အပိုင်း ၅
Viewers 2k

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

 

အပိုင်း ၅

 

 

 

 

 

 

 

ဝမ့်လင်းလင်းနှင့် ဝမ့်ရင်းတို့သည် ရှီဖိုမြို့သို့ ရောက်ရှိရန် တစ်နာခွဲကျော် လမ်းလျှောက်ခဲ့ရသည်။ ရှီဖိူမြို့က မကြီးသော်လည်း မြေနေရာ အနေအထားကတော့ ကောင်းသည်။ မြို့ကနေလည်း တစ်လျှောက်လုံး လမ်းလျှောက်လို့ ရနိုင်သည်။ မြစ်ကို ဖြတ်လိုက်ရင် ဟုန်ကျိအဖွဲ့ဆီပဲ။ လမ်းကနေဆို မိနစ်နှစ်ဆယ်လောက်သာ လမ်းလျှောက်ရသည်။ အဲ့ဒါကြောင့် မြို့ထဲမှာ နိုင်ငံပိုင် အဆင့်ရှိတဲ့ ဟိုတယ်နှစ်ခု၊ ကားပြင်ဆိုင်၊ ပစ္စည်း ဖြန်ချီတဲ့ ရောင်းဝယ်ရေး သမဝါယမဆိုင်တွေနဲ့ တိရိစ္ဆာန်ပစ္စည်း ရောင်းတဲ့ဆိုင် စသည်ဖြင့် အရာအားလုံးကို ရရှိနိုင်သည်။

 

 

ဝမ့်လင်းလင်းသည် ရှုရွှမ်း အလုပ်လုပ်သည့် နိုင်ငံပိုင် အဆင့်ရှိတဲ့ ဟိုတယ်ကို ရှာမတွေ့ခင် မြို့ထဲက နေရာ အတော်အများကို ဝမ့်ရင်းအား ခေါ်သွားခဲ့သည်။

 

 

ရှီဖိုမြို့မှာ နိုင်ငံပိုင် အဆင့်ရှိတဲ့ ဟိုတယ်နှစ်ခု ရှိတယ်လို့ ပြောလို့ရသော်လည်း တကယ်တမ်း ရှုရွှမ်း အလုပ်လုပ်နေသည့် နေရာ တစ်ခုတည်းကိုသာ ဟိုတယ်ဟု ခေါ်ဆိုနိုင်သည်။ “ရှီဖို ဟိုတယ်”ဟူသော ဆိုင်းဘုတ် အကြီးကြီးတွင် “ဖို”ဟူသော စာလုံးအနောက်မှာ “ထူ”ဟူသည့် စာလုံး ရှိနေခြင်းမှာ အနည်းငယ် ရယ်စရာဖြစ်နေသည်။ နောက်ထပ် စားသောက်ဆိုင်မှာ အရင်က ခေတ်စားခဲ့သော ခေါက်ဆွဲတန်းကြီး ဖြစ်သော်လည်း အခုချိန်တွင် နိုင်ငံပိုင် ဖြစ်သွားကာ ထိုစားသောက်ဆိုင်၏ နာမည်ကို နိုင်ငံပိုင် အဆင့်ရှိ ခေါက်ဆွဲတန်းဟု အမည်ပေးခဲ့သည်။

 

 

ရှီဖိုဟိုတယ်ထဲတွင် စားပွဲခုံများမှာ တစ်ဒါဇင်ကျော် တည်ခင်းထားသည်။ ထိုခုံများမှာ ညစာစားချိန်အတွက် ဖြစ်ပြီး စားသောက်ဆိုင်ထဲတွင်လည်း လူအနည်းငယ်သာ ရှိသည်။ စားပွဲထိုးက ကောင်တာကို မှီကာ လက်သည်းများကို ပြင်နေသည်။ စတိုထဲရှိ လူတိုင်းသည် ကြယ်ငါးပွင့်ပုံစံရှိသော အေပရွန်ကို ဝတ်ဆင်ကာ ထိုအပေါ်တွင် “ရှီဖို နိုင်ငံပိုင် အဆင့်ရှိ ဟိုတယ်၊ ရှီဖိုမြို့၊ နန်ရှိုလက်အောက်” ဟူသော စာလုံးများ ရှိနေသည်။

 

 

ဝမ့်လင်းလင်းသည် ဆိုင်ထဲသို့ဝင်ကာ မေးခဲ့သည်။ “ရှုရွှမ်းက မီးဖိုချောင်နောက်မှာ ရှိနေတာလား။ ကိစ္စတစ်ခုရှိလို့ ကျွန်မ သူ့ကို သွားရှာမလို့ပါ။”

 

 

စားပွဲထိုးသည် ဝမ့်လင်းလင်းကို မသိဘဲနဲ့ ဘယ်လိုလုပ် သူမကို မီးဖိုချောင်ထဲ သွားခိုင်းလို့ ရနိုင်ပါ့မလဲ။ “ကျွန်တော်က ဒီက မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော် အစားသောက်အပိုင်းကို သွားပြီးတော့ စားစရာတွေ သွားယူပေးရမှာ။”

 

 

ဝမ့်လင်းလင်းက စိတ်မရှည်စွာဖြင့် ပြောခဲ့သည်။ “ဒါဆို သူဘယ်အချိန် ပြန်လာမှာလဲ။”

 

 

စားပွဲထိုးမှ -  “အဲဲ့ဒါက ပြောဖို့တော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့မှာက နာရီမရှိတော့၊ ဘယ်သူက အချိန်ကို ပြောပြလို့ ရမှာလဲ။”

 

 

ချက်ချင်းဆိုသလို ဝမ့်လင်းလင်း၏ မျက်နှာက စိတ်မကျေမနပ် ဖြစ်သွားခဲ့သည်။ စားပွဲထိုးကလည်း ဂုဏ်ရှိရှိ အလုပ်လုပ်နေသူ ဖြစ်သည့်အတွက် သူမကို သည်းမခံနိုင်ခဲ့ပါ။ ချက်ချင်းပဲ သူမကို ထွက်သွားဖို့ ပြောခဲ့သည်။ “အစ်မ၊ တကယ်လို့ စားမယ်ဆိုရင် ထိုင်ပါ။ မစားဘူးဆိုရင်လည်း သွားပါတော့။ တကယ်လို့ အစ်မက တစ်ယောက်ယောက်ကို ရှာနေတာ ဆိုရင်လည်း တံခါးနားမှာပဲ စောင့်နေလိုက်ပါ။”

 

 

ဝမ့်လင်းလင်းလည်း အတော်လေး ဒေါသထွက်ကာ ခေါင်းကိုက်သွားခဲ့သည်။ သူမက ရှုရွှမ်းနှင့် စေ့စပ်ထားတဲ့ သူဆိုတာကို ပြောချင်နေခဲ့သည်။ သို့သော် သူမက အဲ့လို ပြောလိုက်ပါက သူမက ရှုရွှမ်းကို မှီခိုဖို့ အခွင့်အရေးတစ်ခု ပေးလိုက်သလို ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

 

 

“ဒါဆို ကျွန်မကို အသားပေါက်စီ လေးလုံးပေးပါ။”

 

 

စားပွဲထိုးက စာအုပ်ကိုယူကာ ချရေးလိုက်သည်။ “လက်မှတ် လေးစောင်အတွက် ၄၀ ဆင့်ကျပါတယ်။”

 

 

ဝမ့်ရင်းက သူမရဲ့အိတ်ကပ်ထဲရှိ လက်ကိုင်ပဝါလေးကို ထုတ်လိုက်သည်။ တိတိကျကျ ပြောရရင် ဒီနေ့တွေမှာ ကျေးလက်က လူတွေက အစားအသောက်အတွက် တံဆိပ်ခေါင်းများ မရခဲ့ကြပါ။ သို့သော် သူမ၏ မောင်အငယ်လေး ဝမ့်ယောင်ကျုံး အိမ်ကနေ ကျောင်းတက်တုန်းက လီချွမ်းကျင်သည် သူမ သားအတွက် စိတ်မကောင်း ဖြစ်ခဲ့ရပြီး သူမက သူ့ကို ဝမ့်ရင်းလိုမျိုး ဂရုစိုက်ဖို့အတွက် မပြောခဲ့ရပေ။ အစာခြောက်များဖြင့် ကျောင်းတက်ရမည့်အစား သူမသည် အစားအစာများကို အစားအသောက် ဌာနသို့ ယူသွားကာ သူမရဲ့သား ကျောင်းကန်တင်းမှာ စားလို့ရအောင် တံဆိပ်ခေါင်းများဖြင့် လဲပေးခဲ့သည်။ ထို့ကြောင့် ဝမ့်လင်းလင်းသည် နှစ်ကီလိုဂရမ်ရှိသည့် အစားအသောက် တံဆိပ်ခေါင်းများကို သူမနှင့်အတူ သယ်လာရခြင်း ဖြစ်သည်။

 

 

စားပွဲထိုးက ပိုက်ဆံနှင့် လက်မှတ်များကို တွေ့သည့်အခါ မီးဖိုချောင်ထဲမှ အသားပေါက်စီ လေးလုံးကို ယူကာ ကြွေပန်းကန်ထဲထည့်ပြီး ကောင်တာပေါ်တွင် ချက်ချင်း သွားတင်ခဲ့သည်။

 

 

အစပိုင်းတွင် ဝမ့်ရင်းက အေးအေးလူလူ ထိုင်နေသော်လည်း အသားပေါက်စီများကို ပန်းကန်လုံးဖြင့် ထည့်လာသည်ကို မြင်လိုက်ရသောအခါ သူမလည်း ဆက်ပြီး မထိုင်နိုင်တော့ပါ။

 

 

ပေါင်းထားသော အသားပေါက်ဆီ ပူပူလေးမှာ အလွန် နှစ်သက်ဖွယ်ကောင်းပြီး စားချင်စရာ ကောင်းပြီး ထိပ်နားလေးတွင် အနှစ်အရောင်လေးကို ရေးရေးလေး မြင်နေရသည်။ ဂျုံသားက အရမ်းကြီး မဖြူနေဘဲ အနည်းငယ် အဝါရောင် ဖြစ်နေသည်မှာ လုံးဝ သေသေချာချာ မစစ်ထုတ်ထားရသော်လည်း  ထိုအသားပေါင်းကို အရောင် ဖျော့ဖျော့လေး ဆိုးထားပုံရကာ ပိုပြီး ဆွဲဆောင်ကာ အရသာရှိပုံပေါ်သည်။

 

 

ဝမ့်လင်းလင်းသည် သူမရဲ့စိတ်ကို ထိန်းကာ ဝမ့်ရင်းကို အသားပေါက်စီနှစ်လုံး ပေးလိုက်သည်။ နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်မှ ရရှိသော အစားအသောက်များမှာ စိတ်ချရပြီး အသား ပေါက်စီမှာလည်း ပူနေသည်။ အထဲတွင် အဆာပလာများစွာ ပါရှိနေမည်ကို သူမ သိနေခဲ့သည်။

 

 

ဝမ့်လင်းလင်းသည် ဒေါသထွက်ပြီးသည့်အခါ နည်းနည်းလေး အစားကြီးလာတတ်သည်။ သူမ ပြန်လည် မွေးဖွားလာသည့် ရှေ့ရက်ပိုင်းတွင် သူမရဲ့ အိမ်ထဲတွင် အသားရဲ့ အနံ့ကို ရတောင် မရခဲ့ပါ။ ဒီနေ့တွင် သူမသည် ဝမ့်ရင်းနှင့် ရှုရွှမ်းကို အတူတူ ကျွေးဖို့အတွက်လို့ ပြောခဲ့သော်လည်း သူမကိုယ်တိုင်ကလည်း အသားကို စားနေခဲ့သည်။

 

 

သူမသည် ပေါက်စီပူပူလေးကို တစ်ကိုက်ကိုက်ပြီး အရသာခံနေချိန် ဝမ့်ရင်းက သူမမှာရှိတဲ့ ပေါက်စီများကို မြန်မြန် စားလိုက်ပြီးပြီ ဖြစ်သည်။

 

 

ဝမ့်လင်းလင်းက ဒုတိယတစ်ကိုက်ကို ကိုက်လိုက်သည့်အခါ ဝမ့်ရင်းရဲ့ ပေါက်စီများက ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။

 

 

ဝမ့်လင်းလင်းက တစ်ဝက်လောက် စားပြီးသည့်အခါ ဝမ့်ရင်းက စားပြီးလုနီးပါး……..

 

 

ဝမ့်ရင်းက စားလို့ မပြီးသေးခင်မှာဘဲ သူမရဲ့ ဝမ်းကွဲအမကို သနားစဖွယ်ကြည့်ကာ ပြောခဲ့သည်။ “အစ်မ၊ ကျွန်မ ဗိုက်မဝသေးဘူး။”

 

 

ဝက်သားပေါက်စီမှာ ထိုခေတ်ရဲ့ လူကြိုက်များသည့် စားစရာဖြစ်သည်။ အသားထည့်တာကလွဲလို့ အထဲတွင် ကြက်သွန်မြိတ်နှင့် ကြိတ်ထားသည့် ဂျင်းတောင်မှ မပါပါ။ ဒီမိသားစုထဲရှိ စားဖိုမှူးများသည် သူတိူ့ရဲ့ လက်ရာများပေါ်တွင် စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး လုပ်ကိုင်ကြသည်ဟူ၍ ဝမ့်ရင်းတစ်ယောက် တွေးမိခဲ့သည်။ သူတို့သည် ကြက်သွန်နှင့် ဂျင်းများကို ကြိတ်ပြီး ထည့်မည့်အစား အရည်ညှစ်ကာ သုံးခဲ့ခြင်းမှ ထိုအရာများကို တွေ့နိုင်သည်။ သူတို့သည် အသေးစိတ်ကအစ သေချာ အာရုံစိုက်ပြီး လုပ်ထားသည်ကို ပြောနိုင်သည်။

 

 

သဘာဝ ဂျုံမှုန့်ရဲ့ ရနံ့က ကြိတ်ထားသော အသားအနံ့နှင့် ပေါင်းစပ်သွားပြီး ဝက်သားရဲ့ မွှေးကြိုင်နေတဲ့ ရနံ့ဟာ ဗိုက်ထဲတွင် ပျံ့နှံ့သွားခဲ့သည်။ ဝမ့်ရင်းက သူမသည် ပေါက်စီ အလုံးနှစ်ဆယ်ကျော် စားနိုင်သည်ဟု ခံစားမိခဲ့သည်။

 

 

ဝမ့်လင်းလင်းက အံ့ကိုကြိတ်ကာ တွေးလိုက်သည်။ 'ရှုရွှမ်းကလည်း အခုထိ ပြန်မလာသေးသလို ဝမ့်ရင်းကလည်း အခုထိ မကျေနပ် နိုင်သေးဘူး။'

 

 

“နင် စားဦးမယ်ဆို ငါ နောက်မှပဲ ဝယ်ကျွေးတော့မယ်။”

 

 

ဝမ့်လင်းလင်းက မတ်တပ် ထရပ်လိုက်သော်လည်း ဝမ့်ရင်းက ကြွေပန်းကန်ကို စိတ်အား ထက်သန်စွာဖြင့် ကြည့်နေခဲ့သည်။

 

 

ဝမ့်ရင်းကြည့်နေသည်ကို ဝမ့်လင်းလင်းက လိုက်ကြည့်လိုက်သောအခါ ဝမ့်ရင်းသည် သူမရဲ့ ပန်းကန်ထဲမှာ ကျန်ရှိနေသေးတဲ့ ပေါက်စီကို စူးစူးစိုက်စိုက်ဖြင့် ကြည့်နေသည်ကို တွေ့ခဲ့သည်။

 

 

“ ဒီမှာ၊ ရော့၊ ရော့။”

 

 

ဝမ့်လင်းလင်းသည် အလွန် ဒေါသထွက်နေသည့်အတွက် သူမရဲ့စိတ်ထဲတွင် ဝမ့်ရင်းကို ကြိမ်ဖန်များစွာ ဆူနေခဲ့ပြီးဖြစ်ကာ လီချွမ်းကျင် အကြောင်းကိုလည်း မကျေမနပ်ဖြင့် ပြောခဲ့သည်။ စန်းယာက ဘယ်လိုတောင် ရှက်စရာ ကောင်းနိုင်ရတာလဲ။ သူ့ကြည့်ရတာ အသားကို ခုနစ်နှစ် ရှစ်နှစ်လောက် မစားရသေးတဲ့ အတိုင်းပဲ။

 

 

ဝမ့်လင်းလင်းသာ ဒီလိုတွေးနေတာကို ဝမ့်ရင်း သိသွားခဲ့ရင် သေချာပေါက် သူမ ခေါင်းငြိမ့်ပြလိမ့်မည် ဖြစ်သည်။ သူမသည် တကယ်လည်း အသားကို ခုနစ်နှစ် ရှစ်နှစ်လောက် မစားခဲ့ရသောကြောင့် ဖြစ်သည်။

 

 

ဝမ့်ရင်းသည် ဖြူဖွေး နူးညံ့တဲ့ အသားပေါင်းတွေ အကုန်လုံး စားရရင်တောင် ပင်ပန်းတယ်လို့ ခံစားမိမှာ မဟုတ်ပေ။ သူမသည် ပေါက်စီများကို မြန်မြန် စားလိုက်သော်လည်း ပေပွမနေခဲ့ပါ။ ပေါက်စီများကို သူမရဲ့ လက်နှစ်ဖက်ဖြင့်ကိုင်ကာ မျက်လုံးများ ကျယ်လာခဲ့သည်။ သူမသည် ဖာထေးထားသော အဝတ်ကို ဝတ်ထားပြီး သူမပုခုံးပေါ်က ချုပ်ရိုးများကတောင် ပြည်နေခဲ့သည်မှာ နေပူဆာလုံနေသည့် ကြောင်ဖြူလေးတစ်ကောင်လို အနည်းငယ် သနားဖို့ ကောင်းနေခဲ့သည်။

 

 

ရှုရွှမ်းက လမ်းလျှောက်ဝင်လာတဲ့အခါမှာ သူ့လက် နှစ်ဖက်လုံးတွင် အသီးအရွက်များ သယ်ဆောင်လာသည်ကို တွေ့ခဲ့ရသည်။

 

 

ဝမ့်ရင်းသည် သူမရဲ့ သုံးလုံးမြောက် အသားပေါက်စီကို စားပြီးနောက် သူမရဲ့ မျက်လုံးထောင့်နားက တံခါးမှာ ရပ်နေတဲ့ လူတစ်ယောက်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ထိုခေတ်အခါတုန်းက လူတိုင်းနီးပါးသည် အာဟာရ ချို့တဲ့နေကြသော်လည်း ထိုလူ၏ အထူးခြားဆုံး အရာမှာ သူ့ရဲ့အရပ်ဖြစ်သည်။ ဝမ့်ရင်းသည် ထိုလူရဲ့ အရပ်က ၁.၈၅မီတာ ရှည်လောက်မည်ဟု သူမရဲ့ စိတ်ထဲတွင် တိတ်တဆိတ် ခန့်မှန်းနေခဲ့သည်။

 

 

နောက်ထပ် အနီးကပ် ကြည့်လိုက်သည့်အခါ တစ်ဖက်လူ၏ ပုံပန်းသွင်ပြင်မှာ ပိုပြီးတောင် အံ့ဩစရာ ကောင်းနေခဲ့သည်။ သူ့ရဲ့နှာတံလေးမှာ စင်းနေပြီး မျက်ခုံးများက နက်မှောင်နေသည်။ သူ့ရဲ့ဆံပင်ကို တိုတိုလေး ညှပ်ထားခဲ့သည်မှာ သူ့ရဲ့ မျက်နှာပုံစံကို ပိုပြီးတော့တောင် ပေါ်လွင်စေသည်။ သူရဲ့ စိတ်နေစိတ်ထားမှာ ထက်မြက်ပြီး ခက်ထန်သည့်ပုံစံမျိုး ဖြစ်သည်။

 

 

ကုန်ကုန်ပြောရရင် သူသည် အတော်ကို ခန့်ညားပြီး သူ့လက်ထဲက အသီးအရွက်အိတ် နှစ်အိတ်နှင့်တောင် မလိုက်ဖက်နေခဲ့ပါ။

 

 

အသားပေါက်စီများကို စောင့်နေရင်း ခန့်ညားသည့် ယောက်ျားတစ်ယောက်ကို ကြည့်နေရသည်မှာ သူမသည် မျက်စိ အစာကျွေးနေသလို ဖြစ်နေသည်။ ဝမ့်ရင်းသည် သူမ၏စိတ်ထဲတွင် တိတ်တဆိတ် သနားနေခဲ့သည်။ နောက်ပိုင်း မျိုးဆက်ရဲ့ ဖျော်ဖြေရေး လောကထဲတွင် ဒီလို ရုပ်ရည်မျိုးသည် အစားအသောက်အတွက် စိတ်ပူဖို့ မလိုအပ်သည့် အနေအထား တစ်ခုအဖြစ် မှတ်ယူနိုင်သည်။ တစ်သက်လုံး စားဝတ်နေရေးအတွက် ဝမ့်ရင်းသည် သူမ၏ မျက်နှာကိုသာ အမှီပြုပြီး နေနိုင်သည်။

 

 

တောက်၊ သနားစရာ ကောင်းလိုက်တာ။

 

 

ဝမ့်လင်းလင်းသည် နောက်ထပ် ၆၀ ဆင့်နှင့် အစားအသောက် တံဆိပ်ခေါင်း ခြောက်ခုကိုသုံးကာ သူမရဲ့လက်ထဲတွင် ကြွေပန်းကန် နှစ်ပန်းကန်ကို သယ်လာခဲ့သည်။ သူမရဲ့ကိုယ်မှာ ကိုက်ခဲနေခဲ့သည်။ သူရဲ့ မျက်နှာကို လှည့်လိုက်သည့်အခါ သူမသည် ရှုရွှမ်းကို တွေ့ခဲ့ရသည်။

 

 

ဝမ့်လင်းလင်းသည် လက်ထဲတွင် ပန်းကန်များကို ကိုင်ကာ လမ်းလျှောက်လာရင်းမှ တန့်ခနဲ ဖြစ်သွားခဲ့သည်။

 

 

ရှုရွှမ်းက ဒီလောက် ကြည့်ကောင်းတာကို သူမ မသိဘူးဆိုတာတော့ မဟုတ်လောက်ပါ။ အဲ့အချိန် သူမ ကိုယ်ဝန်ရလာခဲ့တုန်းက တပ်ထဲက မိန်းကလေး ဘယ်နှစ်ယောက်လောက်က သူမကို မနာလို အားကျခဲ့ရလဲ။ စားဖိုမှူးတစ်ယောက်ကို လက်ထပ်လိုက်ကာ ထိုစားဖိုမှူးက အတော်လေး ကြည့်ကောင်းနေသောကြောင့် ဖြစ်သည်။ ဝမ့်လင်းလင်း၏ ပုံစံမှာ သာမန် ရိုးရိုးရှင်းရှင်း ပုံစံမျိုး ဖြစ်ပြီး သူမရဲ့ မိသားစုထဲမှာလည်း ဘာမှ ထူးခြားသည့် အရာမျိုး မရှိခဲ့ပါ။ ရိုးရိုးလေးနဲ့ကို သူတို့ရဲ့ အိမ်ထောင်ရေးက အခြားသူများကို မနာလိုအောင် လုပ်နိုင်ခဲ့သည်။

 

 

အခုချိန် ရှုရွှမ်းရဲ့မျက်နှာကို ကြည့်ရင်း ဝမ့်လင်းလင်းသည် ဘယ်လိုမှ မထိန်းနိုင်ဘဲ တုန်လှုပ်နေဆဲ ဖြစ်သည်။

 

 

ဝမ့်လင်းလင်း သတိပြန်ဝင်လာပြီးနောက် သူမသည် ပိုက်ဆံများ ထပ်ပြီး ကုန်သွားသည်ဟု ခံစားခဲ့ရသည်။

 

 

နောင်တလေး နည်းနည်းလောက် ရရုံပါပဲ။ တကယ်လို့ သူမသာ ရှုရွှန်းပြန်လာတာကို သိရင် အခုချက်ချင်း အသားပေါက်စီတွေကို သွားဝယ်ဖို့ လောနေမှာ မဟုတ်ဘူး။

 

 

နောက်ဆုံးမှာတော့ သူမသည် ရှုရွှမ်းနှင့် စေ့စပ်ထားသည့်သူ ဖြစ်သည်။

 

 

ရှုရွှမ်းက သူမကို အသားပေါက်စီ မကျွေးသင့်ဘူးလား။ သူမစိတ်ထဲတွင် ထိုအရာကို တွေးကာ ဝမ့်လင်းလင်းက ထိုစကားကို ညင်သာစွာ ပြောလိုက်သည်။

 

 

 “ရှုရွှမ်း၊ ရှင်ပြန်လာတာ ဘာလို့ ဒီလောက်ထိ နောက်ကျနေရတာလဲ။ ရှင်လည်း ပြန်လာပြီဆိုတော့ အခုလေးတင် ကျွန်မပေးလိုက်တဲ့ ၆၀ ဆင့်စာ တံဆိပိခေါင်း ပြန်ပေးပါလား။ ပြီးတော့ ဒါက ရှင့်ဆိုင်ထဲမှာရှိတဲ့ အစားအသောက် တံဆိပ်ခေါင်းတွေလည်း ကုန်သွားမှာမှ မဟုတ်တာ။”

 

 

 ဝမ့်လင်းလင်းက သူမသည် ရှုရွှမ်းကို ပိုက်ဆံပြန်ပေးဖို့ မပြောခဲ့သည့်အတွက် သူမသည် အတော်လေး ကြင်နာတတ်သည်ဟု တွေးလိုက်သည်။ သို့သော် သူမသည် ၆၀ ဆင့်စာ အစားအသောက် တံဆိပ်ခေါင်းကိုသာ ပြန်လိုချင်နေခဲ့သည်။ ထို့အပြင် ရှုရွှမ်းက အလုပ်သမားတစ်ယောက်ဖြစ်ပြီး လတိုင်း အစားအသောက် တံဆိပ်ခေါင်းများကို ရသည့်အတွက် သူ့တွင် လိုနေမှာတော့ မဟုတ်ပေ။ ထိုအရာက ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ဆိုင်ထဲတွင် သွားလာနေကြသူများစွာ ရှိနေသည်။ ထို့ကြောင့် အခုလို လုပ်လိုက်တာက တံဆိပ်ခေါင်းလဲဖို့ အဖွဲ့ကို ရှာရတာထက် လဲပေးမယ့် တစ်စုံတစ်ယောက်ကို ရှာရတာက ပိုပြီးလွယ်ကူသောကြောင့် ဖြစ်သည်။

 

 

ရှုရွှမ်းသည် သု့မျက်နှာပေါ်တွင် ဘာခံစားချက်မှ မပြဘဲ သူမှတ်နေခဲ့သလို အေးတိအေးစက် ကြည့်နေဆဲဖြစ်သည်။ သူသည် အသီးအရွက်အိတ် နှစ်အိတ်ကို မီးဖိုချောင် အနောက်ဘက်သို့ ယူသွားကာ ဘေးတွင် ထားလိုက်သည်။ ထုံးစံအတိုင်း ဝမ့်လင်းလင်းက ကောင်တာတွင် ရပ်ကာ စားပွဲထိုးအား သူမရဲ့လက်မှတ်ကို ပြန်လဲပေးဖို့ ပြောခဲ့သည်။

 

 

စားပွဲထိုးသည် ဝမ့်လင်းလင်းက ရှုရွှမ်းအား သိတယ်လို့ ပြောနေသည့် သူမရဲ့ စကားကို အစတုန်းက အလိမ်အညာ တစ်ခုလို့ တွေးခဲ့သော်လည်း အခုဆိုရင် သူမကပါ သိပ်မသေချာတော့ပါ။ စားဖိုမှူးရှုရဲ့ အမျိုးဆိုတာ တကယ်ရော ဖြစ်နိုင်ပါ့မလား။

 

 

ရှုရွှမ်းက အသီးအရွက်များကိုချကာ ရေနွေးသွားယူရန် ကြွေအိုးကို ကောင်တာရှေ့သို့ ယူသွားခဲ့သည်။ စားပွဲထိုးက ရှက်ကိုးရှက်ကန်းဖြင့် ရောက်လာကာ မေးခဲ့သည်။ “ဆရာရှု၊…. အမ်၊ အဲ့ဒါကလေ၊ သူမရဲ့ အစားအသောက်လဲတဲ့ တံဆိပ်ခေါင်းတွေကို တကယ် ပြန်အမ်းလိုက်ရတော့မှာလား။”

 

 

ဝမ့်လင်းလင်းက သူမလက်ထဲတွင် ပေါက်စီများကို ကိုင်ထားဆဲဖြစ်ပြီး သူမက အနည်းငယ် စိတ်မရှည်စ ပြုလာခဲ့သည်။ ရှုရွှမ်းက ဘယ်လိုတောင် ဒီလောက်ထိ စိတ်ရှုပ်စရာ ကောင်းနေရတာလဲ။ ဒါက အစားအသောက် တံဆိပ်ခေါင်းလေး ပြန်အမ်းပေးရုံပဲ မဟုတ်ဘူးလား။

 

 

ရှုရွှမ်းက ခေါင်းကိုမော့ကာ စားပွဲထိုးအား အနည်းငယ် စိတ်ရှုပ်နေသော အမူအရာ လုပ်ပြကာ ပြောခဲ့သည်။ “ငါက ဘာလို့ ပြန်အမ်းပေးရမှာလဲ။”

 

 

အို့၊ ဒီစကားက ပျားအုံကို တုတ်နဲ့ထိုးသလို ဖြစ်သွားပြီး ဝမ့်လင်းလင်းရဲ့ မျက်နှာပေါ်တွင် မယုံကြည်နိုင်ခြင်းများစွာ ဖြစ်သွားခဲ့ရသည်။ ထိုအချိန်မှာပဲ စားပွဲထိုးသည် သဘောပေါက်သွားသော အမူအရာဖြင့် ပြောခဲ့သည်။ “အစ်မလိုချင်တဲ့ အခွင့်အရေးကို ဆရာရှုရဲ့ရွာက နောက်ထပ် အမျိုးတစ်ယောက်က ထုတ်ယူသွားပြီ။”

 

 

ဝမ့်လင်းလင်းသည် ခြေကိုဆောင့်ကာ ပြောလိုက်သည်။ “ရှုရွှမ်း ငါကနင်နဲ့ စေ့စပ်ထားတဲ့သူနော်။ အဲ့ဒါကို နင်က အရမ်းကြီး အရေးပါ အရာရောက်ပြီး မြင့်မြတ်တဲ့သူလို လုပ်နေရတာလဲ။ နင့်ကို ငါက အစားအသောက် တံဆိပ်ခေါင်းလေး ပြန်ပေးဖို့ ပြောရုံပဲကို ဘာလို့ ဒီလောက်ထိ ကပ်တွက်နေရတာလဲ။”

 

 

ထိုအချိန်တွင် ဝမ့်လင်းလင်းသည် ရှုရွှမ်းကို ရှောင်ဖို့အတွက် ဂရုမစိုက်တော့ဘဲ သူမရဲ့ စိတ်ထဲမှာ ဒေါသများနှင့် ပြည့်နေခဲ့သည်။

 

 

ပြောရရင် ထိုအရာမှာ လေးလံ ထိုင်းမှိုင်းနေခြင်းကြောင့် ဖြစ်သည်။ ရှုရွှမ်းနဲ့ အတူရှိခဲ့သော သူမရဲ့ အတိတ်ဘဝတွင် ပြောရဆိုရ ခက်သော ကိစ္စများကလွဲ၍ အခြားသော ကိစ္စများတွင် ရှုရွှမ်းက သူမအပေါ်တွင်သာ မှီခိုခဲ့ခြင်း ဖြစ်သည်။ ရွာထဲက ယောက်ျားအချို့သည့် သူတို့ရဲ့ မိန်းမများအပေါ် အနိုင်လိုချင်ကြသည်။ သို့သော် ရှုရွှမ်းကတော့ အဲ့လို မဟုတ်ခဲ့ပါ။ ရှုရွှမ်းက လက်မြှောက်တော့မည်ဟု သူမတွေးလိုက်သည့် အခါတိုင်း နောက်ဆုံးတွင် သူက လက်တစ်ချောင်းတောင် မလှုပ်ခဲ့ပါ။

 

 

အမြဲလိုလို ရှုရွှမ်းသည် သူမနှင့်ပြိုင်ပြီး ရန်ဖြစ်လေ့လည်း မရှိပါ။

 

 

အခုဆိုရင် ရှုရွှမ်းက သူမမျက်နှာကို ပါးရိုက်လိုက်သလို ဖြစ်သွားကာ ဝမ့်လင်းလင်းရဲ့ ပထမဆုံး တုံ့ပြန်မှုမှာ ဒေါသထွက်သွားသည်။ သူမသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ရှုရွှမ်းရဲ့ အကျင့်ကို အခြားသူများ မြင်အောင် လာကြည့်ဖို့အတွက် ကျယ်လောင်စွာ အော်ဟစ်ချင်နေခဲ့သည်။