင် ခေါင်းကိုဖြေးညင်းစွာခါလိုက်သည်။ မျက်လုံးများကို နောက်တစ်ကြိမ်ပိတ်၍ ခဏလောက် တိတ်ဆိတ်နေလိုက်၏။
မူးဝေမှုများက သူ့အသံကိုနူးညံ့သွားစေပြီး ပုံမှန်ထက်နှေးကွေးသွားစေသည်။
“ထူးခြားတာဟုတ်ဟုတ်၊ မဟုတ်ဟုတ် တန်ဖိုးကြီးကြီး၊ မကြီးကြီး ဟယ်လင်ဂရန်းဒဲအရှေ့မှာ အဖြေတစ်မျိုးပေးပြီး အရှင့်အရှေ့မှာ အဖြေတစ်မျိုးပေးရင်ဖြစ်တယ်လေ”
ထိုစကားလုံးများနှင့်အတူ သူသည် မျက်လုံးများကိုဖွင့်၍ သူ့အရှေ့မှ ခြင်္သေ့ကို စူးစိုက်၍ကြည့်လိုက်သည်။
ရိဂ်ကမျက်ခုံးပင့်၍ စိတ်ဝင်တစားဖြစ်သွား၏။ “အိုး...ဟယ်လင်အတွက် အဖြေကဘာဖြစ်မလဲ...ပြီးတော့ ငါ့အတွက် အဖြေကရော”
ကျန့်ချောင် လက်ဆန့်ထုတ်လာသည်။
ရိဂ်က ရေမွှေးပုလင်းအား သူ၏အဖြူရောင်လက်ဖဝါးထဲသို့ ထည့်ပေးလိုက်၏။
ပုလင်းကိုယူလိုက်ပြီးနောက် ကျန့်ချောင်က ဖြေးညင်းစွာဆိုလာသည်။
”ဟယ်လင်ဂရန်းဒဲအရှေ့မှာတော့ ဒီရေမွှေးက သစ်မွှေး၊ ကတိုး၊ ပယင်း၊ အမွှေးဆီပြုလုပ်တဲ့နှင်းဆီမွှေးတွေပေါင်းစပ်ပြီး ကမ္ဘာ့အရှားပါးဆုံး၊ မြတ်နိုးတန်ဖိုးအထားရဆုံး ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတယ်လို့ပြောမှာပါ...။
နာမည်ကဘုရင်မနှင်းဆီလို့ခေါ်ပါတယ်...အပေါ်ပိုင်းက မီးခိုးငွေ့နဲ့ ထင်းရှူးသားလိုပဲ နူးညံ့ပြီးစွဲစွဲမြဲမြဲရှိတယ်...အလယ်ပိုင်းကကျ ပင်လယ်နှင့်အသူတရာချောက်နက်လို ကျယ်ပြန့်ပြီးနက်ရှိုင်းတယ်...အောက်ပိုင်းကကျ ကမ္ဘာမြေကြီးနဲ့ကောင်းကင်လို တည်ငြိမ်လှပတယ်
ဘုရင်မရဲ့နှလုံးသားကလည်း အဲ့လိုပဲဖြစ်သင့်တယ်...အရောင်အသွေးက ရွှေလိုတောက်ပပြီး ရွှေလောက်လည်း တန်ဖိုးကြီးတယ်...တိတိကျကျပြောရမယ်ဆိုရင် သူ့ရဲ့တခြားနာမည်က ‘ရွှေရည်’၊ ကမ္ဘာပေါ်မှာ တစ်ပုလင်းတည်းရှိတဲ့ ရေမွှေးဖြစ်တယ်...လုံးဝကိုထူးခြားတာမို့...ကမ္ဘာပေါ်က မျိုးရိုးအမြင့်ဆုံး အမျိုးသမီးသာလျှင် ပိုင်ဆိုင်ဖို့ထိုက်တန်ပါတယ်”
ဤရေမွှေးပုလင်း၏အရည်အသွေးများကို ဖော်ပြနေချိန်တွင် ကျန့်ချောင်က ပုလင်း၏လုံးဝန်းသည့် နေရာလေးကို သူ၏ရှည်လျားပြီး ပိန်ပါးသည့်လက်ချောင်းများဖြင့် ပွတ်သပ်နေ၏။
ဤလှုပ်ရှားမှုက ရိဂ်၏မျက်လုံးထဲတွင် မည်မျှစွဲမက်ဖွယ်ကောင်းနေသည်ကို သူလုံးဝသတိမထားမိချေ။
တကယ်လို့ သူ့ရဲ့လက်ချောင်းတွေက ပုလင်းမဟုတ်ဘဲ အခြားအရာတစ်ခုခုကို အရှေ့အနောက်ပွတ်သပ်နေရင် ဘာနဲ့တူလိမ့်မလဲ...ငှက်မွှေးလေးတစ်ချောင်းက အသားကိုဖြတ်ပြီးပွတ်နေသလို မဖော်ပြနိုင်တဲ့ခံစားချက်မျိုး...ခံစားရနိုင်လား...။
ထိုအကြောင်းကိုတွေးရင်း ရိဂ်က ခေါင်းငုံ့၍ ကြက်သီးမွေးညင်းများထလာသည့် သူ့လက်ကိုကြည့်လိုက်သည်။
“ဘုရင်မနှင်းဆီ၊ ရွှေရည်က ကမ္ဘာပေါ်မှာ ထူးခြားတယ်” ရိဂ်က အက်ရှနေသည့်အသံဖြင့် ပြောလိုက်သည်။
“လုံးဝကို သာမန်ထက်ကျော်လွန်တဲ့ပုံပေါ်တာပဲ...ဟယ်လင်စိတ်ကျေနပ်သင့်တယ်...ဒီတော့ ငါ့အရှေ့မှာရော ဘာပြောမလဲ”
သူက ရင်ဘတ်အရှေ့တွင် လက်ပိုက်ထားကာ မေးရိုးကိုပင့်ထားပြီး အမူအရာများက ထောင်လွှားနေသည်။ သို့သော် တကယ်တမ်းတွင် ကြက်သီးထနေသည့်လက်များကို ကွယ်ဝှက်ရန် ကြိုးစားနေခြင်းသာဖြစ်၏။
ဤဖလားဝါးဗေးလ်မြို့စားကို တွေ့လိုက်တိုင်း သူထူးထူးဆန်းဆန်းခံစားရသည်။
ကျန့်ချောင်ခဏလောက်တွေးတောလိုက်ကာ အသံတုံးတိပြောလိုက်သည်။
“အရှင့်ရှေ့မှာတော့ ဒါက တန်ဖိုးကြီးတဲ့ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားပြီး အရည်အသွေးညံ့တဲ့ ပုလင်းတစ်လုံးလို့ပြောမိမှာပါ...ဒါကို ကောင်းမွန်တဲ့နာမည်တစ်ခုပေးဖို့တောင် ကျွန်တော်ဂရုစိုက်နေမှာမဟုတ်ဘူး...
သစ်မွှေးရဲ့ တည်ငြိမ်မှုနဲ့ ကတိုးရဲ့ ကြွယ်ဝမှုတွေကို ရောနှောလို့မရသလို၊ ထင်းရှူးသားရဲ့ ကြွပ်ဆတ်မှုနဲ့ နှင်းဆီရဲ့ ချိုမြိန်မှုတွေကို လိုက်ဖက်တဲ့သံစဥ်တွေအဖြစ်ထုတ်မပေးနိုင်ဘူး...အနံ့အမျိုးမျိုးပေါင်းနေတာက ဆိုးဝါးတဲ့ ကပ်ဆိုးကြီးကို ထုတ်လွှတ်လိုက်တာပဲ...
အနံ့က ဆိုးဝါးလွန်းတယ်...အရသာခံနိုင်စွမ်းမဲ့ပြီး ပိန်းတိန်းတဲ့မိန်းမတွေသာ ဒီလိုထောင်ချောက်တွေမှာ မိတတ်ကြတာ....ပြီးတော့ ဟယ်လင်ဂရန်းဒဲက လုံးဝကိုအဲ့လိုမိန်းမျိုးပဲ...ဒါကြောင့် ဒါကိုလက်ဆောင်အဖြစ် ယူခဲ့တာပါ”
ထိုစကားလုံးများကိုပြောပြီးနောက် ကျန့်ချောင်က သူ၏ယခင်ကချစ်မြတ်နိုးဖွယ်အပြုအမူများကို လွှတ်ချကာ ရေမွှေးပုလင်းအား လက်ဆောင်သေတ္တာထဲသို့ပြန်ထည့်လိုက်သည်။
သူ့မျက်နှာပေါ်တွင် အမူအရာတစိုးတစိမှရှိမနေသော်လည်း မျက်လုံးနက်များထဲမှ သီးခြားဆန်မှုများကတော့ ရေမွှေးပုလင်းအပေါ် မနှစ်မြို့မှုများအားဖော်ပြရန်လုံလောက်သည်။
ရိဂ်က စက္ကန့်အနည်းငယ်လောက်မှင်သက်သွားကာ အားပါးတရရယ်လာလေသည်။
“ကောင်းတယ်...အရမ်းကောင်းတယ်...ငါရေမွှေးရဲ့ အရည်အသွေးကိုနားမလည်ဘူး ပြီးတော့ မင်းရဲ့စကားလုံးတွေက မှန်လား မသေချာပေမယ့် မင်းကအရမ်းနှုတ်ရေးကောင်းတယ်ဆိုတာကိုတော့ ဝန်ခံရမယ်...ဘယ်လို စိတ်ကျေနပ်စေရမလဲဆိုတာ သေချာသိတယ်...”
ရိဂ်က ဤသီးသန့်ဆန်သည့်လူအား တောက်လောက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ တကယ်တမ်းတွင် ဤအရှင်မြို့စား၌ ငွေကဲ့သို့လျှာရှိလေသည်။
ကျန့်ချောင် စိတ်အေးသက်သာစွာဖြင့် တိတ်တဆိတ်သက်ပြင်းချလိုက်၏။ သူသာ ဂရန်းဒဲကိုအုပ်စိုးသည့် လူများနှင့်ဆက်ဆံရေးကောင်းကောင်းတည်ဆောက်ထားနိုင်ပါက ဒီဆိုလတ်အတွက်လည်း အကျိုးအမြတ်ကောင်းများ ရလိမ့်မည်။
သူ့လုပ်ရပ်မှန်သည်ကိုသိသောကြောင့် ကျန့်ချောင်ဆက်ပြောလိုက်သည်။
“အရှင်...အမှန်အတိုင်းပြောရရင် မနေ့ညက နတ်သမီးမျက်ရည်ကို နန်းတော်ကိုပို့လိုက်ပြီးပါပြီ...အဲ့ဒါက အရှင့်အစ်မ၊ ဘုရင်မမိုအန်းလက်ထဲကို ရောက်နေပါပြီ”
ရိဂ်၏ရယ်မောသံများမှာ ရုတ်တရက်ရပ်သွားတော့၏။
အရည်အသွေးမရှိသည့် ရေမွှေးပုလင်းအား လက်ဆောင်ပေးခြင်းက ဟာသတစ်ခုအပြင်မပိုသော်လည်း နတ်သမီးမျက်ရည်အား သူ့အစ်မဆီသို့ပို့လိုက်ခြင်းကတော့ ကျန့်ချောင်က ဟောလ်နှင့်ဟယ်လင်တို့အား စစ်ကြေညာလိုက်ခြင်းပင်။ သူကအလွန်ကိုပါးနပ်သောကြောင့် ထိုမောင်နှမတွင် မည်ကဲ့သို့ဒေါသမျိုးရှိမှန်း သတိမထားမိဘဲ နေလိမ့်မည်မဟုတ်ချေ။
ဟယ်လင်က ထေ့ငေါ့တတ်ပြီးရိုင်းစိုင်းကာ ဟောလ်ကတော့ ရက်စက်ကြမ်းတမ်းသည်။ သူတို့က မည်သည့်ဥပဒေနှင့် ကိုယ်ကျင့်တရားမျိုးကိုမှ မလိုက်နာချေ။ သူတို့ကိုစော်ကားသည့် မည်သူမဆို ဆိုးဝါးသည့်ဘဝကိုပိုင်ဆိုင်ရမည်၊ သို့မဟုတ် အသတ်ခံရလိမ့်မည်။
“သေရမှာကို မကြောက်ဘူးလား” ရိဂ်က အသံနက်နက်ဖြင့် မေးလိုက်၏။
“ကြောက်ပါတယ်...ဒါကြောင့်လည်း ဒီလိုရွေးချယ်မှုကိုလုပ်ခဲ့တာပေါ့” ကျန့်ချောင်က ခေါင်းမော့ကာ တစ်ဖက်လူ၏ မျက်လုံးထဲသို့သေချာကြည့်၍ အသံမှာတည်ငြိမ်နေသည်။
“ဘာလို့ဆို အရှင်နဲ့အရှင့်အစ်မတို့က နောက်ဆုံးမှာ အနိုင်ရသူတွေဖြစ်မယ်ဆိုတာ ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်တယ်”
ဂရန်းဒဲမိသားစု၏ပဋိပက္ခကြားထဲ ဝင်ပါမိကတည်းက ကျန့်ချောင်သည် အတင်းအကြပ်ဘက်ရွေးရန် ခိုင်းခံခဲ့ရသည်။ ဘုရင်မမိုအန်း၏ တည်ကြည်မှု၊ စည်းမျဥ်းများ၊ နည်းလမ်းများနှင့် ရိဂ်၏ခေါင်းမာသည့် စိတ်ဓာတ်နှင့် အကြောက်အရွံ့ကင်းမှုများကို တွေးကြည့်လျှင် ဟောလ်နှင့်ဟယ်လင်တို့ ဆယ်ယောက်မကရှိနေလျှင်တောင် တစ်ဖက်မောင်နှမတို့အတွက် သင့်တော်သည့်ပြိုင်ဘက်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ကျန့်ချောင်သေချာသိ၏။
ထို့အပြင် သူ၏ခန့်မှန်းချက်များကို မှန်ကန်ကြောင်းသက်သေပြပေးလိုက်သည်။
မနေ့၌ သူကနတ်သမီးမျက်ရည်အား ဘုရင်မိုအန်းထံသို့ အမှတ်တံဆိပ်အဖြစ်ဆက်သခဲ့ပြီး ဒီနေ့တွင် သူ၏အကြီးမားဆုံးပြဿနာဖြစ်သည့် ဟောလ်က ပြဿနာတစ်စုံတစ်ရာမရှိဘဲ ရိဂ်၏သပ်သပ်ရပ်ရပ် ဖြေရှင်းခြင်းခံလိုက်ရသည်။
တစ်ယောက်ချင်းယှဥ်သည့်သတင်းများပြန့်သွားပြီးနောက် မည်သူကမှ ဟောလ်အား တရားမမျှတဘဲ သေသွားသည်ဟု မပြောရဲကြချေ။ ကျန့်ချောင်၏ငွေစာရင်းစာအုပ်များကိုတောင် သူကြည့်သွားခွင့်မရလိုက်ချေ။
“ဒါဆို စိတ်ကျေနပ်ရဲ့လား” ကျန့်ချောင်က နူးညံ့သည့်အသံလေးဖြင့် ခေါင်းညိတ်ကာမေးလိုက်၏။
“ကျေနပ်တယ်” ရိဂ်က သေလောက်စရာအကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးများက နက်မှောင်ကာ မခန့်မှန်းနိုင်ဖြစ်နေ၏။
“ဒီတော့ ကျေနပ်တယ်ပေါ့” ကျန့်ချောင်က တစ်ဖက်လူကိုကြည့်၍ နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
ဂလော်ရီယာသည် ပြောင်းလဲတော့မည်ဟု သူခံစားနေရသည်။ လာမည့်မုန်တိုင်းနှင့်ရင်ဆိုင်ရသည့်အခါ ဤမြေ၏ တောတောင်များက အခြေအုတ်မြစ်များအထိ တုန်လှုပ်သွားကြလိမ့်မည်။ ထိုအချိန်၌ အနက်ရှိုင်းဆုံးတွင် အခိုင်မာဆုံးအမြစ်များရှိသည့် အကြီးမားဆုံးသစ်ပင်ကြီးကို သူမှီခိုရလိမ့်မည်။ ထို့အပြင် ရိဂ်က ထိုသစ်ပင်ကြီးဖြစ်၏။ တစ်ဖက်လူနှင့် သူ့ကိုယ်သူရစ်ပတ်ရန်ငြင်းဆန်သော်လည်း မိတ်ဆွေလုပ်ရန်တော့ သူဆန္ဒရှိသည်။
ရိဂ်က လှည်းပြတင်းပေါက်နှင့်အဝေးမှဖယ်လိုက်ကာ အလင်းမရောက်နိုင်သည့်နေရာတွင် သူ့ကိုယ်သူ ဖုံးကွယ်လိုက်ရင်း အသံနက်နက်ဖြင့် ပြောလိုက်သည်။
“အရှင်မြို့စား...မင်းက ငါ့ကို အချိန်တိုင်းသေချာ စိတ်ကျေနပ်စေတယ်”
“အဲ့လိုဆို ကျွန်တော်အရင်သွားတော့လို့ရမလား”
ထိုအခါမှသာ ကျန့်ချောင်က လက်ကိုင်ပုဝါလေးကိုထုတ်၍ နဖူးနှင့်နှာခေါင်းထိပ်မှ ချွေးသီးလေးများကို ဖြေးညင်းစွာ သုတ်လိုက်သည်။
မူးဝေခြင်းနှင့်တိုက်ပွဲဝင်ပြီးနောက် သူသိသိသာသာပင်ပန်းသွားခဲ့သည်။ အနားယူရန် အသည်းအသန် လိုအပ်နေ၏။
ရိဂ် ပြန်ပြောမလာချေ။ တစ်ခဏလောက် သူစိုက်ကြည့်လာသည်။
အရိပ်များက သူ့မျက်နှာအမူအရာကို ကွယ်ဝှက်ထားသော်လည်း သူ့မျက်လုံးထဲမှ အန္တရာယ်ကိုတော့ ဖုံးမထားနိုင်ကြချေ။
ကျန့်ချောင်က တစ်ခုခုမှားပြောမိ၍ ခြင်္သေ့ကိုစော်ကားမိပြီလားဟုတွေးလိုက်၏။ သို့မဟုတ်လျှင် တစ်ဖက်လူက ဤကဲ့သို့လူစားချင်နေသည့်မျက်လုံးများ ဖော်ပြမလာလိမ့်မည်မဟုတ်ချေ။
အခြေအနေကိုပြုပြင်ရန် ကြိုးစားလိုက်ချိန်မှာပင် ရိဂ်ကရုတ်တရက်လှည်းတံခါးကို ဖွင့်ကာ ခုန်ထွက်သွားသည်။ အနောက်သို့ လှည့်မကြည့်ဘဲ သူပြောလိုက်၏။
“ဒီနေ့အချိန်ကောင်းလေးပိုင်ဆိုင်ခဲ့တယ်...အဲ့ဒီ စိတ်ကျေနပ်မှုတွေရဲ့ အဓိက မင်းဆီကနေလာတာပဲ...ဒီတော့ မင်းကိုသွားခွင့်ပြုလိုက်မယ်”
“ချီးကျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...ကျွန်တော်လည်း အချိန်ကောင်းလေးပိုင်ဆိုင်ခဲ့ပါတယ်”
ကျန့်ချောင် သူလိမ်နေမှန်းသိ၏။ တကယ်တမ်းတွင် ဒီနေ့က အလွန်ဆိုးဝါးသည့်နေ့တစ်နေ့ဖြစ်သည်။ သွေးကိုနောက်တစ်ကြိမ်တွေ့လိုက်ခြင်းက ခြောက်ခြားဖွယ်ကောင်းသည့် မှတ်ဉာဏ်များကို ပြန်ခေါ်လာကာ မိနစ်အနည်းငယ်ပင် သတိလစ်သွားခဲ့သည်။ ဒီနေ့ကို ဖော်ပြမည်ဆိုလျှင် “ကပ်ဆိုး” ဆိုသည့် စကားလုံးနှစ်လုံးတည်းဖြင့် ဖော်ပြနိုင်သည်။
ရိဂ်က သူ့ရန်သူကို ရှင်းထုတ်ပြီးနောက် ယခုတွင် ဂရန်းဒဲအား သူ့လက်ထဲတွင်သေချာကိုင်ထားကာ တိုက်ကိုအုပ်စိုးမည့် ဆုံးဖြတ်ချက်ချသူများထဲမှတစ်ယောက်ဖြစ်လာလိမ့်မည်။ သူဘာကြောင့် မပျော်ဘဲ နေမည်နည်း။
သို့သော်လည်း ရိဂ်ပြောသွားသည်များကတော့ မှန်၊ မမှန် ကျန့်ချောင်မတွေးနိုင်ချေ။
ဂရန်းဒဲကို ချုပ်ကိုင်ခြင်းက ရိဂ်အတွက်ဖြစ်တည်ထားပြီးသားဖြစ်သည်။ အရာအားလုံးက ပုံမှန်အတိုင်းဖြစ်နေကာ ၎င်းနှင့်ပတ်သက်၍ သူဘာကြောင့် ခံစားချက်ပြင်းပြင်းထန်ထန်ရှိနေရမည်နည်း။ သို့သော် ဖလားဝါးဗေးလ်မြို့စားမှ “အဆုံးမှာ အရှင်ကအောင်နိုင်သူဖြစ်လာလိမ့်လို့ ယုံကြည်တယ်” ဟုပြောလာချိန်တွင် သူနှလုံးသားလေး ပြင်းပြင်းထန်ထန်ခုန်သွားရသည်။
အောင်နိုင်ခြင်း၏ ပျော်ရွှင်ခြင်းနှင့်မာနက ယခုမှသူ့နှလုံးသားအောက်ခြေမှ တိုးထွက်လာကာ လမ်းလျှောက်သွားတိုင်း အပြုံးတစ်ခုပေါ်ထွန်းနေ၏။
မြို့စားကြီးရဲတိုက်သို့မဝင်ခင် သူသည် ဖလားဝါးဗေးမြို့စား၏လှည်းကိုလှည့်ကြည့်လိုက်သည်။
ကျန့်ချောင်က ခေါင်းလေးထွက်လာကာ သူ၏သေးသွယ်သည့်လက်ချောင်းများဖြင့် တူညီစွာသေးသွယ်နေသည့် မျက်ခုံးနားတွင် ဆန့်တန်းကာ နှုတ်ဆက်သည့်ပုံစံဖြင့်အလေးပြုလိုက်၏။
ရိဂ်က ဘယ်တော့မှပြေပျောက်မသွားမည့်မြူစိုင်ထဲသို့ သူပျောက်မသွားမချင်း နက်ရှိုင်းစွာ စိုက်ကြည့်နေလိုက်မိ၏။
.......
ကျန့်ချောင်က တည်းခိုဆောင်သို့ပြန်ရောက်သောအခါ နန်းတော်သို့ ကျောက်မျက်သွားပေးရန် လွှတ်လိုက်သည့် သူရဲကောင်းတပ်မှူးလည်းပြန်ရောက်လာခဲ့သည်။ သူကဦးညွှတ်၍အသံနိမ့်နိမ့်ဖြင့် ပြောလာ၏။ “ကျွန်တော်မနေ့ညက နန်းတော်မှာနေခဲ့ပါတယ်...ကျွန်တော်ထွက်လာတော့ ဘယ်သူ့ကိုတွေ့ခဲ့တယ်ထင်ပါသလဲ”
“ဟယ်လင်ဂရန်းဒဲ” ကျန့်ချောင်က သေချာနေသည့်အသံဖြင့် ပြောလိုက်သည်။
“ဟုတ်ပါတယ်...သခင်မဟယ်လင်ပါ...သူမကို သွေးတွေပေကျံနေတဲ့စကပ်နဲ့ နန်းတော်အပြင်ကို ခေါ်ထုတ်သွားတာ တွေ့လိုက်ပါတယ်...ကိုယ်ဝန်ပျက်ကျသွားတာပါ...သူမကိုအရမ်းချစ်တဲ့ဘုရင်မင်းမြတ်ကလည်း သခင်မီအာကို ရင်ခွင်ထဲထည့်ထားနေပါပြီ...သူက သခင်မဟယ်လင်ကိုလက်ညှိုးထိုးပြီး ခွေးမလို့ခေါ်ပါတယ်...ပြီးတော့ သူမကို နန်းတော်ထဲကိုဘယ်တော့မှထပ်ဝင်မလာအောင် တားမြစ်လိုက်ပါတယ်”
“ဘာလို့သခင်မမီအာကနန်းတော်ထဲကိုရောက်နေတာလဲ” ကျန့်ချောင်က မျက်ခုံးများကိုတွန့်ချိုး၍ မေးလိုက်သည်။
“သခင်မမီအာက ဘုရင်အနှစ်သက်ဆုံးအငယ်အနှောင်းဖြစ်တဲ့ သခင်မဒူပွန့်ရဲ့ မိတ်ဆွေရင်းဖြစ်နေတာပါ...သခင်မမီအာက အရှင်ရိဂ် သူမကိုလက်တုံ့ပြန်မှာစိုးလို့ သခင်မဒူပွန့်ဆီ ခိုကိုးရာရှာပြီး နန်းတော်ထဲပြေးခဲ့တာ...ဘုရင့်အိမ်တော်ဝန်က သူမကိုအခန်းငယ်လေးထဲမှ စောင့်ခိုင်းနေပေမယ့် သခင်မဒူပွန့်အစား ဘုရင်မင်းမြတ်ဝင်လာခဲ့ပါတယ်...သူကမူးနေခဲ့ပြီး နှစ်ယောက်သား အိပ်ခဲ့ကြတယ်...ဘယ်ယောက်ျားကမှ သခင်မမီအာရဲ့ ဖျားယောင်းကိုမခုခံနိုင်ကြလို့ ဘုရင်မင်းမြတ် သူမလက်ထဲ ရောက်သွားတာလဲ သဘာဝပါပဲ...သူတို့နှစ်ယောက် ချစ်စိတ်ပြင်းပြနေချိန်မှာ သခင်မဟယ်လင်က အလျင်အမြန်ပြေးဝင်လာခဲ့ပါတယ်...သူမက သခင်မမီအာကိုဆွဲပြီး ကန်ကျောက်ရိုက်ပုတ်ခဲ့တယ်...ဒါပေမယ့် ဘုရင်မင်းမြတ်က သူမကိုအားပြင်းပြင်းနဲ့တွန်းလိုက်လို့ သူမကိုယ်ဝန်ပျက်ကျသွားခဲ့ရတယ်”
သူရဲကောင်းတပ်မှူးက နန်းတော်ထဲမှ ပဋိပက္ခများကို အကျဥ်းချုပ်ရှင်းပြလိုက်သည်။
ဖြစ်စဥ်က ရိုးရှင်းသည့်ပုံပေါ်သော်လည်း ကျန့်ချောင်ကတော့ ရိုးရှင်းသည်ဟုမထင်ချေ။
သခင်မမီအာက ဘာလို့အရက်မူးနေတဲ့ ဘုရင်ချားလ်စ်(၃)နဲ့ ဘာလို့တွေ့တာလဲ...ဘယ်သူကရော ဘုရင်ချားလ်စ်(၃)ကို မူးစေခဲ့တာလဲ...ဟယ်လင်က သူတို့နှစ်ယောက်ပျော်ပါးနေတဲ့ အဆောင်ထဲကို အတားအဆီးမရှိဘဲ ဘယ်လိုလုပ်ဝင်သွားလို့ရတာလဲ...ကိုယ်ဝန်ပျက်ကျတာက တွန်းချခံလိုက်ရတာလေးနဲ့တင် ဖြစ်နိုင်လို့လား...။
အဲ့လို ဖြစ်ရပ်ဆက်တိုက်တွေက နောက်ကွယ်ကထိန်းချုပ်နေပြီး အင်အားကြီးတဲ့လက်တစ်စုံမရှိဘဲ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်တွေ့ပြီး ဘယ်လိုလုပ်ကြေကွဲဖွယ် အဆုံးသတ်ရမလဲ။
သေချာတာကတော့ နန်းတော်ထဲကလူတစ်ယောက်အတွက် အဲ့ဒါက ကြေကွဲစရာလုံးဝဟုတ်မနေဘူး...။
ကျန့်ချောင်က မျက်လုံးထောင့်လေးကိုထိ၍ရေရွတ်လိုက်သည်။
“ကြည့်ရတာ ငါနတ်သမီးမျက်ရည်ကို မှန်မှန်ကန်ကန်ပို့လိုက်တဲ့ပုံပဲ”
👊