Chapter 97
Viewers 21k

🎶 Chapter 97


ဟယ့်ကျင်းယွင် အဝတ်လဲခန်းထဲမှ ထွက်လာချိန်၌ ယဲ့ဇယ်ရှစ်ကို မတွေ့ခဲ့ရချေ။ သူ့စိတ်ထဲတွင် အနည်းငယ်လှုပ်ရှားနေခဲ့သည်။ သူ ဝန်ထမ်းတစ််ယောက်ကို မေးပြီးနောက် ယဲ့ဇယ်ရှစ်က ထွက်မသွားသေးဘဲ နားနေခန်းထဲ၌ ရှိနေသေးကြောင်းသိလိုက်ရသည်။ ၎င်းကိုကြားပြီးနောက် ဟယ့်ကျင်းယွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ကံကောင်းစွာဖြင့် ယဲ့ဇယ်ရှစ် ထွက်မသွားသေးချေ။ မဟုတ်လျှင် သူတို့၏နောက်တစ်ကြိမ်တွေ့ဆုံမှုက "အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း" စတုတ္ထပိုင်းရိုက်ကူးသည့်အချိန် ဖြစ်သွားလိမ့်မည်။

ထိုအချိန်က အလွန်ကြာပေသည်။ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို အမြန်ဆုံး ရှင်းပြချင်နေခဲ့သည်။

သူ နားနေခန်းဆီသို့ လျင်မြန်စွာရောက်လာပြီး မတွေးနေတော့ဘဲ တံခါးခေါက်လိုက်၏။

ဟယ့်ကျင်းယွင်က တံခါးခေါက်ပြီးမှသာ သူ မပြင်ဆင်ရသေးသည်ကို သဘောပေါက်သွားခဲ့သည်။

ယဲ့ဇယ်ရှစ် တံခါးဖွင့်လာရင် ငါ ဘာပြောရမလဲ...

ယဲ့ဇယ်ရှစ်က ငါနဲ့စကားမပြောချင်ဘူးဆိုရင်ရော...

စက္ကန့်အနည်းငယ်အတွင်းမှာပင် ဟယ့်ကျင်းယွင်၏ အတွေးများက ဟိုဟိုဒီဒီရောက်နေခဲ့သည်။

သို့သော် မမျှော်လင့်စွာပင် တံခါးဖွင့်လာသူက ယဲ့ဇယ်ရှစ်မဟုတ်နေချေ။

ဟယ့်ကျင်းယွင်၏ မျက်ဆံများက သူ့ရှေ့ရှိ ထန်ကျင့်ကိုကြည့်ရင်း ကျုံ့ဝင်သွားပြီး အံ့သြစွာပြောလိုက်သည်။
"ရှောင်ထန်...မင်း ဘာလို့ ဒီမှာရှိနေတာလဲ..."

ထန်ကျင့်က ကိုယ်အနည်းငယ်ရွေ့ပြီး သူ့နောက်ရှိ ယဲ့ဇယ်ရှစ်ကို ဖော်ထုတ်ကာ အပြုံးဖြင့်ပြောလိုက်သည်။
"ဇယ်ရှစ်နဲ့ စကားပြောစရာလေးရှိလို့လေ...ဟယ့်လောင်ရှီး ဇယ်ရှစ်ကို လာရှာတာ တစ်ခုခုရှိလို့လား..."

ထိုအချိန်တွင် ယဲ့ဇယ်ရှစ်ကလည်း တံခါးဝ၌ ဟယ့်ကျင်းယွင်ကို တွေ့လိုက်သည်။

သူ မကြာသေးမီက တစ်စုံတစ်ဦးကို ဝန်ခံရန် ဆုံးဖြတ်ခဲ့ပြီး နောက်စက္ကန့်အနည်းငယ်တွင် သူဝန်ခံချင်သော ထိုလူက သူ့ရှေ့၌ ပေါ်လာခဲ့သည်။ ယဲ့ဇယ်ရှစ် ရုတ်တရက် အနည်းငယ်ရှက်သွားပြီး သူ့နားရွက်ထိပ်များ ပူတက်လာကာ ဟယ့်ကျင်းယွင်၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ရဲဘဲ ထိတ်လန့်စွာဖြင့် အကြည့်လွှဲရုံသာတတ်နိုင်ခဲ့သည်။

မမျှော်လင့်စွာပင် ဟယ့်ကျင်းယွင်က အထင်လွဲသွားခဲ့သည်။

လူနှစ်ယောက်တည်း နားနေခန်းထဲမှာ စကားပြောနေတယ်...ပြီးတော့ ယဲ့ဇယ်ရှစ်ရဲ့နားတွေက နီရဲနေတာတဲ့လား...

ဟယ့်ကျင်းယွင်၏ အကြည့်များက သူ့ရှေ့ရှိ ထန်ကျင့်ပေါ်သို့ တဖန်ပြန်ရောက်လာခဲ့သည်။

ထန်ကျင့်က ဟယ့်ကျင်းယွင်၏ အတွေးများကို အကြည့်တစ်ချက်ဖြင့် နားလည်လိုက်သော်လည်း ရှင်းပြရန် စိတ်ကူးမရှိပေ။

"ဟယ့်လောင်ရှီးက ဇယ်ရှစ်ကို ရှာနေမှတော့ ကျွန်တော် အရင်သွားတော့မယ်နော်..."
ထန်ကျင့်က တစ်ဖက်သို့လှည့်ပြီး ယဲ့ဇယ်ရှစ်ကို ပြုံးပြလိုက်သည်။
"ဇယ်ရှစ် ငါအရင်သွားတော့မယ်...နောက်မှဆက်သွယ်လိုက်မယ်..."

"ကောင်းပြီ..."
ယဲ့ဇယ်ရှစ်က ပြန်ဖြေလိုက်သော်လည်း တစ်ဖက်ရှိ ဟယ့်ကျင်းယွင်ကို မကြည့်ဝံ့သေးချေ။

"သွားလိုက်ပါဦးမယ် ဟယ့်လောင်ရှီး..."
ထန်ကျင့်က ဟယ့်ကျင်းယွင်ကိုလည်း နှုတ်ဆက်ခဲ့သည်။

ဟယ့်ကျင်းယွင်က နှုတ်ခမ်းများကို တင်းတင်းဖိထားပြီး ခေါင်းညိတ်ပြကာ ဘာမှမပြောချေ။

ထန်ကျင့်က ဂရုမစိုက်ဘဲ သူ ထွက်သွားချိန်၌ သူတို့နှစ်ဦးအတွက် တံခါးပင်ပိတ်ပေးခဲ့၏။

တံခါးပိတ်ပြီးနောက် ထန်ကျင့်အနည်းငယ်အံကြိတ်လိုက်သည်။

ထန်ကျင့်က လွတ်နေသော ကော်ရစ်ဒါ၌ လက်ဆန့်ထုတ်ပြီး သူ၏ ဘယ်ဘက်ရင်ဘတ်ကို ညင်သာစွာဖိကာ ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည်။

နာနေတုန်းပဲ...

ထန်ကျင့် ခါးသီးစွာ ပြုံးလိုက်သည်။

ထန်ကျင့် ထွက်သွားပြီးနောက် အခန်းက တိတ်ဆိတ်သွားခဲ့သည်။

"မင်း ထန်ကျင့်နဲ့ ဘာအကြောင်းပြောနေကြတာလဲ..."
အဆုံးတွင် ဟယ့်ကျင်းယွင်က ဦးစွာပြောခဲ့သည်။

"ဒီ...ဒီတိုင်း ဟိုဟိုဒီဒီပါ..."
ယဲ့ဇယ်ရှစ်က အပြစ်ရှိသောအသံဖြင့် လိမ်ညာလိုက်သည်။

ငါ ဟယ့်ကျင်းယွင်ကို ထန်ကျင့်နဲ့ သူ့ကိုကြိုက်တဲ့အကြောင်းတွေပြောနေတာလို့ တိုက်ရိုက်ပြောလို့မရဘူးလေ... ဟုတ်တယ်မလား...

လိမ်နေတာပဲ...
ဟယ့်ကျင်းယွင်က တစ်ချက်ကြည့်ရုံဖြင့် ယဲ့ဇယ်ရှစ်လိမ်ညာနေသည်ကို မြင်သော်လည်း ဖော်ထုတ်ရန် အဆင်သင့်မဖြစ်သေးချေ။

ဟယ့်ကျင်းယွင်၏ လည်စေ့က အနည်းငယ်ရွေ့သွားပြီး ပြောလိုက်သည်။
"ငါ မင်းကိုပြောချင်တာလေးတစ်ခုရှိလို့လာခဲ့တာ...မင်းအခုအချိန်ရလား..."

ယဲ့ဇယ်ရှစ်က နှုတ်ခမ်းတင်းတင်းစေ့ပြီး သူ့ဘေးတစ်ဖက်ရှိ လက်ကလည်း အနည်းငယ်တင်းကျပ်သွားခဲ့သည်။
"ကျွန်တော်အချိန်ရပါတယ်...ပြီးတော့ ကျွန်တော်လည်း ဟယ့်လောင်ရှီးကို ပြောစရာရှိတယ်..."

ဟယ့်ကျင်းယွင်က ပြုံးလိုက်သည်။
"တိုက်ဆိုင်လိုက်တာ..."

ယဲ့ဇယ်ရှစ် ပြုံးချင်သော်ငြား မပြုံးနိုင်သောကြောင့် လက်လျှော့လိုက်၏။

ငါ အခုဘာလုပ်ရမလဲ...

ငါအရင်ပြောလိုက်သင့်လား...

ဒါမှမဟုတ် ဟယ့်ကျင်းယွင် အရင်ပြောတာကို စောင့်ရမလား...

ဟယ့်ကျင်းယွင်က ဘာလို့ဒီလောက်မြန်မြန်ကြီးရောက်လာတာလဲ...

ငါ ဘာမှမပြင်ဆင်ရသေးဘူးလေ...

ပြီးတော့ ဟယ့်ကျင်းယွင်က ငါ့ကိုဘာပြောမလို့လဲ...

ထန်ကျင့်ပြောသွားတာ မှန်နေတာများလား...ငါ လွန်ခဲ့တဲ့နှစ်ရက်က လုပ်ခဲ့တာတွေက အရမ်းသိသာလွန်းတယ်...ဟယ့်ကျင်းယွင်က တစ်ခုခုမူမမှန်တာကိုတွေ့လို့ ငါနဲ့ စကားပြောချင်နေတာလား...

အဲဒီလိုမေးလာရင် ငါဘယ်လိုပြန်ဖြေရမလဲ...

ဒါမှမဟုတ် ငါဒီတိုင်း အခြေအနေကိုအခွင့်ကောင်းယူပြီး ဖွင့်ပြောလိုက်သင့်လား...
သို့သော် ၎င်းက အလွန်မြန်လွန်းသောကြောင့် ယဲ့ဇယ်ရှစ် သဘောမကျပေ။

စက္ကန့်အနည်းငယ်အတွင်း ယဲ့ဇယ်ရှစ်၏ အတွေးများက တောင်တောင်အီအီ ရွေ့လျားနေပြီး သူ ထိုအကြောင်းကိုပိုတွေးလေ ပိုစိတ်ဖိစီးလေဖြစ်ကာ မျက်ခုံးများတွန့်ချိုးသွားခဲ့သည်။

သူမသိသည်က ထိုအခိုက်အတန့်တွင် သူ့မျက်နှာချင်းဆိုင်၌ ထိုင်နေသော ဟယ့်ကျင်းယွင်လည်း စိုးရိမ်နေသည်ကိုပင်။

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ထက်ပင် ပို၍စိုးရိမ်နေခဲ့သည်။

သူ ထန်ကျင့်ကိုတွေ့ခဲ့ချိန်မှစပြီး စိတ်ရှုပ်ထွေးနေခဲ့သည်။

ထန်ကျင့်က ဘာလို့ဒီမှာရှိနေရတာလဲ...

ဘာအတွက်ရှိနေတာလဲ...

ထန်ကျင့် အစတုန်းက လက်လျှော့တော့မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား...ဘာလို့ အခု သူက ယဲ့ဇယ်ရှစ်နဲ့ စကားပြောနေရတာလဲ...

၎င်းကို တွေးလိုက်ချိန်၌ ဟယ့်ကျင်းယွင် အနည်းငယ် ဝမ်းနည်းလာခဲ့သည်။

"ငါတို့..."
ဟယ့်ကျင်းယွင်က သူ့နှုတ်ခမ်းကို ဖိကာ စကားစခဲ့သည်။
"ငါတို့ နှစ်ယောက်ထဲ ဘယ်သူ အရင်စပြောမလဲ..."

ယဲ့ဇယ်ရှစ်က ဦးစွာစကားမပြောချင်ပေ။ သူက ဟယ့်ကျင်းယွင် ဦးစွာ မေးခွန်းမေးလာမည်ကို ပိုနားထောင်ချင်ပေသည်။

"ဟယ့်လောင်ရှီး အရင်ပြောပါ..."
ယဲ့ဇယ်ရှစ်က လျင်မြန်စွာပြောလိုက်၏။

ဟယ့်ကျင်းယွင် ခေါင်းညိတ်ပြလိုက်သည်။

ကောင်းပြီလေ ဒါဆို ငါအရင် ပြောရတာပေါ့...

ဟယ့်ကျင်းယွင်က အသက်ပြင်းပြင်းရှူပြီး စကားစပြောရန် ပြင်ဆင်လိုက်ချိန်၌ သူ့ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။

အခန်းထဲရှိ တင်းမာသောလေထုက ရုတ်တရက် ပြေလျော့သွားပြီး ယဲ့ဇယ်ရှစ်၏ တင်းနေသောစိတ်က အနည်းငယ် လျှော့ကျသွားခဲ့သည်။

ဟယ့်ကျင်းယွင်က ဖုန်းကိုထုတ်ပြီး ခေါ်ဆိုသူကိုကြည့်ကာ ဖုန်းချလိုက်၏။
"တောင်းပန်ပါတယ်..."

ယဲ့ဇယ်ရှစ်က လျင်မြန်စွာပြောလိုက်၏။
"ရပါတယ်..."

ဟယ့်ကျင်းယွင်က ဖုန်းပြန်ချလိုက်သည်။ "အင်း...တကယ်တော့ ငါဒီကိုလာတာက..."

ဖုန်းမြည်သံက ထပ်ထွက်လာပြီး ဟယ့်ကျင်းယွင်၏ စကားကိုအနှောင့်အယှက်ပေးလာခဲ့သည်။

ယဲ့ဇယ်ရှစ် မနေနိုင်ဘဲ ဟယ့်ကျင်းယွင်ကို ကြည့်လိုက်သည်။

ဟယ့်ကျင်းယွင်က မျက်မှောင်ကြုတ်ပြီး ဖုန်းကို တစ်ဖန််ကောက်ကိုင်လိုက်သည်။ သူ မူလက ဖုန်းထပ်ချချင်သော်လည်း ဆက်သွယ်လာသူကိုကြည့်ပြီးနောက် မတ်တပ်ရပ်ကာ ပြောခဲ့သည်။
"တောင်းပန်ပါတယ်... ဇယ်ရှစ် ငါ ဖုန်းအရင်သွားဖြေလိုက်ဦးမယ်..."

ယဲ့ဇယ်ရှစ်၏ စိတ်ထဲ ရစ်ပတ်နေသောကြိုးကလုံးလုံးပြေလျော့သွားပြီး လျင်မြန်စွာ ခေါင်းညိတ်ပြခဲ့သည်။

သွား...သွား... မြန်မြန်သာသွား...

ဖုန်းသံက မနားတမ်း မြည်နေဆဲဖြစ်ပြီး ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို လေးနက်စွာ ကြည့်လာခဲ့သည်။

ယဲ့ဇယ်ရှစ်က သူ့ကို ပြုံးပြခဲ့သည်။

ဟယ့်ကျင်းယွင်က သက်ပြင်းတစ်ချက်ချပြီး ဖုန်းကိုင်ကာ အပြင်ထွက်သွားခဲ့သည်။

တံခါးပိတ်ပြီးသည်နှင့် အင်္ဂလိပ်စကားတစ်ခွန်းကို ယဲ့ဇယ်ရှစ် ကြားလိုက်ရသည်။

ထိုလူ၏အသံက အလွန်နက်ရှိင်းပြီး သာယာဖွယ်ရှိ၍ သူ၏ လန်ဒန်လေယူလေသိမ်းက အားကောင်းကာ ဆွဲဆောင်မှုရှိပေသည်။

ယဲ့ဇယ်ရှစ်က သူ၏ အနည်းငယ်ပူနွေးနေသောနားကို ပွတ်လိုက်ပြီး သူ့ကိုယ်သူကျိန်ဆဲလိုက်သည်။

ယဲ့ဇယ်ရှစ်က ဆိုဖာပေါ်နောက်မှီချကာ ဟယ့်ကျင်းယွင် မေးခွန်းလာမည့်မေးခွန်းများအား သူ မည်သို့တုံ့ပြန်မည်ကို စတင်တွေးတောခဲ့သည်။

ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်မေးလာနိုင်မည့် မေးခွန်းများ၏ အဖြေကို တွေးတောခဲ့သော်လည်း မမျှော်လင့်စွာပင် ဟယ့်ကျင်းယွင်က ပြန်မလာခဲ့ချေ။

နောက်ဆုံး တံခါးခေါက်လာသူမှာ ယွိရယ်ဖြစ်သည်။ သူ ယွိရယ်ထံမှ ဟယ့်ကျင်းယွင်က အင်္ဂလန်သို့သွားမည့် နောက်ဆုံးလေယာဉ်ကို ဘိုကင်တင်ခဲ့ပြီး ယခု ဟယ့်ကျင်းယွင်က လေဆိပ်သွားရာလမ်း၌ ရှိနေပြီဖြစ်သည်ကို သိခဲ့ရသည်။

ယဲ့ဇယ်ရှစ်က ချက်ချင်း ကြောင်အသွားခဲ့သည်။
"အင်္ဂလန်...အင်္ဂလန်လား... ဘာလို့ အင်္ဂလန် သွားတာလဲ..."

ယွိရယ်က ပြောလိုက်သည်။
"အစ်ကိုဟယ့်ရဲ့ အမေက အင်္ဂလန်မှာလေ...သူ တစ်ခုခုအရေးကြီးကိစ္စရှိလို့နေမယ်...ဘိုကင်တင်ထားတဲ့ လေယာဉ်က နှစ်နာရီအတွင်းထွက်မှာဆိုတော့ သူအလျင်စလိုသွားလိုက်ရတာနဲ့ ယဲ့လောင်ရှီးကို လာနှုတ်ဆက်ဖို့အချိန်မရှိခဲ့ဘူး..."

လေဆိပ်သို့ သွားရာလမ်းက နာရီဝက်ခန့်ကြာပေသည်။

ယဲ့ဇယ်ရှစ် တိုးဖွစွာပြောလိုက်၏။
"တကယ်ကို အလျင်စလိုပဲ..."

ယွိရယ်က သူ့ခေါင်းသူ ကုတ်လိုက်သည်။
"ဟုတ်တယ်မလား...ကျွန်တော်အစက သူ့ကို ခရီးဆောင်အိတ်ပြင်ပြီး အရင်ပို့ပေးမလို့... ဒါပေမယ့် သူက အရမ်းနောက်ကျသွားမှာစိုးနေလို့ သူ အရင်သွားမယ် သူ့ခရီးဆောင်အိတ်ကို နောက်လေယာဉ်နဲ့မှ ပို့ပေးလို့ပြောခဲ့တာ..."

"အဲလောက်ထိတောင်လား...တကယ်ပဲ ဘာဖြစ်လို့များလဲ..."
ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်သည်။

ယွိရယ်က ခေါင်းခါပြခဲ့သည်။
"ကျွန်တော်လည်း သေချာမသိဘူး ဒါနဲ့..."

ယွိရယ်က သူ့အိတ်ထဲမှ စာတစ်စောင်ကိုထုတ်ပြီး ယဲ့ဇယ်ရှစ်ကိုပေးလိုက်သည်။
"အစ်ကိုဟယ့်က ယဲ့လောင်ရှီးကို ဒါလေးပေးဖို့ပြောခဲ့လို့...အစ်ကိုဟယ့်က သူအလောတကြီးထွက်သွားရလို့ ယဲ့လောင်ရှီးကို ဒီစာရွက်လေးပေးပေးပါဆိုပြီး အထူးတလည်တောင်းဆိုခဲ့တာ..."

ယဲ့ဇယ်ရှစ်က စိတ်ရှုပ်ထွေးစွာဖြင့်ယူလိုက်သည်။
"ဒါကဘာလဲ..."

ယွိရယ်က ပြုံးလိုက်၏။
"ကျွန်တော် ဖတ်ကြည့်လို့မရဘူး...အခုကျွန်တော် အစ်ကိုဟယ့်ပြောခဲ့တာတွေ ပြောပြီးသွားပြီဆိုတော့ အစ်ကိုဟယ့်ရဲ့ အိတ်တွေပြင်ပေးဖို့သွားလိုက်ဦးမယ်...အစ်ကိုဟယ့် အင်္ဂလန်ကို ရောက်တဲ့အခါကျရင် သူ့ကိုဆက်သွယ်လို့ရတယ်..."

"ကောင်းပြီ ပင်ပန်းသွားပြီ..."

ယွိရယ် ထွက်သွားပြီးနောက် ယဲ့ဇယ်ရှစ် ခေါင်းငုံ့ကာ ဟယ့်ကျင်းယွင် သူ့အတွက်ချန်ထားခဲ့သော စာရွက်ကိုကြည့်လိုက်သည်။
ယဲ့ဇယ်ရှစ်၏ လက်ဖဝါးထဲ၌ လေးထောင့်ပုံစံခေါက်ထားသော ပန်းရောင်စာရွက်ရှိနေခဲ့သည်။

ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းရှူလိုက်၏။

အဲဒါက မက်ဆေ့ခ်ျပို့ပြီး ပြောလို့မရတဲ့ဟာတစ်ခုခုမို့လို့ စာရွက်နဲ့ ချရေးပေးခဲ့တာလား...

ယဲ့ဇယ်ရှစ် ၎င်းကိုဖွင့်တော့မည့်အချိန်မှာပင် ကောင်းရှူက နားနေခန်းတံခါးသို့ခေါက်လာခဲ့သည်။
"သခင်လေး...ထန်ကျင့်နဲ့ စကားပြောလို့ပြီးသွားပြီလား..."

ယဲ့ဇယ်ရှစ်က စာရွက်ကို အပြစ်ရှိစိတ်အချို့ဖြင့် အကျ်ီအိတ်ထဲသို့ လျင်မြန်စွာထည့်သိမ်းလိုက်သည်။

"ပြီးသွားပြီ..."
ယဲ့ဇယ်ရှစ် ပြောလိုက်သည်။

"ဒါဆို ကျွန်တော်တို့ ပြန်ကြမယ်လေ သခင်လေး..."
ထို့နောက် ကောင်းရှူက နားနေခန်းတံခါးကို ဖွင့်လာခဲ့သည်။

ယဲ့ဇယ်ရှစ်က မတ်တပ်ထရပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ..."

အပြန်လမ်းတွင် ကောင်းရှူက အချိန်အတော်ကြာမထုတ်ယူခဲ့သော အလုပ်အစီစဥ်များကို ထုတ်ယူကာ ယဲ့ဇယ်ရှစ်ကို တစ်ခုချင်းရှင်းပြခဲ့သည်။

ယဲ့ဇယ်ရှစ် မူလက ဟယ့်ကျင်းယွင်၏ စာကို ထုတ်ဖတ်ချင်သော်လည်း အခွင့်အရေးမရခဲ့ချေ။

သူ ဟယ့်ကျင်းယွင်ထံ မက်ဆေ့ချ်ပို့ချင်သော်လည်း တစ်ဖက်လူ စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို စိုးရိမ်မိသည်။

အရေးအကြီးဆုံးအချက်က သူ ဘာပြောရမည်မသိဖြစ်နေခြင်းပင်။

နောက်ဆုံးတွင် ယဲ့ဇယ်ရှစ်က ကောင်းရှူ အဆက်မပြတ်စကားပြောနေချိန်၌ ဟယ့်ကျင်းယွင်ထံ မက်ဆေ့ချ်ပို့လိုက်သည်။
"ဘေးကင်းတဲ့ ခရီးဖြစ်ပါစေနော်..."

ဟယ့်ကျင်းယွင်၏ မက်ဆေ့ချ်က လျင်မြန်စွာပြန်ရောက်လာခဲ့သည်။
"ဖတ်ပြီးသွားပြီလား... "

ယဲ့ဇယ်ရှစ် ခဏခန့် ကြောင်သွားပြီးနောက် ဟယ့်ကျင်းယွင်ဆိုလိုသည်ကို သဘောပေါက်သွားခဲ့သည်။

သူ ဖွင့်မဖတ်ရသေးသော စာကိုတွေးရင်း သူ့ဘေးနားရှိ တတွတ်တွတ်စကားပြောနေဆဲဖြစ်သော ကောင်းရှူကိုကြည့်ကာ ရုတ်တရက် ခါးသီးမှုအနည်းငယ် ခံစားလိုက်ရသည်။

"ဘာရေးထားလို့လဲ..."
ယဲ့ဇယ်ရှစ် မေးလိုက်၏။

ဟယ့်ကျင်းယွင်က စာပြန်လာခဲ့သည်။
"အရင်ဖတ်ကြည့်ကြည့်..."

ယဲ့ဇယ်ရှစ် နှစ်စက္ကန့်ခန့် တွေးပြီးနောက် ရုတ်တရက် သူ့ဘေးရှိ ကောင်းရှူကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။

ကောင်းရှူက ယဲ့ဇယ်ရှစ်၏ အကြည့်ကြောင့် အံအားသင့်သွားပြီး တစ်ချိန်တည်းမှာပင် ရပ်တန့်သွားခဲ့သည်။
"သခင်လေး ဘာဖြစ်လို့လဲ..."

"ခင်ဗျားကြိုက်တဲ့ ကြော်ငြာတစ်ခုကို ကျွန်တော် လက်မှတ်ထိုးပေးမယ်..."
ယဲ့ဇယ်ရှစ် ပြောလိုက်၏။

ကောင်းရှူ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။
"သခင်လေးး..."

"ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်..."
ယဲ့ဇယ်ရှစ် ဆက်ပြောလိုက်သည်။

ကောင်းရှူ၏ မျက်လုံးထဲရှိ အလင်းရောင်က အနည်းငယ်မှိန်ဖျော့သွားသော်လည်း ပြောလိုက်ဆဲဖြစ်သည်။
"သခင်လေး... ကျွန်တော်လုပ်နိုင်တဲ့ဟာဆိုရင်တော့..."

"လုပ်ရမယ့်ဟာက အရမ်းရိုးရှင်းတယ်..."
ယဲ့ဇယ်ရှစ်က ကောင်းရှူ၏ စကားကို စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။
"အခုကစပြီးတော့ ဟိုဘက်လှည့်နေ ကျွန်တော်ကြည့်လို့ရပြီလို့မပြောမချင်း ကျွန်တော့်ကိုလှည့်မကြည့်နဲ့..."

ကောင်းရှူက အံအားသင့်သွားခဲ့သည်။
"ဟင်..."

"သဘောမတူဘူးဆိုရင်လည်း ထားလိုက်တော့..."

ကောင်းရှူက အလျင်အမြန်ပြန်ပြောလာခဲ့သည်။
"အဲဒီလောက်ရိုးရှင်းတာလား..."

ယဲ့ဇယ်ရှစ်က လေးနက်စွာပြောလိုက်သည်။
"ဟုတ်တယ်..."

ကောင်းရှူ ဘာစကားမှဆက်မပြောတော့ဘဲ အလျင်အမြန် ခေါင်းလှည့်ပြီး မျက်လုံးများကိုပင် အုပ်ထားခဲ့သည်။
"သဘောတူတယ်..."

ယဲ့ဇယ်ရှစ်က ကောင်းရှူ မကြည့်နေသည်ကို သေချာစေပြီးနောက် သူ့အရှေ့ရှိ ဒရိုက်ဘာကို လှမ်းကြည့်လိုက်သည်။

ထို့နောက် အသက်ပြင်းပြင်းရှူကာ သူ့အိတ်ကပ်ထဲရှိ စာရွက်ကို သေချာထုတ်ယူ၍ ဂရုတစိုက်ဖွင့်ကြည့်လိုက်သည်။

စာရွက်ထဲ၌ အလွန်တိုတောင်းသော စာလုံးအနည်းငယ်သာရှိနေသည်။

ကိုယ် : မင်း

မင်း : ?

ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်မိ၏။ သူ့မျက်လုံးများထဲသို့ သံသယများ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။

ယဲ့ဇယ်ရှစ်က သူ့လက်ထဲရှိ စာကိုစိုက်ကြည့်ပြီးနောက် ဖင်ပြန်ခေါင်းပြန်ကြည့်ကာ ထပ်တလဲလဲအတည်ပြုခဲ့သော်လည်း စာရွက်ပေါ်တွင် အမှန်တကယ်ပင် စာလုံးသုံးလုံးနှင့် မေးခွန်းအမှတ်အသားတစ်ခုသာရှိနေခဲ့သည်။ ယဲ့ဇယ်ရှစ်က စာရွက်ကို မီးပွင့်လုနီးပါး စိုက်ကြည့်ခဲ့သည်။

ဒါက ဘာကိုဆိုလိုတာလဲ...

ယဲ့ဇယ်ရှစ် အချိန်အတော်အတန်ကြာအောင် မလှုပ်ရှားလာသောကြောင့် ကောင်းရှူက မနေနိုင်ဘဲ မေးလိုက်သည်။
"သခင်လေး အဆင်ပြေရဲ့လား..."

ယဲ့ဇယ်ရှစ် စကားပြောမလာချေ။

"သခင်လေး..."

ယဲ့ဇယ်ရှစ်က အသက်ပြင်းပြင်းရှုပြီး နောက်ဆုံးတွင် အကူအညီတောင်းရန် ဆုံးဖြတ်ခဲ့သည်။
"အတွင်းရေးမှူးကောင်း... ခင်ဗျား ဒီဟာကိုနားလည်လား..."

ယဲ့ဇယ်ရှစ်က ကောင်းရှူကို စာရွက်လှမ်းပေးခဲ့သည်။ ကောင်းရှူက တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
"ဟမ် ဒီဟာက ဖန်တွေဆီက ဖွင့်ပြောတဲ့စာလား..."

ယဲ့ဇယ်ရှစ် : "ဟင်..."

ကောင်းရှူက ရှင်းပြလာခဲ့သည်။
" 'မင်း' ဆိုတဲ့စာလုံးက သဘောကျတယ်လို့ဆိုလိုပြီးတော့ အဲဒီအရှေ့က 'ကိုယ်' က ကိုယ် မင်းကို သဘောကျတယ်လို့ ပြောချင်တာ...ပြီးတော့ ဒုတိယစာကြောင်းက '?' က သခင်လေးရော အတူတူပဲလားလို့ မေးထားတာ..."

ယဲ့ဇယ်ရှစ် သူ့နှလုံးခုန်သံကိုပင် ရှင်းလင်းစွာကြားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် သူ့နှလုံးသားက ဒရမ်ကဲ့သို့ ပြင်းထန်စွာခုန်ပေါက်လာခဲ့သည်။

ကောင်းရှူက ဆက်ပြောခဲ့သည်။
"သခင်လေးကို ဘယ်ဖန်ကပေးခဲ့တာလဲ...အဲဒါက တော်တော်လေးစဉ်းစားတတ်တယ်ဆိုပေမယ့်... သခင်လေး သေချာပေါက် ပြန်တုံ့ပြန်လို့မဖြစ်ဘူးနော်..."

"အခုခေတ်မှာ ပရိသတ်တွေအားလုံးက ဝတ္ထုတွေထဲကနည်းတွေနဲ့ ဆန်းဆန်းပြားပြား ဖွင့်ပြောနေကြတာ... သခင်လေး..."

ယဲ့ဇယ်ရှစ်က သူ့လက်ထဲရှိ စာရွက်ကိုစိုက်ကြည့်ရင်း နားရွက်ထိပ်များတဖြည်းဖြည်းနီရဲလာခဲ့သည်။ သို့သော် အနီရောင် အမှတ်အသားများက မကျေနပ်နိုင်သေးဘဲ နားရွက်တစ်ခုလုံး ပျံ့နှံ့သွားပြီးနောက် ယဲ့ဇယ်ရှစ်၏ ဖြူဥသော မျက်နှာလေးနှင့်လည်ပင်းကို ဖုံးအုပ်သွားခဲ့သည်။
ယဲ့ဇယ်ရှစ်၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေပြီး အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

"အတွင်းရေးမှူးကောင်း... ခင်ဗျားက အရမ်းစကားများတာပဲ..."


🎶🎶🎶

ချစ်ကြောင်းဝန်ခံတဲ့စာကိုမြင်ပြီး အူတက်သေပြီ😭