👻Chapter 15
Viewers 9k

👻Chapter 15



"ငါ မင်းကို စားပစ်မယ်..."

လူအိုကြီး၏ပါးစပ်မှာ ပွင့်လာခဲ့သည်။ ၄င်းက ဦး​ခေါင်းတစ်ခုစာမျှ ကျယ်​သောပါးစပ်​ပေါက်ဖြစ်​လေသည်။ ရှီကျား ​​ဘေးသို့​ရှောင်လိုက်ပြီး ထိုသရဲ​၏ကိုယ်​ပေါ်မှ အနီ​​ရောင် ယင်စွမ်းအင်ကို ကြည့်​နေဆဲဖြစ်​လေသည်။

​ဖေးယွီကကျယ်​လောင်စွာ​အော်​ခေါ်လာခဲ့သည်။

"ရှီကျား ဒီကိုလာခဲ့..ဒီသရဲကအရမ်းသန်မာတယ်..ဟိုသရဲ​လေးထက်​တောင်ပိုဆိုး​သေးတယ်..ငါတို့ငရဲဘုရင်ယဲ့ကို အမြန်သွားရှာမှဖြစ်မယ်...သူပဲဒီမ​ကောင်းဆိုး၀ါးကိုသတ်နိုင်မှာ..."

ရှီကျားက သူ၏စကားကိုမကြားသည့်အလား လက်သီးဖြင့် ထိုးချလိုက်​လေသည်။ သို့​သော် ထိုသရဲအိုကြီးမှာ ထိုလက်သီးချက်ကို အမှုမထားပဲ ​ပြေး၀င်လာဆဲဖြစ်သည်။ ထို့​နောက် သာမာန်ဟုထင်ရ​သော လက်သီးချက်မှာ ထိုသရဲအိုကြီး၏​ခေါင်း​ပေါ်ကို ကျ​ရောက်သွားသည်ကို​တွေ့လိုက်ရ​လေသည်။ ယင်စွမ်းအင်များမှာ ​နေရာအနှံ့ ပြန်ကျဲသွားခဲ့​လေသည်။ သရဲအိုကြီးမှာ နာကျင်စွာ​အော်မြည်လိုက်ပြီး ထွက်​ပြေးချင်ခဲ့​လေသည်။ သို့​သော် ရှီကျားက ထိုသရဲအိုကြီး၏ လည်ပင်းကိုလက်တစ်ဖက်ဖြင့်ဆုပ်ထားပြီး ​နောက်လက်တစ်ဖက်ဖြင့် မျက်နှာတွင်အ​ပေါက်ဖြစ်သည်အထိ လက်သီးများတစ်ချက်ပြီးတစ်ချက် ပစ်သွင်း​တော့သည်။

​ဖေးယွီမှာ​ကြောက်လွန်း၍ စကားပင်ပီပီသသမဆိုနိုင်ခဲ့​ချေ။

"အစ်ကိုကျား..မ..မဟုတ်ဘူး..အစ်ကိုကြီးကျား.."

ရှီကျားက သူ၏ဘယ်​ခြေ​ထောက်ဖြင့် ထိုသရဲအိုကြီးအား နံရံသို့လွင့်သွားသည်အထိကန်ထည့်လိုက်​လေသည်။ လွန်ခဲ့​သော အခိုက်အတန့်​လေးကမှ သရဲအိုကြီးမှာ ​ကြောက်မက်ဖွယ်​အောင်းစွာ ခြိမ်း​ခြောက်နိုင်​နေဆဲဖြစ်သည်။ ယခုအခိုက်အတန့်တွင်​တော့သရဲအိုကြီးမှာ သူ၏မျက်လုံးများထွက်ကျလာသည်အထိ အချက်မပြတ်ထိုးခံ​နေရ​လေသည်။ ထိုမျက်လုံးအစုံမှာ မျက်လုံး​ပေါက် အသားတချို့နှင့်ချိတ်လျက် အပြင်တွင်တွဲလဲကျ​နေခဲ့သည်။ ထို့​နောက်တုန်ယင်​နေ​သော အသံဖြင့်ဆိုလာခဲ့​လေသည်။

"မင်း..ဘယ်သူလဲ..မင်း..မင်း..အာာား..."

ရှီးကျား​နောက်တစ်ကြိမ်ထိုးချလိုက်ချိန်တွင် လူအိုကြီး၏ မျက်လုံးမှာလည်း လုံး၀ကွဲ​ကြေသွားခဲ့​လေသည်။ သရဲအိုကြီးကို ဂုတ်မှဆွဲလျက် နံရံနှင့် ရိုက်ချလိုက်သည်။ သူ၏အမူအရာမှာ ​ရေခဲတမျှ​အေးစက်​နေခဲ့ပြီး သူက​ဒေါသတို့ကိုချုပ်တီးထားရသည့်နှယ် တစ်လုံးချင်းစီ​​မေးလာခဲ့သည်။

"ခင်များက က​လေးကိုစားလိုက်တာ​လား..အဲဒီ ဟိုဘက်အိမ်က က​လေးကိုစားလိုက်တာလား"

သရဲအိုကြီးမှာ တုန်ယင်​နေပြီး အလိမ်အညာတစ်ခွန်းမျှမဆို၀ံ့ခဲ့​ချေ။

"ငါ..ငါ..​သေသွားပြီးချက်ချင်းမှာပဲ..သူကငါ့တံခါးကိုလာ​ခေါက်တာ​လေ..ငါ..ငါ..ငါ.လည်းမသိလိုက်ပဲ သူ့ကိုချက်ချင်းစားလိုက်မိ..."

​ဖေးယွီ ချက်​ချင်း​ပြေးလာခဲ့​လေသည်။

"မအံ့သြ​တော့ပါဘူး..သူ့အရင်စရိုက်အရဆို မ​ကောင်းတာ​တွေလည်းအများကြီးမလုပ်ခဲ့ဘူး..သူ့မှာ အငြိုးရှိရင်​တောင် သူ့အငြိုးစွမ်းအင်က ဒီ​လောက်သန်မာစရာအ​ကြောင်းမရှိဘူး..ဒီ​တော့သူကအဲက​လေးကိုစားလိုက်ပြီး အဲက​လေးရဲ့ အငြိုးစွမ်းအင်ကိုရပြီး အစွမ်း​တွေရလာတာကိုး.."

"အဲဒါအကုန်မဟုတ်​​သေးဘူး"

​ဖေးယွီမှာတန့်သွားခဲ့သည်။

"အကုန်မဟုတ်​သေးဘူးလား..အစ်ကိုကြီးကျား ဘာများကျန်​သေးတာလဲဟင်"

'အစ်ကိုကြီးကျား'ဟူ​သော အမည်ပညက်ချက်ကိုလျစ်လျူရှုလျက် ရှီကျား၏ ​အေးစက်​သော အကြည့်တို့မှာ ​သေမင်း၏တံစဥ်နှယ် သရဲအိုကြီး၏​ကိုယ်​ပေါ်​ရောက်ရှိသွားခဲ့​လေသည်။

"ခင်များ​ပေါ်မှာ..ဘာလို့ ကျွန်​တော့်ရဲ့ယင်စွမ်းအင်ရှိ​နေရတာလဲ ​.. "

​ကြောက်ရွံ့​နေ​သော သရဲအိုကြီးကရှင်းပြလာခဲ့​လေသည်။

"အဲဒီက​လေးကိုစားပြီး​တော့..ငါ့နားမှာ အရမ်းသန်မာတဲ့ ယင်စွမ်းအင်​တွေအများကြီး​တွေ့လိုက်ရတယ်​လေ..ငါလည်းရသ​လောက်အမြန်စားလိုက်တာ..ငါဘာမှမသိပါဘူးကွာ..."

​ဖေးယွီက ရှီကျားနှင့် သရဲအိုကြီးကို မျက်နှယ်ငယ်နှင့် ကြည့်​နေခဲ့​လေသည်။ သရဲအိုကြီး၏စကားကိုကြား​သော် ရှီကျား၏ကိုယ်​ပေါ်မှ ပြင်းထန်​သော ယင်စွမ်းအင်တို့ ပြန်လည်​ပျောက်ကွယ်သွားခဲ့​လေသည်။ သူကမျက်လုံးကိုမှိတ်လျက် အသက်ကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်​လေသည်။

"ဒီ​တော့ ခင်များက အဲဒီက​လေးကိုထိခိုက်​အောင်လုပ်ပြီးမှ ကျွန်​တော့်ရဲ့ယင်စွမ်းအင်ကိုစားလိုက်တာ​ပေါ့..ခင်များကလွန်ခဲ့တဲ့ ၆ရက်က​သေသွားတာ..အဲ​ဒီ​နေ့ကလား.. "

ငါမဟုတ်ဘူး..အဲဒီက​လေးကိုထိခိုက်​အောင်လုပ်ခဲ့တာ ငါမဟုတ်ဘူး..

​​ဖေးယွီ​မေးလိုက်သည်။

"လွန်ခဲ့တဲ့၆ရက်ကဘာဖြစ်ခဲ့လို့လဲ"

ရှီကျားမှာ လက်တစ်ဖက်က သရဲအိုကြီးကို ဂုတ်မှဆွဲထားလျက် ​​ဖေးယွီကိုလှည့်ကြည့်လိုက်သည်။

"လွန်ခဲ့တဲ့၆ရက်က ဆရာယဲ့နဲ့​တွေ့ခဲ့တဲ့ ​နေ့​လေ...ငါနှစ်​တွေအကြာကြီး၀တ်လာတဲ့ ​ကျောက်စိမ်း​လေးကအဲ​ဒီနေ့ကျကွဲသွားတာ...အဲဒီတုန်းက ငါ့ယင်စွမ်းအင်​တွေထွက်ကျသွားတာဖြစ်မယ်...အဲဒီ​​နေ့မှာ သူကတိုက်တိုက်ဆိုင်ဆိုင်​သေသွားပြီး ငါ့ယင်စွမ်းအင်ကိုစားလိုက်တာပဲ..."

၄င်းကို​ပြောပြီးသည်နှင့် ရှီကျားမှာ သူ၏လက်ကိုလွှတ်လိုက်ပြီး သရဲကြီးကိုလည်းနံရံသို့ကန်ထုတ်လိုက်​လေသည်။

ရှီကျား၏​အေးစက်၍ ခံစားချက်မဲ့​​သောအသံမှာ ကျဥ်း​မြောင်း​​သောအခန်းထဲတွင် ပဲ့တင်ထပ်​နေခဲ့​လေသည်။

"ဒီ​တော့ အဲဒီအနက်​ရောင်ချီထုထဲမှာ ငါမြင်ခဲ့ရတာက အစစ်အမှန်မဟုတ်ဘူးပဲ...ခင်များနှစ်​ပေါင်း​များစွာဖြစ်​လာစေချင်ခဲ့တဲ့ အိပ်မက်သက်သက်ပဲ...တကယ်တမ်းမှာ ခင်များသားကလည်း ခင်များကို ဂရုမစိုက်ဘူး ခင်များ​ချွေးမကလည်း ခင်များကို​နေ့တိုင်း​သေ​စေချင်​နေတာ...အဲဒါသူတို့အပြစ်​လေ သူတို့မ​ကောင်းတာကို ခင်များဘာလို့ အပြစ်မရှိတဲ့က​လေးတစ်​ယောက်ကို ဒုက္ခ​ပေးရတာလဲ"

မ​ကောင်းဆိုး၀ါးသရဲတစ်​​ကောင်အ​နေနှင့် သရဲအိုကြီး​ပြောချင်ခဲ့သည်မှာ: ငါစား​တော့ဘာဖြစ်လဲ..ငါစားချင်လို့စားတာပဲ ..မင်း​​သောက်လုပ်လား..ငါသာမစားလိုက်ရင် ငါဘယ်လိုမ​ကောင်းဆိုး၀ါးဖြစ်လာ​တော့မှာလဲ..

သို့​သော် လက်​တွေ့တွင်​တော့ ​ထောင့်တစ်​ထောင့်တွင် ကုပ်ကုပ်​လေးငြိမ်လျက် နှုတ်ဆိတ်​နေရုံသာတတ်နိုင်​လေသည်။

ရှီကျား၏ ​အေးစက်စက်အကြည့်တို့မှာ ထက်မြ​သော ဓါးတစ်​ချောင်းအလား သရဲအိုကြီး၏ကိုယ်ကို​ဖောက်ထွင်း​နေခဲ့​လေသည်။ သူ၏ညာလက်ကိုတင်းတင်းဆုပ်လိုက်လျှင် အနီ​ရောင်ယင်စွမ်းအင်များတဖန်ရစ်၀ဲလာခဲ့​လေသည်။ သရဲအိုကြီးမှာ တုန်တက်သည်အထိ​ကြောက်ရွံ့သွားခဲ့​လေသည်။ သရဲအိုကြီးမှာ နံရံတွင် ​ဖောက်၀င်မတက်ပြားကပ်​နေပြီး ဤ​အကြင်နာတရားကင်းမဲ့​သော လူ​ရှေ့မှ ​ပျောက်ကွယ်သွားရ​စေရန်ဆု​တောင်း​နေမိသည်။ ရှီကျားမှာမူ သူ၏လက်သီးကိုဖြည်းညှင်းစွာ​မြှောက်လိုက်​လေသည်။

သူ၏လက်သီးမှာ သရဲအိုကြီး၏ ဦး​နှောက်ကို​ဖောက်ခွဲပစ်လုနီးနီးတွင် လက်တစ်ဖက်မှာ သူ့၏လက်ကိုဖမ်းဆွဲလာခဲ့​လေသည်။ သူ၏လက်​ကောက်၀တ်မှာ တစ်စုံတစ်ဦး၏ ခိုင်မာစွာ ဆုပ်ကိုင်ချင်းကိုခံထားရ​လေသည်။ ​ခွေး​သွေးဒရာမာဇာတ်လမ်းတွဲထဲမှ ဇာတ်၀င်ခန်းနှယ် ရှီကျားမှာ ​လေထဲတွင် ၃၆၀ဒီဂရီလည်သွားလျက် ခိုင်မာ​၍ ကျယ်ပြန့်​သော ရင်ခွင်တစ်ခုထဲ လဲကျသွားခဲ့​လေသည်။ သူသည်တုန်လှုပ်သွားလျကခ တဖက်လူကို​မော့ကြည့်လိုက်မိ​လေသည်။

ယဲ့ကျင်းကျီ၏ ဖီးနစ်မျက်၀န်းများမှာ သူ့ကိုငုံ့ကြည့်​နေခဲ့သည်။ အ​မှောင်ထုထဲတွင် ထိုအမျိုးသား၏မျက်လုံးထဲမှ မှည့်နက်က​လေးမှာ ပို၍ ထင်ရှား​နေသည့်အလား။ ယဲ့ကျင်းကျီ၏ ခပ်နိမ့်နိမ့်​လေသံကိုကြားလိုက်ရ​လေသည်။

"ဒီသရဲဆီက အရူးလုပ်ခံလိုက်ရမယ်လို့မထင်လိုက်မိဘူး..အဲဲဒီက​လေး​က မ​ကောင်းဆိုး၀ါးမဟုတ်ဘူး..သူ့ကို​သေမျိုးကမ္ဘာထဲမှာရှိ​နေ​အောင် ၀ိညာဥ်ချည်​နှောင်ပြီး ​ခေါ်ထားခံရရုံပဲ...ဒီသရဲကြီးကမှ တကယ့်​နောက်ကွယ်ကတရားခံပဲ..မင်းအဆင်​ပြေရဲ့လား"

ရင်ခွင်ထဲတွင် ကာကွယ်​ပေးခံထားရ​သော ရှီကျား"...အဆင်​ပြေပါတယ်"

​ဘေးမှ​ကြောင်ကြည့်​နေ​သော ​​ဖေးယွီ"..."

အစ်ကိုကြီးကျားကဘာများအဆင်မ​ပြေဖြစ်နိုင်မှာတဲ့တုန်း အာ...

ကျဥ်း​မြောင်း​သော ဂို​ထောင်ထဲတွင် ရှီကျားမှာ ​ကောင်းကင်ဘုံဆရာသခင်ယဲ့၏ ရင်ခွင်ကိုလက်တစ်ဖက်တင်လျက် အဖက်ခံထားရ​လေသည်။ ​

ဖေးယွီ ​ဘေးမှမျက်လုံးကြီးပြူးလျက် အရူးလိုကြည့်​နေခဲ့​လေသည်။ မတိုင်ခင်အထိ ဆိုးဆိုးရွားရွားအရိုက်ခံထားရ​သော သရဲအိုကြီးမှာ နံရံတွင် ကပ်​နေဆဲပင်ဖြစ်သည်။ ထိုစဥ်သူက ကိုယ်ကိုအမြန်လှည့်လျက် ထွက်​ပြေးချင်ခဲ့​လေသည်။

ယဲ့ကျင်းကျီ၏မျက်လုံးတို့က သရဲအိုကြီးအ​ပေါ်ရောက်သွားပြီး သူ၏လက်​ချောင်းကို အသာလှုပ်ရှားလိုက်​လေသည်။ ​ကြေးအံစာတုံးက လျှပ်စီးလက်သလိုပင် သရဲအိုကြီး၏ ရင်ဘတ်ကို ဘန်းခနဲ​ဖောက်ထွက်သွားခဲ့​လေသည်။

ထို့​နောက် သိပ်များများစားစားမ​တွေးပဲ ယဲ့ကျင်းကျီက ရှီကျားကိုဖက်ထားခြင်းမှလွှတ်​​ပေးလိုက်ကာ သရဲကြီးကို​ဖြေရှင်းရန်​ရှေ့သို့လှမ်းလိုက်​လေသည်။

ရှီကျား ထိုသူ့အားထူးဆန်း​သောအကြည့်ဖြင့် အကြိမ်အနည်းငယ်ကြည့်​နေခဲ့မိ​လေသည်။

သရဲအိုကြီးမှာ ရှီကျားထံမှ မ​သေရုံတမယ်အရိုက်ခံထားရကာ ယခုငရဲဘုရင်ယဲ့နှင့်ဆုံရပြန်သည်။ သူ့ခမျာရုန်းကန်ခွင့်ပင်မရလိုက်​ချေ။ ၀ူရှန်းချင်းလီက ထိုသရဲအိုကြီးကို ဇကာပေါက်ဖြစ်သည်အထိ ​ဖောက်ထွင်းပစ်ခဲ့​လေသည်။ သရဲအိုကြီး၏ ကိုယ်က အားနည်းကာ မှိန်​​ဖျော့လာပြီး ​ပျောက်ကွယ်သွားလုနီးပါးပင်။

ယဲ့ကျင်းကျီသည် ဤမ​ကောင်းဆိုး၀ါး၀ိညာဥ် အဘယ်​ကြောင့် ထိုမျှအားနည်းသွားရသည်ကို နားမလည်နိုင်ဖြစ်​နေခဲ့​လေသည်။ သူ၏​နောက်တွင်မူ ​ဖေးယွီက ရှီကျား​ဘေးသို့တရှိန်ထိုး​ပြေးသွားလျက် တဟဲဟဲနှင့် ရယ်​​မော​နေသည်ကိုမသိလိုက်​ချေ။

"အစ်ကိုကျား ဘယ်လိုဖြစ်တာတုန်း...တို့​တွေဒီ​လောက်တတွဲတွဲရှိ​နေတာကို မင်းလည်းရွှမ်းရွှယ်ကမ္ဘာကဆရာသခင်တစ်​​ယောက်မှန်း မသိခဲ့ရပါလား..ဘယ်ဆရာ​အောက်မှာသင်တာတုန်း..ဘယ်ဂိုဏ်းကလဲ..အဲ မင်းကိုဘာလို့များ အရင်ကမကြားဖူးတာပါလိမ့်"

အခန်း​ထောင့်တွင် ယဲ့ကျင်းကျီမှာ လက်ဟန်ဖြင့် ချုပ်​နှောင်မှုတစ်ခုကိုပြုလုပ်လိုက်ကာ လက်ညှိုးတစ်​ချောင်းဖြင့် ၀ူရှန်းချင်းလီကိုထိလိုက်သည်။

သရဲအိုကြီးက မ​ကျေမနပ်​ဆွဲဆွဲငင်ငင်အော်မြည်လာခဲ့​လေသည်။ ရှီကျား တစ်ချက်ကြည့်လိုက်ပြီး ဘာမှဖြစ်​မ​နေ​တော့သည်ကို အတည်ပြုပြီးမှ ​ဖေးယွီကို အပြင်သို့ဆွဲ​​ခေါ်လာခဲ့​လေသည်။

​​လျှောက်​နေရင်း ​ဖေးယွီကခပ်တိုးတိုးဆိုလာခဲ့သည်။

"အစ်ကိုကျား..အစ်ကိုကျားအစွမ်းနဲ့ဆို မော့သို့အဆင့်၁၀ထဲ ကျိန်း​သေ၀င်တယ်​နော်..မင်းက ​ကျော်ကြားမှုနဲ့ ကြွယ်၀မှု​တွေကို မျက်နှာလွှဲခဲပစ်လုပ်​နေတာပဲ..ငါ'ghosts know'ကို စာပို့ပြီး နာမည်ကြီးလာ​အောင်လုပ်​ပေးမယ်..မင်း မော့သို့အဆင့်ထိပ်ဆုံးကို တစ်ချက်တည်းတက်သွား​စေရမယ်လို့ ကတိ​ပေးတယ်ကွ...ဟင်း..ထိပ်ဆုံးအဆင့်က​တော့မ​သေချာဘူး​ပေါ့...ငါတို့မျိုးဆက်သစ်​လေး​တွေက ငရဲဘုရင်ယဲ့ရဲ့အတိမ်အနက်ကို ခုထိမမှန်းနိုင်​သေးဘူး​လေ..ဒါ​ပေမယ့် မင်း နန်ရိကိုကျိန်း​သေ​ကျော်တက်နိုင်မယ်လို့ငါထင်တယ်..မင်းအခု​လေးတင် အဲဒီသရဲကိုထိုးချပစ်တာ မိုက်ချက်ပဲ...ဟုတ်သား..ငါအရင်ကနန်ရိ သရဲဖမ်း​နေတာကိုမြင်ဖူးတယ်.. သူကဇစ်​ဝေ့ရှင်းခန်းမရဲ့ အကြီးဆုံးတပည့်​လေ..ဒီတိုင်းသာမာန်ကြိုးစားတဲ့တာအို​ရောင်းရင်း​လောက်ပါပဲ... သူကမင်းကိုဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ ​နော်..အစ်ကိုကျား"

"လူစကား​ပြော"

​ဖေးယွီကချက်ချင်းအနားသို့ကပ်လာခဲ့​လေသည်။

"ဟီး ဟီး ဟီး..အစ်ကိုကျား​ရေ ​နောက်ကျအသင်းအတူဖွဲ့ကြမယ်​လေ..ဟိုကျင်းဂိုဏ်းက ​မောင်နှမနှစ်​ယောက်လို သရဲအတူဖမ်းကြစို့​လေ​နော်...ငါကသရဲ​တွေရှာ​ပေးမယ် မင်းကချ​ပေါ့..ငါတို့ မော့သို့ထိပ်ဆုံး အဆင့်၂ကိုကျိန်း​သေယူနိုင်တယ်"

ကျဥ်း​မြောင်း​သော စတိုခန်းလေး​၏အပြင်တွင် ယဲ့ကျင်းကျီမှာ ​ရွှေ​ရောင်မန္တာန်တစ်ခုဖြင့်သရဲအိုကြီးကိုတင်းကြယ်စွာချည်​နှောင်လိုက်​လေသည်။ ​ရွှေ​ရောင်မန္တာန်စာလုံးများမှာ ထိုသရဲအိုကြီးကို ​ပျောက်ကွယ်သွားပါရ​စေဟု ဆု​တောင်းရသည်အထိ ​လောင်ကျွမ်း​စေခဲ့သည်။ ထိုမ​ကောင်းဆိုး၀ါး၀ိညာဥ်မှာ ​အဆုံးတွင် ဘာမျှမကျန်ရစ်​တော့​ချေ။

ဆံပင်နက်တို့နှင့် ​ကျော့ရှင်းကာ​ချော​မော​သော လူရွယ်​လေး၏ အလွန်တည်တံ့​နေ​​သောအမူအယာကိုကြည့်ကာ ဆရာသခင်အတု​လေး​ဖေး၏ ရယ်သံမှာ တဖြည်းဖြည်းတိုး၀င်သွားခဲ့​လေသည်။

​နောက်ထပ်မိနစ်ပိုင်းမျှ​သေချာ​အောင်​စောင့်ကြည့်ပြီး​နောက် ယဲ့ကျင်းကျီအပြင်သို့ထွက်လာရာတွင် တည်ငြိမ်​သော ရှီကျားနှင့် တုန်လှုပ်​နေ​သော ​ဖေးယွီကို​တွေ့လိုက်ရ​လေသည်။ သူကထို၂​ယောက်ကို ကြည့်လိုက်သည်။ ၀ူရှန်းချင်းလီသည် သူတို့၂​ယောက်ကြားမှဖြတ်ခနဲပျံထွက်လာပြီး ရှီကျား၏အိတ်ကပ်ထဲသို့ တိုက်ရိုက်ခုန်၀င်သွားခဲ့​လေသည်။

ပျင်းရိ​နေ​သော​ကြောင်နက်က​လေးမှာ သူ၏​ပျောက်သွား​သော ​ကြေးအံစာတုံး​လေးကိုပြန်​တွေ့ရလျှင် ​ပျော်ရွှင်စွာ​ဆော့ကစား​နေခဲ့​လေသည်။

ယဲ့ကျင်းကျီက ရှီကျား၏အိတ်ကပ်ထံ ထူးဆန်းစွာကြည့်လိုက်​ပြီး ခတ္တမျှအကြာသူကဆိုလာခဲ့သည်။

"မ​ကောင်းဆိုး၀ါး၀ိညာဥ်ကပြိုကွဲသွားပြီ...ဟိုက​လေးရဲ့အ​ခြေအ​နေက​တော့နည်းနည်းရှုပ်​ထွေး​နေတယ်..သံသရာစက်၀န်းကိုပို့​ပေးတဲ့ကိစ္စမျိုး​တွေမှာ သိပ်မကျွမ်းကျင်လို့ပါ..တာအို​ရောင်းရင်း​ဖေးရဲ့ အကူအညီကို လိုမယ်ထင်တယ်"

၃​ယောက်သားမှာ တဖက်ခြမ်းမှတိုက်ခန်းထံအတူ​လျှောက်သွားလိုက်ကြ​လေသည်။

တံခါးမှဖြတ်၍ ၀င်သွားလိုက်သည်နှင့် ပတ်၀န်းကျင်မှာ တမဟုတ်ချင်း​မှောင်မည်းသွားခဲ့​လေသည်။ ထူထဲ​သော လိုက်ကာစများမှာ အလင်း​ရောင်မှန်သမျှကို ပိတ်ဆို့ထားခဲ့သည်။ တိုက်ခန်းတစ်ခုလုံးမှာ ပုပ်အက်အက်အနံ့တစ်ခုဖုံးလွှမ်း​နေခဲ့​လေသည်။

ရှီကျား နှာ​ခေါင်းကိုပိတ်ထားလိုက်ရသည်။ သူအများကြီး​လျှောက်မကြည့်လိုက်ရ​သေးခင်မှာပင် ဧည့်ခန်း၏​အေးစက်​သော ကြမ်းပြင်​ပေါ်၌ ​လဲကျ​နေ​သော သားအမိ၂ဦးကို​တွေ့လိုက်ရ​လေသည်။

ရှုပ်ပွ​နေ​သော ဆံပင်များနှင့် အမျိုးသမီးက သူမ၏က​လေးကို တင်းကြပ်စွာဖက်ထားခဲ့သည်။ သူမ၏နှုတ်ခမ်းများမှာမူ အမည်တစ်ခုကို အဆုံးမဲ့စွာ တတွတ်တွတ်​ရေရွတ်​နေခဲ့​လေသည်။

"​ရှောင်လင်း..."

၄င်းမှာ သူမသား၏အမည်ဖြစ်နိုင်​လေသည်။ သူမ၏ရင်ခွင်ထဲမှ​ကောင်​လေးမှာမူ သူ၏အ​မေဖြစ်သူကဲ့သို့ စိတ်လွတ်ကာ ရူးသွပ်မ​နေခဲ့​ချေ။ ရှီကျားနှင့်ကျန်လူများ​ရောက်ရှိလာသည်ကို​တွေ့​သော် ​ခေါင်းက​လေးကို​စောင်းလျက် သူတို့အား စိတ်၀င်စားဟန်ဖြင့်ကြည့်လာခဲ့​လေသည်။

"​ရှောင်လင်း..."

အမျိုးသမီးက ​အော်ဟစ်ကာ သူမ၏သားကို ပို၍ပင်တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်​လေသည်။

ရှီကျားမှာ သဘာ၀ကျစွာပင် ​ဖြစ်ပျက်​နေသည်ကိုနားမလည်ခဲ့​ချေ။ ​ရွှမ်းရွှယ်​လောကမှလူတစ်​ယောက်ဖြစ်သူမှာလည်း ထိုမြင်ကွင်းကိုရင်ဆိုင်ရလျှင် အနည်းငယ်ကူကယ်ရာမဲ့​နေခဲ့​လေသည်။

ယဲ့ကျင်းကျီ၏ ကြည်လင်ကာ ​​အေးစက်​သော အသံကိုကြားလိုက်ရ​လေသည်။

"ဒီက​လေးကို မ​ကောင်းဆိုး၀ါး၀ိညာဥ်ကသတ်သွားတာ..စိတ်၀ိညာဥ်၃ခုထဲက ပထမတစ်ခု ထိုက်​ကောင်းကိုစားသွားတာခံလိုက်ရတာ..စိတ်၀ိညာဥ်၃ခုနဲ့ ကိုယ်၀ိညာဥ် ၇ခုထဲမှာ ထိုက်​ကောင်းက ပိုင်ရှင်ရဲ့ ဘ၀သက်တမ်းပဲ...ပထမစိတ်၀ိညာဥ်မရှိရင် သူပြန်လည်၀င်စားလို့လည်းမရ​တော့ဘူး..သူကဒီတိုင်း ​​လေလွင့်၀ိညာဥ်ဖြစ်လာမှာ...ဒါ​ပေမယ့် ထိုက်​ကောင်းက မိခင်ရဲ့ကိုယ်က​နေအစဖြစ်တည်လာတာ..သူ​သေပြီးမကြာခင်မှာပဲ သူ့အ​မေကရှာ​တွေ့သွားတယ်..ပြီး​တော့သူ့ကိုယ်ပိုင်အသားကိုလှီးပြီး အသားနဲ့ဟွမ်ပို သူ့ကို​ကျွေးပြီး​တော့သူ့ရဲ့ ထိုက်​ကောင်းကိုအားပြန်ပြည့်​စေခဲ့တယ်"

(TN-စိတ်၀ိညာဥ် ၃ခုနဲ့ ကိုယ်၀ိညာဥ်၇ခု၊ ဟွမ်ပိုက​တော့၀ိညာဥ်လို့လည်းအဓိပ္ပါယ်ရပါတယ်...တရုတ်​တွေမှာ ၀ိညာဥ်၂မျိုးရှိပါတယ် ဟွမ်နဲ့ ပိုပါ...ဟွမ်က ယန်၀ိညာဥ်ဖြစ်ပြီး​တော့ စိတ်၀ိညာဥ်ပါ..ပိုက​တော့ယင်ဖြစ်ပြီး ကိုယ်၀ိညာဥ်ပါ...​ကောင်​လေးရဲ့အ​မေက သူ့သားကို သူ့အသား​တွေ​ကျွေးပြီး သူ့ရဲ့၀ိညာဥ်ကိုချည်​နှောင်ထားပြီး အစားခံလိုက်ရလို့​လျော့သွားတဲ့ ၀ိညာဥ်တစ်ပိုင်းကို အားဖြည့်​ပေး​နေတာပါ)

ရှီကျား​​တွေးလိုက်သည်။

"အဲဒီသရဲအိုကြီးက ဟွမ်ပိုကိုစားလိုက်တယ်ဆိုရင်..ဆရာယဲ့ အခုနက သူ့​ဆီကဟွမ်ပိုကိုပြန်ရခဲ့​သေးလား"

ယဲ့ကျင်းကျီလက်ဖ၀ါးကိုလှန်လိုက်​သော် အစိမ်းရင့်​ရောင်အလင်းတစ်ခုက သူ၏လက်ဖ၀ါးထဲတွင်​ပေါ်လာခဲ့​လေသည်။

"ပြန်ရခဲ့​ပေမယ့် သူ့ထိုက်​ကောင်းရဲ့တစ်၀က်​​လောက်က အစားခံထားရ​တော့မရှိ​တော့ဘူး..ပြန်ရလာရင်​တောင် အသုံးမ၀င်​တော့ဘူး...ဒါ​ကြောင့်တာအို​ရောင်းရင်း​ဖေး မင်းတို့ရဲ့ဂိုဏ်းက 《ကျင်း ​​ကွေ့ ​ယောင်​လွေ့》ကိုကျင့်ကြံတယ်...ဒီက​လေးရဲ့ ဟွမ်ပိုကို ဖြည့်​ပေးပြီး​တော့ သံသရာစက်၀န်းထဲ၀င်နိုင်​​အောင် ကူညီ​ပေးလို့ရမလား"

​ဖေးယွီမှာအ​တော်​လေး ယုံကြည်ကိုးစားမရ​သော်လည်း ဤသို့ အသက်ကယ်ရမည့်အ​ခြေအ​နေမျိုးတွင် အ​တော်အတန်အ​​လေးအနက်ထားတတ်​လေသည်။ သူသည် ယဲ့ကျင်းကျီထံမှ ထိုက်​ကောင်းကိုယူလိုက်ပြီး သူ၏ချန်ခွန်းအိတ်ထဲမှ ခပ်စုတ်စုတ်စာအုပ်တစ်အုပ်ကိုထုတ်ယူလာခဲ့​လေသည်။ ထို့​နောက်သူက ပြတ်သားစွာပင် စာရွက်တစ်ရွက်ကိုဖြဲချလိုက်​လေသည်။

​ဖေးယွီက မန္တာန်ကိုတိတ်တဆိတ်ရွတ်​နေခဲ့​လေသည်။ ထိုစာရွက်အ​ဟောင်းမှာ ​လေထဲတွင် တဖြတ်ဖြတ်လွင့်​နေခဲ့​လေသည်။ ​ကောင်ငယ်​လေး၏ စိတ်၀ိညာဥ်မှာ ထိုစာရွက်အ​ပေါ် ညင်သာစွာလွင့်​မျောသွားခဲ့သည်။

"၆မျိုး​​သော ချီဧည့်သည်​တော်များ..ဘ၀အမှန်ကွဲပြား​စေ...ပြင်းထန်​​သော ယင်စွမ်းအင်များ ကမ္ဘာ​မြေကခွာပြီး ​ပျော့​ပျောင်း​သော မီးဓါတ်ယင်စွမ်းအင် နူးညံ့​သော ​လေဓါတ်ယင်စွမ်းအင်တို့သာကျန်ရှိ​စေ...ထိုက်​ကောင်း​ပေါ်ထွက်လာ​၍ ​သွေးတို့​ခမ်း​ခြောက်​စေ..ကျင်း ​​ကွေ့ ​ယွီ ဟန် စာရွက်တစ်ရွက်ရဲ့ လမ်းပြမှုနဲ့ မြေ​အောက်ကမ္ဘာမှ၀ိဥာဥ်ကို မိန့်ဆိုတယ်..အို ၀ိညာဥ်ပြန်လည်​ရောက်ရှိလာ​စေ"

ရုတ်ချည်း ​ဖေးယွီ၏ မျက်လုံးတို့ပြန်ပွင့်လာပြီး ထိုစာရွက်နှင့် ဟွမ်ပိုကို လက်ဖြင့်ညင်သာစွာပုတ်လိုက်​လေသည်။ ချက်ချင်းဆိုသလိုပင် ထိုစာရွက်ထံမှ ​နွေး​ထွေး​​သော အလင်း​ရောင်တစ်ခု​တောက်ပလာပြီး မပြည့်စုံ​သော ဟွမ်ပိုအား တဖြည်းဖြည်းချင်း အားဖြည့်​ပေး​နေခဲ့​လေသည်။ ထို့​နောက် ​ကောင်က​လေး၏ကိုယ်ထံသို့​ပြေး၀င်သွား​လေ​တော့သည်။


👻
သားအမိနှစ်ယောက်လုံး သနားပါတယ်