Chapter 24
Viewers 4k

🏡 Chapter 24

မိသားစုအနေဖြင့် အတူတူအလုပ်လုပ်ကြခြင်း



ကျန်းလီယွင်၏ အစောပိုင်းတွက်ချက်မှုများအရဆိုလျှင် ဖက်ထုပ်ကြော်ရောင်းခြင်းကို အသေးစိတ်ခန့်မှန်းလျှင်ပင် အနည်းဆုံး အမြတ်ငါးပုံတစ်ပုံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဖက်ထုပ်ကြော်ဆယ်ယွမ်ဖိုးရောင်းရတိုင်း သူမအတွက်အမြတ်နှစ်ယွမ်ရ၏။


ထို့ကြောင့် ယနေ့တွင်သူမက အမြတ်ချည်း ၁၄ယွမ်ခန့် ရခဲ့ပေသည်။


ဤပမာဏက အလွန်နည်းပုံပေါ်သော်လည်း သူမက နေ့တိုင်း ၁၄ယွမ်ရနိုင်မည်ဆိုပါက တစ်လလျှင် ယွမ် ၄၂၀နီးပါးရမည်ဖြစ်သည်။


ယွမ်လေးရာကျော်ကြီးလေ…


အရင်က ငါနဲ့ ဖုန်းရီနှစ်ယောက်လုံး အလုပ်လုပ်ရင်တောင်မှ တစ်လကိုယွမ် ၂၀၀ မကျော်ဘူး…


ကျန်းလီယွင်က ရုတ်ချည်းပင် အင်အားများပြည့်နှက်လာသည်။


ဝူရှောင်ချွန်းနှင့် အဖေကျန်းတို့သာ ဖက်ထုပ်လုပ်ရာ၌ကူညီပေးပါက သူမကတစ်နေ့လျှင်ဖက်ထုပ်အခု တစ်ထောင်ခန့် ရောင်းနိုင်လိမ့်မည်။ တစ်လလျှင်ယွမ် ၅၀၀ - ၆၀၀ခန့် ရရန်က ပြဿနာမရှိပေ။


ထို့နောက်တွင် အဖေကျန်းနှင့် ဝူရှောင်ချွန်းအား ဖက်ထုပ်ကူလုပ်ပေးသည့်အတွက် တစ်ယောက်ကိုယွမ် ၁၀၀ပေးလိုက်မည်။


သူမ၏ ယခင်ဘဝတွင် ကျန်းလီယွင်က ဖြည်းဖြည်းချင်းပိုက်ဆံရှာပြီး ဖြည်းဖြည်းချင်း ချမ်းသာလာခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အတွင်းတွင် လူအများအပြားက နေ့ချင်းညချင်း မီလီယံနာများဖြစ်လာပြီးနောက် ရုတ်တရက်အတွင်းမှာပင် ဒေဝါလီခံခဲ့ရသည်များကို မြင်ခဲ့ရ၏။


သူမက နေ့ချင်းညချင်းချမ်းသာလာရန် မမျှော်လင့်ထားပေ။


ကျန်းလီယွင်က ချမ်းသာမှုကို ဖြည်းဖြည်းချင်းစုစည်းရန်ယုံကြည်ထား၏။ သူတို့ ကြွယ်ဝလာသောအခါ အ‌ခွင့်ကောင်းများကို နည်းနည်းချင်း အရယူရလိမ့်မည်။


“ငါတို့ ဒီနေ့၁၃ယွမ်ရခဲ့တယ်…”

ကျန်းလီယွင်က ပြုံးကာပြောပြလိုက်သည်။


“အဲ့လောက်တောင်များလား…”

ဖုန်းရီက အလွန်အံ့ဩသွားသည်။ သူဆိုလျှင် စက်ရုံတွင် တစ်နေ့လုံးလုပ်မှ ၃ယွမ်ကျော်ကျော်သာ ရလေသည်။


“ဒီနေ့က ပထမဆုံးနေ့မလို့ ငါတို့တွေ သိပ်မရောင်းရတာ နောက်ဆို ဖက်ထုပ်တွေပိုလုပ်လာရင် ငါတို့ ပိုပြီးတောင်ရလာလိမ့်မယ်…”

ကျန်းလီယွင်က ရှင်းပြလိုက်သည်။


ဖုန်းရီ၏မျက်လုံးများက တလက်လက်တောက်သွားသည်။

ငါ့ရဲ့အစ်မလီယွင်က တကယ်ကိုအံ့ဩဖို့ကောင်းတာပဲ… ငါနဲ့ ဆိုင်ဖွင့်‌တဲ့ပထမဆုံးနေ့မှာတင် ပိုက်ဆံအများကြီးရှာနိုင်ခဲ့တယ်…


“သိမ်းဆည်းပြီးပြန်ကြရအောင် မနက်က စောစောထထားရလို့လားမသိ ထူးထူးဆန်းဆန်းကိုပင်ပန်းနေတယ် အိမ်ပြန်ပြီး ခဏလောက်အိပ်ချင်လာပြီ…”

ကျန်းလီယွင်က အကြံပေးလိုက်သည်။


သူမက နေ့ခင်းတွင် တစ်ရေးအိပ်ပြီးနောက် မနက်ဖြန်စီးပွားရေးအတွက်ပြင်ဆင်ရန် စဉ်းစားထား၏။


ဆိုင်တစ်ခုဖွင့်ခြင်းမှာ အမှန်တကယ်ပင်ပန်း၏။အထူးသဖြင့် စက်များ၏အကူအညီမပါလျှင်ဖြစ်သည်။


ကျန်းလီယွင်က သူမ၏ယခင်ဘဝမှ အဖြစ်အပျက်တစ်ခုကို ရုတ်တရက်တွေးမိသွားသည်။


ထိုအချိန်က သူမကိုဂရုစိုက်ပေးသောသူက ပုံပြင်ဇာတ်လမ်းများ နားထောင်ရသည်ကိုသဘောကျ၏။ တစ်ခါတွင်သူမက အမျိုးသမီးဇာတ်လိုက် ဆိုင်ဖွင့်သည့် ရှေးခေတ်ဝတ္ထုတစ်ပုဒ်ကို နားထောင်ခဲ့သည်။ ဝတ္ထုထဲမှဇာတ်လိုက်မက ပေါက်စီနှင့်ဖက်ထုပ်များရောင်းကာ တစ်ခါတစ်လေတွင် အသားပေါက်စီကြီးများကို ရာနှင့်ချီရောင်းရ၏။ ၎င်းက သူမကို လုံးဝကြောင်အသွားစေခဲ့သည်။


သူမ၏အတွေ့အကြုံအရဆိုလျှင် အမျိုးသမီးဇာတ်လိုက်တစ်ယောက်တည်းဖြစ်နေသည့် အခြေအနေ၌ ပေါက်စီအများကြီးအတွက် ဂျုံနယ်ပြီးအသားနုတ်နုတ်စင်းခြင်းကပင် နာရီအနည်းငယ်ကြာမည်ဖြစ်သည်။ ရာချီသည့်ပေါက်စီများပေါင်းရန် ပေါင်းခြင်းများစွာနှင့် အချိန်အကြာကြီးသုံးရမည့် ထင်းများစွာလည်း လိုလိမ့်မည်။


‌ဖက်ထုပ်က ပို၍ပင် ဒုက္ခများသေးသည်။ ဖက်ထုပ်‌ကြော်အတွက် ဖက်ထုပ်ရွက်များက လိပ်ရန်လွယ်ကူပြီး အထူးသဖြင့် သူမလိုကျွမ်းကျင်သည့်သူအတွက် ဖြစ်သည်။ သို့သော် ထိုဖက်ထုပ်အရွက်များကမူ လုပ်ရန်လွယ်မနေပေ။


ဖက်ထုပ်ရွက်လုပ်တာက အစပဲရှိသေးတယ်… အဆာသွပ်ဖို့ကျန်သေးတယ်… အမျိုးသမီးဇာတ်လိုက်က ခေါင်းသုံးလုံး၊‌လက်ခြောက်ဖက်ရှိမှပဲ အဲ့ဒါတွေကို ပြီးအောင်လုပ်နိုင်လိမ့်မယ်…


ခေတ်မီပေါက်စီဆိုင်များက ပေါက်စီများစွာလုပ်နိုင်သည်မှာ သူတို့တွင်ဂျုံနယ်သည့်စက်နှင့် အသားကြိတ်စက်များရှိနေသောကြောင့်ဖြစ်သည်။


အနာဂတ်တွင် အချို့ဆိုင်များဆိုလျှင် အသင့်စားဖက်ထုပ်များကိုဝယ်ကာ ဤအတိုင်းပေါင်း‌ရုံလေးလုပ်ပြီး ရောင်းလာကြ၏။


သူမ၏ ယခင်ဘဝတွင် ပါဝင်ပစ္စည်းများလုပ်ခြင်းက ဒုက္ခများသောကြောင့် အစပိုင်းတွင် သူမကအလုပ်မများသည့်အစားအစာများကိုသာ ရောင်းခဲ့သည်။ ဥပမာ - ခေါက်ဆွဲပြုတ်လိုမျိုးပင်။ သူမက စားသုံးသူလာသည်နှင့်ခေါက်ဆွဲတစ်ပွဲချပေးလိုက်ရုံသာ ဖြစ်သည်။


ထိုအကြောင်းပြောရလျှင် သူမ၏ ယခင်ဘဝ၌ လက်ဖက်ကြက်ဥများရောင်းခဲ့ဖူးကာ အနာဂတ်တွင်လည်း လက်ဖက်ကြက်ဥများပြန်ရောင်းရန် စဉ်းစားထားပေသည်။


လက်ဖက်ကြက်ဥများက လူသိမများသော်လည်း လုပ်ရလွယ်ကူ၏။


ကျန်းလီယွင်တို့သိမ်းဆည်းပြီးသောအခါ ကိုးနာရီကျော်နေပြီဖြစ်ပြီး မနက်ပိုင်းဈေးလည်း လူရှင်းသွားပြီဖြစ်သည်။


ကျန်းလီယွင် ပင်ပန်းနေသည်ကိုမြင်သောအခါ ဖုန်းရီကသူမကိုလှည်းထဲတွင် တင်ခေါ်သွားချင်သော်လည်း အထဲမှပစ္စည်းများက ယမန်နေ့ကထက်ပင် များနေကာ ပြည့်နှက်နေပြီဖြစ်သည်။


ဖုန်းရီက သက်ပြင်းချလိုက်ကာ လှည်းကိုဆွဲပြီး ကျန်းလီယွင်နောက်မှသာ လိုက်သွားလိုက်သည်။


သူဘယ်တော့မှ ကျန်းလီယွင်ကို လှည်းပေါ်တင်ခေါ်သွားနိုင်မည် မသိပေ။


အဖေကျန်းက ခြေထောက်မကောင်းသော်လည်း အတော်လေးလမ်းလျှောက်မြန်၏။ သို့သော် ကျန်းလီယွီကမူ အကောင်သေးသဖြင့် မြန်မြန်မလျှောက်နိုင်ပေ။


သူတို့အုပ်စုက ဖြည်းဖြည်းချင်းပြန်လာကြကာ ရံဖန်ရံခါအသိများနှင့် ဆုံလေသည်။


အဖေကျန်းက အနေအေးကာ အများဆုံးအနေဖြင့် ခေါင်းညိတ်ပြရုံမျှသာရှိသော်လည်း ကျန်းလီယွင်ကမူ လူတိုင်းနှင့် စကားပြောနိုင်သည်။


“မင်္ဂလာပါ ဦးလေးကျန်း…”


“ကျွန်မတို့ မြို့ထဲမှာဆိုင်ဖွင့်ပြီးပြန်လာကြတာပါ…”


“ကျွန်မက မြို့ထဲမှာ ဖက်ထုပ်ကြော်ရောင်းနေတာလေ… နောက်တစ်ခါမြို့ထဲရောက်ရင် လာဝယ်နော်…”


...


ကျန်းလီယွင်၏ဆိုင်ကိုသိသောသူများ တိုးလာ၏။


အချို့ကသိချင်စိတ်ဖြင့် သူတို့ဝင်ငွေကိုမေးမြန်းကြသည်။


“ဒီနေ့က ပထမဆုံးနေ့ဆိုတော့ အိုးနင်းခွက်နင်းပဲဘယ်လောက်မှမရခဲ့ပါဘူး နောက်ပိုင်းကို စောင့်ကြည့်ရမှာပေါ့…”


“ဆိုင်တစ်ဆိုင်ဖွင့်ဖို့ကုန်ကျငွေကလည်း မနည်းဘူးလေ…”


“ကျွန်မ နောက်ထပ်ရက်နည်းနည်းလောက် ထပ်လုပ်ကြည့်ဦးမယ်…”


ကျန်းလီယွင်၏စကားများက သေချာရွေးချယ်ထားခြင်းဖြစ်သည်။


“ဖုန်းရီ ငါတို့တွေ အလုပ်ကြိုးစားကြတာပေါ့ ပြောမရဘူးတစ်လအတွင်းမှာဘဲ ယွမ်တစ်ထောင်ကျော်ရနိုင်ခဲ့ရင် ရွာထဲမှာ အိမ်ဆောက်လို့ရပြီ ငါတို့နှစ်ယောက်တည်းအတွက်အိမ်လေ…”


သူမက အိမ်တစ်လုံးဝယ်ချင်သော်လည်း ဖုန်းရီနားလည်နိုင်မည်မဟုတ်သဖြင့် ရွာထဲတွင် အိမ်ဆောက်မည့်အကြောင်းသာ ပြောလိုက်သည်။ ထိုသို့ဆိုလျှင် သူလည်းသေချာပေါက်မျှော်လင့်နေမှာပင်။


ဖုန်းရီက အမှန်ပင်မျှော်လင့်နေ၏။


ငါတို့အိမ်… ငါတို့နှစ်ယောက်ရဲ့အိမ်…


ငါတို့သာအိမ်ဆောက်နိုင်ခဲ့ရင် ငါ့မှာအိမ်တစ်လုံးရှိလာတော့မှာပေါ့…


ဖုန်းရီ၏စိတ်လှုပ်ရှားမှုများကို မထိန်းထားနိုင်ပေ။ သူကလှည်းကိုဆွဲကာ အဝေးကြီးအထိပြေးမိသွားသည်။


ကျန်းလီယွင် :“တကယ်ကို အားအင်တွေပြည့်နေတဲ့ လူငယ်လေးပါလားနော်…”


မနက်က ဖုန်းရီအိပ်ရေးမဝခဲ့သော်လည်း သူ့တစ်ကိုယ်လုံးတွင် အင်အားများဖြင့်ပြည့်နေသလို ခံစားနေရ၏။ ကျန်းလီယွင်က သူနှင့်အတူနေမည့်အိမ်အကြောင်း ပြောလာ၏။


အတူတူနေကြမှာတဲ့…


ငါ ဘယ်လိုများ အဲ့ဒါကိုမတွေးခဲ့ဖူးတာလဲ… ငါ ပိုက်ဆံတွေပိုစုပြီး ရွာထဲမှာ အိမ်တစ်လုံးဆောက်လို့ရတယ်လေ…


အဲ့လိုဆို ငါနဲ့ကျန်းလီယွင်မှာ ကိုယ်ပိုင်အိမ်ရှိလာလိမ့်မယ်…


အတော်လေးဝေးသည်အထိ ပြေးမိပြီးမှ ဖုန်းရီတစ်ယောက်ကျန်းလီယွင်တို့ကို နောက်မှာချန်ခဲ့မိကြောင်း သတိထားမိသွားသည်။ သူက ရှက်ရှက်ဖြင့်ရပ်လိုက်ကာ လှည်းထဲမှပစ္စည်းများကို စစ်ကြည့်လိုက်သည်။


အထဲမှာ ဘာမှမဖြစ်သွားဖို့တော့ မျှော်လင့်တာပဲ…


ကံကောင်းထောက်မစွာဖြင့် ကျန်းလီယွင်က အရာအားလုံးကို စနစ်တကျထုပ်ပိုးထားကာ မီးသွေးမီးဖိုကိုလည်း ပြုတ်ကျမည်စိုးသဖြင့် ဘောင်တစ်ခုပေါ်တွင် သေချာတင်ထား၏။ ဖုန်းရီက သူတို့ကိုစောင့်ရင်း အနာဂတ်အတွက်စတင်စဉ်းစားလိုက်သည်။


ငါ မနက်ဖြန်ကျရင် စောစောထရမယ်… ပြီးရင်မြို့ကိုသွားပြီး ဖက်ထုပ်များများရောင်းမယ်…


ဒါနဲ့ ငါတို့အိမ်ကို ဘယ်လိုဆောက်သင့်လဲ…


သူ့စိတ်ထဲ၌ အတွေးမျိုးစုံနှင့် လုံးပမ်းနေချိန်တွင် ကျန်းလီယွင်တို့က သူ့နားရောက်လာသည်။ ဖုန်းရီက ကျန်းလီယွင်ကို ပြောစရာအများကြီးရှိသော်လည်း အဖေကျန်းနှင့်ကျန်းလီယွီတို့ရှိနေသဖြင့် ခေါင်းငုံ့ပြီး လှည်းကိုသာ အသံတိတ်ဆွဲသွားလိုက်သည်။


မြို့မှ ကျန်းအိမ်သို့ပြန်ရောက်ရန် မိနစ်လေးဆယ်ကြာ၏။သူတို့ပြန်ရောက်သောအချိန်တွင် ဆယ်နာရီထိုးနေပြီဖြစ်သည်။ ဝူရှောင်ချွန်းချက်ပြုတ်နေသည်ကိုမြင်သောအခါ ကျန်းလီယွင်က အင်္ကျီလက်ကိုမ'ပြီး နေ့လယ်စာချက်ရန် ပြင်လိုက်သည်။


ဝူရှောင်ချွန်သာမက အဖေကျန်းပါ ချက်ပြုတ်တတ်သော်လည်း သူတို့ချက်သည်မှာ တစ်ခါတလေတွင်အလွန်ဆီများကာ ဆားငန်တတ်၏။ ကျန်းလီယွင်က သူမကိုယ်တိုင်သာဝင်ချက်လိုသည်။


သူမက ကန်စွန်းရွက်များအား ဝက်ဆီဖြင့်ကြော်ကာ မျှစ်များကိုနှပ်လိုက်သည်။ အသားဟင်းအတွက် မနက်ကတည်းက ဖက်ထုပ်မှအသားအဆာသွပ်အချို့ကိုဖယ်ထားပြီးသားဖြစ်သည်။ ဝူရှောင်ချွန်းက ထိုအသားများကို ကြက်ဥအနည်းငယ်နှင့်ရောကာ စင်ပေါ်တင်ပြီးပေါင်းလိုက်သည်။


အသားနဲ့ကြက်ဥပေါင်းက အမြဲတမ်းကို အရသာရှိနေတုန်းပဲ…


နေ့လယ်စာစားနေချိန်တွင် ဝူရှောင်ချွန်းသာမက အဖေကျန်းပါ အသားများကိုမထိဘဲ အရွက်များကိုသာ စားကြလေသည်။ ကျန်းလီယွင်က အသားများကို ပုံမှန်အတိုင်းဝေစုခွဲပေးပြီးနောက် အသားစွပ်ပြုတ်ကို ကျန်းလီယွီပန်းကန်ထဲ ထည့်ပေးလိုက်သည်။


ကျန်းလီယွီ :“မမ သမီးတို့မိသားစု ဒီတလောမှာ အစားအသောက်ကောင်းတွေပဲ စားနေရတယ်နော်…”


ဤအချိန်များတွင် ကျန်းလီယွီက အလွန်ပျော်နေခဲ့သည်။


ဒီနေ့ဆိုရင်လည်း မနက်တုန်းက ဆားစိမ်အရွက်ထဲမှာတောင် အသားပါလာသေးတယ်…


သူမ မြို့ထဲတွင် သွားကူလုပ်ပေးသောအခါ သူမအစ်မက ဖက်ထုပ်ကြော်နှစ်ခုကျွေးလာ၏။


အခုလည်း ထမင်းနဲ့အသားစွပ်ပြုတ်က အရမ်းအရသာရှိနေရော…


‌“နောက်ဆို အစ်မတို့မိသားစုက ဒီထက်ပိုပြီးတော့ကောင်းကောင်းစားလာရလိမ့်မယ်…”

ကျန်းလီယွင်က အစောပိုင်းက ဖုန်းရီအတွက်အစီအစဉ်များလုပ်ခဲ့ကာ အခုတွင် သူမမိသားစုအတွက် အစီအစဉ်စဆွဲလာသည်။


“အမေ သမီးတို့ ဒီနေ့ပိုက်ဆံဘယ်လောက်ရခဲ့လဲသိလား ကုန်ကျစရိတ်တွေ ဖယ်လိုက်ရင် ၁၃ယွမ်လောက်ရခဲ့တယ်… ဒါက ပထမဆုံးနေ့ပဲ ရှိသေးတယ်… နည်းနည်းကသောင်းကနင်းဖြစ်နေတော့ ပိုက်ဆံသိပ်မရခဲ့ဘူး… နောက်ဆိုဒီထက်ပိုပြီးရလာမှာပဲ… အဲ့ဒီအချိန်ကျရင် သမီးတို့မိသားစုက နေ့တိုင်းအသားစားနိုင်လာလိမ့်မယ်…”


ဝူရှောင်ချွန်းက 'အခုလည်းနေ့တိုင်းအသားစားနေတာ' ဟုထုတ်ပြောလုနီးပါးဖြစ်သွားသည်။


ကျန်းလီယွင် : “အမေနဲ့အဖေက သမီးကို ဖက်ထုပ်ကူထုပ်ပေးပါလား လစာအနေနဲ့ တစ်ယောက်ကိုယွမ်တစ်ရာစီ ပေးမယ်လေ… သမီးတို့ တူတူပိုက်ဆံစုလို့ရတာပေါ့… နောက်နှစ်ကျရင် အိမ်ဆောက်နိုင်အောင်ကြိုးစားကြမယ်…”


ဝူရှောင်ချွန်း :“အမေတို့က ဖက်ထုပ်ကူထုပ်ပေးမှာပါ လစာပေးစရာမလိုပါဘူး…”


ဖက်ထုပ်လုပ်ဖို့ ကူညီပေးရုံပဲကို ဘာလို့လစာပေးနေမှာလဲ…


“ဟုတ်တယ်အမေ သမီးတို့ ပိုက်ဆံပိုရှာလာနိုင်ရင် အမေတို့ကို တစ်လယွမ်တစ်ရာပေးတာက ဘာမှမဟုတ်ပါဘူး…”

ကျန်းလီယွင်က ပြုံးပြလိုက်သည်။


သူမမိဘများသာ ကလေးများကိုရဂရုမစိုက်တတ်သည့်သူမျိုးဖြစ်နေပါက သူမက အရာအားလုံးကိုသူတို့ဆီမှ လျှို့ဝှက်ထားပြီး သူမပိုက်ဆံဘယ်လောက်ရသည်ကိုလည်း ပြောပြမည်မဟုတ်ပေ။


သို့သော် သူမမိဘများက သူတို့သားသမီးများအပေါ်ဂရုစိုက်၏။


ထို့အပြင် ဆိုင်ဖွင့်ရာ၌ သူမနှင့်ဖုန်းရီနှစ်ယောက်တည်းဆိုပါက ဝန်နည်းနည်းများ၏။ သူတို့ကို ကူညီပေးမည့်သူရှိလျှင် ကိစ္စများက ပိုချောမွေ့လာလိမ့်မည်။ မြို့မှစားသောက်ဆိုင်‌ငယ်လေးများက ပုံမှန်အားဖြင့် မိသားစုလုပ်ငန်းဖြစ်သည်။ ဥပမာဆိုပါက ယခင်ဘဝတွင် သူမဘေးမှခေါက်ဆွဲဆိုင်၌ ယောက်ျားကခေါက်ဆွဲလုပ်ကာ မိန်းမဖြစ်သူက စားပွဲထိုးကူညီပေးပြီး ယောက်ျားဖြစ်သူ၏အဖေက ငါးနှင့်ငါးရှဉ့်များကိုင်ခြင်း၊ အရွက်ဆေးခြင်းနှင့် ပန်းကန်ဆေးရာတွင်ကူလုပ်ပေး၏။ယောက်ျား၏အမေကမူ ကလေးများကိုဂရုစိုက်ထားပေးသည်။


အတိုချုပ်ရလျှင် မိသားစုတစ်ခုလုံးတူတူလုပ်ပါက ပိုက်ဆံပိုရှာနိုင်လေသည်။


ဝူရှောင်ချွန်းက ကျန်းလီယွင်တစ်ယောက် ပိုက်ဆံမရှာနိုင်မည်ကို စိုးရိမ်နေခဲ့၏။


သို့သော် ယခုတွင်မူ တစ်နေ့ထဲနှင့် ၁၃ယွမ်ပင် ရှာနိုင်ခဲ့လေသည်။ သူမထံ၌ အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့်ပြည့်လာသည်။


သူမမိသားစုကိုအားပေးပြီးနောက် ကျန်းလီယွင်ကမျက်နှာသစ်ကာ တစ်ရေးသွားအိပ်လိုက်သည်။


ယမန်နေ့ညက သူမ မအိပ်ခဲ့ရပေ။


ကျန်းလီယွင် အိပ်ပျော်သွားသော်လည်း ဖုန်းရီက အိပ်မပျော်ပေ။ သူက မြစ်ထဲမှရေနှစ်ပုံးလောက်သွားခပ်ကာ ကျန်းမိသားစု၏စိုက်ခင်းအား ရေသွားလောင်းလိုက်သည်။


ထိုအရာကိုမြင်သောအခါ အဖေကျန်းက မနေနိုင်ဘဲထုတ်ပြောလိုက်သည်။

“အခုသာ နွေရာသီဆိုရင် သူရေလောင်းပုံနဲ့ အဲ့ဒီအရွက်တွေအကုန် ရေနစ်သွားလောက်ပြီ…”


နေအလွန်ပူနေချိန်တွင် မွန်းတည့်ချိန်၌ အပင်ရေလောင်းပါက အပင်သေသွားစေနိုင်၏။ ရေလောင်းခြင်းကို မနက်ခင်းသို့မဟုတ် ‌ညနေခင်းမျိုးတွင်သာ လုပ်သင့်သည်။


ကံကောင်း၍ ရာသီဥတုက‌ တဖြည်းဖြည်းအေးစိမ့်လာ၏။အဖေကျန်းနှင့် ဝူရှောင်ချွန်းတို့က အနည်းဆုံးလက်ရှည်များဝတ်ထားရကာ ညနေစောင်းပါက အပေါ်ထပ်တစ်ထည်ထပ်ဝတ်နေရပြီဖြစ်သည်။


သို့သော် အပြင်ဘက်တွင်ရေလောင်းနေသည့် ဖုန်းရီကမူ လက်တိုအင်္ကျီသာ ဝတ်ထား၏။


ဝူရှောင်ချွန်းက ဖုန်းရီကိုသာ အသံတိတ်ဆက်ကြည့်နေလိုက်သည်။


ဖုန်းရီက အလုပ်လုပ်မြန်၏။ အဖေကျန်းနှစ်နာရီလုပ်ရသည့်အလုပ်ကို သူကတစ်နာရီတည်း အပြီးလုပ်သွားသည်။


ဘေးအိမ်ရှိဖုန်းမိသားစုမှ ဖုန်းလောင်ထိုနှင့်ကျိုးချောင်ရှားတို့က ဖုန်းရီတစ်ယောက် ကျန်းမိသားစုစိုက်ခင်းများအား ရေလောင်းနေသည်ကို မြင်သွား၏။


ဖုန်းလောင်ထိုက မထိန်းနိုင်ဘဲရေရွတ်လိုက်သည်။

“ကျေးဇူးကန်းတဲ့ကောင်…”


ကျိုးချောင်ရှား၏အမူအရာကလည်း ကောင်းမနေပေ။အထူးသဖြင့် ယမန်နေ့က ဖုန်းရီတစ်ယောက် ကျန်းလီယွင်ရှေ့မှာပင် သူမမျက်နှာကို ဖြတ်ရိုက်လိုက်ကတည်းကဖြစ်သည်။


သူမက ဒေါသထွက်လွန်းသဖြင့် ညလယ်ကြီးထကာ ကျန်းမိသားစုစိုက်ခင်းထဲမှ အရွက်များအားလုံးကို ဆွဲနုတ်‌ပစ်ချင်သည်ဟုပင် တွေးမိလာသည်။


သို့သော် ထို့နောက်တွင်မှ သူမတို့စိုက်ခင်းထဲမှ အရွက်များက ကျန်းမိသားစုစိုက်ထားသည်များထက် ပိုတန်ဖိုးကြီးကြောင်းသတိရသွားကာ ထိုသို့မလုပ်ရဲတော့ပေ။


‌ကျိုးချောင်ရှားက ဖုန်းလောင်ထိုကိုမေးလိုက်သည်။

“မနက်တုန်းက သူတို့ဆိုင်ဖွင့်တာဘယ်လိုရှိလဲ…”


ဖုန်းလောင်ထိုက ပို၍ပင် မကျေမနပ်ဖြစ်သွားသည်။

“သူတို့ဆိုင်ကတော်တော်လေး စီးပွားဖြစ်နေတဲ့ပုံပဲ…”


ဖုန်းလောင်ထိုက မနက်တိုင်းတွင် မြို့ပေါ်သွားပြီး ဟင်းသီးဟင်းရွက်ရောင်းလေ့ရှိရာ ဖုန်းရီတို့ ဘယ်လိုအခြေအနေရှိသည်ကို မြင်နေရ၏။


သူတို့နှစ်ယောက်က တိတ်ဆိတ်သွားကာ စိတ်မအေးသလိုခံစားမိလာကြသည်။ အစကဖုန်းရီသည် အုတ်နှင့်ကြွေပြားစက်ရုံ၌အ လုပ်သွားလုပ်ကာ သူတို့အတွက် ပိုက်ဆံရှာပေးခဲ့သည်။ ယခု ဖုန်းရီက အလုပ်ထွက်သွားလေသည်။


သူတို့က စက်ရုံအလုပ်ကို လက်မလွှတ်လိုပေ။ ယမန်နေ့ကအတော်ကြာအောင်ဆွေးနွေးခဲ့ပြီးမှ သူတို့က ဖုန်းလောင်အာ့ကို ဖုန်းရီနေရာတွင် အစားထိုးဝင်လုပ်ရန် စည်းရုံးလိုက်ကြသည်။


သို့သော် ဖုန်းလောင်အာ့က လစာယွမ်၁၀၀မှ ယွမ်၅၀လောက်သာ ပြန်ထောက်ပံ့ပေးလို၏။


ကျိုးချောင်ရှား :“သူတို့ဆိုင်ရောင်းကောင်းတော့ရော ဘာဖြစ်လဲ… ဖုန်းရီက ဒီအတိုင်းအလုပ်သမားပဲလေ သူက ငယ်ငယ်လေးကတည်းရူးကြောင်ကြောင်နဲ့ ကျန်းလီယွင်ခေါ်ရင် လိမ်လိမ်မာမာလေးလိုက်နေကျ… သူသိသမျှက သူ့တံတောင်ကို အပြင်ဘက်ထုတ်ဖို့ချည်းပဲ…”

(T/N - အပြင်လူဘက်ပါတယ် ပြောတာပါ)


သူတို့နှစ်ယောက်က ခ‌ဏလောက် ပြောနေကြသော်လည်း ဘာကိုမှမပြောင်းလဲနိုင်ပေ။


ပြောရလျှင် ဖုန်းရီသာ ဆန္ဒမရှိပါက သူတို့က သူ့လည်ပင်းကို ဓားနှင့်ထောက်ပြီးလုပ်ခိုင်း၍လည်း မရပေ။


အပြင်ဘက်တွင် ဖုန်းရီက ကျေးဇူးကန်းကြောင်းကောလဟလများပြန့်နေသော်လည်း တစ်ရွာတည်းနေသည့်သူများကမူ သူတို့ဖုန်းရီအပေါ် 'ဘယ်လိုဆက်ဆံလဲ' သိကြသည်။သူတို့သာ ဖုန်းရီကို ကျေးဇူးမသိတတ်ဟု လျှောက်ပြောပါက သူတို့ပါ ပြန်အလှောင်ခံရလိမ့်မည်။


“ဟုတ်တယ် သူ့အတွက်အိမ်ထောင်ဖက်ဆိုမှ ကျန်းလီယွင်ပိုက်ဆံရှိလာရင် သေချာပေါက် ဖုန်းရီကို စိတ်ဝင်စားတော့မှာမဟုတ်ဘူး…”

ဖုန်းလောင်ထိုက ဝေဖန်လိုက်သည်။


ခဏခန့်ဒေါသဖြေနေပြီးနောက် သူတို့က နည်းနည်းစိတ်ပေါ့သွားသည်။


ဖုန်းရီ ရေလောင်းပြီးသောအခါ ကျန်းလီယွင်အိပ်နေသေးမှန်း သိလိုက်ရသည်။ ခဏလောက်တွေး‌လိုက်ပြီးမှ သူလည်း ကျန်းရုံဝမ်းအိမ်သို့ပြန်ပြီး တစ်ရေးအိပ်ရန်ဆုံးဖြတ်လိုက်သည်။



🏡🏡🏡